“ ချန်ရှို့ … ငါ မနေ့က သင်ပေးထားတဲ့ မန္တန်ကို မှတ်မိသေးလား။ ငါ့ကို ပြန်ရွတ်ပြစမ်းပါဦး ”
“ လီချန်ရှို့ … ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဘာလို့ သေမှာကို ဒီလောက် ကြောက်နေရတာတုန်း။ မင်း အစွမ်းကုန် မကြိုးစားရင် အခွင့်အရေးတွေ ဖမ်းဆုပ်နိုင်မှာ မဟုတ်ဘူးနော် ”
‘ အိုက်ယား … ဆရာက ဘာလို့ အမြဲ စိတ်အပြောင်းအလဲမြန်နေရတာလဲ ’
‘ ဒီမှတ်ဉာဏ်နှစ်ခုက ဆယ်နှစ်ပဲခြားတာပါ။ ငါ ရောက်ခါစက ဆရာက အရမ်းနွေးထွေးပြီး ကြင်နာတတ်တယ်။ ဆယ်နှစ်လည်းကြာရော အခုကျ ဆရာက အင်မတန် ဒေါသကြီးနေပြီ ’
လီချန်ရှို့ ရယ်လိုက်၏။ ထို့နောက် သူ၏တာအိုခန္ဓာက နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသေးကြောင်း သူ သိရှိလိုက်သည်။ အဆက်မပြတ်လေ့ကျင့်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းမှုဒဏ်ကို သူ ခံစားနေရဆဲပင်။
‘ ဒါက အိပ်မက်တစ်ခုလား ’
သူ အိပ်မက်မမက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်မြင့်မားလာသည်နှင့် အိပ်ချိန် နည်းပါးလာကြသည်။ အိပ်ပျော်သွားတိုင်း ထိုသို့သာ ခံစားရတတ်သည်။ ကျင့်ကြံသူများက အချိန်ကြာမြင့်စွာ ပြင်းပြင်းထန်လေ့ကျင့်ကြရသည် ဖြစ်၍ မောပန်းနွမ်းနယ်မှုဒဏ်ကို ခံစားရသည်။ သူတို့၏ ဓမ္မတန်ခိုးက အပြည့်အဝ ဖြစ်ကောင်းဖြစ်နေနိုင်ပါသော်လည်း အားအင်ပြန်လည်ဖြည့်တင်းရန်နှင့် သူတို့ဝိညာဉ်များအပေါ် ဖိအားလျော့ကျစေရန်အလို့ငှာ နှစ်ခြိုက်စွာ အိပ်စက်ရန် လိုအပ်နေဆဲပင်။
“ တျန်အဘိုးကြီး၊ တျန်အဘိုးကြီး၊ အိပ်ချင်ယောင်ဆောင်မနေနဲ့။ ထတော့ တျန်အဘိုးကြီး ”
လူတစ်ယောက် ရင်ကွဲမတတ်အော်နေသံကို သူ ကြားလိုက်ရပြန်သည်။ အဝေးတစ်နေရာမှ ငိုကြွေးသံများ လွင့်ပျံလာဟန်တူသော်လည်း ပီပီသသကြားနေရသည်။
လီချန်ရှို့ ခါးသက်သက် ပြုံးလိုက်သည်။ မှတ်ဉာဏ်များကို ရင်ဆိုင်ရန် သူ အမှောင်ထဲတွင် လှည့်လည်နေရသလို ဖြစ်နေသည်။
မှတ်ဉာဏ်များ ပြန်ပေါ်လာသောအခါ သူသည် အေးအေးလူလူမြင်းစီး၍ ပန်းများ၏အလှကို ခံစားနေရသည့်ပမာ အခြားလူတစ်ယောက်၏ ဘဝဇာတ်ကြောင်းကို ကြည့်နေရသလို ဖြစ်နေသည်။
ထိုဇာတ်လမ်း၌ ပတ်ဝန်းကျင်တခွင် ပျံသန်းနေသော ကျင့်ကြံသူများ မပါသည့်အပြင် ကောင်းကင်တွင်လည်း မည်သည့်ဝိညာဉ်မှ မရှိပေ။ ဝိညာဉ်များ ရှိနေသည့်တိုင်အောင် လူသားများ မသိတာလည်း ဖြစ်နိုင်သည်။
ထိုဇာတ်လမ်း၏ ဇာတ်လိုက်သည် တျန်ကျူကွမ်ဖြစ်ပြီး ဇာတ်အိမ်က မိုးပြာရောင်ဂြိုဟ်ကြီးဖြစ်သော ကမ္ဘာဂြိုလ်တွင် အခြေတည်ထားသည်။
တျန်ကျူကွမ်၏အမည်ကို ကြည့်ရုံဖြင့် ထိုနာမည်ကိုပေးခဲ့သောသူသည် တျန်ကျူကွမ်အပေါ် မျှော်လင့်ချက်ကြီးကြီးထားခဲ့ကြောင်း သိနိုင်ပေသည်။ ဘိုးဘေးများအတွက် ဂုဏ်ကျက်သရေနှင့် ကျော်ကြားမှုများ ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်ခဲ့ဟန်တူသည်။
မျှော်လင့်ခဲ့သလိုပင် သူသည်လည်း အကောင်းဆုံး ကြိုးစားခဲ့သည်။ အသက် ( ၂၈ ) နှစ်မပြည့်ခင်အထိ သူ့ဘဝကြီးက အဆင်ပြေချောမွေ့နေခဲ့သည်။ သို့သော်ငြား အသက် ( ၂၈ ) နှစ်ပြည့်သောအခါ ကုသ၍မရသော ရောဂါတစ်ခုစွဲကပ်နေကြောင်း သူ စစ်ဆေးသိရှိလိုက်ရလေသည်။
သူ မသေခင် ဘီးတပ်ကုလားထိုင်တွင်ထိုင်ရင်း အသက်ကို ဖြည်းညင်းစွာ ရှူနေခဲ့၏။ သူ၏ခန္ဓာကိုယ်အတွင်းမှ နောက်ဆုံးလက်ကျန်အားအင်များကို ခပ်ထုတ်နေပြီး မသိစိတ်ထဲတွင် သူသည် အသူရာချောက်နက်ကြီးထဲ ပြုတ်ကျနေသကဲ့သို့ ခံစားနေရသည်။
သူ့နှလုံးသားထဲမှနေ၍ ပြင်းထန်သောဝေဒနာတစ်ခုကို ခံစားလိုက်ရသည်။ ယင်းက ဘဝတစ်ခု ရုတ်ချည်း ပျက်ဆီးသွားခြင်းကြောင့် ဖြစ်ပေါ်လာသော ပရိဒေဝမီးပမာပင်။ သူသည် ဘီးတပ်ကုလားထိုင်၏ လက်ရန်းနှစ်ခုကို အားပြု၍ နောက်ဆုံးလက်ကျန်ခွန်အားကို အသုံးပြုကာ မတ်တတ်ရပ်လိုက်သည်။ သို့သော်လည်း ခြေတစ်လှမ်းမျှမလှမ်းနိုင်ခင် မျက်နှာနှင့်မြေပြင် မိတ်ဆက်သွားလေတော့သည်။
ထိုအခြင်းအရာသည် အထက်၌ဖော်ပြခဲ့သော
“ တျန်အဘိုးကြီး၊ တျန်အဘိုးကြီး၊ အိပ်ချင်ယောင်ဆောင်မနေနဲ့။ ထတော့ တျန်အဘိုးကြီး … ” ဟူသော စကား၏ဇစ်မြစ်ပင် ဖြစ်သည်။ ထိုသို့ အော်ဟစ်နေသူသည် အရင်ဘဝမှ သူ၏အချစ်ဆုံးသူငယ်ချင်း ဖြစ်သည်။
မှတ်ဉာဏ်များရပ်တန့်သွားကာ သုံးနှစ်ကျော် ခုန်ကျော်သွားလေသည်။ ထို့နောက် ပိုမိုထင်ရှားသော ပုံရိပ်များပေါ်လာ၏။
ဂွကြားပြဲနေသောဘောင်းဘီကိုဝတ်ဆင်ထားသည့် ကောင်လေးတစ်ယောက်၏ ပုံရိပ်များဖြစ်သည်။ သူသည် ကျစ်ဆံမြီးဆံပင်နှင့်ဖြစ်ပြီး လယ်ကွင်းထဲတွင် ပြေးလွှားဆော့ကစားနေသည်။ သူသည် လျင်မြန်စွာ ကြီးပြင်းလာ၏။ ခုနစ်နှစ်၊ ရှစ်နှစ် ရောက်လာချိန်တွင် နတ်ဝိဇ္ဇာအိုကြီးတစ်ယောက်နှင့် သူ တွေ့ဆုံခဲ့ပြီး သူ့ကို တပည့်အဖြစ် လက်ခံခဲ့သည်။ ယင်းက ကံဆိုးမိုးမှောင်ကျခြင်းပင် ဖြစ်တန်ရာသည်။
ကံဆိုးမိုးမှောင်ကျတာ …
လီချန်ရှို့ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ယင်းမှတ်ဉာဏ်များကို သူ့စိတ်၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ယင်းမှတ်ဉာဏ်များက အချိန်၏တိုက်စားမှုကြောင့် မထင်ရှားတော့သော်ငြား သူ တန်ဖိုးအထားဆုံး မှတ်ဉာဏ်များ ဖြစ်သည်။
သူ ရောက်ရှိနေသော ပတ်ဝန်းကျင်က အပေါ်ယံမြင်ရသကဲ့သို့ တည်ငြိမ်အေးချမ်းခြင်း မရှိသည်ဖြစ်၍ စိတ်အေးလက်အေး အနားမယူနိုင်ခဲ့ပေ။
ထိုသည်က လီချန်ရှို့ စဉ်းစား၍ရသမျှ အရာများ ဖြစ်သည်။ သူသည် အမှောင်ထဲတွင် လှည့်လည်ရင်း ခန္ဓာကိုယ်အတွင်းမှ ပင်ပန်းနွမ်းနယ်ခြင်းများ တဖြည်းဖြည်း သက်သာလာကြောင်း ခံစားလိုက်ရသည်။ သူသည် ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်ပြီး အရာအားလုံး ပုံမှတ်လည်ပတ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူ မနိုးထချင်သေးပေ။
သူ အချိန်တော်တော်ကြာကြာ မခံစားခဲ့ရသော ပျင်းရိငြီးငွေ့ခြင်းက ပြန်လည် ခေါင်းထောင်လာ၏။
သူ နောက်တစ်ကြိမ် အသက်ရှင်ခွင့်ရခဲ့ခြင်းသည် ကံကောင်းခြင်းပင်။ သူ့အား ဒုတိယအခွင့်အရေးပေးခဲ့သည့် ပုဂ္ဂိုလ်အား သူ အလွန်ကျေးဇူးတင်၏။ ထိုပုဂ္ဂိုလ်သည် တန်ခိုးကြီးမားသည့် နတ်ဘုရားစစ်စစ်တစ်ပါးပေလော သူ မသိပေ။ သို့သော်လည်း …
ထိုပုဂ္ဂိုလ်က လီချန်ရှို့အား ခေတ်မီသော ဘဝသစ်တစ်ခု မပေးနိုင်သည်လော။
ဖွံ့ဖြိုးတိုးတက်သောခေတ်သို့ မပို့ဆောင်နိုင်လျှင်ပင် ကြွယ်ဝချမ်းသာသောသော တန်မင်းဆက်ခေတ် သို့တည်းမဟုတ် အင်အားတောင့်တင်းသော မင်မင်းဆက်ခေတ်သို့ ပို့ခဲ့လျှင် သူ့အနေဖြင့် အနည်းဆုံး ကောင်းမွန်တည်ငြိမ်သောဘဝတစ်ခုကို ပိုင်ဆိုင်ရပေလိမ့်မည်။ ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းရင်း မိန်းမသုံးလေးယောက်ပင် သူ ယူနိုင်သေးသည်။
မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံခြင်းများနှင့် နတ်ဝိဇ္ဇာများရှိသော လောကသို့ ပို့ဆောင်ခံလိုက်ရကြောင်း သူ သိလိုက်ရသည်။ ထို့ထက် ထိုလောကကြီးသည် အရက်စက်ဆုံး၊ စာနာသနားစိတ်အကင်းမဲ့ဆုံး ကမ္ဘာဦးကာလများ ဖြစ်နေလေသည်။
ဆရာ့ထံရောက်ရှိ၍ ( ၁၅ ) နှစ်ကြာသောအခါ လီချန်ရှို့သည် သူ ရောက်ရှိနေသော လောကပတ်ဝန်းကျင်အကြောင်းကို နားလည်ရန် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ဒဏ္ဍာရီများ၊ သူ့ဆရာပြောပြသော ပုံပြင်များအပေါ် အားကိုးခဲ့ရသည်။
ထိုအချိန်မှစ၍ သူသည် သီးခြားနေထိုင်ရန် ဆုံးဖြတ်ခဲ့တော့သည်။
သေလွန်ပြီးနောက် ခေတ်ဟောင်းလောကတစ်ခုသို့ သူ ရောက်ရှိလာသည်မှာ အမှန်ပင်။ အာဒိကပ္ပခေတ်၏ ကပ်ဘေးနှစ်ခုကြားကာလတစ်ခုကို သူ ရောက်ရှိလာခြင်း ဖြစ်သည်။
အာဒိကပ္ပခေတ်တွင် စုန်းကဝေ-မိစ္ဆာ စစ်ပွဲကြီး၏ အရှိန်က ရိုက်ခတ်နေဆဲပင် ဖြစ်သည်။ လူသားများ အောင်ပွဲခံနေသော်လည်း ကျန်ရှိနေသေးသော မိစ္ဆာများ၏အင်အားသည်လည်း ကြီးမားနေဆဲပင်။ ထို့ထက် မိစ္ဆာများသည် တန်ခိုးရှင်ခြောက်ပါးအနက် တစ်ပါးဖြစ်သော လူသားမျိုးနွယ်၏မယ်တော် နွီဝါး၏ အကာအကွယ်ကိုယူ၍ လောကနေရာအနှံ့ ခြေကုပ်ယူထားဆဲဖြစ်သည်။ ချီသန့်စင်ခြင်းကို ကျင့်ကြံသော လူသားများနှင့် တိုက်ခိုက်ရင်း သူတို့ခေတ်ပြန်လည်ရောက်ရှိလာရန် မျှော်လင့်နေကြဆဲဖြစ်၏။
တန်ခိုးရှင်ခြောက်ပါးသည် ကိုယ်ပိုင်နယ်မြေများကို ရယူထားကြပြီး တစ်ပါးကိုတစ်ပါး အကောက်ကြံရင်း သူတို့၏ မာနပြိုင်ပွဲတွင် မရေမတွက်နိုင်သော အသက်များ ဆုံးရှုံးစေခဲ့သည်။
ဝိညာဉ်ကြောအနည်းအကျဉ်းရှိရာ အနောက်ကျွန်းကြီးအား အနောက်ဘက်ကျောင်းတော်မှ အကြီးအကဲနှစ်ဦးက ထိန်းချုပ်ထား၏။ သူတို့က အနောက်ကျွန်းပညာရပ်များကို ဖြန့်ဝေကာ တာအိုဂိုဏ်းကြီးအား အမြစ်မှလှန်ရန် ကြိုးစားနေခဲ့ကြသည်။
တာအိုဂိုဏ်းကြီးမှ ရန်၊ချန်၊ ကျဲ ဆိုသည့် တာအိုကျောင်းသုံးကျောင်း ပေါ်ထွန်းလာခဲ့သည်။ ချန်ကျောင်းတော်မှ ရာသီခွင်နတ်မင်း ( ၁၂ ) ပါး သည်လည်း ကျော်ကြားလာ၏။ သူတို့သည် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်အတွင်း ကျင့်ကြံသူများအကြား အလွန်ရေပန်းစားခဲ့သည်။
ကျဲကျောင်းတော်မှ နတ်မင်းတစ်သောင်းသည်လည်း တဖြည်းဖြည်း နာမည်ရလာခဲ့သည်။ နေရာအနှံ့အပြားတွင် စွမ်းအားကြီးသူများ ပေါ်ပေါက်လာပြီး ကောင်းကင်ဘိုးဘိုးထံတွင် ခိုလှုံခဲ့ကြသည်။ သူတို့သည် ချန်ကျောင်းတော်နှင့် နေ့စဉ်ကတောက်ကစဖြစ်ကြသော်လည်း ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်း မပြုခဲ့ကြပေ။
( ကောင်းကင်ဘိုးဘိုးဆိုတာ လင်းပေါင်ထျန်းကျွမ်း ဖြစ်ပါတယ်။ လောင်ဇီလို့ မြန်မာတွေသိကြတဲ့ ထိုက်စန့်လောင်ကျွင်းနဲ့အဆင့်အတူတူဖြစ်ပါတယ်။ )
ထိုနှစ်များသည် တာအိုဂိုဏ်းကြီးအတွက် ရွှေခေတ်များဖြစ်ခဲ့သည်။ ကျောင်းသုံးကျောင်းက တန်ခိုးထွားလာခဲ့ပြီး လူသားမျိုးနွယ်၏ အခြေအနေကိုလည်း တိုးမြှင့်နိုင်ခဲ့သည်။ အလယ်ကျွန်းအနားတဝိုက် တာအိုဂိုဏ်းများစွာ ပေါ်ထွက်လာခဲ့သည်။ စကြဝဠာတိုက်တစ်သောင်း၌ ကျောင်းသုံးကျောင်းမှ တပည့်များ၏ခြေရာကို တွေ့နိုင်လသည်။ တာအိုဂိုဏ်းကြီး၏ အမွေအနှစ်များ လောကသုံးပါးတွင် ပျံ့နှံ့နေခြင်းကြောင့် ဝိညာဉ်အနှစ်သာရတာအို နှင့် လူသားမျိုးနွယ် ကျင့်ကြံသူများသည် အာဒိကပ္ပခေတ်၏ အဓိကကျသောအရာများ ဖြစ်လာခဲ့သည်။
ထိုအချိန်သည် သာမန်ကျင့်ကြံသူများ၏ အဆိုးဆုံးအချိန်လည်း ဖြစ်သည်။ အဆင့်တက်လှမ်းရန် ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်သည်။ ကောင်ကင်ခုံရုံးများ ပေါ်ပေါက်လာသည်မှာ မကြာသေးပေ။ ထိုခုံရုံးများသည်လည်း ကျောင်းသုံးကျောင်းရှိ နတ်ဝိဇ္ဇာများကို မျက်နှာလုပ်ရန်သာ ကြိုးစားကြသည်။ ကျွန်ကြီးငါးကျွန်းနှင့် စကြဝဠာတိုက်တစ်သောင်းတွင် စည်းမျဉ်းစည်းကမ်းများ မရှိသလောက် လျော့လျဲနေသည်။ အောင်မြင်လိုသော ကျင့်ကြံသူများသည် ကိုယ့်ကံကြမ္မာနှင့် ကိုယ့်အားကိုယ်သာကိုးခဲ့ရသည်။
ကံကောင်းခြင်းသည်လည်း အောင်မြင်ရန် အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။
လီချန်ရှို့အတွက် လက်ခမောင်းခတ်စရာဆို၍ သူ့ဆရာက အစွမ်းမထက်ဘဲ ပို၍တိတိကျကျ ပြောရပါက လုံးဝ အစွမ်းမထက်ပေ။ ထို့ပြင် ရန်ကျောင်းတော်၌ နောက်ခံအနည်းအကျဉ်းသာ ရှိသည်။
တုနတ်ဝိဇ္ဇာဂိုဏ်းကြီး၏ တည်ထောင်သူသည်လည်း အတုမဲ့တုအယ်၏ အမည်ခံတပည့်သာ ဖြစ်ရမည်ဟူ၍ လီချန်ရှို့ သံသယကြီးကြီး ရှိနေသည်။
အနောက်ခွန်းလွန်၏ အတုမဲ့တုအယ်ဆို၍ နတ်ဘုရားဘွဲ့စစ်ပွဲကြီးတွင် တပည့်များစွာမွေးထုတ်ခဲ့သည်ကိုသာ လီချန်ရှို့ သိသည်။ ထို့ပြင် သူသည် ဟန်-ဟာ စစ်သူကြီးနှစ်ဦးအနက် ဟန်စစ်သူကြီးဖြစ်ကြောင်းသာ ထပ်သိရသည်။ ကျန်အရာများကား အခြေအမြစ်မရှိသော ကောလာဟလများပင်။
( Investiture of the gods ဇာတ်လမ်းတွင် ဟန်-ဟာစစ်သူကြီးနှစ်ဦးအကြောင်း ပါဝင်သည် )
အတုမဲ့တုအယ်သည်လည်း ထိုက်စန့်လောင်ကျွင်း၏ အမည်ခံတပည့်သာ ဖြစ်ရမည်ဟု လီချန်ရှို့ ( ၈၀ ) ရာခိုင်နှုန်း သေချာ၏။ အတုမဲ့တုအယ်သည် နတ်များကြားတွင် ပြောပလောက်အောင် အဆင့်မမြင့်ပေ။
( ထိုက်စန့်လောင်ကျွင်းဆိုတာ မြန်မာအခေါ် တာအိုဝါဒကိုတည်ထောင်သူ လောင်ဇူအရှင်မြတ်ပါပဲ။ လောင်ဇူဆိုတာ လူ့အသွင်ကို ယူထားတာလို့ဆိုပါတယ်။ တာအိုဝါဒမှာ အကြီးမြတ်ဆုံးနတ်ဘုရားသုံးဆူရှိတယ်လို့ ယူဆထားကြပြီးတော့ ထိုက်စန့်လောင်ကျွင်းလည်း တစ်ပါးအပါအဝင် ဖြစ်ပါတယ်။ ဝူခုန်းကားထဲက ဆေးအိုးပိုင်ရှင်အဘိုးကြီးဆိုရင် သိကြမယ်ထင်ပါတယ်။ အဲ့ထဲမှာတော့ ဝူခုန်းကို ပြာမချနိုင်ခဲ့ပါဘူး
***
👍👍👍