Switch Mode

အခန်း (၅၁၃)

အတင်းအဓမ္မ သိမ်းပိုက်ခြင်း

ဝမ်ပေါင်လဲ့မှာ စကားဝိုင်းထဲ‌၌ ပွက်လောရိုက်နေကြသည့် လူများအား လျစ်လျူရှုလိုက်ပြီး ကျောက်စိမ်းပေလွှာအား မောက်မာဝင့်ကြွားမှု အပြည့်ဖြင့် သိမ်းဆည်းလိုက်၏။ သူသည် ပတ်ပတ်လည်၌ မည်သူမှ ရှိမနေကြောင်း သိလိုက်ရသောအခါမှသာ သူ၏ ရင်ဘတ်အား လက်ဖြင့်ဖိကာ မျက်နှာပျက်သွားတော့သည်။

” ဘာလို့ ငါ့ရင်ဘက်ထဲက အောင့်နေရတာပါလိမ့်လို့ မှတ်တယ်… တိုက်ပွဲရမှတ် အမှတ်ခြောက်ထောင်တိတိ ကုန်သွားတာကိုးကွ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းအရှည်ကြီး ချမိလိုက်၏။ သူသည် ထို တိုက်ပွဲရမှတ် အမှတ်ခြောက်ထောင်အား အလွယ်တကူ ပြန်ရှာနိုင်သည့်တိုင်အောင် နှလုံးသားထဲ၌ တဆစ်ဆစ် နာကျင်နေဆဲပင်။

” ပြည်ထောင်စုကြီးနဲ့ လူ့အဖွဲ့အစည်းအတွက် ငါက အချိန်မရွေး ပေးဆပ်ဖို့ အသင့်ပဲ ” ဝမ်ပေါင်လဲ့မှာ သူ၏ နာကျင်မှုများအား မျိုသိပ်ကာ သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ သို့သော် ခဏအကြာတွင် ထိုနှစ်သိမ့်မှုများမှာ အလုပ်မဖြစ်ကြောင်း သူက သိလိုက်ရသည်။ ထို့ကြောင့် သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် အနီးအနား၌ အခြားမည်သူမှ ရှိမနေကြောင်း သေချာသွားသောအခါမှ အံကြိတ်ကာ ရေရွတ်လိုက်တော့သည်။

” ငါ့ရဲ့ ရည်မှန်းချက် ပြည့်ဝလာဖို့အတွက်… ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာဖို့အတွက်… ”

ထိုသို့ ရေရွတ်ပြီးသွားသောအခါမှ သူ၏ နှလုံးသားထဲမှ နာကျင်မှုများမှာ ပြေလျော့သွားတော့သည်။ သူသည် မီးစိမ်းကျွန်းပေါ်သို့ ပြန်ရောက်သွားပြီး တစ်ခဏအကြာတွင် သူ၏လက်ကျန် တိုက်ပွဲရမှတ် အမှတ်နှစ်ထောင်အကြောင်း တွေးမိလိုက်သောအခါ ထပ်၍ သက်ပြင်းချမိလိုက်ပြန်သည်။

” ငါ့ သတိကပ်ပြီးတော့ ကျင့်ကြံခြင်းပညာရပ် သုံးခုပဲ ပြန်ပို့ခဲ့မိလို့ တော်သေးတာပေါ့… တိုက်ပွဲရမှတ်တွေ ထပ်ပြီးတော့ စုဆောင်းမှ ဖြစ်မယ်။ ဂိုဏ်းက ငါ့လုပ်ငန်းကို မနက်ဖြန် လာမသိမ်းဖို့ မျှော်လင့်ရတာပဲ… ” ဝမ်ပေါင်လဲ့မှာ လက်ကျန် တိုက်ပွဲရမှတ်များ နည်းပါးနေသောကြောင့် စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။

လက်ရှိတွင် ပြည်ထောင်စုပျိုးပင်များမှာ ဝမ်ပေါင်လဲ့၏ ရင်ဘတ်ထဲမှ ခံစားချက်များကို မရိပ်မိကြပေ။ သူတို့အားလုံးမှာ အုပ်စုဖွဲ့စကားဝိုင်းထဲ၌သာ ရှိနေကြပြီး အံ့ဩမှင်တက်နေကြသည်။ လီယီမှာမူ နှုတ်ဆိတ်နေ၏။ သူမသည် ဝမ်ပေါင်လဲ့၏ လှေငှားရမ်းခြင်းလုပ်ငန်းမှာ အောင်မြင်နေသည်ဖြစ်ကြောင်း သိထားပါသော်လည်း ယခုကဲ့သို့ ကျင့်ကြံခြင်းပညာရပ်သုံးခုအား တစ်ပြိုင်နက်တည်း ပေးပို့နိုင်သည့် အဆင့်အထိ ရောက်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

” တည်နေရာပြောင်းရွှေ့ခကိုပါ ထည့်ပေါင်းရင် စုစုပေါင်း တိုက်ပွဲရမှတ် အမှတ်ခြောက်ထောင်တောင် ပေးရမှာ။ အဲဒီဖက်တီး ဒီလောက်အထိ ရက်ရောနေမှာ မဟုတ်ဘူးဆိုတာ ငါယုံတယ် ” လီယီမှာ ထိုသို့တွေးကာ အံကြိတ်လိုက်ပြီး သူမ၏ အ‌ချိတ်အဆက်များမှတစ်ဆင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လိုက်၏။ ထို့ကြောင့် သိပ်မကြာခင်တွင် သူမသည် ဝမ်ပေါင်လဲ့မှာ အမှန်တကယ်ပင် ကျောက်စိမ်းပေလွှာသုံးခု ပေးပို့ခဲ့သည်ဖြစ်‌ကြောင်း သိလိုက်ရသဖြင့် မှင်တက်သွားရတော့သည်။

” ဒီနေရာမှာ နင် ငါ့ထက် သာနိုင်မယ်ဆိုတာ ငါမယုံဘူး ဖက်တီးစုတ် ” လီယီမှာ အံကြိတ်ကာ အသက်ရှူသံများ မြန်ဆန်လာ၏။ ထို့နောက် သူမသည် တိုက်ပွဲရမှတ်များ ပိုမိုစုဆောင်းနိုင်ရန် လိုအပ်သည့်ပြင်ဆင်မှုများ စတင်ဆောင်‌ရွက်နေလိုက်တော့သည်။ သူမသည် ကျယ်ပြန့်တာအိုနန်းတော်တွင် ရှိနေတုန်း ဝမ်ပေါင်လဲ့အား ကျော်တက်နိုင်ရန် ရည်ရွယ်ထားသည်။

ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ သူ၏ဆုံးရှုံးမှုများကြောင့် ရင်တနုံ့နုံ့ ဖြစ်နေရင်း ဆယ်ရက်တိတိ ကုန်ဆုံးသွားပြီဖြစ်သည်။ ထိုအတောအတွင်းတွင် သူသည် တိုက်ပွဲရမှတ် အမှတ်ရှစ်ထောင်ကျော် စုစည်းနိုင်ခဲ့သည်။ ထိုအခါမှသာ သူသည် စိတ်အေးနိုင်သွားတော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မကောင်းသော အရာကြီးတစ်ခု ဖြစ်လာတော့မည်ဟုလည်း ခံစားလိုက်ရ၏။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် မီးစိမ်းကျွန်းအပြင်ဘက်သို့ လူများ ရောက်ရှိလာကြသည်ကို သူက သတိထားမိခဲ့သည်။ သူတို့မှာ သူ၏လှေများအား ငှားရမ်းရန် ရောက်လာကြခြင်း မဟုတ်ဘဲ အခြေအနေများကို စောင့်ကြည့်အကဲခတ်ကာ မှတ်တမ်းတင်ရန် ရောက်လာကြခြင်း ဖြစ်သည်။ ထိုအချိန်မှာပင် ရှဲ့ဟေးရန်မှာလည်း ဝမ်ပေါင်လဲ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သည်။

” ပေါင်လဲ့ရေ။ ဂိုဏ်းထဲက ရာထူးအကြီးပိုင်းလူတွေက နောက် သုံးလေးရက်လောက်နေရင် မင်းရဲ့ လုပ်ငန်းကိုဝယ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။ မင်း အဆင်သင့်ပြင်ထားတော့ ”

ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှလုံးခုန်သံများ ရပ်တန့်သွားရသည်။ သူသည် အနှေးနှင့်အမြန် ထိုနေ့ရက်သို့ ရောက်လာမည်ဖြစ်ကြောင်းကို သိထားပြီးသား ဖြစ်ပါသော်လည်း သူ၏လုပ်ငန်းနှင့် မခွဲနိုင်ဘဲ ဖြစ်နေရဆဲပင်။ သို့သော် သူ့ဘက်မှ ဘာမှလုပ်၍ရမည် မဟုတ်ကြောင်းကိုလည်း သူက သိထားပြီးသားဖြစ်သည်။ တစ်လတွင် တိုက်ပွဲရမှတ် အမှတ်နှစ်သောင်းကျော် ဝင်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခု ယခုအချိန်အထိ ဆက်လက်လည်ပတ်နိုင်စွမ်း ရှိနေရသည့် အကြောင်းအရင်းမှာ ဂိုဏ်းထဲမှ တစ်ယောက်ယောက်က မသိကျိုးကျွန်ပြုထားပေးသောကြောင့်သာ ဖြစ်ရပေမည်။ ထို့အပြင် ထိုကဲ့သို့ အကြာကြီး ဆက်လုပ်ပေးထားနိုင်ရန်မှာ မဖြစ်နိုင်ပေ။

ယွင်ဖျောင်ကျိမှာလည်း ဝမ်ပေါင်လဲ့ဆီသို့ အသံလွှင့် အကြောင်းကြားစားတစ်စောင် ပေးပို့လိုက်သည်။ သူသည် ရှဲ့ဟေးရန်နောက် နှစ်ရက်အကြာမှ ထိုကဲ့သို့ လှမ်း၍ အကြောင်းကြားနိုင်ခဲ့သည်ဖြစ်ရာ သူ့လောက် လုပ်ပိုင်ခွင့်အာဏာ မရှိသည့်ပုံပင်။ ယွင်ဖျောင်ကျိမှာ ဂိုဏ်းမှ သူတို့၏ ဆုံးဖြတ်ချက်အား မထုတ်ပြန်ခင် တစ်နာရီအလိုမှသာ ထိုအကြောင်းကို ကြားသိလိုက်ရသည်ဖြစ်ပြီး ဝမ်ပေါင်လဲ့ဆီသို့ ချက်ချင်းအကြောင်းကြားလိုက်ခြင်း ဖြစ်သည်။

စိတ်ထဲ၌ အဆင်သင့်ဖြစ်နေပြီ ဖြစ်သော ဝမ်ပေါင်လဲ့မှာ ယွင်ဖျောင်ကျိ၏ အသံလွှင့်အကြောင်းကြားစာအား ရရှိလိုက်ပြီးနောက် သိပ်မကြာခင်တွင် ဂိုဏ်းမှ အသိပေးစာအား လက်ခံရရှိလိုက်၏…

၎င်းမှာ ဆွေးနွေးညှိနှိုင်းရန် ကမ်းလှမ်းမှု မဟုတ်ဘဲ အသိပေးစာတစ်ခုသာ ဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ညှိနှိုင်းနိုင်မည် မဟုတ်ပေ။ သူသည် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုအမိန့်များကို နာခံရမည်ဖြစ်သည်။

ထို အသိပေးစာထဲတွင် စာကြောင်းတစ်ကြောင်းသာ ပါရှိသည်။

” ဝိညာဉ်လှေလုပ်ငန်းကို ချက်ချင်း ရပ်လိုက်ပါ။ ဝိညာဉ်လှေ ဆောက်လုပ်နည်းကို ဂိုဏ်းဆီ လွှဲပေးပြီး နစ်နာကြေး တိုက်ပွဲရမှတ် အမှတ်တစ်သောင်းနှစ်ထောင် လာထုတ်ယူပါ ”

ဝမ်ပေါင်လဲ့မှာ ထိုအသိပေးစာအား ဖတ်ရင်း မျက်မှောင်များကြုတ်သွား၏။ ဂိုဏ်းမှ ပေးသော နစ်နာကြေး ပမာဏမှာ စဉ်းစားစရာ အများကြီး ဖြစ်နေသည် မဟုတ်ပါလော။ အဘယ်ကြောင့်ဆိုသော် ဝမ်ပေါင်လဲ့နှင့် ရှဲ့ဟေးရန်တို့၏ သဘောတူညီမှုအရ အကယ်၍ နစ်နာကြေးမှာ တိုက်ပွဲရမှတ် အမှတ်တစ်သောင်းအောက်တွင် ရှိနေပါက ၎င်းတို့အားလုံးကို ရှဲ့ဟေးရန်ဆီသို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။

တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ယွင်ဖျောင်ကျိကိုလည်း တိုက်ပွဲရမှတ် နှစ်ထောင်ကျော် ပြန်ပေးရဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ ထိုနစ်နာကြေးမှာ သူ၏လက်ထဲသို့ ရောက်မလာခင်ကတည်းက သက်ဆိုင်သူများ၏ လက်ထဲသို့ ရောက်နေကြပြီဖြစ်ကြောင်း သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့် နောက်ကွယ်တွင် သူမမြင်နိုင်သည့် အပေးအယူများ ရှိနေနိုင်ပေသည်ဟု ဝမ်ပေါင်လဲ့က ခံစားလိုက်ရ၏။

သို့သော် အကယ်၍ ထိုသို့ဖြစ်နေလျှင်တောင် သူ့ဘက်မှ အရှုံးရှိမည်မဟုတ်ဟု ဝမ်ပေါင်လဲ့က နှလုံးသွင်းလိုက်၏။ ထို့အပြင် အလွန်အကျွံ လောဘတက်မိပါက အခြေအနေများ ပိုဆိုးသွားနိုင်ပေသည်။ သူသည် ထိုအချက်အား ကောင်းကောင်းကြီး သိထားသောကြောင့် သူ၏စိတ်များကို ချက်ချင်း ဖြေလျှော့လိုက်၏။

ထို့ကြောင့် သူသည် လေးဖင့်နေခြင်း မရှိဘဲ ချက်ချင်းပင် သဘောတူလိုက်ပြီး လှေ ဆောက်လုပ်နည်းကိုလည်း တစ်ခါတည်း လွှဲပေးလိုက်၏။ ဒုတိယမြောက်နေ့ တိုက်ပွဲရမှတ် အမှတ် တစ်သောင်းနှစ်ထောင်တိတိ ရောက်ရှိလာချိန်တွင် ဝမ်ပေါင်လဲ့မှာ နှောင့်နှေး‌ကြန့်ကြာနေခြင်း မရှိဘဲ ရမှတ်တစ်သောင်းအား ရှဲ့ဟေးရန်ဆီသို့လည်းကောင်း ရမှတ်နှစ်ထောင်ကျော်အား ယွင်ဖျောင်ကျိဆီသို့လည်းကောင်း ချက်ချင်းလွှဲပေးလိုက်၏။

ဝမ်ပေါင်လဲ့မှာ သူ့ဘက်မှ စိုက်လိုက်ရသည့် တိုက်ပွဲရမှတ် ရာဂဏန်းအနည်းငယ်အတွက် အတွန့်တက်နေခြင်း မရှိပေ။ ထို့ကြောင့် ယွင်ဖျောင်ကျိမှာ စိတ်မကောင်းဖြစ်သွားရပြီး ဝမ်ပေါင်လဲ့ဆီသို့ အသံလွှင့်အကြောင်းကြားစာ‌တစ်စောင် ပေးပို့လိုက်၏။

” ပေါင်လဲ့။ ဒီကိစ္စနဲ့ ပတ်သက်လို့က … ဟူး…. မင်းက ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ကျင့်ကြံသူတစ်ယောက်မဟုတ်လို့ မင်းပြန်ရတဲ့ နစ်နာကြေးက အခုလောက်အထိ နည်းနေရတာ။ ရှဲ့ဟေးရန်နဲ့ ငါ့ကို နစ်နာကြေးပြန်ပေးပြီးရင် မင်းရဲ့လက်ထဲမှာ တစ်ပြားမှ မကျန်တော့ဘူးမလား ” ယွင်ဖျောင်ကျိမှာ အခြေအနေတစ်ခုလုံးကို နားလည်ထားသောကြောင့် ကွယ်ဝှက်နေခြင်းမရှိဘဲ သူတို့အားလုံး သိရှိထားပြီးသားဖြစ်သော နောက်ကွယ်မှ အပေးအယူများအကြောင်းကို ပြောပြလိုက်၏။

” ကိစ္စမရှိပါဘူးကွာ။ အဆင်ပြေပါတယ် သူငယ်ချင်းရ။ မင်းတို့နှစ်ယောက်စလုံး နစ်နာကြေးပြန်ရတာနဲ့တင် ငါကျေနပ်ပါတယ် ” ဝမ်ပေါင်လဲ့မှာ ရယ်မောကာ စိတ်ရင်းအမှန်ဖြင့် ဆိုလိုက်၏။ သူ၏ အမြင်တွင် တိုက်ပွဲရမှတ်များမှာ အရေးကြီးပါသော်လည်း လူမှုဆက်ဆံရေးများမှာလည်း အလားတူပင် အရေးကြီးနေသည်မဟုတ်ပါလော။

ယွင်ဖျောင်ကျိမှာလည်း တုံးအသူတစ်ယောက် မဟုတ်သောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ရင်းအမှန်ဖြစ်ဖြင့် ပြောနေခြင်းဖြစ်ကြောင်း သိလိုက်၏။ ထို့ကြောင့် သူသည် စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်ပါသော်လည်း စိတ်မကောင်းလည်း ဖြစ်နေရ၏။ သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို အကြံပေးလိုက်၏။

” ညီကိုပေါင်လဲ့ရေ။ မင်း အဲဒီ ဝိညာဉ်လှေတွေကို ရောင်းချင်တယ်ဆိုရင် ငါ မင်းကို လူတစ်ယောက်နဲ့ ချိတ်ပေးလို့ရတယ်။ မင်း အလောတကြီး မလိုသေးဘူးဆိုရင်တော့ ဒီတာဝန်ကို ငါ့ဆီလွှဲထားလိုက်။ မင်း ကြိုက်သလို ဈေးမြှင့်လို့ရအောင် ငါ တစ်စင်းချင်းစီ ရောင်းပေးထားမယ်။ တကယ်လို့ မင်းက ဆန္ဒတွေစောပြီး အကုန်လုံးကို တစ်ခါတည်း ရောင်းပစ်မယ်ဆိုရင် ဈေးနှိမ်ခံရနိုင်တယ် ”

ဝမ်ပေါင်လဲ့မှာလည်း ထိုစကားကို စောင့်ဆိုင်းနေခြင်းဖြစ်၏။ လက်ရှိတွင် သူ၏လက်ထဲ၌ တိုက်ပွဲရမှတ် အမှတ်ရှစ်ထောင်သာ ရှိနေသည့် ပုံပေါ်ပါသော်လည်း အမှန်တကယ်တွင်မူ သူ၏ ဝိညာဉ်လှေများမှာ ပို၍အဖိုးတန်နေသည် မဟုတ်ပါလော။

ထို ဝိညာဉ်လှေများအားလုံးကို တိုက်ပွဲရမှတ် နှစ်သောင်းဝန်းကျင်ခန့် အကုန်ကျခံ၍ တည်ဆောက်ခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့အား ကုန်ကျစရိတ်အတိုင်း ပြန်လည်ရောင်းချနိုင်ရန်မှာ ဖြစ်နိုင်ခြေ မရှိပါသော်လည်း ခြောက်ဆယ် ခုနစ်ဆယ်ရာခိုင်နှုန်းခန့် လျှော့ပြီး ရောင်းချလျှင်တောင် တိုက်ပွဲရမှတ် အမှတ်တစ်သောင်းကျော်လောက် ရရှိနိုင်ပေသည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ဈေးကွက်မရှိသောကြောင့် ၎င်းတို့အား သူကိုယ်တိုင် ရောင်းချနိုင်မည် မဟုတ်ပေ။ ယွင်ဖျောင်ကျိနှင့် ရှဲ့ဟေးရန်တို့ကသာလျှင် သူ့အား ကူညီပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျှော်လင့်တကြီးနှင့် ယွင်ဖျောင်ကျိနှင့်အတူ ဆွေးနွေးလိုက်တော့သည်။ ထိုသို့ဆွေးနွေးပြီးသွားသောအခါ ဝမ်ပေါင်လဲ့မှာ တည်ကြည်အေးဆေးသော လေသံဖြင့် ယွင်ဖျောင်ကျိအား မေးခွန်းတစ်ခု မေးလိုက်၏

” ဒါနဲ့ ယွင်ဖျောင်ကျိရေ။ ဂိုဏ်းထဲမှာ ရှဲ့ဟေးရန်က ဘယ်ရာထူးအဆင့်အတန်းမှာ ရှိတာလဲ ”

” အဲ။ သူက အကြီးအကဲဖုန်းရဲ့ မျိုးနွယ်စုထဲက။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အထင်ကြီးစရာမရှိပေမဲ့ သူက အချိတ််အဆက်တွေ တော်တော်များတဲ့ကောင်။ သူက အရောင်းအဝယ်လုပ်ငန်းမှာ တော်တော်လေးကို ထူးချွန်လို့ ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားတွေကြားမှာ နာမည်ကြီးတယ်။ ငါလည်း အသေးစိတ်တော့မသိဘူး။ ဒါပေမဲ့ ကြည့်ရတာ သူက ဂိုဏ်းရဲ့ ရာထူးအကြီးပိုင်းထဲက တစ်ယောက်ယောက်နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးတစ်ခု ရှိနေတဲ့ပုံပဲကွ။ တချို့လူတွေကတော့ ဝါရင့်ကြီးချီလင်း ဖြစ်လောက်တယ်လို့ ပြောနေကြတာပဲ ” အကယ်၍ အခြားအခြေအနေ တစ်ခုခုတွင်သာ ဆိုပါက ယွင်ဖျောင်ကျိမှာ တွေဝေတုံ့ဆိုင်းနေမည်ဖြစ်ပြီး သူသိထားသည့် အချက်အလက်များအား ပြန်ပြောပြလျှင်တောင် အသေးစိတ်အချက်အလက်များကို ထိမ်ချန်ထားခဲ့မည်သာ ဖြစ်သည်။

ထိုကိစ္စများမှာ ကျယ်ပြန့်တာအိုနန်းတော်၏ အတွင်းရေးကိစ္စများ ဖြစ်နေသည်မဟုတ်ပါလော။ သို့သော် သူသည် ဝမ်ပေါင်လဲ့နှင့် ကြိမ်ဖန်များစွာ ပြောဆိုဆက်ဆံဖူးသည်ဖြစ်ပြီး သူ့ကြောင့် အမြတ်အစွန်းမြောက်မြားစွာ ရရှိခဲ့ရုံသာမက သူ့ပေါ်တွင်လည်း ကျေးဇူးကြွေး တင်နေသည်မဟုတ်ပါလော။ ထို့ကြောင့်လည်း သူသည် သူသိထားသမျှ အချက်အလက်အားလုံးကို ပြောပြလိုက်ခြင်းဖြစ်သည်။

ထို့နောက် ယွင်ဖျောင်ကျိမှာ ဂိုဏ်းထဲမှ အခြားအချိတ်အဆက်များအကြောင်းကို ထပ်၍ အသေးစိတ်ရှင်းပြလိုက်ပြီးနောက် စကားစဖြတ်လိုက်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများမှိတ်သွားပြီး တင်ပျဉ်ခွေထိုင်ကာ တရားထိုင်နေလိုက်တော့သည်။ သူသည် နှုတ်ဆိတ်နေပြီး သူ၏ တိုက်ပွဲရမှတ်များအ‌ကြောင်း တွေးတောရင်း သက်ပြင်းချလိုက်၏။

ယခင်တုန်းကဆိုလျှင် သူ၏ ငွေစာရင်းထဲသို့ တိုက်ပွဲရမှတ် ရာဂဏန်းအထိ နေ့စဉ်‌နေ့တိုင်း ပုံမှန် ဝင်နေခဲ့သည်ဖြစ်ရာ သူ၏ဘဝကြီးမှာ အဆင်ပြေချောမွေ့နေခဲ့၏။ သို့သော် ယခုတွင်မူ သူသည် ခြိုးခြံချွေတာရမည့် အခြေအနေသို့ ပြန်ရောက်သွားပြီဖြစ်၍ တိုက်ပွဲရမှတ်များ ရရှိနိုင်မည့် အခြားနည်းလမ်းများအား ဆက်၍ စဥ်းစားနေလိုက်တော့သည်။

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေလေ သူ၏ ခံစားချက်များမှာ ပို၍ ပြင်းထန်လာလေလေ ဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာ ကျင့်ကြံခြင်းအပေါ် အာရုံမစိုက်နိုင်လောက်အောင် ဖြစ်နေရပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် သူ၏ ဂူဗိမာန်ထဲရှိ တာဝန်ကျောက်တိုင်ကြီးအား စိုက်ကြည့်နေရင်း မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်သွားတော့သည်။

” ထားပါတော့ကွာ။ ဓားရဲ့ ကိုယ်ထည်ပိုင်းထဲအထိ သွားပြီး အသိအမှတ်ပြု တံဆိပ်ပြားတွေကို ရှာဖွေရတာက တိုက်ပွဲရမှတ်တွေ စုဆောင်းနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခုပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့နှလုံးသွင်းလိုက်ပြီးနောက် ထိုတာဝန်အား လက်ခံရယူလိုက်တော့သည်။ သူသည် သူ၏ ဂူဗိမာန်အား သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်ပြီးနောက် မီးစိမ်းကျွန်းပေါ်မှ ထွက်ခွာလာ၏။ ထို့နောက် သူသည် ထိုတာဝန်၏ ညွှန်ကြားမှုအတိုင်း ချော်ရည်ပူ မီးပင်လယ်ကြီးပေါ်မှ ဖြတ်၍ ပျံသန်းသွားလိုက်ပြီး ဓားရိုးပိုင်းဆီမှနေ၍ ဓား၏ ကိုယ်ထည်ပိုင်းဆီသို့ ဦးတည်သွားလိုက်တော့သည်။

ထိုခရီးစဉ်ကြီးမှာ ရှည်ကြာလွန်းမည်ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့၏။ သူသည် ရှေ့သို့ ပျံသန်းနေရင်း လမ်းကြောင်းပြောင်းလိုက်ချိန်တွင် သူ၏ ကျောက်စိမ်းပေလွှာမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တအံ့တဩနှင့် ၎င်းအား ဖွင့်ကြည့်လိုက်သောအခါ သူ၏ စာရင်းထဲသို့ တိုက်ပွဲရမှတ် အမှတ်ငါးရာတိတိ အကြောင်းအရင်းမရှိ ဝင်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။

” ဘာတွေဖြစ်နေတာလဲဟ ” ဝမ်ပေါင်လဲ့မှာ အထူးတဆန်းနှင့် စစ်ဆေးကြည့်လိုက်သောအခါမှ သူ့အား ထိုတိုက်ပွဲရမှတ်များ ပေးပို့ခဲ့သည့်လူမှာ ရှဲ့ဟေးရန် ဖြစ်နေသည်ကို သိလိုက်ရသည်။ ထို့ကြောင့် သူသည် ပို၍ပင် အထူးတဆန်းဖြစ်သွားရပြီး အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့ကာ ထိုကိစ္စနှင့် ပတ်သတ်၍ မေးမြန်းရန် ပြင်လိုက်တော့သည်။ ထိုအချိန်တွင် သူ့ဆီသို့ အသံလွှင့် အကြောင်းကြားစာတစ်စောင် ထပ်၍ ရောက်ရှိလာသည်။

” ဟေ့ ညီကို။ ရလိုက်တယ်မလား။ ငါ အခုလေးတင်ပဲ အလုပ်တစ်ခု ရလိုက်လို့။ မင်းကို အဲဒီအလုပ်ထဲက အမြတ်တစ်ဝက်တိတိ လွှဲပေးလိုက်တာ။ ငါအခုလို လွှဲလိုက်ရတဲ့ အကြောင်းအရင်းကိုတော့… မင်း ခဏနေရင် သိပါလိမ့်မယ် “

Comment

Leave a Reply

Options

not work with dark mode
Reset