ထို အသံလွှင့်အကြောင်းကြားစာ ပြီးဆုံးသွားသောအခါ ဝမ်ပေါင်လဲ့မှာ သံသယစိတ်များ ဝင်လာရ၏။ ရှဲ့ဟေးရန်မှာ အကြောင်းအရင်းမရှိ သူ့အား တိုက်ပွဲရမှတ်များ ပေးပို့ပေးခဲ့ခြင်းဖြစ်ပြီး သူ၏ ” ခဏနေရင် သိပါလိမ့်မည် ” ဟူသော စကားမှာလည်း ထူးဆန်းလွန်းနေသည် မဟုတ်ပါလော။
” ကြည့်ရတာ ပေါ့သေးသေး ပြဿနာတစ်ခုတော့ မဟုတ်နိုင်ဘူး ” ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောသွားပြီး ဘေးပတ်ဝန်းကျင်အား အကဲခတ်လိုက်၏။ ထိုအခါ သူ၏ အောက်တွင်ရှိနေသော မီးပင်လယ်ကြီးဖြစ်စေ၊ ကောင်းကင်ယံထဲရှိ မီးရောင်များဖြစ်စေ၊ အရာအားလုံးမှာ နဂိုအတိုင်း ရှိနေသေးသည်သာဖြစ်ကြောင်း သိလိုက်ရ၏။ သို့သော် သူသည် သတိကြီးကြီး ထားလိုက်ပြီးနောက် တာဝန်ကျောက်စိမ်းပေလွှာထဲမှ အမှတ်အသားများကို ဖတ်ရှုကာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ရှေ့သို့ ဆက်လက် ချီတက်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ အစောပိုင်း အမြုတေအဆင့် ထိပ်ဆုံးအဆင့်၌ ရှိနေသည်ဖြစ်ရာ သူ၏ အမြန်နှုန်းမှာ လျှပ်စီးကဲ့သို့ ဖြစ်နေ၏။ ထာဝရလျှပ်စီး အသွင်ပြောင်းပညာရပ်မှာလည်း တိုးတက်လာသောကြောင့် သူသည် မိုးကြိုးများစီးကာ ပျံသန်းနေသကဲ့သို့ပင် ဖြစ်နေတော့သည်။ သူသည် အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် အဝေးကြီးသို့ ရောက်သွား၏။
တာဝန်ကျောက်စိမ်းပေလွှာထဲတွင် ပါသော လမ်းညွှန်ချက်များအရဆိုလျှင် သူသည် မီးစိမ်းကျွန်းမှနေ၍ နေမင်းကြီးထဲ၌ နစ်ဝင်နေသော ဓား၏ကိုယ်ထည်ပိုင်းဆီသို့ သွားနိုင်ရန် အချိန်သုံးနှစ်ဝန်းကျင်ခန့် အချိန်ပေးရမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထားသည်။ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးမှာ အရွယ်အစား ကြီးမားလွန်းလှသောကြောင့် ၎င်း၏ ဓားရိုးဟု သတ်မှတ်ထားသည့် အစိတ်အပိုင်းပင်လျှင် ကမ္ဘာကြီးထက် သိသိသာသာပို၍ ကြီးမားနေသည် မဟုတ်ပါလော။
ထို့ကြောင့် သူသည် ခရီးစဉ်တစ်လျှောက်လုံး ပျံသန်းနေ၍ မဖြစ်ပေ။ အချိန်ကုန်သက်သာစေရန် ကြားထဲတွင် တည်နေရာပြောင်းရွှေ့မှုအချို့ ပြုလုပ်ရမည်ဖြစ်သည်။ အချို့သော ကျွန်းများပေါ်တွင် တည်နေရာပြောင်းရွှေ့နိုင်သည့် ဆုံမှတ်များ ရှိနေကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဓားကိုယ်ထည်ပိုင်းဆီသို့ ဦးတည်သွားနေရင်း တည်နေရာပြောင်းရွှေ့နိုင်သည့် ဆုံမှတ်များရှိသော ကျွန်းဆယ်ကျွန်းထဲမှ ဖုန်မျက်လုံးကျွန်းဟု အမည်ရသော ကျွန်းတစ်ကျွန်းအား ရွေးချယ်လိုက်သည်။
” တစ်ကြိမ် တည်နေရာပြောင်းရွှေ့နိုင်ဖို့ တိုက်ပွဲရမှတ် အမှတ်တစ်ရာ အသုံးပြုဖို့လိုတယ်…. တာဝန်ကျောက်စိမ်းပေလွှာထဲမှာ ရေးထားတဲ့အတိုင်းဆိုရင် စုစုပေါင်း ငါးကြိမ်တိတိ တည်နေရာပြောင်းရွှေ့ရမှာ။ အဲ့တာဆိုရင် တိုက်ပွဲရမှတ် အမှတ်ငါးရာတောင် သုံးရမှာ။ အပြန်ခရီးကျရင်လည်း နောက်ထပ် အမှတ်ငါးရာ ထပ်ကုန်ဦးမယ်… တကယ့် ရိုက်စားကောင်တွေပါလား ” ဝမ်ပေါင်လဲ့မှာ တတွတ်တွတ် ရေရွတ်နေ၏။ သူသည် တာဝန်ကျောက်စိမ်းပေလွှာထဲမှ တည်နေရာများအား သေချာမှတ်သားလိုက်ပြီးနောက် လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် အဝေးသို့ ပျံထွက်သွားလိုက်တော့သည်။
ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားပြီး ခဏအကြာတွင် လဝက်တိတိ ကုန်ဆုံးသွား၏။ ပထမဆုံး တည်နေရာပြောင်းရွှေ့ခြင်းဆုံမှတ်ဖြစ်သည့် ဖုန်မျက်လုံးကျွန်းသို့ ရောက်ရှိရန် နောက်ထပ် သုံးရက်ဝန်းကျင်ခန့် လိုဦးမည် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ လေထဲတွင် ပျံသန်းနေရင်း ပျင်းရိလာသောကြောင့် မုန့်ထုပ်တစ်ထုပ်ကို ထုတ်ကာ မုန့်တစ်ခုအား ပါးစပ်ထဲ ပစ်ထည့်၍ ငုံထားလိုက်၏။ ထို့နောက် သူသည် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးမှာ ဝိညာဉ်ချီများ သိပ်သည်းကြွယ်ဝနေသောကြောင့် ကျင့်ကြံခြင်း သုခဘုံကြီးတစ်ခု ဖြစ်နေပါသော်လည်း မုန့်များရောင်းချခြင်းမရှိကြောင်း တွေးတောကာ သက်ပြင်းများချမိနေတော့သည်။
ဝမ်ပေါင်လဲ့မှာ စိတ်ပျက်လက်ပျက် ဖြစ်နေရပြီး သူ့ဆီတွင် အနည်းငယ်မျှသာ ကျန်တော့သော မုန့်များအား အကုန်မစားရက်နိုင်ဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူသည် စားချင်စိတ် ပေါ်လာသည့်အချိန်တိုင်း မုန့်တစ်ခုအား ပါးစပ်ထဲ၌ ငုံကာ ၎င်း၏ အရသာအား သေချာခံစားရင်း ဇာတိမြေအား လွမ်းဆွတ်တမ်းတနေတော့သည်။
” ငါက ငတ်ကြီးကျတာ မဟုတ်ပါဘူး။ အိမ်လွမ်းလို့ပါ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ နှလုံးသွင်းကာ သူ၏ဗိုက်အား ပွတ်သပ်လိုက်၏။ ထို့နောက် သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ကိုယ်သူ သနားကောင်းသည့် လူတစ်ယောက်ဟု သတ်မှတ်လိုက်တော့သည်။ သူသည် သူဖတ်ဖူးသော စာတစ်ကြောင်းအား ပြန်စဉ်းစားကြည့်လိုက်ပြီးနောက် ၎င်းအား ပြောင်းလဲမှုအချို့ ပြုလုပ်ကာ ရေရွတ်လိုက်၏။
” မုန့်တွေစားတာ မဟုတ်ရပါ။ အထီးကျန်မှုကိုသာ… ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ သက်ပြင်းချလိုက်ပြီးနောက် နောက်ထပ် မုန့်တစ်ခုကို ထုတ်ယူကာ သူ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြန်သည်။ သူသည် ၎င်းအား အရသာခံ၍ ဖြည်းဖြည်းချင်း စားနေရင်း သူ၏ရှေ့၌ ကျွန်းငယ်တစ်ကျွန်း ပေါ်ပေါက်လာ၏။
ထိုကျွန်းပေါ်တွင် ကျင့်ကြံသူများ၏ အရိပ်အယောင်များ ရှိမနေသောကြောင့် ၎င်းမှာ လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်းနှင့် တူနေ၏။ ထိုကျွန်းပေါ်ရှိ ဝိညာဉ်ချီများ၏ သိပ်သည်းမှုမှာ အခြားနေရာများနှင့် အတူတူပင်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ လွန်ခဲ့သည့် လအနည်းငယ်အတွင်းတွင် ထိုကဲ့သို့သော ကျွန်းပေါင်းမြောက်မြားစွာအား မြင်တွေ့ခဲ့၏။ ထို့ကြောင့် ကျယ်ပြန့်တာအိုနန်းတော်မှ ရွေးချယ်ထားသည့် ကျွန်းအများစုမှာ ကျင့်ကြံခြင်းအတွက် အလွန်အင်မတန်မှ အထောက်အကူပြုပေးနိုင်ကြောင်း သူက သိထား၏။ ကျင့်ကြံခြင်းအတွက် အထောက်အကူ မပြုနိုင်သော ကျွန်းများမှာမူ လူသူကင်းမဲ့ကာ စွန့်ပစ်ခံထားရသည်။
သို့သော်ငြားလည်း ဝမ်ပေါင်လဲ့မှာ သတိကြီးကြီး ထားနေဆဲပင်။ သူသည် ထိုကဲ့သို့သော ကျွန်းများ၏ အပေါ်တည့်တည့်မှ ဖြတ်မပျံဘဲ ကွေ့ဝိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ ထိုကျွန်းနားသို့ ရောက်ရှိသွားပြီး ၎င်း၏ဘေးမှ ဖြတ်ပျံရန် ပြင်လိုက်စဉ်မှာပင် ထို ကျွန်းကြီးပေါ်ရှိ မန္တန်အစီအရင်တစ်ခုဆီမှ အားကောင်းသော အငွေ့အသက်တစ်ခုမှာ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။
ထို အငွေ့အသက်ကြီးမှာ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာခြင်းဖြစ်ပြီး ၎င်းနှင့်အတူ အလင်းရောင်တစ်ခုလည်း ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းတို့နှစ်ခုမှာ ချက်ချင်းဆိုသလိုပင် တစ်သားတည်း ပေါင်းစည်းသွားကာ အလင်းရောင်လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။
ထိုသို့ ဖမ်းဆုပ်ပြီးသွားသည်နှင့် ထို ကျွန်းကြီးပေါ်မှ လူရိပ်တစ်ခု လေပေါ်သို့ ပျံတက်လာပြီး ကြောက်မက်ဖွယ်ရာ ရယ်မောသံကြီးတစ်သံ ထွက်ပေါ်လာ၏။
” ဝမ်ပေါင်လဲ့။ အံ့ဩသွားလားကွ။ အဖေကြီးလျန် မင်းကိုစောင့်နေတာ တော်တော်ကြာနေပြီ ” ထိုစကားများကို ပြောလိုက်သူမှာ ဝမ်ပေါင်လဲကဲ့သို့ပင် မီးစိမ်းကျွန်းသခင်ဖြစ်သည့် လျန်လုံဖြစ်သည်။
လျန်လုံမှာ မြဲ့လျဲ့ကျိ၏ တပည့်တစ်ယောက် ဖြစ်သောကြောင့် မာနရှိပေသည်။ သို့သော် သူသည် မိုးကောင်းကင်မေးခွန်းခန်းမထဲမှ ဖြစ်ရပ်ကြီး အပါအဝင် ဝမ်ပေါင်လဲ့၏ စော်ကားမှုကို သုံးကြိမ်တိုင်တိုင် ခံခဲ့ရသည် မဟုတ်ပါလော။ သူ၏ အကျင့်စရိုက်အတိုင်းသာဆိုလျှင် သူသည် ထိုကိစ္စအား ငြိမ်ခံနေမည် မဟုတ်ပေ။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ တိုက်ကွက်များမှာ ခန့်မှန်း၍မရကြောင်း သိထား၏။ ထို့ကြောင့်လည်း သူသည် တစ်ချိန်လုံး သည်းခံနေခဲ့ပြီး ယခုကဲ့သို့ မန္တန်အစီအရင်ကြီးနှင့် ချုပ်နှောင်ပြီးသွားသောအခါမှသာ လှုပ်ရှားရဲခြင်း ဖြစ်သည်။
ယခုတွင် သူ၏ နှလုံးသားထဲ၌ ရက်စက်ကြမ်းကြုတ်မှုများနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ မည်မျှပင် ခန့်မှန်း၍ မရလောက်အောင် ပြုမူလှုပ်ရှားစေကာမူ သူ ကြိုးစားပမ်းစား ဖန်တီးထားခဲ့ရသည့် မန္တန်အစီအရင်ကြီး၏ ချုပ်နှောင်မှုထဲမှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သူက အပြည့်အဝ ယုံကြည်ထား၏။
” ဒူးထောက်စမ်း ” လျန်လုံမှာ လေသံကျယ်ကျယ်နှင့် အော်ဟစ်လိုက်ပြီး မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ ထိုမန္တန်အစီအရင် လက်ကြီးမှာ ပို၍ပင် မြန်ဆန်လာပြီး အစွမ်းပိုထက်လာသဖြင့် လင်းလက်တောက်ပလာတော့သည်။
ထိုအခါ အံ့ဩမှင်တက်ဖွယ်ရာ ဖိနှိပ်အားများ ထုတ်လွှတ်နေသည့် လေမုန်တိုင်းကြီးတစ်ခု ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့၏ ရှေ့သို့ ချက်ချင်းဆိုသလို ရောက်ရှိလာတော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား လှမ်း၍ ဖမ်းဆုပ်ရန် ပြင်လိုက်စဉ်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ အေးစက်သွား၏။ အကယ်၍ သူသာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိပါက အငိုက်မိသွားမည်သာ ဖြစ်သည်။ သို့သော် သူသည် လမ်း တစ်လျှောက်လုံး သတိကြီးကြီး ထားနေခဲ့သည်ဖြစ်ရာ ယခု ထိုလက်ကြီးက သူ့အား လှမ်း၍ ဖမ်းဆုပ်လိုက်သည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ နှာမှုတ်လိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်အား မြှောက်လိုက်သဖြင့် သူ၏ သိုလှောင်အိတ်ထဲမှ အရောင်သုံးမျိုးရှိသော အလင်းတန်းသုံးခု ထွက်ပေါ်လာတော့သည်
၎င်းတို့၏ အရောင်များမှာ အနီရောင် ၊ အစိမ်းရောင်နှင့် ခရမ်းရောင်တို့ ဖြစ်ကြသည်။
ထိုအလင်းတန်းသုံးခုမှာ ယခုမှ စတင်ထွက်ပေါ်လာခြင်း ဖြစ်ပါသော်လည်း ၎င်းနှင့်အတူ ထိုနေရာကြီးတစ်ခုလုံးအား သိမ့်သိမ့်တုန်သွားစေနိုင်သည့် ပြင်းအားကြီးတစ်ခု ချက်ချင်းပင် ပေါ်ထွက်လာ၏။ ထို့အပြင် ထိုအလင်းတန်းများထဲမှ အားကောင်းသော အချုပ်အနှောင်စွမ်းအားတစ်မျိုးလည်း ထွက်ပေါ်နေသေးသည်။ ထို့နောက် သတ်ဖြတ်လိုသည့် အငွေ့အသက်များပင် ခပ်ရေးရေးမျှ ပေါ်ပေါက်လာပြီး နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ဖြစ်သွား၏။ နောက်ဆုံးတွင် ၎င်းတို့မှာ လျှပ်စီးတန်းများကဲ့သို့ သူ့ဆီသို့ ချဉ်းကပ်လာနေသည့် မန္တန်အစီအရင် လက်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
၎င်းမှာ မြန်ဆန်လွန်းနေသောကြောင့် ရိုးရိုးမျက်လုံးများဖြင့် လိုက်ကြည့်ရန် မဖြစ်နိုင်ပေ။ ထိုအရာများ တစ်ခုနှင့်တစ်ခု ရိုက်ခတ်သွားကြသည့် အချိန်တွင် ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
ထိုအသံကြီးမှာ ကျယ်လောင်လွန်းနေသဖြင့် အားကောင်းသော တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာပြီး ထိုနေရာကြီးတစ်ခုလုံးမှာ စတင် တုန်ရီလာတော့သည်။ ဘေးပတ်ပတ်လည်ရှိ မီးပင်လယ်ကြီးထဲတွင်လည်း လှိုင်းများထလာ၏။ မန္တန်အစီအရင်ကြီး လက်ကြီးမှာလည်း ထိုပြင်းအားကို တောင့်ခံနိုင်စွမ်းမရှိသောကြောင့် ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားရတော့သည်။
အလင်းတန်းသုံးခုမှာ မန္တန်အစီအရင်ကြီး လက်ကြီးအား ကျော်ဖြတ်ပြီးသွားသည့်တိုင်အောင် ရပ်တန့်သွားခြင်းမရှိပေ။ ၎င်းတို့မှာ လူမရှိသော ကျွန်းကြီးဆီသို့ ဆက်လက်ဦးတည်သွားနေပြီး ဟင်းလင်းပြင်ကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေ၏။ ၎င်းတို့၏ ပစ်မှတ်မှာ အံဩတုန်လှုပ်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသဖြင့် ဆွံ့အမှင်တက်သွားရပြီး အော်ဟစ်နိုင်စွမ်းပင် မရှိတော့သည့် လျန်လုံပင် ဖြစ်သည်။ ထို အလင်းတန်းများမှာ သူ၏ အနီးသို့ ချက်ချင်းပင်ရောက်ရှိလာပြီး အကာအရံအားလုံးကို ဖြတ်ကျော်နိုင်စွမ်း ရှိနေသည့်ပုံပင်။
” ဒါ ဘယ်လို ဓမ္မရတနာကြီးလဲ ”
လျန်လုံမှာ အသက်အန္တရာယ် ကြုံနေရပြီဖြစ်သောကြောင့် တုန်လှုပ်ချောက်ချားနေရတော့သည်။ သူသည် ဦးနေခွံများ ထုံကျဉ်နေပြီး နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာ၏။ သို့သော် သူသည် စဉ်းစားတွေတောရန်နှင့် ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ပေ။ ထို့ကြောင့် သူသည် မျက်လုံးနီကြီးများဖြင့် အသံကုန်အော်ဟစ်လိုက်ပြီး သူ၏လည်ပင်းတွင် ဆွဲထားသော ကျောက်စိမ်းပေလွှာအား ဆွဲထုတ်ကာ ၎င်းအား ခြေမွှလိုက်တော့သည်။ ထိုအခါ သူရှေ့တွင် လိပ်ခွံပုံစံ အလင်းရောင်ဖန်သားပြင်ကြီးတစ်ခု ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။
” ဒီအကွက်ကြီး ထုတ်သုံးပြန်ပြီလား။ ငါ မင်းကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ မင်းက တကယ်ကြီး ထင်နေတာလားကွ။ အရင်တစ်ခေါက်တုန်းက ကျွန်းပေါ်မှာ လူတွေအများကြီး ရှိနေခဲ့လို့သာ ငါက မင်းကို အထဲမှာပဲ ပိတ်လှောင်ထားခဲ့တာ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ သူ၏ အစွမ်းအစများနှင့်သာဆိုလျှင် ထိုလိပ်ခွံလေးအား မဖျက်ဆီးနိုင်လျှင်တောင် အစွမ်းကုန်ထုတ်၍ တိုက်ခိုက်လိုက်မည်ဆိုပါက လျန်လုံမှာ ၎င်းနှင့် အဆက်အသွယ် ပြတ်တောက်သွားမည်သာ ဖြစ်သည်။ သို့သော် မီးစိမ်းကျွန်းပေါ်တွင် ထိုသို့ လုပ်ခဲ့မည်ဆိုလျှင်တောင် အကျိုးမရှိနိုင်ပေ။ အကယ်၍ သူသာ ထိုကျွန်းပေါ်၌ လျန်လုံအား သတ်ဖြတ်လိုက်မည်ဆိုပါက မြဲ့လျဲ့ကျိမှာ အမျက်ချောင်းချောင်း ထွက်သွားမည်သာဖြစ်သည်။
သို့သော် ယခုတွင်မူ အခြေအနေများမှာ မတူတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးလိုက်ပြီး မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ လေထဲတွင် ရှိနေကြသည့် အလင်းတန်းသုံးခုမှာ ရုပ်လုံးပေါ်လာကြ၏။ ၎င်းတို့မှာ အရောင်သုံးမျိုးရှိသော ဓားပျံများ ဖြစ်နေကြသည်။
၎င်းမှာ ဝမ်ပေါင်လဲ့ အခြားဂြိုဟ်မှရောက်လာသော ယွမ်ယင်အဆင့် ကျင့်ကြံသူကြီးဆီမှ ရရှိခဲ့သည့် သုံးရောင်ခြယ် ဓားပျံများပင် ဖြစ်သည်။
ယခု သူ မန္တန်လက်ကွက် ထုတ်ဖော်လိုက်ချိန်တွင် ထိုသုံးရောင်ခြယ်ဓားပျံများ၏ အစွမ်းများ ထွက်ပေါ်လာသဖြင့် ၎င်းတို့မှာ စောစောတုန်းကထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာတော့သည်။ ၎င်းတို့မှာ လျန်လုံ၏ လိပ်ခွံလေးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြပြီး အလွန်အင်မတန်မှ လျင်မြန်နေသောကြောင့် ချက်ချင်းပင် ရိုက်ခတ်သွားကြ၏။ ထိုအခါ အလွန်အင်မတန်မှ မာကျောသော လိပ်ခွံလေး၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်။ သို့သော် ၎င်းမှာ တမူထူးခြားသည့် ပစ္စည်းတစ်ခု ဖြစ်သောကြောင့် ခဏအကြာတွင် အကောင်းပတိအတိုင်း ပြန်ဖြစ်သွားတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားပြီး ၎င်း၏အနီးသို့ ချက်ချင်းပင် ချဉ်းကပ်သွားလိုက်၏။ ထို့နောက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ သူ၏ခန္ဓာကိုယ်ထဲ၌ ရှိနေသော အစိမ်းရောင်ကြာပွင့်လေးမှာ တုန်ရီသွားသည်။ ထိုအခါ လျှပ်စီးအမြုတေ၊ နှလုံးအမြုတေနှင့် အမှောင်အမြုတေ သုံးခုစလုံးဆီမှ စွမ်းအားများ ထွက်ပေါ်လာပြီး သူ၏ ညာဘက်လက်ထဲ၌ စုဝေးလာတော့သည်။ အလွန်အင်မတန်မှ အားကောင်းသော စိတ်ဆန္ဒကြီးတစ်ခုမှာလည်း ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာ၏။ နောက်ဆုံးတွင် သူသည် ထိုလိပ်ခွံလေး၏ အနီးသို့ ရောက်ရှိသွားပြီး သူ၏ဆွေ့ရှင်းပေါင်အား ထုတ်သုံးကာ ထိုးနှက်လိုက်တော့သည်။
ထိုလက်သီးချက်ကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွားရ၏။ ထိုလက်သီးချက် ထွက်ပေါ်လာသည်နှင့် အရာအားလုံးကို ဝါးမျိုပစ်နိုင်စွမ်းရှိသည့်ပုံပေါ်သော အာသာသတွင်းနက်ကြီးတစ်ခုမှာ လျန်လုံ၏ လိပ်ခွံလေးအား ရိုက်ခတ်သွားတော့သည်။ ထို့အပြင် သုံးရောင်ခြယ်ဓားပျံများလည်း ရှိနေသေးသည်ဖြစ်ရာ လိပ်ခွံလေးမှာ စတင်တုန်ရီလာ၏။ အကယ်၍ လျန်လုံမှာ ကျင့်ကြံခြင်းအဆင့် မြင့်မားနေမည်ဆိုပါက တောင့်ခံနိုင်လောက်ပေသည်။ သို့သော် ယခုတွင်မူ သူသည် လိပ်ခွံလေးအား ထိန်းချုပ်နိုင်စွမ်း မရှိတော့သလို ထိုတုန်ခါမှုများကိုလည်း တောင့်ခံနိုင်စွမ်း မရှိတော့သည့်ပုံပင်။ ထို့ကြောင့် လျန်လုံဆီမှ ရရှိသော ဝိညာဉ်ချီများ ပြတ်တောက်သွားချိန်တွင် ထိုလိပ်ခွံလေးမှာ နောက်သို့လွင့်ထွက်သွားပြီး လျန်လုံ၏ ခန္ဓာကိုယ်အား ရိုက်ခတ်မိသွားတော့သည်။
ထိုအခါ လေမုန်တိုင်းတစ်ခုကဲ့သို့ အားကောင်းသော တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ လျန်လုံမှာ သွေးများအန်ထွက်လာပြီးနောက် ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ နောက်သို့ လွင့်ထွက်သွားတော့သည်။ သူသည် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ရာချက်များနှင့် ပြည့်နှက်နေရပြီ ဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်များကို အထင်းသားမြင်နေရ၏။ သူသည် ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည်မှာ ယခုလောက်အထိ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
” ဝမ်ပေါင်လဲ့။ မင်းငါ့ကို သတ်ရဲလား။ ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အသက်ဆွဲငင်အားတွေ ရှိတယ်နော်။ ငါ့ကို သတ်လိုက်ရင် ငါ့ရဲ့ဆရာက ချက်ချင်း သိသွားမှာ။ သူ ဒီကိစ္စကြီး တစ်ခုလုံးကို စုံစမ်းပြီးသွားရင် တရားခံကို ချက်ချင်းရှာတွေ့သွားမှာကွ ” လျန်လုံမှာ နောက်သို့ ဆုတ်ခွာသွားရင်း စိုးရိမ်တကြီးနှင့် အော်ပြောလိုက်၏။
” မင်းကို သတ်ရမယ် ဟုတ်လား။ ငါက ဘာလို့ မင်းကို သတ်ရမှာလဲကွ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ယုတ်မာကောက်ကျစ်သော အပြုံးဖြင့် ကြိုးတစ်ချောင်း ထုတ်ယူလိုက်၏။ သူ၏ လုပ်ရပ်များနှင့် အပြုံးကြီးကြောင့် လျန်လုံမှာ ချက်ချင်းဆိုသလိုပင် ကြောက်ဒူးတုန်သွားရပြီး အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည်ဟု ခံစားလိုက်ရတော့သည်။
” မင်း… မင်း ဘာလုပ်မလို့လဲကွ “