Switch Mode

အခန်း ( ၂၉၇ )

လိပ်ကလေး....ငါမင်းကို မုန်းတယ်

” မင်း..မင်း.. ”
ပိုင်ရှောင်ချန်းမှာ သူ၏ခေါင်းကို အိတ်သွန်ဖာမှောက် လှန်ကာစဥ်းစားနေပါသော်လည်း မည်သည့်နည်းနှင့်မျှ ပြန်မပြောနိုင်ချေ။ ဤလိပ်ကလေး၏ စကားများမှာ နာကျည်းဖွယ်ကောင်းလှပေသည်။ သူ၏ပါးစပ်မှ ထွက်လာသည့် စကားလုံးတိုင်းမှာ သူ့ကိုစော်ကားနေသကဲ့သို့ပင်။

ထိုလိပ်ကလေး စောစောက ပြောလိုက်သည့်စကားမှာ အဆိုးဆုံးပင်။ သူက ပိုးမွှားများနှင့် ဓာတ်မတည့်သဖြင့် ပိုင်ရှောင်ချန်းနှင့် စကားမပြောချင်ဘူးဆိုသည့် စကားလုံးများမှာ ပိုင်ရှောင်ချန်းကို တိုက်ရိုက်စော်ကားနေခြင်းပင်ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲတွင် ဒေါသမီးများလောင်ကျွမ်းနေပြီး သူက စကားပြန်ပြောရန်ပြင်လိုက်ချိန်မှာပဲ ထိုလိပ်ကလေးက ရုတ်တရက် သူ့ကို စာနာသနားစွာလှည့်ကြည့်လိုက်လေသည်။ သူ၏ခေါင်းကို ခါယမ်းရင်း ဆိုလိုက်သည်။
” အာ… တချို့လူတွေက ဆိုးဆိုးရွားရွားစော်ကားခံရမှ စော်ကားခံရမှန်းသိကြတာပဲ။ နည်းနည်းလေး မြင့်တဲ့စကားလုံးတွေနဲ့ ပြောလိုက်ရင် သူတို့ကိုစော်ကားလို့ စော်ကားနေမှန်းတောင် မသိကြတော့ပါလား ”

ထိုစကားများကို ကြားသောအခါ ပိုင်ရှောင်ချန်းမှာ ကျွဲမြီးတိုသွားတော့သည်။

” စကားတော်တော် တတ်လှပါလား။” သူက အော်ပြောလိုက်သည်။
” ဒီ မျိုးမစစ်လိပ်ကတော့ကွာ။ မင်း…မင်း။”

သို့သော်လည်း လိပ်ကလေး၏ မျက်ဝန်းများထဲရှိ စာနာသနားမှုမှာ ပို၍နက်နဲသွားတော့သည်။ သူက သက်ပြင်းချလိုက်ပြီး အေးဆေးစွာပြောလိုက်လေသည်။

” ဘာလဲ။ မင်းကိုယ်မင်း မိတ်ဆက်နေတာပြီးပြီလား။”

ထိုစကားလုံးများမှာ ပိုင်ရှောင်ချန်းအပေါ်သို့ တိုင် တောင်ကြီး ပိကျလာသည့်အလား နွေလယ်ခေါင်တွင်မိုးကြိုးပစ်ချလိုက်သည့်အလား ခံစားသွားရသည်။ ခန္ဓာကိုယ်ကို ထိုးနှက်ခံလိုက်ရသည့်အလား သူ တုန်ရီသွားပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။ ရုတ်တရက် လူများကိုစော်ကားမော်ကားပြောနိုင်သည့်နေရာတွင် ဤလိပ်ကလေးမှာ သူ့ထက်အဆများစွာ သာလွန်နေကြောင်း သိလိုက်ရသည်။ ထိုကွာခြားချက်ကြီးမှာ ကောင်းကင်နှင့် မြေကြီးအလား သို့မဟုတ် သာမန်လူနှင့် ကျင့်ကြံသူများအလား ကွာခြားနေသည်။

သူတို့နှစ်ယောက်မှာ ကမ္ဘာကြီးအလား အဆင့်အတန်း ခြားနားနေတော့သည်။

ပိုင်ရှောင်ချန်းတစ်ယောက်သာ ထိုသို့ ခံစားနေရသည်မဟုတ်။ ဂိုဏ်းနှစ်ဂိုဏ်း၏ ကျင့်ကြံသူများအားလုံးမှာလည်း မှင်တက်နေသည်။ ဤကဲ့သို့ စကားလုံးများကို အထိနာအောင်ပြောတတ်သည့်လူမျိုးကို သူတို့မတွေ့ဘူးချေ။ ရွှီရှောင်ရှန်းမှာ မျက်လုံးပြူးကြီးများဖြင့် လိပ်ကလေးကိုကြည့်နေသည်။ သူ့အမြင်တွင် ထိုလိပ်ကလေးမှာ နတ်ဘုရားတစ်ပါးအလားဖြစ်နေသည်။

ပေဟန်လဲ့ မှာလည်း ထိုနည်းတူပင်။ ပိုင်ရှောင်ချန်း ဤကဲ့သို့ အကြပ်ရိုက်နေသည်ကို သူတစ်ခါမှ မမြင်ဖူးချေ။ ကျားလဲ့ကမူ ပျော်ရွှင်နေပြီး နတ်ဆရာကမူ အံ့အားသင့်နေကာ အတွင်းစိတ်ထဲတွင် အလွန်စိတ်လှုပ်ရှားနေသည်။

လူတိုင်းမှာ ထိုလိပ်ကလေးကို မည်သည့်အကြောင်းကြောင့်နှင့်မျှ စကားမပြောရန် ဆုံးဖြတ်လိုက်ကြသည်။

ပိုင်ရှောင်ချန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး လိပ်ကလေးဆီသို့ သွေးချီများကို ပစ်လွှတ်လိုက်သည်။ သို့သော်လည်း သူ့ဆီသို့ သွေးချီများမရောက်မီတွင် လိပ်ကလေးက သူ၏အခွံထဲသို့ ပြန်ကျုံ့ဝင်သွားသည်။ ထိုအခွံကို သွေးချီများက ရိုက်ခတ်မိသွားသောအခါ ဒုန်းခနဲအသံတစ်ခုထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသည်။ လိပ်ခွံလေးမှာ ခြစ်ရာလေးတစ်ခုပင် မထင်ချေ။

သို့သော်လည်း အခွံထဲမှ လိပ်ကလေး၏ လုံးထွေးနေသည့် စကားသံများကို ကြားနေရသေးသည်။

” အပြင်ပန်းကသာ ဒေါကန်ပြနေတာ။ အတွင်းမှာတော့ ဟောင်းလောင်းကြီးပါလား။ နည်းနည်းလောက်မှ မပေါက်ကွဲလိုက်ရရင် မင်းသေတော့မဲ့အတိုင်းပဲ။ နားထောင်စမ်း ကလေးပေါက်စပိုင်ရေ။ လိပ်ကိုယ်တော်က အကြံနည်းနည်းပေးချင်လို့။ သလင်းကျောက်နံရံလေးဖြစ်ဖြစ် ဆောက်ရင်ဆောက်ထားပါလား။ ဒီတိုင်းဆက်သွားနေရင် မင်းကျန်းမာရေးထိခိုက်လိမ့်မယ်။ ”

ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ ထိုလိပ်ကလေးက မည်သည်ကိုပြောနေသည်မှန်း သူက မသိသော်လည်း ကောင်းသည့်အရာမဟုတ်မှန်းတော့ သူကသိသည်။ မည်သည့်နည်းမျိုးနှင့် စော်ကားခံနေရကြောင်းကိုပင် သူကမသိနိုင်တော့၍ ပို၍ပင် ဒေါသထွက်လာတော့သည်။ ရုတ်တရက် ထိုလိပ်ကလေးစောစောကပြောခဲ့သည့် မိမိကို စော်ကား၍စော်ကားမှန်း မသိသည့် လူများအကြောင်းကို သူက ပြန်တွေးမိသွားတော့သည်။

” ငါမင်းကို ဆေးလုံးဖော်စပ်တဲ့နေရာမှာ သုံးပစ်မယ်ကွာ။ ”
ပိုင်ရှောင်ချန်းမှာ ဒေါပွနေတော့သည်။ သူ၏ ညာလက်ကိုဝှေ့ယမ်းလိုက်ပြီး ဆေးပေါင်းဖိုတစ်လုံးကိုထုတ်ကာ လိပ်ကလေးကို အထဲသို့ ပစ်ထည့်လိုက်သည်။ သူက နီမြန်းနေသည့် မျက်ဝန်းများဖြင့် မြေမီးတောက်ကျောက်တုံးများစွာကိုထုတ်လိုက်ပြီး ဓားကြီးပေါ်တွင်ပင် ထိုလိပ်ကလေးကို ဆေးလုံးအသွင်ဖော်စပ်ရန် ပြင်လိုက်တော့သည်။

သူ၏ဘေးနားရှိ ကျင့်ကြံသူများ၏ မျက်နှာများပေါ်တွင် ထူးဆန်းသည့် အမူအရာများ ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်း ရူးသွပ်လုနီးပါးဖြစ်နေသည်ကိုကြည့်ရင်း သူ့ကို မည်သူမှ ဝင်မတားရဲပေ။ လူတိုင်းမှာ မီတာသုံးရာခန့်အထိ နောက်ဆုတ်သွားကြသည်။

နောက်ရက်အနည်းငယ်အတွင်း ပိုင်ရှောင်ချန်းက ဆေးကို အရူးအမူးဖော်စပ်နေသည်။ မကြာမီတွင် သူ၏ ဆံပင်များမှာ ရှုတ်ပွနေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးပင် ပေါက်ကွဲလုနီးပါးဖြစ်နေတော့သည်။ သို့သော်လည်း သူမည်သည့်နည်းလမ်းကိုပင်သုံးစေကာမူ လိပ်ကလေးမှာ အရည်ပျော်မသွားချေ။ ရံဖန်ရံခါတွင် ထိုလိပ်ကလေးက ဆေးပေါင်းဖိုထဲမှနေ၍ပင် စော်ကားသည့်စကားလုံးများကို ပြောနေတော့သည်။

” မင်းကဒါကို ဆေးဖော်စပ်တယ်လို့ ခေါ်တာလား။ ဒီအပူချိန်လေးနဲ့ လိပ်ကိုယ်တော်ကို အရည်ဖျော်နိုင်မယ်လို့ ထင်နေတာလားကွာ။ ဒီမှာ ငါပြောမယ် သောက်ကလေး… နှစ်တစ်သောင်းလောက် ထပ်ကျင့်ကြံပြီးမှ နောက်တစ်ခေါက်ထပ်ကြိုးစားကြည့်ပါလားကွ။”

” ဟေးဟေး။ ဘယ်ဆိုးလို့လဲကွ။ မင်းက လိပ်ကိုယ်တော် ဗိုက်ဆာနေတာကိုသိလို့ စားဖို့ ဝိညာဥ်အပင်တွေကို ပစ်ထည့်ပေးနေတာပဲ။ ထပ်ကျွေးပါဦးကွ ကလေးပေါက်စရ။ ငါမင်းကို သဘောတောင်ကျလာပြီ။”

” အပူချိန်တင်ပါဦးဟ။ လိပ်သခင်လေးက ဒီမှာအေးလွန်းလို့ ခဲတော့မယ်။ အပူချိန်များများ လိုတယ်ဟေ့။”

ပိုင်ရှောင်ချန်းမှာ တဖြည်းဖြည်း ရူးသွပ်စပြုလာပြီဖြစ်သည်။ သူက မေ့မျောလုနီးပါးပင်ဖြစ်နေပြီး ထိုလိပ်ကလေးကို လွှင့်ပစ်ရန်ပင် တွေးနေသည်။ သို့သော်လည်း ထိုလိပ်ကလေးမှာ သူ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်က ရယူခဲ့ရသည့် ရတနာတစ်ခု မဟုတ်ပါလော။ သူက ယခုအတိုင်း လွှင့်ပစ်လိုက်ရန် ဝန်လေးနေတော့သည်….

သို့သော်လည်း သူက ယခုကဲ့သို့ဖြစ်ရပ်များကို လက်မခံနိုင်ချေ။ ဤကိစ္စကြောင့် သူက နောက်ထပ်နှစ်ရက်တိတိ ဒေါကန်နေပြီးနောက် ရုတ်တရက် ထိုလိပ်ကလေး စကားမပြောတော့သည်မှာ အနည်းငယ်ကြာနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။

ပိုင်ရှောင်ချန်းက အနည်းငယ် သံသယဝင်သွားသဖြင့် မြေမီးတောက်ကို အပူချိန်လျှော့လိုက်ပြီး ဆေးပေါင်းဖိုကို ဖွင့်ကြည့်လိုက်သောအခါ အတွင်းတွင် ဗလာကြီးဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။

ဟာလာဟင်းလင်းကြီး ဖြစ်နေသည်တော့ မဟုတ်ချေ။ လိပ်ကလေး၏ အကြွင်းအကျန်အချို့တော့ ကျန်ခဲ့လေသည်။

သို့သော်လည်း လိပ်ကလေးမှာ မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။ သူမသိနိုင်သော နည်းလမ်းတစ်ခုခုဖြင့် ထိုလိပ်ကလေးက လုံးဝပျောက်သွားပြီဖြစ်သည်။

ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် အရုပ်ဆိုးလှသည့် အမူအရာများပေါ်လာတော့သည်။ လိပ်ကလေး၏ အကြွင်းအကျန်များကို မြင်လိုက်ရသည့်အခါ ပို၍ပင်ဆိုးလေသည်။ ထိုလိပ်ကလေးကို ပြားကပ်နေအောင် ထုနှက်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာတော့သည်။

” ဟွန်း။ သူပျောက်သွားတာပဲ ကောင်းတယ်။ သူနဲ့ လုံးဝမဆုံခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့မယ်။” သူက ခံစားချက်များစွာ ရောယှက်နေသည့် စိတ်နှလုံးဖြင့် အံကြိတ်ကာ ဆေးပေါင်းဖိုကို သိမ်းဆည်းလိုက်သည်။ အဆုံးတွင် အခြားကျင့်ကြံသူများမှာ သွေးဓားကြီးအနီးသို့ ပြန်ကပ်လာရဲကြတော့သည်။

နောက်ထပ် ငါးရက်တိတိကုန်ဆုံးသွားသည်။ ပိုင်ရှောင်ချန်းမှာ ထိုလိပ်ကလေး၏ အစအနကိုပင် မတွေ့ရတော့သဖြင့် သူ၏ပျောက်ဆုံးသွားမှုကို စိတ်ထဲမှ ထုတ်လိုက်ပြီဖြစ်သည်။ ထိုလိပ်ကလေးအား ဆုံးရှုံးလိုက်ရသည်ကို သူက အနည်းငယ် စိတ်ပျက်နေပါသော်လည်း ၎င်း၏ စိတ်တိုစရာကောင်းသည့် စကားပြောဆိုပုံများကို ပြန်တွေးမိသွားသောအခါ သူပျောက်ကွယ်သွားသည့်အချက်မှာ ခြုံကြည့်လျှင် ကောင်းသောအချက်တစ်ခုဖြစ်ကြောင်းပင် ယူဆလိုက်သည်။

သူ၏ စိတ်အခြေအနေမှာ တဖြည်းဖြည်းချင်း ပြန်ကောင်းလာပြီး စိတ်ဓာတ်များပြန်တက်ကြွလာသည်။ နေ့လယ်ခင်းတစ်ခုရောက်သော် သူက လူအားလုံးကို ရှေ့တန်းသို့ဦးဆောင်သွားရန်ပြင်ဆင်နေသည်။ ထိုအချိန်တွင် ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်တန်းမှာ ခပ်လှမ်းလှမ်းရှိလေထုထဲတွင် ပေါ်ထွက်လာသည်။

တချိန်ထဲမှာပင် ကောင်းကင်တံတားမြစ်၏ အငွေ့အသက်များကလည်း အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ တုန်ခါလာပြီး တိမ်တိုက်ကြီးများမှာ တွန့်လိမ်နေနေတော့သည်။ စစ်မြေပြင်ပေါ်ရှိ သွေးတိမ်တိုက်များမှာ လွင့်ပျယ်သွားပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အဖြူရောင်နေလုံးကြီးမှာ ကောက်ကွေးသွားဖြင့် အတွင်းရှိအနက်ရောင် ကျီးကန်းကြီးမှာ တုန်ရီသွားတော့သည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သီးသန့်စွမ်းအားဖြစ်သည့် စာခြောက်ရုပ်အဖြူရောင်ကြီးမှာလည်း တုန်ရီစပြုလာသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ဌာနချုပ်မှာလည်း ထိုနည်းတူပင်။

တချိန်ထဲမှာပင် တျန်ကုံးဒေသထဲတွင်ရောက်နေသည့် ဂိုဏ်းသုံးဂိုဏ်း၏ ခေါင်းဆောင်ကြီးများအားလုံးမှာ ခေါင်းများလှည့်ကာ ဖြစ်ပျက်နေသည်များကို ကြည့်လိုက်ကြတော့သည်။

ပိုင်ရှောင်ချန်းမှာ ထိုရွှေရောင်အလင်းတန်းနှင့် အတော်လေးနီးကပ်သဖြင့် တုန်ရီမှုများကို ပို၍ ခံစားလိုက်ရသည်။ သူက ကောင်းကင်တံတားမြစ်ရေများကို စုပ်ယူခြင်းအပေါ်တွင် အခြေခံထားသည့် ခရမ်းရောင်ချီ ကောင်းကင်တံတားမန္တန်ကို ကျင့်ကြံထားသည်ဖြစ်ရာ ပို၍ပင်ဆိုးသည်။ ထို့ကြောင့် သူက အခြားကျင့်ကြံသူများထက် ကောင်းကင်တံတားမြစ်နှင့် ပို၍ ဟန်ချက်ညီနေတော့သည်။

” ဒါ….”
ပိုင်ရှောင်ချန်းမှာ မှင်တက်နေသည်။ သူ၏ဘေးနားရှိ အခြားကျင့်ကြံသူများမှာ အလွန်အံ့အားသင့်နေကြသဖြင့် အသားများ တဆတ်ဆတ်တုန်ရီနေတော့သည်။ ထိုအချိန်တွင် သူတို့အားလုံးနှင့် ပိုင်ရှောင်ချန်းတို့မှာ တစ်စုံတစ်ခုကို မြင်လိုက်ရလေသည်….

ထို တဖြည်းဖြည်း ကြီးမားနေသည့် ရွှေရောင်အလင်းတန်းကြီးအပြင် နောက်ထပ်အလင်းတန်းတစ်ခုက ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာနေခြင်းပင်ဖြစ်သည်။

ထိုအလင်းတန်းက နီးကပ်လာသည့်အခါ အသံတစ်သံမှာ ရုတ်တရက်ထွက်ပေါ်လာသည်။
” သောက်ကျိုးနည်းကွာ။ မင်းတော်တော် ကမြင်းတဲ့အကောင်ပေါက်စလေးပဲ။ လိပ်ကိုယ်တော် အိပ်ခဲ့တဲ့ နောက်ဆုံးအချိန်တုံးက မင်းက လူပျော့လေးသာသာပဲ ရှိသေးတယ်။ အဲရှေ့တစ်ခေါက် အိပ်ခဲ့တုံးကဆို မင်းရဲ့အဖေကိုက လူပျော့လေးရှိသေးတာ။ ”

ပိုင်ရှောင်ချန်းမှာ ထိုစကားသံကိုကြားလိုက်ရသည့်အခါ ရိုးတွင်းချဥ်ဆီထဲမှပင် ထိတ်လန့်သွားပြီး ဂယောင်ခြောက်ခြားဖြစ်လာတော့သည်။ ထိုအသံမှာ သောက်ကျိုးနည်း လိပ်ကလေး၏ အသံဖြစ်သည်မှာ အသေအချာပင်။

ထို့အပြင် ခမ်းနားလှသည့် ရွှေရောင်အလင်းတန်းကြီးထဲတွင် ဧရာမ မိကျောင်းကြီးတစ်ကောင်ကို မြင်နေရပြီဖြစ်သည်။

၎င်းမှာ မီတာသုံးသောင်းလောက်အထိရှည်လျားပြီး တစ်ကိုယ်လုံး ရွှေရောင်အဆင်းရှိသည်။ ၎င်း၏ ကြီးကျယ်ခမ်းနားမှုကြီးမှာ စကားလုံးနှင့်ပင် ဖော်ပြ၍မရနိုင်ချေ။ ထိုမိကျောင်းကြီးမှာ အကြီးအကျယ် ဒေါသထွက်နေပြီး ၎င်း၏ အော်ဟစ်သံများမှာ ကောင်းကင်ယံမှ မိုးခြိမ်းသံများထက်ပင် ပို၍ကျယ်လောင်နေတော့သည်။

၎င်းမှာ ဒေါသထွက်လွန်းနေသဖြင့် ပိုင်ရှောင်ချန်းမှာ ၎င်း၏ နီမြန်းနေသည့်မျက်ဝန်းများကိုပင် မြင်နေရသည်။ သူ၏ ဦးရေခွံမှာ ပေါက်ကွဲလုမတတ် တဆစ်ဆစ်ဖြစ်နေပြီး မှင်တက်နေတော့သည်။ ထိုမိကျောင်းကြီးမှာ သူ ချီစုစည်းမှုအဆင့်တွင်ရှိခဲ့စဥ်တုံးက တွေ့ခဲ့ရသည့် ကောင်းကင်တံတားမြစ်ထဲတွင်နေထိုင်သည့် ကြောက်မက်ဖွယ် မိကျောင်းကြီးဖြစ်သည်။

ပိုင်ရှောင်ချန်း ဘာမှမလုပ်နိုင်ခင်မှာပင် ထိုလိပ်ကလေးက သူ့ဆီသို့ တဟုန်ထိုးအရှိန်ဖြင့် ပျံသန်းလာတော့သည်။ သူက အနီးသို့ရောက်လာသောအခါ သူ၏ ခြေလက်နှင့် ဦးခေါင်းများကို အထဲသို့ လျှိုသွင်းလိုက်သဖြင့် လိပ်ခွံလေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်း၏ အိတ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

” ဟင်….”

ပိုင်ရှောင်ချန်းမှာ ခပ်လှမ်းလှမ်းရှိ သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည့် မိကျောင်းကြီးကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေတော့သည်။ ထိုမိကျောင်းကြီးက သူ့ကို ရိပ်မိသည်မှာ အသိအသာပင်။ လိပ်ကလေး၏ သခင်မှာ ပိုင်ရှောင်ချန်းဖြစ်ကြောင်း သူကသိသွားသောအခါ ထိုမိကျောင်းကြီးက ကြောက်မက်ဖွယ်အော်ဟစ်လိုက်သဖြင့် ကောင်းကင်ကြီးပင် မှေးမှိန်သွားပြီး လေပြင်းကြီးများပင် တိုက်ခတ်လာတော့သည်။

” အစ်ကိုကြီး ရွှေမိကျောင်းရေ။ ကျုပ်…ကျုပ်က ဒီလိပ်ရဲ့ သခင်မဟုတ်…မဟုတ်ဘူးဗျ။ တကယ်မဟုတ်တာပါဗျာ။”

သူက လိပ်ကလေးကို အိတ်ထဲမှ ဆွဲထုတ်ချင်ပါသော်လည်း အိတ်ထဲသို့ကြည့်လိုက်သည့်အခါ ၎င်း၏ အစအနကိုပင် ရှာမရချေ။ ထို့အပြင် ထိုကြောက်မက်ဖွယ် မိကျောင်းကြီးက သူ့ဆီသို့ ဦးတည်လာနေသဖြင့် စဥ်းစားတွေးတောရန် အချိန်မရှိတော့ချေ။ ပိုင်ရှောင်ချန်း၏ အနောက်တွင် တောင်ပံတစ်စုံပေါ်ထွက်လာပြီး သူက အရှိန်ကုန်တင်ကာ ထွက်ပြေးလိုက်တော့သည်။

ထို့နောက် မျက်ရည်စက်လက်ဖြင့် သူက အော်ပြောလိုက်လေသည်။
” ဘုရားစူး မိုးကြိုးပစ် သောက်ကျိုးနည်း လိပ်။ ငါမင်းကို မုန်းတယ်ဟေး။”

အခြား ကျင့်ကြံသူများ ထွက်ပြေးသွားကြသည်မှာ ကြာလှနေပြီဖြစ်ပြီး သူတို့က ခပ်လှမ်းလှမ်းမှနေ၍ ပိုင်ရှောင်ချန်းကို စာနာသနားစွာဖြင့် ကြည့်နေကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset