Switch Mode

အခန်း ( ၃၀၉ )

ဆန်းကြယ်နတ်ရေစင်ဂိုဏ်း ကျဆုံးခန်း

” ဆန်းကြယ်နတ်ရေစင်ဂိုဏ်း အညံ့ခံမလား ” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အဓိကခေါင်းဆောင်ကြီး၏ စကားသံတို့က အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားသည်။ တစ်ဆက်တည်းမှာပင် အမိန့်များက ဂိုဏ်းသားတို့ထံ ရောက်ရှိလာ၏။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အပြင်စည်းဂိုဏ်းသားအားဖြင့်ခိုင်းစေထားသော ဘီလူးတို့က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အပြင်စည်းဂိုဏ်းသားတို့၏ ဧရာမသွေးစက်လုံးများဖြင့် ပူးပေါင်း၍ မန္တန်အစီအရင်ကြီးအား အဆက်မပြတ် ထုနှက်နေကြသည်။

ဤပထမအကြိမ်အဓိကတိုက်ခိုက်မှုကြောင့် တဝုန်းဝုန်းပေါက်ကွဲသံလှိုင်းတို့ပျံ့နှံ့လာတော့သည်။ ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်း၏မြို့တော်အတွင်းရှိ ကျင့်ကြံသူအပေါင်းမှာ မန္တန်အစီအရင်ကြီးအား ဆက်လက်အားဖြည့်ပေးရာတွင် ခက်ခဲလာကြပြီး ကြောက်ဒူးတုန်လာကြလေသည်။ ထိုသည်မှာ အပြင်စည်းဂိုဏ်းသားတို့၏ တိုက်ခိုက်မှုသာရှိသေးသည်။ အကြိမ်ရေများလာသည်နှင့်အမျှ ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအခြေခံတို့မှာ ပရမ်းပတာဖြစ်လာကြတော့သည်။

တချိန်တည်းမှာပင် အပြင်စည်းဂိုဏ်းသားတို့ တခဲနက် အော်ဟစ်လိုက်ကြသည်။ “ဆန်းကြယ်နတ်ရေစင်ဂိုဏ်း အညံ့ခံမလား”

သူတို့အသံများက မိုးကြိုးအလား ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူတို့၏ စိတ်နှလုံးအား တုန်လှုန်သွားစေလေသည်။ သူတို့မှာပြန်လည်သက်သာရန် အသက်ရှူလေ့ကျင့်ခန်းအချို့ပင် မလုပ်နိုင်လိုက်ခင် သန့်စင်ပြီးရုပ်အလောင်းများ၊ ဂါဂိုလီများ၊ စစ်ရထားများနှင့် တိုက်ပွဲဝင်သားရဲများပါဝင်သည့် လှိုင်းလုံးကြီးက ဒုတိယအကြိမ်တိုက်ခိုက်ရန် အရှေ့သို့ချီတက်လာကြတော့သည်။

ထိုတိုက်ခိုက်မှုက စောစောကတိုက်ခိုက်သည်ထက်ပင် ပို၍ အားပြင်းပြီး အလွန်ကြီးမားသော ဖိအားများကို ထုတ်လွှတ်နေသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူတို့မှာ သူတို့၏ ကျင့်ကြံခြင်းအခြေခံများ အပိုင်းပိုင်းစုတ်ဖြဲခံလိုက်ရသည့်အလား ခံစားလိုက်ရလေသည်။ ခေါင်းဆောင်ကြီးများပင် ပါဝင်၏။ ဂိုဏ်းနှစ်ဂိုဏ်းပေါင်းအဆင့်မြှင့်ထားသည့် ထိုတိုက်ခိုက်မှုများမှာ ရှေ့ဆက်ပို၍အားကြီးလာမည်သာ ဖြစ်ကြောင်း လူတိုင်းကောင်းကောင်းသိလေသည်။

သူတို့တုံ့ပြန်ရန်အချိန်ပင်မရလိုက်မီ ဒုတိယတိုက်ခိုက်မှုပြီးသည်နှင့်တပြိုင်နက် အတွင်းစည်းဂိုဏ်းသားတို့က တတိယအကြိမ် တိုက်ခိုက်လိုက်ကြသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မန္တန်အစီအရင်လက်ကွက်များနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကျိုင်းကောင်မှော်ပညာတို့က မန္တန်အစီအရင်ကို ချွန်ထက်သောဓားကြီးက ခုတ်ပိုင်းလိုက်သည့်အလား အတူတကွပေါင်းစည်းလျက် ထွက်ပေါ်လာသည်။

“ဆန်းကြယ်နတ်ရေစင်ဂိုဏ်း အညံ့ခံမလား”

သူတို့၏ အော်သံတို့ကြောင့် တစ်မြို့လုံးတုန်ခါလာတော့သည်။ မန္တန်အစီအရင်ဒိုင်းအကာအကွယ်မှာ ပဲ့ရွဲ့သွားပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူတို့မှာ ပြင်းပြင်းထန်ထန်ထိတ်လန့်နေကြလေသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံတို့သည်လည်း ထပ်သုံး၍မရတော့ပေ။ သုံးကြိမ်မြောက်တိုက်ခိုက်မှုက စောစောက တိုက်ခိုက်လာခဲ့သည်များထက် ပို၍ပင် အားကြီးပြီး အစီအရင်အတွင်းရှိ ကျင့်ကြံသူများမှာ သွေးဆုတ်ဖြူရော်ကာ တဖြည်းဖြည်း နုံးချိလာသည်။

သူတို့ အားပြန်ပြည့်ရန်အတွက် အနားယူရန်တစ်စက္ကန်လေးမှပင် အခွင့်မသာခဲ့ပေ။ အခြေအနေတို့က ဤမျှနှင့် မပြီးသေးချေ။ နောက်တွင် စိတ်စွမ်းအင်နတ်ရေဂိုဏ်း၏ တောင်နှင့်မြောက်ခြမ်းရှိ တောင်ခုနစ်လုံးမှ လက်ရွေးစင်များနှင့် တောင်ထိပ်အကြီးအကဲတို့က ဧရာမမန္တန်အစီအရင်ဘီလူးကြီးများပုံစံဖြင့် တိုက်ကြလေသည်။ သူတို့ဘေးဘက်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ထိပ်လေးလုံးမှ လူများရှိကြသည်။ လေးကြိမ်မြောက် စွမ်းအားပြင်းတိုက်ခိုက်မှု။

ဤတိုက်ခိုက်မှုက ပထမသုံးခုနှင့် လုံးဝကွာခြားလေသည်။ ၄င်းက သေတော့မည့်လူတစ်ယောက်၏ နှလုံးသားကို ဓားမြှောင်ဖြင့် ထိုးစိုက်နေသည့်အလားပင်။မန္တန်အစီအရင်မှာ တုန်ခါသွားပြီး ၄င်းကို အတွင်းမှ ထောက်ပံ့ပေးနေသည့် ကျင့်ကြံသူများအားလုံး သွေးပွက်ပွက်အန်ကုန်ကြသည်။ သူတို့အတွက် မန္တန်အစီအရင်ရှုံ့တွပျက်စီးစေလိုက်ရုံကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

ထို့နောက် ပိုင်ရှောင်ချန်း၏ဘီလူးကြီးအပါအဝင် တာအိုသစ်စေ့တောင်၏ မန္တန်အစီအရင်ဘီလူးကြီးတို့ရောက်လာ၏။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ သွေးသခင်များနှင့် အကြီးအကဲတို့က သူတို့နှင့်အတူ ပူးပေါင်းနေကြသည်။ သူတို့က ငါးကြိမ်မြောက်တိုက်ခိုက်လိုက်သည်တွင် လိပ်ပြာလွင့်မတတ် ဟိန်းဟောက်သံများ ပဲ့တင်ရိုက်သွားတော့သည်။

ထိုတိုက်ခိုက်မှုက ေစာစောက တိုက်ခိုက်မှုအားလုံးပေါင်းစပ်ထားသည်ထက်ပင် သာလွန်သော စွမ်းအားတို့အား ထုတ်လွှတ်နေသည်။ မန္တန်အစီအရင်မှာ ပုံပျက်ပြီး တစ်ဖန်ရှံ့တွသွားစဥ် ပိုင်ရှောင်ချန်းက မိုးကြိမ်းခြိမ်းသံပမာ ကြုံးဝါးသံကြီးပေး၍ပူးပေါင်းလာ၏။ ထိုနေရာရှိ တောင်ကြီးမှာ ပြိုကျလာပြီး မြို့တော်မှာ အလွယ်တကူပြိုလဲပျက်စီးတော့မည့်အလား ဖြစ်လာသည်။

မန္တန်အစီအရင်ကို အားဖြည့်တင်းပေးနေသည့် ကျင့်ကြံသူများ၏ ပါးစပ်များမှာ သွေးများပို၍ စီးကျလာကြကာ သူတို့၏ ချီလမ်းကြောင်းများမှာ သိသိသာသာထိခိုက်နေလေပြီ။ အချို့မှာ အလွန်ပိန်ပါးခြောက်သွေ့လာကြသဖြင့် အစားထိုးရန်လိုအပ်နေသည်။ ထိုသို့ဖြစ်ပျက်နေစဥ် စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မိုးခြိမ်းသံအလားအော်သံအပေါင်းက သူတို့နားထဲရောက်လာ၏။

“ဆန်းကြယ်နတ်ရေစင်ဂိုဏ်း အညံ့ခံမလား”

ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများ၏နှလုံးသားများမှာ သူတို့၏ရင်ဘတ်ထဲမှ ပေါက်ထွက်တော့မတတ် တဒိန်းဒိန်းခုန်နေသော်လည်း သူတို့ကိုယ်သူတို့ ပြန်က္ကန္ဒြေမဆည်နိုင်သေးမီ ခြောက်ကြိမ်မြောက်တိုက်ခိုက်မှုက သူတို့ထံ ဦးတည်လာနေလေသည်။

ထိုတိုက်ခိုက်မှုက နှစ်ဂိုဏ်းလုံး၏ အတော်ဆုံးဂိုဏ်းစောင့်အကြီးအကဲတစ်ရာကျော်ထံမှ လာသည်။ သူတို့က မန္တန်အစီအရင်ကို အားကုန်သုံး၍ တိုက်ခိုက်လိုက်လေသည်။

အက်ကွဲကြောင်းများ ပျံ့နှံ့လာသောကြောင့် မန္တန်အစီအရင်မှာ ယိမ်းယိုင်တုန်ခါလာတော့သည်။ ၄င်းက တဖန်ရှုံ့တွသွားကာ မြို့တော်၏ အပြင်ဘက်နယ်မြေများ ပေါ်လာလေသည်။ အတွင်းရှိကျင့်ကြံသူများမှာ သွေးများအန်နေကြပြီး အတော်များများ သတိလစ်လဲကျသွားကြတော့သည်။

မြို့တော်အတွင်းရှိ ကျင့်ကြံသူအများစု၏စိတ်ထဲမှအဓိကခံစားချက်မှာ စိတ်ပျက်အားငယ်ခြင်းပင်။ သို့တိုင်အောင် နောက်ထပ်တိုက်ခိုက်လာပြန်သည်။ သွေးအေးလူသတ်သမားများနှင့် အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအခြေခံများ ပေါ်ထွက်လာ၏။ ဝှက်ဖဲတို့အား တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ထုတ်ဖော်လိုက်ကြသည်။ ကြည့်ရသည်မှာ ခုနစ်ကြိမ်မြောက်တိုက်ခိုက်မှုက မန္တန်အစီအရင်ဒိုင်းအကာအကွယ်ထံ အရှိန်ပြင်းပြင်းကျနေသည့် ကြယ်ပျံတို့နှင့် တူလေသည်။

ဝုန်းးးးး ဝုန်းးးး

မန္တန်အစီအရင်၏ ပျက်စီးမှုတို့မှာ ပို၍ဆိုးဝါးလာ၏။ မြို့တံတိုင်းများ ပြိုကျလာကာ အတွင်းရှိ ပင်ပန်းနွမ်းနယ်၍ခါးသီးနာကျည်းနေသော ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းကျင့်ကြံသူများပေါ်လာတော့သည်။ မန္တန်အစီအရင်ကို အားဖြည့်နေခဲ့သည့် အချို့ကျင့်ကြံသူတို့မှာ ချက်ချင်းပင် ဝိညာဥ်နှင့် ခန္ဓာပါပျက်စီးသွားလေသည်။

မန္တန်အစီအရင်ဖုံးအုပ်ထားသည့်နေရာမှာ တဖန်ရှုံ့တွသွားပြန်ပြီး ၄င်း၏အကာအကွယ်အပြင်ဘက်ရှိ ကျင့်ကြံသူများ ကျန်ခဲ့လေသည်။

ထိုကျင့်ကြံသူအချို့မှာ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အဖွဲ့ဝင်များဖြစ်ခဲ့ဖူးသည်။ သူတို့မှာ အံကြိတ်လျက်နှုတ်ပိတ်၍ထိုင်နေရုံသာတတ်နိုင်ကြပြီး ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်း၏ လက်အောက်ခံဖြစ်လိုစိတ်မရှိတော့ချေ။

ထို့နောက် ရှစ်ကြိမ်မြောက်အဓိကတိုက်ခိုက်မှုက နီးကပ်လာ၏။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးခြောက်ဦးနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးလေးဦးတို့က ရှစ်ကြိမ်မြောက်တိုက်ခိုက်ရာတွင် အတူတကွပေါင်းစည်းလိုက်ကြသည်။ သူတို့က နတ်ဘုရားဆယ်ပါးနှင့် တူပြီး သူတို့၏ တိုက်ပွဲဝင်စွမ်းအားတို့ကိုထုတ်ဖော်နေသည့်အသံတို့ကပင်လျှင် ကောင်းကင်ဘုံမှမိုးကြိုးအလားပင်။

“ဆန်းကြယ်နတ်ရေစင်ဂိုဏ်း.. မင်းတိုအညံ့ခံမလား” လေထုမှာ ကွဲကြေသွားပြီး ငလျင်များ ပြင်းထန်စွာ လှုပ်လာတော့သည်။ ခေါင်းဆောင်ကြီးဆယ်ဦး၏တိုက်ခိုက်မှုက မန္တန်အစီအရင်ကို ရိုက်ခတ်သွားသည်တွင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများက ဟိန်းဟောက်လိုက်ကြပြီး အားကုန်သုံးခုခံလိုက်ကြသည်။

တဝုန်းဝုန်းမြည်ဟည်းသံများ အဆင်မပြတ်ထွက်ပေါ်လာ၏။ ယခုတွင် မြို့တော်၏ တစ်ဝက်ကျော်ခန့် ပျက်စီးသွားပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးအားလုံးမှာ သွေးများအန်ကုန်ကြသည်။ သူတို့၏မျက်နှာမှာ ဖြူရော်နေကြပြီး သူတို့၏ခန္ဓာကိုယ်မှာ ပိန်လှီခြောက်သွေ့လာတော့သည်။ သူတို့မှာ ယခင်ထက်ပင် အိုမင်းလာပုံပေါ်ရပြီး ခေါင်းဆောင်ကြီး ချီဟွမ် ပင် ပါးစပ်မှ သွေးများပန်းထွက်သွားရင်း နောက်သို့ ယိမ်းယိုင်သွားလေသည်။

ထိုအချိန် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းလက်ကျန်ဂိုဏ်းသားတို့က ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ ဧရာမဆေးပေါင်းဖိုကြီးက မန္တန်အစီအရင်ဒိုင်းကြီးကို ရိုက်ချပစ်လိုက်ပြီး ၄င်းနောက်ရှိ ကျင့်ကြံသူပေါင်းတစ်သောင်းက အသေခံတိုက်လိုက်ကြသည်။ နောက်ထပ်အင်အားကြီး အော်ဟစ်သံ လွင့်ပျံလာ၏။

“ဆန်းကြယ်နတ်ရေစင်ဂိုဏ်း.. မင်းတို့ အညံ့ခံပြီလား”

ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွင်း ကျင့်ကြံများထဲမှတစ်ယောက်မှာ မျက်နှာကို ဇာပဝါဖုံးထားသော မိန်းမပျိုတစ်ယောက်ဖြစ်သည်။ သူမ၏မျက်နှာသွင်ပြင်ကိုဖုံးကွယ်ထားသော်လည်း သူမ၏မျက်ဝန်းများကိုတော့ မြင်ရပြီး လက်ဖျားပင်ခါရလောက်အောင် ရွှန်းရွှန်းစိုကာ လှပသည်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ ကျင့်ကြံသူများအားလုံးမှာ သူမကို အရူးအမူးစွဲလမ်းနေပုံရသည်။ ထိုလူပင်လယ်ကြီးအတွင်း သူမက ကမ်းခြေပေါ်ရှိပုလဲလေးသဖွယ် အရောင်အဝါတောက်ပထွန်းလင်းနေပြီး လှပနေသည်။

မန္တန်အစီအရင် တုန်ခါလာသောကြောင်း ပေါက်ကွဲသံများထွက်ပေါ်လာတော့သည်။ ဆေးပေါင်းဖိုကြီးက ၄င်းကို ရိုက်ခွဲလိုက်သောအခါ အပေါက်ကြီး ပွင့်ထွက်သွားသည်။ ခေါင်းဆောင်ကြီး ချီဟွမ်မှာ လက်မနှစ်ဖက်ကိုဖြန့်ကားလိုက်ပြီး မန္တန်အစီအရင်အား အားဖြည့်နေသော ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏အကွဲကွဲအပြားပြားကျင့်ကြံသူများနှင့် ပူးပေါင်းလိုက်သောကြောင့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ပေါ်ထွက်လာတော့သည်။

သို့သော်လည်း ထိုအချိန်တွင် မန္တန်အစီအရင်အပေါ်ထက်ရှိ တစ်စုံတစ်ခုအား ပိုင်ရှောင်ချန်းသတိပြုမိသွားသည်။ သူရင်းနှီးေနသော မျောက်ဖြစ်ကြောင်း မှတ်မိသွားရာ သူ၏မျက်လုံးများ ပြူးကျယ်လာသည်။

မျောက်အိုကြီးက ခေါင်းထက်တွင် ဧရာမတုတ်ချောင်းကြီးကို မြှောက်ထားလေသည်။ မျက်လုံးများက ရှေးဟောင်းအလင်းတစ်ခုအလား ကောင်းကင်နှင့်မြေကြီးကိုလှုပ်ခါနိုင်သော ဂိုဏ်အရှိန်အဝါများ တောက်ပဝင်းလက်နေရင်း သူက တုတ်ချောင်းကို အောက်သို့ ရိုက်ချလိုက်လေသည်။

“ဆန်းကြယ်နတ်ရေစင်ဂိုဏ်း.. မင်းတို့ အညံ့ခံပြီလား” ရှေးကျသောအသံကြီးဖြင့်ဟိန်းဟောက်လိုက်လေသည်။ မန္တန်အစီအရင်မှာ တုန်ခါသွားပြီးနောက်ဆုံးတွင် ပေါက်ကွဲသွားတော့သည်။

တုန်ခါလှိုင်းတို့က အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွား၏။ ခေါင်းဆောင်ကြီးချီဟွမ်မှာ ပါးစပ်အပြည့်သွေးအမြောက်အမြား အန်သွားလေသည်။ အခြားသော ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ကျင့်ကြံသူများမှာ ထိခိုက်ဒဏ်ရာပေါင်းများစွာဖြင့် သွေးများစိုရွှဲနေကြသည်။ တချိန်တည်းမှာပင် တစ်စုံတစ်ခုက မြို့တော်ထံတစ်ဟုန်ထိုးဦးတည်သွားသည်။ ထိုအရာ အလွန်အမင်း ရွေ့လျားသွားသောကြောင့် မည်သူမျှ ရှင်းရှင်းလင်းလင်းမမြင်လိုက်ရပေ။ မြို့လယ်ခေါင်ရှိ ပလ္လင်ပေါ်သို့ဆင်းသက်လိုက်မှသာလျှင် ယုန်တစ်ကောင်ဖြစ်ကြောင်းပြောနိုင်တော့သည်။

ထိုယုန်က ပလ္လင်ပေါ်ရှိ အမွှေးတိုင်ကို ဆတ်ခနဲဆွဲယူလိုက်ပြီး ငြှိမ်းလိုက်စဥ် ၄င်း၏မျက်လုံးတို့မှာ ပဟေဋ္ဌိဆန်သောအလင်းများဖြင့်တောက်ပေနေလေသည်။

ထိုသို့ဖြစ်ပျက်သွားသောအခါ စာခြောက်ရုပ်အားတိုက်ခိုက်နေသည့် သက်လတ်ပိုင်းအမျိုးသားမှာ ပျောက်ကွယ်သွား၏။ ထို့နောက် စာခြောက်ရုပ်ကြီးက ဂိုဏ်းတစ်ဂိုဏ်း၏ အနက်ရှိုင်းဆံုး ကြောက်မက်ဖွယ်စွမ်းအားများကို ထုတ်လွှတ်နေရင်း ငုံ့ကြည့်လိုက်သည်။ ထိုစွမ်းအားက ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ဒဏ်ရာရရှိေနသော ခေါင်းဆောင်ကြီးများအား ချုပ်နှောင်လိုက်ကာ တစ်လက်မလေး မှ ရွေ့ရန်ပင်မဖြစ်နိုင်တော့ပေ။

အရာအားလုံးမှာ အလွန်လျင်မြန်စွာဖြစ်ပျက်သွား၏။ မျောက်ကပေါ်လာကာ မန္တန်အစီအရင်ကိုချိုးဖျက်လိုက်သည်။ ထို့နောက် ယုန်က အမွှေးတိုင်မီးကို သတ်လိုက်ပြီး နောက်ဆုံး စာခြောက်ရုပ်ကြီးက ထိန်းချုပ်စွမ်းအားတို့ထုတ်လွှတ်နေလေသည်။ ထိုအရာအားလုံးက ဝင်လေထွက်လေ ရှူချိန်မှာပင် ဖြစ်ပျက်သွား၏။

ပိုင်ရှောင်ချန်းက ပလ္လင်ပေါ်ရှိယုန်ကို စိုက်ကြည့်လိုက်ရာ မျက်လုံးများပြူးကျယ်လာတော့သည်။ ရုတ်တရက် သူက မကောင်းသောခံစားချက်တစ်ခုရလိုက်လေသည်။

ထိုသည်မှာ ပိုင်ရှောင်ချန်းက ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူအများအပြားက သူ့ထက်ငါအလုအယက် မြို့ထဲဝင်နေကြသည်ကို ရုတ်တရက် သတိပြုမိလိုက်သည့် အချိန်ဖြစ်၏။ အခြားတစ်ဘက်ရှိ မျက်နှာတွင် အဖြူရောင် ဇာပါးလေးနှင့် မိန်းမပျိုလေးဦးဆောင်ထားသည့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ပြန့်ကျဲနေသာ လက်ကျန်လူများသည်လည်း ထိုနည်းတူပင်။ ပိုင်ရှောင်ချန်းက သူ့ပေါင်ကို ဖြန်းခနဲချလိုက်လေသည်။

“တိုက်ပွဲဝင်စွမ်းဆောင်ရည်ရမှတ်။ မြို့ထဲအရင်ဝင်နိုင်တဲ့သူဘယ်သူမဆို ဆုအကြီးကြီးရမှာဟ”

ရုတ်တရက် ရွှင်မြူးသွားပြီး သူက ဟိန်းဟောက်လိုက်ကာ တဟုန်ထိုးထွက်သွားတော့သည်။ သူတွေးနေသည်ကို ဘရူဆာက ချက်ချင်းသဘောပေါက်လိုက်ပြီး သူ့ကို တွန်းပေးလိုက်လေသည်။ ပိုင်ရှောင်ချန်းက တောင်ပံတဖျပ်ဖျပ်ခတ်လျက် ကြယ်ပျံတစ်ခုလားတစ်ဟုန်ထိုး ရှေ့သို့ပျံ့သွားတော့သည်။ သူက လူတိုင်းကိုကျော်သွားပြီးနောက် အစိတ်စိတ်အမြွှာမြွာကွဲကြေနေသော မြို့တံတိုင်းပေါ်တွင် အလျင်အမြန်ခြေချလိုက်လေသည်။

“ဆန်းကြယ်နတ်ရေစင်ဂိုဏ်း.. မင်းတို့ အညံ့ခံပြီလား” သူ့အော်ပြောသံ၏ပဲ့တင့်သံကြောင့် ခေါင်းဆောင်ကြီး ချီဟွမ်၏နှလုံးအိမ်တွင် ခါးသီးနာကျည်းမှုတို့တင်းကြပ်လာတော့သည်။ သူက ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူအပေါင်းအား ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သည်။ အညံ့ခံပြီးနောက် သူတို့နှစ်ယောက်ကြားရှိခြားနားချက်များကို ဖြေရှင်းနိုင်မည့် နည်းလမ်းဖြင့်ပြန်လည်ထူထောင်နိုင်လိမ့်မည်ဟု သူသိလေသည်။ သူ၏မျက်လုံးများဝင်းလက်သွားပြီး အခြားခေါင်းဆောင်ကြီးများက လက်ယှက်ကာ ပိုင်ရှောင်ချန်းအား ခေါင်းငုံ့အရိုအသေပေးလိုက်ကြသည်။

“အညံ့ခံပါတယ်”

တခဏကြာ အရာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့မှ ကြွေးကြော်သံများ ပေါ်ထွက်လာတော့သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများမှာ သက်ပြင်းချလိုက်ကြပြီး ပိုင်ရှောင်ချန်း၏မျက်ခုံးမှာ စိတ်လှုပ်ရှားမှုဖြင့် ကွေးညွတ်သွားလေသည်။ မေးပင့်လျက် သူက အင်္ကျီလက်ကိုခါရမ်းလိုက်ကာ ဂုဏ်ယူစွာပြောလိုက်သည်။
” လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ ကျုပ် ပိုင်ရှောင်ချန်းက ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို ပြာအဖြစ်ပြောင်း… ”

သူ့စကားပင်မဆုံးလိုက်မီ လိပ်ကလေး၏ခေါင်းက သူ့အိတ်ထဲမှပြူထွက်လာပြီး သူ့ကို ကြည့်လိုက်သည်။ လိပ်က သက်ပြင်းချလိုက်လေသည်။

” အာ… တစ်ယောက်ယောက်က ကိုယ့်ဂုဏ်ကိုယ်ဖော်နေတာကို မကြားရတာတောင်ကြာပေါ့”


Comment

Leave a Reply

Options

not work with dark mode
Reset