အသက်လုပြေးနေရသဖြင့် ပိုင်ရှောင်ချန်း၏မျက်လုံးတို့မှာ ရဲရဲနီနေသည်။ သူ၏သံလိုက်စွမ်းအင်တောင်ပံများနှင့် ကောင်းကင်နတ်ဆိုးကိုယ်၏အင်အားတို့ဖြင့် သူ၏အရှိန်ကို မယုံကြည်နိုင်ဖွယ်မြှင့်နိုင်သွားလေသည်။
သူက အလွန်မြန်လှသဖြင့် ခပ်ဝါးဝါးပုံရိပ်တစ်ခုအသွင်ပြောင်းသွားပြီး အလင်းတန်းတစ်ခုအသွင် အတော်ဝေးဝေးသို့ ရောက်သွားသည်။
“အဲဒါ တကယ် ကျုပ်မဟုတ်ပါဘူးဗျာ.. ”
သူက အော်ဟစ်လိုက်သည်။ ကံဆိုးစွာပင် ရွှေမိကျောင်းကြီးသည်လည်း သူ့နည်းတူလွန်စွာမြန်သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းက ပိုင်ရှောင်ချန်း၏ အပေါ်တည့်တည့်သို့ရောက်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံး၌ ရွှေရောင်အလင်းများပြည့်သွားလေသည်။
ပိုင်ရှောင်ချန်းမှာ ခေါင်းပေါက်ထွက်တော့မတတ်ပင်ခံစားလိုက်ရပြီး ကြောက်ဒူးတုန်နေသည်။
” အစ်ကိုကြီး ရွှေမိကျောင်း… ကျုပ် ပြောတာနားထောင်ပါဦး။ကျုပ်လဲ ဒီလိပ်စုတ်ကို မုန်းတယ်။ ခင်ဗျားနဲ့ ကျုပ်က ရန်သူမဟုတ်ဘူးလေဗျာ။ ကျုပ်.. ကျုပ်..တို့ရဲ့ရန်သူက ဟိုလိပ်စုတ်လေ”
ထိုအခိုက်တွင် ရွှေမိကျောင်းကြီးက ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။
၄င်းက ကောင်းကင်ဘုံမှ မိုးကြိုးကဲ့သို့ ထစ်ခြုန်းသွားပြီး အရာအားလုံးမှာ ပြင်းပြင်းထန်ထန်တုန်ခါလာသည်။ ပိုင်ရှောင်ချန်း၏ နားစည်တို့မှာ ပေါက်ကွဲတော့မတတ်ဖြစ်သွားပြီး သူက သနားစရာကောင်းစွာ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းလျက် အမြင့်ဆုံးအရှိန်နှင့် တဟုန်ထိုးပြေးတော့သည်။
သို့သော်လည်း သူဝေးဝေးမသွားနိုင်မီ ဒေါသထွက်နေသော ရွှေမိကျောင်းကြီး၏မျက်လုံးတို့တွင် အေးစက်စက်အလင်းများဖြတ်ပြေးသွားပြီး သူ၏ပါးစပ်မှာ ပွင့်လာ၏။ ထိုပါးစပ်က ကောင်းကင်နှင့် မြေကြီးအသွင်ဖြစ်လာပုံရကာ ပိုင်ရှောင်ချန်းအပေါ်လွှမ်းမိုးလာသဖြင့် အောက်ရှိအရာဟူသမျှ မှောင်မိုက်သွားသည်။
စွမ်းအားကြီးညှီစို့စို့အငွေ့အသက်တို့က ပိုင်ရှောင်ချန်းကို ဖုံးအုပ်လာပြီး တဖြေးဖြေးနှင့် အပေါ်မော့ကြည့်လိုက်သောအခါ သူ မျက်လုံးပြူးသွားလေသည်။ ထို့နောက် သူက စူးစူးဝါးဝါးအော်တော့သည်။
ပေ၃၀၀၀၀အရှည် ဧရာမ ရွှေရောင်မိကျောင်းကြီးက ပါးစပ်ကြီးဖွင့်လျက် ရှိကာ ပိုင်ရှောင်ချန်းက အလယ်တည့်တည့်တွင် ဖြစ်နေသည်ကို မလှမ်းမကမ်းမှ မြင်ရလေသည်။
ထိုအင်မတန်ကြီးမားသောမိကျောင်းကြီးနှင့်ယှဥ်လျှင် ပိုင်ရှောင်ချန်းမှာ ပိုးကောင်လေးသာသာပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်မိကျောင်းကြီးပါးစပ်က ပိုင်ရှောင်ချန်းကိုဝါးမြိုရန် နီးကပ်လာ၏။ ပိုင်ရှောင်ချန်းမှာ အော်နေပြီး သူ၏မျက်လုံးတို့မှာ သွေးချင်းချင်းနီနေသည်။ ထိုသေမင်းခံတွင်းအခိုက်အတန့်တွင် သူက လွှတ်မြောက်ရန် တောင်ဖြိုသိုင်းကိုအားကိုးလိုက်ပြီး ထိုပါးစပ်ကြီးနားမှ ထွက်ပြေးရန် အရာအားလုံးပုံအောလိုက်သည်။
ပိုင်ရှောင်ချန်းမှာ သူ၏နှလုံးသားပေါက်ထွက်တော့မတတ်ပင် ခံစားလိုက်ရပြီး ငိုချင်လာလေသည်။ ပြင်းထန်ကျယ်လောင်သော အက်ကွဲသံကြီးက သူ့နောက်တွင် ပဲ့တင်ထပ်သွားပြီး မိကျောင်းကြီး၏ပါးစပ်မှာ အရှိန်ပြင်းစွာ ဂျိမ်းခနဲ ပိတ်သွား၏။
ဤမိကျောင်းကြီးလိုက်ဖမ်းအောင်လုပ်သည့် ထိုလိပ်ကလေးကို သူ၏ရိုးတွင်ခြင်ဆီထဲထိ မုန်းလာသည်။ သူ့အိတ်တွင် လိပ်ကိုသာ ရှာတွေ့ခဲ့လျှင် ၄င်းကိုဆွဲထုတ်ပြီး မိကျောင်းပါးစပ်ထဲပစ်ထည့်လိုက်ပေမည်။
“ကျုပ်တို့က ရန်သူတွေမဟုတ်ဘူးလေ။ ကျုပ်…ကျုပ် အာ ဟုတ်သားပဲ ။ ကျုပ် ကောင်းကင်တံတားမြစ်ကနေ ရေစက်တွေစုပ်ယူခဲ့တယ် သိလား..။ ကြည့်ပါဦး..။ ကျုပ်ပေါ်မှာ ကောင်းကင်တံတားမြစ်ရဲ့အငွေ့အသက်တွေရှိတယ်လေ”
တဆ်ဆတ်တုန်လျက်ပိုင်ရှောင်ချန်းက ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ကိုထုတ်ဖော်လိုက်ကာ သူတို့မှာတစ်ဖွဲ့တည်းဖြစ်ကြောင်း မိချောင်းကြီးယုံရန် မျှော်နေမိသည်။
ပြောရန်ခက်ခဲလှပါသော်လည်း ကောင်းကင်တံတားမြစ်၏အငွေ့အသက်တို့က အလုပ်ဖြစ်ပုံပေါ်လေသည်။ သူက ၄င်းကိုထုတ်ဖော်လိုက်သည့် တချိန်တည်းမှာပင် မိကျောင်းကြီး၏မျက်လုံးတို့က ထူးဆန်းသောအလင်းများဝင်းလက်သွားပြီး တုန့်ခနဲရပ်သွားလေသည်။
ပိုင်ရှောင်ချန်းက ထိုရပ်သွားမှုကို အခွင့်ကောင်းယူကာ ရှေ့သို့တဟုန်ထိုးပြေးပြီး ရွှေမိချောင်းကြီးနှင့်သူ့ကြားအကွာအဝေးကို အတော်အတန် ကွာသွားစေလိုက်သည်။ ထိုအခိုက်တွင် သူသည် အသက်မနဲ လုယူရှူနေရသော်လည်း သူဘာမှမလုပ်နိုင်ခင် မိကျောင်းကြီး၏မျက်လုံးတို့တွင် အေးစက်စက်အလင်းများ ပြန်တောက်ပလာပြီး ၄င်းက ပါးစပ်ကြီးဖြဲလျက် ရှေ့တိုးလာသည်။
နောက်တစ်ကြိမ် ပိုင်ရှောင်ချန်းအပေါ် ညှီစို့စို့အငွေ့အသက်များ ဖုံးသွားပြန်၏။ အော်ဟစ်မြည်တမ်းလျက် သူက လေကိုခွင်း၍တဟုန်ထိုးပြေးကာ သူ၏ တတိယမျက်လုံးကို ဖွင့်လိုက်သည်။ ကောင်းကင်တံတားဓမ္မမျက်လုံးစွမ်းအားအပြည့်နှင့် သူကရွှေရောင်မိကျောင်းကြီးကို လှည့်ကြည့်လိုက်သည်။
ထိုအခိုက်တွင် သူ ပါးစပ်အဟောင်းသားဖြစ်သွား၏။ အံသြတုန်လှုပ်ဖွယ် ထိုမိကျောင်းကြီးက မိကျောင်းအစစ်မဟုတ်ပေ။ ၄င်းက ကောင်းကင်တံတားမြစ်ရေမှ ဖြစ်တည်ပြီး မြစ်နှင့်တူသော အငွေ့အသက်တို့ကို ထုတ်လွှတ်နေသည်။
တခဏမျှကြာသော် သူ၏အရှေ့ရှိ ပုံရိပ်များမှာ တဖန်ပြောင်းသွားပြီး ရွှေရောင်မိကျောင်းကြီးအသွင်ပြန်ဖြစ်သွား၏။
တွေးတောရန်အချိန်အနည်းငယ်သာကြာလိုက်သည်။ သူက မိကျောင်းကြီးကို ကောင်းကင်တံတားဓမ္မမျက်လုံး၏ ထိန်းချုပ်စွမ်းအားဖြင့်ခုခံတိုက်ခိုက်လိုက်သည်။ ထိုအခိုက်တွင် မိကျောင်းကြီး၏ပါးစပ်မှာ ပိုင်ရှောင်ချန်းကို ကပ်သီလေးလွှဲ၍ ဒုတိယအကြိမ် ဒုန်းခနဲပိတ်သွား၏။
သို့သော်လည်း လေအဟပ်ခံလိုက်ရသဖြင့် ပိုင်ရှောင်ချန်းမှာ ခေါင်းအစ ခြေအဆုံး တုန်တက်သွားပြီး မျက်နှာမှာ ဖြူလျော်သွားလေသည်။
အချိန်များ တရွေ့ရွေ့ကုန်သွား၏။ နှစ်နာရီကြာသည့်တိုင်အောင် ရွှေရောင်မိချောင်းကြီးက ပိုင်ရှောင်ချန်းကို လိုက်ဖမ်းနေဆဲပင်။ ၄င်းဘာတွေးနေသည်ကို ဆုံးဖြတ်ရန်ခက်ခဲလေသည်။ ၄င်းက ပိုင်ရှောင်ချန်းကို အသည်းအသန်လိုက်နေသော်လည်း သူ့ကို အမှန်တကယ်သတ်မည့်ပုံမပေါ်ချေ။ သို့သော်လည်း ၄င်းပါးစပ်ကြီးကိုဖွင့်လိုက်သည့်အချိန်တိုင်း ပိုင်ရှောင်ချန်း၏နဖူးတွင် ချွေးသီးချွေးပေါက်များကျလာ၏။
နောက်ဆုံးတွင် ပိုင်ရှောင်ချန်းမှာ မိကျောင်းကြီး သူ့ကိုသတ်ရန်ကြိုးစားခြင်းထက် သူ့ကိုလိုက်ဆော့နေသည်သာဖြစ်ကြောင်း သတိပြုမိသွားသည်။ ၄င်းပါးစပ်ပိတ်လိုက်သည့်အချိန်တိုင်း လေအဟုန်ကြောင့် သူ့မှာအဝေးသို့ လည်လည်ထွက်သွား၏။
သို့သော်လည်း ၄င်းက သူ့ကိုသတ်ရန်မကြိုးစားသည့်အချက်ကလွဲ၍ သူသာအမြန်မရှောင်နိုင်လျှင် မြိုချခံရနိုင်သည်။ သူ အလွန်အမင်း စိတ်ပျက်လာ၏။ ဤဧရာမမိချောင်းကြီးနှင့်နှိုင်းယှဥ်ပါက သူက ကလေးပေါက်စလေးသဖွယ်ပင်။ အကယ်၍ ဧရာမအကောင်ကြီးကို သတိမထားပါက သူ၏သနားစရာကောင်းသောအသက်လေးလုံးဝဆုံးသွားပေလိမ့်မည်။
“လိုက်မဆော့နဲ့ပါတော့”
သူက ဟိန်းဟောက်လိုက်သည်။ မိကျောင်းကြီးလိုက်ဆော့ခြင်းကြောင့် သူနောက်ဆုံးသေသွားမည်ကို တကယ်ကိုကြောက်လေသည်။
ရွှေရောင်မိကျောင်းကြီးက နောက်တစ်ကြိမ်ပါးစပ်ဖွင့်လိုက်သောကြောင့် သူ့မှာ မျက်ရည်တစမ်းစမ်းဖြင့်ဆူပုပ်လာ၏။ ပိုင်ရှောင်ချန်းမှာ ကြောက်လန့်သတိလွတ်လုနီးပါးဖြစ်သွားပြီး သူပျံပြေးရန်ဆဲဆဲတွင် နောက်ထပ်အသစ်တစ်ခုဖြစ်ပျက်သွားလေသည်။ မိချောင်းကြီး၏လည်မြိုထဲမှ ရှည်လျားသော ရေနဂါးကြီးကောင်ထွက်ပေါ်လာကာ ပိုင်ရှောင်ချန်းထံ ဦးတည်လာပြီးနောက် သူတို့ကို ဝင်တိုက်လိုက်လေသည်။
၄င်းကသာမန်ရေမဟုတ်ပေ။ ကောင်းကင်တံတားမြစ်ရေဖြစ်သည်။ အခြားလူတစ်ယောက်ဆိုပါက ခန္ဓာနှင့်ဝိညာဥ်ပါအသတ်ခံရနိုင်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်ကို ကျင့်ကြံထားသောကြောင့် သူက ကောင်းကင်တံတားမြစ်ရေနှင့် ပိုမိုကျင့်သားရလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏အဝတ်အစားအများစုမှာ ပျော်ဝင်သွား၏။ ကံကောင်းထောက်မ၍ သူ၏အိတ်က အဆင့်မြင့်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့်အတွက်ကြောင့် အနည်းငယ်မျှသာ ပျက်စီးထိခိုက်သွားသည်။
သို့သော်လည်း ၄င်းက အသည်းခိုက်အောင်နာဆဲပင်။ အော်ဟစ်လျက် နှလုံးအိမ်တွင် ပူဆွေးသောကတို့နှင့် ခံပြင်းဒေါသများပြည့်နှက်ကာ သူက မိကျောင်းကြီး၏ပါးစပ်ထံမှ ပျံပြေးလိုက်သည်။ အဝတ်သစ်တစ်စုံကို အမြန်လဲဝတ်လိုက်သော်လည်း နောက်ရေနဂါးတစ်ကောင်က ရှေ့သို့ တရှိန်ထိုးလာပြန်သည်။
သူ့အပေါ်ရှိစွမ်းအားပြင်းဖိအားကြောင့် အရင်ကငုပ်လျှိုးနေသည့် စွမ်းအားအဆင့်များကို သူထုတ်နိုင်သွားလေသည်။ သူ၏ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်သည်လည်း သူ့ကိုပက်ဖြန်းလိုက်သည့်ကောင်းကင်တံတားမြစ်ရေကို အဆက်မပြတ်စုပ်ယူနေသည်။
ထိုဖိအားကြောင့် သူ၏ ခုနစ်ခုမြောက်စိတ်စွမ်းအင်ပင်လယ်မှာ ပုံဆောင်ခဲအသွင် စတင် ဖြစ်တည်လာတော့သည်။
လိုက်လံဖမ်းဆီးခြင်းမှာ သိပ်မကြာလိုက်ပေ။ တစ်ရက်ခန့်မျှသာ ရှိသည်။ မယုံကြည်နိုင်ဖွယ် အရှိန်တို့ကြောင့် ပိုင်ရှောင်ချန်းမှာ ဂိုဏ်းသုံးဂိုဏ်းလုံး နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်နေသည့်နေရာနှင့် အလွန်နီးကပ်လာသည်။
နောက်တစ်နေ့မနက်ဝေလီဝေလင်းအချိန်တွင် တောင်စဥ်တောင်ကြားအလယ်ရှိ
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမြို့တော်ကြီးကို မြင်လိုက်ရသည်။
သူက ကောင်းကင်နှင့်မြေကြီးကိုတုန်ခါသွားစေသော တိုက်ကွက်များကိုလတ်တလော၌ ထုတ်လွှတ်နေကြသည် စိတ်စွမ်းအင်နှင့်သွေးစွမ်းအင်နတ်ရေဂိုဏ်းတို့၏စစ်တပ်များကို မြင်လိုက်ရသည်။ မှော်သိုင်း အငွေ့အသက်များက တလက်လက်ဖြင့် ရောင်စုံအလင်းများက အရပ်မျက်နှာတခွင်တွင်တောက်ပနေလေသည်။
ရွှေရောင်မိကျောင်းကြီးမှာ နောက်ဆုံးတွင် သူ့ကို ဆက်မလိုက်တော့ချေ။ သို့သော်လည်း ၄င်းကို မြင်လိုက်သည့် စစ်မြေပြင်ရှိလူအပေါင်း၏ တအံ့တသြရေရွတ်သံများ ပွက်ပွက်ညံလာလေသည်။ ခေါင်းဆောင်ကြီးများက ကောင်းကင်တွင် တိုက်ခိုက်နေကြသော်လည်း သူတို့သည်ပင် ရွှေရောင်မိကျောင်းကြီးနှင့် ပိုင်ရှောင်ချန်းတို့၏မြင်ကွင်းကြောင့် လုံးဝတုန်လှုပ်သွားကြသည်။
ရွှေရောင်မိကျောင်းကြီးက ဘေးပတ်လည်ကို အေးတိအေးစက်လှည့်ကြည့်လျက် လေထဲတွင်ရပ်သွားသည်။ ကြည့်ရပုံအရ ၄င်းက ကြည့်ရန်တန်သည့် မည်သည့်အရာမှ ရှာတွေ့ပုံမပေါ်ချေ။ ပိုင်ရှောင်ချန်းကို အဓိပ္ပါယ်ရှိသော မျက်လုံးတွေနှင့် တစ်ချက် ကြည့်ပြီးနောက် နောက်လှည့်ပြန်သွားပြီး ပျောက်ကွယ်သွားလေသည်။
ပိုင်ရှောင်ချန်းက မိကျောင်းကြီးထွက်သွားသည်ကို စိတ်လှုတ်တရှားကြည့်ရင်း သူ၏မျက်နှာတွင် မျက်ရည်တို့ ပိုးပိုးပေါက်ပေါက်စီးကျလာ၏။ လွန်ခဲ့သောရက်များတွင် သူ အလွန်အမင်းဒုက္ခရောက်ခဲ့ရသည်။ မိကျောင်းကြီးက သူ့ကိုလိုက်ဆော့သည့်နည်းလမ်းကြောင့် သူ့မှာ စော်ကားခံရသည်ဟုခံစားရပြီး ကျန်ခဲ့လေသည်။
သူ၏လိပ်ကလေးနှင့် မိကျောင်းတို့ကို မုန်းတီးခြင်းမှာ အသည်းထဲထိအနက်ရှိုင်းဆုံးစိမ့်ဝင်နေလေပြီ။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူမျက်လုံးတို့မှာ အံ့သြမှုများဖြင့်တောက်ပသွား၏။
“အီးးး ”
သူ့ကိုယ်သူငုံ့ကြည့်လိုက်ပြီး ရုတ်တရက် ဝမ်းသာလုံးစို့သွားလေသည်။ သူ၏ ထာဝရအသက်ရှည်နည်း ပညာရပ်က သိသိသာသာတိုးတက်လာပြီး သူ၏ခရမ်းရောင်ချီကောင်းကင်တံတားမန္တန်သည်လည်း ပို၍သန့်စင်လာသည်။ သူ၏ ခုနစ်ခုမြောက်စိတ်စွမ်းအင်ပင်လယ်မှာမူ တစ်ဝက်ကျော်ပင်ဖြစ်ပေါ်လာသည်။
သူက သက်သာလာသော်လည်း ထိုအကျိုးအမြတ်ရန်အတွက်ပေးဆပ်လိုက်ရသည့် တန်ကြေးမှာ နောက်ထပ်ဘယ်တော့မှမပေးနိုင်တော့သည့်အရာတစ်ခုဖြစ်သည်။ သက်ပြင်းချရင်း မြို့တော်ကြီးနှင့် ၄င်း၏ဘေးပတ်လည်ရှိ ဖြစ်ပျက်နေသော တိုက်ပွဲကို လှမ်းကြည့်လိုက်သည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက ကျူးကျော်သူအပေါင်းအား ကမူးရှူးထိုးတန်ပြန်တိုက်ခိုက်နေကြသည်။ သူတို့ဖက်၌ အစိမ်းရောင်ချပ်ဝတ်တန်ဆာတို့နှင့် ဧရာမ ရုပ်သေးရုပ်ကြီးများရှိလေသည်။ တစ်ခုချင်းစီအလုပ်လုပ်ရန်အတွက် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားအမြောက်အမြားလိုအပ်လေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မန္တန်အစီအရင်ဘီလူးကြီးများက စစ်မြေပြင်ကို ဖြတ်၍ ချီတက်လာကြသည်။ အားလုံးက မြေပြင်ကို တအုန်းအုန်းတုန်ခါသွားစေသော အစွမ်းထက်သိုင်းကွက်များကိုထုတ်နေကြသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာမူ ကျိုင်းကောင်မန္တန်အစီအရင်တို့ကိုအသုံးပြု၍ စက်လုံးကြီးသဖွယ်ကျင့်ကြံသူအဖွဲ့တို့ကို ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်း၏အစိမ်းရောင်ချပ်ဝတ်တန်ဆာနှင့် ရုပ်သေးရုပ်များအတွင်းသို့ ပစ်ပေါက်နေကြသည်။ သူတို့က သွေးရောင်တောင်ကြီးနှင့် တူကာ သွေးချီများနှင့် သေမင်းအငွေ့အသက်တို့ကို ထုတ်လွှတ်နေကြ၏။
အပေါ်ဘက်လေထုထဲတွင် နှစ်ဖက်စလုံးမှ ဂိုဏ်းစောင့်အကြီးအကဲများနှင့် အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများတိုက်ခိုက်နေကြသည်။ ထို့ထက်အမြင့်တွင်မူ ခေါင်းဆောင်ကြီးများရှိပြီး သူတို့၏တိုက်ကွက်များက မိုးကောင်းကင်ကြီးကို တုန်ခါသွားစေပြီး ကမ္ဘာကြီးတို တုန်လှုပ်သွားစေသည်။
ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းတွင် ဂိုဏ်းတစ်ခုလုံးကိုကာကွယ်ပေးနေသည့် မန္တန်အစီအရင်ကြီးတစ်ခု အပြင် မရေမတွက်နိုင်သော သေးငယ်သောမန္တန်အစီအရင်များလည်းရှိသည်။ ထို့အပြင် မြို့တော်ပတ်လည်ရှိလေထုတွင် ဓားကြီးများ ဝဲပျံနေပြီး ဓားဝင်္ကပါတစ်ခုကို ခင်းကျင်းထားသည်။
ဓားတစ်ခုစီတိုင်း၏ထိပ်တွင် သူတို့ဂိုဏ်း၏ ဂိုဏ်းသားများထိုင်နေကြသည်။ ဤကဲ့သို့ ဝင်္ကပါနှင့် ဓားနှစ်လက်အတူတကွ တိုက်ခိုက်လိုက်လျှင် ပိုမိုကြောက်မက်ဖွယ်ကောင်းလိမ့်မည်။
ဓားဆယ်လက်ဆိုပါက ပို၍ပင် ထိတ်လန့်အံ့သြဖွယ်ကောင်းပြီး ဓားရာချီပေါင်းစပ်လိုက်လျှင် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ကာ ဂိုဏ်းစောင့်အကြီးအကဲတို့ကိုပင် ကြောက်ဒူးတုန်သွားစေနိုင်လေသည်။