Switch Mode

အခန်း ( ၃၀၈ )

ယင်/ယန် ကျီးကန်းများ

မန္တန်အစီအရင်မျက်နှာပြင်ပေါ်တွင် အားပြင်းသော တုန်ခါမှုကြီးများ ထွက်ပေါ်လာသည်။ ကောင်းကင်ချိုဓားကြီးက ၎င်းအစီအရင်ကို ရိုက်ခတ်သွားသောအခါ မျက်စိကျိန်းစရာကောင်းသော ငွေရောင် အလင်းတန်းများထွက်ပေါ်လာပြီး ဒိုင်းကာကြီးမှာ ရှုံ့တွနေတော့သည်။ မန္တန်အစီအရင်တစ်ခုလုံးမှာ ဒယီးဒယိုင်ဖြစ်နေပြီး ပြိုမကွဲသေးပါသော်လည်း စိတ်စွမ်းအင်များစွာ ကုန်ခန်းသွားသည်မှာ အသိအသာပင်။

တချိန်ထဲမှာပင် စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ခေါင်းဆောင်ကြီးများနှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများမှာ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများစွာနှင့် ပူးပေါင်းကာ စွမ်းအားကြီးတိုက်ကွက်များ ထုတ်လိုက်ကြသည်။

ဒေါသထွက်နေသည့် ပိုင်ရှောင်ချန်းမှာလည်း ရှေ့သို့ တဟုန်ထိုးသွားကာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို စွမ်းအင်အပြည့်ပေးရန် သွေးချီများကို ဆက်တိုက်ထုတ်လွှတ်နေတော့သည်။ ဘရူဆာမှာလည်း သူ၏ဘေးတွင်ပါလာပြီး သူ့နည်းတူပင် ဒေါသထွက်နေသည်။ သူက အော်ဟစ်ရင်း သားရဲဘုရင်၏ အငွေ့အသက်များကိုထုတ်နေသဖြင့် မရေမတွက်နိုင်သော သားရဲများမှာ ရူးသွပ်သွားကြသည့်အလား မန္တန်အစီအရင်ကို တိုက်ခိုက်နေကြတော့သည်။

ဂါဂိုလီများ၊ သန့်စင်ထားသည့်ရုပ်အလောင်းများ၊ သွေးဓားများနှင့် ခရမ်းရောင်ဒယ်စောက်အိုးများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ ထို့နောက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ နဝမမြောက်တောင်ထိပ်ကြီး ပေါ်ထွက်လာပြီး အရာအားလုံးမှာ အပြင်းအထန် တုန်ခါနေကြတော့သည်။ တောင်တန်းကြီးများမှာ အက်ကွဲပြီး တဝုန်းဝုန်း ပြိုကျလာတော့သည်။

သွေးတိမ်တိုက်များမှာ ပျံ့နှံ့သွားသဖြင့် တောင်တန်းကြီးများနှင့် မြို့တော်ကြီးမှာ အနီရောင်များလွှမ်းနေတော့သည်။ တောင်တန်း၏ အခြားတစ်ဖက်တွင် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ လက်ကျန်တပ်သားများမှာလည်း အားအင်အပြည့်ဖြင့် တိုက်ခိုက်နေကြသဖြင့် မန္တန်အစီအရင်၏ နောက်ဘက်အပိုင်းမှာ ပျက်စီးတော့မည့်အနေအထားသို့ ရောက်နေတော့သည်။

ဤအချက်များကြောင့် မန္တန်အစီအရင်ကြီးမှာ ကြာကြာ ထိန်းမထားနိုင်တော့ချေ။ မပြိုကွဲအောင် ထိန်းသိမ်းရန် ၎င်း၏ အရွယ်အစားကို လျှော့ချမှသာ ရမည်ဖြစ်သည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှအဓိက ခေါင်းဆောင်ကြီး၏ မျက်နှာမှာ တင်းမာနေသည်။ ပိုင်ရှောင်ချန်း စောစောက ကြုံတွေ့လိုက်ရသော အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ဖြစ်ရပ်ကြီးကြောင့် သူက စိုးရိမ်စိတ်များကြီးထွားလာပြီး ဒေါသများလည်း ထွက်လာတော့သည်။
” ဆန်းကြယ်နတ်ရေစင်ဂိုဏ်း…. မင်းတို့ရဲ့ သီးသန့်စွမ်းအင်အစစ် ထုတ်သုံးတာကို ထိုင်စောင့်နေဖို့ ငါစိတ်ကူးမရှိဘူးဟေ့။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ သီးသန့်စွမ်းအင်ကို မင်းတို့ တောင့်ခံရဲမလားဆိုတာ ကြည့်ရအောင်ဟေ့။”

အဓိက ခေါင်းဆောင်ကြီးမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ယင်ယန်ဝိညာဥ်အဆင့်တွင်ရှိသည့် တစ်ဦးထဲသော ကျင့်ကြံသူဖြစ်သည်။ သူ၏ အမျက်ဒေါသကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း တည်ထောင်သူ ခေါင်းဆောင်ကြီးနှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ခေါင်းဆောင်ကြီး ချီဟွမ် တို့သာလျှင် ရင်ဆိုင်နိုင်သည်။

သူတို့အားလုံးမှာ ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ အခြား ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူအားလုံးထက် ပို၍ စွမ်းအားကြီးသည်။

အဓိက ခေါင်းဆောင်ကြီးမှာ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ၏ လက်ချောင်းကို ကောင်းကင်သို့ ထိုးလိုက်သည်။ ကောင်းကင်ဘုံမှ မိုးခြိမ်းသံများကဲ့သို့သော အသံကြီးတစ်သံထွက်ပေါ်လာပြီးနောက် သူက အော်ပြောလိုက်သည်။
” ညသွေးစီးကြောင်း ပုံတူအရုပ်။”

သူ၏ ပါးစပ်မှ ထိုစကားသံများထွက်လာသည့်အခါ ကောင်းကင်ကြီးမှာ တုန်ရီလာပြီး အနီရောင် လျှပ်စီးတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းက ကောင်းကင်ယံတွင် လျှပ်ပြေးနေရင်း ကြီးမားသည့် အက်ကွဲကြောင်းကြီးတစ်ခုပေါ်ပေါက်လာတော့သည်။ ထိုအက်ကွဲကြောင်းကြီးထဲတွင် နီမြန်းနေသည့်မျက်ဝန်းများရှိသော ထူးဆန်းလှသည့် စာခြောက်ရုပ်တစ်ခု ပေါ်ထွက်လာသည်။

ထို ကြောက်မက်ဖွယ် စာခြောက်ရုပ်ကြီးထံမှ ရက်စက်ကြမ်းကြုတ်ဖွယ် ရယ်မောသံများ ပဲ့တင်ထွက်လာသည်။ ၎င်း၏ လက်တစ်ဖက်ထဲတွင် အရေပြားတစ်ချပ်ကို ကိုင်ထားပြီး အခြားတစ်ဖက်ထဲတွင် ချိန်ခွင်တစ်ခုကို ကိုင်ဆောင်ထားသည်။ ၎င်းပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ပြင်းထန်လှသော ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခုမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပြည့်နှက်နေတော့သည်။ ထိုဖိအားတစ်ခုထဲနှင့်ပင် မန္တန်အစီအရင်ကြီးမှာ ပြိုကွဲတော့မည့်အလား တဆတ်ဆတ် တုန်ခါလာသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ မှင်တက်သွားကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ထူးဆန်းသည့် အလင်းရောင်များ တောက်ပလာတော့သည်။ ထို စာခြောက်ရုပ်ကြီးမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သီးသန့်စွမ်းအား အစစ်အမှန် ဖြစ်သည်။

သီးသန့်စွမ်းအားများမှာ ဂိုဏ်းတိုင်း၏ အခြေခံအုတ်မြစ်များဖြစ်သည်။

ကောင်းကင်ယံတွင် မရေမတွက်နိုင်သော အနီရောင် လျှပ်စီးများ တလက်လက်ထလာသောအခါ စာခြောက်ရုပ်ကြီးမှာ ရုတ်တရက်ပျောက်ကွယ်သွားသည်။ ၎င်းပြန်ပေါ်လာသည့်အခါတွင် ၎င်းမှာ မန္တန်အစီအရင်၏ အပြင်ဘက်နားသို့ရောက်နေပြီဖြစ်သည်။ ထိုနေရာတွင် ၎င်းက လက်ကိုမြှောက်လိုက်သည်။ ထိုအခါ ချိန်ခွင်ကြီးက တိုင်းတာ၍မရအောင် ကြီးမားသွားပြီး အလေးတုံးတင်သည့် ဗန်းထဲတွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။

အနီးကပ်ကြည့်ရှုလိုက်ပါက ထိုပုံရိပ်မှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ မြို့တော်ကိုတည်ဆောက်ထားသည့် တောင်တန်းများဖြစ်ကြောင်း သိနိုင်သည်။

ထို့နောက် ထိုချိန်ခွင်ကြီးမှာ တောင်တန်းများအရေးကြီးပုံ နှင့် မြို့တော်၏ အရေးပါမှုကို အလေးချိန်နေသည့်အလား ရွေ့လျားသွားသည်။

ထိုအခါ မြေကြီးမှာ လှုပ်ခါသွားပြီး တောင်တန်းကြီးများမှာ တုန်ရီလာတော့သည်။ မြို့တော်ကြီးမှာလည်း ရှေ့နောက် ခါယမ်းနေသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ၎င်းပေါ်သို့ ဖိချနေသည့်အလား မန္တန်အစီအရင်ဒိုင်းကာပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။

အလေးချိန်တိုင်းသည့် ဖြစ်ရပ်ပြီးဆုံးသွားသောအခါတွင်မူ တောင်တန်းများနှင့် မြို့တော်မှာ ပြာအဖြစ်သို့ ရောက်နေမည်သာ ဖြစ်သည်။

ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်သည်။ ထူးဆန်းလှသည့် ရုပ်သေးရုပ်ပုံကြီးနှင့် တောင်တန်းများ၊ မြို့တော်များ လှုပ်ခါယမ်းနေမှုတို့ကို မြင်လိုက်ရသောအခါ ဤသို့သော စွမ်းအားရှိသည့် သီးသန့်စွမ်းအားများကို ခေါင်းဆောင်ကြီးများပင် ရင်မဆိုင်နိုင်ကြောင်း သိလိုက်သည်။

” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ သီးသန့်စွမ်းအင် အစစ်အမှန်ကရော ဘာပါလိမ့်။ ”
သူ က တွေးတောနေသည်။ သူ၏ စိတ်များမှာ ကယောင်ခြောက်ခြားဖြစ်နေသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း ခေါင်းဆောင်ကြီးများ၏ မျက်နှာပေါ်တွင် အလွန်တရာ စိုးရိမ်နေသည့် အမူအရာများ ပေါ်လာတော့သည်။ ခေါင်းဆောင်ကြီး ချီဟွမ် ၏ မျက်ဝန်းများမှာ အရောင်လက်သွားပြီး သူက ရုတ်တရက် သူ၏ ညာလက်ကို ဆန့်ထုတ်ကာ မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။

ထိုအခါထွက်ပေါ်လာသည့် အုန်းခနဲမည်သံကြီးကြောင့် အရာအားလုံးမှာ တုန်ခါသွားသည်။ မရေမတွက်နိုင်သည့် ကျောက်တုံးများနှင့် ကျောက်ခဲများမှာ လေပေါ်သို့မြောက်တက်သွားပြီး မြို့တော်၏ အလယ်တည့်တည့်ရှိ ရင်ပြင်ထဲတွင် စင်တစ်ခုပေါ်လာသည်။

” ဂုဏ်အရှိန်အဝါ အာကာသ အမွှေးတိုင်။”
ခေါင်းဆောင်ကြီး ချီဟွမ် က အော်ဟစ်လိုက်သည်။ တချိန်ထဲမှာပင် လက်မအရွယ်အစားရှိသော အနက်ရောင် အမွှေးတိုင်တစ်ချောင်းမှာ ထိုစင်၏ မျက်နှာပြင်ပေါ်တွင် ပေါ်ထွက်လာသည်။

၎င်းအမွှေးတိုင်မှာ နှစ်ပေါင်းများစွာ ကျော်ဖြတ်ပြီးသည့်အလား အံ့သြဖွယ်ကောင်းလောက်အောင် ရှေးကျသည့် အငွေ့အသက်များ ထုတ်လွှတ်နေသည်။ ထို့အပြင် အရင်တုံးက အကြိမ်ပေါင်းများစွာ မီးညှိခံခဲ့ရသဖြင့် ယခုတွင် အနည်းငယ်သာကျန်ရှိတော့သည်။

၎င်းပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ချက်ချင်းလောင်ကျွမ်းသွားပြီး သိမ်မွေ့နူးညံ့သော အစိမ်းရောင် မီးခိုးစီးကြောင်းများကို မန္တန်အစီအရင်အပြင်ဘက်သို့ ထုတ်လွှတ်နေတော့သည်။ ထို့နောက် ထိုမီးခိုးများက ပုံရိပ်တစ်ခုအသွင် ပြောင်းလဲသွားသည်။

ချက်ချင်းပင် စာခြောက်ရုပ်၏ အနီရောင်မျက်ဝန်းများမှာ ယခင်ကထက်ပင် ပို၍လင်းလက်စွာ တောက်ပလာသည်။ ခဏအကြာတွင် အစိမ်းရောင်မီးခိုးငွေ့ထဲမှ ပုံရိပ်ကြီးမှာ ကျင့်ကြံသူတစ်ယောက်အသွင် ပြောင်းလဲသွားသည်။

ထိုသူမှာ သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်ပြီး တာအိုဝတ်ရုံနှင့် တာအို ခေါင်းစွပ်တို့ကို ဆင်မြန်းထားသည်။ သူသည် သာလွန်ထူးကဲလှသည့် သက်ရှိတစ်ဦးပုံစံပေါ်နေပြီး လူသားကမ္ဘာကို ကျော်လွန်နေသည့်အလား ကျက်သရေအပေါင်းနှင့် ပြည့်စုံလွန်းလှသည်။ သူ့ဆီမှ ပေါ်ထွက်နေသည့် အငွေ့အသက်နှင့် စွမ်းအင်များအရ သူသည် ကောင်းကင်၊ ကမ္ဘာမြေကြီးတို့နှင့် ပေါင်းစည်းထားသကဲ့သို့ ဖြစ်နေသည်။ ချက်ချင်းပင် ကောင်းကင်ယံရှိ သွေးတိမ်တိုက်များမှာ ကယက်ထလာပြီး နဝမမြောက် တောင်ထိပ်မှာ စတင်တုန်ခါလာတော့သည်။

ထို့နောက် ထို သက်လတ်ပိုင်းကျင့်ကြံသူက သူ၏ လက်ကို ဝှေ့ယမ်းလိုက်သောအခါ အရာအားလုံးမှာ ရှုံ့တွလာတော့သည်။ ချိန်ခွင်ကြီးမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီ အလေးချိန်တိုင်းသည့် အလုပ်ကို ဆက်လုပ်၍ မရနိုင်တော့ချေ။ လူတိုင်းမှာ လုံးဝ အံ့သြမှင်တက်နေကြသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီး၏ မျက်လုံးများမှာ လင်းလက်တောက်ပလာသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ သီးသန့်စွမ်းအင်မှာ တမူထူးခြားကြောင်းကို သူကသိထားသဖြင့် ယခုတွင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရသောအခါ သူအရင်က ကြားဖူးခဲ့သည့် ဇာတ်လမ်းများကို အမှတ်ရသွားတော့သည်။ ထို့နောက် ချက်ချင်းပင် အမှန်တရားကို သိရှိသွားတော့သည်။
” နတ်ဘုရားအဆင့် စွမ်းအားပါလား။ ”

ပိုင်ရှောင်ချန်းမှာ စိတ်နှလုံး လှုပ်ရှားနေတော့သည်။ မီးခိုးများထဲမှ ထွက်ပေါ်လာသည့် လူကိုသူက ကြည့်မိလိုက်သောအခါ သူ့ထံမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ဖိအားကြီးကို ခံစားလိုက်ရသည်။ အနည်းငယ်ကြာသောအခါ ထိုလူကို ကြည့်ရုံပင်ကြည့်ရသေးပါသော်လည်း သူ၏မျက်လုံးများမှာ နာကျင်လာပြီး သူ၏ စိတ်များမှာ ကယောင်ခြောက်ခြားဖြစ်လာကြောင်း သတိထားမိလိုက်သည်။

သူ၏အမြင်အာရုံထဲတွင် ထိုလူမှာ ကောင်းကင်ကြီး၏နေရာကို အစားထိုးဝင်ရောက်သွားပြီး ထိုလူကိုယ်တိုင်မှာ နတ်ဘုရား၏ အမျက်ဒေါသများအလားပင် ဖြစ်နေတော့သည်။

စာခြောက်ရုပ် ၏ မျက်ဝန်းများထဲတွင် အနီရောင်များ တောက်ပစွာလင်းလက်လာသည်။ ကြောက်မက်ဖွယ်အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီးနောက် ၎င်း၏ ဘယ်ဖက်လက်ထဲရှိ အရေပြားကို သူ၏ ခန္ဓာကိုယ်ပေါ်တွင် အုပ်မိုးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ထိုစာခြောက်ရုပ်မှာ ကလေးတစ်ယောက်အသွင်ပြောင်းလဲသွားပြီး ပါးစပ်ကြီးကို ကြောက်မက်ဖွယ်ဟကာ ထို အသက်လတ်ပိုင်း လူထံသို့ ခုန်အုပ်လိုက်တော့သည်။ ဤသို့ ထိပ်ဆုံးအဆင့် သီးသန့်စွမ်းအင်နှစ်ခု အကြား တိုက်ပွဲကြီးကြောင့် ကောင်းကင်အောက်ဖက်ရှိ အရာအာလုံးမှာ ပြင်းထန်စွာ တုန်ခါနေကြတော့သည်။

ကောင်းကင်ယံတွင် အလင်းရောင်များစွာ တလက်လက်ထနေကာ လေပြင်းကြီးတစ်ခုတိုက်ခတ်လာပြီး မိုးခြိမ်းသံများ တဂျုန်းဂျုန်း ထွက်ပေါ်လာသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးမှာ တွေဝေမနေပဲ မန္တန်လက်ကွက်တစ်ခု ထုတ်ဖော်လိုက်ပြီး သူ၏ လက်ကို အပေါ်ဖက်သို့ ဝှေ့ယမ်းလိုက်သည်။

” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ယန်ကျီးကန်း ”

ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီး၏ အသံနှင့်အတူ တဂျုန်းဂျုန်းမြည်သံများ ပေါ်ထွက်လာသည်။ လက်ကြီးနှစ်ဖက်မှာ ကောင်းကင်ကြီးကို ဆုတ်ဖြဲကာ အခြားတစ်ဖက်တွင်ရှိသော တောက်ပကြည်လင်နေသည့် တိမ်တိုက်များကို ဖော်ထုတ်လိုနေသည့် အလားဖြစ်နေတော့သည်။ ထိုနေရာတွင် ကြောက်မက်တုန်လှုပ်ဖွယ်ကောင်းလှသည့် အဖြူရောင်နေမင်းကြီးတစ်လုံးကို မြင်နိုင်ပေသည်။

ထိုအဖြူရောင် နေမင်းကြီးထဲတွင် အနက်ရောင် ကျီးကန်းတစ်ကောင်ရှိသည်။ ထိုကျီးကန်း၏ မျက်လုံးများမှာ ပွင့်လာပြီးနောက် မျက်စိကျိန်းလောက်သည့် အလင်းတန်းများကို ထုတ်လွှတ်နေတော့သည်။ ထို့နောက် နားစည်များပင်ကွဲလောက်သည့် ကျီးအာသံများ ပေါ်ထွက်လာသည်။

ထိုကျီးကန်းထံမှ အခိုးအငွေ့များပင် ထွက်လာကာ ၎င်းက အသက်ပြင်းပြင်းရှူလိုက်ပြီး အဖြူရောင်နေမင်းကြီးကို အပြီးတိုင် စုပ်ယူလိုက်တော့သည်။ ထို့နောက် ၎င်းက ကြယ်ပျံတစ်စင်းအလား အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ မန္တန်အစီအရင် ဒိုင်းကာဆီသို့ ဦးတည်သွားတော့သည်။

” ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း။ မင်းတို့ရဲ့ သီးသန့်စွမ်းအင်ကို ထုတ်လိုက်တော့။”
ခေါင်းဆောင်ကြီး ချီဟွမ်က ကြမ်းကြုတ်သည့် အမူအရာဖြင့် အော်ပြောလိုက်သည်။ ချက်ချင်းပင် ယခင်က ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်သည့် မြို့ထဲတွင် ပိတ်မိနေသော ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကျင့်ကြံသူတစ်ယောက်က အံကြိတ်လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

အရာရာတိုင်းကို တဂျုန်းဂျုန်းမြည်သံများက ဖုံးလွှမ်းသွားပြီးနောက် အဖြူရောင်နေမင်းကြီး ပေါ်ထွက်လာခဲ့သည့် တစ်နေရာထဲတွင် ကောင်းကင်ကြီးမှာ နောက်တစ်ခေါက် ပွင့်ထွက်သွားပြန်သည်။ သို့သော်လည်း ဤအချိန်တွင် ပေါ်ပေါက်လာသည်မှာ ယခင်ကနှင့် လုံးဝပြောင်းပြန်ဖြစ်သည်။ အနက်ရောင် နေမင်းကြီးတစ်လုံး ပေါ်ထွက်လာခြင်းဖြစ်သည်။

ထို အနက်ရောင်နေမင်းကြီး ပေါ်ထွက်လာသည်နှင့် တပြိုင်နက် အောက်ဖက်ရှိ အရာအားလုံးကို အမှောင်ထုကြီးက ဖုံးလွှမ်းသွားသည်။ အထူးဆန်းဆုံးသောအရာမှာ အနက်ရောင်နေမင်းကြီးထဲတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကျီးကန်းနှင့် တစ်ပုံစံထဲနီးပါး ဆင်တူသည့် ငှက်တစ်ကောင် ရှိနေခြင်းဖြစ်သည်။

သို့သော်လည်း ဤ ကျီးကန်းမှာ အဖြူရောင်ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ကျင့်ကြံသူအားလုံးမှာ မှင်တက်နေကြသည်။ အများစု၏ မျက်လုံးများမှာ ပန်းကန်ပြားများအလား ပြူးကျယ်နေကြသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့၏ သီးသန့်စွမ်းအင်များမှာ အလွန်ဆင်တူနေသဖြင့် ထိုဂိုဏ်းနှစ်ဂိုဏ်းမှာ တစ်နည်းနည်းနှင့် ဆက်နွှယ်နေမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ အဖြူရောင်ကျီးကန်းကြီးက ပါးစပ်ဟကာ အနက်ရောင်နေမင်းကြီးအား ဝါးမြိုလိုက်သည်ကို ကြည့်ရင်း မျက်လုံးများ ပြူးနေတော့သည်။ ထို့နောက် ၎င်းမှာ ကမ္ဘာ့ရန်သူတစ်ယောက်ကို တွေ့လိုက်ရသည့်အလား မျက်ဝန်းများထဲတွင် အမုန်းတရားများတောက်ပလာပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အနက်ရောင် ကျီးကန်းကြီးထံသို့ ပျံသန်းသွားတော့သည်။ ထိုကျီးကန်းနှစ်ကောင် တိုက်မိသွားသောအခါ အုန်းခနဲအသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုနေရာတစ်ဝိုက်လုံးရှိ အရာအားလုံးမှာ တုန်ရီနေတော့သည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အဓိက ခေါင်းဆောင်ကြီးမှာ သူကြားဖူးခဲ့သည့် ကောလာဟလတစ်ခုကို ရုတ်တရက် ပြန်တွေးမိသွားတော့သည်။
” ယင်-ယန် ကျီးကန်းတွေပါလား။”

လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းခန့်က အောက်ပိုင်းဒေသကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း တိုက်ခိုက်ခဲ့စဥ် သူတို့ထံတွင် သီးသန့်စွမ်းအင် တစ်ခုပင်မရှိခဲ့ချေ။ နောက်ပိုင်းတွင် သူတို့က ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့လိုက်သောအခါမှ ဝိညာဥ်ရတနာတစ်ခုကို ပိုင်ဆိုင်ခဲ့သည်။

” ဘာပဲဖြစ်ဖြစ်။ ဒီတိုက်ပွဲက ပြီးတော့မှာပါ။ ”
အဓိက ခေါင်းဆောင်ကြီးက တွေးလိုက်သည်။
” ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှာ တတိယမြောက် သီးသန့်စွမ်းအင် ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ပင်မ ခေါင်းဆောင်ကြီးက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း တည်ထောင်သူ ခေါင်းဆောင်ကြီးနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြလိုက်သည်။

အမှန်မှာ ဤကဲ့သို့သော ကြီးမားသည့်တိုက်ကွက်မျိုးကို သူတို့နှစ်ယောက်မှာ စောစောထဲက ထုတ်နိုင်သည်။ သို့သော်လည်း သူတို့က အချိန်ဆွဲကာ စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ကို ပူးပေါင်းတိုက်ခိုက်နိုင်ရန် အခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။ တချိန်ထဲမှာပင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ စိတ်ဓာတ်များကိုလည်း သူတို့က ရိုက်ချိုးနိုင်လေသည်။ သူတို့၏ ပန်းတိုင်မှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို အမြစ်ဖြုတ်သုတ်သင်ရန်မဟုတ်ပဲ သူတို့၏ အင်အားကို စုပ်ယူရန်ဖြစ်သည် မဟုတ်ပါလော။

ယခုတွင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက သူတို့၏ သီးသန့်စွမ်းအင် အစစ်အမှန်ကို ထုတ်ဖော်ပြလိုက်ပြီဖြစ်ရာ ဤစစ်ပွဲတွင် တုံ့ဆိုင်းနေရန် မကျန်တော့ချေ။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း တည်ထောင်သူ ခေါင်းဆောင်ကြီးက သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းကာ ရေခဲတမျှ အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။
” ဆန်းကြယ်နတ်ရေစင်ဂိုဏ်း ။ မင်းတို့ အရှုံးပေးပြီလား။”


Comment

Leave a Reply

Options

not work with dark mode
Reset