မီတာ၃၀၀အရှည်ဓားကြီးက လေကိုခွင်းကာ လမ်းကြောင်းပေါ် ရှိသမျှ အရာအားလုံးကို ပိုင်းဖြတ်၍လာေနပြီး အလွန်စူးရှတောက်ပသော အလင်းစက်ဝန်းတစ်ခုအသွင် ဖြစ်ပေါ်နေကာ စစ်မြေပြင်တစ်ဝှမ်းတွင် တရွှီရွှီမြည်သံများ ပျံ့နှံ့သွားသည်။
ထိုအသံတို့က ဝိညာဥ်စစ်တပ်ကြီး၏ ဟိန်းဟောက်သံများပမာ လိပ်ပြာလွင့်မတတ် ကြောက်မက်ဖွယ်ကောင်းလှ၏။ ရွှယ်မေ့ကိုသတ်ရန် ရွယ်နေသည့် ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းကျင့်ကြံသူလေးဦးမှာ လုံးဝတုန်လှုပ်သွားကြသည်။ ဧရာမလက်ကြီးက သူတို့၏စိတ်အတွင်းသို့ဝင်ရောက်လာပြီး ဦးနှောက်ကို ဖိကြိတ်ပစ်လိုက်သကဲ့သို့ ခံစားလိုက်ရလေသည်။
သူတို့က သာမန်လူများ ခုခံနိုင်မည်မဟုတ်သော နာကျင်မှုတို့ကို ခံစားလိုက်ရသည်။ သူတို့၏ စွမ်းအားကြီးကျင့်ကြံခြင်းအခြေခံများကြောင့်သာ လွတ်မြောက်သွားသည့်တိုင်အောင် သူတို့၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်များမှ သွေးများစီးကျလာသည်။ သူတို့၏မျက်လုံးများတွင် ကြောက်လန့်ခြင်းတို့ပေါ်ပေါက်လာကာ နောက်သို့အရှိန်ပြင်းစွာ လဲကျသွားကြသည်။
အကျိုးဆက်အနေဖြင့် မည်ကဲ့သို့ဖြစ်ပျက်လာသနည်းဟု မတွေးတောနိုင်လိုက်ခင် သူတို့က တတ်နိုင်သမျှသူတို့၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားအကုန်နှင့် သူတို့၏သက်စောင့်အားတို့ကိုပင် ထုတ်ဖော်လိုက်သည်။
သူတို့အပေါ်ကျရောက်လာသည့် ဓားကြီးက လုံးဝကြီးမားလှပြီး သေမင်းခံတွင်းဝ၏ ချောက်ချားဖွယ်အငွေ့အသက်များက သူတို့ကိုအုပ်မိုးသွား၏။
သွေးရောင်ဓားကြီးဆင်းသက်လာသည်တွင် အချိန်များ တဖြည်းဖြည်း ရွေ့လျားနေဟန်တူသည်။ ပထမဆုံးထိမှန်သွားသည့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူမှာ စူးစူးဝါးဝါးအော်လိုက်ပြီး ခုခံရန် အကာအကွယ်ရတနာပစ္စည်းများစွာနှင့်တကွ သူ့ကျင့်ကြံခြင်းအခြေခံ စွမ်းအားအကုန် ထုတ်ဖော်လိုက်သည်။ သို့သော်လည်း ဓားက သူ၏ရတနာများကို တရစပ် ဖျက်ဆီးပစ်လိုက်သည်။ ခဏကြာသော် ထိုလူ၏ခေါင်းမှာ လေထဲသို့ လွင့်ထွက်သွားတော့သည်။
ကျန်ရှိသော သူ၏ခန္ဓာကိုယ်မှာမူ ဓားကြီးက အလွန်ကြီးမားလှသဖြင့် သူ့ကို နှစ်ပိုင်းပိုင်းမည့်အစား အလုံးစုံဖျက်စီးလိုက်ရာ သွေးမြူမှုန်အဖြစ် ပြောင်းလဲသွားသည်။
သူ၏ကိုယ်ခန္ဓာ၊ ဝိညာဥ်၊ အိတ်နှင့် အိတ်အတွင်းရှိအရာ မှန်သမျှ လုံးဝပျက်စီးသွားသည်။
ဒုတိယမြောက် နှင့်တတိယမြောက် ကျင့်ကြံသူတို့ထံမှ သွေးပျက်စွာ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာပြီး
သွေးတိမ်များအသွင်ပြောင်းသွားလေသည်။
အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူနောက်ဆုံးတစ်ယောက်က စွမ်းအားအကြီးဆုံးကျင့်ကြံခြင်းအခြေခံရှိပြီး အခြားသူများထက် အဆင့်မြင့်လေသည်။ လက်ရှိအချိန်တွင် သူ၏မျက်လုံးများ သွေးချင်းချင်းနီရဲနေပြီး အမျက်ဒေါသထွက်ကာတဆတ်ဆတ်တုန်နေသည်။ သူ့အပေါ်သို့ ဓားကြီးနီးကပ်လာသည်နှင့်အမျှ သူက တလက်လက်တောက်ပနေသော ကျောက်စိမ်းပေလွှာကိုထုတ်လိုက်ပြီး တည်နေရာရွှေ့ပြောင်းလိုက်သည်။
စကားလုံးတို့ဖြင့် ဖော်ပြနေရသည်မှာ ရှည်လျားနေသော်ငြား တကယ်လက်တွေ့တွင်မူ မီးတစ်ခတ်အချိန်သာကြာလေသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ သွေးရောင်မဟာဓားကြီးက ထိုလူကို ခုတ်ပိုင်းပစ်လိုက်သည်။
ဓားကြီးက လေကိုခွင်း၍ခုတ်ပိုင်းလိုက်သည့်မြင်ကွင်းမှာ အလွန်စူးရှတောက်ပလှသဖြင့် ဂိုဏ်းသုံးဂိုဏ်းလုံးမှ သွေးအေးလူသတ်သမားများ၊ အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများ၊ ဂိုဏ်းစောင့်အကြီးအကဲများနှင့် ခေါင်းဆောင်ကြီးများပင်လျှင် ရင်သပ်ရှုမောအံ့သြသွားကြသည်။
သူတို့က ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများ ခန္ဓာနှင့် ဝိညာဥ်ပါအသတ်ခံလိုက်ရသည်ကို မြင်လိုက်ရပြီး အခုနောက်ဆုံးတစ်ယောက်မှာ သူ၏ရောင်းရင်းတို့ကိုသတ်သွားသည့် ဓားသွားထံမှ လွတ်ရန် တည်နေရာရွှေ့ပြောင်းရန်ကြိုးစားနေလေသည်။
ထိုလူက ပျောက်သွားသဖြင့် ဓားကြီးက သူရပ်ခဲ့သည့်နေရာအောက်ရှိမြေကြီးကို ပြင်းထန်စွာခုတ်မိသွားလေသည်။ အရာအားလုံးတုန်ခါသွားပြီး အက်ကွဲသံများကြားလိုက်ရကာ အက်ကွဲကြောင်းကြီးတို့က အရပ်မျက်နှာတစ်ခွင်သို့ မီတာ၃၀၀မျှတွန့်လိမ်ကောက်ကွေးပျံ့နှံ့သွားလေသည်။
နောက်ဆုံးကျင့်ကြံသူမှာ အစအနပင်မကျန် ပျောက်သွားလေပြီ။
ပိုင်ရှောင်ချန်းက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ လွတ်မြောက်သွားသည့်လူအား လျစ်လျူရှုကာ ရွှယ်မေ့ကိုကြည့်ရန် လှည့်လိုက်သည်။ သူမ၏မျက်နှာဖုံးနောက်ကွယ်မှာ သွေးများစီးကျနေပြီး မျက်လုံးထဲတွင်ခံစားချက်များရောထွေးနေလျက် သူ့ကိုပြန်ကြည့်နေသည်။ တခဏကြာပြီးနောက် သူမမှာ သတိလစ် လဲကျသွားလေသည်။
ချက်ချင်းပင် သွေးစွမ်းအင်နတ်ရေဂိုဏ်းသားတို့က သူမကို ဖမ်းရန်အပြေးအလွှားလာပြီးနောက် သူမကို ခေါ်ဆောင်သွားကြသည်။
ပိုင်ရှောင်ချန်းက သူမမှာ ဒဏ်ရာအပြင်းအထန်ရထားသော်လည်း သေစေသည်အထိမဟုတ်ကြောင်းတွေ့လေသည်။ ဂိုဏ်းအတွင်း သူမ မည်မျှအရေးပါသည်ကို စဥ်းစားလိုက်ပါက သူမကို သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အကောင်းဆုံးစိတ်စွမ်းအင်ဆေးပေးမည်မှာ အသေအချာပင်။
သူမကို ပြောချင်သည့်အကြောင်းအရာပေါင်းများစွာရှိသော်လည်း စစ်ပွဲပြီးသည်အထိ စောင့်သင့်ကြောင်း သူသဘောပေါက်လေသည်။ သို့သော်လည်းသူကအချက်တစ်ချက်ကြောင့် စိတ်လှုပ်ရှားနေဆဲပင်။ “ဒီတစ်ခါတော့..ငါ့ဆီက ပုန်းဖို့ ဂူပိတ်ကျင့်ကြံလို့မရတော့ဘူးနော်”
သူ့အတွေးကိုသူ သဘောကျရင်း သူက မြို့တော်ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုသို့ကြည့်လိုက်သည့်အခိုက်တွင် တည်နေရာရွေ့ပြောင်းသွားသည့်ကျင့်ကြံသူက မြို့တံတိုင်းပေါ်တွင် ရုပ်လုံးပေါ်လာ၏။ မျက်လုံးများတွင် ကြောက်ရွံမှုများစွဲကျန်နေပြီး သူက အသက်ရှူမဝဖြစ်နေသော်လည်း မျက်နှာအမူအရာမှာရက်စက်ကြမ်းကြုတ်နေသည်။
“ပိုင်ရှောင်ချန်း… ငါဒါကိုဘယ်တော့မှ မမေ့ဘူးကွ”
သူက အော်ဟစ်လိုက်သည်။
” ငါ့ကို မင်းဒီလိုလွယ်လွယ်နဲ့သတ်မရဘူးကွ။ တစ်ရက်ကျ မင်းယုံမှာတောင်မဟုတ်ဘူး။ ငါမင်းကို သေချာပေါက်လာသတ်မယ်” ထိုသို့အော်ဟစ်လိုက်မှသာလျှင် ပိုင်ရှောင်ချန်းနှင့် သူရင်ဆိုင်ခဲ့ရသည့်ဓားကြီးကြောင့် ခံစားခဲ့ရသော ကြောက်စိတ်တို့ပြေသွားလေသည်။
အသက်ပြင်းပြင်းရှူလိုက်ပြီး သူက မြို့ထဲဆင်းသက်ရန်ပြင်လိုက်ဆဲတွင် ထိုပတ်ဝန်းကျင်ရှိကျင့်ကြံသူများက သူ့ကို တုန်လှုပ်နေသည့်ထူးဆန်းသောအမူအရာတို့ဖြင့် အကုန်လုံးဝိုင်းကြည့်နေကြကြောင်း သတိထားမိလိုက်လေသည်။
“ဘာလို့မင်းတို့…. ” ထိုလူမှာ လန့်သွားပြီး ရုတ်တရက် သူ့နဖူးတွင် စပ်ဖျဥ်းဖျဥ်းနာကျင်မှုအား ခံစားလိုက်ရသည်။ သူ၏မျက်နှာကိုထိကြည့်လိုက်သောအခါ သူ့လက်မှာ သွေးတို့ဖြင့်စိုသွား၏။ တစ်ကိုယ်လုံးတုန်တက်သွားပြီး သူ၏မျက်လုံးများတွင် ကြောက်လန့်မှုတို့ စိုးမိုးသွားသည်။ စကားပင်ဆုံးအောင်မပြောလိုက်ရခင် သူ့နဖူးမှာ ထက်ခြမ်းကွဲသွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး နှစ်ပိုင်းကွဲပြီး မြေပေါ်ပုံကျသွားတော့သည်။
သူက တည်နေရာရွှေ့ပြောင်းရာတွင် မဆိုစလောက်နောက်ကျသွားပြီး ဓားကြီးက သူပျံမပြေးနိုင်ခင် သူ့ကိုခုတ်ပိုင်းပြီးဖြစ်လေသည်။
အရပ်မျက်နှာတစ်ခွင်သို့ သွေးများစင်သွားပြီး ဘေးပတ်လည်ရှိ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း ကျင့်ကြံသူအပေါင်းမှာ ကြောက်လန့်မှုဖြင့် ပြင်းထန်စွာတုန်လှုပ်လာကြသည်။
ပိုင်ရှောင်ချန်းကိုဝန်းရံနေသည့်ကျင့်ကြံသူတစ်သောင်းမှာမူ တခဏမျှတိတ်ဆိတ်သွားပြီးနောက် အုတ်အုတ်ကျက်ကျက် အားပေးကြွေးကြော်လိုက်ကြသည်။
“ခေါင်းဆောင်ငယ်”
” သွေးကိုယ်တော် ”
သူတို့၏အော်သံတို့က ကျယ်လောင်ပြီးပြတ်သားသည်။ ခပ်ဝေးဝေးရှိကျင့်ကြံသူများပင် ကြားသွားကြပြီး သူတို့သည်လည်း ဝိုင်းဝန်းကြွေးကြော်လိုက်ကြသည်။ မကြာမီ စစ်မြေပြင်ရှိ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအဖွဲ့ဝင်အားလုံးက အဆုတ်ကွဲထွက်လုမတတ်ပင် အသားကုန်ကြွေးကြော်ကုန်ကြသည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှာ ရုန့်ရင်းဆန်ခတ်ဖြစ်လျက် အတော်အတန်ထိခိုက်နေပြီဖြစ်သည်။ ထို့နောက်ပိုင်ရှောင်ချန်းပေါ်လာပြီး သူတို့၏စွမ်းအားအကြီးဆုံးကျင့်ကြံသူလေးယောက်ကို ဆက်တိုက်သတ်သွားခဲ့သည်။ ချက်ချင်းပင် စစ်မြေပြင်၏ ကြီးမားသောအပိုင်းတို့ကို သက်ရောက်သွားလေသည်။
၄င်းက အခွင့်ကောင်းသော့ချက်ဖြစ်သည့်အတွက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများ ရုတ်ခြည်း အင်္ကျီလက်တို့ကို ခါလိုက်ပြီး အမိန့်ပေးလိုက်ကြသည်။
” ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို နောက်ဆုံးထိတိုက်ကြ”
“အားလုံး.. ထိုးစစ်ပြင်မယ် ”
နာခံသည့်အနေဖြင့် ဂိုဏ်းစောင့်အကြီးအကဲများ၊ သွေးအေးလူသတ်သမားများနှင့် အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများက ဦးဆောင်ပြီး အလင်းတန်းများအသွင်ပြောင်းကာ တိုက်ပွဲတွင်းသို့ တဟုန်ထိုးချီတက်သွားကြသည်။သူတို့၏အောက်တွင် ကျင့်ကြံသူတစ်သောင်းက တရှိန်ထိုးပြေးနေကြသည်။၄င်းက လမ်းကြောင်းရှိဆူးညှောင့်ကန်သင်းမှန်သမျှကို ရေခွက်ကိုထုချေပစ်လိုက်သည့်ကျောက်တုံးကြီးတစ်ခုကဲ့သို့ လွယ်လင့်တကူဖျက်စီးပစ်နိုင်ကာ မတားဆီးနိုင်သော အားတစ်ခုဖြင့် ရှေ့သို့ချီတက်လာကြသည့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ဘီလူးကြီးများဖြင့်ပြည့်နေသော သွေးပင်လယ်ကြီးတစ်ခုအလားပင်။
မြေကြီးမှာ တသိမ့်သိမ့်တုန်နေပြီး ပြင်းထန်ရက်စက်သောတိုက်ပွဲက နေရာအနှံ့ ဖြစ်ပေါ်လာသည်။ ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းတပ်မှာ တုန်လှုပ်သွားပြီး ကမူးရှူးထိုးပြန်တိုက်ကြလေသည်။ လေထဲတွင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးတို့က ဤဖြစ်ပျက်နေသမျှအားလုံး၏ အကြောင်းပြချက်မှာ ပိုင်ရှောင်ချန်းဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွား၏။
“ပိုင်ရှောင်ချန်းသေရင် ငါတို့အခြေအနေတွေကို ပြောင်းလို့ရတယ်ကွ”
“ပိုင်ရှောင်ချန်းကို သတ်ရမယ်” ကံဆိုးစွာပင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ခေါင်းဆောင်ကြီးများမှာ မဟာမိတ်ဖွဲ့ထားသောစိတ်စွမ်းအင်နှင့်သွေးစွမ်းအင် နတ်ရေစင်ဂိုဏ်းတို့ကိုဆန့်ကျင်၍ ဘာမှမလုပ်နိုင်ပေ။ သူတို့၏ အမြုတေအဆင့်ကျင့်ကြံသူများမှာ အဝိုင်းခံထားရပြီး ပိုင်ရှောင်ချန်းနားသို့ မကပ်နိုင်ပေ။
“ပိုင်ရှောင်ချန်းသေဖို့ ဘာပဲပေးဆပ်ရ ပေးဆပ်ရ။ အခြေခိုင်မာခြင်းအဆင့်ဂိုဏ်းသားတွေကိုစတေးရမယ်ဆိုရင်တောင် ငါတို့လုပ်ကိုလုပ်ရမယ်..” ခေါင်းဆောင်ကြီးများထံမှ အမိန့်များဟိန်းထွက်လာသည်တွင် စစ်မြေပြင်ရှိ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများမှာ အမူအရာအမျိုးမျိုးးဖြစ်သွားကြသည်။ အချို့က ချီတုံချတုံဖြစ်သွားကြပြီး အချို့မှာ နောက်ဆုတ်သွားကြသည်။ သို့သော်လည်း နာခံသော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများမှာမူ ပိုင်ရှောင်ချန်း၏တည်နေရာသို့ တဟုန်ထိုးဦးတည်သွားကြသည်။
မြောက်မြားစွာသော မဟူရာရုပ်သေးရုပ်တို့က ဟိန်းဟောက်လိုက်ကြပြီး သူ့ထံတခဲနက်ပြေးလာကြသည်။ ထိုအချိန်တွင် စိတ်စွမ်းအင်နှင့်သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အမြုတေအဆင့်ကျင့်ကြံသူများအပေါ်ရှိ ဓားအစီအရင်များမှာ လည်ပတ်လာပြီး ပိုင်ရှောင်ချန်းထံ တရှိန်ထိုးဦးတည်သွားကြသည်။
ခေါင်းကြိမ်းသွားရင်း ပိုင်ရှောင်ချန်းက လျှပ်တပြက်လှုပ်ရှားလိုက်ကာ ဓားကြီးဒါဇင်ပေါင်းများစွာအား ရှောင်တိမ်းလိုက်သည်။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်၏။ သူက စစ်မြေပြင်သည် အန္တရာယ်များသောနေရာတစ်ခုဖြစ်ကြောင်းသိခဲ့သော်လည်း ယခုတွင်မူ ထိုအချက်အပေါ်တွင် ပို၍ ယုံကြည်ချက်ခိုင်မာသွားလေသည်။ သူက ပထမဆုံးဓားကြီးများအား ရှောင်နိုင်သွားသော်လည်း ပိုများသည့် ဓားအစီအရင်တို့က အပေါ်တွင် ပေါ်လာပြီး ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းကျင့်ကြံသူအများအပြားက သူ့ထံ ဦးတည်လာနေကြသည်။ မျက်လုံးရဲရဲနီလျက် သူက ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သည်။
“သေစမ်း”
သူသည် လောချိန်မျိုးနွယ်စုအလိုက်ခံခဲ့ရစဥ်က သို့မဟုတ် မြေခဓားကမ္ဘာမှာကဲ့သို့ ခံစားလိုက်ရသည်။ အသတ်အဖြတ်အငွေ့အသက်များဝန်းရံနေလျက် သူက အနီးဆုံးမဟူရာရုပ်သေးရုပ်တစ်ခုထံလှစ်ခနဲရောက်သွားလေသည်။ ၄င်းအနားရောက်သည်နှင့် သူကခရမ်းရောင်ချီဒယ်ဇောက်အိုးဆင့်ခေါ်နည်းကို ထုတ်ဖော်လိုက်ပြီးနောက် လည်မျိုဆုပ်ဖမ်းကွက်က ရုပ်သေးရုပ်၏လည်မျိုထံ လျှပ်စီးကြောင်းသဖွယ်တဟုန်ထိုးဦးတည်သွား၏။
ဂျွတ် ခနဲ အက်ကွဲသံတစ်သံကြားလိုက်ရပြီး ရုပ်သေးရုပ်တစ်ကိုယ်လုံး တသိမ့်သိမ့်တုန်သွားလေသည်။ ၄င်း၏ ခေါင်းမှာ ပျက်စီးသွားပြီး နောက်သို့ ယိုင်ထိုးသွားလေသည်။ သို့သော် ပိုင်ရှောင်ချန်းးက ရှေ့သို့ဆတ်ခနဲရောက်လာကာ သူ၏ပြင်ပအားကို ထုတ်ဖော်လိုက်ပြီး ၄င်းကိုဖမ်းဆွဲကာ ဒိုင်းသဖွယ် သူ၏ခေါင်းပေါ်သို့ မြှောက်လိုက်လေသည်။
ထိုအခိုက်တွင် ဓားကြီးဒါဇင်ပေါင်းများစွာက အပေါ်ထက်မှ တဝေါဝေါကျလာကာ မဟူရာရုပ်သေးရုပ်ကြီး၏နေရာအနှံ့ကို ထိုးစိုက်သွားကြသည်။ မဟူရာရုပ်သေးရုပ်ကြီးမှာ ပေါက်ကွဲသွားပြီး ၄င်းအတွင်းရှိ ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းသားအားလုံးသည်လည်း ပွဲချင်းပြီး သေဆုံးသွားကြသည်။
အသက်တစ်ချက် မနဲလုရှူ၍ ဟောဟဲလှိုက်နေရင်း ကျင့်ကြံသူတစ်သောင်းခြံရံလျက် ပိုင်ရှောင်ချန်းသည် မြို့တော်ထံဦးတည်ပြီး တဟုန်ထိုးထွက်သွားလေသည်။
အမျက်ချောင်းချောင်းထွက်ကာ သူက မာန်သွင်းအော်ဟစ်လိုက်သည်။
“ငါ့နောက်လိုက်ခဲ့ကြ။ ဒီမြို့ကို သိမ်းပိုက်ကြရအောင်ဟေ့.. “