Switch Mode

အခန်း( ၇ )

ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲ

လီချန်ရှို့နှင့် လင်းအယ်တို့ ပိုင်ဖန်ခန်းမရှေ့သို့ရောက်ရှိသွားချိန်တွင် ထိုခန်းမရှေ့၌ လူတစ်ရာကျော်မျှစုဝေးနေပြီ ဖြစ်သည်။

တာအိုဝတ်ရုံများနှင့် ဂါဝန်အရှည်များကို ဝတ်ဆင်ထားကြပြီး ရယ်ကာမောကာပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည့် ယောက်ျားပျို၊ မိန်းမပျိုများကို အဝေးမှနေ၍ လီချန်ရှို့လှမ်းတွေ့လိုက်ရသည်။ သူတို့ထဲမှအနည်းငယ်သည် ရုပ်ရည်ပြေပြစ်ခြင်း မရှိပေ။

ထိုနေရာ၌ အမျိုးသားကျင့်ကြံသူများကဲ့သို့ပင် အမျိုးသမီးကျင့်ကြံသူများလည်း အများအပြားရှိနေသည်။ ထိုအမျိုးသမီးအများစုသည် သွယ်လျသောခန္ဓာကိုယ်ရှိကာ ချောမောလှပကြသည်။ သူတို့အားလုံး တစ်မျိုးစီလှပကြသူများဟူ၍ ဆိုနိုင်သော်လည်း အနည်းစုမှာ တစ်ဦးချင်းအလိုက် ထင်ရှားပေါ်လွင်ပေသည်။ သူတို့သည် ကြက်အုပ်အတွင်းမှ ကြိုးကြာငှက်များပမာ၊ သာမန်ကြယ်များအကြားမှ ငွေစန္ဒာလမင်းကြီးပမာ တူလှပေသည်။

ဥပမာအားဖြင့် လီချန်ရှို့နံဘေးရှိ လန်လင်းအယ်ကို ကြည့်နိုင်ပေသည်။

“ အဲဒါ ချုံတောင်လေးက လင်းအယ်မလား။ သူက တကယ်ကို တစ်နေ့တခြားလှလာတာပဲ။ ပြီးတော့ အရည်အချင်းရှိတယ်လို့လည်း ငါကြားတယ်။ သူ ငါတို့ဂိုဏ်းကိုရောက်တာ ဆယ်နှစ်ပဲ ရှိသေးတယ် ချီသန့်စင်ခြင်းအဋ္ဌမအဆင့်ကိုရောက်နေပြီ။ မကြာခင် ဝိညာဉ်အခြေတည်အဆင့်ကို ရောက်တော့မှာ ”

“ မဟာအကြီးအကဲကတောင် သူ့ကိုတပည့်အဖြစ်လက်ခံချင်နေတယ်လို့ ကြားတယ်။ ကျန်တဲ့ငါတို့တွေကတော့ အဲဒီလို ကံမကောင်းပါဘူး ”

“ သူ့ဘေးက ဘယ်သူလဲ ”

“ ေဩာ်… အဲဒါ သူ့ဆရာတူအစ်ကို ဖြစ်မယ်ထင်တယ်။ ချုံတောင်လေးမှာ လူအများကြီးရှိမယ်မထင်ဘူး။ အဲဒီလူက ဂိုဏ်းထဲမှာ အဆင့် ( ၃၀၀ ) အတွင်းပဲ ဝင်မယ့်ပုံပဲ။ ငါတော့ သူ့ကို သိပ်အထင်မကြီးပါဘူး ”

“ အာ … ငါမှတ်မိပြီ။ သူ့တာအိုနာမည်က ချန်ရှို့ဆိုလားပဲ ”

“ ဒီတာအိုနာမည်က တော်တော်ရိုးရှင်းပြီး သာမန်ပါပဲ။ ဒါပေမယ့် တမျိုးတော့ ဆန်းတယ် ”

“ တခြားတောင်ထိပ်က တပည့်တွေအကြောင်းကို သူတို့နောက်ကွယ်မှာ အတင်းပြောမနေနဲ့။ ကိုယ့်ကိုယ်ကိုယ်ထိန်းကြဦး။ ဂိုဏ်းထဲကအကြီးအကဲတွေ အဲဒါကို ကြားသွားရင် ငါတို့ဂိုဏ်းထဲက လူတွေက စည်းကမ်းမရှိဘူးလို့ ထင်သွားဦးမယ် ”

တီးတိုးပြောသံများ လီချန်ရှို့၏နားအတွင်း ဝင်ရောက်လာသော်လည်း သူ မကြားချင်ယောင်သာဆောင်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်စွန်း တွန့်ကွေးသွားရုံသာ ပြုံးလိုက်သည်။ သူသည် လူအုပ်ကြီးကို သေချာအာရုံစိုက်ကြည့်မနေတော့ဘဲ သူတို့ရောက်ရှိကြောင်း စာရင်းပေးရန်သာ လန်လင်းအယ်ကို ခန်းမအတွင်းသို့ ခေါ်သွားလေသည်။ ထို့နောက် လူရှင်းသည့် ထောင့်တစ်နေရာသို့သာ သွားရောက်စောင့်ဆိုင်းနေပေ၏။

ခေါင်းလောင်းသံ အဆက်မပြတ်မြည်နေဆဲပင်။ တောင်ထိပ်ပေါင်းစုံမှ ကျင့်ကြံသူအမြောက်အမြား ပျံသန်းရောက်ရှိလာနေသည်။

ဤပွဲသည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ ဂိုဏ်းရှိ တပည့်များအတွက် ငါးနှစ်တစ်ကြိမ်ကျင်းပပေးသည့် ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲ ဖြစ်သည်။ တပည့်များ ကျင့်ကြံခြင်းအဆင့်တိုးတက်ရေးနှင့် လောကကြီးအကြောင်းနားလည်စေရေးတို့အတွက် အပြင်လောကသို့‌ စေလွှတ်ရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်သည်။

ဂိုဏ်းအတွင်းရှိ တရားဝင်တပည့်တိုင်း ဤကဲ့သို့သော ပွဲများတွင် ပါဝင်နိုင်ပေသည်။ ထို့ပြင် ရွေးချယ်နိုင်သော ခရီးပန်းတိုင် ( ၁၂ ) နေရာ ရှိသည်ဖြစ်ရာ အဆင့်ပေါင်းစုံမှ တပည့်များအတွက် အဆင်ပြေလေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်းသည် နှစ်ပေါင်းနှစ်ရာလျှင်တစ်ကြိမ် တပည့်အမြောက်အမြားလက်ခံခြင်းပြု၏။ ထိုအခြင်းအရာသည် မျိုးဆက်တစ်ခုနှင့်တစ်ခုအကြား နှစ် ( ၂၀၀ ) ခြားသည်ဟု ဆိုပေသည်။

လက်ရှိမျိုးဆက်တပည့်များထဲမှ အဆင့်တက် အမြန်ဆုံးသူသည် ဗလာနတ္ထိအဆင့်ခြောက်သို့ ရောက်ရှိနေပြီးဖြစ်သည်။ သူသည် နှစ်ထောင်ချီကြာကျင့်ကြံနေသော သာမန်အလားအလာသာရှိသည့် ကျင့်ကြံသူဟောင်းများကိုပင် မီလာပြီ ဖြစ်သည်။

ချီသန့်စင်ခြင်းအဆင့်၊ ဝိညာဉ်အခြေတည်အဆင့်၊ ဗလာနတ္ထိအဆင့်၊ တာအိုပေါင်းစည်းအဆင့် ဟူသော အဆင့်လေးဆင့်သည် နတ်ဝိဇ္ဇာတစ်ပါးမဖြစ်လာမီ ဖြတ်ကျော်ရမည့် အဓိကအဆင့်များဖြစ်သည်။ ထိုအဆင့်များသည် ကျင့်ကြံသူတစ်ယောက်၏ အရည်အသွေးနှင့် သန်မာမှုကို အဆုံးအဖြတ်ပေးသောအရာများ ဖြစ်သည့်အပြင် နတ်ဝိဇ္ဇာဖြစ်လာပြီးနောက် အမြင့်ဆုံးရောက်နိုင်မည့် ကျင့်ကြံခြင်းအဆင့်နှင့် လမ်းစဉ်ကိုလည်း အဆုံးအဖြတ်ပေးလေသည်။

လန်လင်းအယ်သည် ဂိုဏ်းသို့ဝင်ရောက်လာသည်မှာ ဆယ်နှစ်သာရှိသေးသည့်အပြင် သူမ၏ ပညာရည်နို့သောက်စို့ရာဆရာသည် နတ်ဝိဇ္ဇာအဖြစ် မရောက်ရှိသေးသော မထင်မရှား လူတစ်ယောက်ဖြစ်နေသော်လည်း ချီသန့်စင်ခြင်းအဆင့်ရှစ်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူမအပေါ်အာရုံစိုက်ခံရမှု အများအပြားရှိနေခြင်းသည် ပုံမှန်အခြင်းအရာသာ ဖြစ်တော့သည်။

လီချန်ရှို့နှင့် လန်လင်းအယ်သည် အပင်ရိပ်တစ်ခုအောက်တွင် သုံးပေခြားကာ ထိုင်နေကြသည်။ သူတို့အားမြင်ရသော လူအများစုသည် ဆရာတူမောင်နှမကြား၌ ကောင်းမွန်သော ဆက်ဆံရေး မရှိဟူ၍သာ ထင်ကြပေမည်။

လန်လင်းအယ်သည် မက်မွန်ကိုင်းအတက်ကလေးတစ်ခုအား ခေါက်ကာ လက်ချောင်းများကြားတွင် ညင်သာစွာ လိပ်ခွေရစ်ပတ်နေ၏။ သူမသည် ဆရာတူအစ်ကိုအားစကားပြောချင်သော်လည်း မပြောမိစေရန် ထိန်းထားနေရသည်။

သူတို့၏ ပထမဆုံးသဘောတူညီချက်သည် အပြင်လူများ၏ရှေ့တွင် တစ်ယောက်နှင့်တစ်ယောက် သုံးပေခြား၍နေရန် ဖြစ်သည်။

ဒုတိယတစ်ခုမှာမူ ပြောစရာအကြောင်းထူးတစ်စုံတစ်ရာမရှိလျှင် အပြင်လူများရှေ့၌ စကားမပြောရန်ဖြစ်သည်။

“ ဆရာတူအစ်ကို … အစ်ကိုဘယ်ကိုသွားမှာလဲ ”

“ မှန်းကြည့်လေ ”

“ အစ်ကိုက ပြောပြမှာ မဟုတ်ပါဘူး။ မေးနေတာပဲ ရက်တော်တော်ကြာနေပြီ ”
လင်းအယ်တစ်ယောက် စိတ်ပျက်စွာပြောလိုက်သည်။ ထို့နောက် တစ်ကိုယ်တည်း တီးတိုးပြောလိုက်သည်။
“ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုသွားတဲ့နောက် ဘယ်နေရာဖြစ်ဖြစ်လိုက်မှာပဲ။ အစ်ကို့နောက် ထက်ကြပ်မကွာလိုက်နေမှာနော် ”

လီချန်ရှို့ မသိမသာပြုံးလိုက်ပြီး နှုတ်ခမ်းလှုပ်သွား၏။ သူ၏အသံသည် လင်းအယ်၏နားအတွင်း ရောက်ရှိသွားသည်။ သူသည် အသံလှိုင်းအတတ်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
“ ဆရာတူညီမလေး ညီမက အခုဆို ချီသန့်စင်ခြင်းအဆင့်အကုန်လုံးမှာ ကနဦးအောင်မြင်မှုရနေပြီပဲ။ အခုက အခက်အခဲတွေကို ကိုယ့်ဘာသာရင်ဆိုင်ဖို့ အချိန်ကျပြီလေ ”

လန်လင်းအယ် စိတ်ဆိုးနေသောလေသံကလေးဖြင့် အတွန့်တက်လိုက်သည်။
“ ဆရာက အစ်ကို့ကို မျက်စိ‌ဒေါက်ထောက်ကြည့်ဖို့ ညီမကို ထည့်ပေးလိုက်တာလေ။ ဆရာက အစ်ကို ပြဿနာမရှာစေနဲ့လို့ ပြောလိုက်တယ်။ အစ်ကို ချုံတောင်လေးရဲ့ ဂုဏ်သတင်းညှိုးနွမ်းအောင် မလုပ်ရပါဘူး ”

လီချန်ရှို့ အနည်းငယ်ပြုံးလိုက်သော်လည်း မည်သို့မျှ ပြန်မတုံ့ပြန်လိုက်ပေ။

ခေါင်းလောင်သံခြောက်ချက် မြည်ဟီးသွားသည်။ ပိုင်ဖန်ခန်းမအတွင်းမှ လူရိပ်များ ပျံသန်းထွက်လာကြသည်။ စုစုပေါင်း ကျင့်ကြံသူ ခြောက်ဆယ်ကျော်က လေပေါ်တွင် စီတန်းရပ်နေလေသည်။

သူတို့တစ်ယောက်ချင်းစီ၏ အသွင်အပြင်က ကွဲပြားကြ၏။ တချို့က ဆံပင်ဖြူများ၊ အရေးအကြောင်းများရှိနေပြီး တချို့မှာကား ( ၂၈ ) နှစ်အရွယ်သာထင်ရအောင် နုပျိုကြသည်။ သို့သော် ထိုလူများအားလုံး တည်ငြိမ်ရင့်ကျက်ပုံပေါ်သည်။

ထိုလူ ( ၆၃ ) ယောက်တိုင်းက ကိုယ်ရောင်ကိုယ်ဝါအနည်းငယ်ကို ထုတ်လွှတ်ထားကြဟန်တူသည်။ ပိုင်ဖန်ခန်းမရှေ့ကွင်းပြင်တွင် လုံးဝတိတ်ဆိတ်သွား၏။ နတ်ဝိဇ္ဇာအလင်းတန်းများက ကောင်းကင်အား လွှမ်းခြုံသွားသည်။

ထိုနတ်ဝိဇ္ဇာများသည် တောင်ထိပ်ပေါင်းစုံမှ နတ်ဝိဇ္ဇာများ ဖြစ်ကြသည်။ သူတို့သည် ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲအတွင်း လုံခြုံရေးအတွက်တာဝန်ယူထားရသူများ ဖြစ်သည်။

ကြိုးကြာငှက်တစ်ကောင် အော်မြည်သံ လွင့်ပျံလာပြီး အနီရောင်သရဖူဆောင်းထားသည့် ကြိုးကြာဖြူတစ်ကောင် တိမ်စိုင်များအတွင်းမှ ထွက်ပေါ်လာကာ တင်ပျဉ်ခွေထိုင်နေသော ပိန်ပိန်ပါးပါးအဘိုးအိုတစ်ယောက်ပေါ်တွင် နားလိုက်သည်။

ထိုအဘိုးအိုအား သေချာကြည့်မည်ဆိုလျှင် သူ၏နောက်၌ မထင်မရှား တိမ်တိုက်လေးတစ်ခု ကပ်ပါလာကြောင်း တွေ့ရပေလိမ့်မည်။ သူ၏ဘေးတစ်ဘက်တစ်ချက်၌ အစိမ်းရောင်ကြာပန်းနှစ်ပွင့် ရှိလေသည်။ သူ လျှောက်လှမ်းလာပုံက ထူးခြားမှင်သက်စရာပင်။ သူ၏ကိုယ်ရောင်ကိုယ်ဝါတစ်စက်မျှ မထွက်ပေါ်နေသော်လည်း သူ့အနီးနားမှ လူများက သူ၏ကြီးမြတ်ခမ်းနားမှုကို ခံစားလိုက်ရသည်။

ထိုလူသည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ဖြစ်သော အရှင်ကျုံးယွီ ပင်ဖြစ်သည်။ သူသည် ကောင်းကင်နတ်မင်းတစ်ပါးဖြစ်ပြီး တုနတ်ဝိဇ္ဇာဂိုဏ်း၏ ထိပ်သီးဆယ်ယောက်အတွင်း ပါဝင်လေသည်။

အရှင်ကျုံးယွီသည် ရှည်လျားငြီးငွေ့ဖွယ်ကောင်းသော မိန့်ခွန်းမျိုးကို မပြောဘဲ မျက်လွှာချကာ စကားစတင် ပြောကြားလေသည်။ သူ၏အသံသည် တောင်မကြီးတစ်ခုလုံးအား လွှမ်းခြုံပဲ့တင်သွားပေသည်။

“ အခုတစ်ခေါက်ခရီးမှာ မင်းတို့အားလုံး ဂိုဏ်းစည်းကမ်းတွေကို မမေ့မလျှော့လိုက်နာကြဖို့ လိုတယ်။ ငါတို့ တုနတ်ဝိဇ္ဇာဂိုဏ်းကြီးကို နာမည်မပျက်စေနဲ့။ ဂိုဏ်းကိုအရှက်ရစေမယ့် ဘယ်အလုပ်မျိုးကိုမှ မလုပ်မိကြစေနဲ့ ”

“ အခု ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲကြီးမှာ သွားရမယ့်နေရာ ( ၁၂ ) နေရာရှိမယ်။ မကြာသေးခင်က အရှေ့ပင်လယ်ကမ်းခြေမှာရှိတဲ့ ဂိုဏ်းတော်တော်များများကို မိစ္ဆာတွေ တိုက်ခိုက်နေတယ်ဆိုတဲ့ အစီရင်ခံချက်ကိုရတယ်။ မင်းတို့တွေ အဲဒီမိစ္ဆာတွေကိုနှိမ်နင်းပြီး တာအိုတရားနဲ့ လူသားတွေကို ကာကွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ် ”

“ ကောအကြီးအကဲ စနိုင်ပါပြီ ”

မိန့်ခွန်းပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် အရှင်ကျုံးယွီသည် ကြိုးကြာနှင့်အတူ ပျံသန်းထွက်ခွာသွားလေတော့သည်။ သူ နေရန်လိုအပ်သည့်အချိန်ထက် အသက်တစ်ရှိုက်စာမျှ ပို၍မနေပေ။ သူ ထွက်ခွာသွားသောအခါ တပည့်များသည် ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။

ခန်းမရှေ့၌ရပ်နေသည့် အကြီးအကဲတစ်ဦးသည် အမိန့်အားနာခံရန် လက်နှစ်ဘက်ကို ဆုပ်၍ အော်ပြောလိုက်သည်။
“ မိစ္ဆာတွေကိုနှိမ်နင်းဖို့ အရှေ့ပင်လယ်ကမ်းခြေကိုသွားမယ့်သူတွေက ဘယ်ဘက်ခပ်လှမ်းလှမ်းမှာရပ်ပါ။ သွားမယ့်သူတွေက အနိမ့်ဆုံး ချီသန့်စင်ခြင်း ဆဋ္ဌမအဆင့် ရှိရမယ်။ အဲဒီကိုသွားတဲ့လူတွေက သတ်ခဲ့တဲ့ မိစ္ဆာအရေအတွက်အတိုင်း ဆုချီးမြှင့်ခြင်းခံရမယ် ”

အောက်ရှိတပည့်များ ခပ်မြန်မြန်ပင် စတင်လှုပ်ရှားလိုက်ကြသည်။ တပည့်တစ်ဝက်နီးပါး ဘယ်ဘက်သို့ ရွှေ့သွားကြ၏။ ရုတ်ချည်းပင် ဘယ်ဘက်ခြမ်း၌ လူများ ပြည့်နှက်သွားတော့သည်။

ထိုအခြင်းအရာသည် ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲတိုင်း ဖြစ်လေ့ဖြစ်ထရှိသောအရာသာ ဖြစ်သည်။ ခရီးပန်းတိုင် ( ၁၂ ) နေရာအနက် တခြားနေရာများနှင့် နှိုင်းယှဉ်လျှင် ပို၍ အန္တရာယ်ကင်းကာ လွယ်ကူသော်လည်း ဆုလာဘ်များ ရက်ရက်ရောရောပေးသည့် နေရာတစ်ခု အမြဲပါဝင်တတ်သည်။

လန်လင်းအယ်သည် ဆရာတူအစ်ကိုအား လှမ်းကြည့်လိုက်ရာ ခြေတစ်လှမ်းမျှ မ‌ရွေ့ကြောင်း သတိထားမိလိုက်သည်။
‘ ဒါပေါ့။ ဆရာတူအစ်ကိုက စည်းစိမ်ချမ်းသာတွေလိုချင်တာမှ မဟုတ်တာ… ”

“ ဆရာတူညီမလေး … ညီမရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်သေးတယ်။ လူအများနဲ့လိုက်သွားလိုက် ”
လီချန်ရှို့သည် အသံလှိုင်းအတတ်ကိုသုံး၍ နားချရန် ကြိုးစားလိုက်သည်။ လန်လင်းအယ်၏နှုတ်ခမ်းလေး မဲ့သွားပြီး ဆရာတူအစ်ကိုနှင့်သာ ဆက်နေနေလေသည်။

ကောအကြီးအကဲက ဆက်လက်အော်ပြောလာသည်ဖြစ်၍ သူတို့ နားစွင့်လိုက်ကြသည်။
“ မိစ္ဆာနှိမ်နင်းဖို့ အလယ်ကျွန်းကြီးရဲ့ အရှေ့တောင်အရပ်ကိုသွားမယ့်သူတွေက ညာဘက်ခြမ်းမှာနေပါ။ သွားချင်တဲ့သူတွေက အနိမ့်ဆုံး ချီသန့်စင်ခြင်း အဋ္ဌမအဆင့်မှာ ရှိရမယ် ”

ဤအကြိမ်တွင် တပည့်ဆယ်ယောက်ကျော် ရွှေ့သွား၏။ သို့သော်လည်း သူတို့သည် ကျင့်ကြံခြင်းအဆင့် အတော်အသင့်မြင့်မားသူများ ဖြစ်ကြသည်။ သူတို့အားလုံးက ဝိညာဉ်အခြေတည်အဆင့်ရောက်နေသူများဖြစ်ကြသည်။

ဤကဲ့သို့ပင် ကောအကြီးအကဲသည် ညွှန်ကြားချက်များကို ဆက်လက်အော်ပြောနေ၏။ တပည့်တစ်ဦးချင်းစီက သူတို့ သွားရမည့်ဒေသများကို‌ ရွေးချယ်ကာ သတ်မှတ်နေရာသို့ သွားရပ်နေကြလေသည်။

ကောအကြီးအကဲသည် သွားရမည့်နေရာများကို ဆက်လက်ကြေညာနေသည်။ အနိမ့်ဆုံးလိုအပ်သည့် ကျင့်ကြံခြင်းအဆင့်သည်လည်း တဖြည်းဖြည်းမြင့်တက်လာ၏။ အနိမ့်ဆုံးလို‌အပ်သော ကျင့်ကြံခြင်းအဆင့်သည် ဝိညာဉ်အခြေတည် ဒုတိယအဆင့်ဖြစ်သည်ဟု ကောအကြီးအကဲကြေညာလိုက်ချိန်တွင် လန်လင်းအယ်သည် ဆရာတူအစ်ကိုအား မကျေမနပ်လှမ်းကြည့်လိုက်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်အစစ်အမှန်သည် ဝိညာဉ်အခြေတည် ဒုတိယအဆင့် မဟုတ်ပါလား။

“ ဆရာတူအစ်ကို … အစ်ကိုဘယ်ကိုများသွားမလို့လဲ ”
လီချန်ရှို့သည် မည်သို့မျှမတုန့်ပြန်ဘဲ ပြုံးရုံသာပြုံးနေလေသည်။

အချိန်တခဏအတွင်းမှာပင် လူ ( ၂၃ ) ယောက်သာ နဂိုနေရာ၌ ကျန်ရှိလေတော့သည်။ မကြေညာရသေးသည် သွားရမည့်နေရာ နှစ်နေရာသာ ကျန်ရှိတော့သည်။

ထို လူ ( ၂၃ ) ယောက်အနက် ထောင့်နားရှိ လီချန်ရှို့တို့ဆရာတူ‌မောင်နှမမှလွဲ၍ ကျန်လူများသည် နတ်ဝိဇ္ဇာအဖြစ်လျာထားခြင်းခံရသည့် တောင်ပေါင်းစုံမှ တပည့်များ ဖြစ်သည်။ ထိုလူများသည် ယခုမျိုးဆက်အတွင်း သေချာအထူးလေ့ကျင့်ပေးရန် ရွေးချယ်ခံရသော တပည့်များဖြစ်ကြသည်။ သူတို့သည် ထိပ်တန်းတပည့်အနည်းငယ်အတွင်း ပါဝင်သူများပင်။

ကောအကြီးအကဲသည် လန်လင်းအယ်ကို တစ်ချက်မျှကြည့်လိုက်ပြီး ဆက်လက်အော်လေသည်။
“ အရှေ့ပင်လယ်ထဲက လင်းယွမ်တောင်ကိုသွားမယ့်သူတွေက ခန်းမထဲမှာသွားစောင့်ပါ။ သွားမယ့်သူက အနိမ့်ဆုံး ဝိညာဉ်အ‌ခြေတည် နဝမအဆင့် ရှိရမယ် ”

ကျန်ရှိနေသူ ( ၂၀ ) ကျော်ထဲမှ လူ ( ၁၇ ) ယောက်သည် တစ်ပြိုင်တည်း ရွေ့လျားလိုက်ကြသည်။ သူတို့အားလုံးက ကိုယ်ရောင်ကိုယ်ဝါ အနည်းငယ်ထုတ်လွှတ်ထားရာ ထိုလူတို့ကား ဗလာနတ္ထိဒုတိယအဆင့် သို့မဟုတ် တတိယအဆင့် သို့ ရောက်ရှိနေကြောင်း သိနိုင်ပေသည်။

ထိုတပည့် ( ၁၇ ) ယောက် ခန်းမအတွင်း ဝင်သွားချိန်၌ အားပေးသံများ၊ အာမေဋိတ်သံများ နေရာအနှံ့ ထွက်ပေါ်လာလေသည်။

ထိုအချိန်တွင် နဂိုမူလနေရာ၌ လူ ( ၆ ) ယောက်သာ ကျန်တော့၏။ တပည့်အားလုံးက နောက်ကျော၌ ဓားပြားကြီးတစ်ချောင်းလွယ်ထားကာ အနီရင့်ရင့် နတ်သမီးဂါဝန် ဝတ်ဆင်ထားသော မိန်းမပျိုလေးအား ခေါင်းများလှည့်၍ ကြည့်လိုက်ကြသည်။

ထိုအခိုက်တွင် မိန်းမပျိုလေးသည် နဂိုနေရာ၌ပင်ရပ်ကာ မျက်လုံးများကို မှိတ်ထားလေ၏။ သူမသည် နတ်ပြည်ကိုးထပ် မှ နတ်သမီးတစ်ပါးအလား၊ တခြားလောကတစ်ခုမှ အလှဧကရီအလား ထင်ရပေသည်။ ထိုအရှိန်အဝါများကြောင့် သူမ၏နံဘေးတွင် ‘မကပ်ရ’ ဟုစာတန်းများချိတ်ဆွဲထားသယောင် ဖြစ်နေလေသည်။

သူမသည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ လက်ရှိမျိုးဆက်အတွင်း ရေပန်းအစားဆုံးတပည့်များအတွင်း ပါဝင်သူ ဖြစ်သည်။ သူမသည် ပင်ကိုယ် ချောမောလှပသူလေး ဖြစ်ရုံသာမက အနေအထိုင်သည်လည်း အဆင့်အတန်းမြင့်လှသည်။ သန့်ရှင်းသပ်ရပ်သောဟန်ပန်ရှိပြီး ကျင့်ကြံခြင်းမှာလည်း သြချရလောက်သည့် အလားအလာကောင်းများ ရှိလေသည်။ ထိုအခိုက်တွင် သူမသည် ကိုယ်ရောင်ကိုယ်ဝါအလင်းတန်းပါးပါး ထုတ်ဖော်ထားသည်ဖြစ်ရာ ဗလာနတ္ထိ စတုတ္ထအဆင့်သို့ ရောက်နေပေပြီ။

ဂိုဏ်းသို့ သူမ ရောက်လာသည်မှာ နှစ် ( ၆၀ ) ကျော်ပြီ ဖြစ်သည်။ သူမကဲ့သို့ အလားအလာကောင်းသူများသည် တုနတ်ဝိဇ္ဇာဂိုဏ်းတွင် အလွန်တန်ဖိုးထားခြင်း ခံရသည်။ သူမသည် ကောင်းကင်ခွင်းတောင်၏ ထိပ်ပိုင်းသို့လည်း စောစီးစွာရောက်ရှိခဲ့၏။

“ ယုံချင်ရွှမ်းယာလည်း မြောက်ကျွန်းကိုသွားချင်တာပဲလား။ ဒါမဆိုးဘူး ”
ထောင့်စွန်းရှိ လီချန်ရှို့က ပါးနပ်စွာ ပြုံးလိုက်သည်။ ထိုကဲ့သို့ အာရုံစိုက်ခံရမှုများသည့်လူနှင့် အတူခရီးသွားရလျှင် သူ့ထံ အာရုံစိုက်မှု ရှိတော့မည် မဟုတ်ပေ။

လန်လင်းအယ်သည် နံဘေးမှနေ၍ လှည့်ပတ်အနံ့ခံနေသည်။ ရုတ်တရက် မရင်းနှီးသောရနံ့တစ်ခုကို ရလိုက်ပြီး လှည့်ကြည့်လိုက်ရာ လီချန်ရှို့၏အပြုံးကို တွေ့လိုက်၏။ တချိန်တည်းမှာပင် အနီရင့်ရင့်နတ်သမီးဂါဝန် ဝတ်ဆင်ထားသည့် မိန်းမပျိုလေး ရှေ့နောက်လျှောက်နေသည်ကို တွေ့လိုက်ရပေသည်။

‘ ဒါပေါ့။ တစ်ခုခု ရှိနေတာပဲ ’
သူမသည် လူအုပ်အတွင်းမှ တီးတိုးဆွေးနွေးနေသံများကို ကြားလိုက်ရသည်။

“ ဂိုဏ်းတူအစ်မရွှမ်းယာက မြောက်ကျွန်းကိုသွားပြီး ဆေးပင်တွေရှာချင်တာထင်တယ် ”

“ ဂိုဏ်းတူအစ်မရွှမ်းယာက မြောက်ကျွန်းကိုသွားမယ်ဆိုရင် ဂိုဏ်းတူအစ်ကို ယွမ်ချင်းလည်း အဲဒီကိုပဲသွားမယ်ထင်တယ် ”

“ အဲဒါက အသိသာကြီးလေ။ ဂိုဏ်းတူအစ်ကိုယွမ်ချင်းက အခုထိ မရွေ့သေးဘူး။ ဂိုဏ်းတူအစ်မရွှမ်းယာ အရင်သွားတာကို စောင့်နေတာလေ ”

“ ရှေ့နောက်ကြည့်ပြောကြ။ ကောင်းကင်ခွင်းတောင်ထိပ်က ပါရမီရှင်တွေကို မင်းတို့အပြစ်လုပ်လို့မရဘူးနော် ”

လေထဲမှနေ၍ ကောအကြီးအကဲသည် လီချန်ရှို့နှင့် လန်လင်းအယ်တို့အား လှမ်းကြည့်လိုက်သည်။ သူသည် ခေါင်းကို ဖြည်းညင်းစွာခါကာ ဆက်လက်အော်လိုက်သည်။

“ မြောက်ကျွန်းရဲ့ အရှေ့တောင်ပိုင်းမှာရှိတဲ့ လွမ့်ကျန့်တောအုပ် ကိုသွားချင်တဲ့သူတွေက ခန်းမထဲကိုသွားပြီး စောင့်နေပါ။ အဲဒီနေရာကအန္တရာယ်များပြီး အထဲမှာ တပည့်တွေ မကြာခဏ ထိခိုက်ဒဏ်ရာရကြတယ်။ မင်းတို့ အနိမ့်ဆုံး ဝိညာဉ်အခြေတည်အဆင့်နဝမမြောက်ကို ရောက်နေမှရမယ် ”

အနီရင့်ရင့်ဂါဝန်ကိုဝတ်ဆင်ထားသည့် မိန်းမပျိုလေးသည် ဇာမဏိမျက်ဝန်းများကို ဖွင့်လိုက်သည်။ ကြမ်းပြင်အား ခြေထိပ်ဖြင့် ထိကာ အားပြုလိုက်သည်။ ရုတ်ချည်းပင် သူမ၏ဂါဝန်များသည် လေပေါ်တွင်ဝဲပျံနေရာ မီးနတ်ပန်းတစ်ပွင့်နှင့် တူနေလေတော့သည်။ လူတိုင်း၏မျက်လုံးများသည် ခန်းမအတွင်း သူမ ပျံသန်းသွားရာ တစ်လျှောက် ငေးမောကြည့်ရှုလိုက်ကြသည်။

သူမ၏နောက်မှ နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးမှုရှိဟန်တူသော ငယ်ရွယ်သည့်ကျင့်ကြံသူတစ်ယောက် လိုက်ပါသွားလေသည်။ သူသည် ကိုယ်ရောင်ကိုယ်ဝါကို လှစ်ဟပြသထားပြီး ဗလာနတ္ထိ ပဉ္စမအဆင့်မှာ ရှိလေသည်။

သူ၏မျက်လုံးများသည် အနီရင့်ရင့်လူရိပ်ထံမှ ခွာခြင်းမရှိပေ။ ထိုလူငယ်သည် အခြားသူများပြောဆိုနေသော ဂိုဏ်းတူအစ်ကို ယွမ်ချင်းပင် ဖြစ်လေသည်။

လီချန်ရှို့သည်လည်း ခန်းမအတွင်းသို့ လျှောက်လှမ်းသွားလိုက်သည်။ ယုံချင်ရွှမ်းယာသည် လူတိုင်း၏အာရုံများကို ဖမ်းစားထားလိုက်ပြီဖြစ်၍ သူလျှောက်သွားသည်ကို မည်သူမျှ သတိပြုလိုက်မိပုံမရပေ။ ထိုအရာက သူ့အား လွန်စွာသက်တောင့်သက်သာ ရှိစေသည်။

သူက ခြေနှစ်လှမ်းသာလှမ်းရသေးချိန်တွင် အမျိုးအမည်မသိသော အေးစက်စက်စက် အငွေ့အသက်များက ကျောရိုးတစ်လျှောက် စီးဆင်းသွားလေသည်။ မကျေနပ်မှုများဖြင့်ပြည့်နေသော မျက်ဝန်းတစ်စုံက သူ၏နောက်ကျောအား စိုက်ကြည့်နေလေသည်။

“ ဆရာတူအစ်ကို ဘာလို့ ရုတ်တရက်ကြီး မြောက်ကျွန်းကိုသွားရတာတုန်း ”

လီချန်ရှို့တစ်ယောက် သူ၏ကျောပြင်အား ဖြတ်သန်းတိုက်ခတ်သွားသည့် အေးစက်စက်လေညင်းတစ်ခုကို ခံစားလိုက်ရသည်။ သူ ရပ်လိုက်ကာ နောက်သို့လှည့်၍ ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
“ အစ်ကို ဆေးပင်တွေသွားယူချင်လို့ ”

“ ဆရာတူအစ်ကို … အိမ်မှာ ဆေးပင်တွေအလုံအလောက် မရှိလို့လား။ အစ်ကိုနော် … ”

“ ချုံတောင်လေးက လင်းအယ်ပါလား ”
ကောင်းကင်ပေါ်မှ အော်သံတစ်သံ ထွက်ပေါ်လာသည်။ အော်လိုက်သူသည် ဆရာတူမောင်နှမကို မျက်မှောင်ကြုတ်၍ ကြည့်နေသော ကောအကြီးအကဲဖြစ်သည် သူက လှမ်းမေးလိုက်သည်။
“ ကြိုတင်ပြင်ဆင်တွေ့ဆုံပွဲမှာ မင်း ပါမှာလား ”

လန်လင်းအယ် ခေါင်းမော့ကာ ပြန်ဖြေလိုက်သည်။
“ ပါမှာပါ ”

လူတိုင်း၏မျက်လုံးများသည် သူမအား ကြည့်နေသည်ဟုခံစားလိုက်ရပြီး ရုတ်တရက် ရှက်သွေးဖြာသွားလေ၏။

မကြာသေးမီကပင် အေးစက်စက်မျက်နှာထားဖြစ်နေသော်လည်း ယခုတွင်မူ လွန်စွာနွေးထွေးသောမျက်နှာထားဖြစ်နေပေပြီ။ သူမကား မျက်နှာထားကို ခပ်သွက်သွက် ပြောင်းလဲရာတွင် ပါရမီပါခဲ့သည်ဟုပင် ဆိုနိုင်သည်။

လန်လင်းအယ်က ကမန်းကတမ်း ပြောလိုက်သည်။
“ အကြီးအကဲကို ကျမ စိတ်ပူအောင်လုပ်မိပြီ။ ကျမရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်တော့ ဘယ်သွားရမယ်မှန်း မဆုံးဖြတ်နိုင်လို့ပါ။ ဂိုဏ်းတူအစ်ကိုအစ်မတွေနဲ့ပဲ အရှေ့ပင်လယ်ကမ်းခြေကိုလိုက်သွားဖို့ ကျမ ဆုံးဖြတ်လိုက်ပါပြီ ”

ကောအကြီးအကဲက ခေါင်းညိတ်လိုက်ပြီး နွေးထွေးသောအသံဖြင့် ဆိုသည်
“ နေရာယူတော့။ အချိန်အခါကောင်း သွားမှဖြစ်မယ်လေ ”

“ ဟုတ်ကဲ့ရှင့် ”
လန်လင်းအယ်က သက်ပြင်းချလိုက်ပြီး ဆရာတူအစ်ကိုအားရှာရန် လှည့်ကြည့်လိုက်သည်။ သို့သော်လည်း ဆရာတူအစ်ကို၏ အရိပ်အယောင် တစိုးတစိမျှ မတွေ့ရတော့ပေ။

“ အစ်ကိုကတော့ တကယ်ကိုပဲ ဘာလို့အန္တရာယ်များတဲ့နေရာကို သွားချင်ရတာလဲမသိဘူး ”
သူမသည် နှုတ်ခမ်းစူကာ လေသံတိုးတိုးဖြင့် မကျေမနပ် ရေရွတ်လိုက်သည်။
“ ညီမလေးကိုတောင် ဂရုစိုက်သွားဖို့ ပြောမသွားဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ဂရုစိုက်တော့ ကိုကို ငတုံးကြီး ”

လန်လင်းအယ် မျက်နှာပြန်လှည့်လိုက်ချိန်တွင် ပုံမှန်မျက်နှာထားဖြစ်နေပေပြီ။ သူမသည် အပြုံးများဖြင့် ကြိုဆိုနေသော တောင်ပေါင်းစုံမှ ချောမောခန့်ညားသည့် ယောက်ျားပျိုများဆီသို့ လျှောက်သွားလိုက်လေသည်။

ခန်းမအတွင်း ထောင့်နားတွင်ရပ်နေသော လီချန်ရှို့အပေါ်သို့ ဆယ်စုံမကသော မျက်ဝန်းအကြည့်များ ကျရောက်လာ၏။ ထိုအထဲမှ အများစုသည် မယုံသင်္ကာမှုများနှင့် ပြည့်နေသည်။ သူတို့သည် လီချန်ရှို့ မည်သူမည်ဝါဖြစ်သည်ကို မသိကြပေ။

လီချန်ရှို့သည် တိတ်တဆိတ်ပင် သူ၏ကိုယ်ရောင်ကိုယ်ဝါကို လှစ်ဟဖော်ပြလိုက်သည်။

သူသည် ဝိညာဉ်အခြေတည်အဆင့် နဝမမြောက်တွင် ရှိနေသည်။ သူသည် လိုက်ပါခွင့်ရသည်ဆိုရုံမျှအဆင့်သာရှိပြီး ယခုမျိုးဆက်အတွင်း သာမန်အဖြစ်သာ သူ့ကို ယူဆထားကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset