အခန်း ( ၃၀၆ )

ကောင်းကင်ချိုဓားချက်

ဆန်းကြယ်နတ်ရေစင်ဂိုဏ်းတောင်တန်းများရှိ မြို့တော်ကိုကာကွယ်ပေးထားသည့် မန္တန်အစီအရင်တို့မှာ ဖြည်းဖြည်းချင်း ပျက်စီးလာနေသည်။ ၄င်းထိခိုက်သွားသည့်အချိန်တိုင်း အလိုအလျောက် ပြန်လည်ပြုပြင်နေစေကာမူအလုံးစုံပျက်စီးလုနီးပါးပင် ယိမ်းယိုင်တုန်ခါနေ၏။ ပြန်ရောက်လာကြသည့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူအသစ်များနှင့် လက်အောက်ခံ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများက မန္တန်အသီးသီးဖြင့် အကာအကွယ်ယူ၍ အစီအရင်ဆက်လက်အသုံးဝင်ရန် အလို့ငှာ စိတ်စွမ်းအင်တို့ကို အဆက်မပြတ်ထည့်သွင်းပေးနေကြသည်။

သို့သော်လည်း ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများမှာ အတွေးများထဲနစ်မြောကာ နှုတ်ပိတ်တိတ်ဆိတ်နေကြသည်။

သူတို့က ဆက်လက်တိုက်ခိုက်ပြီး စစ်ပွဲကို အချိန်အတော်ကြာဆက်ဆွဲနေနိုင်သေးသော်လည်း အနာဂတ်နှင့်စပ်လျဥ်း၍ မသေချာမရေရာဖြစ်နေကြလေသည်။

သူတို့ဆက်တိုက်နေလျှင်.. မည်သည့်အကျိုးကျေးဇူးရှိမည်နည်း။

ရှေ့တွင် သူတို့က စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့၏ ပူပေါင်းခြင်းအားတို့ကို ရင်ဆိုင်ရပြီး ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏လက်ကျန်ဂိုဏ်းသားတို့၏ တိုက်ခိုက်သည်ကိုလည်း ခံရပြန်သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများမှာ အမှန်တွင် သူတို့၌ မျှော်လင့်ချက်မရှိတော့ကြောင်း သိလေသည်။

သူတို့ကို ဆက်တိုက်နေစေသည့် တစ်ခုတည်းသောအရာမှာ သူတို့ဂိုဏ်းအပေါ်သစ္စာစောင့်သိစိတ် သို့တည်းမဟုတ် စစ်ရှုံးသွားလျှင်ဖြစ်လာမည့်အရာတို့ကို ကြောက်စိတ်ကြောင့်သာဖြစ်သည်။

ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးအားလုံး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရထားကြသည်။ သူတို့၏ ရန်သူများက တိုက်ပွဲကိုဘယ်တော့မှ လက်လျှော့မည်မဟုတ်ကြောင်း သိရသဖြင့် အလွန်တရာ ခါးသီးနာကြည်းနေကြလေသည်။

“ကျုပ် တို့ ပိုင်ရှောင်ချန်းကိုသတ်ဖို့ စတေးမှုကြီးလုပ်ရင်တောင်မှပဲ ပြန်ထူထောင်လာနိုင်မှာမဟုတ်ဘူး”

“ကျုပ်တို့ကို သူတို့ ဒီလိုသုတ်သင်လို့မရဘူး။ စိတ်စွမ်းအင်နဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့က.. အခုအချိန်တော့ အတူတူတိုက်ရင်တိုက်လိမ့်မယ်.. ဒါပေမယ့် အဲတာက ထာဝရတည်မြဲမှာမဟုတ်ဘူး။ ကျုပ်တို့ နဲနဲလောက် အချိန်ဆွဲထားဖို့ပဲလိုတာလေ။ သူတို့စိတ်ဝမ်းကွဲရင်ကွဲ ဒါမှမဟုတ်ရင် ရှင်းကုံကျစ်တာအိုဂိုဏ်းက သည်းမခံနိုင်တော့ပဲ ကုံမြစ်ဂိုဏ်းခွဲကို မသိမ်းပိုက်နိုင်အောင် တားမြစ်လိမ့်မယ်… အဲ့လိုဖြစ်ဖို့ မျှော်လင့်ချက်က ပိုင်ရှောင်ချန်းကိုသတ်ဖို့ပဲ”

ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများအကုန်လုံး စိတ်သဘောထားချင်းမတိုက်ဆိုင်ကြတော့ပေ။ စစ်ဖြစ်နေသည့်ပုံစံအရ သူတို့၌ မည်သို့လုပ်သင့်ကြောင်း အကြံအမျိုးမျိုးရှိကြလေသည်။ ခေါင်းဆောင်ကြီးများအနက်မှ ဆံပင်နီများလွင့်လျက် နီကြင့်ကြင့်မျက်နှာနှင့် အဘိုးအိုတစ်ဦးက ရုတ်တရက် အေးစက်စက် ဟမ့်ခနဲအသံပြုလိုက်ပြီး ပြောသည်။
” အခုချိန်မှာ ဘာလို့ ငြင်းခုံနေကြသေးတာတုံး။ နောက်ဆုံး ကျုပ်တို့အညံ့ခံရင်တောင်မှ ကျုပ်တို့ စိတ်စွမ်းအင်နဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို အချင်းချင်းသွေးကွဲအောင်လုပ်ပြီး သူတို့မဟာမိတ်အဖြစ်ပူးပေါင်းထားတာကို ဖျက်ပစ်လို့ ရတယ်ကွ။ မျက်နှာတစ်ထောင်မသေခင် ကျုပ်တို့ကို ပို့ပေးခဲ့တဲ့ အရေးကြီးသတင်းကို ကျုပ်တို့ဖြုန်းတီးပစ်လို့မရဘူးနော်။ ”

တစ်စုံတစ်ယောက်မှ သူ့ကိုဆန့်ကျင်၍ မပြောရဲပေ။ ထိုအဘိုးအိုက ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ လက်ရှိမျိုးဆက်တွင် အစွမ်းအကြီးဆုံး ခေါင်းဆောင်ကြီး ချီဟွမ်ပင်။

ခေါင်းဆောင်ကြီး ချီဟွမ် ၏ မျက်လုံးများတွင် အေးစက်စက်အလင်းများလက်သွားပြီး မည်သူမျှ ဘာမှမပြောနိုင်ခင် သူက မြို့တော်အပြင်ကိုလက်ညှိုးထိုးကာ ပြောလိုက်၏။
” အဖိုးတန်ရတနာကို လွှတ် ။ ကောင်းကင်လေးကို ပြင်ကြဟေ့”

တုံပြန်သည့်အနေဖြင့် မြို့တော်အပြင်လက်ရှိ နယ်မြေမှာ တသိမ့်သိမ့်တုန်ခါလာပြီး အက်ကြောင်းများပွင့်ထွက်လာကာ မီတာသုံးရာအပြည့်ရောက်သည်အထိ ကျယ်သထက်ကျယ်လာကြသည်။

ကုန်းမြေမှာ သမုဒ္ဒရာရေအလား လှိုင်းများ ခက်ထန်ကြမ်းတမ်းလာသကဲ့သို့ မို့မောက်နိမ့်ဆင်းလာသဖြင့် စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ အံ့သြတုန်လှုပ်သွားကြပြီးအန္တရာယ်ကင်းရန် သူ့ထက်ငါ အလုအယက် အပေါ် တက်လာကြသည်။ ထို့နောက် မြေကြီးအောက်ဖက်မှ ကြောက်မက်ဖွယ်အော်သံကြီးက အပြင်သို့ဟိန်းထွက်လာတော့သည်။

ဟိန်းသံကြီးမှာ အလွန်အံအားသင့်ဖွယ်ကောင်းလှသောကြောင့် ကြားလိုက်ရသည့်လူအပေါင်း၏မျက်နှာပေါ်တွင် အံ့သြမှုရိပ်များ ထင်ဟပ်လာပြီး နောက်သို့ပင် ကြောက်ကြောက်လန့်လန့်ဆုတ်သွားကြသည်။ အချို့လူများမှာ မျက်လုံး၊နား၊နှာခေါင်းနှင့်ပါးစပ်တို့မှ သွေးများယိုစီးကျကြလာ၏။ ထိုဟိန်းသံကြီး၏မူလအခြေနှင့် အနီးဆုံးလူအချို့မူ အသံကို အလွယ်တကူတောင့်မခံနိုင်ကြသည်ဖြင့် ခေါင်းများပေါက်ကွဲထွက်ကုန်ကြသည်။

ထိုဟိန်းသံကြီးကြောင့် စူးရှတောက်ပသောအလင်းများက ကောင်းကင်နှင့်မြေကြီးတွင် တလက်လက်ထလာ၏။

အမြုတေအဆင့်ကျင့်ကြံသူများနှင့် ခေါင်းဆောင်ကြီးများပင် အံ့အားသင့်သွားကြပြီး ကောင်းကင်ဘုံမှမိုးကြီးအလားအသံထွက်လာရာဘက်ကို လှမ်းကြည့်လိုက်ကြသည်။

မြေပြင်မှာ ပျက်စီးသွားကာ ဖုန်မှုန့်များနှင့် ကျောက်တုံးကျောက်ခဲတို့က ဖွားခနဲ လွင့်ထွက်လာကြသည်။

မီတာရာချီကျယ်ပြောသည့် ကုန်းမြေပြင်ကြီးက ရုတ်တရက်ပြိုကျသွားပြီး နောက်ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာသောကြောင့် အနီးနားရှိလူတိုင်းမှာ နေရာမှာပင် ယိမ်းယိုင်သွားကြလေသည်။

ဝေါင်းးးးးး

ထို့နောက် အောက်ဖက်မျက်နှာပြင်မှ တစ်စုံတစ်ခု ထိုးထွက်လာ၏။ ၄င်းက အဖျားတွင် ချွန်ထက်သောသံဆူးချွန်များရှိသည့်ရှည်လျားသောဦးမှင်များနှင့် စွမ်းအားကြီးသံချပ်ကာအသွင် လိပ်ကျောခွံတစ်ခုဖြင့် ဧရာမကြယ်ပိတုန်းနက်ကြီး တစ်ကောင်ဖြစ်လေသည်။

ထွက်ထွက်လာချင်း ကြယ်ပိတုန်းနက်ကြီးက စစ်ကြောင်းထဲသို့ တဟုန်ထိုးပြေးဝင်သွားကာ စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူအမြောက်အမြားမှာ နင်းခြေခံလိုက်ရပြီး အသည်းခိုက်စွာ စူးစူးဝါးဝါးအော်ဟစ်သံများ ထွက်ပေါ်လာသည်။ အံ့သြစရာကောင်းစွာပင် ထိုပိုးကောင်ကြီး၌ ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီးတစ်ယောက်နှင့် ညီသည့် တိုက်ပွဲစွမ်းအားရှိလေသည်။

အမှန်တွင် ၄င်းက ထို့ထက်ပင် ပိုအစွမ်းထက်သေးသည်။ ထိုမျှသာမက ၄င်း၏ကိုယ်တွင် ထိလိုက်သည့်အရာမှန်သမျှကို အရည်ပျော်သွားစေသည့် အမည်းရောင်မြူများရစ်သိုင်းနေလေသည်။

ပိုင်ရှောင်ချန်းမှာ ဧရာမပိတုန်းနက်ကြီး ကြီးကိုမြင်လိုက်သည်တွင် တဆတ်ဆတ်တုန်သွား၏။ သူက တောရိုင်းသားရဲအမျိုးအစားအားလုံးကို မြင်ဖူးသော်လည်း ဤမျှကြီးမားသည့်ပိုးကောင်ကြီးကိုတော့ ပထမဆုံးမြင်ဖူးခြင်းပင်။

၄င်းက မည်သည့်အရာဖြစ်ကြောင်းသိသွားသည်တွင် စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ ရွှေအမြုတေအဆင့်ကျင့်ကြံသူများထံမှ တအံ့တသြအော်သံများထွက်ပေါ်လာသည်။

” ကြယ်ပိတုန်းနက်ကြီး ”

” ဆန်းကြယ်နတ်ရေစင်ဂိုဏ်းရဲ့ အဖိုးတန်ရတနာနှစ်ပါးထဲက တစ်ခုပဲ။ သူတို့နောက်ဆုံးတော့ ကြယ်ပိတုန်းနက် ကြီးကို ထုတ်လိုက်ပြီပေါ့”

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက အေးစက်စက်နှာမှုတ်လိုက်ပြီး ညာလက်ဖြင့်မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်သည်။ သူ၏လက်ချောင်းကို မိုးပေါ်သို့ဝှေ့ယမ်းလိုက်ရင်း သူကပြော၏။ “စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့…. ကောင်းကင်ချိုဓားကို ဆင့်ခေါ်တယ်”

ရုတ်တရက် ကောင်းကင်မှာတုန်ခါလာပြီး ခပ်စူးစူးအသံတစ်သံ ပဲ့တင်ထွက်လာ၏။ ၄င်းက လူတစ်ယောက် အာခေါင်ခြစ်အော်လိုက်သည်နှင့်မတူဘဲ မယုံကြယ်နိုင်ဖွယ်အရှိန်ဖြင့် တစ်စုံတစ်ခုက လေကိုခွင်း၍လာနေသောကြောင့်ဖြစ်လာသည့် ခပ်စူးစူးအသံမျိုးပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မဟူရာဓားတစ်ချောင်းပေါ်လာသောကြောင့် မျက်စိကျိမ်းမတတ် ငွေရောင်အလင်းတို့က ပြိုးပြိုးပြက်ပြက်တောက်ပလာလေသည်။

၄င်းက မဆိုစလောက်လေး ကောက်နေရုံက လွဲပြီး သာမန်ဓားအလားပင်။ ၄င်းကို ကောင်းကင်ဦးချိုမှင်ရည်နဂါး၏ ချိုအကျိုးအပဲ့မှ ထုလုပ်ထားခြင်းဖြစ်ပြီး ၄င်း၏ပုံပန်းသွင်ပြင်အရ သာမန်ထက်မပိုချေ။ မျက်နှာပြင်တွင် အံ့မခန်းငွေရောင်အမှတ်အသားများကို မြင်ရလေသည်။

ထိုအရာကိုကြည့်ခြင်းအားဖြင့် ထိုဓားမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ်ဆပြုလုပ်ထားခံရကြောင်း ညွှန်ပြနေလေသည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆယ်ဆ ပြုလုပ်ခံရမှုမှရရှိသော သံတိုသံစလေးတစ်ခုကိုပင် ရှားပါးသောစွမ်းအားကြီးလက်နက်တစ်ခုဟုခေါ်နိုင်သည်။ သို့သော် ကောင်းကင်ချိုဓားက ထို့ထက် များစွာပိုသည်။ ၄င်းရရှိထားသည့် စိတ်စွမ်းအင်တိုးမြှင့်မှုများနှင့်ဆိုလျှင် အဖိုးတန်ရတနာအထက်ရှိ အရာဟုပင် သတ်မှတ်နိုင်သည်။ ၄င်းက ဝိညာဥ်ရတနာဖြစ်ရန် တစ်ဝက်ပင်ရောက်နေလေပြီ။

မှော်ပစ္စည်းများအကြောင်းပြောရလျှင် ၄င်းတို့အား အဆင့်သုံးဆင့်ဖြစ်သော မှော်ရတနာ၊ အဖိုးတန်ရတနာနှင့် ဝိညာဥ်ရတနာ ဟူ၍ သတ်မှတ်ထားသည်။ အရည်အသွေးအားဖြင့် အဆင့်တစ်ဆင့်စီတိုင်းက လူသား၊ မြေပြင် နှင့် ကောင်းကင်တို့၏ ဖော်ပြချက်များကို အသုံးပြုခြင်းဖြင့် အဆင့်တက်သွားသည်။ ဥပမာ ကောင်းကင်အဆင့်အဖိုးတန်ရတနာများသည်သာလျှင် တစ်ဂိုဏ်းလုံးကိုအကာအကွယ်ပေးနိုင်သည့် အမျိုးအစားဖြစ်၏။

ဝိညာဥ်ရတနာများမှာမူ အနိမ့်ဆုံးအမျိုးအစား လူသားအဆင့်ကပင်လျှင် တစ်ဂိုဏ်းလုံး၏ အရံစွမ်းအားတစ်ခုအဖြစ် အသုံးပြုရန်လုံလောက်သေးသည်။ ထို့အပြင် ၄င်းတို့အား ပေါ့ပေါ့တန်တန်ထုတ်ရလိမ့်မည်မဟုတ်ပေ။ ဂိုဏ်းပျက်စီးအံ့ဆဲဆဲတွင်မှသာ ၄င်းတို့ကို ဆင့်ခေါ်နိုင်လေသည်။

ကောင်းကင်ချိုဓား ဆိုက်ရောက်ခြင်းကြောင့် စစ်မြေပြင်ရှိ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူအားလုံးကြားတွင် အုတ်အုတ်ကျက်ကျက် ပွက်လောရိုက်သွားတော့သည်။ သူတို့က ချက်ချင်းပင် ကျယ်ကျယ်လောင်လောင် အားပေးကြွေးကြော်လာကြသည်။

“ဒါ ….ငါတို့ဂိုဏ်းရဲ့ ကောင်းကင်ချိုဓါးကွ..။ ဟားဟားး။ ကောင်းကင်ချိုဓားပေါ်လာရင် တောတွေကိုခုတ်ထွင်ပြီး လမင်းကြီး ကိုဖျက်စီးပစ်နိုင်တယ်ကွ”

” ကောင်းကင်ချိုဓားက အရမ်း စွမ်းအားကြီးတာကြောင့် တောင်တန်းတွေ ပြိုလဲပြီး မြစ်တွေ ခမ်းခြောက်ကုန်တယ်”

“သူ့မှာ စိတ်စွမ်းအင်အဆင့်တိုးမြှင့်ခြင်း ဆယ်ဆလုပ်ထားတယ်။ ဘယ်အရာမှာ အဲဒါကို မယှဥ်နိုင်ဘူးဟေ့”

သူတို့၏ ဟစ်ကြွေးသံများ တလိမ့်လိမ့်ထွက်လာသောကြောင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများ၏ မျက်နှာများသာ မည်းမှောင်သွားကြခြင်းမဟုတ်ပေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတို့ပင်လျှင် မသိမသာမျက်နှာပျက်သွားကြသည်။သူတို့မှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကအာရုံဖမ်းစားနေသည်ကို သိပ်သဘောမကျပေ။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ခေါင်းဆောင်ကြီးများကြားတွင် အေးစက်စက် ဟမ့်ခနဲ နှာမှုတ်သံများကြားလိုက်ရသည်။ ကောင်းကင်ချိုဓားနှင့် ၄င်း၏ အံမခန်းအငွေအမှတ်အသားဆယ်ခု၏မြင်ကွင်းကြောင့် သူတို့ပင်လျှင် တုန်လှုပ်သွားကြရသည်။ သူတို့က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အဖိုးတန်ရတနာများအကြောင်း နှိုက်နှိုက်ချွတ်ချွတ်လေ့လာခဲ့သော်လည်း ဓားကို မပျက်စီးစေပဲ စိတ်စွမ်းအင်အဆင့်တိုးမြှင့်ခြင်း ဆယ်ဆအထိပြုလုပ်နိုင်ရန် မည်ကဲ့သို့ မယုံကြယ်နိုင်ဖွယ်ကံကောင်းမှုများကို ဂိုဏ်းကကျော်ဖြတ်နိုင်ခဲ့သည်ကိုတော့ မည်သည့်အခါကမှ မဖော်ထုတ်နိုင်ခဲ့ပေ။

အဓိကခေါင်းဆောင်ကြီးက သက်ပြင်းချလိုက်သည်။
” ဒါက အရှေ့ဘက်သစ်တောအောက်ပိုင်းဒေသမှာ စိတ်စွမ်းအင်အဆင့်တိုးမြှင့်ခြင်း ဆယ်ဆရှိတဲ့ တစ်ခုတည်းသောအရာပဲဖြစ်မယ်”

ပိုင်ရှောင်ချန်းက ကောင်းကင်ချိုဓားကြီးနှင့် အထူးသဖြင့် ၄င်းပေါ်ရှိ ငွေရောင်အမှတ်အသားဆယ်ခုကို စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်သည်။ ထိုအမှတ်အသားတို့ကြောင့် ရုတ်ခြည်း သူ၏ လိပ်ဒယ်အိုးလေးအား သတိရသွားတော့သည်။

သူကအချိန်တိုင်း လိပ်ဒယ်အိုးအားသုံးမနေပါသော်လည်း ၄င်းက သူ၏အရေးကြီးဆုံးလျှို့ဝှက်ချက်ဖြစ်ကြောင်းသိလေသည်။ ယနေ့တွင်လည်း သူက စိတ်စွမ်းအင်အဆင့်အဆတစ်ရာတိုးမြှင့်ထားသည့်မှော်ပစ္စည်းတစ်ခုကိုပြုလုပ်ရန် ၄င်းအား အသုံးပြုရန်အကြောင်းအား စိတ်ကူးနေဆဲပင်။ အကယ်၍သူသာ ထိုအရာကိုအောင်မြင်သွားပါက လူတိုင်း မည်မျှတုန်လှုပ်သွားလိမ့်မလဲဟု တွေးပြီး စိတ်လှုပ်ရှားလာတော့သည်။

” တစ်ရက်ရက်တော့ ငါသေချာပေါက် လုပ်ကိုလုပ်ဦးမှာ” ပိုင်ရှောင်ချန်း၏နှလုံးသားမှာ စိတ်လှုပ်ရှားမှုကြောင့် တဒုန်းဒုန်းခုန်လာစဥ် ဘရူဆာက စစ်မြေပြင်၏အခြားနေရာတွင်ရှိနေသည်။ သူ့တစ်ကိုယ်လုံးကြက်သီးတဖြန်းဖြန်းထလာသောအခါ သူက တိုက်ခိုက်ရန် ပြင်ဆင်လိုက်ပြီး ကောင်းကင်ချိုဓားကိုမဟုတ်ပဲ ပိတုန်းကြီးအား မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် လိုအင်ဆန္ဒများဖြင့် တဖိတ်ဖိတ်တောက်လာပြီး ရုပ်တရက်ထိုပိတုန်းကြီးအား ပြင်းပြင်းပြပြစားချင်စိတ်ကို ချိုးနှိမ်နေရသည်။ နောက်ဆုံးတွင် သူက သူတို့နှစ်ကောင်ကြားတွင် ဧရာမစွမ်းအားကွာဟမှုကို သတိပြုမိသွားတော့သည်။

အတွေးထဲတခဏမျှနစ်မြောလျက် အပေါ်မော့ကြည့်နေပြီးနောက်တွင် သူက တိုက်ပွဲဝင်ပိတုန်းကြီးထံ တဖြည်းဖြည်း ဦးတည်သွားလေသည်။

ထိုအချိန်တွင် ကောင်းကင်ချိုဓားက အမည်းရောင်လျှပ်စီးမိုးကြီးအလား ငွေရောင်များ တဖျတ်ဖျတ်တောက်ပလျက် ဆင်းသက်လာသည်။ ၄င်းက ထောပတ်ကိုဓားပူပူဖြင့်လှီးချလိုက်သကဲ့သို့ ပိတုန်းကြီး၏ဟိန်းသံကို တိခနဲ ဖြတ်ချလိုက်ပြီး မျက်စိကြိမ်းမတတ်အလင်းစက်ဝန်းတစ်ုအလား၊ မီတာရာပေါင်းများစွာမြင့်သည့်ရေတံခွန်ပမာ ငွေသက်တန့်တစ်ခုအလား ပေါ်ထွက်လာ၏။

တဆတ်ဆတ်တုန်ရင်း ပိတုန်းနက်ကြီးက မော့ကြည့်လိုက်ပြီးနောက် စွမ်းအားကြီးပြိုင်ဘက်တစ်ယောက်အား ရင်ဆိုင်နေရသည်ကို သိလိုက်သည့်အလား ဟိန်းဟောက်လိုက်သည်။ ၄င်း၏ကိုယ်မှသွေးမြူတို့ထွက်ပေါ်လာကာ ရှိရင်းစွဲထက် ကြီးမားလာဟန်တူသည်။

၄င်းက မီတာသုံးထောင်အထိမြင့်လာပြီး အကောင်အထည်အပြည့်ဖြစ်မလာသေးသော်လည်း မြန်မြန်ပင် ပုံပေါ်လာ၏။ ၄င်းထံမှ ထွက်ပေါ်လာသည့် စွမ်းအားတို့ကြောင့် လူတိုင်းမှာ အံသြမှင်တက်နေကြသည်။ ဟိန်းဟောက်လျက် ပိတုန်းနက်ကြီးက ကောင်းကင်ချိုဓားထံ တဟုန်ထိုးပြေးဝင်လာတော့သည်။

တဂျုန်းဂျုန်းထစ်ခြုန်းသံအပေါင်းကြောင့် တစ်လောကလုံးလှုပ်ခါသွား၏။ ကောင်းကင်ချိုဓားမှ မျက်စိကန်းမတတ် စူးရှသော အလင်းတို့မှာ စစ်မြေပြင်တစ်ဝှမ်း ဖုံးလွှမ်းသွားသည်။

သို့သော်လည်း ကောင်းကင်ချိုဓားက ပိတုန်းနက်ကြီးကို ခပ်လွယ်လွယ်ပင် တိုးဝင်ခတ်သွားလေရာဓား၏မျက်နှာပြင်ပေါ်မှ ငွေအကြောင်းများထလာပြီး ပိတုန်းနက်ကြီးထံမှ သွေးပျက်ခမန်းအော်ဟစ်သံ ထွက်ပေါ်လာသည်။ ၄င်းခန္ဓာကိုယ်၏ အပြင်ဘက်အလွှာမှာ ကွဲကြေသွားပြီး ပုံစံအမှန် ပေါ်ထွက်လာ၏။ ၄င်း၏မျက်နှာပေါ်ရှိ အမူအရာတွင် ကြောက်လန့်မှုများကြီးစိုးသွားပြီး ၄င်းက ပျံပြေးရန်ပြင်လိုက်သော်လည်း နှစ်ပိုင်းဖြတ် ခုတ်ထစ်ခံလိုက်ရသောကြောင့် ကြည့်ရှုနေကြသည့်လူအပေါင်းမှာ အလွန်တရာ အံ့ဩသွားတော့သည်။

ရုပ်အလောင်း၏နှစ်ပိုင်းပြတ်မှ သွေးများပန်းထွက်လာကာ ထိုပိတုန်းနက်ကြီးမှာ ရုပ်သေးရုပ်တစ်ခုကဲ့သို့ အရာတစ်ခုဖြစ်နေပြီး ၄င်း၏အလယ်တွင် ထူးခြားဆန်းကြယ်သော အမည်းရောင်သလင်းကျောက်တစ်ခုရှိနေသည်။

ထိုအသက်နုတ်တိုက်ကွက်က ဓားဆီမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ၄င်းက စိတ်စွမ်းအင်အဆင့်​ဆယ်ဆမြှင့်ထားသည့် အမှတ်အသားများ၏ စွမ်းအားကြောင့် ဖြစ်လေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset