Switch Mode

အခန်း ( ၃၀၇ )

ပစ်မှတ်က..ပိုင်ရှောင်ချန်း

” ဒီတော့ ဒါက စိတ်စွမ်းအင်အဆင့်ဆယ်ဆမြှင့်တင်ခြင်းရဲ့ ကြောက်ခမန်းလိလိအစွမ်းပေါ့ ” ဆန်းကြယ်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးများမှာ မြင်နေရသည်ကို မယုံကြည်နိုင်ဖြစ်နေကြပြီး လုံးဝတုန်လှုပ်နေကြသည်။ သူတို့ပင် ထိုသို့ဖြစ်ပျက်သွားလျှင် အံသြမှုအပေါင်းလွှမ်းခြုံနေသော ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ရွှေအမြုတေအဆင့်ကျင့်ကြံသူအပေါင်းမှာဆိုဖွယ်ရာ မရှိတော့ပြီ။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများပင် ခေါင်းများချာချာလည်သွားသည့်အလား ခံစားလိုက်ရသည်။ ခေါင်းဆောင်ကြီးများမှာမူ ကောင်းကင်ချိုဓားက အထူးသတိထားရမည့်အရာတစ်ခုဖြစ်ကြောင်း ယခင်က သိခဲ့သော်လည်း ၄င်းက မည်မျှအစွမ်းထက်သည်ကို သူတို့မျက်စိဖြင့်တပ်အပ်မြင်လိုက်ရခြင်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏သေင်္ကတ ဓားမြတ်အား သူတို့လျော့တွက်ခဲ့မိကြောင်းဝန်ခံရန် တိုက်တွန်းနေတော့သည်။

” စိတ်စွမ်းအင်အဆင့်ဆယ်ဆမြှင့်တင်ခြင်းရဲ့ ဒဏ္ဍာရီတွေက မှန်တဲ့ပုံပဲကွ” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အဓိကခေါင်းဆောင်ကြီးကပြောသည်။
” စိတ်စွမ်းအင်အဆင့်ဆယ်ဆမြှင့်တင်ခြင်းတစ်ခုက အံ့မခန်းပြောင်းလဲမှုတွေကို လုပ်ပေးနိုင်တယ်။.. တကယ်တော့ ဒါက ဝိညာဥ်ရတနာစစ်စစ်ရဲ့ အစပိုင်းပဲ ရှိသေးတယ် ”

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း နှင့် မဟာမိတ်ဖွဲ့ပြီးနောက် သူတို့က အင်အားအစစ်အမှန်အားလျှိုထားရာတွင်ကျွမ်းကျင်လှကြောင်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက် ကွက်ကွက်ကွင်းကွင်းထင်ရှားလာ၏။ သူတို့က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို မယှဉ်နိုင်သေးသော်လည်း အကယ်၍စစ်ပွဲတကယ်ဖြစ်ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကနောက်ဆုံးအနိုင်ရသွားလျှင်ပင် သူတို့မှာ အကြီးအကျယ်ပေးဆပ်ရလိမ့်မည်ဖြစ်သည်။ အမှန်တွင် သူတို့အနေဖြင့် အလယ်ပိုင်းဒေသသို့ ဝင်ရောက်ရန် အခွင့်အရေးများကိုပင် ဆုံးရှုံးရနိုင်လေသည်။

ထို့အပြင် သူတို့ထိုသို့ဝင်ရောက်ရန်အခွင့်အရေးရလျှင်ပင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက သူတို့ကိုကျော်သွားနိုင်ပြီး လက်ရှိအခြေအနေမှာ ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။

လူတိုင်းက ကောင်းကင်ချိုဓားနှင့် ပိတုန်းနက်ကြီးအကြားရှိ တိုက်ပွဲကို ဝိုင်းကြည့်နေကြလေသည်။ မြို့တံတိုင်းပေါ်ရှိလူများမှာ ပိုဆိုးလေသည်။ အမှန်အားဖြင့် ပိတုန်းနက်ကြီးဘေးပတ်လည်ရှိပတ်ဝန်းကျင်ကို ကာရံထားသောတံတိုင်းများမှထွက်ပေါ်နေသည့် စိတ်စွမ်းအင်အငွေ့အသက် တစ်ခုရှိလေသည်။

ကောင်းကင်ချိုဓားက လေထဲသို့ပြန်လည်မြောက်တက်သွားသောကြောင့် ပိတုန်းနက်ကြီး၏နှစ်ပိုင်းပြတ်မှာ ဘေးတစ်ဖက်တစ်ချက်စီသို့ ပြိုကျသွားပြီး စစ်မြေပြင်တစ်ခွင်လုံး အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွားကြလေသည်။ သို့သော်လည်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်သားအကုန်လုံးက မိုးကြိုးအလား ကျယ်လောင်စွာ တခဲနက် သြဘာပေးလိုက်ကြသည်။

သိသာထင်ရှားစွာပင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူတို့မှာ သူတို့ဂိုဏ်း၏အဖိုးထိုက်ရတနာ ပိတုန်းနက်ကြီး နှစ်ပိုင်းပိုင်းခံလိုက်သည်ကို ကြည့်နေကြရသည်။ မည်းညစ်ညစ်သွေးများက အရပ်မျက်နှာတစ်ခွင် စီးကျလာသောကြောင့် တုန်လှုပ်နေသော ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူတို့မှာ ဖြည်းဖြည်းချင်းခေါင်းငုံ့လာကြသည်။ သူတို့ထဲမှအများစုမှာ ယခင်ထက်အတွေးလွန်နေကြလေပြီ။

ထို့နောက်တွင် လူများက ပိတုန်းနက်ကြီး၏အလောင်းအတွင်းထဲရှိ အလွန်ထူးဆန်းပုံပေါ်သော သလင်းကျောက်ကို သတိပြုမိလိုက်ပြီး ထိုအရာကို လူအတော်များများ ဝိုင်းကြည့်လာကြတော့သည်။

သို့သော်လည်း သလင်းကျောက်မှ ပို၍ဆွဲဆောင်နေသည်မှာ မျက်လုံးပြူးကာစိုက်ကြည့်နေကြသည့် တိုက်ပွဲဝင်သားရဲများပင်ဖြစ်သည်။

“သားရဲဘုရင် သလင်းကျောက်” သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အဓိကခေါင်းဆောင်ကြီးက ပြောလိုက်သည်။ သို့သော်လည်း သူ၏မျက်လုံးများမှာ ရိပ်ခနဲလှုပ်ရှားသွားပြီးနောက် မျက်နှာပျက်သွားတော့သည်။
“နေဦး။ မဟုတ်ဘူး။ ဒါကအတုကြီးပဲ”

သို့သော်လည်း ထိုစကားလုံးတို့သူ့ပါးစပ်မှ ထွက်သွားလျှင် ခပ်သေးသေးပုံရိပ်တစ်ခုက လူတိုင်းရှေ့တွင်ပေါ်လာ၏။ ၄င်းက လက်ဝါးအရွယ်ထိကျုံ့သွားခဲ့သည့် ဘရူဆာဖြစ်ပြီး ပိတုန်းနက်ကြီး၏ အလောင်းထံ အံသြစရာကောင်းသောအရှိန်ဖြင့် ပျံသန်းသွားနေလေသည်။

သူ၏မျက်လုံးတို့မှာ တောင့်တမှုများနှင့် ရူးသွပ်လုနီးပါး တလက်လက်တောက်ပနေပြီး သူက အလွန်တရာလျင်မြန်စွာရွေ့လျားနေသဖြင့် ရောင်စုံဝါးဝါးတားတားပုံရိပ်တစ်ခုထက်မပိုတော့ပေ။ ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး ရုတ်တရက် ဤအခြေအနေနှင့်ပတ်သက်ပြီးတစ်ခုခုမှားနေသည်ဟု သတိပြုမိခြင်းနှင့်အတူ သူ စိတ်ဖိစီးသွားလေသည်။ မည်သို့မှ သူ မလုပ်နိုင်လိုက်ခင်…

တဝီဝီမြည်သံများ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ မြို့တံတိုင်းများဆီမှ လွင့်ပျံလာနေသည်။ အသံများက ချက်ချင်းပင် နားစည်ကွဲမတတ် ဆူညံလာပြီး လူတိုင်းရင်မှာ လှုပ်ခတ်သွားသည်။

ထို့နောက် အမည်းရောင်မြားတစ်ခုကို မြင်လိုက်ရသည်။ မျက်စိတစ်မှိတ်တွင်းမှာပင် ၄င်းက မြို့တော်မှ ထွက်ပေါ်လာကာ ပိတုန်းနက်ကြီးဆီသို့ မယုံကြယ်နိုင်ဖွယ်အရှိန်ဖြင့် တဟုန်ထိုးပျံလာ၏။

၄င်း၏ပစ်မှတ်မှာ ဘရူဆာအပြင် တခြားမဟုတ်ပေ။

ရုတ်တရက် သေစေနိုင်သောအန္တရာယ်ကြီးကို အာရုံရလိုက်သဖြင့် ဘရူဆာ၏ တစ်ကိုယ်လုံးတုန်တက်သွားသည်။ သူက ပျံပြေးရန်ကြိုးစားလိုက်ရန်အတွက် သို့မဟုတ် ပြန်တိုက်ရန်အတွက် မာန်ဖီလိုက်သည်။ သို့တိုင် ထိုကဲ့သို့ အားထုတ်မှုများအားလုံးမှာ အချည်းနှီးပင်။ မြားက သူ၏နဖူးကိုထိုးစိုက်ရန် အနည်းငယ်သာလိုတော့သည်။

ပိုင်ရှောင်ချန်းမှာ ချက်ချင်း ရူးသွပ်လုမတတ်ဖြစ်သွားတော့သည်။ အသံပြာကြီးဖြင့်အသားကုန်အော်ကာ သူက ပျံတက်လိုက်ပြီး ကောင်းကင်တံတားဓမ္မမျက်လုံးအား ဖွင့်လိုက်သည်။ သူ၏တတိယမြောက်မျက်လုံးမှ ထိန်းချုပ်စွမ်းအားအလုံးစုံ ထွက်ပေါ်လာပြီး မမြင်နိုင်သောလက်ကြီးအလား မြားကြီးကိုရစ်ပတ်လိုက်ကာ ၄င်း၏အဟုန်ကိုရပ်တန့်နိုင်ရန်ကြိုးပမ်းလိုက်သည်။

သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများစီးကျလာပြီး ပိုင်ရှောင်ချန်းက ပိတုန်းနက်အလောင်းကြီးထံ သူထုတ်နိုင်သမျှစွမ်းအားအကုန်ထုတ်ကာ တဟုန်ထိုးပျံသွားတော့သည်။ သူ၏အစွမ်းကုန်ကြိုးစားအားထုတ်မှုကြောင့် မြားကြီးမှာ ရုတ်တရက်ရပ်သွားကာ ယိမ်းယိုင်သွား၏။

ထိုအခိုက် ဘရူဆာမှာ တုန်ရီသွားပြီးနောက် ဘေးသို့ခုန်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းးချနေစဉ်တွင် မြားကြီးက ရပ်နေရာမှ လည်လာ၏။ ဘရူဆာနှင့် ပိုင်ရှောင်ချန်းကိုပင် ချိန်မည့်အစား ၄င်းက အမည်းရောင်သလင်းကျောက်ထံ တည့်တည့်မတ်မတ် ဦးတည်နေလေသည်။

၄င်းက ယခင်ကဲသို့ မယုံနိုင်ကြည်နိုင်ဖွယ်အရှိန်ဖြင့် လှုပ်ရှားသွားပြီး ရုတ်တရက်အရှိန်အဟုတ်မြင့်တက်လာမှုကြောင့် ပိုင်ရှောင်ချန်း၏ ထိန်းချုပ်စွမ်းအားများ ချက်ချင်းကွဲကြေသွားတော့သည်။

ထိုသည်ကိုဖော်ပြနေရသည်မှာ အချိန်ကြာနေသော်ငြား အလွန်အမင်း လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ စစ်မြေပြင်ရှိလူအနည်းစုမှာ တုံ့ပြန်ရုံသာတတ်နိုင်လိုက်သည်။။သို့စေကာမူ သူတို့ထဲကတစ်ယောက်ဖြစ်သော သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အဓိကခေါင်းဆောင်ကြီးမှာ ခေါင်းပင်စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီး အချိန်မရွေးပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။

“ညမုဆိုးးး နောက်ဆုတ်” သူကအသားကုန်အော်လိုက်သည်။
” ပစ်မှတ်က မင်းကွ”

ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားသောကြောင့် အခြားခေါင်းဆောင်ကြီးများ၏ မျက်နှာများ ပျက်သွားကြပြီး သူတို့က ပိုင်ရှောင်ချန်းကို ကယ်ရန် တစ်ခုခုပြေးလုပ်လိုက်ချင်သော်လည်း အချိန်မရှိတော့ပေ။

စစ်မြေပြင်တွင် သူကျော်ဖြတ်ခဲ့သည့် ယခင်အခြေအနေများအားလုံးက အန္တရာယ်ရှိပုံရသော်လည်း အမှန်မှာ ထိန်းမနိုင်သိမ်းရအခြေအနေပေါ်ပေါက်လာပါက ကြားဝင်ဖျက်စီးပေးရန် ခေါင်းဆောင်ကြီးများအားလုံးမှာ အနား၌ရှိနေခဲ့သည်။

သို့သော်လည်း ယခုတွင် အခြေအနေတို့မှာ အလွန်တရာ လျင်မြန်စွာပေါ်ပေါက်လာပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက ရက်စက်သောဆုံးဖြတ်ချက်ကို အမိအရဆုပ်ကိုင်ထားလေသည်။ ပိုင်ရှောင်ချန်းမှာ ဘရူဆာအန္တရာယ်စက်ကွင်းထဲရောက်နေသောကြောင့် စိတ်မြန်လက်မြန် ထွက်သွားခဲ့သည်။ ထိုကြောင့် စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးတို့၏ သူ့ကိုကာကွယ်နိုင်စွမ်းမှာ တလွဲစီဖြစ်ကုန်လေသည်။

အခြားလူအချို့မှာ ပြောင်းလဲလာသည့် အခွင့်အရေးတို့ကို သတိထားမိသော်လည်း ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီး ချီဟွမ်က မည်သို့ သတိမထားမိပဲနေမည်နည်း။ထိုအခြေအနေမှာ သူကိုယ်တိုင် ကစားထားသည့်လှည့်ကွက်ပင်။

ပိုင်ရှောင်ချန်း၏မျက်လုံးအိမ်များကျုံ့သွားသော်လည်း သူ့မှာ နောက်ထပ်လှုပ်ရှားရန် အချိန်မရှိတော့ပေ။ လူသားအန္တရာယ်အငွေ့အသက်များ ရလိုက်ပြီး သူ့ကိုယ်သူကာကွယ် နည်းလမ်းအနည်းငယ်သာရှိတော့သည်။ အာခေါင်ခြစ်အော်ရင်း သူက ဘရူဆာကို ဖမ်းဆွဲလိုက်ပြီးနောက် လိပ်ဒယ်အိုးပေါ်လာရာ အမည်းရောင်အလင်းများဖြာထွက်လာလေသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းက အသေးဆုံးအသွင်ပြောင်း၍ ကွေးလိုက်ပြီး ဒယ်အိုးအတွင်းဝင်လိုက်သည်။

ထို့သို့ သူလုပ်ပြီးဆဲအချိန်မှာပင် မြားက ပိတုန်းနက်အလောင်းကြီးအတွင်းရှိ အမည်းရောင် သလင်းကျောက်ကို အရှိန်ပြင်းပြင်းထိခတ်သွားလေသည်။ ရုတ်ခြည်း ဝုန်းခနဲကျယ်လောင်သောပေါက်ကွဲသံကြီးက မြေပြင်တစ်ခုလုံးအားလှုပ်ခတ်သွားပြီး အမည်းရောင်တုန်ခါလှိုင်းများ အရပ်မျက်နှာတခွင်သို့ မီတာကိုးဆယ်အထိ ပျံနှံ့လာ၏။ အမည်းရောင်တုန်ခါလှိုင်းများ ဖြတ်သွားသည့်နေရာတိုင်း ၄င်းနှင့်ထိမိသည့် သက်ရှိအရာဟူသမျှသာမက မြက်ပင်တို့သည်ပင် ပျက်စီးကုန်ကြသည်။ အရာအားလုံးကို တိုက်ခတ်ချေမှုန်းသွားကာ ၄င်းနှင့်ထိတွေ့သွားသောကျင့်ကြံသူအပေါင်းမှာ အသံပင်မထွက်နိုင်လိုက်ချေ။

ပိတုန်းနက်ကြီး၏အလောင်းမှာ အလုံးစုံပျက်စီးသွားပြီး ဧရာမချိုင့်ခွက်ကြီးတစ်ခု မြေပြင်တွင်ကျန်ရစ်ခဲ့လေသည်။

မကြာမီ အမည်းရောင်အလင်းများ တစ်စတစ်စပျောက်ကွယ်လာကာ ကျန်ရှိခဲ့သည့်အရာတို့မှာ ရုပ်လုံးပေါ်လာကြသည်။ ချိုင့်ခွက်၏အစွန်းလက်ရှိ ဒယ်အိုးအမည်းမှာ မလှုပ်မယှက်မှောက်နေလေသည်။

လူတိုင်းက ပြူးပြူးပြဲပြဲစိုက်ကြည့်နေကြစဉ် ဒယ်အိုးက တုန်ခါလာပြီးနောက် တဖြည်းဖြည်း အပေါ်မြောက်တက်သွားကာ ပိုင်ရှောင်ချန်း၏မျက်နှာပေါ်လာတော့သည်။ သူက အလွန်အမင်း ကြောက်လန့်နေသည့်အတွက်ကြောင့် တဆတ်ဆတ်တုန်နေလေသည်။ အသက်ဘေးမှလက်မလေးတင်လွတ်လာရသည့်ခံစားချက်ကြောင့် မျက်ရည်များက သူ၏ပါးပြင်တစ်လျှောက် ပိုးပိုးပေါက်ပေါက်ကျလာတော့သည်။

“ဆန်းကြယ်နတ်ရေစင်ဂိုဏ်း” သူကအော်ဟစ်လိုက်သည်။
” ငါတို့ကြားမှာ မပြီးသေးဘူးကွ ။ မင်း.. မင်းတို့ကောင်တွေ..ငါ့ကို ထပ်ပြီး အလစ်တိုက်ဖို့ ကြိုးစားတယ်ပေါ့ ” သူ၏နှလုံးသားမှာ အကြောက်တရားများဖြင့် တဒိန်းဒိန်းခုန်နေဆဲပင်။ လိပ်ဒယ်အိုးကြောင့် အသက်ချမ်းသာရာရသွားသော်လည်း သူ့မှာသေတော့မည်ဟုပင် ယုံကြည်နေဆဲပင်ဖြစ်လေသည်။

သို့သော်လည်း ပိုင်ရှောင်ချန်းအသုံးပြုသောအခါ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဒယ်အိုးက အလွန်အမင်း စွမ်းအားကြီးလေသည်။ ထိုအရာသာမရှိလျှင် သူ၏သနားစရာကောင်းသောအသက်ကလေးဆုံးရှုံးသွားနိုင်သည်။ နှလုံးသားများ တဒိန်းဒိန်းခုန်နေပြီး ကျန်ရှိနေသောအကြောက်တရားတို့ကြောင့် ဒူးတို့ပင်တုန်လာလေသည်။

ဘရူဆာကို လက်ထဲတွင်ပွေ့ကာ ဒယ်အိုးအောက်မှ လေးဖက်ထောက်ထွက်လာရင်း သူကပြောသည်။ “ဘရူဆာ..မင်းကြောင့်အဖေသေတော့မလို့ကွ၊ မင်းဒါကို သိလား”

ဘရူဆာလေးမှာ သတိလွတ်သွားသည်ကိုသိသဖြင့် ငိုတော့မလိုပင်ဖြစ်လာတော့သည်။

ဘရူဆာ၏အမူအရာကိုကြည့်ရင်း ပိုင်ရှောင်ချန်းမှာ အပြစ်ပင်မရှာနိုင်တော့ချေ။ ထို့နောက် မြို့တံတိုင်းထိပ်တွင် ရပ်နေသည့် လက်ထဲတွင် လေးကိုင်ထားသောအဘိုးအိုကိုလှမ်းကြည့်လိုက်စဥ် သူ၏မျက်လုံးများမှာ မီးဝင်းဝင်းတောက်လာတော့သည်။

” ကိုယ်တော်ပိုင်ကို စောင့်နေတယ်ပေါ့…. အီးပေါလောကြီး။ ” သူက အဆုတ်ကွဲလုမတတ်အော်ပြောလိုက်သည်။
“ကျုပ်… ကျုပ်… ခင်ဗျားရဲ့ အဲ့လေးကို လိုချင်တယ်”

“သူမသေဘူးဆိုတာ ငါ ယုံတောင်မယုံနိုင်ဘူး ”
ခေါင်းဆောင်ကြီး ချီဟွမ်က ဧရာမအစိမ်းရောင်လေးကြီးကို အောက်ချပြီးပြောလိုက်သည်။ လေးကြီးမှ ထူးခြားဆန်းကြယ်သည့်ရှေးဟောင်းကောင်းကင်တာအိုအရှိန်အဝါများထုတ်လွှတ်နေလေသည်။ ၄င်းက ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ဒုတိယအဖိုးတန်ရတနာ ကောင်းကင်လေးကြီးပင်။

စောစောက မြားကို ထိုလေးကြီးထံမှ ပစ်ခွင်းလိုက်ခြင်းဖြစ်သည်။

ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက ပိုင်ရှောင်ချန်းကိုသာမက ရွှေအမြုတေအဆင့်ကျင့်ကြံသူများကိုပင်လျှင် သူတို့တစ်ဦးတစ်ယောက်မှတိုက်ရိုက်သတ်ရန်မဖြစ်နိုင်ကြောင်း သဘောပေါက်ခဲ့သည်မှာ ကြာလေပြီ။ရန်သူခေါင်းဆောင်ကြီးများထဲမှတစ်ယောက်က ဝင်ကယ်ကိုကယ်လိမ့်မည်။ စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ပိုင်ရှောင်ချန်းကို အတော်ကာကွယ်ပေးထားကြလေသည်။

ခေါင်းဆောင်ကြီးချီဟွမ်က ပိုင်ရှောင်ချန်းကိုသတ်ရန် ချက်ကောင်းကို တစ်ခါမှ ရှာမရခဲ့ဘဲ စောစောက ပိတုန်းနက်ကြီးကိုစတေးပြီး ဘရူဆာကိုဆွဲဆောင်ရန် သားရဲဘုရင်၏အငွေ့အသက်တို့သွင်းထားသည့်အမည်းရောင်သလင်းကျောက်ကို သုံးမည့် အကြံပေါ်လာခဲ့သည်။ အကယ်၍ ပိုင်ရှောင်ချန်းက ဘရူဆာကိုမကယ်လျှင် ဤအစီအစဉ်မှာ အလဟဿဖြစ်သွားလေမည်။ သို့သော်လည်း ပိုင်ရှောင်ချန်းပေါ်လာသရွေ့… သူက အမည်းရောင်သလင်းကျောက်ကို ဖောက်ခွဲကာ ပိုင်ရှောင်ချန်းအပါအဝင် ထိုနေရာရှိအရာအားလုံးအား ဖျက်စီးပစ်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းသေလျှင် စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက် ဆိုးဆိုးဝါးဝါးထိုးနှက်ချက်ဖြစ်သွားပြီး နှစ်ဂိုဏ်းကြားရှိ မသင့်မြတ်မှုမှာ ပို၍ ဆိုးလာလိမ့်မည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက နောက်ဆုံးအညံ့ခံလိုက်လျှင်ပင် အနာဂတ်တွင်ပြန်လည်ထူထောင်လာရန် အခွင့်အရေးရှိသည်။

သို့သော်လည်း အရာအားလုံးက ပြောသည့်အတိုင်းဖြစ်သွားပြီးနောက် ပိုင်ရှောင်ချန်းကတော့ မသေပေ။ ခေါင်းဆောင်ကြီး ချီဟွမ်၏မျက်နှာပေါ်တွင် အရုပ်ဆိုးအကျည်းတန်သောအမူအရာကိုမြင်လိုက်ရပြီး သူ၏နှလုံးအိမ်တွင် ခါးသီးမှုများ တင်းကြပ်လာလေသည်။

စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးများမှာ ပိုင်ရှောင်ချန်းလွတ်မြောက်သွားကြောင်း သိလိုက်သောအခါ ရင်ထဲကအလုံးကြီးကျသွားပြီး သက်ပြင်းချလိုက်လေသည်။ လီချင်းဟောက်မှ လွန်ခဲ့သောအခိုက်အတန့်က တဆတ်ဆတ်တုန်နေခဲ့ကာ ကြောက်လန့်မှုကြောင့် နှုတ်ပိတ်နေလေသည်။ စစ်မြေပြင်ပေါ်ရှိ ပိုင်ရှောင်ချန်း၏ အခြားမိတ်ဆွေများအားလုံးသည်လည်း ထိုနည်းတူပင်။

ဂိုဏ်းနှစ်ဂိုဏ်းလုံး၏ ဒေါသများဆူပွက်လာသောကြောင့် သူတို့တိုက်ခိုက်ကြတော့သည်။ ကောင်းကင်ချိုဓားက မန္တန်အစီအရင်ကို ခုတ်ချလိုက်ပြီး စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အခြားအဖိုးတန်ရတနာများ ထွက်ပေါ်လာကြလေသည်။

ဧရာမသွေးရောင်သစ်ပင်ကြီး နှင့်အတူ သွေးမှန်ချပ်ကြီးတစ်ခုလည်းပေါ်လာ၏။ မရေမတွက်နိုင်သော စွမ်းအားကြီးရတနာများကကောင်းကင်ပြိုကွဲကာ မြေပြင်အက်ကွဲစေနိုင်သော စွမ်းအားများကို ဆန်းကြယ်နတ်ရေစင်ဂိုဏ်းထံ ဦးတည်၍ ထုတ်လွှတ်လိုက်ကြလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset