Switch Mode

အခန်း ( ၃၀၅ )

လင်မုကို ပိုင်းဖြတ်ခြင်း

သေစေနိုင်လောက်သည့် အန္တရာယ်ကြီးနှင့်ကြုံတွေ့နေရသည့်အတွက် လင်မုမှာ ကြက်သီးများပင်ထလာတော့သည်။ သူ၏ ညာလက်ကိုဝှေ့ယမ်းလိုက်သောအခါ အမိန့်ပေးဆွဲပြားတစ်ခု ပျံထွက်လာသည်။ ထို့နောက် သူက ရှိသမျှအားကိုစုစည်းလိုက်ပြီး ဆွဲပြားပေါ်သို့ သွေးများကို ထွေးထုတ်လိုက်သည်။

ချက်ချင်းပင် ဆွဲပြားထဲမှ ခုနှစ်ရောင်စဥ်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ကောင်းကင်ယံထိ မြင့်တက်သွားတော့သည်။

” ဓား အစီအရင်တွေ။ ငါ့ကို ကာကွယ်ကြစမ်း။” သူက ထိုသို့အော်ဟစ်လိုက်သောအခါတွင် ပိုင်ရှောင်ချန်းက သူ၏အရှေ့သို့ရောက်နေပြီဖြစ်ပြီး ညာလက်ဖြင့် တိုက်ခိုက်ရန်ပြင်လိုက်သည်။ သို့သော်လည်း သူ၏လက်သီးချက် မထိမိခင်မှာပင် ပိုင်ရှောင်ချန်း၏ အမူအရာမှာ ပြောင်းလဲသွားသည်။ အထက်ရှိ ဓားအစီအရင်အများစုကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အမြုတေအဆင့်ကျင့်ကြံသူများက ထိန်းချုပ်ထားပါသော်လည်း ဒါဇင်အနည်းငယ်ခန့်မှာ ရုတ်တရက် လျှပ်စီးများအလား လျင်မြန်စွာဖြင့် ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာနေကြတော့သည်။

လင်မုက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တော့သည်။ ထို့နောက် နောက်ဖက်သို့ ထပ်မံဆုတ်ခွာရင်း မှော်ဒိုင်းကာရှစ်ခုကို ထုတ်လိုက်ပြီးနောက် ကျောက်စိမ်းပေလွှာတစ်ခုကိုပါ ထုတ်ကာ ချေမွလိုက်သည်။ ချက်ချင်းပင် သူ၏ဘေးပတ်ပတ်လည်တွင် တည်နေရာရွှေ့ပြောင်းခြင်း စွမ်းအားများ ပေါ်ပေါက်လာတော့သည်။

ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ တောက်ပစွာ လင်းလက်သွားသည်။
” တည်နေရာရွှေ့ပြောင်းခြင်း ကျောက်စိမ်းပေလွှာ နောက်တစ်ခုပါလား။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက လက်နက်ပစ္စည်းတွေဖန်တီးတဲ့နေရာမှာ ကျွမ်းကျင်တာတော့ ငါသိတယ်။ ဒါပေမဲ့ ဒီ တည်နေရာရွှေ့ပြောင်းခြင်းပစ္စည်းတွေကို မင်းသုံးနေတာ တော်တော် တရားလွန်နေပြီပဲ။”

” ပြီးတော့ ဓားအစီအရင် ဒါဇင်လေးတချို့က ငါ့ကို နှေးကွေးအောင်လုပ်နိုင်မယ်လို့ မင်းကထင်နေတာလား။”

ပိုင်ရှောင်ချန်းက ဓားအစီအရင်များကို ရှောင်တိမ်းမနေပဲ ရှေ့သို့ အရှိန်တင်လိုက်သည်။

လေးရောင်စဥ်အလင်းတန်းတစ်ခုအပြင် ခရမ်းရောင်မီးအိမ်တစ်ခုက တောက်ပလာပြီး သူ့ကိုအကာအကွယ်ပေးလိုက်သည့်အခါ တဂျုန်းဂျုန်းမြည်သံများ ပေါ်ထွက်လာတော့သည်။ ဒါဇင်များစွာသော ဓားများမှာ တားဆီးခံလိုက်ရပြီး ပိုင်ရှောင်ချန်းမှာ လင်မုအနားသို့ တဖြည်းဖြည်း နီးကပ်သွားသည်။

လင်မု၏ အမူအရာမှာ ပြောင်းလဲသွားသည်။ သို့သော် အနည်းငယ်မျှ မတုံ့ပြန်နိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက တောင်ဖြိုသိုင်းကွက်ကို သုံးလိုက်သည်။

တချိန်ထဲမှာပင် သူ၏နောက်ကျောတွင် တောင်ပံများပေါ်ထွက်လာပြီး သူ့ကို အရှိန်အဟုန်ဖြင့် ရှေ့သို့တွန်းထုတ်လိုက်တော့သည်။ ချက်ချင်းပင် သူနှင့် လင်မုကြားရှိ အကွာအဝေးမှာ လျော့နည်းသွားပြီး ဒိုင်းကာများနှင့် ရင်ဆိုင်လိုက်ရတော့သည်။

အုန်းခနဲမြည်သံကြီးတစ်ခု လေထဲတွင် ပေါ်ထွက်လာပြီး အက်ကွဲသံများစွာပါ ထွက်လာတော့သည်။ အကာအကွယ်ဒိုင်းကာ တစ်ဝက်ကျော်ကျော်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး ပိုင်ရှောင်ချန်းမှာ အနည်းငယ်မျှ အရှိန်နှေးသွားပါသော်လည်း သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် တလက်လက်ထနေဆဲပင်။ ထို့နောက် သူက သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သောအခါ သူ၏ လက်မနှင့် လက်ညှိုးမှ ရွှေရောင်အလင်းရောင်များ ပေါ်ထွက်လာသည်။

၎င်းမှာ လည်မျိုဖမ်းဆုပ်ကွက်ဖြစ်သည်။

ဆွဲငင်အားတစ်ခုမှာလည်း ပေါ်ပေါက်လာသဖြင့် ထွက်ပြေးနေသည့်လင်မုမှာ တုံ့ခနဲ ရပ်တန့်သွားတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက နောက်ဆုံးဒိုင်းကာများကို ဖောက်ထွင်းကာ လင်မု၏ ရှေ့တည့်တည့်တွင် ပေါ်ထွက်လာတော့သည်။

” သေစမ်းကွာ။” သူက အော်ပြောလိုက်သည်။

လင်မုမှာ တည်နေရာရွှေ့ပြောင်းခြင်း အစွမ်းကြောင့် အမြင်အာရုံများပင် ဝေဝါးစပြုလာပြီဖြစ်သည်။ ဒေါသစိတ်ကြောင့် ရှုံ့မဲ့နေသည့် မျက်နှာအမူအရာဖြင့် သူ၏ညာလက်ကိုဆန့်ထုတ်လိုက်သောအခါ အနက်ရောင်အလင်းတန်းတစ်ခုတောက်ပလာသည့် အပြင် မိမိကိုယ်ကို ဖောက်ခွဲမည့် အခိုးအငွေ့များပေါ်ပေါက်လာသည်။

သူက သူ၏ခန္ဓာကိုယ်ကိုမဟုတ်ပဲ ညာလက်ကို ဖောက်ခွဲနေခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းက အနီးသို့ရောက်လာသည့်အခါ လင်မု၏ ညာလက်မှာ ပေါက်ကွဲသွားသည်။ ထိုပေါက်ကွဲမှု၏ ပြင်းအားများက ပျံ့နှံ့သွားသောအခါ ပိုင်ရှောင်ချန်းက ရောက်သည့်နေရာတွင်ရပ်တန့်လိုက်သဖြင့် သူ၏ လည်မျိုဖမ်းဆုပ်ကွက်မှာ လေများကိုသာ ဆုပ်ကိုင်မိလိုက်သည်။ လင်မု၏ ညာလက်မှာမူ ပုခုံးအောက်ပိုင်းတစ်ပိုင်းလုံး ပေါက်ကွဲသွားပြီဖြစ်သည်။

ထိုညာလက်မှာ သူ၏ ခန္ဓာကိုယ်မှသာမက သူ၏ ဝိညာဥ်ထံမှပင် ပျက်သုဉ်းသွားပြီဖြစ်သည််။

သူသည် ရူးသွပ်တော့မည့်အလား ရှုံ့မဲ့နေပြီး သွေးများနှင့် စိုရွှဲနေသည်။ ဤအချိန်တွင် သူက ကိုးဆယ်ရာခိုင်နှုန်းတိတိကွယ်ပျောက်သွားပြီဖြစ်ပြီး သူ၏ဘေးပတ်ပတ်လည်ရှိ တည်နေရာပြောင်းရွေ့ခြင်းစွမ်းအားများကိုကြည့်၍ ဤသို့သော တည်နေရာရွှေ့ပြောင်းခြင်းမှာ အနည်းငယ် ထူးခြားနေကြောင်း ပိုင်ရှောင်ချန်းက သတိထားမိသည်။ ဤ တည်နေရာရွှေ့ပြောင်းခြင်းမျိုးမှာ ကျုံးတာအို အသုံးပြုခဲ့သည့် အရာမျိုးမဟုတ်သည့်အပြင် စောစောက သူတိုက်ခိုက်ခဲ့သည့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူ အသုံးပြုခဲ့သည့် တည်နေရာရွှေ့ပြောင်းခြင်းမျိုးလည်း မဟုတ်ပေ။

ဤ တည်နေရာရွှေ့ပြောင်းခြင်းမှာ ယခင်ကထက် ပို၍ ဝေးသည့်နေရာတစ်ခုသို့ ပို့ဆောင်ပေးဟန်ပင် ရှိသည်။

သူ၏ ရင်ဘတ်မှာ တဒုန်းဒုန်းခုန်နေတော့သည်။ သူက အေးစက်စက်လေသံဖြင့် သတင်းနှိုက်ရန် ဆုံးဖြတ်လိုက်လေသည်။
” မင်း အဲ့မြို့ဆီကို ထွက်ပြေးနိုင်ရင်တောင်မှ ဒီစစ်ပွဲမှာ သေရမှာပဲ။”

ထိုအခါ လင်မုက ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်သည်။

” ငါ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို ပြန်သွားလိမ့်မယ်လို့ မင်းက တကယ်ထင်နေတာလား။ ငါ့ဆီက သတင်းနှိုက်ဖို့ ကြိုးစားမယ် မကြံနဲ့ ပိုင်ရှောင်ချန်းရေ။ ဒီစစ်ပွဲမှာ မင်းငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး။”

” ဒီနေရာမှာ ငါရှုံးရင် ရှုံးနိမ့်ခဲ့ပြီး ငါ့ရဲ့ လက်ကိုပါ ပေးဆပ်ရင်တော့ ပေးဆပ်လိုက်ရမယ်။ ဒါပေမဲ့ နောက်တစ်ခါငါတို့ပြန်တွေ့ရင် မင်းရဲ့ လှည့်ကွက်တွေအတွက် ငါပြင်ဆင်ပြီးသား ဖြစ်နေလောက်ပြီ။ အဲ့အခါရောက်မှ မင်းလုပ်ခဲ့တာတွေအတွက် အရင်းရော အတိုးပါ ပြန်ပေးဆပ်ဖို့ ပြင်ထားဟေ့။”

လင်မုက ပျောက်ကွယ်စပြုနေပြီး တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားမှာ ပို၍ အင်အားကြီးမားလာသောအခါ ပိုင်ရှောင်ချန်းက သူ့ကိုကြည့်ကာ အေးစက်စက်ရယ်မောလိုက်သည်။

” မင်းကရော တကယ်ပဲ နောက်တစ်ခေါက်ဆိုတာကြီး ရှိလိမ့်မယ်လို့ ထင်နေတာလား။” သူက ထူးဆန်းစွာ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် တည်ကြည်စွာ ပြန်မေးလိုက်သည်။

လင်မုမှာ ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲမှ အကြည့်များကို တွေ့လိုက်ရသောအခါ နှလုံးခုန်ပင် ရုတ်တရက်မြန်သွားတော့သည်။

” မင်း ဓားအစီအရင်တွေကို ထိန်းချုပ်လိုက်တဲ့ အကွက်ကတော့ မဆိုးပါဘူး။ ဒါပေမဲ့ မင်းသိလား။ ငါ့မှာ လှည့်ကွက်တွေအများကြီးကျန်သေးတယ်ကွ။ မဟာဖုတ်ကောင်ရေ.. သူ့ကိုသတ်လိုက်တော့။” ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ စွမ်းအားအကြီးဆုံး အရာတစ်ခုနှင့် ချိတ်ဆက်စဥ်က အသုံးပြုခဲ့သော ထာဝရသွေးစက်တစ်စက်၏ အံ့မခန်းစွမ်းအားများကို ထုတ်ယူလိုက်သောအခါ သူ၏ ထာဝရအသက်ရှည်နည်းပညာရပ်မှာ အသက်ဝင်လာတော့သည်။ ထို့နောက်သူက လင်မု လက်ညှိုးထိုးလိုက်တော့သည်။

ချက်ချင်းပင် ခေါင်းဆောင်ကြီးတစ်ယောက်နှင့် တိုက်ခိုက်နေသည့် မဟာဖုတ်ကောင်ကြီးက ရုတ်တရက် တုန်ရီသွားသည်။ အသက်အန္တရာယ်ဖြစ်စေနိုင်လောက်သည့် တိုက်ကွက်တစ်ခုကို ထုတ်ရန်ပြင်နေသည့် ၎င်း၏ ညာလက်မှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာသောအခါ လင်မု၏ နောက်တည့်တည့်သို့ ရောက်နေတော့သည်။

ထိုလက်ကြီးက တည်နေရာရွေ့ပြောင်းခြင်းအလင်းတန်းထဲသို့ ဖောက်ဝင်လာပြီး သူ့နှလုံးသား၏အနားသို့ ထိုးဖောက်လိုက်သည့်အခါ လင်မုက မယုံကြည်နိုင်လောက်အောင်ဖြစ်သွားပြီး သနားစဖွယ် အော်ဟစ်လိုက်သည်။

ဂျုန်းဂျုန်းဂျုန်း…

တည်နေရာရွှေ့ပြောင်းခြင်း၏ အစွမ်းများပေါ်ထွက်လာပြီး လင်မုမှာ ပျောက်ကွယ်သွားတော့သည်။ အနည်းငယ်အကြာတွင် သူက မြင်ကွင်းထဲတွင် မရှိတော့ချေ။ သို့သော်လည်း လေပေါ်တွင်မူ မဟာဖုတ်ကောင်၏ လက်ထဲတွင် ဆပ်ခနဲ ဆပ်ခနဲ လှုပ်ခါနေသည့် လူသားတစ်ယောက်၏ နှလုံးတစ်စုံကို ကိုင်ဆုပ်ထားတော့သည်။

ထိုနှလုံးသားမှာ နီမြန်းနေသော်လည်း ချက်ချင်းပင် ခဲရောင်သို့ ပြောင်းလဲသွားသည်။ တချိန်ထဲမှာပင် ရှေးဆန်လွန်းလှသည့် အခိုးအငွေ့တစ်ခုမှာ အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားလေသည်။ ထို့နောက် ထိုနှလုံးသားမှာ ပြာကျသွားတော့သည်။ ပိုင်ရှောင်ချန်းမှာ မျက်လုံးအိမ်များပင် ကျဥ်းမြောင်းသွားတော့သည်။

သို့သော်လည်း ထိုအကြောင်းကို ဤသို့သော စစ်ပွဲကြီး၏ အလယ်တွင် တွေးတောနေရန် အချိန်မရှိချေ။ ပိုင်ရှောင်ချန်းက မြို့တော်ဆီသို့ ထပ်မံချီတက်ရန် ပြင်လိုက်စဥ် ခပ်လှမ်းလှမ်းမှ အားပေးသံများကို ကြားလိုက်ရသည်။ ထိုဖက်သို့ လှမ်းကြည့်လိုက်သောအခါ ကျင့်ကြံသူအယောက်နှစ်ရာခန့်က အရှိန်ပြင်းစွာဖြင့် လေပေါ်တွင်ပျံသန်းနေပြီး တောက်ပနေသည့် စက်လုံးများကို ဘယ်ဖက်သို့ပစ်လိုက်၊ ညာဖက်သို့ပစ်လိုက် လုပ်နေတော့သည်။ ထိုစက်လုံးများထဲရှိ အဆိပ်ဓာတ်ငွေ့များ ပျံထွက်လာသောအခါ ထိုကျင့်ကြံသူအုပ်စုမှာ တဟုန်ထိုးတိုက်စစ်ဆင်ကာ လူများစွာကို သတ်ဖြတ်နေတော့သည်။

ရွှီရှောင်ရှန်းမှာ ထိုအုပ်စုထဲတွင်ပါဝင်ပြီး အသံကုန်အော်ဟစ်နေသည်။ ထို့အပြင် ပေဟန်လဲ့၊ ကျားလဲ့နှင့် နတ်ဆရာတို့လည်း ပါဝင်သေးသည်။ ထိုလေးယောက်အုပ်စုမှာ အခြားကျင့်ကြံသူများကို ဦးဆောင်ကာ တိုက်ခိုက်ရင်း ပိုင်ရှောင်ချန်းဆီသို့ လာနေကြသည်။

ပိုင်ရှောင်ချန်းမှာ ယခုမှ သူတို့ကို ပထမဆုံးအကြိမ် သတိထားမိသည်ဖြစ်သော်လည်း သူတို့ကမူ သူ့ကို စောစောထဲက တွေ့ခဲ့ကြသည်။ ဧရာမ မိကျောင်းကြီးရောက်လာစဥ်တုံးက သူတို့မှာ လူစုကွဲသွားသော်လည်း ပိုင်ရှောင်ချန်း၏ တိုက်ခိုက်နေသော မြင်ကွင်းများကြောင့် သူတို့မှာလည်း တိုက်ခိုက်ရန် ပြန်လည်နိုးကြားလာကြခြင်းဖြစ်သည်။ လူများပြန်စုပြီးနောက် သူတို့က စစ်မြေပြင်ကိုဖြတ်ကာ ပိုင်ရှောင်ချန်းနှင့် ပြန်ပူးပေါင်းရန် ပြင်လိုက်ကြခြင်းဖြစ်သည်။

ပေဟန်လဲ့မှာ ဝန်မခံချင်သော်လည်း ပိုင်ရှောင်ချန်း၏ ဘေးတွင်တိုက်ခိုက်ခဲ့ရသည့် နေ့ရက်များကို သူက လွမ်းဆွတ်နေသည်။ သူတို့မှာ အကြည့်ချင်းဆုံသွားသည့်အခါ သူက အေးစက်စက်နှာမှုတ်လိုက်ပါသော်လည်း တချိန်ထဲမှာပင် ယခင်ကထက်ပင် ပို၍ ကြမ်းတမ်းစွာ တိုက်ခိုက်နေတော့သည်။

ထို့နောက် ရွှီရှောင်ရှန်းက ပိုင်ရှောင်ချန်းကို လှမ်းကြည့်ကာ အော်လိုက်လေသည်။
” ပိုင်ရှောင်ချန်းရေ။ ငါတို့ ရောက်ပြီဟေ့။”

သူ့စကားသံ၏နောက်တွင် လူအယောက်နှစ်ရာ၏ အသံမှာ တပြိုင်နက်ထွက်လာတော့သည်။
” အလယ်တောင်ထိပ် သွေးသခင်မှာ အဆုံးအစမဲ့ မှော်စွမ်းအားတွေရှိတယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ကောင်းကင်တာအိုတန်ခိုးရှင်က တစ်လောကလုံးကို လှုပ်ရမ်းပစ်နိုင်တယ် ”

ဘေးပတ်လည်ရှိ ဂိုဏ်းသုံးဂိုဏ်းမှ အခြား ကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင် ထူးဆန်းသည့် အမူအရာများ ပေါ်ပေါက်လာကြတော့သည်။

ပိုင်ရှောင်ချန်းမှာ မျက်ရည်များကျတော့မည့်အလား စိတ်ထိခိုက်သွားသည်။ သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး သူက ဆိုလိုက်လေသည်။
” လာကြ ညီအစ်ကိုတို့။ မြို့တော်ကို သွားတိုက်ကြရအောင်။”

စောစောက ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် အမိန့်များကြောင့် ရှေ့တန်းမှာ မြို့တော်ကြီးနှင့် ပို၍နီးကပ်လာပြီဖြစ်သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများ၏ စိတ်ဓာတ်များ ကျဆင်းနေကြပြီး အလုံးအရင်းဖြင့် တပ်ဆုတ်နေကြတော့သည်။ အဆုံးတွင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးတစ်ယောက်က အော်ဟစ်လိုက်တော့သည်။
” မြို့ထဲကို ပြန်ဝင်ခဲ့ကြဟေ့။ အသက်ပေးပြီး မြို့တော်ကြီးကို ကာကွယ်ကြ။”

ချက်ချင်းပင် အပြင်ဘက်ရှိ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများမှာ အရှိန်ကုန်ဖြင့် တပ်ဆုတ်ကုန်ကြသည်။ အပြင်စည်းဂိုဏ်းနှင့်အတွင်းစည်းဂိုဏ်းသားများမှ အခြေခိုင်မာခြင်းအဆင့်နှင့် အမြုတေအဆင့်ထိ ကျင့်ကြံသူများအားလုံးမှာ တစ်ယောက်မကျန် လေပေါ်သို့ ပျံတက်သွားကြသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ကမူ သူတို့နောက်သို့ ပြေးလိုက်သွားတော့သည်။

ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ခေါင်းဆောင်ကြီးများပင်လျှင် တပ်ဆုတ်ရင်း ဒဏ်ရာအကြီးအကျယ် ရကုန်ကြသည်။ တစ်ယောက်တစ်လေမှ ပြန်လည်မတိုက်ခိုက်ချေ။ တစ်ဂိုဏ်းလုံးမှာ မဟာမန္တန်အစီအရင်ထဲသို့ တပ်ခေါက်သွားကြတော့သည်။

မြို့ထဲရှိ လူအားလုံးမှာ သူတို့အပေါ်တွင် ဧရာမဖိအားကြီးတစ်ခု ရောက်နေသည့်အလား ခံစားနေရတော့သည်။ အပြင်ဘက်တွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့၏ ကျင့်ကြံသူများမှာ ဂုဏ်ဆာနေကြပြီး တိုက်ခိုက်လိုသည့် ဆန္ဒများ ပြင်းထန်နေသည်။ ထို့နောက် အနည်းငယ်မျှ တုံ့ဆိုင်းမနေပဲ သူတို့က ထိုမန္တန်အစီအရင်ဒိုင်းကာကြီးကို ကြီးကျယ်ခန်းနားစွာ ထိုးစစ်ဆင်လိုက်ကြသည်။

ကောင်းကင်ယံတွင် အလင်းရောင်များက ပြိုးပြိုးပျက်ပျက်လင်းလက်နေပြီး မိုးခြိမ်းသံများ ပေါ်ထွက်လာတော့သည်။

လေပေါ်တွင် ဓားအစီအရင်များက ဝဲပျံနေသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ စစ်ပွဲသုံး လှည်းကြီးများက နဂါးကြီးများအလား တိုက်ခိုက်နေကြသည်။ ဧရာမ လှံကြီးများကိုလည်း ပစ်လွှတ်နေကြသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ နောက်ဆုံး ခံတပ်ဖြစ်သည့် မန္တန်အစီအရင်ကြီးမှာ လှိုင်းများပင်ထလာပြီး တွန့်လိမ်စပြုလာတော့သည်။ သို့သော်လည်း မပျက်စီးသေးချေ။

မြေပြင်ပေါ်ရှိ စစ်တပ်က ရှေ့သို့ တဟုန်ထိုး ထိုးစစ်ဆင်ကာ စွမ်းအားကြီး တိုက်ကွက်များကိုသုံးပြီး တောင်တန်းများကို တိုက်ခိုက်နေသည်။

တောင်တန်း၏ အခြားတစ်ဖက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။ ထိုတိုက်ပွဲမှာ ဤအဓိက တိုက်ပွဲကြီးတမျှ မကြီးကျယ်၊ မခမ်းနားသော်လည်း ရုန့်ရင်းကြမ်းတမ်းဆဲပင်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ပျံ့ကျဲနေသော လက်ကျန်တပ်သားများမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအား ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို သိမ်းပိုက်ရန် အကူအညီပေးနေကြခြင်းဖြစ်သည်။

သူတို့၏ အရေအတွက်မှာ နည်းပါးပြီး သောင်းဂဏန်းအနည်းငယ်မျှသာရှိသည်။ သို့သော်လည်းသူတို့၏ ဆန်းကြယ်ဂိုဏ်းကို မုန်းတီးမှုများမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ထက် ပို၍ ကြီးမားသာလွန်ပေသည်။ ထိုသို့မုန်းတီးရသည့် အကြောင်းအရင်းမှာ မြို့တော်ကိုကာကွယ်နေသူများထဲတွင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများသာမက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ သစ္စာဖောက်သွားသည့်သူများပါ ပါဝင်နေသောကြောင့် ဖြစ်သည်။

တိုက်ပွဲကြီးမှာ ပြင်းထန်လွန်းလှပြီး သွေးညှီနံ့များက ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းနေတော့သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကိုနောက်ဖက်မှနေ၍ ထိုးစစ်ဆင်နေသည့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့ထဲတွင် မိန်းမပျို တစ်ယောက်ပါသည်။ သူမသည် ပါးလွှာသည့် အဖြူရောင်ဝတ်စုံတစ်ခုကို ဆင်မြန်းထားပြီး ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းလှပေသည်။ သူမထံမှ ညှို့အားပြင်းသည့် အငွေ့အသက်များ ထွက်ပေါ်နေပြီး သူမ၏ ရင်သက်ရှုမောဖွယ်ကောက်ကြောင်း အလှတရားများက ဝတ်စုံအောက်မှ ဖောင်းကြွနေသည်ကို မြင်နိုင်ပေသည်။

ထိုမိန်းမပျိုက ဤစစ်ပွဲအတွင်း နာမည်ကျော်ကြားလာခြင်းဖြစ်သည်။ သူမ၏အမည်မှာ ချင်းမေ့ယွမ် ဖြစ်သည်။

သူမသည် အဆိပ်နှင့်ပတ်သတ်လျှင် ကျွမ်းကျင်ရုံသာမက သေနင်္ဂဗျူဟာချမှတ်ရာတွင်လည်း အတွေ့အကြုံရင့်သည်။ ထို့အပြင် သူမ၏ အလှတရားမှာ ကျင့်ကြံခြင်းလောက၏ အောက်ပိုင်းဒေသတွင် နံပါတ်တစ်နေရာမှာ ရှိကြောင်း လူအချို့က ဆိုကြသည်။

လင်မု၊ ကျုံးတာအို နှင့် အခြားလူငယ် အားလုံးနီးပါးမှာ သူမကို စွဲလမ်းနေကြတော့သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများပင်လျှင် သူမ၏ အလှတရားကြောင့် အံ့အားသင့်နေကြပြီး ကျင့်ကြံခြင်းတွင် အသုံးပြုရန် ကိုယ်လုပ်တော်အဖြစ် တော်ကောက်ချင်စိတ်များ ပေါ်လာတော့သည်။

သို့သော်လည်း သူမ၏ ခံယူချက်မှာ ပြင်းထန်လွန်းလှသဖြင့် ထိုသို့သော စီစဥ်မှုမျိုးကို လက်ခံမည့်အစား အသက်သာ အသေခံမည်ဖြစ်သည်။

ယခုတွင် သူမ၏ မျက်ဝန်းများမှာ နက်နဲစွာတောက်ပနေပြီး ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ လက်ကျန်တပ်သားများကို ဦးဆောင်ကာ အမိန့်များကို တစ်ခုပြီးတစ်ခု ချမှတ်နေတော့သည်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ ထိုးဖောက်မှုနှင့် စိတ်စွမ်းအင်၊ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့၏ ထိုးစစ်တို့ ပူးပေါင်းသွားသည့်အခါ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှာ ကျရှုံးပြီးရင်း ကျရှုံးနေတော့သည်။

” ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက သူတို့ရဲ့ တန်ဖိုးကြီးရတနာရဲ့ စွမ်းအားကို ထုတ်မသုံးရသေးဘူး။ ” သူမက လေသံတိုးတိုးဖြင့်ဆိုလိုက်သည်။
” သူတို့ ထုတ်သုံးလိုက်တာနဲ့ သူတို့သေချာပေါက် ရှုံးပြီပဲ။ ” သူမ၏ဘေးတွင်ရှိသော ခေါင်းဆောင်ကြီးနှစ်ယောက်မှာ အရောင်လက်နေသည့်မျက်ဝန်းများဖြင့် သူမ၏ စကားကို လက်ခံကြောင်း ခေါင်းညိတ်လိုက်ကြသည်။

ရုတ်တရက် သူတို့ထဲမှ တစ်ယောက်က မော့ကြည့်ကာဆိုလိုက်သည်။
” သူတို့ အခုလေးတင်သုံးလိုက်ပြီပဲ။”

Comment

Leave a Reply

Options

not work with dark mode
Reset