လမင်း၏ ဖြူဖျော့ဖျော့ အလင်းရောင်ခြည်တန်းလေးများက အောက်ဖက်မြေပြင်ပေါ်သို့ အရိပ်ထင်ဟပ်နေကာ အေးချမ်းမှုနှင့် သိမ်မွေ့နူးညံ့မှုနှစ်မျိုးလုံး၏ရှူခင်းကို ဖန်တီးနေတော့သည်။ ခြုံငုံကြည့်လိုက်ပါလျှင် အသက်ရှူမှားအောင် လှပလေသည်။
ရွှယ်မေ့က စိတ်စွမ်းအင်ဗိမာန်တံခါးရှေ့တွင် ရပ်ကာ အလွန်အံ့အားသင့်နေ၏။ သူမက ပွယောင်းယောင်းဝတ်ရုံတစ်ထည်ကိုဝတ်ဆင်ထားသည့်တိုင်အောင် သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းတို့က ဝတ်ရုံအောက်တွင် ထင်းနေသေးသည်။ သူမက အလွန်တရာလှပေသည်။
သူမ၏အသံက နူးညံ့ညင်သာသော်လည်း တချိန်တည်းမှာပင် လည်ချောင်းသံအနည်းငယ်ပါနေသဖြင့် ပိုင်ရှောင်ချန်းမှာနားယားလုနီးပါးပင်ဖြစ်သွားသည်။
နောက်ဆုံးတစ်ခေါက် သူမအပြင်ထွက်လာစေရန်ကြိုးစားစဥ်က ပိုင်ရှောင်ချန်း မည်သို့ပြောသည့်တိုင် အသုံးမဝင်ခဲ့ဘဲ သူမကအထဲမှာနေမြဲနေခဲ့သည်။။ တံခါးပွင့်ပွင့်ချင်းရုတ်တရက်မြင်လိုက်ရသောကြောင့် သူ့မှာ အလိုအလျောက်ပြုံးသွားမိတော့သည်။
“နောက်ဆုံးတစ်ခေါက်တုန်းက မင်းကိုယ့်ကိုတွေ့ဖို့ ငြင်းခဲ့တယ်နော်။ ဒီတစ်ကြိမ်တော့ မင်းဘယ်မှ ထွက်ပြေးလို့မရတော့ဘူး”
သူမအား အမည်တပ်ခေါ်ရမည်ကို စိတ်အနှောင့်အယှက်ပင်မဖြစ်ပဲ သူက ရင်းရင်းနှီးနှီးပြောလိုက်ခြင်းကြောင့် သူမ၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းများ ဖြတ်ပြေးသွားပြီး သူ့ကို လေးလေးနက်နက်စိုက်ကြည့်လိုက်သည်။ သူမ၏မျက်နှာသွင်ပြင်ကိုမမြင်နိုင်အောင် မျက်နှာဖုံးဝတ်ဆင်ထားသော်လည်း သူမမှာ အကြောင်းတစ်ခုခုကြောင့် အလွန်တရာအားနည်းနေပုံရလေသည်။
“ကျွန်မအသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သွေးသခင်။ ကျွန်မအင်မော်တယ်ဂူကို နောက်ဆုံးအခေါက်လာတုန်းက ဒဏ်ရာရနေတာရယ်…သွေးသခင်ဖြစ်ဖို့ ရှုံးနိမ့်သွားတာရယ်ကြောင့်…အထဲမှာ စိတ်လွတ်နေပြီး ရှင့်ကို မျက်နှာချင်းမဆိုင်ချင်တာကြောင့်ပါ။ ခွင့်လွှတ်ပါ သွေးသခင် ” ထိုသို့ပြောပြီး သူမက လက်ယှက်ကာ လေးလေးနက်နက် ဦးညွတ်လိုက်သည်။ ထိုသို့ပြုမူလိုက်သောကြောင့် သူမ၏အင်္ကျီလက်မှာ အောက်သို့လျှောကျလာပြီး လက်ပေါ်က အမာရွတ်တစ်ခုပေါ်လာကာ အချိန်တစ်ခုကြာသည်အထိရှင်းရှင်းလင်းလင်းမြင်နေရလေသည်။ သူမက ခါးကုန်းလိုက်သောကြောင့် သူမ၏ကောက်ကြောင်းအချို့မှာ ပို၍ထင်ရှားပေါ်လွင်လာပြီး ပိုင်ရှောင်ချန်းမှာ အကြည့်မလွှဲနိုင်တော့ချေ။
ပိုင်ရှောင်ချန်းက လည်ချောင်းရှင်းလိုက်ပြီး ပြော၏။
” ဘာလို့အဲ့လောက်ယဥ်ကျေးနေရတာတုံး..တုတုလေးရဲ့။ မျက်နှာဖုံးချွတ်လိုက်လေ.. ဒါမှ ကိုယ်မင်းကိုမြင်ရမှာပေါ့”
နှလုံးအိမ်တွင် စိတ်လှုပ်ရှားမှုများမြင့်တက်လာရင်း သူက တံခါးထံ ခြေတစ်လှမ်းတိုးလိုက်သည်။
ရွှယ်မေ့၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ ပိုင်ရှောင်ချန်းက ထိုသို့ပြောလိမ့်မည် သို့မဟုတ် သူ့မထံလျှောက်လာလိမ့်မည်ဟု ဘယ်သောအခါကမှ စိတ်မကူးခဲ့ဖူးချေ။ တွေးပင်မတွေးမိလိုက်ပဲ သူမက နောက်သို့ဆုတ်လိုက်မိသည်။
ရုတ်တရက် သူမ၏ဒူးမှာ ပျော့ခွေလာပြီး အနည်းငယ်မူးဝေလာလေသည်။ မျက်လုံးများတွင်ဒေါသရိပ်များဖြတ်ပြေးသွားရင်း သူမက ပြောလိုက်သည်။ “သွေးသခင် ကိုယ့်ကိုယ်ကိုယ်ထိန်းပါ။ ရှင်ကျွန်မကိုကယ်တာက ကြီးကျယ်မြင့်မြတ်တဲ့သနားကြင်နာမှုပါပဲ.. ဒါပေမယ့် ကျွန်မကို အရှက်ရအောင်လုပ်လို့ရမယ်လို့ မဆိုလိုဘူးနော်။ ကျွန်မက ရွှယ်မေ့.. တုတုလေးမဟုတ်ဘူးရှင့်”
“ဒီမှာတင်ရပ်လိုက်တော့” ပိုင်ရှောင်ချန်းက မကျေမနပ်ခံစားလိုက်ရပြီး ပြောလိုက်သည်။ သူက ကျင့်ကြံခြင်းအခြေခံစွမ်းအားကိုထုတ်ရင်း မယုံကြည်နိုင်သောအရှိန်ဖြင့် နောက်တစ်လှမ်းထပ်တိုးလာသည်။ အလွန်တိုတောင်းသောတခဏလေးမှာပင် သူက ရွှယ်မေ့ရှေ့တည့်တည့်သို့ရောက်သွားတော့သည်။
အခြားအချိန်များတွင် ရွှယ်မေ့၏ကျင့်ကြံခြင်းအခြေခံက သူ့ကို ခုခံရန်သန်မာကောင်း သန်မာလိမ့်မည်။ သို့သော် သူမက အလွန်ဆိုးရွားသောဒဏ်ရာတစ်ခုမှ ပြန်သက်သာလာရုံရှိသဖြင် သူ့ကို မည်သည့်နည်းနှင့်မှ မယှဥ်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက သူမ၏မျက်နှာဖုံးကို လှမ်း၍ ဖမ်းဆွဲလိုက်ပြီး ဆွဲခွာလိုက်သည်။
သူမ၏မျက်နှာပေါ်မှ မျက်နှာဖုံးကွာသွားစဥ် ပိတုန်းရောင်ဆံကေသာတို့က ရေတံခွန်အလား သူမ၏ပခုံးပေါ်သို့ပြေကျလာတော့သည်။ ပိုင်ရှောင်ချန်းက မျက်နှာဖုံးကိုဘေးသို့လွှင့်ပစ်လိုက်ပြီးနောက် အေးစက်စက်အလှတရားဖြင့်ဖြူဖပ်ဖြူရော်ဖြစ်နေသည့် သူမ၏မျက်နှာပေါ်လာသည်။ သူမက သိသိသာသာပင် ဒေါသထွက်သွားသော်လည်း အလွန်အမင်းအားနည်းနေသဖြင့် သူမ၏ ဒေါသမီးတို့က ရှိသင့်သလောက်မတောက်လောင်လာပေ။
သူမက စိတ်ဝိညာဥ်တုန်ခါသွားရအောင် မလှသော်ငြား သူမ၏ဂန္တဝင်မြောက်သော ကြည့်ကောင်းခြင်းကတော့ စုန့်ကျင်းဝမ်နှင့်တန်းတူပင်။
သို့သော်လည်း ဤမိန်းမပျိုမှာ တုလင်ဖေးမဟုတ်ချေ။
ရွှယ်မေ့က ခပ်ဝေးဝေးသို့ဆုတ်သွားလေသည်။ သူမ၏မျက်နှာက ဖြူလျော်နေပြီး ဆံနွယ်တို့မှာ ဖရိုဖရဲဖြစ်နေသည်။ သူမမှာ တဆတ်ဆတ်ပင်တုန်နေချေသည်။မျက်လုံးများက အေးစက်မှုများဖြင့်တောက်ပနေရင်း သူမက ပိုင်ရှောင်ချန်းကို လက်ညှိုးထိုးပြီး ပြော၏။
” ရှင့်ကိုယ်ရှင် ဘာလုပ်နေတယ်ထင်လဲ ညမုဆိုး”
သူမ၏အားနည်းမှုများကြောင့် သူမမျက်လုံးတွင်းရှိ အေးစက်မှုများမှာ ကယောင်ကတမ်းဖြစ်နေသည်နှင့် ပိုတူလေသည်။
ပိုင်ရှောင်ချန်းက သူမ၏မျက်နှာကိုမြင်သောအခါ သူ့မျက်နှာအမူအရာမှာ ကြမ်းတမ်းခက်ထန်သွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ သူ၏ ဘေးပတ်လည်တွင် ထွက်ပေါ်လာတော့သည်။ သူ၏မျက်လုံးများမှာ ချက်ချင်းပင် သွေးချင်းချင်းနီလာတော့သည်။
“မင်းက ငါ့ရဲ့ တုတုလေးမဟုတ်ရင်…. ” သူကပြောသည်။
” မင်းက ဘယ်သူလဲ”
သူ၏ခေါင်းတို့မှာ အံ့သြခြင်း၊ ပြင်းထန်သော ဒေါသထွက်ခြင်းများ ပေါင်းဆုံလျက် ချာချာလည်လာတော့သည်။
ရွှယ်မေ့၏ အမူအရာမှာ ယခင်ထက် ပို၍ပင် ရေခဲတမျှအေးစက်စွာ ဒေါသထွက်လာလေသည်။ ပိုင်ရှောင်ချန်းပြုမူနေသည့်အသွင်ကို သူမက မယုံကြည်နိုင်တော့ပေ။ သူမကိုအသက်ကယ်ပေးခဲ့သည့်အတွက် သူ့အား ကျေးဇူးတင်စကားပြောခဲ့သည်။ သို့သော်လည်း မထင်မှတ်ထားဖွယ် သူက သူမ၏မျက်နှာဖုံးကိုဖယ်လိုက်ပြီးနောက် အရူးတစ်ယောက်သဖွယ် စကားများ ပြောလာတော့သည်။ နောက်သို့ထပ်ဆုတ်လိုက်ရင်း သူမ၏မျက်လုံးများတွင် ရက်စက်သောအကြည့်တစ်ချက်ပေါ်လာ၏။
“ရူးနေပြီလား ညမုဆိုး..။ ငါထပ်ပြောမယ်..။ ငါကနင့်ရဲ့ တုတုလေး မဟုတ်ဘူးဟဲ့။။ ငါက ရွှယ်မေ့”
“မင်းက ရွှယ်မေ့မဟုတ်ဘူး” ပိုင်ရှောင်ချန်းမှာ နှလုံးသားတစ်ခုလုံး ပရမ်းပတာဖြစ်လာပြီး ရူးမတတ်ခံစားလိုက်ရလေသည်။ သူက ရွှယ်မေ့၏မျက်နှာကို စိုက်ကြည့်နေစဥ် သွေးဘိုးဘေးကိုယ်ထဲ၌ဖြစ်ပျက်ခဲ့သည်တို့ကို ပြန်ပြောင်းတွေးလိုက်သည်။ နောက်ဆုံးအကြိမ်သူမ၏မျက်နှာမှ မျက်နှာဖုံးကွာကျသွားစဥ်က မတူညီသောမျက်နှာပေါ်လာခဲ့သည်။
” ငါက ရွှယ်မေ့မဟုတ်ဘူးဆိုတာ ဘာပြောချင်တာလဲ။ နင်ဘာတွေပြောနေတာတုံး ”
ရွှယ်မေ့က နောက်သို့ စိတ်လှုပ်ရှားစွာ ဆုတ်သွားလေသည်။သူမမှာ ပိုင်ရှောင်ချန်း၏အသွင်က ပစ်ချရန်စောင့်နေသည့်မိုးကြိုးအလား အလွန်အမင်းအန္တရာယ်များကြောင်း ရုတ်တရက်ခံစားလိုက်ရလေသည်။
” မင်းဘယ်သူလဲ ”
ပိုင်ရှောင်ချန်းက ရွှယ်မေ့နောက်လိုက်ရင်းအော်ပြောလိုက်သည်။
“ဘာကြောင့် ရွှယ်မေ့ယောင်ဆောင်နေတာလဲ။ ရွှယ်မေ့အစစ်ကဘယ်မှာလဲ ”
သူ့အတွက် အဖြေတို့လိုအပ်သည်။ ထိုအခြေအနေကိုလက်မခံနိုင်သဖြင့် အဖြေမရမချင်း ထွက်မသွားနိုင်ပေ။ ရှေ့သို့ပျံသွားရင်း သူက သူမ၏လက်ကိုဖမ်းဆွဲရန် လက်လှမ်းလိုက်သောကြောင့် ရွှယ်မေ့မှာ ထိတ်လန့်သွားလေသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ခပ်အုပ်အုပ်ချောင်းဟန့်သံတစ်ခုက စိတ်စွမ်းအင်ဗိမာန်ကို ဖုံးလွှမ်းသွားလေသည်။ ပိုင်ရှောင်ချန်းအတွက်မူ ထိုခပ်အုပ်အုပ်ချောင်းဟန့်သံက သူ့နားတွင် မိုးခြိမ်းသံအလား မြည်ဟည်းသွားတော့သည်။
သူကရပ်နေရာတွင် ယိမ်းယိုင်သွားသောကြောင့် ရွှယ်မေ့က သူမကို လှမ်းဆွဲတော့မည့်သူ့လက်ထံမှ ရှောင်တိမ်းနိုင်လိုက်သည်။ သူမက လက်နှစ်ဖက်ဖြင့်လက်ကွက် အလျင်အမြန်ဖော်လိုက်ကာ ဇီးပန်းပွင့်တို့ကို သူမရှေ့တည့်တည့်တွင် ထွက်ပေါ်စေလိုက်သည်။ သူမက ယခုတွင် ဆူပွက်နေသော သတ်ဖြတ်လိုစိတ်များအား ထုတ်လွှတ်နေပြီး သူမ၏စိတ်ထဲတွင် ပိုင်ရှောင်ချန်းကိုအလွန်ပင်ဒေါသထွက်နေတော့သည်။
ပိုင်ရှောင်ချန်းက ခေါင်းကို အပြင်းအထန်ခါလိုက်သော်လည်း သူ့နားထဲရှိ တဝုန်းဝုန်းမြည်ဟည်းသံမှာ ရပ်တန့်မသွားပေ။ မျက်နှာဖြူရော်လျက် သူကရပ်မြဲရပ်နေပြီး ရွှယ်မေ့နောက်ရှိအခန်းမှ အပြင်သို့လျှောက်လာသော သက်လတ်ပိုင်းအရွယ်အမျိုးသားကိုကြည့်လိုက်သည်။
သူ၏မျက်နှာက တင်းမာခက်ထန်နေပြီး ဓားအိမ်မှမထုတ်ရသေးသောဓားအလား အန္တရာယ်များပုံပေါ်လေသည်။ သူနှင့်အတူ အခန်းထဲသို့ အံ့မခန်းစွမ်းအားများ ဝင်ရောက်လာကာ ပိုင်ရှောင်ချန်းကို ခြေပင်လှမ်းမရတော့အောင် လုပ်လိုက်လေသည်။
“ခေါင်းဆောင်ကြီးအတုမဲ့” ပိုင်ရှောင်ချန်း၏မျက်လုံးအိမ်များ ကျုံ့သွားကာ ပြောလိုက်သည်။ အခြားအချိန်တွင် သူက ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးတစ်ဦး၏ ဖိအားကိုရင်ဆိုင်ရန် ကြောက်စိတ်ဖြင့် တဆတ်ဆတ်တုန်နေမည်ဖြစ်သော်လည်း ယခုအခိုက်တန့်တွင်မူ ဂရုမစိုက်ချေ။
ခေါင်းဆောင်ကြီးအတုမဲ့က ရှေ့သို့လျှောက်လာပြီး အလွန်တည်ကြည်လေးနက်သောအကြည့်ဖြင့် ရွှယ်မေ့၏ပခုံးပေါ်ကို ပုတ်လိုက်သည်။ ရွှယ်မေ့က ကျေနပ်ပုံမရသော်လည်း သူမ၏ဖခင်အား အာ မခံရဲသဖြင့် သူမ၏သတ်ဖြတ်လိုစိတ်အငွေ့အသက်တို့ကို ရုပ်သိမ်းလိုက်လေသည်။
“အဖေ”
သူမက နှုတ်ဆက်သည့်ပုံဖြင်ပြော၏။ သူမ၏ ချီနှင့်သွေးတို့ကို ငြိမ်အောင်ထိန်းကာ သွေးရောင်လက်ဝါးအရွယ်ဇီးပန်းပွင့်အား ပျောက်ကွယ်စေလိုက်သည်။
“ခေါင်းဆောင်ကြီး အတုမဲ့။ ခင်ဗျား သမီးကိုကြည့်ပါဦး ” ပိုင်ရှောင်ချန်းက သူကိုစိုက်ကြည့်ကာပြောသည်။
” သူက ရွှယ်မေ့မဟုတ်ဘူး”
သိသိသာသာပင် သူ့အပေါ်သက်ရောက်နေသည့်ဖိအားများကြောင့် ဒေါသထွက်လာကာ လက်လျှော့လိုစိတ်မရှိပေ။
ခေါင်းဆောင်ကြီးအတုမဲ့က ပိုင်ရှောင်ချန်းကို အေးစက်စက်ကြည့်ပြီး ဘာမှမပြောပေ။ သို့သော်လည်း သူဘာမှမပြောသည်မှာကြာလာသည်နှင့်အမျှ ဖိအားတို့လည်းပို၍သက်ရောက်လာ၏။ ပိုင်ရှောင်ချန်းမှာ တုန်ရီလာတော့သည့်နောက်ဆုံး ဟိန်းဟောက်လိုက်သဖြင့် သွေးချီစီးကြောင်းများ ပေါ်ထွက်လာတော့သည်။ ထိုသည်က သွေးဘိုးဘေးကြီးထံမှ သွေးချီများ ဖြစ်ပြီး ၄င်းကပိုင်ရှောင်ချန်းနှင့်ပေါင်းစပ်သွားသောအခါ သူ၏စွမ်းအင်တို့မှာ ပို၍ပင်အားကြီးလာလေသည်။ ၄င်းက ခေါင်းဆောင်ကြီးအတုမဲ့နှင့် တစ်ဆင့်တည်းဖြစ်သည်အထိ မြင့်သထက်မြင့်လာတော့သည်။
ရွှယ်မေ့က ပိုင်ရှောင်ချန်းနှင့် သူမဖခင်ကို ကြည့်ပြီး ရင်တုန်လာသည်။ သူမဖခင်၏မျက်လုံးထဲတွင် သူမသတိထားမိသည့်ထူးဆန်းသောအလင်းတစ်ခုရှိလေသည်။ ထိုအလင်းပေါ်လာလျှင် သူကြည့်နေသည့်လူက အလွန်တရာအရေးပါသည်ဟု ဆိုလိုလေသည်။
” ငါ့မှာ သမီးတစ်ယောက်ပဲရှိတာ….ဒါက သူပဲ ” ခေါင်းဆောင်ကြီးအတုမဲ့က သူ၏အင်္ကျီလက်ကိုခါလိုက်ကာ သူ၏ကိုယ်ပိုင်စွမ်းအားတို့ကို ပျောက်ကွယ်သွားစေလိုက်သည်။
ခေါင်းဆောင်ကြီး၏စကားလုံးတို့ကြောင့် ပိုင်ရှောင်ချန်း၏မျက်နှာမှာ သွေးဆုတ်သွားသည်။ သို့သော်လည်း သူက လက်မလျှော့သေးပဲ ပြော၏။ “နှလုံးခန်းမှာတုန်းက ရွှယ်မေ့မျက်နှာကို ကျုပ်မြင်ခဲ့ဖူးတယ်..သူမက ဒီလိုပုံမဟုတ်ဘူး”
“ငါ့သမီးမျက်နှာကို နီးနီးကပ်ကပ်ကြည့်လိုက်စမ်းပါ” ခေါင်းဆောင်ကြီးအတုမဲ့ကပြောသည်။ သူက အေးဆေးတည်ငြိမ်စွာပြောသော်လည်း ထိုအသံက အငြင်းပွားမှုများကို သည်းမခံနိုင်တော့ကြောင်းသိသာလေသည်။၄င်းက ပိုင်ရှောင်ချန်းစိတ်ထဲတွင် ကောင်းကင်ဘုံမှလာသောမိုးကြိုးအလား ရိုက်ခတ်သွား၏။
ရင်တဒိန်းဒိန်းခုန်ရင်း ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ရွှယ်မေ့ကို အနီးကပ်ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းဆောင်ကြီးအတုမဲ့ကို ကြည့်ပြန်သည်။ နောက်ဆုံးတွင်တော့ သူကနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ စိတ်ရှုပ်သွားသည့်အကြည့်က သူ့မျက်နှာပေါ်တွင်ပေါ်လာတော့သည်။
ခေါင်းဆောင်ကြီးအတုမဲ့နှင့် ရွှယ်မေ့၏ မျက်နှာအသွင်အပြင်မှာ လွန်စွာတူလေသည်။ ကျင့်ကြံသူတို့ထက်ပင် စူးရှထက်မြက်သော အာရုံအသိစိတ်နည်းပါးသည့် သာမန်လူသားတို့ပင်လျှင် သတိထားမိနိုင်သည်။ သိသာထင်ရှားစွာပင် သူတို့က သားအဖပင်။
ပိုင်ရှောင်ချန်း၏မျက်နှာပေါ်ရှိ အကြည့်မှာ ပို၍ ငေးကြောင်ကြောင်ဖြစ်လာတော့သည်။ သူက တုလင်ဖေးမည်သည့်ပုံရှိသည်ကိုပြန်တွေးပြီးနောက် ခေါင်းဆောင်ကြီးအတုမဲ့နှင့် နှိုင်းယှဥ်ကြည့်ပြီး သူတို့နှစ်ယောက်တွင် တစ်နေရာမှ မတူကြောင်း သတိပြုမိလိုက်လေသည်။
“ဒါဆိုရင်….ငါနှလုံးခန်းမှာမြင်ခဲ့တာ ဘယ်သူလဲ”
သူသည် ကိုယ်ထိလက်ရောက်ရိုက်ခံလိုက်ရသည့်အလား နောက်သို့ ယိမ်းထိုးသွားတော့သည်။ ဖြစ်ပျက်နေသမျှအား သူအလွယ်တကူမယုံနိုင်ပေ။ သူမှတ်မိခဲ့သည်အရာတို့မှာ မှားယွင်းနေသည်လားဟုပင် ရုတ်တရက် ထင်မြင်လာတော့သည်။
အကယ်၍ သူ့အရှေ့ရှိ မိန်းမပျိုက ရွှယ်မေ့အစစ်ဖြစ်လျှင် နှလုံးခန်းထဲ၌ တုလင်ဖေးကို မည်သည့်အတွက်ကြောင့်မြင်ခဲ့ရသနည်း။ တုလင်ဖေးက အမှန်တကယ်တွင် မည်သူနည်း။
ပိုင်ရှောင်ချန်းက သွေးသခင်နတ်မီးလျှံစမ်းသပ်ပွဲတွင် ဖြစ်ပွားခဲ့သည့် အရာအားလုံးကို ခါးခါးသီးသီးပြန်လည်အမှတ်ရလာ၏ သွေးမြေရိုင်းတွင်ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်တို့အား တဖြည်းဖြည်း ပြန်တွေးလိုက်သည်တွင် သူ့မှာတုန်ရီလာတော့သည်။ တည်နေရာမရွှေ့ပြောင်းခင်စပ်ကြားတွင် သူကရွှယ်မေ့၏လက်ပေါ်ရှိ ဒဏ်ရာကိုမြင်ခဲ့ကြောင်း အမှတ်ရလိုက်ပြီး သူမျက်နှာဖုံးနောက်ကွယ်မှ သွေးများ စီးကျလာနေခဲ့သည်ကိုလည်း သတိရလိုက်သည်။ သိသာထင်ရှားစွာပင် သူမက ထိခိုက်ဒဏ်ရာရခဲ့သည်။
သို့သော်လည်း ဥမင်နောက်ဖက်သို့သူတို့ရောက်သည်နှင့် ရွှယ်မေ့၏ဒဏ်ရာက ပျောက်ကွယ်သွားခဲ့ပြီး သူမ၏ မျက်နှာပေါ်တွင် သွေးတစ်စက်မှ မရှိပေ။ အမှန်ပင် သူမ၏ ဒဏ်ရာဒဏ်ချက်များအားလုံးက ပြန်လည်ကုသပြီးဖြစ်သွားခဲ့သည်။
ထို့နောက်တွင် သူက သူမကိုယ်သူမကုသရန် အထူးပညာရပ်များအားသုံးခဲ့သည်ဟု ယူဆခဲ့လိုက်ပြီး ထိုအခြေအနေကိုသိပ်အာရုံမထားခဲ့ပေ။ သို့သော် ယခုတွင် အဖြစ်အပျက်တစ်ခုလုံးနှင့်ပတ်သက်ပြီး တစ်ခုခုကအလွန်ထူးဆန်းနေကြောင်း သူသတိပြုမိလိုက်လေသည်။
ရင်တဒိန်းဒိန်းခုန်လျက် သူက ရွှယ်မေ့လက်ကိုကြည့်လိုက်ပြီးနောက် တုန်ရီသွားတော့သည်။ သူမလက်ပေါ်တွင် လူတိုင်းပြတ်ပြတ်သားသားမြင်နိုင်သည့် အမာရွတ်တစ်ခုရှိနေလေသည်။
ထိုအမာရွတ်မြင်ကွင်းကြောင့် မယုံကြည်နိုင်ဖွယ်အံ့သြရိပ်လှိုင်းများက ပိုင်ရှောင်ချန်း၏နှလုံးကို အဆက်မပြတ်ရိုက်ခတ်သွားသည်။
ထိုအခိုက်တွင် ခေါင်းဆောင်ကြီးအတုမဲ့၏ မျက်နှာက သုန်မှုန်လာပြီး သူက ဖြေးညင်းစွာပြောလိုက်သည်။ “ဒီတော့. မင်း.. ထူးဆန်းတဲ့ လူတစ်ယောက်ကို မြင်ခဲ့တဲ့ပုံပဲ “