အမွေဆက်ခံသူအဆင့် ကျင့်ကြံသူများ သို့မဟုတ် သွေးအေးလူသတ်သမားများကို ယှဉ်နိုင်သော အံ့သြတုန်လှုပ်ဖွယ်စွမ်းအားများနှင့် ရုပ်သေးရုပ်တချို့ရှိသည်။ ထိုကဲ့သို့ ရုပ်သေးရုပ်များမှာ အများကြီးမရှိသော်လည်း အနည်းစုသည်ပင် တိုက်ခိုက်ရာတွင် တလက်လက်တောက်ပနေသော ကြယ်ပွင့်လေးများကဲ့သို့ ဖြစ်နေသည်။
တိုက်ပွဲထဲတွင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းတစ်ခုထဲသာ ပါဝင်နေခြင်းမဟုတ်ဘဲ သူတို့လက်အောက်သို့ ခိုဝင်လာခဲ့သော ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများသည်လည်း သူတို့၏အင်အားကို အထောက်အကူဖြစ်စေခဲ့သည်။ ထို့ကြောင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက ကြံကြံခံနိုင်နေခြင်းဖြစ်သည်။
လက်တွေ့စစ်မြေပြင်သည် လွန်စွာကျယ်ပြန့်ပြီး အဆုံးတစ်ဖက်မှ တခြားတစ်ဖက်၏အဆုံးသို့ မြင်တွေ့နိုင်ရန် ခဲယဉ်းသည်။ ကျင့်ကြံသူရာပေါင်းများစွာ တိုက်ခိုက်နိုင်သည်အထိ ကျယ်ပြန့်၏။ လူများတိုက်ခိုက်နေကြသည့် နေရာတိုင်းတွင် သေမင်းအငွေ့ အသက်များ လွင့်ပျံတက်နေသည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသည် သိသာထင်ရှားစွာ အခြေအနေဆိုးဝါးလာခဲ့ပြီး တဖြည်းဖြည်း အင်အားဆုတ်ယုတ်လာခဲ့သည်။ မြို့ကို ကာကွယ်ပေးထားသော မဟာမန္တန်အစီအရင်ကြောင့်သာ မဟုတ်လျှင် ကျရှုံးနေလိမ့်မည်မှာ ကြာလေပြီ။
ပိုင်ရှောင်ချန်း အံ့သြတုန်လှုပ်နေရသည်မှာ မန္တန်အစီအရင်အတွင်း ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို ထုတ်ဖော်ကာ မန္တန်အစီအရင်ကို ပိုမိုအရှိန်အဝါကြီးမားလာအောင် ပြုလုပ်နေသော ဆေးစွမ်းအင် နတ်ရေစင်ဂိုဏ်းသားများကြောင့်ပင်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသည် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားအများစုကို ဖမ်းဆီးလာခဲ့သည်။ အစက ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို ဂိုဏ်းအတွင်း သွတ်သွင်းရန် ရည်ရွယ်ထားခဲ့သော်လည်း ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ထိုအစီအစဉ်ကို ဆန်းကြယ်နတ်ရေစင်ဂိုဏ်း စွန့်လွှတ်လိုက်ရသည်။ ယခု ကျင့်ကြံသူများက မန္တန်အစီအရင်ကို ထောက်ပံ့ပေးနေသော လူသားပုံစံဝိညာဉ်ကျောက်များထက် အနည်းငယ်သာ ပိုတော့သည်။
ဤအခြင်းအရာက တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။ အစစ်အမှန် အင်အားကြီး စစ်ပွဲတစ်ခုကို မြင်တွေ့ဖူးသည်မှာ ပိုင်ရှောင်ချန်းအတွက် ပထမဆုံးအကြိမ်တစ်ခုလည်း ဖြစ်ပေသည်။
စစ်မြေပြင်တွင် လေပြည်လေညင်းများ တိုက်ခတ်မနေဘဲ သွေးညှီနံ့သာ အရပ်မျက်နှာတိုင်းသို့ လွင့်ပျံနေပြီး တိုက်ခိုက်နေကြသော ကျင့်ကြံသူများဆီသို့ပင် စိမ့်ဝင်နေဟန်တူသည်။
မြေပြင်တွင် သွေးမြစ်များ စီးဆင်းနေပြီး နေရာတိုင်းမှာ အလောင်းများကို မြင်တွေ့နိုင်သည်။ တချို့က ကိုယ်လက်အင်္ဂါများ ပိုင်းဖြတ်ခံထားရပြီး မှတ်မိရန် ခဲယဉ်းကာ တချို့မှာမူ အကောင်းပကတိ ရှိနေသေးသည်။ ဘေးပတ်ဝန်းကျင်တစ်ခွင်ကို အဓိပ္ပာယ်မဲ့ငေးစိုက်ကြည့်လိုက်လျှင် စစ်ပွဲ၏ အနိဋ္ဌာရုံမြင်ကွင်းများကိုသာ တွေ့မြင်နေရသည်။
ပိုင်ရှောင်ချန်းသည် သွေးချောင်းစီးကာ လူများသေကြေနေသည်အား ကြည့်ကာ ခေါင်းတစ်ခုလုံး ထူပူလာခဲ့သည်။ သတ်ဖြတ်ခြင်းများနှင့် သူမစိမ်းသော်လည်း ဤကဲ့သို့ ကြီးမားသော တိုက်ခိုက်ခြင်းများကို မြင်တွေ့ရခြင်းက သူ့စိတ်ကို နောက်ကျိသွားစေသည်။
တစ်ဖက်က သွေးပျက်ခြောက်ခြားနေပြီး ထိုအန္တရာယ်များမှ တတ်နိုင်သမျှ မြန်မြန်ထွက်ပေးရန် သူ့ကို တွန်းအားပေးနေသည်။
တခြားတစ်ဖက်မှာမူ သူ့နှလုံးသားကို တဒိန်းဒိန်းတုန်ခါစေပြီး ကမူးရှူးထိုး တိုက်ခိုက်ရန် လှုံ့ဆော်နေသည်။
စစ်ပွဲ၏လက်ရှိအခြေအနေထဲမှာ သူနစ်မြောသွားပြီး အသက်ပြင်းပြင်းရှိုက်လိုက်သည်။ ဤစစ်မြေပြင်မှာ သူ့သူငယ်ချင်းများစွာ ရှိနေပြီး ထိုအခြေအနေကို မြင်တွေ့ရပြီးနောက် သူထွက်မသွားနိုင်ချေ။
သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး သူ့နှလုံးသားထဲမှာ ခိုင်မာပြတ်သားသော စိတ်ဆန္ဒများ ပေါက်ဖွားလာသည်။ ထို့နောက် သူက ရှေ့သို့ လျင်မြန်စွာ ပြေးသွားသည်။ စစ်ပွဲထဲသို့ သူပြေးဝင်လာသည်ကို လူအနည်းငယ်သာ သတိထားမိသည်။ သို့သော် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ တိုက်ပွဲဝင်သားရဲများနှင့် တိုက်ခိုက်နေသော ဘရူဆာသည် ရုတ်တရက် တုန်ခါသွားကာ ကျယ်လောင်စွာ ဟိန်းလိုက်လေသည်။
ထိုဝမ်းသာပျော်ရွှင်စွာ ဟိန်းဟောက်လိုက်သောအသံကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ ကျန်ရှိသော သားရဲများ၏ ကျင့်ကြံခြင်းအခြေခံနှင့် အတိုက်အခိုက်စွမ်းအားများ တဖြည်းဖြည်း တိုးပွားလာသည်။
ထိုအခြင်းအရာကြောင့် သူတို့၏အတိုက်အခိုက်စွမ်းရည်နှင့် ဒဏ်ရာသက်သာပျောက်ကင်း နှုန်းများ တိုးတက်လာခဲ့သည်။ ဤအခြင်းအရာက အံ့အားသင့်စရာကောင်းသော်လည်း တိုက်ပွဲဝင်သားရဲများမှာ ပျော်ရွှင်မြူးထူးနေကြသည်။
တချိန်တည်းမှာပင် စစ်မြေပြင်၏တစ်ဖက်တွင်ရှိနေသော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ချီစုစည်းမှုအဆင့်ကျင့်ကြံသူနှစ်ယောက်သည် စိတ်ဓာတ်ကျနေ၏။ သွေးဆာနေသော ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားလေးယောက်နှင့် တိုက်ခိုက်ရာတွင် သူတို့က နောက်သို့ တရွေ့ရွေ့ ဆုတ်ခွာနေရသည်။
ချီစုစည်းမှုအဆင့်ဂိုဏ်းသားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခါးသက်သက် ရယ်မောလိုက်ကြသည်။ လွန်ခဲ့သောရက်များအတွင်း အတူတကွ တိုက်ခိုက်ခဲ့ပြီးနောက် သူတို့နှစ်ယောက်ကြားတွင် ခိုင်မာသော သံယောဇဉ်ဖြစ်တည်လာခဲ့သည်။ သို့သော် ယခုအခါ သေမင်းက သူတို့နှစ်ယောက်ဆီသို့ ရောက်ရှိလာခဲ့ပြီး သူတို့မှာ မျှော်လင့်ချက်မရှိတော့ပေ။
“ အစတုံးက မင်းတို့ကောင်တွေကို ငါ သဘောမကျခဲ့ဘူး။ ဒါပေမယ့် အတူတူ တိုက်ခိုက်လာခဲ့ပြီးတဲ့နောက် နောက်ဘဝသာရှိနေခဲ့သေးရင် ငါတို့နောက်ထပ် အတူတူ တိုက်ခိုက်နိုင်ဖို့ မျှော်လင့်တယ်ကွာ ”
“ ဟား ဟား ဟား….အတူတူပဲ ငါ့ကောင် ”
အစပိုင်းတွင် သူတို့က အုပ်စုနှစ်ခုမှဖြစ်ခဲ့ကြသော်လည်း တိုက်ပွဲတွင် သူတို့၏ အဖော်များ သေဆုံးသွားခဲ့ရသည်။ ယခု သူတို့နှစ်ယောက်သည် အတူတကွရပ်လျက် အသက်သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်ကာ ရယ်မောနေလေသည်။
ထိုစဉ် ရွှီခနဲအသံနှင့်အတူ သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ရက်စက်ကြမ်း ကြုတ်သော ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားလေးယောက် မတိုက်ခိုက်ရသေးခင် ထိုအလင်းတန်းက သူတို့၏ခေါင်းကို ပိုင်းဖြတ်သွားပြီး မျက်လုံးများပြူးလျက် သူတို့ သေဆုံးသွားတော့သည်။
ပိုင်ရှောင်ချန်း ရောက်ရှိလာခဲ့လေပြီ။
သူကယ်တင်ပေးလိုက်သည့်် ဂိုဏ်းသားနှစ်ယောက်မှာ တဒင်္ဂကြာ တုန်လှုပ်နေပြီး တအံ့တသြ အော်ပြောလိုက်ကြသည်။
“ သွေးသခင် ….”
“ ဂိုဏ်းတူဦးလေးပိုင် ”
ပိုင်ရှောင်ချန်းက သူတို့နှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က တိုက်ခိုက်နေကြရင်း သူငယ်ချင်းများဖြစ်လာနေသည်ကို အတန်ငယ်ဝေးသောနေရာမှ သူမြင်တွေ့လိုက်ရသည်။
ဂိုဏ်းနှစ်ဂိုဏ်းက ပေါင်းစပ်ခဲ့ပြီဖြစ်သောကြောင့် ဤကဲ့သို့ ရင်းနှီးမှုက လွန်စွာအရေးကြီးသည်။ ပိုင်ရှောင်ချန်းက သူတို့ကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ရိပ်ခနဲလှုပ်ရှားသွားကာ စစ်မြေပြင်၏ တခြားနေရာသို့ ပြေးသွားသည်။ သူရောက်ရှိသွားသည့်နေရာတိုင်း မည်သူမှ သူ့ကို မရပ်တန့်နိုင်ချေ။
သူ၏ထာဝရအသက်ရှည်နည်းပညာရပ်မှာ အပြင်အားက ဖော်ပြနိုင်စွမ်းထက် ကျော်လွန်နေသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ တချိန်တည်းမှာပင် သူ၏ခုခံအားသည်လည်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလာသည်။
သူ၏လက်သီးချက်တိုင်းတွင် အဖျက်အဆီးစွမ်းအင်များ ပါဝင်နေပြီး သူ့လက်သီးတစ်ချက်ကို ခုခံနိုင်သူ နည်းပါးသည်။ အထူးသဖြင့် လည်မျိုဖမ်းဆုပ်သိုင်းကြောင့် ရန်သူများမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျသေဆုံးနေသည်။
သူ၏တောင်ဖြိုသိုင်းသည်လည်း သူ့ကို စစ်မြေပြင်ထဲမှာ မြင်တွေ့ရန်ပင် ခဲယဉ်းအောင် ပြုလုပ်ပေးနေသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများ ဝန်းရံထားသည့်ကြားမှ သူက သားရဲတစ်ကောင်အလား ဒေါသတကြီး တိုက်ခိုက်နေသည်။ ဘုန်းခနဲမြည်ဟည်းသံများနှင့်အတူ အရိုးကျိုးသံများ တဆက်တည်း ထွက်ပေါ်လာခဲ့သည်။ ရန်သူတစ်ယောက်မှ ပိုင်ရှောင်ချန်းကို နောက်ဆုတ်သွားအောင် မလုပ်နိုင်ချေ။
“ ဒီထာဝရအသက်ရှည်နည်းသိုင်းက တိုက်ပွဲမှာ အသုံးပြုဖို့အတွက် ဖန်တီးထားတယ်ဆိုတာ ထင်ရှားနေတာပဲ ”
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ့မှော်သိုင်းများ၏ အစွမ်းအားလုံးကို ရုတ်သိမ်းလိုက်သည်။ သူက မှော်သိုင်းများကို သင်ကြားထားခဲ့သော်လည်း အစစ်အမှန်တိုက်ပွဲနှင့် ကြုံတွေ့ရသောအခါမှသာလျှင် မှော်သိုင်းများကို အစွမ်းကုန် သူအသုံးပြုလာနိုင်ခဲ့သည်။
သူက အပြင်အားကို အသုံးပြုသည့်တိုင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းရှိ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများကို တိုက်ခိုက်နိုင်သည်။ သွေးများက မိုးရေစက်များပမာ ကျဆင်းနေသည့်တိုင် သူက ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ကာ သူ့နောက်ကျောမှ အလစ်ဝင်တိုင်ခိုက်ရန် ကြိုးစားလာသည့် လူတစ်ယောက်ဆီသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
ထိုကျင့်ကြံသူ၏မျက်နှာတွင် အံ့သြတုန်လှုပ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူ့လက်တစ်ဖက် ပေါက်ကွဲသွားခဲ့သည်။ နာကျင်စွာအော်ဟစ်လျက် သူလဲကျသွားသည်။ သို့တိုင် ပိုင်ရှောင်ချန်း၏ညာလက်က မန္တန်လက်ကွက်တစ်ခုဖော်လိုက်ရာ လင်းလက်သွားပြီး သူ့လက်ချောင်းမှ သွေးဓားပုံစံဖြစ်လာကာ သွေးအလင်းတန်းတစ်ခုက သူ့ရန်သူဆီသို့ ပြေးဝင်သွားသည်။ မကြာမီ ရန်သူမှာ ဝမ်းဗိုက်တွင် သွေးဓားစိုက်ဝင်လျက် သေဆုံးသွားခဲ့သည်။
အနည်းငယ်မျှပင် ရပ်နားခြင်းမပြုဘဲ ပိုင်ရှောင်ချန်းက အဝေးသို့ ပျံသန်းသွားသည်။ သူ၏အမြန်နှုန်း၊ လျင်မြန်ခြင်းနှင့် အပြင်အားတို့အပေါ် မှီခို၍ သူက ရေထဲတွင် ငါးတစ်ကောင် ကူးခတ်နေသည့်ပမာ ဖြစ်နေသည်။
သူရောက်ရှိသွားသည့်နေရာတိုင်း တိုက်ခိုက်နေကြသော မည်သည့် သွေးစွမ်းအင် နတ်ရေစင်ဂိုဏ်းသားမဆို တုန်ခါသွားကြကာ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများ တိုးတက်လာသည်။ ရလဒ်အနေဖြင့် သူတို့က စိတ်ဓာတ်တက်ကြွကာ ကျယ်လောင်စွာ မာန်သွင်းကြုံးဝါးလျက် တိုက်ခိုက်ကြလေသည်။
တဖြည်းဖြည်းနှင့် မွှေးရနံ့တိမ်တောင်မှ ကျင့်ကြံသူများက မန္တန်အစီအရင်လူ့ဘီလူးကြီးကို အသက်သွင်းနေသော တိုက်ပွဲအလယ်သို့ သူ ရောက်ရှိသွားသည်။
အနီးအနားရှိ နောက်ထပ်လူ့ဘီလူးကြီးက သူနှင့်ရင်းနှီးနေဟန်တူသည်။ ထိုလူ့ဘီလူးကြီးက တာအိုသစ်စေ့တောင်မှ နဝမမြောက်မန္တန်အစီအရင်ဖြစ်ပေသည်။ အစက ထိုမန္တန်အစီအရင်ကို ပိုင်ရှောင်ချန်း ထိန်းချုပ်ရန်အတွက် ရည်ရွယ်ထားခဲ့သည်။
သူမရှိလျှင် လူ့ဘီလူးကြီး၏ အတိုက်အခိုက်စွမ်းအားများက သိသာထင်ရှားစွာ အားနည်းလာခဲ့ပြီး ထိုနေရာရှိ တခြားဘီလူးကြီးများထက်ပင် အစွမ်းနိမ့်နေခဲ့သည်။ ယခုအခါ ၎င်းက အနက်ရောင်ချပ်ဝတ်တန်ဆာ အရုပ်ကြီးနှင့် တိုက်ခိုက်နေသည်။
စစ်မြေပြင်တွင် ရုပ်သေးရုပ်များကို အမျိုးအစားသုံးမျိုး ခွဲခြားထားသည်။ အစိမ်းရောင်၊ အနက်ရောင်နှင့် ရွှေရောင်တို့ဖြစ်သည်။ အစိမ်းရောင်ရုပ်သေးရုပ်များသည် သာမန်အမျိုးအစားဖြစ်သည်။ အနက်ရောင်ရုပ်သေးရုပ်များသည် ပိုမိုအစွမ်းထက်ပြီး တွေ့ရနည်းသည်။ ရွှေရောင်ရုပ်သေးရုပ်များမှာ အရှားဆုံးဖြစ်သည်။ အနက်ရောင်ရုပ်သေးရုပ်များမှာ အရွယ်အစားမျိုးစုံရှိပြီး မီတာသုံးရာမြင့်မားသော ရုပ်သေးရုပ်များတွင် ရွှေရောင်အစင်းကြောင်းများကို မြင်တွေ့နိုင်သည်။
အတိုက်အခိုက်စွမ်းအားများတွင် ထိုရွှေရောင်နှင့် အနက်ရောင်ရောစပ်ထားသော ရုပ်သေးရုပ်များက ပုံမှန်အနက်ရောင်ရုပ်သေးရုပ်များထက် ပိုမိုအစွမ်းထက်သည်။
ထိုအနက်ရောင်ရုပ်သေးရုပ်က ဓားကြီးကို ဆုပ်ကိုင်ထားပြီး ရှေ့တက်လာသည်။ မန္တန်အစီအရင် ဘီလူးကြီးက တုန့်ဆိုင်းနေသည့်အတွက်ကြောင့် အနက်ရောင်ရုပ်သေးရုပ်၏ လက်ထဲမှဓားကြီးက ၎င်းကို ထိုးဖောက်သွားခဲ့သည်။
လူ့ဘီလူးကြီးမှာ ရှုံ့တွသွားပြီး အတွင်းထဲရှိလူများက သွေးအန်နေကြသည်။ သူတို့၏မျက်လုံးများတွင် ရူးသွပ်မှုများနှင့် တဖျပ်ဖျပ်လက်နေပြီး ဘီလူးကြီးဆီသို့ ဓားက ထိုးဖောက်ဝင်ရောက်လာသည်ကို ကြည့်နေရုံမှလွဲ၍ ဘာမှမလုပ်နိုင်ကြပေ။
တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်လာပြီး ဘီလူးကြီးက ပြိုလဲတော့မည်ကဲ့သို့ ဖြစ်လာသည်။
ရုတ်တရက် အနက်ရောင်ရုပ်သေးရုပ်ကြီးအတွင်းမှ လှောင်ပြောင်သရော်သော အသံတစ်သံ လွင့်ပျံလာ၏။
“ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ မန္တန်အစီအရင်တွေက တစ်မိုးအောက်မှာ အင်မတန် နာမည်ကြီးတယ်။ အထူးသဖြင့် တာအိုသစ်စေ့တောင်ရဲ့ နဝမမြောက်မန္တန်အစီအရင်ပဲ။ ဒီနေ့ ကြည့်ရတာတော့ အင်မတန်စိတ်ပျက်စရာ ကောင်းတာပဲ ”
ရုပ်သေးရုပ်ကြီးက ဓားကို ဝှေ့ယမ်းလိုက်ရာ မန္တန်အစီအရင်ဘီလူးကြီးက ပြိုလဲကျလုနီးပါး ဖြစ်လာတော့သည်။ အတွင်းထဲရှိ လူအားလုံးက ခါးသပ်သပ်ရယ်မောနေကြ၏။ ပိုင်ရှောင်ချန်းသာ မရှိလျှင် သူတို့က ခေါင်းပြတ်နေသော နဂါးကြီးတစ်ကောင်နှင့်ဆင်တူသည်။ မန္တန်အစီအရင်၏ စွမ်းအား လျော့ကျလာပြီး ယခုအချိန်တွင် သူတို့က ဘီလူးကြီးကို စွန့်ခွာကာ အသက်သေသည်အထိ တိုက်ခိုက်ရတော့မည့်ဟန်တူသည်။
ထိုစဉ် အေးစက်စက်နှာမှုတ်သံတစ်သံ လွင့်ပျံလာ၏။
“ အစီအရင် ဖျက်သိမ်းမယ် ”
တံဆိပ်တော်အမှတ်အသားတစ်ခု လွင့်ပျံလာပြီး မန္တန်အစီအရင်ပေါ်သို့ ဆင်းသက်သွားသည်။ အတွင်းထဲရှိလူများ တုန်ခါသွားပြီး သူတို့၏မျက်လုံးတွေထဲတွင် ပျော်ရွှင်မှုများနှင့် ဝင်းလက်သွားကာ သူတို့ဆီသို့ ပျံသန်းလာသော လူတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။
ထိုလူက ပိုင်ရှောင်ချန်းပင်။ မန္တန်အစီအရင်အတွင်းရှိလူများက ကျယ်လောင်စွာ ရယ်မောလိုက် ကြပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ တရစပ်ဖော်ထုတ်လိုက်ကြသည်။ ပိုင်ရှောင်ချန်း၏ တံဆိပ်တော်အမှတ်အသားက ဘီလူးကြီးနှင့် ပေါင်းစပ်သွားသည့်အတွက်ကြောင့် မန္တန်က ရုတ်ချည်း ပျော်ဝင်စပြုလာသည်။
တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး ဘီလူးကြီးက တဖြည်းဖြည်းမှေးမှိန်ကာ ပျောက်ကွယ်သွားသည်။ ဘီလူးကြီးအတွင်းရှိလူများက ချက်ချင်းလွင့်ပျံလာပြီး ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းလာ၏။
“ ပြန်လည်ခင်းကျင်းမယ် ”
ပိုင်ရှောင်ချန်းက မာန်သွင်းအော်ပြောလိုက်သည်။ သူ့လက်နှစ်ဖက်သည်နှင့် မန္တန်လက်ကွက် တစ်ခုကိုဖော်လိုက်သည့်အတွက် တဖျပ်ဖျပ်လက်နေသည်။
မျက်တောင်တစ်ချက်ခတ်အတွင်း သူတို့က လေထဲတွင် ပြန်လည်ပုံစံဖြစ်ပေါ်လာခဲ့ပြီး တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏လက်များက မန္တန်လက်ကွက်များနှင့် မှုန်ဝါးလာကာ မူလအစီအရင်၏ စွမ်းအားများကို ထုတ်လွှတ်နေသည်။
တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်လာပြီး မန္တန်အစီအရင်လူ့ဘီလူးကြီးတစ်ကောင် ပေါ်ထွက်လာခဲ့သည်။ ၎င်းက တခြားလူ့ဘီလူးများထက် များစွာမြင့်မားပြီး ကိုယ်လုံးကိုယ်ထည် ကြံ့ခိုင်တောင့်တင်းသည်။ ၎င်းက ကမ္ဘာဦးလူ့ဘီလူးကြီးများနှင့် ဆင်တူပြီး ၎င်း၏မျက်နှာသွင်ပြင်မှာမူ ပိုင်ရှောင်ချန်း၏မျက်နှာနှင့် လွန်စွာဆင်တူနေသည်။
ပိုင်ရှောင်ချန်းက အသင့်အနေအထားပြင်လိုက်ရာ ၎င်း၏မျက်လုံးများပွင့်လာသည်။ ပိုင်ရှောင်ချန်း၏မျက်လုံးများက ဓားသွားတစ်စင်းအလား စူးရှနေသည်။
“ နဝမမြောက်တာအိုသစ်စေ့တောင်ရဲ့အစီအရင်က ဘယ်လောက် အစွမ်းထက်လဲ မင်း တကယ် သိချင်တာလား။ မင်းအမြင်ကျယ်သွားအောင် ငါ ပြမယ် ”
ပိုင်ရှောင်ချန်း၏စွမ်းအင်များ ထွက်ပေါ်လာပြီး ရှေ့တိုးသွားရာ မြေပြင်မှာ တုန်ခါနေသည်။
အနက်ရောင်ရုပ်သေးရုပ်ကြီးသည် သူ့ကို တအံ့တသြကြည့်နေသော်လည်း ၎င်း၏မျက်လံများထဲတွင် တိုက်ခိုက်လိုသော စိတ်ဆန္ဒများ တောက်လောင်နေ၏။
“ ပိုင်ရှောင်ချန်းလား ”