ခရမ်းရောင် ရုပ်သေးရုပ်၏ ဘယ်လက်ကို လင်မုက လေထဲသို့ ဝှေ့ယမ်းလိုက်သောအခါ လမင်းကြီးမှာ နာကျင်စရာကောင်းစွာ ထွက်ပေါ်လာပြီး အေးစက်မှုများ ထုတ်လွှတ်နေတော့သည်။ ၎င်းက ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားသောအခါ နှင်းပွင့်ဖတ်ကလေးများပင် ရစ်ဝဲကာကျဆင်းလာတော့သည်။
ခရမ်းရောင်ရုပ်သေးရုပ်မှာ ၎င်း၏ညာလက်ဖြင့် နေမင်းတစ်လုံးထုတ်ပြီး ဘယ်လက်ဖြင့် လမင်းတစ်လုံးကို ထုတ်လိုက်ပြီဖြစ်သည်။ ယခုတွင် ၎င်းမှာ လေပေါ်တွင် နတ်ဘုရားတစ်ပါးအလား ရစ်ဝဲနေပြီး ပြင်းထန်သောစွမ်းအားများ ထုတ်လွှတ်နေတော့သည်။ နေလုံးမှာ ပိုင်ရှောင်ချန်း၏ မှော်အပင်လက်နက်အတတ်ဖြင့် ချုပ်နှောင်ခံလိုက်ပြီဖြစ်ပါသော်လည်း တခြားတစ်ဖက်မှ ကျဆင်းလာနေသည့် လမင်းကြီးမှာ လူတိုင်းကိုတုန်ရီသွားစေနိုင်သည့် သတ်ဖြတ်လိုသည့် အခိုးအငွေ့များကို ထုတ်လွှတ်နေသည်။
” ပိုင်ရှောင်ချန်းရေ။ မင်းသေဖို့ အချိန်ကျပြီ။ ” လင်မုက ကွဲအက်နေသည့် အသံဖြင့် အော်လိုက်သည်။
ထိုသို့ တမူထူးခြားလှသည့် စွမ်းအားများကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ပြူးနေတော့သည်။ သူကြုံတွေ့နေရသည့် အန္တရာယ်ကို ခံစားမိပါသော်လည်း တချိန်ထဲမှာပင် သူက ဒေါသထွက်နေတော့သည်။
” သေရမှာက မင်းကွ။” သူက အော်ပြောလိုက်သည်။ ထို့နောက် သူ၏ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး ထာဝရအသက်ရှည်နည်းပညာရပ်၏ စွမ်းအင်များကို ထုတ်ဖော်လိုက်တော့သည်။ သွေးချီများမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း ဧရာမ သွေးဓားကြီးတစ်ချောင်းအသွင်ပြောင်းလဲသွားသည်။ သူက ထိုဓားကြီးကို ဆုပ်ကိုင်လိုက်ကာ သူ့ဆီပြေးလာနေသည့် လမင်းကြီးကို ခုတ်လိုက်တော့သည်။
ခရမ်းရောင်ချီ ကောင်းကင်တံတား မန္တန်ကို အသုံးချကာ သူ၏ စိတ်စွမ်းအင်ပင်လယ်များထဲရှိ ကောင်းကင်တံတားမြစ်ရေ တစ်စက်ကို သူက ထုတ်ယူလိုက်ပြီး သွေးချီနှင့် ရောစပ်လိုက်သည့်အခါ လက်သီးဆုပ်အရွယ်အစားရှိသည့် သွေးစက်လုံးတစ်ခုက ရှေ့သို့ပျံထွက်သွားပြီး သွေးဓားကြီးနှင့် ပူးပေါင်းသွားသည်။
ထိုသွေးစက်လုံးကို မြင်လိုက်ရသူတိုင်းမှာ လုံးဝကို တုန်လှုပ်သွားတော့သည်။ သူတို့၏ နှလုံးသားများထဲတွင် နက်ရှိုင်းသော အန္တရာယ်ကြီးများကိုပင် ခံစားလိုက်ရသည်။
” အဲတာ….”
” ကောင်းကင်တံတားမြစ်ရဲ့ အခိုးအငွေ့ပါလား။”
ထိုသို့ အံ့သြနေကြသည့်လေသံများ ထွက်လာသည့်အချိန်တွင် ပိုင်ရှောင်ချန်း၏ သွေးဓားကြီးက လင်မု၏လမင်းကြီးကို ရိုက်ခတ်သွားသောအခါ တဂျုန်းဂျုန်းမြည်သံများ ထွက်လာသည်။
အရာအားလုံးမှာ ပြင်းထန်စွာတုန်ရီသွားပြီး လေပြင်းကြီးမှာ အရပ်မျက်နှာပေါင်းစုံသို့ တိုက်ခတ်သွားတော့သည်။ တချိန်ထဲမှာပင် သွေးစက်လုံးကြီးက လင်မုဆီသို့ ဆက်လက်ပျံသန်းသွားသည်။
ထိုစက်လုံးမှ ထွက်ပေါ်နေသည့် မျက်စိကျိန်းမတတ် အလင်းရောင်များကို စစ်မြေပြင်၏ အဝေးတစ်နေရာရှိ လူများကပင် မြင်နိုင်လေသည်။ ဂိုဏ်းစောင့်အကြီးအကဲများနှင့် အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများပင်လျှင် မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြတော့သည်။
သူတို့သည် လက်ရှိတွင် အမြုတေအဆင့်သို့ ရောက်နေပါသော်လည်း သူတို့ အခြေခိုင်မာခြင်းအဆင့်တွင်ရှိစဥ်တုံးကဆိုလျှင် ပိုင်ရှောင်ချန်း သို့မဟုတ် လင်မုနှင့် ယှဥ်နိုင်မည်မဟုတ်ချေ။ ယခုဖြစ်ပွားနေသည့် တိုက်ပွဲကြီးမှာ တုန်လှုပ်ဖွယ်အတိကောင်းနေတော့သည်။ ပိုင်ရှောင်ချန်းနှင့် လင်မုတို့မှာ မန္တန်အစီအရင်တစ်ခုနှင့် ရုပ်သေးရုပ်တစ်ခုကို အားကိုးနေပါသော်လည်း သူတို့၏ လုပ်ဆောင်ချက်များအရ တမူထူးခြားနေကြောင်း သိနိုင်သည်။ အခြေခိုင်မာခြင်းအဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။
ကြီးမားသည့် တုန်ခါလှိုင်းတစ်ခုကြီးပင် ထွက်ပေါ်လာသည်။ ပိုင်ရှောင်ချန်း၏ ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ကြီးမှာ တွန့်လိမ်ကောက်ကွေးနေပြီး နောက်သို့ ခြေလှမ်းများစွာပင် ဆုတ်ခွာလိုက်ရလေသည်။ လင်မု၏ ခရမ်းရောင် ရုပ်သေးရုပ်မှ အက်ကွဲသံများပေါ်ထွက်လာပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ထွက်လာသဖြင့် ၎င်းမှာလည်း နောက်သို့ ဆုတ်သွားတော့သည်။
သူတို့နှစ်ယောက်စလုံးမှာ အသက်ရှူသံများ မြန်နေကြသည်။ လင်မုမှာ စွမ်းအားကြီး ခေတ်ပြိုင်တစ်ယောက်နှင့် ရင်ဆိုင်နေရသည့်အလား ခံစားနေရသည်။ တောက်ပနေသည့်မျက်ဝန်းများဖြင့် သူက ခေါင်းကိုနောက်သို့ပစ်၍ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
” ကြည့်ရတာ မင်းက ပိုစွမ်းတဲ့ပုံပဲကွ။ နှမြောစရာပဲ။ ပိုင်ရှောင်ချန်းရေ။ မင်းဒီမှာ သေရမှာက သေရမှာပဲဟေ့။” ခရမ်းရောင် ရုပ်သေးရုပ်က လေပေါ်သို့မြင့်မားစွာ ခုန်တက်သွားပြီး ကောင်းကင်ကိုတို့ထိတော့မည့်အလား လက်များကို မြှောက်လိုက်လေသည်။
ထို့နောက် ၎င်း၏ မျက်ဝန်းထဲတွင် ထူးဆန်းသည့်အလင်းရောင်များ ပေါ်ထွက်လာပြီး နဖူးရှေ့တည့်တည့်တွင် ညာလက်နှင့်ဘယ်လက်ကို တို့ထိလိုက်သည်။ တချိန်ထဲမှာပင် ရုပ်သေးရုပ်၏ အသံကြီးမှာ မိုးခြိမ်းသံအလား ထွက်ပေါ်လာတော့သည်။
” နေမင်းနဲ့လမင်း အတူလင်းကြ။”
ရုတ်တရက် နေလုံးကြီးနှင့် လမင်းကြီးမှာ ရုပ်သေးရုပ်၏ လက်ထဲတွင် ပြန်ပေါ်လာသည်။ ထိုနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ထပ်သွားသဖြင့် မီးနှင့်ရေ ရောစပ်နေသည့်အလား ဖြစ်နေသည်။ ပြင်းထန်သော အားတစ်ခုပေါ်ထွက်လာပြီး တောက်ပသည့်အလင်းတန်းများအသွင်ပြောင်းသွားသောအခါ အရာအားလုံးမှာ တုန်ခါနေတော့သည်။
မျက်စိတစ်မှိတ်အတွင်း မီတာသုံးရာအတွင်းရှိ အရာအားလုံးကို အလင်းရောင်များက ဖုံးလွှမ်းသွားတော့သည်။ အစတွင် အေးစက်နေပါသော်လည်း နောက်ပိုင်းတွင် ခြစ်ခြစ်တောက်ပူလာသည်။ ထိုစွမ်းအားများက ပေါင်းစည်းသွားသည့်အခါ အရာအားလုံးကို အရည်ပျော်ကျစေနိုင်သည့် ထူးဆန်းသော စွမ်းအင်တစ်ခုပေါ်ထွက်လာတော့သည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများအပါအဝင် ထိုနေရာတစ်ဝိုက်ရှိ ကျင့်ကြံသူများအားလုံးမှာ သွေးပျက်ခြောက်ခြားဖွယ်အော်ဟစ်ရင်း လောကကြီးမှ ပျောက်ကွယ်သွားကြတော့သည်။
ပိုင်ရှောင်ချန်း၏ ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ကြီးမှာ မတည်မငြိမ်ဖြစ်လာပြီဖြစ်သည်။ ထိုတောက်ပနေသည့် အလင်းတန်းထဲတွင် အရာအားလုံးမှာ နှင်းလုံးတစ်လုံးက မီးတောက်ကြီးနှင့် ကြုံတွေ့လိုက်ရသဖြင့် အရည်ပျော်သွားသကဲ့သို့ ဖြစ်နေသည်။ ပိုင်ရှောင်ချန်း၏တွက်ချက်မှုများအရ အသက်ရှူကြိမ်အနည်းငယ်အတွင်း ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ကြီးနှင့် မန္တန်အစီအရင်ဘီလူးကြီးမှာ ပြာကျသွားမည်ဖြစ်သည်။
ထိုသို့အရေးကြီးလှသည့် အချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ နီမြန်းနေတော့သည်။ သူ၏ ရောင်းရင်းဂိုဏ်းသား ဒါဇင်ပေါင်းများစွာ သတ်ခံလိုက်ရသည့်အချက်ကြောင့် သူ၏နှလုံးသားကို ဆုတ်ဖြဲနေသကဲ့သို့ ခံစားနေရတော့သည်။ သူက တုန့်ဆိုင်းမနေပဲ သူ၏အိတ်ကို ပုတ်လိုက်ပြီး တောက်ပနေသည့် စက်လုံးတစ်ရာကျော်ကို ထုတ်ယူလိုက်သည်။
ထိုတောက်ပနေသည့် စက်လုံးများကို တွန်းကန်ခြင်းနှင့် ဆွဲငင်ခြင်းတို့၏ စက်ဝန်းစွမ်းအားများကို အသုံးပြုကာ ဖန်တီးထားခြင်းဖြစ်သည်။ ထို့နောက် အဆိပ်ဓာတ်ငွေ့ အမြောက်အမြားကိုလည်း ထည့်သွင်းထားသေးသည်။
ပိုင်ရှောင်ချန်းက ထိုစက်လုံးများကို အားအကုန်သုံးကာ ခရမ်းရောင် ရုပ်သေးရုပ်ဘက်သို့ ချက်ချင်းပင် ပစ်လွှတ်လိုက်သည်။
ထိုစက်လုံးများမှာ အလင်းတန်းများအသွင်ဖြင့် လင်မုဆီသို့ အရှိန်ကုန်ပြေးသွားတော့သည်။ ထိုနေရာတစ်ဝိုက်တွင် ကျဆင်းနေသည့် တောက်ပနေသောအလင်းရောင်မှာ ထိုစက်လုံးများအပေါ်တွင် လုံးဝအကျိုးသက်ရောက်မှု မရှိချေ။ တစ်လုံးလေးမျှပင် အရည်မပျော်သွားပဲ ရုပ်သေးရုပ်ဆီသို့ ပျံဝဲသွားကြသည်။
ထို့နောက် ထိုစက်လုံးများက ပေါက်ကွဲသွားသောအခါ တဒုန်းဒုန်း မြည်သံများထွက်ပေါ်လာပြီး ရုပ်သေးရုပ်၏ အတွင်းပိုင်းထဲသို့ ဓာတ်ငွေ့အမြောက်အမြား ဝင်ရောက်သွားတော့သည်။
ဤအရာများမှာ ဖော်ပြရသည်မှာ ကြာသော်လည်း လျင်မြန်စွာ ဖြစ်ပျက်သွားသည်ဖြစ်သည်။ နေမင်းနှင့်လမင်းတို့၏ အလင်းရောင်က ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ကို အရည်ပျော်ကျသွားစေပြီး အောက်ရှိ မန္တန်အစီအရင်ဘီလူးကြီး ပေါ်ထွက်လာသောအခါ ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်သည်။
ထိုဘီလူးကြီးမှာ ပျောက်ကွယ်လုနီးပါးအခြေအနေသို့ ရောက်သွားသည့်အခါ ပိုင်ရှောင်ချန်းက ကျန်ရှိနေသေးသည့် နောက်ဆုံးစွမ်းအားကို အသုံးပြုလိုက်ပြီး အော်ဟစ်လိုက်သည်။
” အစီအရင် ဖျက်။”
ချက်ချင်းပင် မန္တန်အစီအရင်ပုံရိပ်ကြီးက အက်ကွဲသွားပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို အရပ်မျက်နှာပေါင်းစုံသို့ ပစ်လွှတ်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ လေပေါ်သို့ မြင့်မားစွာခုန်တက်သွားပြီး သူ၏ ထာဝရအသက်ရှည်နည်း ပညာရပ်မှာ စွမ်းအားများ တဟုန်းဟုန်းထွက်နေတော့သည်။ သူ၏ အရေပြားမှာ ရွှေရောင်ဖြစ်နေပြီး ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်၏ အပြင်အားများကို ပိုင်ဆိုင်ထားသည်။ ထို့နောက် သူ၏ ကြောက်မက်ဖွယ်အမြန်နှုန်းကို အသုံးချကာ အရာရာတိုင်းကို ဖျက်စီးနေသည့် အလင်းတန်းထဲမှ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။
ထိုအချိန်တွင် ခရမ်းရောင်ရုပ်သေးရုပ်မှာ တုန်ရီစပြုလာပြီး အတွင်းပိုင်းမှာ အာခေါင်ခြစ်အော်သံများနှင့် ကြောက်မက်ဖွယ်ရယ်သံကြီးများပင် ထွက်ပေါ်လာသည်။ အနည်းငယ်မျှ တုန်ခါသွားပြီးနောက် ရုပ်သေးရုပ်ကြီးမှာ ပေါက်ကွဲသွားပြီး ရူးသွပ်နေသည့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းတစ်အုပ်စုမှာ အပြင်သို့ ထွက်လာတော့သည်။ ထိုသူများထဲတွင် လင်မုမှာ ဖြူဆုတ်နေသည့် မျက်နှာဖြင့် အော်ဟစ်လိုက်သည်။
” ပိုင်ရှောင်ချန်းးးး”
လေထဲတွင် ဝဲပျံနေသည့် လင်မု၏ ဆံပင်မှာ လုံးဝ ရှုပ်ပွနေသည်။ စောစောက သူသည် သူ၏ တိုက်ကွက်ကြောင့် ပိုင်ရှောင်ချန်းသေလျှင်သေ၊ မသေလျှင် သူ၏ မန္တန်အစီအရင်ကို ဖျက်စီးနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ ထိုအစီအရင်ပျက်သွားသည့်အခါ ခရမ်းရောင်ရုပ်သေးရုပ်၏ အစွမ်းကြောင့် လုံးဝကို အထိနာသွားလိမ့်မည်ဟု တွက်ထားလေသည်။
သို့သော်လည်း အရာရာတိုင်းမှာ ဤကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု သူက လုံးဝ မတွေးထားချေ။ မန္တန်အစီအရင်က လုံးဝအရည်ပျော်ကျခါနီးမှသာ သူ၏ ခရမ်းရောင်ရုပ်သေးရုပ်မှာ အဆိပ်ဓာတ်ငွေ့တစ်ခု၏ ဒဏ်ကိုခံလိုက်ရပြီး လုံးဝ အသုံးပြု၍ မရတော့ချေ။
ယခုတွင် လက်ရည်တူ ပြိုင်ဘက်နှစ်ယောက်မှာ မန္တန်အစီအရင်နှင့် ရုပ်သေးရုပ်များ မရှိကြတော့ချေ။ စစ်မြေပြင်ပေါ်တွင် သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားသည့်အခါ လင်မု၏ မျက်ဝန်းများထဲရှိ သတ်ဖြတ်လိုစိတ်များကို ပိုင်ရှောင်ချန်းက မြင်နေရပြီး ပိုင်ရှောင်ချန်၏မျက်ဝန်းထဲရှိ ဒေါသများကို လင်မုက သတိထားမိနေတော့သည်။
လင်မုမှာ စိတ်ထဲတွင် တုန်ရီနေတော့သည်။ ပိုင်ရှောင်ချန်း၏ အပြင်အားမှာ ပုံမှန်ထက်သာလွန်ကြောင်း သူ သိသည်။ ထို့အပြင် သူ ၏အားသာချက်မှာ မှော်သိုင်းများကေန ရကြောင်းကိုလည်း သူကသိသည်။ ထို့ကြောင့် သူက ထွက်ပြေးရန် ကြံစည်နေစဥ်မှာပင် ပိုင်ရှောင်ချန်းက ရှေ့သို့ ပြေးထွက်လာပြီး တောင်ဖြိုသိုင်းကို အသုံးပြုလိုက်သဖြင့် သတ်ဖြတ်လိုသည့် အခိုးအငွေ့များမှာ သူ၏ ဘေးတွင် ပတ်ပတ်လည်ဝန်းရံနေတော့သည်။ သူက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း အရိပ်များအသွင်ပြောင်းကာ လင်မုနားသို့ ပြေးသွားသောအခါ တဂျုန်းဂျုန်းမြည်သံများ ထွက်ပေါ်လာတော့သည်။
” မှော်သိုင်းတွေသုံးဖို့ အချိန် ကုန်သွားပြီကွ။ ဘယ်သူ့ရဲ့ အပြင်အားက ပိုသာလည်း ကြည့်ရအောင်ကွာ။”
လင်မုက ရှောင်တိမ်းချင်ပါသော်လည်း ပိုင်ရှောင်ချန်းထက် သူက နှေးနေကြောင်းကို သိလိုက်သည်။ ထာဝရအသက်ရှည်နည်းပညာရပ်ကို ကျင့်ကြံထားသူနှင့် သူက မည်သည့်နည်းနှင့်မျှ ယှဥ်နိုင်မည်မဟုတ်ချေ။ ပိုင်ရှောင်ချန်းမှာ သားကောင်ကိုလိုက်ဖမ်းနေသည့် သားရဲကြီးတစ်ကောင်နှင့် တူနေတော့သည်။ လင်မုက သူ၏လျှာကို လျင်မြန်စွာ ကိုက်လိုက်ပြီး သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။
ထိုသွေးများက သွေးဒိုင်းကာလေးတစ်ခုအသွင်ပြောင်းလဲသွားပြီး ရှေ့သို့ ပြေးထွက်သွားကာ ပိုင်ရှောင်ချန်း၏ လက်သီးချက်ကို ကာဆီးလိုက်သည်။
လက်သီးချက်ကြောင့် ထိုဒိုင်းကာလေးမှာ မပျက်စီးသွားသော်လည်း နောက်သို့လွင့်စင်သွားပြီး လင်မု၏ ရင်ဘတ်ကို ရိုက်ခတ်မိလိုက်သဖြင့် သူက သွေးတစ်ပွက် အန်လိုက်သည်။ ထို့နောက် သူက တုန်ရီစွာနှင့် ထွက်ပြေးရန် ပြင်လိုက်သည်။
” ဒီလို ထွက်ပြေးလို့ရမယ် ထင်နေတာလား။ ”
ပိုင်ရှောင်ချန်းက သူ၏ နောက်ကို လိုက်ရင်း ဆိုလိုက်သည်။ သူ၏ ညာခြေထောက်ကို မြှောက်ရင်း လင်မု၏ ပုခုံးကို ခပ်ပြင်းပြင်း ကန်လိုက်လေသည်။ လင်မုမှာ နောက်သို့တွန်းထုတ်ခံလိုက်သဖြင့် အံကြိတ်လိုက်တော့သည်။ သူ၏အဝတ်များတွင် သွေးများစိုရွှဲနေတော့သည်။
သူက အရှက်ခွဲ အနိုင်ကျင့်ခံရသလို ခံစားနေရတော့သည်။ သို့သော်လည်း ဘာမှ ပြန်မတုံ့ပြန်နိုင်ချေ။ ကျင့်ကြံခြင်းအခြေခံခြင်း ယှဥ်ပါက သူက ပိုင်ရှောင်ချန်းကို မကြောက်ချေ။ မှော်သိုင်းများနှင့် ပတ်သတ်လျှင်လည်း သူတို့နှစ်ဦးအကြားတွင် အဆင့် ကွာဟချက်မရှိချေ။ သို့သော်လည်း အပြင်အားချင်း ယှဥ်လိုက်ပါက သူက ပိုင်ရှောင်ချန်းကို မည်သည့်နည်းနှင့်မျှ မယှဥ်နိုင်တော့ပေ။
သူ့တွင် ခရမ်းရောင်ရုပ်သေးရုပ်မရှိတော့သည့်အပြင် ကာယအားခြင်း ပြန်မတိုက်ခိုက်နိုင်ပေ။
” သောက်ကျိုးနည်းကွာ။ ငါတို့လို ကျင့်ကြံသူတွေက နတ်ဘုရားစွမ်းရည်တွေကိုပဲ လေ့ကျင့်ကြတာ။ ကြီးမြတ်တဲ့ တာအိုတွေကို ရှာဖွေကြတာ။ ထာဝရအသက်ရှင်နိုင်ဖို့ ကြိုးစားကြတာကွ။ မင်း…မင်း…မင်းက မင်းရဲ့ အပြင်ခန္ဓာကိုယ်ကိုပဲ ကျင့်ကြံနေတာကိုး။”
” ထာဝရအသက်ရှင်ဖို့ တစ်ခုထဲသော နည်းလမ်းက မသေဖို့ပဲကွ။ ” ပိုင်ရှောင်ချန်းက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
” အဲ့တာမလို့ ငါက ထာဝရ ခန္ဓာကိုယ်ကို ကျင့်ကြံတာ။ ”
လင်မုမှာ ဘာမှ ပြန်မပြောနိုင်ချေ။ နောက်ထပ် လက်သီးတစ်ချက်က သူ့ကိုထိသွားသဖြင့် သူက သွေးများထပ်အန်ကာ စစ်မြေပြင်တစ်လျှောက် လွင့်ထွက်သွားတော့သည်။
ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များမှာ ပလူပျံနေသည်။ လင်မု၏ မျက်ဝန်းများထဲတွင်မူ အရှုံးမပေးလိုသည့်စိတ်များအပြင် ဒေါသများပါထွက်ပေါ်နေသည်။ ပိုင်ရှောင်ချန်းကမူ သူ့နောက်သို့ ဆက်၍ လိုက်နေတုံးပင်ဖြစ်သည်။ လင်မုက သူ၏ လက်ကိုဝှေ့ယမ်းလိုက်သောအခါ သူ၏ အင်္ကျီလက်ထဲမှ ဆေးပေါင်းဖိုတစ်လုံးပျံထွက်လာပြီး ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားသည်။
ပိုင်ရှောင်ချန်းမှာ အေးစက်စက်နှာမှုတ်လိုက်ပြီး တစ်ခဏလေးပင် မရပ်တန့်ချေ။ သူက ဆေးပေါင်းဖိုကြီးကိုပင် တည့်တည့်ဝင်တိုက်လိုက်တော့သည်။ ထိုဆေးပေါင်းဖိုမှာ စွမ်းအားကြီး မှော်ရတနာတစ်ခုဖြစ်သော်လည်း ပိုင်ရှောင်ချန်းကို ဒဏ်ရာလေးတစ်ခုပင် မပေးနိုင်ချေ။ ၎င်းမှာ ဘေးဘက်သို့လွင့်ထွက်သွားသည့်အခါ ပိုင်ရှောင်ချန်းက သေမင်းဓားပျံကြီးတစ်လက်အလား လေထုကိုခွင်း၍ လင်မုဆီသို့ ပျံသန်းသွားတော့သည်။