ပိုင်ရှောင်ချန်း၏ ပြောဆိုပြုမူပုံရုတ်တရက်ပြောင်းသွားခြင်းကြောင့် မဟာခန်းမဆောင်ထဲတွင် ထိုင်နေကြသည့် ခေါင်းဆောင်ကြီးများ၏ မျက်လုံးများ ပြူးသွားကုန်သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီး ချီဟွမ်သည်လည်း မျက်လုံးအားအနည်းငယ်ပွတ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းကို ဇဝေဇဝါကြည့်လိုက်သည်။
ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာလည်း ထိုနည်းတူပင် ဖြစ်ကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးများပင်လျှင် အံ့အားသင့်သွားကြသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ခေါင်းဆောင်ကြီးတို့က ရှက်ရှက်ဖြင့် အားတုံ့အားနာပြုံးလိုက်ကြသည်။ ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းကို တခဏမျှစိုက်ကြည့်လိုက်ပြီးနောက် သူ၏နဖူးအားပွတ်သပ်ကာ မကျေမနပ်လေသံဖြင့် ပြောသည်။
“မင်း နည်းနည်းလောက်ထပ်စဉ်းစားလိုက်တာကောင်းမယ်ထင်တယ်.. မင်းမတွေး..”
” ခေါင်းဆောင်ကြီး.. ကျုပ်တော့ ကျုပ်ကလွဲပြီး အဏ္ဏဝါဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်ဖြစ်ဖို့ သင့်တော်တဲ့သူကို မစဉ်းစားမိဘူး။ ဘာလို့စဉ်းစားနေဦးမလဲ။ ကျုပ်လက်ခံတယ် ”
ပိုင်ရှောင်ချန်းက အဝေးကိုငေးကြည့်ကာ စွမ်းအားအတော်အသင့်အားထုတ်လွှတ်နေရင်း ရပ်မြဲရပ်နေ၏။ သူ၏ ဆံပင်များက တလွင့်လွင့်ဖြစ်နေပြီး မျက်လုံးများက ကြယ်အလား တလက်လက်တောက်ပနေတော့သည်။ သူက လက်ရွေးစင်တစ်ယောက်ထက်ကျော်လွန်နေသည့်ပုံရှိကာ နတ်ဘုရားအလားပင်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အဓိကခေါင်းဆောင်ကြီးက လည်ချောင်းရှင်းလိုက်ပြီးပြောသည်။
” မင်းက နာမည်ကြီးပြီးသားပဲ။တခြားဂိုဏ်းသားတွေကို ဘာလို့အခွင့်အရေးမပေးတာတုံး ”
ပိုင်ရှောင်ချန်းက အင်္ကျီလက်ခါလိုက်ပြီး အံသြဖွယ်ကောင်းကာ ကြံခိုင်သန်မာပုံဖြင့် အပေါ်သို့မော့ကြည့််လိုက်သည်။ သူ၏ဖြောင့်မတ်တည်ကြည်မှုက ကောင်းကင်နှင့်မြေကြီးရှိ အရာမှန်သမျှကိုလှုပ်ရမ်းပစ်သည့်အလားပင်။
“ခေါင်းဆောင်ကြီး ကျုပ်ဘာကြောင့်အရမ်းနာမည်ကြီးတာလဲဆိုတော့ ကျုပ်တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်လို့ပဲ။ ဒါကအရေးကြီးတဲ့ အရည်အသွေးပဲဗျ။ ကျုပ် ပိုင်ရှောင်ချန်းက ဂိုဏ်းကို ချစ်တဲ့ လူတစ်ယောက်ပဲ။ ကျုပ်တာဝန်ကိုထမ်းဆောင်ဖို့အတွက် တခြားဂိုဏ်းသားတွေကို သူတို့ကိုယ်သူတို့စတေးဖို့ ဘယ်လိုများတိုက်တွန်းနိုင်မှာလဲ။ ကျုပ်တို့သူတို့ကို ဘယ်တုန်းကမှ မတရားသဖြင့် မဆက်ဆံခဲ့ဘူးလေ။ ဒါကပိုင်ရှောင်ချန်းဆောင်ရွက်တဲ့ပုံမဟုတ်ဘူး။ ဒီအဆင့်အတွက် ကံကြမ္မာက ကျုပ်ကိုရွေးထားပြီးပြီ။ ဂိုဏ်းက ကျုပ်ကိုရွေးချယ်တင်မြှောက်ရင်တော့ ဓားတောင်ကိုပဲ ကျော်ရ၊ မီးပင်လယ်ကိုပဲဖြတ်ရ တွေဝေမနေဘူး”
“ဒါပေမယ့် မင်းဒဏ်ရာရနေတယ်လေ” ခေါင်းဆောင်ကြီးချီဟွမ်ကရုတ်တရက်ပြောလိုက်သည်။
” ပြီးတော့ ခေါင်းဆောင်အနေနဲ့ မင်းထိခိုက်ဒဏ်ရာရမယ့်အခြေအနေတွေနဲ့ပဲ ထိပ်တိုက်ကြုံရမှာနော်”
ပိုင်ရှောင်ချန်း၏မျက်လုံးများ ပြူးသွားပြီး ပထမဆုံးအနေဖြင့် သူကစဥ်းစားရန် တခဏအချိန်ယူလိုက်သည်။ အနည်းငယ်မတင်မကျဖြစ်ပြီးနောက် သူက အံကြိတ်ပြီးနောက် ခပ်ဟဟရယ်လိုက်သည်။
” ကျင့်ကြံသူတွေအနေနဲ့ ကျုပ်တို့ထဲက ဘယ်သူက သွေးမစွန်းဖူးလို့လဲ။ ကျုပ် ပိုင်ရှောင်ချန်းမှာ အိမ်မက်တစ်ခုရှိတယ်။ ကျုပ်ရဲ့ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး အဲ့တာကို စိတ်ကူးနေခဲ့တာ။ ကျုပ်ဂိုဏ်းအတွက် သွေးမျက်ရည်တစ်စက်ကိုတောင် ပေးဆပ်ဖို့တိုက်တွန်းရမယ့် နေ့ဆိုတာရှိလာမှာမဟုတ်ဘူး ။ ကျုပ်သွေးအကုန်လုံးကိုပေးဆပ်ရမယ်ဆိုရင်တောင်မှ အဲဒီအိမ်မက်ကို အမှန်ဖြစ်အောင်လုပ်မယ်။ ဒါက ဘာကြောင့်လဲဆိုတော့….ကျုပ်က.. အဏ္ဏဝါဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်လေ”
ပိုင်ရှောင်ချန်းက ပြုံးနေသော်လည်း ၄င်းက တည်ကြည်လေးနက်မှုနှင့် အဆုံးစွန်ရိုးသားမှုတို့၏အပြုံးဖြစ်သည်။ ၄င်းတွင် ဂိုဏ်းအတွက်သူ၏မျှော်လင့်ချက်များပါဝင်နေပြီး သူ၏စိတ်ပိုင်းဖြတ်ထားခြင်းက အနာဂတ်ကိုရှေးရှူလေသည်။ သူစကားပြောလိုက်သည်ဝယ် သူ၏စွမ်းအားတို့ထွက်ပေါ်လာပြီး မဟာခန်းမဆောင်အတွင်းရှိ လူတိုင်းမှာ စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။
ခေါင်းဆောင်ကြီးများအားလုံးက ပိုင်ရှောင်ချန်း၏အပြုအမူအားမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည့်အချက်ကြောင့်သာမဟုတ်လျှင် သူတို့အားလုံး သူကသစ္စာစောင့်သိပြီး ဖြောင့်မတ်တည်ကြည်သောစံပြပုဂ္ဂိုလ်ဟု ယုံကြည်မိလိမ့်မည်။
တစ်ခန်းမလုံးတိတ်ဆိတ်သွားသည်။ ခေါင်းဆောင်ကြီးများ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတို့ကို မြင်ရလေသည်။ အချိန်အတော်ကြာပြီးနောက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ရယ်မောလိုက်သည်။
“သိပ်ကောင်းတယ် ။ ဒါဆိုလဲ တစ်လအတွင်းမှာ ငါတို့ အခမ်းအနားကျင်းပမယ်။ အဏ္ဏဝါဂိုဏ်းက အရှေ့ဘက်သစ်တောအောက်ပိုင်းဒေသမှာ ပေါ်လာတော့မယ်ကွ။ ဒါ့အပြင် ငါတို့ ရှင်းကုံကျစ်တာအိုဂိုဏ်းကိုလဲ ကုံမြစ်ဌာနချုပ်ကို လဲလှယ်ဖို့ခွင့်ပြုချက်ကိုတောင်းဆိုရင်း အသနားခံလွှာတင်မယ်။”
ကျယ်လောင်စွာရယ်မောရင်း ပိုင်ရှောင်ချန်းက ပြောသည်။
” ကျုပ် ဒီစစ်ပွဲကို စောင့်နေတာဖြင့်ကြာပေါ့”
ခေါင်းဆောင်ကြီးများနှင့် အနည်းငယ်ထပ်တိုင်ပင်ဆွေးနွေးပြီးနောက် သူက ရင်ကော့လျက်လှည့်ပြန်သွားတော့သည်။
ခန်းမဆောင်မှထွက်သွားသည့်တိုင်အောင် သူ၏စိတ်စွမ်းအင်က လျော့ကျမသွားပေ။ သူသွားသည့်နေရာတိုင်း လူတွေက အစပိုင်းတွင်ထိတ်လန့်သွားသော်လည်း နောက်တွင် စိတ်အားထက်သန်မှုနှင့်ကြည်ညိုလေးစားမှုအမူအရာများဖြင့် လှမ်းကြည့်နေကြသည်။
စိတ်စွမ်းအင်ဗိမာန်ကို ပြန်ရောက်သောအခါ သူ့ မျက်လုံးတို့မှာစိတ်လှုပ်ရှားမှုများဖြင့်တလက်လက်တောက်ပနေရင်း စိတ်လက်သက်သာစွာ သက်ပြင်းချလိုက်သည်။
“ခေတ်နောက်ကျတဲ့အဘိုးကြီးတွေကတော့ ငါထွန်းတောက်လာမှာ ကြောက်ပုံပဲ။ ငါကသေချာပေါက်ကို အဆုံးစွန်ထိ နာမည်ကြီးလာဦးမှာလေ။ ဟားးဟားးဟားး။ သိပ်မကြာခင် ငါ့ကို ဝိုင်းခေါ်ကြတာတွေကိုလည်း ပြင်ဖို့လိုပြီ။ အလယ်တောင်ထိပ်ရဲ့ သွေးသခင်မှာ အဆုံးအစမဲ့ မှော်စွမ်းအားတွေရှိတယ်၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ကောင်းကင်တာအိုပါရမီရှင်က ကောင်းကင်နဲ့မြေကြီးကို လှုပ်ခါနိုင်ပါတယ် ဆိုတာကို သုံးလိုမရတော့ဘူး။ ဒါက အဏ္ဏဝါဂိုဏ်းခေါင်းဆောင်ငယ်က တစ်မိုးအောက်ပြိုင်ဘက်ကင်းလို့ဖြစ်ရမှာ။ ”
ထိုသို့သော အတွေးများကြောင့် သူ့မှာ ယခင်ထက်ပို၍ စိတ်လှုပ်ရှားလာလေသည်။
“ဘေးကင်းဖို့ဆိုရင်တော့… အမ်း..။ ခေါင်းဆောင်ငယ်ဖြစ်တာက သေချာပေါက် ဘေးအကင်းဆုံးဖြစ်မှာပေါ့။ သူတို့ငါ့ကို တာဝန်နဲ့လွှတ်မှာမဟုတ်တာတော့ အသေအချာပဲ။ ပြီးတော့ ငါဂိုဏ်းကထွက်တာနဲ့ ငါ့ကို ဝိုင်းစောင့်ရှောက်ကျမယ့် ဂိုဏ်းသားတွေအများကြီးရကိုရဦးမှာလေ”
ပိုင်ရှောင်ချန်းက အံ့သြကျေနပ်လာပြီး နောက်လတွင် ကျင်းပမည့်အခမ်းအနားကို စောင့်ရင်းဖင်တကြွကြွဖြစ်နေတော့သည်။
အဏ္ဏဝါဂိုဏ်း တရားဝင်တည်ထောင်ခြင်းသည် ဂိုဏ်းလေးဂိုဏ်း၏ ဂိုဏ်းသားဂိုဏ်းသူများအကြား၌ ရေပန်းအစားဆုံးခေါင်းစဥ်တစ်ခုဖြစ်လာလေသည်။ ထို့အပြင် အရှေ့ဘက်သစ်တေါအေါက်ပိုင်းဒေသလှုပ်လှုပ်ရှားရှားဖြစ်သွားသည်အထိ သတင်းတို့ပြန့်လာတော့သည်။
ဂိုဏ်းအသေးအဖွဲများနှင့်အတူ ကျင့်ကြံသူမျိုးနွယ်စုများနှင့် မရေမတွက်နိုင်သောဆိုးသွမ်းကျင့်ကြံသူလူဆိုးများအားလုံး လုံးလုံးလျားလျားတုန်လှုပ်ကုန်ကြသည်။ သူတို့အတွက် ထိပ်သီးဂိုဏ်းလေးဂိုဏ်းထဲမှ တစ်ခုတည်းကပင်လျှင် အင်းအားကြီးအရေးပါသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုတွင်မူ ဂိုဏ်းလေးဂိုဏ်းလုံးက တစ်ခုတည်းပေါင်းစည်းသွားလေပြီ။
ထိုသို့အားကြီးသော အဖွဲအစည်းတစ်ခုက အရှေ့ဘက်သစ်တောအောက်ပိုင်းဒေသ၏ ရာဇဝင်တွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။ မကြာမီ သတင်းတို့က မြစ်ဝကျွန်းပေါ်ဒေသရှိ ကျင့်ကြံသူမျိုးနွယ်စုများနှင့် ဂိုဏ်းငယ်များကြား ပျံ့နှံ့လာတော့သည်။ သို့သော်လည်း လူတိုင်းကို ရူးသွပ်အံ့သြမှုများဖြင့်တုန်လှုပ်သွားစေသော သတင်းအများအပြားတို့သည့် အဆင့်ဆင့် ပျံ့နှံ့လာလေသည်။
အဏ္ဏဝါဂိုဏ်း၏ပန်းတိုင်က ဂိုဏ်းကြီးတစ်ခုအဖြစ်ပေါင်းစည်းရန်သာ မဟုတ်ဘဲ အလယ်ပိုင်းဒေသအထိနယ်ချဲ့တိုက်ခိုက်ချင်ပြီး ကုံမြစ်ဌာနချုပ်ကို ထိုနေရာရှိလက်အောက်ခံဂိုဏ်းအဖြစ်သိမ်းပိုက်ချင်ကြသည်။
ထိုသတင်းတို့က လူတိုင်းအားရူးသွပ်လုနီးပါးဖြစ်သွားစေသည်။ နောက်ဆုံးတွင် အဏ္ဏဝါဂိုဏ်းသာ အောင်မြင်ခဲ့ပါက အောက်ပိုင်းဒေသမှာ ဂိုဏ်းလေးဂိုဏ်းအတွက် နေရာလေးခု လစ်ဟာသွားလိမ့်မည်။
အလယ်ပိုင်းဒေသဂိုဏ်းဖြစ်ရန်ဟူသော အဏ္ဏဝါဂိုဏ်း၏ဆန္ဒပြင်းပြမှုတို့မှာပို၍ ပြင်းထန်လာကြသည်။ ထိုနည်းတူပင် မြစ်ဝကျွန်းပေါ်ဒေသဂိုဏ်းများနှင့် ကျင့်ကြံသူမျိုးနွယ်စုများ၏ အောက်ပိုင်းဒေသတွင် တည်ထောင်ရန်ဟူသော ဆန္ဒပြင်းပြမှုတို့သည်လည်း ပြင်းထန်လာကြတော့သည်။
ထို့အပြင် အငြင်းပွားမှုများနှင့် လျှို့ဝှက်သဘောတူစာချုပ်များလည်း မြင့်တက်လာကြသည်။ ကျင့်ကြံခြင်းကမ္ဘာ၏ အရှေ့ဘက်သစ်တောအောက်ပိုင်းဒေသတစ်ခွင်လုံး ပွက်လောရိုက်ကြလာတော့သည်။ ရုတ်ရုတ်သဲသဲဆူညံသောင်းကျန်းခြင်းများ တိုးပွားလာသည်နှင့်အမျှ လူတိုင်းက လာမည့်အခမ်းအနားကို အာရုံစိုက်လာကြလေသည်။
အဏ္ဏဝါဂိုဏ်းက တရားဝင်ဂိုဏ်းဌာနချုပ်ကို မတည်ထောင်ပေ။ တောင်ပေါ်ရှိမြို့များအတွက်မူ ယာယီအခြေစိုက်စခန်းများသာရှိသည်။ အဏ္ဏဝါဂိုဏ်းပြောကြားချက်အရ သင့်တော်သော ဌာနချုပ်များကို ကုံမြစ်ဂိုဏ်းခွဲကလတ်တလော သိမ်းယူထားလေသည်။
ယာယီအခြေစိုက်စခန်းသာရှိသော်လည်း ဂိုဏ်းလေးဂိုဏ်း၏ကျင့်ကြံသူဆယ်သိန်းကျော်အတွက် တစ်မြို့လုံးအား ပြန်လည်ပြုပြင်ရန် အချိန်သိပ်မကြာပေ။ သူတို့က တိုးချဲ့သည်ကိုပင်ပြုလုပ်ကြသောကြောင့် ၄င်းမှာ ယခင်ထက်ပို၍ ခမ်းနားကြီးကျယ်လာတော့သည်။အချိန်တိုင်း အံမခန်းစွမ်းအားများထုတ်လွှတ်နေသော ကောင်းကင်မြင့်ရှိဧရာမ လေပွေကြီးများက ညွှန်ပြနေသည့် ဂိုဏ်းလေးဂိုဏ်းလုံး၏ သိုလှောင်စွမ်းအားတို့လည်း ရှိလေသည်။
အခမ်းအနားနီးကပ်လာသည်နှင့် အောက်ပိုင်းဒေသ၏ ဂိုဏ်းများနှင့် မျိုးနွယ်စုများက မြို့တော်ကိုအမြန်သွားရန် မည်သည့်လိုအပ်သောအရာများကိုမဆို သူတို့၏ အဖွဲ့အစည်းအမျိုးမျိုးမှတမန်တော်များအတွက် စီစဥ်နေကြသည်။ ဤကဲ့သို့အချိန်တိုတိုလေးနှင့် ဝေးကွာသောခရီးကို လူများလွှတ်ရန် အင်အားမကြီးသည့်လူများအတွက်မူ ကံဆိုးလေသည်။
အမှန်ပင် အရှေ့ဘက်သစ်တောအောက်ပိုင်းဒေသသည် နေရာကြီး တစ်ခုဖြစ်ပြီး ဂိုဏ်းအများစုက မြစ်ဝကျွန်းပေါ်ဒေသဂိုဏ်းများနှင့်သော်လည်းကောင်း၊ အခြားကျင့်ကြံသူမျိုးနွယ်စုများနှင့်သော်လည်းကောင်း အဆက်အသွယ်များရှိကြသည်။ ထို့ကြောင့်ပင် မြောက်မြားလှစွာသော လူအပေါင်းတို့က အခမ်းအနားတက်ရန် စုဝေးလာကြသဖြင့် မြို့ပင်မဆန့်သောကြောင့် မြို့ပြင်ပတ်ဝန်းကျင်နေရာတို့တွင် စခန်းချရန်တိုက်တွန်းရတော့သည်။
နေ့တိုင်းလူများ ပိုမိုေရာက်ရှိလာကြသည်။ မကြာမီ အခမ်းအနားအချိန်အခါကျရောက်လာလေပြီ။
ထိုနေ့တွင် အဏ္ဏဝါဂိုဏ်း၏ကျင့်ကြံသူများက တစ်မြို့လုံးကို အလှဆင်ထားကြသည်။ သူတို့အားလုံးသည် တာအိုဝတ်ရုံအသစ်များဝတ်ဆင်ထားကြပြီး လုံးဝကြီးကျယ်ခမ်းနားနေကြလေသည်။ အပေါ်ထက်ရှိ လေပွေကြီးက စွမ်းအားများဖြင့် တဂျိန်းဂျိန်းမြည်ဟည်းနေပြီး ခေါင်းဆောင်ကြီး၁၇ဦးက နတ်ဘုရား၁၇ပါးအလား လေတွင်ရပ်နေကြလေသည်။ သူတို့အောက်တွင် ဂိုဏ်း၏ အဖိုးထိုက်ရတနာများဖြစ်သည့် ရွှေအမြုတေအဆင့်ရှိ အမွေဆက်ခံသူအဆင့်ကျင့်ကြံသူရာချီရှိပြီး အနာဂတ်ဂိုဏ်းအရှိန်အဝါကြီးမားရန်အတွက် မျှော်လင့်နေကြသည်။
အောက်ဘက်နိမ့်နိမ့်တွင်မူ ကြယ်တံခွန်များအလား တောက်ပနေသည့် ဂိုဏ်းစောင့်အကြီးအကဲများပင်။ ထို့နောက်တွင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူအမြောက်အမြားရှိကာ သူတို့၏စွမ်းအင်များကြောင့် ကောင်းကင်နှင့်မြေကြီးတွင် တလက်လက်တောက်ပသောအလင်းရောင်များဖြင့် ပြိုးပြိုးပျက်ပျက်ဖြစ်နေကြတော့သည်။ အခမ်းအနားပွဲအားလာရောက်ကြည့်ရှုကြသည့် မြို့ပြင်ရှိလူအပေါင်းမှာ လုံးဝတုန်လှုပ်သွားကြကာ တအံ့တသြအော်ဟစ်မိလိုက်ကြသည်။
ရုတ်တရက် မိုးကြိုးကဲ့သို့ထစ်ခြုန်းသွားပြီး ကြားလိုက်ရသည့်လူမှန်သမျှ၏နှလုံးအား ပေါက်ကွဲသွားလုမတတ်ဖြစ်သွားစေသည့် ရှေးဆန်သောအသံတစ်ခုက အရပ်မျက်နှာတစ်ခွင်ကိုပျံ့ နှံ့လာလေသည်။
” မိုးကောင်းကင်နှင့်မြေကြီးကိုသက်သေထူ၍ ကျမ်းကျိန်ခွင့်ပြုပါ။ ဒီနေ့က အဏ္ဏဂိုဏ်းတည်ထောင်တဲ့နေ့ဖြစ်ပါတယ်”
” ကျုပ်တို့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ယခုမှစ၍ ကျုပ်တို့ဂိုဏ်းနာမည်ကိုစွန့်ကာ အဏ္ဏဝါဂိုဏ်းတွင် ပူးပေါင်းပါမည်”
” ကျုပ်တို့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ယခုမှစ၍ ကျုပ်တို့ဂိုဏ်းနာမည်ကိုစွန့်ကာ အဏ္ဏဝါဂိုဏ်းတွင် ပူးပေါင်းပါမည်”
“ကျုပ်တို့ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း… ”
“ကျုပ်တို့ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း…”
ဂိုဏ်းလေးဂိုဏ်းမှ ခေါင်းဆောင်ကြီးများ၏ အသံတို့က တစ်သံပြီးတစ်သံပေါ်ထွက်လာ၏။
သူတို့၏အသံတို့က တစ်လောကလုံးအား ထစ်ခြုန်းမြည်ဟည်းသံများဖြင့်ပြည့်သွားစေသည်။ သူတို့၏ ကျမ်းကျိန်သံများက ပဲ့တင်ထပ်လာသောကြောင့် အရှေ့ဘက်သစ်တောအောက်ပိုင်းဒေသတွင် ယခင်ကတစ်ခါမှမမြင်ဖူးသည့် ဂိုဏ်းတစ်ခုပေါ်ထွက်လာပြီဖြစ်ကြောင်းသက်သေထူနေတော့သည်။
လေထဲတွင်ရပ်ကာ ကျင်းပနေသည့်အခမ်းအနားကိုကြည့်ရင်း ပိုင်ရှောင်ချန်း၏နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် တဒိန်းဒိန်းခုန်နေတော့သည်။
ထို့နောက် ကောင်းကင်ယံတွင် ထူးဆန်းသော သင်္ကေတတစ်ခုရုတ်တရက်ပေါ်ပေါက်လာ၏။
ရွှေရောင်လျှပ်စီးကြောင်းပေါ်ပေါက်လာသကဲ့သို့ ရွှေရောင်အလင်းတန်းများက တလက်လက်တောက်ပလျက် ဖြန့်ကျက်လာလေသည်။ ထို့နောက် ကောင်းကင်ယံတွင် မီတာ သုံးသောင်းအကျယ် လေပွေကြီးတစ်ခုပေါ်လာ၏။
ကောင်းကင်ကြီးမှာ ယိုယွင်းပျက်စီးလာသည့်အလားပင်။ ကျရောက်လာသည့် အင်အားြပင်း ဖိအားကြီးက ခေါင်းဆောင်ကြီးများ၊ရွှေအမြုတေအဆင့်ကျင့်ကြံသူများ နှင့် အဏ္ဏဝါဂိုဏ်းသိုလှောင်စွမ်းအားကိုပင် သက်ရောက်လေသည်။ ထိုစွမ်းအင်ပ ပိုးစုန်းကြူးများက ထွန်းလင်းနေသောလမင်းကြီးကိုမော့ကြည့်နေသကဲ့သို့ မြင်ယောင်လာစေလေသည်။
ထိုဖိအားသည် အဏ္ဏဝါဂိုဏ်းကိုသာ သက်ရောက်ခြင်းမဟုတ်။ တစ်မြို့လုံးတုန်ခါလာပြီး အခမ်းအနားကျင့်ကြံလာသောကျင့်ကြံသူများမှာ တုန်ရီလာကြတော့သည်။ သူတို့အပေါ်သို့ ကောင်းကင်ဘုံမှလာသောအင်အားကြီးကနင်းချေနေသကဲ့သို့ခံစားနေရပြီး အရိုအသေပေးရန် တုန်တုန်ယင်ယင်ဖြင့် ဒူးထောက်လာကြသည်။
မည်သည့်သက်ရှိသက်မဲ့၏ အသံတစ်သံမှမကြားရပေ။
အဏ္ဏဝါဂိုဏ်းခေါင်းဆောင်ကြီးများက ခေါင်းမမော့ရန် ကြိုးစားရုန်းကန်နေရသဖြင့် တဆတ်ဆတ်တုန်နေကြလေသည်။ အပေါ်ထက်ရှိ လေပွေကြီးထဲတွင် မျက်လုံးတစ်ခုက ဖြေးဖြေးချင်းပွင့်လာ၏။ ၄င်းက မီတာထောင်ချီကျယ်ကာ ငုံကြည့်လိုက်သဖြင့် ၄င်းကိုမြင်လိုက်ရသည့်လူအပေါင်းမှာ ကြောက်လန့်တုန်ရီသွားကြလေသည်။
တစ်လောကလုံးက ပုလင်းတစ်ခုဖြစ်ကာ ပုလင်းအပြင်ဘက်ရှိလူတစ်ယောက်က ပုလင်းလည်ပေါက်မှကြည့်နေသည့်အလားပင်။
ပိုင်ရှောင်ချန်းမှာ တုန်လှုပ်ချောက်ချားနေရင်း ရင်တဒိန်းဒိန်းခုန်ကာ သူမြင်နေရသည့်အရာအားမယုံကြည်နိုင်ဖြစ်နေချေသည်။
မျက်လုံးကြီးက အောက်ဖက်ရှိမြင်ကွင်းတို့ကို ဖြည်းညင်းစွာ ကြည့်ပြီးနောက် လေပွေအတွင်းမှ ကောင်းကင်နှင့်မြေပြင်ကိုလွှမ်းမိုးသွားသော အင်အားပြည့် အသံကြီးတစ်ခုထွက်ပေါ်လာတော့သည်။
“အဏ္ဏဝါဂိုဏ်း.. ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ အမိန့်ကို ကြားနာစေ”