” ဒီစစ်ပွဲကြီး ဘယ်လိုပြီးသွားပါစေ.. ငါဂရုမစိုက်ဘူးဟေ့။ တုရွှယ်မေ့.. မင်းကတော့ သေကိုသေရမယ်။”
” တုရွှယ်မေ့က မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်ရဲ့ ထိပ်ဆုံးရောက်နေပြီ။ သူ့ကို သတ်လိုက်ရင် အတုမဲ့သခင်လိုမျိုး ဖြစ်လာနိုင်ခြေရှိတဲ့လူကို သတ်လိုက်တာနဲ့ တူတူပဲဟေ့။”
” တုရွှယ်မေ့ရေ။ ငါ့ရဲ့ ညီလေးကို မင်းသတ်လိုက်တဲ့အချိန်ထဲက ဒီလိုနေ့ရက်မျိုးကို စောင့်စားနေတာကွ။ ” ထိုအခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူလေးယောက်ထဲမှ အချို့မှာ သူမကို လက်စားချေချင်နေကြပြီး အချို့ကမူ တိုက်ပွဲအတွင်းစွမ်းဆောင်ရည်အမှတ်များ ရရှိရန် သတ်ချင်နေကြသည်။
ပုံမှန်ဆိုလျှင် သူတို့က ခေါင်းဆောင်ကြီးအတုမဲ့ ပေါ်လာမည်ကို စိုးရိမ်နေမည်ဖြစ်သည်။ သို့သော်လည်း ဂိုဏ်းများမှာ စစ်ဖြစ်နေသဖြင့် သူပေါ်ပေါက်လာနိုင်ခြေမှာ အလွန်နည်းပါးနေသောကြောင့် သူတို့မှာ အခွင့်အရေး ရရှိနေပြီဖြစ်သည်။
ထို့ကြောင့် သူတို့က တရားမျှတမှု ရှိခြင်း၊မရှိခြင်းကိုပင် ထည့်မတွေးတော့ပဲ အားအကုန်သုံးကာ တိုက်ခိုက်လိုက်ကြတော့သည်။
ရွှယ်မေ့၏နှုတ်ခမ်းမှ သွေးများစွာ ထပ်၍စီးကျလာသည်။ ထို့အပြင် ထိုဒဏ်ရာမှာ မည်းနက်နေသဖြင့် သူမ အဆိပ်ခတ် ခံလိုက်ရသည်မှာ အသေအချာပင်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တစ်ဝက်ကျော်ခန့်က ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ သိမ်းသွင်းခြင်းကို ခံလိုက်ရပြီဖြစ်၍ သူတို့က အဆိပ်များကို စွမ်းအားကြီးလက်နက်တစ်ခုအဖြစ် အသုံးပြုနေကြပြီဖြစ်သည်။
ရွှယ်မေ့မှာ ခါးသီးစွာ ရယ်မောလိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ အပေါ်သို့ မော့ကြည့်လိုက်သည့်အခါ သူမ၏ ဖခင်မှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးတစ်ယောက်နှင့် တိုက်ခိုက်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူက သူမကို ကူညီရန် အချိန်မရှိချေ။ သွေးအေးလူသတ်သမားများနှင့် ဂိုဏ်းစောင့်အကြီးအကဲများမှာလည်း သေရေရှင်ရေး ကိစ္စများနှင့် ရုန်းကန်နေရသည်။ ထို့အပြင် စစ်မြေပြင်ကြီးမှာ ကြီးမားလွန်းလှ၍ သူတို့က သူမကို အာရုံပင်မစိုက်နိုင်ချေ။ သူမ၏ အခြေအနေကို ရိပ်မိလျှင်ပင် သူတို့က ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ကျင့်ကြံသူများနှင့် လုံးထွေးသတ်ပုတ်နေရသဖြင့် သူမဆီသို့ လာကာ ကူညီပေးနိုင်မည်မဟုတ်ချေ။
ထို့အပြင် သူမကလည်း သူမ၏ ဖခင်ကို အာရုံနောက်အောင် မလုပ်ချင်ပေ။ သို့သော်လည်း ဤသို့သော လပေါင်းများစွာကြာရှည်သည့် တိုက်ပွဲများအပြီးတွင် သူမမှာ တန်ဖိုးကြီးအသက်ကယ် ရတနာများ မရှိတော့ချေ။ သူမ၏ ပါးစပ်မှ သွေးများစီးကျနေလျက် နောက်သို့ ဒယီးဒယိုင်ဆုတ်သွားသောအခါ အမြင်အာရုံများပင် ဝေဝါးစပြုလာတော့သည်။
” ငါ ဒီနေရာမှာ တကယ်သေရတော့မှာလား။”
သူမက တွေးလိုက်သည်။ ထို့နောက် အံကိုတင်းတင်းကြိတ်ရင်း မန္တန်လက်ကွက်တစ်ခုထုတ်လိုက်ပြီး မှော်သိုင်းကွက် ထုတ်ဖော်လိုက်တော့သည်။ ထိုသို့ သူမ ပြုလုပ်လိုက်သည့်အခါတွင် သူမ၏ လက်အနောက်ဖက်ရှိ အမာရွတ်ကို အထင်းသားမြင်နေရသည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူလေးယောက်တို့၏ မျက်လုံးများမှာ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များဖြင့် အရောင်လက်နေသည်။ သူတို့ကအနီးသို့ရောက်လာသည်နှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်ရာ ရွှယ်မေ့မှာ နောက်သို့ အကြိမ်ကြိမ် လွင့်စင်သွားသည်။ သူမသည် တဖြည်းဖြည်း အားအင်ဆုတ်ယုတ်လာပြီး သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ထပ်ပေါ်လာသည်။
သေမင်း အရိပ်မည်းကြီးက သူမကို ဝါးမျိုလုမတတ်ဖြစ်နေပြီဖြစ်သည်။
ထိုအချိန်မှာပင် မီတာသုံးထောင်အကွာရှိ ပိုင်ရှောင်ချန်းက လှမ်းကြည့်လိုက်လေသည်။
သူမကို မြင်လိုက်ရသောအခါ သူ၏ အာရုံများမှာ ယောက်ယက်ခတ်သွားတော့သည်။ သူမသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်မှာ အသေအချာပင်။ ထို့ကြောင့် သူ့တွင် စဥ်းစားနေချိန်ပင် မရှိတော့ချေ။ သူတွေးမိလိုက်သည့် တစ်ခုထဲသောအရာမှာ ရွှယ်မေ့ကို ကယ်တင်ရန် ဖြစ်သည်။
သို့သော်လည်း ထို အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူလေးယောက်မှာ ဤအခြေအနေတွင် ပထမပြဿနာမဟုတ်ပဲ ဒုတိယပြဿနာသာ ဖြစ်သည်။ သူနှင့် ရွှယ်မေ့ကြားရှိ မီတာသုံးထောင်အကွာအဝေးတွင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ရုပ်သေးရုပ်များနှင့် ပြည့်နှက်နေသည်။ ထို့ကြောင့် သူက သူ၏ လျင်မြန်မှုအစွမ်းကို အပြည့်အဝ ထုတ်မသုံးနိုင်ချေ။
တစ်ခုထဲသော နည်းလမ်းမှာ လမ်းတစ်လျှောက်တွင် တွေ့သမျှအရာတိုင်းကို ဝင်တိုက်သွားရန်သာဖြစ်သည်။
မီးဝင်းဝင်းတောက်နေသည့် မျက်ဝန်းများဖြင့် သူက အသံကုန် အော်ဟစ်လိုက်တော့သည်။
” အလယ်တောင်က ကျင့်ကြံသူတွေ ငါ့ဆီလာကြဟေ့။ ”
သူက ထိုသို့ အမိန့်ပေးလိုက်သောအခါ ကောင်းကင်နတ်ဆိုးကြီးက လေပေါ်သို့ ခုန်တက်သွားပြီး ဟိန်းဟောက်လိုက်သည့်အခါ ကောင်းကင်မှ မိုးခြိမ်းသံများအလား ပဲ့တင်ထပ်သွားတော့သည်။
ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်ထဲမှ အားပြင်းေသာသွေးချီများ ပွင့်ထွက်လာပြီး သွေးရောင်အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲသွားကာ ကောင်းကင်ပေါ်သို့ မြင့်တက်သွားသည်။ အရာအားလုံးမှာ တုန်ရီသွားသဖြင့် ခေါင်းဆောင်ကြီးများပင် အလန့်တကြား လှမ်းကြည့်လိုက်ကြသည်။
ထိုသွေးချီများ ရုတ်တရက်ပွင့်ထွက်လာမှု၏ အကျိုးသက်ရောက်မှုများကို ပထမဆုံးခံစားလိုက်ရသူများမှာ အလယ်တောင်မှ ကျင့်ကြံသူများဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပိုင်ရှောင်ချန်းသည် သွေးကိုယ်ေတာ်ဖြစ်သည်သာမက သူတို့၏ သွေးသခင်လည်း ဖြစ်နေသောကြောင့်ဖြစ်သည်။
ပိုင်ရှောင်ချန်း၏ အော်သံနှင့်အတူ သူတို့၏ သွေးချီများက စည်းချက်ညီစွာ လိုက်လံလှုပ်ရှားလာသည့်အခါ စစ်မြေပြင်ပေါ်ရှိ အလယ်တောင်မှကျင့်ကြံသူများအားလုံးတုန်ရီသွားကြသည်။ ရုတ်တရက် သူတို့မှာ ပိုင်ရှောင်ချန်းအနားသို့ တတ်နိုင်သမျှ နီးကပ်အောင်သွားရန် ဆန္ဒများ ဖြစ်ပေါ်လာတော့သည်။
ထို အလိုဆန္ဒကို ချုပ်တည်း၍ မရနိုင်ချေ။ အကယ်၍ သူတို့သာ ချုပ်တည်းရန် ကြိုးစားပါက သူတို့၏ ကျင့်ကြံခြင်းအခြေခံမှာ မတည်မငြိမ်ဖြစ်သွားလိမ့်မည်။ ထို့အပြင် မချုပ်တည်းပါက သူတို့၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများမှာ အလျင်အမြန် မြင့်တက်လာသဖြင့် သူတို့မှာ ကျေနပ်နေကြတော့သည်။
တစ်ခဏအတွင်း အလယ်တောင်၏ ကျင့်ကြံသူများအားလုံးမှာ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားနေကြသဖြင့် ကောင်းကင်ပေါ်တွင် အရိပ်များ တဖျပ်ဖျပ်ထနေတော့သည်။
သူ၏ဘေးနားသို့ ထိုကျင့်ကြံသူများ ရောက်သွားသောအခါ သွေးချီများက ဝဲဂယက်တစ်ခုကဲ့သို့ ပြန့်ထွက်သွားပြီး ကောင်းကင်းနတ်ဆိုးကြီးကို ဝန်းရံသွားတော့သည်။ ထို့နောက် ထိုသွေးချီများက ဧရာမသွေးဓားကြီးတစ်ချောင်းအသွင် ပြောင်းလဲသွားသည်။
ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ရိပ်ခနဲလှုပ်ရှားကာ ရွှယ်မေ့ဆီသို့ ပြေးသွားတော့သည်။ သူနှင့်အတူ အလယ်တောင်မှ ကျင့်ကြံသူများကလည်း တစ်ယောက်ပြီးတစ်ယောက် နောက်ကလိုက်လာတော့သည်။
ခပ်လှမ်းလှမ်းမှကြည့်လျှင် ထိုအလယ်တောင်မှကျင့်ကြံသူများနှင့် ဓားကြီးကိုကိုင်မြှောက်ထားသည့် ကောင်းကင်နတ်ဆိုးကြီးတို့မှာ သွေးပင်လယ်ကြီးနှင့်ပင် တူသည်။
စစ်မြေပြင်၏ အဝေးတစ်နေရာတွင် ဘရူဆာက စူးရှစွာအော်ဟစ်လိုက်ပြီး သားရဲအုပ်စုကြီး တစ်စုကို ဦးဆောင်ကာလာနေသဖြင့် မြေပြင်မှာ တုန်ခါနေပြီး ကောင်းကင်ကြီးပင် တွန့်လိမ်နေတော့သည်။
ထိုမြင်ကွင်းများကို မြင်လိုက်ရသည့်အခါ သူတို့၏သွေးများဆူပွက်လာသကဲ့သို့ ခံစားနေရသည့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူများလည်းရှိသေးသည်။ တခဏလေးအတွင်း ပိုင်ရှောင်ချန်း၏ ဘေးပတ်ပတ်လည်တွင် ကျင့်ကြံသူ ထောင်နှင့်ချီကာ ဝန်းရံလာပြီး စစ်မြေပြင်တစ်လျှောက်ကို ချွန်ထက်သည့် ဓားတစ်ချောင်းအလား ခုတ်ထွင်းကာ ရှေ့သို့တိုးနေတော့သည်။
စစ်မြေပြင်တစ်ခုလုံးအနေနှင့် ခြုံငုံကြည့်လိုက်ပါက ဤဖြစ်ရပ်မှာ တုန်လှုပ်ဖွယ်ကောင်းလွန်းလှ၍ ခေါင်းဆောင်ကြီးများပင် မှင်တက်နေတော့သည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း နှစ်ဂိုဏ်းမှာ ယခုမှ ပေါင်းစည်းစ ဖြစ်သည်။ ဂိုဏ်းသားအများစုမှာ မိတ်ဆွေများဖြစ်နေပြီဖြစ်ကြပါသော်လည်း ခြုံငုံကြည့်လိုက်လျှင် ဂိုဏ်းနှစ်ဂိုဏ်းမှာ ကွဲပြားနေဆဲဖြစ်ပြီး အများစုမှာ သီးသန့်တိုက်ပွဲဝင်နေကြဆဲပင်။
ဂိုဏ်းနှစ်ဂိုဏ်း၏ တိုက်ပွဲစွမ်းရည်မှ ငါးဆယ်ရာခိုင်နှုန်းခန့်သာ စစ်မြေပြင်တွင် မြင်နေရသေးသည်။
ထိုအကြောင်းကြောင့်လည်း ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက ယခုအချိန်အထိ ရုန်းကန်နေဆဲဖြစ်သည်။ စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့မှာ ဤအခြေအနေကို သိပါသော်လည်း ယခုတွင်မူ မပြောင်းလဲနိုင်သေးချေ။ သူတို့နှစ်ဂိုဏ်း မဟာမိတ်ဖြစ်ခဲ့သည်မှာ အချိန်အနည်းငယ်မျှသာ ကြာသေးသည် မဟုတ်ပါလော။
သို့သော်လည်း ပိုင်ရှောင်ချန်း ပေါ်လာသည်နှင့် တပြိုင်နက် သူက အသံရှည်ကြီးဆွဲကာ အော်ဟစ်လိုက်ပြီး သွေးချီများကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်တင်လိုက်သဖြင့် ထိုအခြေအနေမှာ လုံးဝပြောင်းလဲသွားတော့သည်။
သူသွားသည့်နေရာတိုင်းရှိ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ အစွမ်းများမှာ မြင့်တက်လာသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ သားရဲများကလည်း သူ၏ဘေးတွင် စုဝေးကာ ရှိသမျှအစွမ်းအကုန်ထုတ်ကာ ဂုဏ်ယူစွာ တိုက်ခိုက်နေကြတော့သည်။
ထို့အပြင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ တိုက်ပွဲစွမ်းရည်တိုးတက်လာမှုမှာ ကျင့်ကြံခြင်းအခြေခံအပေါ်မူတည်ပြီး တားမြစ်မှုမရှိချေ။ အပြင်ဘက်စည်းဂိုဏ်းမှ ခေါင်းဆောင်ကြီးများအထိ လူတိုင်း၏ စွမ်းအင်များမှာ မြင့်တက်သွားသည်။
ချက်ချင်းပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ဂိုဏ်းလုံး၏ စွမ်းအင်မှာ သုံးဆယ်ရာခိုင်နှုန်းခန့် မြင့်တက်သွားသည်။ သူတို့မှာ အလန့်တကြားဖြစ်ကာ မှင်တက်နေကြသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ထိုသို့ စွမ်းအားမြှင့်တင်မှုမျိုး မရရှိသော်လည်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏ ပျော်ရွှင်ကျေနပ်နေမှုများကို မြင်လိုက်ရသည့်အခါ သူတို့မှာ ယခင်ကထက်ပင် ပို၍ကြိုးစား တိုက်ခိုက်နေကြတော့သည်။ ထိုနှစ်ဖွဲ့က အားအင်စုပေါင်းလိုက်သောအခါ ကြောက်မက်ဖွယ် စွမ်းအားကြီးတစ်ခုကို ပိုင်ဆိုင်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ သူတို့၏ အလည်ဗဟိုချက်တွင်ရှိပြီး သူ၏ဘေးပတ်ပတ်လည်တွင် ကျင့်ကြံသူများက ပို၍များပြားလာသဖြင့် အရေအတွက်မှာ ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ မြင့်တက်သွားသည်။
ထိုထဲမှ အများစုမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများဖြစ်ပြီး ပိုင်ရှောင်ချန်းနှင့်ပိုနီးလာလေ သူတို့၏ မှော်သိုင်းများမှာ ပို၍ စွမ်းအားထက်ကာ ကောင်းမွန်လာလေပင်ဖြစ်သည်။
စစ်မြေပြင်ပေါ်တွင် အသက်ရှင်ရန် မှီခိုနိုင်သည့်် အရာများစွာရှိသော်လည်း မိမိ၏ကိုယ်ပိုင် စွမ်းအားမှာ အရေးကြီးဆုံးအရာဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ သွေးချီနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအကြားတွင် ကော်လိုမျိုးဖြစ်နေပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ပေါင်းစည်းပေးသည့် အားမျိုးလည်း ဖြစ်နေသည်။ ထိုအချက်မှာ ယခုဆိုလျှင် ပို၍ပင် သိသာထင်ရှားနေတော့သည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ၊သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် တိုက်ခိုက်နေကြသည့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများအားလုံးမှာ အံ့အားသင့်နေကြတော့သည်။ မြို့ထဲတွင် ခိုအောင်းနေသည့် ခေါင်းဆောင်ကြီးများပင်လျှင် မှင်တက်နေကြသည်။
” ပိုင်ရှောင်ချန်းဆိုတာ သူလား။”
” ဒီစစ်ပွဲက သူ့ကြောင့်ဖြစ်ရတာပေါ့။”
” ခေါင်းဆောင်ကြီး မျက်နှာတစ်ထောင်ပြောတာတော့ ပိုင်ရှောင်ချန်းသေရင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကြား မဟာမိတ်က ပြိုပျက်သွားမှာတဲ့။”
ဘေးပတ်လည်ရှိ ကျင့်ကြံသူ အယောက်တစ်သောင်းခန့်ကို ဦးဆောင်ကာ စစ်မြေပြင်တစ်လျှောက် ဖြတ်သန်းလာနေသည့် ပိုင်ရှောင်ချန်းကို အားလုံးက ဝိုင်းကြည့်နေကြသည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသည့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများအားလုံးမှာ လုံးဝ တုန်လှုပ်နေကြပြီး မည်သည်ကိုမှ မတွေးနိုင်တော့ပဲ နောက်သို့ဆုတ်ခွာသွားကြသည်။ အသက်ရှူကြိမ်အနည်းငယ်အတွင်း ရွှယ်မေ့နှင့်သူ့ကြားရှိ မီတာသုံးထောင် အကွာအဝေးမှာ နီးကပ်လာတော့သည်။
ထိုအဖွဲ့ထဲသို့ လူများစွာ ထပ်၍ဝင်ရောက်လာသောအခါ ဧရာမသွေးဓားကြီးကို သွေးချီများက ပို၍ အားအင်ဖြည့်တင်းပေးနေကြသဖြင့် ယခုတွင် ဓားမှာ အပြည့်အဝပုံပေါ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
ရွှယ်မေ့က ထိုတဂျုန်းဂျုန်းမြည်သံများကို ကြားလိုက်ရပြီး သူမ၏ ကျင့်ကြံခြင်းအခြေခံမှာ ပြန်လည်အားအင်ပြည့်ဝလာသည်ကို ခံစားလိုက်ရသည်။ သူမ၏ တိုက်ပွဲစွမ်းရည်ပင် မြင့်တက်လာနေသည်ကို သူမက သိရှိသွားသဖြင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများကို ပြန်လည်တိုက်ခိုက်လာနိုင်တော့သည်။
သူမ၏ ပြိုင်ဘက်များကမူ ကြက်သေသေနေကြတော့သည်။ ရွှယ်မေ့နှင့် ပိုင်ရှောင်ချန်းကြားက ဆက်ဆံရေးကို သူတို့က မသိသော်လည်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် အံကြိတ်ကာ သူတို့၏ နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးလိုက်ကြတော့သည်။ ဤအချိန်တွင် သူတို့က ရွှယ်မေ့ကို တတ်နိုင်သမျှ အမြန်ဆုံးသတ်မှသာ ပိုင်ရှောင်ချန်းဆီမှ ထွက်ပြေးနိုင်မည်သာ ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်က မန္တန်လက်ကွက်တစ်ခုဖော်လိုက်ကြီး အနက်ရောင်နဂါးကြီး တစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။ အခြားတစ်ယောက်က ရုတ်တရက် ရိပ်ခနဲလှုပ်ရှားလိုက်ပြီး ကိုယ်ပွားတစ်ခု ထုတ်လိုက်သည်။ အခြားနှစ်ယောက်က စွမ်းအားကြီးမှော်ပစ္စည်းတစ်ခုစီကို ထုတ်ယူလိုက်ကြသည်။ တစ်ခုမှာ ကြိုးရှည်တစ်ချောင်းဖြစ်ပြီး အခြားတစ်ခုမှာ အနက်ရောင် ဖယောင်းတိုင်တစ်ချောင်းဖြစ်သည်။
” တုရွှယ်မေ့။ သေဖို့သာပြင်တော့။”
အနက်ရောင်နဂါးကြီးက ဟိန်းဟောက်ကာ သူမဆီသို့ ပျံသန်းသွားသည်။ ၎င်း၏နောက်တွင် ချွန်ထက်သော ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည့် ကိုယ်ပွားတစ်ခု ပါလာသည်။ ကြိးရှည်ကြီးကမူ လေပေါ်တွင် ပတ်ချာလည်နေပြီး အားကောင်းသည့် အခိုးအငွေ့တစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်း၏နောက်ရှိ ဖယောင်းတိုင်၏ မီးခိုးငွေ့များကလည်း ဓားသွားများအလား ချွန်ထက်လှပေသည်။
တဂျုန်းဂျုန်းမြည်သံများပေါ်ထွက်လာပြီး ရွှယ်မေ့၏ ပါးစပ်မှ သွေးများ ထပ်၍ထွက်လာသည်။ အနက်ရောင်နဂါးကြီးက သူမကို ဝင်ဆောင့်သွားပြီး သူမကို နောက်သို့ တွန်းထုတ်လိုက်သည်။ ကိုယ်ပွားက သူမ၏ အနီးသို့ရောက်လာသည့်အခါ သူမက မန္တန်လက်ကွက်တစ်ခုကို ဖော်လိုက်ပြီး သူမ၏ ညာလက်ချောင်းကိုဝှေ့ယမ်းလိုက်သောအခါ ဇီးပန်းပွင့် သင်္ကေတ တစ်ခုမှာ ပွင့်လာသည်။ ထို သင်္ကေတမှာ ကိုယ်ပွားကို ဖျက်စီးလိုက်ပါသော်လည်း သူမမှာ ကြိုးပြတ်သွားသည့် စွန်တစ်ခုအလား နောက်သို့ လွင့်ထွက်သွားသည်။
ထို့နောက် ကြိုးရှည်နှင့် ဖယောင်းတိုင်တို့ရောက်လာသည်။ ထို သေစေနိုင်သည့် အင်အားနှစ်ခုမှာ ခဏအတွင်း သူမနှင့် မီတာအနည်းငယ်အကွာသို့ ရောက်လာတော့သည်။
ရွှယ်မေ့မှာ အမြင်အာရုံများ ဝေဝါးလာပြီး ခါးသီးစွာ ပြုံးလိုက်တော့သည်။ အချိန်များပင် နှေးကွေးသွားသည့်ပမာ ဖြစ်သွားလေသည်။ သူမ၏ မှတ်ဥာဏ်များက အတိတ်ကာလများဆီသို့ တဖြည်းဖြည်း ပြန်ရောက်သွားချိန်တွင် ရုတ်တရက် သူမက စိုးရိမ်စိတ်နှင့် အမျက်ဒေါသမီးများ ရောယှက်နေသည့် အော်သံကြီးကို ကြားလိုက်ရသည်။
ထိုအော်သံကြီးမှာ ပိုင်ရှောင်ချန်း၏ ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ဆီမှ လာသည်။ ရွှယ်မေ့၏ အသက်အန္တရာယ်ကြုံနေရပုံကို မြင်လိုက်ရသောအခါ သူက ကောင်းကင်နတ်ဆိုးကြီး၏ ဧရာမ သွေးဓားကြီးကိုင်ထားသည့် လက်ကို ရှေ့သို့ပစ်လွှတ်လိုက်သည်။ ထို့နောက် ထိုဓားကြီးက စောစောက အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူ လေးယောက်ကို ခုတ်ထစ်လိုက်တော့သည်။
” သေကြစမ်း။”