ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းအတွက် သူတို့၏မန္တန်အစီအရင်များဖြင့် တစ်ခါတည်းနှစ်ကြိမ်တိုက်ခိုက်ရန်မှာ သွေးစွမ်းအင်နှင့် စိတ်စွမ်းအင်နတ်ရေဂိုဏ်း၏ ဂိုဏ်းစောင့်အကြီးအကဲများ၊ သွေးအေးလူသတ်သမားများနှင့် အမွေဆက်ခံသူအဆင့်ကျင့်ကြံသူတို့အား စော်ကားရာရောက်လေသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက်မူ အမှန်အကန်ပင်။ သူတို့အတွက်ပိုင်ရှောင်ချန်း၏ အရေးပါမှုမှာ စစ်ဆက်ဖြစ်နေသည်နှင့်အမျှ ပို၍သိသာလာသည်။ တစ်ဂိုဏ်းလုံး တိုက်ပွဲစွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံတို့မြင်တက်လာသည်ကို ကြုံတွေ့လာရသည်။ အကယ်၍ ပိုင်ရှောင်ချန်းသေသွားလျှင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ လက်မခံနိုင်သည့် မူလအဆင့်သို့ပြန်ရောက်သွားမည်ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းစောင့်အကြီးအကဲများနှင့် သွေးအေးလူသတ်သမားတို့က အခြား စွမ်းအားကြီးသောဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများနှင့်ဆက်စပ်နေသည့် ဓားအစီအရင်တို့ကို ဖယ်ထုတ်ပစ်ရန် ဝှက်ဖဲများထုတ်ဖော်လိုက်ကြသည်။
ပိုင်ရှောင်ချန်းရင်ဆိုင်ကြုံတွေ့နေရသည့် သေစေနိုင်သောအခြေအနေနှစ်ရပ်ကြောင့် အလွန်အမင်းစိတ်လှုပ်ရှားနေပြီဖြစ်သည့် လီချင်းဟောက်အပါအဝင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း အမြုတေအဆင့်ကျင့်ကြံသူများသည်လည်း ထိုနည်းတူ ပြုမူလိုက်ကြသည်။ သူ၏မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များဖြတ်ပြေးသွားပြီး အပင်နှင့်အသီးအရွက်တို့၏ မှော်ပုံရိပ်တို့က သူ့ပတ်လည်တွင်ပေါ်လာကာ မန္တန်အစီအရင်များထဲမှတစ်ခုအား တိုက်ခိုက်လိုက်သည်။
စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အမြုတေအဆင့်ကျင့်ကြံသူများ၏ ပြင်းထန်သောအားထုတ်မှုကြောင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ သူတို့၏ပြိုင်ဘက်များမှာ ပိုင်ရှောင်ချန်းကိုထိုးစိုက်ရန် သူတို့၏ ဓါးအစီအရင်တို့ကို အသုံးမပြုနိုင်တော့ဘဲ စစ်မြေပြင်မှ နောက်သို့တဖြည်းဖြည်းတွန်းပို့ခံနေရလေသည်။
ပိုင်ရှောင်ချန်းထံသက်ရောက်နေသည့် ဖိအားတို့လျော့သွားသော်လည်း သူကျရောက်ခဲ့ရသည့်ပူပူနွေးနွေးအန္တရာယ်ကို မေ့မရနိုင်သဖြင့် သူ၏ ဒေါသမီးများ ဆူပွက်လာလေသည်။ သူက စစ်ပွဲအတွင်း အမှားနှင့်အမှန်ဟူ၍မရှိပဲ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းသာရှိကြောင်းသိလေသည်။ သို့သော်လည်း ထိုအသိက သူ၏သေရမှာကြောက်သည်ကို မလှုပ်ခါနိုင်ပေ။
” မင်းတို့ကောင်တွေ ငါ့ကိုသတ်ဖို့ အရင်ကြိုးစားတာနော်.. ။ အနိုင်ကျင့်တဲ့ကောင်တွေ။ မင်းတို့ရဲ့ ခေါင်းဆောင်ကြီးတွေတောင်မှ ငါ့ကို တိုက်တာကွ။ မင်းတို့ရဲ့ မဟာမန္တန်အစီအရင်နဲ့ကောပဲ ” ဟိန်းဟောက်လျက် သူက အခြားကျင့်ကြံသူတစ်သောင်းခြံရံပြီး စစ်မြေပြင်ကို တဟုန်ထိုး ချီတက်လာလေသည်။ သူတို့က လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို နင်းခြေပစ်ပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှာ သူတို့ကို ရင်ဆိုင်ခုခံရန် မဖြစ်နိုင်တော့ပေ။ တရွေ့ရွေ့နှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှာ တောင်တန်းများဆီသို့ တွန်းပို့ခံနေရသည်။
တိုက်ပွဲ၏ အခြားရှေ့တန်းနယ်ပယ်တွင် ထိုကဲ့သို့ အံ့သြဖွယ်အဖြစ်အပျက်တို့ကို မကြုံတွေ့ရသော်လည်း ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှာ နေရာတိုင်းတွင် နောက်သို့တွန်းခံနေရပြီး ထိုအခြေအနေကို ပြောင်းပြန်လှန်ရန် မျှော်လင့်ချက်မရှိတော့ပုံရလေသည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူအများအပြားမှာ ဆက်တိုက်ရမည်လား၊ ရပ်လိုက်ရမည်လား ချီတုံချတုံဖြစ်လာကြသည်။ သူတို့အညံ့မခံသေးသည့် တစ်ခုတည်းသောအကြောင်းပြချက်မှာ သူတို့၏ဌာနချုပ်တည်ရှိနေဆဲဖြစ်သောကြောင့်ပင်။ ထိုသို့သာမဟုတ်ပါက ထိုကျင့်ကြံသူအများစု၏ဆုံးဖြတ်ချက်တို့မှာ အချိန်အတော်ကြာကတည်းက ပြိုလဲပျက်စီးလာမည်ဖြစ်သည်။
ထိုကဲ့သို့ အခြေအနေမျိုးတွင် သူတို့၌ ရွေးချယ်စရာနှစ်ခုရှိသည်။ အညံ့ခံမည်လော သို့တည်းမဟုတ် သုတ်သင်ခံမည်လော။
ထိုလူများတန်ပြန်တိုက်ခိုက်ရန် ချီတုံချတုံဖြစ်နေရသည်။ အမှန်မှာ သူတို့ထဲမှ အမြောက်အမြားမှာ ဖြစ်နိုင်သမျှ စစ်ပွဲ မြန်မြန်ပြီးဆုံးရန် မျှော်လင့်နေကြပြီး စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့က ဌာနချုပ်ကို မြန်မြန်သိမ်းလိုက်ပါတော့ဟူ၍ ဆုတောင်းနေကြသည်။
စိတ်ပျက်လက်ပျက်မျက်နှာတို့ဖြင့် တိုက်ပွဲတွင်သေသွားရန် ရည်ရွယ်ချက်ရှိရှိရွေးချယ်သွားသည့် လူအချို့ပင်လျှင်ရှိသည်။
တဂျိန်းဂျိန်းမြည်ဟည်းသံတို့က စစ်မြေပြင်ကိုလှုပ်ခါနေသောကြောင့် ပိုင်ရှောင်ချန်းက ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများတပ်ဆုတ်နေသည့် ဧရာမမြို့တော်ကြီးရှိရာတောင်များဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုမြို့ကြီးထံပျံသွားတော့မည်ဆဲဆဲတွင် မြို့ကြီး၏တောက်ပနေသော အလင်းဒိုင်းအကာအကွယ်များအတွင်းမှ တဂျိန်းဂျိန်းထစ်ခြုန်းမြည်ဟည်းသံများပေါ်ထွက်လာ၏။ တခဏမျှကြာသော် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူပေါင်းများစွာက တခဲနက်ချီတက်လာကြသည်။
၄င်းမှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းအသင့်ပြင်ထားသည့် အရံတပ်ဖွဲ့ဖြစ်သည်။ စစ်ပွဲမှာ သေဆုံးနိုင်မှုအမြင့်ဆုံးအဆင့်ထိပင်ရောက်နေသောကြောင့် ထိုကဲ့သို့ ကျင့်ကြံသူများအား ခပ်ကြာကြာ တိုက်ပွဲအပြင်ထုတ်ထားရန် အကြောင်းပြချက်မရှိတေါ့ပေ။ သူတို့မှာ အရေအတွက်အားဖြင့်တစ်သောင်းခန့်သာရှိသည့်တိုင်အောင် ပိုင်ရှောင်ချန်းထံပျံသန်းလာကြပြီး ကောင်းကင်တစ်ခုလုံးဖုံးအုပ်သွားလေသည်။ ကျင့်ကြံသူများနှင့် ဟိုတစ်ကွက် သည်တစ်ကွက်ရောနေသည်များကတော့ မဟူရာရုပ်သေးရုပ် အရွယ်မျိုးစုံပင်။
စစ်ကြောင်းထဲသို့ အားအသစ်များရိုက်ခတ်လာသောအခါ မှော်သိုင်းများမှ ပေါက်ကွဲသံတို့ကိုကြားလိုက်ရပြီး မှော်ပစ္စည်းများ၏အရောင်များ ဖြာထွက်လာလေသည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများ သွေးချင်းချင်းနီသွားကာ မဟူရာရုပ်သေးရုပ်နှစ်ရုပ်ကို တန်ပြန်တိုက်ခိုက်ရန် သူ၏ ကောင်းကင်နတ်ဆိုးကိုယ်၏ စွမ်းအားကို ဆင့်ခေါ်လိုက်သည်။ သူက ဧရာမခရမ်းရောင်ဒယ်ဇောက်အိုးများ၊ သေမင်းသွေးဓားတို့နှင့်တစ်ဆက်တည်း တောင်ဖြိုသိုင်းနှင့် လည်မျိုဆုပ်ဖမ်းကွက်တို့ကို သုံးလိုက်သည်။ သူက မဟူရာရုပ်သေးရုပ်တစ်ကောင်ကို ဖမ်းဆွဲလိုက်ပြီး ၄င်းကို ဦးခေါင်းဇောက်ထိုးဖြစ်အောင် ဆန့်ကျင်ဖက်သို့ ရိုက်ချလိုက်သည်။
ဝုန်းးးးး
မဟူရာရုပ်သေးရုပ်ကြီးမှာတုန်ရီသွားပြီး ၄င်းအတွင်းရှိ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများက စိတ်မချမ်းမြေ့ဖွယ် ညည်းညူလိုက်ကြသည်။ အက်ကွဲသံများမှ ပြတ်သားကျယ်လောင်စွာ မြည်ဟည်းသွား၏။
ပိုင်ရှောင်ချန်းက သူ့ကို တိုက်ကွက်များ သဲကြီးမဲကြီးပစ်လွှတ်နေသော အခြားရုပ်သေးရုပ်ကို လုံးဝလျစ်လျူရှူလိုက်သည်။ အသက်ရှူချိန် ၇ကြိမ်သို့မဟုတ် ၈ကြိမ်မျှကုန်ဆုံးသွားပြီးနောက် သူဆုပ်ကိုင်ထားသည့် မဟူရာရုပ်သေးရုပ်မှာ အပိုင်းပိုင်းပြတ်ကျသွားပြီး သူက နောက်ရုပ်သေးရုပ်ဘက်ကို ရပ်နေမြဲနေရာမှ လှည့်ကာ မျက်နှာချင်းဆိုင်လိုက်သည်။ ကောင်းကင်နတ်ဆိုးမှာမူ ၄င်း၏မျက်လုံးတို့တွင် သွေးဆာသောအလင်းများဖြင့် တလက်လက်တောက်နေသည်။
သူ၏နောက်ရှိ ရုပ်သေးရုပ်မှာ ကောင်းကင်နတ်ဆိုး၏ အကြည့်ကျရောက်လာသည်တွင် ကတုန်ကယင်ဖြစ်သွားလေသည်။ ထို့နောက် ၄င်းက နောက်သို့ဆုတ်လာ၏။ ပိုင်ရှောင်ချန်းက အေးစက်စက်နှာမှုတ်လိုက်ပြီး သူ၏ကောင်းကင်တံတားဓမ္မမျက်လုံးကိုဖွင့်လျက် လိုက်ဖမ်းလိုက်ပြီး ထိန်းချုပ်စွမ်းအားတို့ကို တဟုန်ထိုးပစ်လွှတ်လိုက်သည်။ သို့သော်လည်း သူက မဟူရာရုပ်သေးရုပ်တစ်ကိုယ်လုံးကို ထိန်းချုပ်ရန်ကြိုးစားမည့်အစား ၄င်း၏ ခြေထောက်ကိုသာအာရုံစိုက်ထားလေသည်။
ခြေထောက်မှာ ရုတ်တရက် တုံ့ခနဲရပ်သွားရသွားပြီး ထိုသက်ရောက်မှုက တခဏသာကြာသော်လည်း ၄င်းမှာပိုင်ရှောင်ချန်းအလိုရှိသောအချိန်ပင်။သူက လေကိုခွင်း၍လှစ်ခနဲသွားပြီး တောင်ဖြိုသိုင်းကို သုံးလိုက်ကာ ရုပ်သေးရုပ်ထံ လျှပ်စီးကြောင်းသဖွယ် တဟုန်ထိုးပစ်လွှတ်လိုက်သည်။
သူက ၄င်းကို ရိုက်ချပစ်လိုက်သောအခါ အတွင်းထဲမှ မရေမတွက်နိုင်သော အသည်းခိုက်စွာ စူးစူးဝါးဝါးအော်သံများ မြည်ဟည်းလာပြီး ၄င်း၏တစ်ဝက်နီးပါးမှာ ပျက်စီးသွားလေပြီ။ ပိုင်ရှောင်ချန်းသည်လည်း အပေါ်ယံပြတ်ရှရာအချို့ကို ခံစားနေရသော်လည်း မည်သို့ပင်ဖြစ်စေကာမူ သူ၏ညာလက်မှာ တစ်စက်မှမနားပဲ ရုပ်သေးရုပ်၏လည်ပင်းကို ရက်ရက်စက်စက်အမိအရဖမ်းဆုပ်ရန် တဟုန်ထိုးပြေးသွားသည်။
ထိုအချိန် ပိုင်ရှောင်ချန်း၏နားတွင် အေးစက်စက်ရယ်သံတစ်ခုကို ကြားလိုက်ရသည်။
“ကျုပ်ကို မှတ်မိလား ပိုင်ရှောင်ချန်း.. ကျုပ်က ….. လင်မု”
ထိုစကားသံတို့ ပဲ့တင်ထပ်သွားသည်နှင့် ခရမ်းရောင် ရုပ်သေးရုပ်တစ်ခုက မြို့ကြီးထဲမှ ခုန်ထွက်လာသည်။ ၄င်းက မဟူရာရုပ်သေးရုပ်များနှင့် ကွဲပြားပြီး မရေမတွက်နိုင်သော အသက်ဝင်နေသည့်မျက်နှာပေါင်းများစွာကို ရုပ်သေးရုပ်၏မျက်နှာပြင်တွင် ရေးထိုးထားသည်။ သူတို့၏မျက်လုံးတို့ကပိတ်ထားသော်လည်း မျက်နှာအမူအရာတို့မှာ ဝေဒနာဆင်းရဲခံစားနေရသည့်အသွင်ရှိသည်။
ရုပ်သေးရုပ်က မီတာ၁၅၀အမြင့်လောက်သာရှိပြီး သိပ်မကြီးပေ။ ၄င်းကို လူကိုးယောက်က ထိန်းချုပ်ထားပြီး စောစောက စကားပြောလိုက်သည့်သူမှာ ဆံပင်အနက်ဖြင့် လူငယ်တစ်ဦးဖြစ်သည်။
သူက ရုပ်ရည်ချောမောသော်လည်း သူ၏မျက်နှာပေါ်ရှိ ကို့ရိုးကားယားမွေးရာပါအမှတ်တစ်ခုမှာ ယင်ယန်သင်္ကေတနှင့် တူလေသည်။ ထိုအခိုက်အတန့်တွင် သူက ပိုင်ရှောင်ချန်းကို အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်နေသည်။
ထိုလူငယ်ကိုကြည့်လိုက်ရာတွင် ပိုင်ရှောင်ချန်း၏မျက်လုံးများ ဝင်းလက်သွားသည်။ သူက ထိုလူငယ်ကို ချက်ချင်း မှတ်မိသွား၏။ ထိုလူငယ်မှာ မြေခဓားကမ္ဘာချောက်မှာတုန်းက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှဖန်လင်းအသတ်ခံရပြီးနောက် လေပွေထဲ ပေါ်လာသည့် လူပင်။
ထိုစဥ်တုန်းက ပိုင်ရှောင်ချန်းက သူဘယ်သူဖြစ်မလဲစိတ်ဝင်စားခဲ့သည်။ ထိုသည်မှာ သွေးနတ်ရေစင်ဂိုဏ်းကိုရောက်ပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကြားက တိုက်ပွဲသတင်းများပြန့်လာသည့်နောက်တွင် ထိုလူငယ်ပို၍ထင်ပေါ်ကျော်ကြားလာစဥ်တုန်းကသာဖြစ်သည်။
သူက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ပြောင်မြောက်သော လက်ရွေးစင်လင်မုပင်။ သူက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို သစ္စာဖောက်ပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းထဲဝင်ကာ ထိုနေရာရှိ ခေါင်းဆောင်ကြီးတစ်ဦး၏အပါးတော်တစ်ယောက်ဖြစ်လာသည်။ ထို့ကဲ့သို့ ဂိုဏ်းထဲတွင် သူ့၌ ရှုပ်ထွေးသောအဆင့်တစ်ခုရှိလေသည်။ တချို့လူများက သူက ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်အမြဲဖြစ်ခဲ့ပြီး ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို သူလျှိုအဖြစ်စေလွှတ်ခံခဲ့ရသည် ဟုပင် ပြောကြသည်။
ထိုသည်က အမှန်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရေးမကြီးပေ။ထိုအခိုက်အတန့်တွင် အရေးကြီးသည်မှာ သူက ဆန်းကြယ်နတ်ရေစင်ဂိုဏ်းအတွက် တိုက်ခိုက်နေသည်။
လင်မု၏မျက်လုံးတို့က ပိုင်ရှောင်ချန်းအကြည့်တို့ဖြင့် ဆုံသွားလျှင် ခရမ်းရောင်ရုပ်သေးရုပ်က လေကိုခွင်း၍ အမြင့်ဆုံးအရှိန်ဖြင့် ပြေးသွား၏။
၄င်းက ပိုင်ရှောင်ချန်းနှင့်နီးကပ်လာသည်တွင် ပိုင်ရှောင်ချန်း၏မျက်လုံးများ တလက်လက်တောက်ပသွားပြီး သူ၏ညာလက်က မဟူရာရုပ်သေးရုပ်၏လည်ပင်းထံ ကြောက်မက်ဖွယ်အဟုန်ဖြင့် လျှပ်တပြက်ဦးတည်သွားသည်။ ကျင့်ကြံခြင်းအခြေခံစွမ်းအားတို့ကို ရုပ်သေးရုပ်ထဲအကုန်ထည့်သွင်းလိုက်ရာ ၄င်းအတွင်းရှိလူတိုင်းမှာ အသက်ထွက်သွားစေပြီး ၄င်း၏ခေါင်းကိုဆွဲဖြဲပစ်လိုက်ကာ တဟုန်ထိုးလာနေသော ခရမ်းရောင်ရုပ်သေးရုပ်ထံ ပစ်လွှတ်လိုက်သည်။
မဟူရာရုပ်သေးရုပ်၏ခေါင်းက လင်မု၏ခရမ်းရောင်ရုပ်သေးရုပ်ထံ လေဟုန်စီး၍ ဝှီးခနဲဦးတည်သွားနေသည်။ ၄င်းကနီးလာသောအချိန်တွင် ခရမ်းရောင်ရုပ်သေးရုပ်မှ စူးရှတောက်ပသောအလင်းများ ဖြာထွက်လာပြီး ချက်ချင်းပင် ခေါင်းပျံကြီးမှာ ပြာမှုန့်အဖြစ်ပြောင်းလဲသွားလေသည်။
ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားလေသည်။ လင်မုက ကျုံးတာအိုထက် ပို၍ အတော်လေးစွမ်းအားကြီးလာပုံရလေသည်။ သို့သော်လည်း ယခုအခိုက်အတန့်တွင် ထိုကိစ္စကိုတွေးတောရန် အချိန်မရှိပေ။ တွေဝေတုံ့ဆိုင်းမနေပဲ သူက ကောင်းကင်တံတား ဓမ္မမျက်လုံးကိုဖွင့်လိုက်သည်။
ရုတ်ခြည်း သူက ရုပ်သေးရုပ်ကိုဝန်းရံထားသည့် ဒိုင်းကိုးခုကိုမြင်လိုက်ရပြီး တစ်ခုချင်းစီက အရောင်တစ်မျိုးစီရှိလေသည်။
အနီ။ လိမ္မော်။ အဝါ။ အစိမ်း။ မိုးပြာ။ အပြာ။ ခရမ်း။ အမည်း။ အဖြူ။
ဒိုင်းများက တဖြည်းဖြည်းကွာကျလာသည့်တိုင် သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးက ခရမ်းရောင်ရုပ်သေးရုပ်ကို မည်သည့်အရာမှ မသက်ရောက်နိုင်လိုက်ပေ။ အမှန်မှာ ဒိုင်းပျက်စီးခြင်းက ပိုင်ရှောင်ချန်း၏ တတိယမြောက် မျက်လုံးအား တဆစ်ဆစ်နာကျင်မှုကိုပင် တန်ပြန်ပို့လွှတ်လိုက်လေသည်။
“မင်းအဲလိုလုပ်မှာကို ငါစောင့်နေတာကွ” လင်မုက ဒိုင်းအတွင်းမှ ပြောလိုက်သည်။ ရုပ်သေးရုပ်နီးလာသည်တွင် ၄င်းက လက်နှစ်ဖက်မန္တန်လက်ကွက်ကိုဖော်လိုက်ကာ နေတစ်စင်းသဖွယ် စူးရှတောက်ပသောကြက်သွေးရောင်အလင်းတစ်ခုက ၄င်း၏ လက်ကြားတွင်ပေါ်ပေါက်လာ၏။ ရုပ်သေးရုပ်က ၄င်း၏လက်ပေါ်ရှိ နေလုံးကြီးကို မလိုက်ပြီး ပိုင်ရှောင်ချန်းထံ ပစ်ပေါက်လိုက်သောကြောင့် ခြစ်ခြစ်တောက်ပူလှသော အပူလှိုင်းတို့ရိုက်ခတ်လာတော့သည်။
“ယန်နေသိုင်း ”
လင်မုက ဟိန်းဟောက်လိုက်သည်။ လေကိုဖြတ်၍ပျံလာရင်း နေလုံးကြီးက အချင်းမီတာသုံးရာအထိ ကြီးမားလာပြီး ပြိုင်ဘက်ကင်း စွမ်းအားတို့ကို ထုတ်လွှတ်နေ၏။
ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ ပန်းကန်ပြားတမျှ ပြူးကျယ်သွားလေသည်။ လင်မုက အလွန်အမင်း သန်မာလာပုံရပြီး ပိုင်ရှောင်ချန်းမှာ အကယ်၍ အမှားသေးသေးလေးလုပ်မိလျှင် အသက်ဆုံးသွားမည်ဖြစ်ကြောင်း ပြောနိုင်သည်။
သူက တန်းတူညီမျှလူတစ်ယောက်နှင့် အမှန်အကန်တိုက်နေရသကဲ့သို့ ခံစားလိုက်ရပြီး ကောင်းကင်တာအိုခိုင်မာခြင်းအဆင့်ရောက်တည်းကတည်းက လက်ရွေးများနှင့် တိုက်ခိုက်ရာတွင်ပင်လျှင် မရင်ဆိုင်ခဲ့ဖူးသော အရာဖြစ်သည်။
သူက ဤအင်အားကြီးပြိုင်ဘက်ကိုရင်ဆိုင်လိုက်ရစဥ် သူ၏ဘယ်လက်တွင် လက်ကွက်တစ်ခု လျှပ်တပြက်ပေါ်သွားပြီး ညာဘက်ဖြင့် သူ၏အိတ်ကို ပုတ်လိုက်သည်တွင် ဆေးအပင်မြောက်မြားစွာ ခုန်ထွက်လာလေသည်။ အပင်များက လေတွင် လည်ပတ်နေသဖြင့် သူ၏လက်ကွက်ဟန်ပန်မှာ အရှိန်မြှင့်လာပြီး သူ၏မျက်လုံးတို့မှာ ထူးဆန်းသော အလင်းတို့ဖြင့် တောက်ပလာ၏။
“မှော်အပင်…..လက်နက် ” သူ၏စကားလုံးတို့နှင့်အတူ အပင်တို့က ကြီးထွားလာပြီး လက်နက်အမျိုးမျိုးအသွင်ပြောင်းသွားသည်။ မကြာမီ သူတို့က မီတာရာချီကျယ်ပြောသော ပိုက်ကွန်တစ်ခုကဲသို့အရာကိုဖန်တီးလိုက်ပြီး လာနေသည့် နေလုံးနီနီကြီးထံတဟုန်ထိုးသွားလေသည်။
“ဖျက်စီးလိုက်စမ်း”
ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် အပင်နှင့်အသီးအရွက်တို့ဖြင့်ပြုလုပ်ထားသည့် ဧရာမလက်နက်အပြည့်ပိုက်ကွန်ကြီးက နေလုံးကြီးကို ရစ်ပတ်သွားပြီး အဆက်မပြတ် မယုံကြည်နိုင်ဖွယ် ဖျက်စီးခြင်းစွမ်းအားတို့ကို ထုတ်လွှတ်နေသည်။
လင်မု မျက်နှာပျက်သွား၏။ အေးစက်စက်နှာမှုတ်လိုက်ကာ သူက နောက်မန္တန်လက်ကွက်ကို ဖော်ထုတ်လိုက်သည်။
“ယင်-လမင်းဒုက္ခ ”
သူ့နောက်ရှိဘယ်ဘက်တွင် လတစ်စင်းပေါ်လာကာ မီတာရာပေါင်းများစွာမြင့်သည်အထိ အလျင်အမြန်ကြီးလာပြီး ဆောင်းတွင်းရောက်သွားသကဲ့သို့ စွမ်းအားပြင်းအေးစက်မှုတို့ကို ထုတ်လွှတ်နေလေသည်။ ထို့နောက် လမင်းကြီးက ပိုင်ရှောင်ချန်းထံ တဟုန်ထိုးဦးတည်လာ၏။
ပိုင်ရှောင်ချန်းနှင့် လင်မုကြား ပြင်းထန်သောတိုက်ပွဲကြောင့် အံ့သြမှုများပျံ့နှံ့နေပြီး အထူးသဖြင့် စုန့်ချွဲနှင့် ဝိညာဥ်စွယ်ကဲ့သို့သော လက်ရွေးစင်များကြားတွင်ဖြစ်သည်။
သူတို့၏မျိုးဆက်တွင် တစ်စုံတစ်ယောက်က ပိုင်ရှောင်ချန်းနှင့် အဆင့်တူ ရပ်တည်နိုင်လိမ့်မည်ဟု ဘယ်သောအခါကမှ မတွေးခဲ့ဖူးပေ။
အထူးသဖြင့် ရှန်ကွမ်းထျန်ယုံ၏မျက်လုံးများက သွေးချင်းချင်းနီနေပြီး သူ၏နှလုံးသားမှာ မခံမရပ်နိုင်စိတ်များ တဟုန်းဟုန်း တောက်လောင်လာသည်။