ပိုင်ရှောင်ချန်းက သဘောပေါက်သွားလေသည်။ ထိုအမာရွတ်က အလုံးစုံအားရှင်းပြနေ၏။ သွေးသခင်နတ်မီးလျှံစမ်းသပ်ပွဲကျင်းပခဲ့သည့် ထိုဂူထဲတွင် သူတွေ့ဆုံခဲ့သည့်သူမှာ ရွှယ်မေ့မဟုတ်ပေ။
” အဲ့နေ့က ဂူထဲဝင်ပြီးတဲ့နောက်ပိုင်း မေ့အာ ဘာမှမမှတ်မိတော့ဘူး” ခေါင်းဆောင်ကြီးအတုမဲ့က လေးနက်သောအမူအရာဖြင့် တစ်လုံးချင်းပြောသည်။
” မင်း သွေးသခင်ဖြစ်လာတဲ့အကြောင်းတွေကိုကောပဲ။ သွေးဘိုးဘေးကြီးကိုယ်အပြင်မှာ နိုးလာတာပဲ မှတ်မိတော့တယ်”
” ဂူထဲက အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး တစ်ခုမှမမှတ်မိတာ သိပြီးတော့ သူ့ရင်ထဲမှာ စိတ်ရှုပ်ထွေးမှုနဲ့ ကြောက်လန့်မှုတွေလွှမ်းမိုးလာခဲ့တယ်။ သူငါ့ကို အကုန်လုံးပြန်ပြောပြတော့ ငါတောင်လန့်သွားခဲ့တာ။ အကြောင်းရင်းကိုရှာဖို့ ငါ့ရှိသမျှစွမ်းအားတွေအကုန်သုံးခဲ့တာတောင်မှ ဘာဖြေရှင်းချက်မှ ရှာမတွေ့ခဲ့ဘူး။ မင်း အဲဒီလူကိုသိရင် ဘယ်သူမှန်းငါ့ပြောစမ်းပါ”
ပိုင်ရှောင်ချန်းက စကားပြောရန်ဟလိုက်သော်လည်း နောက်ဆုံးတွင် တုလင်ဖေးနာမည်ကို မထုတ်ဖေါ်လိုက်ပေ။ သူမက ဘယ်သူလဲဆိုသည်နှင့် သူမနာမည်က တုလင်ဖေးအစစ်အမှန်ဟုတ်ရဲ့လားပင်မသိသည်ကို သူ ရုတ်တရက်စဥ်းစားမိလိုက်တော့သည်။
သူမနှင့်ပတ်သက်သည့်အရာအားလုံးက ပဟေဌိဆန်လွန်းသည်။ အတော်ကြာတိတ်ဆိတ်နေစဥ်တွင် သူအတူတကွပေါင်းစပ်လိုက်သည့် သဲလွန်စများအားလုံးမှာ အသုံးမဝင်ကြောင်းလည်း သိရှိသွား၏။
နောက်ဆုံးတွင် သူကခေါင်းခါလိုက်ပြီး ခေါင်းဆောင်ကြီးအတုမဲ့နှင့် ရွှယ်မေ့ကို တလေးတစား လက်ယှက်နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက လှည့်ပြန်သွားတော့သည်။ ရွှယ်မေ့မှာ ဟင်းခနဲသက်ပြင်းချလိုက်၏။သိသါထင်ရှားစွာပင် ပိုင်ရှောင်ချန်းက ဂူထဲ၌ သူမနေရာကိုအစားထိုးဝင်ရောက်သွားခဲ့သည့်မည်သူနှင့်ဖြစ်ဖြစ် ဆက်နွှယ်မှုတစ်ခုခုတော့ရှိနေလေသည်။ ပိုင်ရှောင်ချန်းက အချိန်အတော်ကြာသည်အထိ အလွန်အမင်းဝမ်းနည်းေနကြောင်း သူမမြင်လိုက်ရသည်။
ခေါင်းဆောင်ကြီးအတုမဲ့က ပိုင်ရှောင်ချန်းထွက်သွားသည်ကိုကြည့်ပြီး သူကိုတားဆီးရန်ဘာတစ်ခုမှ မလုပ်ချေ။ ပိုင်ရှောင်ချန်း၌ အလွန်ထူးခြားသည့်အဆင့်တစ်ခုရှိပြီး အကယ်၍ သူစကားမပြောချင်ပါလျှင် ခေါင်းဆောင်ကြီးအတုမဲ့က အကြပ်ကိုင်ပြောခိုင်း၍မရပေ။
ပိုင်ရှောင်ချန်းက အတော်လှမ်းလှမ်း လမ်းတစ်လျှာက်ဆင်းသွားပြီးနောက် လွတ်နေသော စိတ်စွမ်းအင်ဗိမာန်တစ်ခုကို ကြုံရာကျပန်းရွေးပြီးအထဲဝင်လိုက်လေသည်။ အထဲရောက်သည်နှင့် သူက လရောင်လွှမ်းသောကောင်းကင်ကြီးကို မော့ကြည့်ကာ တုလင်ဖေးနှင့်ပတ်သက်၍ သူမှတ်မိသမျှတို့ကို ပြန်စဥ်းစားလိုက်သည်။ ထို့နောက် သူက ခေါင်းဆောင်ကြီးအတုမဲ့နှင့် သူ၏သမီးထံမှ ကြားသိခဲ့ရသည်တို့ကို ပြန်လည်ဆန်းစစ်လိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူက သက်ပြင်းချလိုက်တော့သည်။
“တုလင်ဖေး.. မင်းက တကယ်ဘယ်သူလဲကွာ”
စိတ်စွမ်းအင်နှင့်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့က ဆန်းကြယ်နှင့်ဆေးစွမ်းအင်နတ်ရေစဥ်တို့အား သိမ်းပိုက်နေသည့်ကာလအတွင်း တစ်လတာကုန်သွားလေပြီ။ ဧရာမမြို့တော်ကြီးက သူတို့ဂိုဏ်းအသစ်၏ ဌာနချုပ်ဖြစ်လာတော့သည်။ စိတ်စွမ်းအင်နှင့်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူများအတွက်မူ သူတို့တိုက်ပွဲတွင်အတူတကွကုန်ဆုံးခဲ့သည့်အချိန်ကာလတို့ကြောင့် အတော်များများမှာ မိတ်ဆွေရင်းချာများသဖွယ်ဖြစ်လာကြသည်။
ဂိုဏ်းနှစ်ဂိုဏ်းလုံးက အလုံးစုံမပေါင်းစည်းသေးသော်လည်း ယခင်ထက် ပဋိပက္ခများ လျော့နည်းလာတော့သည်။ ရံဖန်ရံခါ သဘောထားကွဲလွဲမှုများ ပေါ်ပေါက်တတ်သော်လည်း ခြုံငုံကြည့်လိုက်ပါလျှင် အရာအားလုံး တည်ငြိမ်အေးချမ်းလာလေပြီ။
လူတိုင်းက ကိုယ့်စည်းကိုယ့်ဘောင်နှင့်နေကြလေသည်။ အမှန်တွင် စစ်ပွဲက ယခုထက်ထိမပြီးဆုံးသေးပေ။ သူတို့အတွက် တိုက်ခိုက်ရန် ရန်ဘက်များက အောက်ပိုင်းဒေသတွင်မရှိတော့သော်လည်း သူတို့၏ပန်းတိုင်က အလယ်ပိုင်းဒေသဖြစ်ကြောင်း လူတိုင်းသိလေသည်။
အလယ်ပိုင်းဒေသဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာမှသာလျှင် စစ်ပွဲပြီးဆုံးသွားပြီဟု အမှန်တကယ်သတ်မှတ်နိုင်လေသည်။
ထိုရည်မှန်းချက်ပန်းတိုင်က စိတ်စွမ်းအင်နှင့်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကိုပေါင်းစည်းပေးနေသည့်ကော်အလားပင်။ ခေါင်းဆောင်ကြီးများနှင့် အမြုတေအဆင့်ကျင့်ကြံသူများအတွက်မူ ဂိုဏ်းနှစ်ဂိုဏ်းအတူတကွပူးပေါင်းလုပ်ကိုင်လျှင် စွမ်းအားကြီးလက်နက်သဖွယ်ဖြစ်လိမ့်မည်ဟု လူတိုင်းထက်ပိုသိလေသည်။ သို့သော်လည်း မည်သည့်စိတ်ဝမ်းကွဲခြင်းမဟူ နှစ်ဦးလုံး၏ ပျက်စီးခြင်းကို ဦးတည်နိုင်လေသည်။
ထိုကဲ့သို့အမှန်တရားများနှင့် ပိုင်ရှောင်ချန်းကြောင့် ဂိုဏ်းနှစ်ဂိုဏ်း၏မဟာမိတ်ဆက်ဆံရေးသည် ဆက်လက် မြဲမြံခိုင်မာလာလေသည်။
စိတ်စွမ်းအင်နှင့်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ဖြင့် သဘောတူညီချက်တစ်ခုချုပ်ဆိုပြီးနောက် ခေါင်းဆောင်ကြီး ချီဟွမ်နှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ကျန်ရှိသူများက အကောင်းဆုံးကြိုးစားအားထုတ်ပေးကြသည်။ သူတို့က သူတို့၏ ဓလေ့ထုံးတမ်းအစဥ်အလာအား ဆက်လက် လက်ဆင့်ကမ်းရရန် အလယ်ပိုင်းဒေသ၏ အစိတ်အပိုင်းတစ်ခုဖြစ်ချင်ကြလေသည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများက စိတ်ရောကိုယ်ပါ အားတက်သရော ပူးပေါင်းလာကြသည်။ သူတို့က ကောင်းကောင်းမွန်မွန်အရှုံးပေးလိုက်ပြီးနောက် အခုတွင်စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ပေါင်း၍ ဂိုဏ်းသစ်တစ်ခုပေါ်ပေါက်လာသောကြောင့် သူတို့က ၄င်း၏အစိတ်အပိုင်းတစ်ခုဖြစ်ချင်ကြသည်။ အလယ်ပိုင်းဒေသကိုလည်းသွားချင်ကြပြီး ထိုနေရာရှိ အလွန်ပေါများလှသော ရင်းမြစ်တို့ကိုလည်းရှာဖွေချင်ကြသည်။ ထိုအကြောင်းကြောင့် သူတို့က တောင်းဆိုချက်တစ်ခုကိုမှ မငြင်းပယ်ကာ လိုအပ်သည့်အခန်းကဏ္ဍတွင် ပြင်းပြင်းထန်ထန်ဆောင်ရွက်ကြလေသည်။
ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသည်လည်း ထိုနည်းတူပင်။ ယခင်က သူတို့၏ ဂိုဏ်းကိုသစ္စာဖောက်ခဲ့သည်သူများကိုမူ သနားညှာတာထောက်ထားသောအားဖြင့် သူတို့၏အရင်နေရာများသို့ပြန်ခွင့်ပြုလိုက်လေသည်။
ထိုဂိုဏ်းနှစ်ဂိုဏ်းမှာ ခါးခါးသီးသီးရန်သူများဖြစ်ခဲ့သော်လည်း ယခုတွင် ဤဂိုဏ်းအသစ်တွင် သူတို့၌ စိတ်စွမ်းအင်နှင့်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို အောက်ကျို့ရုံက လွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ဂိုဏ်း၏အနာဂတ်အရေးအတွက် ပြောပိုင်ခွင့်ရရန် သူတို့က ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းအပါအဝင် အခြားဂိုဏ်းများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိရမည်ဖြစ်သည်။ ထိုသည်သာလျှင် အလယ်ပိုင်းဒေသအရင်းအမြစ်တို့၏ သူတို့ဝေစုရရန် သေချာနိုင်မည့်တစ်ခုတည်းသောနည်းလမ်းဖြစ်တော့သည်။
ပိုင်ရှောင်ချန်းက ဂိုဏ်းနှစ်ဂိုဏ်းအကြား မည်သို့ ဆက်ဖြစ်နေသည်တို့ကို အာရုံသိပ်မစိုက်ပေ။ ခေါင်းဆောင်ကြီးတို့က အကောင်းဆုံးနည်းလမ်းဖြင့် အရေးကိစ္စတို့အား ကိုင်တွယ်လိမ့်မည်ဟု သူသိလေသည်။ လုပ်စရာကိစ္စအနည်းငယ်သာရှိသဖြင့် သူကဂူပိတ်ကျင့်လေသည်။ သူ၏နှလုံးသားထဲရှိ တုလင်ဖေး၏အကြောင်းတို့ကိုမေ့ပစ်လိုက်ပြီးနောက် လန်းဆန်းတက်ကြွလျက် ထွက်လာ၏။ သူက ဖက်တီးကျန်းနှင့် အခြားရောင်းရင်းတို့ကိုရှာရန်ထွက်တော့မည်ဆဲဆဲတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက သူ့ကို မြို့တော်အလယ်တွင်ရှိသော မဟာခန်းမဆောင်သို့ ဆင့်ခေါ်လိုက်သည့် ဓမ္မအမိန့်တစ်ခုပို့လွှတ်လိုက်လေသည်။
ပိုင်ရှောင်ချန်းက အစည်းအဝေးတစ်ခုကိုမှ စိတ်မဝင်စားသော်လည်း သူ့မှာ ရွေးစရာမရှိချေ။ သက်ပြင်းချလျက် သူက မဟာခန်းမဆောင်ဘက်သို့ ဦးတည်လိုက်တော့သည်။ လမ်းတစ်လျှောက် သူ့ကို မြင်သည့်ဂိုဏ်းသားဟူသမျှက မျက်နှာပေါ်တွင်ကြောက်ရွံ့ရိုသေလေးစားခြင်းတို့ဖြင့် လက်ယှက်ကာ ခေါင်းငုံ့နှုတ်ဆက်ကြသည်။ ပိုင်ရှောင်ချန်း၏နှလုံးတွင် ပျော်ရွှင်ကြည်နူးမှုများပြည့်နှက်လာတော့သည်။
သူက လမ်းလျှောက်သွားသည့်တစ်လျှောက် လက်ဝှေ့ယမ်းကာ နှုတ်ဆက်နေတော့သည်။
“မင်းတို့ရဲ့ ပြင်းပြင်းထန်ထန်ကြိုးပမ်းမှုက အင်မတန်အသိအမှတ်ပြုစရာပါပဲ. ဂိုဏ်းတူ တူလေး၊ တူမလေးတို့ရေ”
” အလုပ်ကောင်းကောင်ဆက်လုပ်ကြပါ။ သိပ်ကောင်းတယ်”
” မင်းတို့ အားလုံးက ကျုပ်အတွက် အင်အားပါပဲ”
တဖြည်းဖြည်းနှင့် သူ၏အမြင်ကတ်စရာအမူအရာတို့ ပျောက်ကွယ်လာ၏။ နောက်ဆုံးတွင် သူက မဟာခန်းမဆောင်ကိုရောက်သွားပြီး အစောင့်ဂိုဏ်းသားတို့က လက်ယှက်ကာ နှုတ်ဆက်လိုက်ကြသည်။
” ဂါဝရပြုပါတယ်..ခေါင်းဆောင်ငယ်”
ပိုင်ရှောင်ချန်း၏စိတ်မှာ ကောင်းကင်ဘုံထိပင် မြောက်သွားတော့သည်။
ဝါရင့်ဂိုဏ်းဝင်တစ်ယောက်အသွင်ဖမ်းကာ သူက ကျောနောက်သို့ လက်ပစ်ပြီး ပြောလေသည်။
” မဆုတ်မနစ်ကြိုးစားကြ… ကြားလား…တချိန်မှာ မင်းတို့လည်းပဲ ခေါင်းဆောင်ငယ်ဖြစ်ကောင်းဖြစ်လာလိမ့်မယ်”
ထိုသို့ပြောပြီး သူကရယ်ကာမောကာဖြင့် မဟာခန်းမဆောင်ထဲဝင်သွားတော့သည်။
သူဝင်ရောက်သည်နှင့် အသက်ပြင်းပြင်းရှူလိုက်သည်။ ခန်းမဆောင်အတွင်းရှိ ဖိအားမှာ အလွန်ကြီးမားလှသဖြင့် လေထုသည်ပင် လှိုင်းဂယက်တို့ရိုက်ခတ်နေသည်။ သူရှေ့တွင်ရှိနေသည်ကတော့ ခေါင်းဆောင်ကြီးများတစ်အုပ်စုလုံးပင်။
ခေါင်းဆောင်ကြီး ထျယ်မုနှင့် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက ပင်မအစည်းအဝေးသို့ မတက်ရောက်ကြပေ။ သူတို့ကိုဖယ်လိုက်လျှင် စိတ်စွမ်းအင်နတ်ရေဂိုဏ်းမှ ခေါင်းဆောင်ကြီးလေးဦးနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ခြောက်ဦးတို့ကျန်ရှိလေသည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကိုကိုယ်စားပြုရန် ခေါင်းဆောင်ကြီး ချီဟွမ်အပါအဝင် ခေါင်းဆောင်ကြီးလေးဦး တက်ရောက်ကြလေသည်။ နောက်ဆုံးတွင် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ခေါင်းဆောင်ကြီးသုံးဦးရှိလေသည်။ စုစုပေါင်းဆိုလျှင် ဧရာမခန်းမဆောင်ကြီးကို ဝိညာဥ်အခိုးအငွေ့တို့ဖြင့်ပြည့်နှက်နေစေသည့် ယင်ယန်ဝိညာဥ်တာအိုဆရာကြီး ဆယ့်ခုနစ်ယောက်ရှိသည်။
ပိုင်ရှောင်ချန်းဝင်လာသည်နှင့် ဆယ့်ခုနစ်ယောက်သောလူများအားလုံး၏ မျက်လုံးအကြည့်တို့က သူ့ထံကျရောက်လာသည်။ သူတို့၏အကြည့်များထဲတွင် ခံစားချက်အမျိုးမျိုးအား တွေ့ရလေသည်။ စိတ်စွမ်းအင်နှင့်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့မှ ခေါင်းဆောင်ကြီးများကအေးအေးဆေးဆေးပင်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးတို့၌မူ ကွဲလွဲသောအမူအရာများရှိကြကာ အထူးသဖြင့် အားအင်ကင်းမဲ့လျက် စိတ်ထဲတုန်ခါနေသော ခေါင်းဆောင်ကြီး ချီဟွမ်ပင်။
ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးသုံးဦးမှာမူ သူတို့၏မျက်လုံးတို့တွင် ထူးဆန်းသောအလင်းများ တောက်ပလျက် စိတ်ဝင်တစားကြည့်နေကြသည်။
၄င်းတို့အားလုံးက အဓိပ္ပါယ်ရှိလေသည်။ အောက်ပိုင်းဒေသ၏ ကျင့်ကြံခြင်းကမ္ဘာရှိ အခြေအနေတစ်ရပ်လုံးက ပိုင်ရှောင်ချန်းကြောင့် ပြောင်းလဲခဲ့လေပြီ။
ယင်ယန်ဝိညာဥ်အဆင့်ပညာရှင် များစွာတို့က သူ့အား စိုက်ကြည့်နေသည်ကို မြင်ရသောအခါ ပိုင်ရှောင်ချန်းမှာ ကျောချမ်းသွားလေတော့သည်။ ရုတ်တရက် သူသည် ခေါင်းဆောင်ကြီးများက သူ၏အသုံးဝင်မှု ပြီးဆုံးသွားသောကြောင့် ရှင်းထုတ်ရန် သို့မဟုတ် ယခင်က သူ့အမှားတို့ကို အကြွေးပြန်ဆပ်ရန်ဆုံးဖြတ်လောက်သည်ဟုတွေးကာ ကြောက်ဒူးတုန်လာတော့သည်။ ဘေးဘီဝဲယာကို နှလုံးတုန်ရင်ခုန်လျက် ကြည့်ရင်း သူမှန်ကြောင်း ပို၍ ယုံကြည်လာလေသည်။
“အမ်.. မင်္ဂလာပါ ခေါင်းဆောင်ကြီးတို့….” သူက သတိထားလျက်ပြောလိုက်သည်။ စိတ်စွမ်းအင်နတ်ရေဂိုဏ်းခေါင်းဆောင်ကြီးတို့က လွဲ၍ အခြားသော ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်အားလုံး အံ့သြမှင်သက်သွားလေသည်။ သို့သော်လည်း တစ်ဦးတစ်ယောက်မှ စကားမပြောချေ။ ထိုအစား သူ့ကိုစိုက်ကြည့်နေစဥ် သူတို့၏ အကြည့်များက ပို၍ဆန်းကြယ်လာကာ သူတို့ဘာတွေးနေသည်ကို ပြောရန်ခဲယဥ်းနေသည်။
စိတ်စွမ်းအင်နတ်ရေဂိုဏ်း၏ တည်ထောင်သူခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းကို ကြည့်ပြီးပြောသည်။
” ပိုင်ရှောင်ချန်း…. မင်းလုပ်ရမယ့်အရာတစ်ခု.. ”
ခေါင်းဆောင်ကြီးများ၏ မျက်နှာပေါ်ရှိ အကြည့်များကြောင့် ပိုင်ရှောင်ချန်းမှာ ရင်တုန်လာတော့သည်။ ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီး စကားစပြောလိုက်သည်နှင့် မကောင်းသည့်အရာ တစ်ခုခုကို ပြောတော့မည်ဟု အခိုင်အမာယုံကြည်လိုက်တော့သည်။ ၄င်းက ခက်ခဲသောအထူးစစ်ဆင်ရေးသို့မဟုတ် တာဝန်တစ်ရပ်ဖြစ်မည်မှာ အသေအချာပင်။ ပိုင်ရှောင်ချန်း၏မျက်နှာမှာ အိုစာလာပြီး သူ့နှလုံးသားမှာ တဒိန်းဒိန်းခုန်လာတော့သည်။
သူက ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးအား ထိုစကားပြီးဆုံးအောင် ပြောခွင့်မပေးရန် ရုတ်တရက်သဘောပေါက်လိုက်သည်။ ခွင့်ပေးလိုက်ပါလျှင် ထိုတောင်းဆိုချက်ကို ငြင်းဆန်ရန် ခက်ခဲပေလိမ့်မည်။ သူစကားဆုံးအောင်မပြောနိုင်ခင် ပိုင်ရှောင်ချန်းက သူ့ရင်ဘတ်ကို ထုရိုက်လိုက်ပြီး အော်လိုက်ကာ သွေးတစ်ပွက်အန်လိုက်လေသည်။ နောက်သို့ ယိမ်းထိုးသွားရင်း သူ၏မျက်နှာက နေမကောင်းပုံဖျော့တော့သွားပြီး သူကရေရွတ်လိုက်သည်။ “ခေါင်းဆောင်ကြီး တိုက်ပွဲမှာတုန်းက ကျုပ် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့လို့ အရင်က ဒဏ်ရာတွေ ထလာပြီ။ ပြန်လည်ကုသဖို့ ဂူပိတ်ကျင့်ဖို့လိုတယ် ။ ကောင်းပြီ… ခေါင်းေဆာင်ကြီးတို့ကို ကျုပ် ထပ်ပြီးမနှောင့်ယှက်တော့ပါဘူးဗျာ..။ သွားပြီ”
ထိုသို့ပြောပြီး သူက တံခါးထံသို့ သုတ်သုတ်ပျာပျာပြေးသွားတော့သည်။
ခြေလှမ်းအနည်းငယ်ထက်ပို၍မလှမ်းနိုင်လိုက်ခင် ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
” အဲ့နေရာမှာတင်ရပ်လိုက်”
ပိုင်ရှောင်ချန်းမှာ တုံ့ခနဲရပ်သွားပြီး အချိန်မရွေးထငိုတော့မည်ပုံပေါ်လေသည်။ နောက်သွေးတစ်ပွက်ထပ်အန်လိုက်ပြီး သူက ဂိုဏ်း တည်ထောင်သူ ခေါင်းဆောင်ကြီးကို ခေါင်းလှည့်၍ သနားစဖွယ်ကြည့်လိုက်သည်။
“ခေါင်းဆောင်ကြီး။ ကျုပ်တကယ် ဒဏ်ရာရတာပါဗျာ။ အဲတာဆိုးတာ။ တကယ့်ကို ဆိုးတာပါ။ အဲဒါအပြင် ကျုပ်က လတ်တလော အရမ်းနာမည်ကြီးလာတယ်လေ။ ကျုပ်ဘာသာတစ်ယောက်ထဲထွက်သွားရင် လူပေါင်းတန်ချီ ကျုပ်ခေါင်းအတွက် လိုက်လာကြလိမ့်မယ်။ ဒီတာဝန်ကို အခြားလူဘာလို့မပေးလဲဗျာ ။ ကျုပ်တကယ် တိုက်ပွဲထဲမသွားနိုင်လို့ပါ”
ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးမှာ ရုတ်တရက်ခေါင်းကိုက်လာပုံရပြီး ငိုရမလား၊ ရယ်မလားပင် မသိတော့ပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏အခြားခေါင်းဆောင်ကြီးများသည်လည်း ခပ်ယဲ့ယဲ့ပြုံးနေကြသည်။ သူတို့က ပိုင်ရှောင်ချန်း၏ ပင်ကိုယ်စရိုက်ကိုကြားဖူးသော်လည်း ဤသည်မှာ မျက်မြင်ကိုယ်တွေ့ကြုံရသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့မှာ ဆွံ့အနေကြတော့သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ခေါင်းဆောင်ကြီးများက ပို၍ပင် အံ့သြသွားကြသည်။ ခေါင်းဆောင်ကြီးအတုမဲ့မှာ သူမြင်နေရသည်ကိုမယုံကြည်နိုင်ဖြစ်နေပြီး အဓိက ခေါင်းဆောင်ကြီးမှာ အံ့အားသင့်သွားသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း သို့မဟုတ် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကိုမူ ဖော်ပြရန် ခက်ခဲလေသည်။ ခေါင်းဆောင်ကြီး ချီဟွမ်၏ မျက်လုံးများက ပန်းကန်ပြားလောက်ပြူးကျယ်သွားပြီး သူ၏အမူအရာမှာ သရဲတစ်ကောင်အားအခုလေးတင်မြင်လိုက်ရသည့်အလား လုံးဝမယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေတော့သည်။သူ့မှာ စစ်မြေပြင်တွင် သူတွေ့ခဲ့သည့် ပိုင်ရှောင်ချန်းက သူ့ရှေ့တွင်ရပ်နေသည့်သူနှင့် တစ်ယောက်တည်းဖြစ်ကြောင်း မယုံနိုင်ဖြစ်နေတော့သည်။
သူက သွေးလေချောက်ခြားခြင်းကြောင့်လော သို့မဟုတ် ပိုင်ရှောင်ချန်းက တစ်နည်းနည်းဖြင့်လူစားလဲခံလိုက်ကြောင့်လေါဟုပင် ထင်မြင်လာတော့သည်။
ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးသုံးဦးသည်လည်း အလွန်တရာ တုန်လှုပ်သွားသည်။ ပိုင်ရှောင်ချန်းယခုလေးတင်ပြောသည့်စကားတို့က သူတို့နားတွင်ပဲ့တင်ထပ်နေပြီး ဤလူက အောက်ပိုင်းဒေသကို ယခုကဲ့သို့ အလွန်အရေးကြီးသောပြောင်းလဲမှူများ ဆောင်ကြဥ်းပေးသောလူဖြစ်ကြောင်းကို အံခွင်ဝင်ကျဖြစ်ရန်ခက်ခဲနေကြသည်။
“ငါတို့က မင်းကို နောက်တာဝန်အတွက် မထွက်စေချင်ပါဘူး” ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ခေါင်းခါရင်း ပြောလိုက်သည်။
ပိုင်ရှောင်ချန်းက မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်ပြီးနောက် မှန်ကန်ကြောင်းအတည်ပြုရန် နောက်တစ်ခါထပ်မေးလေသည်။
” ငါပြောပြီးပြီလေ။ မင်းကို ငါတို့ တာဝန်အရ မထွက်သွားစေချင်ပါဘူးလို့။ အခု မင်းအကြံပြုခဲ့သလိုပဲ ငါတို့ ဂိုဏ်းသစ်ထောင်ဖို့ဆွေးနွေးနေကြတာ။ အဲ့အတွက် နာမည်လိုတာမလို့ မင်းမှာများ အကြံပြုချက်များရှိမလားလို့ကွ”
“အဲ..” ပိုင်ရှောင်ချန်းပြောလိုက်သည်။ စိတ်လှုပ်ရှားရင်း သူက တရစပ်ပြောတော့သည်။
” ဂိုဏ်းနာမည်..ဟမ်.. အမ်းး.. မသေဆုံးဂိုဏ်းဆိုရင်ကော။ ဒါမှမဟုတ်.. ထာဝရအသက်ရှည်ဂိုဏ်း ။ မဟုတ်သေးဘူး…မဟုတ်သေးဘူး..။ ဒါတွေက အလုပ်မဖြစ်ဘူး။ ကျုပ်တို့က မြစ်ရဲ့အလယ်ပိုင်းဒေသကို သွားနေတာ..ဟုတ်တယ်ဟုတ်။ ကျုပ်တို့ အဲ့ထဲမှာ “မြစ်”ဆိုတဲ့ စကားလုံးနဲ့ပတ်သက်တာတစ်ခုခုထည့်ရမယ်ဗျာ ။ အဏ္ဏဝါဂိုဏ်းဆို..ဘယ်လိုလဲ။ ဒါမှမဟုတ်.. လိပ်မြစ်ဂိုဏ်းလို့လဲ ခေါ်နိုင်တာပဲ။ ဟေးးး…အဲ့တာ နာမည်ကောင်းပဲဗျို့။ လိပ်မြစ်ဂိုဏ်း.။ အဲ့တစ်ခုမှာ အဓိပ္ပါယ်နက်နက်ရှိုင်းရှိုင်းရှိတယ်။ နေဦး။ ကျုပ်ကို နောက်ထပ်တွေးခွင့်ပေး။ ဒီလိုဆိုရင်ကော.. ရောနှောခြင်း၏….”
“အဏ္ဏဝါဂိုဏ်းလို့ပဲ ငါတို့ခေါ်တော့မယ်” ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းဘယ်အထိသွားပြီး ဂိုဏ်းနာမည်တောင်ဖြစ်ပုံမရသောအရာတို့အား ဆက်ပြောနေမည်ကို စိုးရိမ်လျက် ကြားဖြတ်ဝင်ပြောလိုက်သည်။ “နောက်ထပ်ဆွေးနွေးရမယ့်ကိစ္စတစ်ခုရှိသေးတယ်။ ဂုဏ်ပြုပွဲအခမ်းအနားအတွင်းမှာ ငါတို့ ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်ကို တရားဝင်ကြေညာဖို့လိုတယ်။ ဂိုဏ်းရဲ့နာမည်အပြင် ငါတို့ ဘယ်သူ့ ကိုရွေးရမလဲဆိုတဲ့ မင်းအမြင်ကိုလည်း မေးချင်တယ်”
“ခေါင်းဆောင်ငယ်ကို တရားဝင်ကြေညာမှာ.” ပိုင်ရှောင်ချန်း၏ မျက်လုံးများ ပြူးလာပြီး နောက်ဆုံးတွင် သူတို့က တကယ်ပင် သူ့ကို အန္တရာယ်များသောတာဝန်ပေးရန် ခေါ်ခြင်းမဟုတ်မှန်း နားလည်သဘောပေါက်သွားကာ ရင်ထဲပေါ့သွားတော့သည်။ စိတ်သက်သာရာရသွားပြီးအသက်ရှူသွင်းလိုက်ရင်း သူ၏အမူအရာက စိတ်ဂယောက်ဂယက်ဖြစ်ခြင်းမှ တည်ကြည်လေးနက်ခြင်းသို့ပြောင်းသွားလေသည်။ သူ၏နှုတ်ခမ်းတို့မှသွေးများပျောက်သွားပြီး သူ၏ဖျော့တော့သောအမူအရာက က္ကန္ဒြေရသွားတော့သည်။ ရုတ်တရက် သူက ရဲစွမ်းသတ္တိအပြည့်ဖြင့် မားမားမတ်မတ်ရပ်နေသည့် တောင်ကြီးတစ်လုံးနှင့်တူလာလေသည်။
သံမဏိသွေးကြောများထောင်ထလာပြီး မျက်လုံးတို့က လျှပ်စီးသဖွယ်လက်သွားကာ သူကပြောသည်။
” အဲဒီတာဝန်ကို ကျုပ်ကလွဲပြီး ဘယ်သူမှ မထမ်းဆောင်နိုင်ဘူး”