ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ လွန်ခဲ့သောနှစ်များမှ ယခုအချိန်ထိ သူ၏အင်္ကျီလက်ခါရင်း တစ်ကိုယ်တော်ကြုံးဝါးခြင်းက ကြီးကြီးကျယ်ကျယ်ဂုဏ်ယူခြင်းများအနက်မှ တစ်ခု အမြဲဖြစ်ခဲ့သည်။ ယခုမတိုင်ခင်အထိ မည်သူကမှ သူ့ကို ဝင်မစွက်ဖက်ခဲ့ပေ။ မျက်လုံးများပြူးပြီး သူက အိတ်ထဲမှ ခေါင်းပြူထွက်နေသော အစိမ်းရောင်လိပ်ကလေးကို ငုံ့ကြည့်လိုက်သည်။
“ချီး… မင်း ငါ့အိတ်ထဲမှာ ရှိနေသေးတာလား”
လိပ်ကို ဖမ်းရန် လက်လှမ်းလိုက်လျှင် လိပ်က မျက်လုံးကစားကာ အတွင်းထဲခေါင်းပြန်သွင်းလိုက်ပြီး ပျောက်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ ဒေါသူပုန်ထနေလေသည်။ လိပ်ကလေးက သူအတွက်တော့ ဒုက္ခအိုးတစ်ခုပင်။ ၄င်းက ရွှေရောင်မိကျောင်းကြီးအား မည်ကဲ့သို့ ရန်စခဲ့ကြောင်းကိုပြန်တွေးလိုက်သည့်အချိန်တိုင်း သူ့မှာခေါင်းကိုက်လာတော့သည်။
သို့သော်လည်း ဒေါသများပွက်ပွက်ဆူနေစေကာမူ လိပ်ကို မည်သို့မျှ မတွေ့တော့ပေ။ အံတင်းတင်းကြိတ်ရင်း သူ၏ အိတ်အသစ်တစ်ခုသုံးရန် ဆုံးဖြတ်လိုက်သည်။ အထဲရှိပစ္စည်းများအားရွှေ့ပြောင်းပြီးနောက် သူက အဟောင်းအိတ်ကို မြို့ပြင်တွင်လွှင့်ပစ်ခဲ့လေသည်။
“မင်းက အင်မတန်တော်နေတယ်ဆိုရင်လဲ ” သူကပြောသည်။
” ဒီအိတ်ထဲကနေ ခေါင်းထွက်လာနိုင်မလား ကြည့်ကြသေးတာပေါ့ ”
ထိုစကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် အိတ်အသစ်ထဲမှ လိပ်ကလေး၏ခေါင်းလေးပြူထွက်လာပြီး ပိုင်ရှောင်ချန်းကို မထီမဲ့မြင်ပြုလျက်ကြည့်လာသည်။
” မင်းက လိပ်ကိုယ်တော်ကို အိမ်အသစ်ပေးထားတော့ ငါအတူတူလိုက်ဆော့ပေးပါ့မယ်ကွာ ။ ရှေ့လျှောက် ဆုသာ တောင်းထားတော့ ”
ပိုင်ရှောင်ချန်းမှာ ငိုချင်လာတော့သည်။ အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းချလိုက်ပြီး ထိုလိပ်ကလေးနှင့်ပတ်သက်ပြီး မည်သို့မှမလုပ်နိုင်ကြောင်းကို ကြိတ်မှိတ်လက်ခံလိုက်တော့သည်။ ထို့နောက် မြို့ထဲဝင်ရောက်ပြီး ဆန်းကြယ်နတ်ရေစဉ်ဂိုဏ်းကျင့်ကြံသူများအား ဖမ်းဆီးနေကြသည့် စိတ်စွမ်းအင်နှင့်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတို့အား စိတ်ညစ်ညစ်နှင့် ကြည့်လိုက်သည်။
မျောက်နှင့် ယုန်ကိုမူ ပိုင်ရှောင်ချန်းက အတော်ကြာကြာလှည့်ပတ်ကြည့်ရှုလိုက်သော်လည်း မည်သည့်နေရာသို့ ရောက်သွားမှန်း အစအနပင်မကျန်ခဲ့ပေ။ မြို့ကြီးပြိုကျပျက်စီးသွားသည်တွင် ဘရူဆာပင် ပျောက်သွားခဲ့သည်။
” ငါက မျောက်နဲ့ ယုန်ကို ဖန်တီးခဲ့တဲ့ကောင်ပါကွာ ”
သူက ဝမ်းနည်းပက်လက်တွေးလိုက်သည်။ ၄င်းက ဆန်းကြယ်သောအခြေအနေတစ်ခုဖြစ်ပြီး ရုတ်တရက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ အခြားတိရစ္ဆာန်ငယ်လေးများအကြောင်းပြန်တွေးမိလေသည်။
မကြာမီ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏လက်ကျန်လူများက အခြားတစ်ဖက်မှ ဝင်ရောက်စီးနင်းလာကြသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းအတွင်း ဝင်ရောက်သွားသည့် တစ်ဂိုဏ်းတည်းသားတို့အား ကြည့်လိုက်ကြသည်တွင် ရောနှောနေသော ခံစားချက်များကိုမြင်ရလေသည်။ တချိန်တည်းမှာပင် သူတို့၏ကိုယ်ပိုင်ဂိုဏ်းကို မဟာမိတ်အဖြစ် ဝင်ရောက်ပူးပေါင်းလိုက်ကြသဖြင့် သူတို့က စိတ်စွမ်းအင်နှင့်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ညွှန်ကြားချက်များကို လိုက်နာကြတော့သည်။
ပိုင်ရှောင်ချန်းက ဘာတစ်ခုမှ ကူညီစရာမလိုပေ။ သူက တက်ကြွ၍ စိတ်အားထက်သန်နေသော စိတ်စွမ်းအင်နှင့်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူတို့က အားပေးကြွေးကြော်ကာ အလုပ်လုပ်နေကြသည်ကို အေးအေးဆေးဆေးထိုင်ကြည့်နေသည်။ ယခုတွင် စစ်ပွဲကြီးပြီးဆုံးသွားပြီး အရှေ့ဘက်သစ်တောအောက်ပိုင်းဒေသရှိကျင့်ကြံခြင်းကမ္ဘာမှာ အမှန်စင်စစ်ပေါင်းစည်းသွားခဲ့ပြီဟုပြောနိုင်လေသည်။
အောက်ပိုင်းဒေသအင်အားတောင့်တင်းရန်အတွက် အချိန်အနည်းငယ်စောင့်ပြီး ကုံမြစ်ဂိုဏ်းခွဲကို စိန်ခေါ်ရန်သာလိုတော့သည်။
ပိုင်ရှောင်ချန်းက တိုက်ပွဲတွင် လူများအာရုံစိုက်ရာဖြစ်ခဲ့ပြီး သူက စိတ်စွမ်းအင်နှင့်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့အတွက် ထွန်းလင်း တောက်ပနေသော နေမင်းကြီးအလားပင်။ လူတိုင်းက သူ့ကို ရိုသေလေးစားချစ်မြတ်နိုးခြင်းတို့ဖြင့် ကြည့်နေကြသည်။ အမျိုးသမီးဂိုဏ်းဝင်များ၏မျက်လုံးများထဲတွင် ချစ်မြတ်နိုးသော အရိပ်အယောင်များ တဖျပ်ဖျပ်လက်နေပြီး ပိုင်ရှောင်ချန်းကို ကြည့်နေကြလေသည်။ သူက လိပ်ကိစ္စကိုဘေးဖယ်ထားလိုက်ပြီး ထိုအခိုက်အတန့်ကို တစိမ့်စိမ့်အရသာခံနေတော့သည်။ ဝါရင့်ဂိုဏ်းသားတစ်ယောက်၏ပုံစံဖမ်းကာ မြို့တော်ကိုပတ်လေတော့သည်။
သူသိသည့်ကျင့်ကြံသူများနှင့် အမှတ်တမဲ့ဆုံတိုင်း သူက ပြုံးတုံ့ပြုံးတုံ့လုပ်ကာ ခေါင်းညိတ်သည်။ သူကျော်သွားလျှင်
” ခေါင်းဆောင်ငယ်ကို… ဂါဝရပြုပါတယ်” ဟူသည့် အဆုံးမရှိဟစ်အော်သံတို့ကိုကြားရလေသည်။
နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက သူတစ်ယောက်သာ စစ်ပွဲအတွင်းအလွန်တရာနာမည်ကြီးသည့်လူမဟုတ်ကြောင်း သိလာရသောအခါ မကျေမနပ်ဖြစ်လာတော့သည်။ လူတိုင်း ပြောနေသည့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ လူတစ်ယောက်ရှိလေသည်။
သူမက နတ်မိမယ် ချင်မေ့ယွမ်မှလွဲ၍တခြားမဟုတ်ပေ။
သူမ၌ စွမ်းအားကြီးကျင့်ကြံခြင်းအခြေခံရှိပြီး စစ်နည်းဗျူဟာနှင့် စစ်ပရိယာယ်နှစ်ခုလုံးတွင် ကျွမ်းကျင်သော်လည်း လူအများစု သတိထားမိသည်ကတော့ သူမ၏ ပြစ်မျိုးမှဲ့မထင်အလှပင်။ သူမဝတ်ဆင်ထားသည့် တစ်ဝက်ပေါ်နေသော ဇာပါးလေးကြောင့် သူမ၏အလှတရားစစ်စစ်ကို မပြောနိုင်ပေ။ သို့သော်လည်း သို့တိုင်အောင် မရေမတွက်နိုင်သောလူများက သူမကို ရင်တဒိန်းဒိန်းခုန်လျက်ကြည့်နေကြသည်။
ထိုအခိုက်တွင် ပိုင်ရှောင်ချန်းက လှမ်းကြည့်ကာ သူမ၏ဘေးပတ်လည်၌ တိုးဝှေ့နေကြသည့် လူအုပ်ကြီးကို မြင်သောအခါ စိတ်ပျက်သွားလေသည်။ ရုတ်တရက် သူမက ရေတမျှအေးစက်သော မျက်ဝန်းတို့ဖြင့် သူ့ကိုလှမ်းကြည့်လိုက်သည်။
သူ့ကိုကြည့်လိုက်သည့်အကြည့်ကြောင့် ပို၍ပင်စိတ်ပျက်သွားတော့သည်။
“သူရဲ့ကျင့်ကြံခြင်းအခြေခံက ငါ့လောက်တောင် မဆန်းဘူး.. သူ့အဆင့်ကလဲ ငါ့လောက်တောင်မမြင့်ပါဘူးဟ။ သူရဲ့နည်းလမ်းတွေကလည်း တိုင်းနေစရာကိုမလိုတာ..။ နောက်ခံကလည်း ငါ့ကို မယှဉ်နိုင်ဘူးလေ။ ဘာတွေများ အံ့သြစရာကောင်းနေလို့တုန်း” တွေးတောပြီးနောက် သူမက သူကဲ့သို့ ကြည့်မကောင်းဟုပင် အခိုင်အမာယုံကြည်လာတော့သည်။ သူက မျက်လုံးပြူး၍ စိုက်ကြည့်လိုက်သည်တွင် သူမက အကြည့်လွှဲသွားလေသည်။ ရယ်ရယ်မောမောစကားပြောလျက် ကျင့်ကြံသူအုပ်စုအားဦးဆောင်ထွက်သွားတော့သည်။
ပိုင်ရှောင်ချန်းက အေးစက်စက်နှာမှုတ်လိုက်လေသည်။ ညနေစောင်းလာသည့်အချိန်တွင် သူက သူ၏မိတ်ဆွေရောင်းရင်းများဖြစ်သော ရွှီပေါက်ချိုင်၊ ဖက်တီးကြီးကျန်း၊ ဟိုယွင်ဖေးနှင့် အမှတ်သုံးဖက်တီးဟီတို့အကြောင်းကို မေးလာ၏။ အချို့က ဒဏ်ရာရကြပြီး အချို့က ပေါက်ကွဲမှုကြောင့်ထိခိုက်သွားကြသော်လည်း တစ်ဦးမှ မသေကြောင်းသိရလေသည်။ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်ရင်း သူက မန္တန်အစီအရင်အမျိုးမျိုးတွင် သူ့ရောင်ရင်းတို့နှင့် အတူရှိခဲ့သည့် အခြားဂိုဏ်းသားအားလုံးအား ကျေးဇူးတင်စကားပြောလိုက်သည်။
ပိုင်ရှောင်ချန်းက လိုအပ်လျှင် အကင်းပါးသောလူတစ်ယောက်ဖြစ်လာပြီး စစ်အတွင်း သူ၏မိတ်ဆွေရောင်ရင်းများအသက်ဘေးကင်းသည့် အကြောင်းပြချက်မှာ သူ့အတွက် သူတို့ကို စောင့်ကြည့်ပေးနေကြသည့် လူများကြောင့်ဖြစ်ကြောင်း ကောင်းကောင်းသိလေသည်။
မန္တန်အစီအရင်အမျိုးမျိုးရှိ အခြားဂိုဏ်းသားတို့မှာ သူ၏ ကျေးဇူးတင်ခြင်းအပြုအမူကြောင့်စိတ်လှုပ်ရှားသွားကြပြီး သူ့အပေါ်ရိုသေလေးစားမှုများတိုးပွားလာတော့သည်။
နောက်ဆုံးတွင် သူက ဂိုဏ်းနှစ်ဂိုဏ်း၏ ဂိုဏ်းစောင့်အကြီးအကဲအချို့က တိုက်ပွဲတွင် မည်မျှလူမဆန်ကာရက်စက်ခဲ့ကြောင်းတွေးပြီး သက်ပြင်းချနေကြသည်ကို တွေ့လိုက်ရသည်။ ပိုင်ရှောင်ချန်းရောက်လာသောအခါ သူတို့မှာ ပြုံးလာကြပြီး စကားစမြည်ပြောလာကြသည်။ အာလာပသလ္လာပပြောပြီးနောက် သူက ရွှယ်မေ့ကို မည်သည့်နေရာသို့ခေါ်သွားကြောင်းမေးလိုက်သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်က သိနေသည်ဆိုသောအကြည့်ဖြင့် မျက်စပစ်ပြလိုက်ပြီး ပြော၏။
” တိုက်ပွဲမှာ ရွှယ်မေ့က ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာလေ။ ပြန်သက်သာလာမှာဆိုပေမယ့်လည်း တံခါးပိတ်ကျင့်ဖို့လိုသေးတယ်။ သူက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အရေးပါတဲ့ဂိုဏ်းဝင်မလို့ အပျက်အစီးအနည်းဆုံး မြို့ရဲ့ အရှေ့ဖက်ခြမ်းမှာ သေချာပေါက်ရှိလိမ့်မယ်။ အဲဒီကိုသွားလိုက်.. သူ့ကိုရှာလို့ရလိမ့်မယ်”
ရွှယ်မေ့၏တည်နေရာကို အတည်ပြုရင်း ပိုင်ရှောင်ချန်းက လည်ချောင်းရှင်းကာ ထွက်မသွားခင် အလုပ်မရှိအကိုင်အရှိဆက်လေပန်းလိုက်ပြီးမှ မြို့၏ အရှေ့ဖက်ခြမ်းကို ဦးတည်လိုက်သည်။
လမ်းတစ်လျှောက် သူက စိတ်စွမ်းအင်နှင့်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့က မြို့၏ကျန်လူများအား ထိန်းချုပ်နေကြသည်ကို ကြည့်ပြီး ကျေနပ်နေလေသည်။ ထိုအကြောင်းတွေးလေလေ လောချိန်တောင်တန်းတုန်းက သူ၏ဆုံးဖြတ်ချက်မှန်ခဲ့ကြောင်း သဘောပေါက်လာတော့သည်။
စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ အချင်းချင်းသင့်မြတ်လာကြသည်ကိုပင်တွေ့နေရလေပြီ။ ပိုင်ရှောင်ချန်းက အလွန်ပင်ပီတိဖြစ်နေတော့သည်။ နောက်ဆုံးတွင် သူက ဆန်းကြယ်နတ်ရေစဉ်ဂိုဏ်း၏ ရတနာသိုလှာင်ရုံတည်ရှိသော မြို့၏အလယ်ဗဟိုသို့ရောက်လာ၏။ ကောင်းကင်မှာမှောင်မိုက်နေသော်လည်း ထိုနေရာတွင် ကျင့်ကြံသူအမြောက်အမြားရှိနေကြပြီး ရတနာတို့အား ရှင်းလင်းရင်း အလုပ်ရှုပ်နေကြသည်။ ရုတ်တရက် ပိုင်ရှောင်ချန်း၏မျက်နှာအမူအရာပြောင်းသွား၏။
” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာရှိတဲ့ သန့်ရှင်းသော ဆေးနံရံကျိုးကြီးကို ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကနေ လုယက်ခဲ့တာလို့ ကြားခဲ့တာမှတ်မိသေးတယ်။ ဖြစ်နိုင်တာကော့ နောက်တစ်ခြမ်းက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာကျန်ခဲ့လောက်တယ်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းက သိမ်းပိုက်ထားတာဆိုတော့… အဲ့ဆေးနံရံကျိုးက ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းရဲ့ ရတနာသိုလှောင်ရုံမှာရှိမလားပဲ…. ” သူ၏အတွေးစများမှာထိုအချက်ကိုစဥ်းစားမိလိုက်သောအခါ ရတနာသိုလှောင်ရုံကိုရှင်းလင်းရန် တာဝန်ကျသည့်ဂိုဏ်းသားကိုရှာတော့သည်။
အကယ်၍ အခြားလူတစ်ယောက်ကသာထိုအကြောင်းကိုမေးပါက ချက်ချင်းပင်ဖြတ်ရိုက်ခံရလိမ့်မည် ။ သို့သော် ပိုင်ရှောင်ချန်းက မတူပေ။ တာဝန်ကျဂိုဏ်းသားက ခေါင်းညိတ်ပြီး ပိုင်ရှောင်ချန်းကို ဆေးနံရံကျိုးအားကူမရှာပေးခင် တခဏမျှသာချီတုံချတုံဖြစ်သွားခဲ့သည်။ သူက သိုလှောင်ရုံကိုပင် လိုက်လံပို့ဆောင်ပေးပြီး ကိုယ်တိုင်ကိုယ်ကျ ဆေးနံရံကျိုးကြီးအား လက်ထဲထည့်ပေးလေသည်။
တစ်ခုတည်းသောသတ်မှတ်ချက်မှာ ပိုင်ရှောင်ချန်းက ဆေးနံရံကျိုးကြီးအားယူသွားပြီဖြစ်ကြောင်း မှတ်တမ်းရေးရန်ပင်ဖြစ်သည်။ ပိုင်ရှောင်ချန်းက ထိုကိစ္စကို အသာတကြည်လက်ခံလေသည်။ စိတ်လှုပ်ရှားစွာနှင့် ဆေးနံရံအကျိုးအပဲ့ကြီးအားလက်ခံယူကာ ၄င်းကိုစတင်လေ့လာတော့သည်။
သူ နစ်မြောမသွားသော်လည်း အပေါ်ယံလေ့လာခြင်းသာလုပ်လိုက်သည်။ ချက်ချင်းပင် သူက ထိုဆေးနံရံကျိုးကြီးက ဆေးတာအိုပညာရပ်ရှိ သူ၏ကျွမ်းကျင်မှုကို ရုတ်ခြည်း အဆင့်မြှင့်ရာတွင်ကူညီနိုင်ကြောင်းပြောနိုင်လေသည်။
“နောက်ဆုံးတော့ အဏ္ဏဝါဆေးလုံးတွေကို ငါဖော်နိုင်တော့မှာလား ” ခေါင်းခါလိုက်ရင်း သူက ဆေးနံရံကျိုးကြီးကိုဘေးပို့လိုက်ကာ တာဝန်ကျဂိုဏ်းသားကို လေးလေးနက်နက်အရိုအသေပေးလိုက်ပြီးနောက် မြို့ရှေ့ဘက်ခြမ်းသို့ ဆက်သွားလေသည်။
သူရောက်သည့်အချိန်တွင် လမင်းကြီးက ကောင်းကင်ယံတွင် အတော်မြင့်မြင့်ရောက်နေလေပြီ။ မြို့တော်၏ဤအပိုင်းမှာ အခြားအပိုင်းများကဲ့သို့ အထိအခိုက်မများဘဲ ပို၍တိတ်ဆိတ်လေသည်။ ရံဖန်ရံခါကျင့်ကြံသူများကိုသာတွေ့ရပြီး အများစုက ကင်းစောင့်နေကြလေသည်။ ပိုင်ရှောင်ချန်းကိုမြင်လိုက်ရသည့်သူတို့ထဲမှ မည်သူဆို လက်ယှက်၍နှုတ်ဆက်လိုက်ကြသည်။
လျှောက်မေးပြီးနောက် ပိုင်ရှောင်ချန်းက ရွှယ်မေ့နေသည့်နေရာကို သိလာ၏။ သူ့နှလုံးမှာ တဒိန်းဒိန်းနှင့်ရင်ခုန်သံမြန်လာလေပြီ။ တွေဝေတုံ့ဆိုင်းမနေပဲ သူက ထိုနေရာကို ဦးတည်လိုက်ပြီး မကြာမီမှာပင် စိတ်စွမ်းအင်ဗိမာန်အလား နေအိမ်အမျိုးအစားတစ်ခုရှေ့သို့ရောက်သွား၏။
၄င်းက သိပ်မကြီးသော်လည်း တလက်လက်တောက်ပနေသော မန္တန်အစီအရင်များဖြင့် ဝန်းရံထားသည်။ သူတို့ထဲမှ အချို့မှာ ထိုနေရာရှိသွေးချီတို့ကို စုပ်ယူကာ စိတ်စွမ်းအင်ဘုံဗိမာန်အတွင်းရှိ ကျင့်ကြံသူကို အလျင်အမြန်ကုသပေးသည့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအစီအရင်များဖြစ်သည်။
တံခါးရှေ့တွင် ရပ်ရင်း ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်း ရှူလိုက်လေသည်။ တုလင်ဖေးကိုမေးချင်သည့်အရာများစွာရှိသည့်တိုင်အောင် ရုတ်တရက် သူ ချီတုံချတုံဖြစ်လာသည်။
တခဏမျှတွေးပြီးနောက် သူကတည်ငြိမ်စွာရယ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ်ကွာ.. ” သူကတွေးလိုက်သည်။
“သူကငါရဲ့ တုတုလေးလေ..။အရင်ကတော့ ငါတို့က ရန်သူတွေ အခုတော့.. ဂိုဏ်းနှစ်ဂိုဏ်းကလည်း တစ်ခုတည်းဖြစ်ပြီပဲ” ထိုအတွေးများသူ့စိတ်ထဲပေါ်လာပြီးနောက် သူက ရှေ့သို့ခြေလှမ်းလိုက်ပြီး တံခါးဘက်သို့ လက်လှမ်းလိုက်သည်။
စိတ်စွမ်းအင်ဗိမာန်ထဲသို့ စွမ်းအားများထည့်လိုက်သောကြောင့် ထစ်ခြုန်းသံတိုးတိုးလေးများကြားလိုက်ရသည်။သူက တစ်ခုခုပြောရန်ပြင်လိုက်ဆဲမှာပင် တံခါးပွင့်သွားလေသည်။ ထို့နောက် ထုံးစံအတိုင်းမျက်နှာဖုံးဖြင့် ရွှယ်မေ့ပေါ်လာ၏။ သူ့ကို တခဏမျှ ကြည့်ပြီးနောက် သူမက နူးညံ့ပျော့ပျောင်းစွာပြောလေသည်။
” တုရွှယ်မေ့.. သွေးသခင်ကို နှုတ်ဆက်ပါတယ် “