မြူမှုန်များ ကျဆင်းနေသော်လည်း ၎င်းတို့က ပိုင်ရှောင်ချန်း၏ နှလုံးသားထဲမှ ပေါက်ကွဲထွက်လာသော စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်ပေ။ သူ့ဘာသာ ကျေနပ်ပီတိဖြာလျက် သွေးဓားကြီး၏ ထိပ်ပိုင်းတွင် တင်ပျဥ်ခွေထိုင်ကာ လက်ညှိုးညွှန်လျက် ပြောလိုက်သည်။
“တိုက်ကြဟေ့၊ ငါ့ကောင်တွေ ”
သူသည် စိတ်ထဲ၌ရော အပြင်မှာပါ ပျော်ရွှင်ကျေနပ်နေကာ အင်အားအပြည့် ဖြစ်နေသည်။ သူသည် မြေခဓါးချောက်ထဲမှ အဖြစ်အပျက်များကို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ ထိုစဥ်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို သူဦးဆောင်၍ ဓါးထဲသို့ဝင်သည့် ဝင်ပေါက်များကို ရယူပေးခဲ့သည်။
“ပျော်စရာကောင်းလိုက်တဲ့ အတိတ်တွေပါလား..ဟ ဟ ” ဟုတွေးကာ သက်ပြင်းချလိုက်သည်။ ထို့နောက်တွင် ဂိုဏ်းသားအားလုံးကို ဝင်ရန် ကူညီပေးပြီးနောက် သူတစ်ယောက်တည်း အပြင်တွင် ကျန်နေခဲ့ပုံကို အမှတ်ရသွားသည်။
“ငါ ကိုယ့်ဘာသာကို ဂြိုဟ်ဆိုးဝင်အောင် မလုပ်သင့်ဘူး။ ဒါပေမဲ့ ဒီအခြေအနေကတော့ ကွာပါတယ်လေ။ ငါနဲ့အတူ ကြမ်းတမ်းပြီး စွမ်းအားရှိတဲ့ ကျင့်ကြံသူ ၂၀၀တောင် ရှိတာပဲ။ ”
ပိုင်ရှောင်ချန်းသည် သူ့ဘေးပတ်လည်မှ လူများကို ကြည့်လိုက်သည်။ ရွှီရှောင်ရှန်းသည် သူ့ပတ်လည်တွင် သတိထားမိသည်နှင့် ချက်ချင်းပစ်လွှတ်ရန် အသင့်ဖြစ်နေသည့် တောက်ပနေသော အဆိပ်လုံးများ ချိတ်ဆွဲထားကာ အထူးပင် အထင်ကြီးစရာ ကောင်းနေသည်။ ပိုင်ရှောက်ချန်းက သဘောကျသွားသည်။
ပေဟန်လဲ့သည်လည်း ပြောင်းလဲသွားပြီ ဖြစ်သည်။ အရင်အတိုင်းပင်ဖြစ်သော်လည်း ပြုံးတတ်ရန် သင်ယူနိုင်ခဲ့သည်။ ကျားလဲ့နှင့် နတ်ဆရာတို့သည် သွေးစွမ်းအင် နတ်ရေစင်ဂိုဏ်း၏ ကျင့်ကြံသူများ ဖြစ်ကြပြီး အစကတည်းက ကြောက်စရာကောင်းပြီးသားဖြစ်သည်။ သို့သော် လချီလာသည်တွင် သူတို့သည် ပို၍ပင် ကြောက်စရာကောင်းလာကြသည်။
ဤလေးယောက်သည်ပင် အပြောင်းအလဲများ တွေ့ကြုံရလေရာ အခြားသူများမှာမူ ပြောရန်ပင် မလိုတော့ချေ။ အများစုသည် ပိုင်ရှောင်ချန်းနှင့် အတော်များများတူလာကြသည်။ ပုံမှန်အားဖြင့် သူတို့သည် ရယ်မောကာ ပြုံးပျော်နေကြပြီး သေဘေးကို အတိုင်းအတာတစ်ခုထိ ကြောက်ရွံ့သော်လည်း တိုက်ခိုက်ရန်လိုအပ်ချိန်တွင် အဆိပ်မီးခိုးများကို ထုတ်လွှတ်၍ ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်ကြလေသည်။
သူ့ဘေးပတ်လည်မှ အားလုံးကို မြင်ရရုံနှင့်ပင် ပိုင်ရှောင်ချန်းသည် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချမိလေသည်။
“ငါ့ရဲ့ ခေါင်းဆောင်မှုကျေးဇူးနဲ့ ဒီညီ၊အစ်ကို၊ညီမတွေဟာ နောက်ဆုံးတော့ ကျင့်ကြံသူတွေလည်း ဘဝကို ပျော်ပျော်နေသင့်တယ်ဆိုတာ သဘောပေါက်သွားကြပြီ။ အသက်ရှင်နေသရွေ့ အရာရာကို ပိုင်ဆိုင်တယ်။” သက်ပြင်းထပ်ချကာ သူ့အိတ်ကို ပုတ်လိုက်ပြီး လိပ်ကလေးကို ထုတ်ကာ ခါတိုင်းလိုပင် လှုပ်ရမ်းနေလိုက်သည်။ ပြီးခဲ့သော လများတွင်လည်း နေ့တိုင်းပင် အချိန်ပေးကာ လိပ်ကလေးကို ယမင်းရုပ်ကဲ့သို့ လှုပ်ရမ်းနေခဲ့သည်။ လိပ်ကလေး၏ ခြေလက်များနှင့် ခေါင်းသည် အခွံကို ရိုက်ခတ်ကာ ထွက်လာသော အသံသည်ပင် သူ့နားတွင် နားဝင်ချိုလျက်ရှိသည်။
အနည်းငယ်ခေါက်ပြီးလျှင် စိတ်စွမ်းအင်အများအပြားကို သူ့ဆီ စီးဆင်းလာစေသည့် အမွှေးရနံ့ကလည်း မကြာခဏပင် လေထဲတွင် ပျံ့လာခဲ့သည်။ ထို့ကြောင့်ပင် ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံက နေ့စဥ် တိုးတက်လာခဲ့သည်။ သူ၏ နောက်လိုက်နောက်ပါများမှာလည်း စိတ်စွမ်းအင်အများအပြားကြောင့် အကျိုးကျေးဇူးများ ရရှိခဲ့သည်။
“ဒီလိပ်က ဘာပဲပြောပြော နည်းနည်းတော့ အသုံးဝင်သား။”
သူသည် လိပ်ကလေး၏ ထိုးထွက်နေသော ခြေလက်များ၊ ခေါင်းနှင့် အမြီးတုတ်ကလေးကို ငုံ့ကြည့်လိုက်ပြီး နောက်ထပ် ခပ်ပြင်းပြင်း လှုပ်လိုက်သည်။ ထိုအချိန်တွင် တစ်ခုခုထူးဆန်းနေသည်ကို သတိထားမိသွားသည်။ ခေါက်သံများသည် အရင်ကနှင့် ကွာခြားနေကာ လိပ်ကလေး၏ ခြေဖျားလက်ဖျားများသည်လည်း အရင်ကထက် ပို၍ တောင့်တင်းလာခဲ့သည်။
“ဟင် ”
အံ့ဩသွားကာ ပိုင်ရှောင်ချန်းသည် လိပ်ကလေးကို ပို၍ ပြင်းပြင်းလှုပ်လိုက်သည်။ အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းချိန်ကြာပြီးနောက် တောင့်တင်းနေသော အဖျားလေးများသည် တစ်ဖန် ပြေလျော့သွားပြီး ခေါက်သံမှာလည်း ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ ကျေနပ်သွားကာ ပိုင်ရှောင်ချန်းသည် သူ၏ ကျင့်ကြံခြင်းလုပ်ငန်းကို ပြီးအောင် ဆက်လုပ်သည်။
နောက်နေ့ မွန်းလွဲပိုင်းတွင် သူသည် သူ့အဖွဲ့ကို ဦးဆောင်လျက် ရှေ့တန်းစစ်မျက်နှာကို ဖြတ်ကာ ပျံသန်းလာခဲ့သည်။ နေရာမှာ ကျယ်ပြန့်လှသည့်အပြင် သူ၏ နာမည်ကြီးမှုနှင့် တွဲလိုက်သောအခါ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ကိုမျှ မတွေ့ရသည့် နေ့များပင် မကြာမကြာ ရှိလာခဲ့သည်။
ပိုင်ရှောင်ချန်းသည် ပျင်းရိစ ပြုလာသည်။ တစ်နေ့တွင် ရွှီရှောင်ရှန်းနှင့် ပေဟန်လဲ့တို့သည် စစ်ပွဲအတွင်း အောင်မြင်မှုများကို တစ်ယောက်နှင့် တစ်ယောက် ကြွားဝါနေကြသည်။ ပိုင်ရှောင်ချန်းသည် စိတ်ဝင်စားကာ စကားဝိုင်းထဲသို့ ဝင်ပါသော်လည်း ထိုအချိန်မှာပင် သူတို့သည် သူ့ကို မမြင်ချင်ယောင်ဆောင်ကာ တမင်လျစ်လျူရှုထားကြောင်း သဘောပေါက်သွားသည်။
မပျော်မရွှင်နှင့် နှာခေါင်းရှုံ့လိုက်ကာ သူတို့၏ အဆိပ်လုံး ထောက်ပံ့မှုကို ၇၀ရာနှုန်းအထိ လျှော့ချပစ်မည်ဟု တွေးလိုက်သည်။ တချိန်တည်းမှာပင် သူသည် မသိလိုက်မသိဘာသာ လိပ်ကလေးကို ခါတိုင်းလိုပင် ရှေ့နောက် လှုပ်ခါနေခဲ့သည်။ ရုတ်တရက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဟေး ဘာလို့ အသံက ကွာနေတာပါလိမ့်။”
လိပ်ကလေးကို ငုံ့ကြည့်ကာ အဖျားလေးများကို လက်နှင့် စမ်းကြည့်လိုက်ရာ တောင့်တင်းနေကြောင်း တွေ့လိုက်ရသည်။
“ဒီလိပ်ကလေးက သေတာ ဘယ်လောက်ကြာနေလဲဆိုတာ ဘယ်သူသိမှာလဲ။ သနားစရာကောင်းလိုက်တာ။ ခြေလက်တွေတောင် ခုဆို တောင့်စပြုနေပြီ။”
အနည်းငယ် တွေးတောပြီးနောက် သူသည် လိပ်ကလေးကို ကူညီသင့်သည်ဟု ဆုံးဖြတ်လိုက်သည်။ မည်သို့ပင် ဖြစ်စေ၊ သေပြီးသည့်တိုင် သူ၏ ကျင့်ကြံခြင်းကို ပြီးခဲ့သည့် နှစ်ဝက်လုံးလုံး အများကြီး အထောက်အကူဖြစ်စေခဲ့သည်။
လိပ်ခွံကို တင်းနေအောင်ဆုပ်၍ တတ်နိုင်သမျှ ကြမ်းကြမ်းလှုပ်လေသည်။ အားကိုအတော်လေးသုံးကာ သူခါတိုင်းလှုပ်နေကြထက် ပို၍ မြန်မြန်လှုပ်လေသည်။ အသက်ရှုချိန် အနည်းငယ်ကြာပြီးနောက် မွှေးရနံ့သည် နောက်တစ်ကြိမ် ပေါ်လာခဲ့ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကို လှုပ်ရမ်းနိုင်သည့် စိတ်စွမ်းအင်များ ထွက်ပေါ်လာပေသည်။
သို့သော် ပိုင်ရှောင်ချန်းမှာ မပြီးသေးပေ။ သူသည် လိပ်ကလေးကို တတ်နိုင်သမျှ ကြမ်းကြမ်းဖြင့် ဆက်တိုက်လှုပ်ရမ်းပြီး နောက်တစ်ခါ ပြန်ပျော့ပျောင်းသွားရန် စိတ်ပိုင်းဖြတ်ထားလေသည်။
ထိုဖြစ်စဥ်သည် အမွှေးတိုင် ၃တိုင် လောင်ကျွမ်းစာမျှ ကြာလေသည်။ နောက်ဆုံးတွင် လိပ်ကလေး၏ ခန္ဓါကိုယ်မှာ တစ်ဖန်ပြန်၍ ပျော့ပျောင်းသွားကာ ပိုင်ရှောင်ချန်း၏ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“တကယ်လို့ ခင်ဗျားရဲ့ ဝိညာဥ်က ကောင်းကင်ဘုံ တစ်နေရာရာမှာ ရှိတယ်ဆိုရင် ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ခင်ဗျား ပျော့ပျောင်းပျောင်းပျောင်းနဲ့ တတ်နိုင်သမျှ ကြာကြာနေနိုင်အောင် ကူညီပါ့မယ်။ ခင်ဗျားရဲ့ ရုပ်ခန္ဓါ မပျက်စီးစေရပါဘူး။ ထာဝရအတွက် မဟုတ်ရင်…”
စကားမဆုံးမီမှာပင် လိပ်ကလေးသည် ရုတ်တရက် ခေါင်းကို မလိုက်ကာ မျက်လုံးဖွင့်လိုက်လေသည်။ မျက်လုံးသူငယ်အိမ်မှာလည်း လည်နေပုံပေါ် ပြီး ရုတ်တရက် ပါးစပ်ကို ဖွင့်ကာ ပိုင်ရှောင်ချန်း၏ လက်ကို ဟပ်လိုက်စဥ်တွင် သူ့မျက်လုံးထဲမှ အမုန်းတရားနှင့် ရူးသွပ်မှုများကို မြင်နိုင်လေသည်။
ပိုင်ရှောင်ချန်းသည် လန့်ဖျန့်သွားကာ ချက်ချင်း လိပ်ကို လွှတ်ချ၍ လက်ကို နောက်ဆုတ်လိုက်သည်။
လိပ်ကလေး၏ ကိုက်ချက်သည် ဖော်ပြ၍ မရနိုင်သည့် အမုန်းများနှင့် လောင်စာဖြည့်ထားပုံပေါ်လေသည်။ သူ၏ မေးရိုးများ လေကို ဟပ်မိပြီး ပိတ်သွားသော အခါ ခွပ်ခနဲ အသံထွက်လာကာ နေရာရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေသည်။
ပိုင်ရှောင်ချန်းသည် သူ၏ ဦးရေပြားများ ပေါက်ကွဲတော့မတတ် ခံစားနေရသည်။ လိပ်ကလေးသည် သူ၏ လက်ချောင်း တစ်ချောင်းကို ကိုက်မိသွားပါက အရိုးပင် ကျေမွသွားမည်ဖြစ်သည်။ သူ၏ ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်သည်ပင် ထိုကဲ့သို့ ကိုက်ခဲခြင်းမျိုးကို ခံနိုင်ရည်မရှိပေ။
“မ-မ-မင်းက အသက်ရှိတာလား။ မင်းက အသေလေး မဟုတ်ဘူးပေါ့ ”
ပိုင်ရှောင်ချန်းသည် မယုံကြည်နိုင်သော မျက်နှာဖြင့် နောက်သို့ ဆုတ်သွားသေည်။ သူသည် ထိုလိပ်ကို လေ့လာခဲ့သည်မှာ အကြာကြီးဖြစ်သော်လည်း အထဲမှ သက်စောင့်အားကို လုံးဝ အာရုံ မခံစားမိချေ။ ၎င်းသည် ယခင်က သေချာပေါက် အလောင်းဖြစ်ခဲ့သော်လည်း ယခုမူ သက်ရှိဖြစ်နေသည်။
ပိုင်ရှောင်ချန်းသည် ခေါင်းများ ချာချာလည်နေကာ မယုံကြည်နိုင်ခြင်းကြောင့် မျက်လုံးများ ပြူးလျက်ရှိသည်။
လိပ်ကလေးသည် အနည်းငယ် ယက်ကန်ယက်ကန်ဖြင့် လေထဲသို့ ပျံသွားကာ ပိုင်ရှောင်ချန်းရှေ့တွင် ဝဲလျက်ရှိသည်။ ခြေလက်များမှာ တုန်လျက်ရှိပြီး မျက်လုံးမှာလည်း နီရဲနေပေသည်။ သတိလစ်မသွားစေရန် ထိန်းနေရသည်မှာ သိသာသည်။ ပိုင်ရှောင်ချန်းကို စိုက်ကြည့်ကာ အော်လိုက်သည်။
“သေတဲ့သူက မင်းပဲ။ မင်းတို့ တစ်မိသားစုလုံး သေပြီ။ မင်းရဲ့ ဂိုဏ်းတစ်ခုလုံးလည်း သေပြီ။ ပိုင်လို့ နာမည်တွင်တဲ့ လူအားလုံး သေပြီ။ ငါ မင်းကို မုန်းလိုက်တာ ကောင်စုတ်ရဲ့ ”
ဂိုဏ်းနှစ်ခုလုံးမှ ကျင့်ကြံသူများ အားလုံးပင် ထိတ်လန့်သွားကြသည်။ သူတို့သည် ထိုလိပ်ကလေးနှင့် ရင်းနှီးကြသည်။ ပိုင်ရှောင်ချန်းသည် ၎င်းကို ပြီးခဲ့သည့်လများတွင် တစ်လျှောက်လုံး လှုပ်ရမ်းပြီး ကောင်းကင်နှင့် ကမ္ဘာမြေကို လှုပ်ခါနိုင်သည့် စိတ်စွမ်းအင်များ ပေါ်ထွက်လာစေသည်ကို မြင်ခဲ့ရကြောင်း သတိရသွားကြသည်။
သို့သော် ယခုမူ ထိုလိပ်ကလေးသည် အမှန်တကယ်ပင် အသက်ရှင်လျက်ရှိသည်။
ပိုင်ရှောင်ချန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ တစ်စုံတစ်ခု ပြောရန်ပြင်နေစဥ်မှာပင် လိပ်လေး၏ မျက်လုံး၌ မျက်ရည်များ ဝဲတက်လာသည်ကို သတိပြုမိသွားသည်။ လိပ်ကလေးသည် မျက်လုံး ပြူးပြူးဝိုင်းဝိုင်းလေးနှင့် ချစ်စရာလေးဖြစ်သည်။ ယခုမူ လိပ်ကလေးသည် ဒယီးဒယိုင်နှင့် အော်ဟစ်ကာ စိတ်ချောက်ချားသွားတော့မည့်ဆဲဆဲပုံပေါက်နေသည်။
“ ငါလိပ်ကိုယ်တော်က လွန်ခဲ့တဲ့ ၅လလောက်ထဲက နိုးလာတာ။ ဘာလို့ ငါ့ကို နေ့တိုင်းနေ့တိုင်း လှုပ်ပြီး သွားနေရတာတုန်း။ တစ်ရက်တုန်းကဆို ငါ့ကို အကြိမ်၁ထောင်လောက် လှုပ်ခဲ့တာ! မပင်ပန်းဘူးလားဟင်။ ငါ လိပ်ကိုယ်တော် ထပ်ပြီး သတိလစ်မသွားခင် အန်ထွက်တော့မတတ် ခံစားခဲ့ရတာ ”
လိပ်ကလေးသည် တုန်ခါနေကာ ဒေါသကြီးလှသဖြင့် သူ့ကိုယ်မှ အပူလှိုင်းများ တက်လာကာ ပေါက်ကွဲထွက်တော့မည့်ပုံပေါက်နေသည်။
ပိုင်ရှောင်ချန်းသည် စိတ်မကောင်းဖြစ်သွားသောကြောင့် ရှင်းပြရန် အမြန်ကြိုးစားလိုက်သည်။
“အာ…ကျွန်တော်…ကျွန်တော် တမင်တကာ လုပ်တာ မဟုတ်ရပါဘူးဗျာ။ သေသွားပြီလို့ ထင်လို့ပါ။ မသေသေးဘူးဆိုရင် ကျွန်တော့်ကို ဘာလို့ စောစောစီးစီး မပြောတာလဲ။ နောက်ပြီး အမွှေးရနံ့ကရော ဘာလဲ။”
“အိုး မင်းခုကို အမွှေးရနံ့တွေ စုပ်ယူလိုက်တယ်မလား။ အားးးး ဒါတွေက ငါ လိပ်ကိုယ်တော် နှစ်ပေါင်းများစွာ စုဆောင်းတည်ဆောက်ထားခဲ့ရတဲ့ စိတ်စွမ်းအင်တွေကွ။ မင်း အဲဒါတွေကို အများကြီး လှုပ်ယူလိုက်တယ်လေ။ အဲဒါ ငါစုဆောင်းထားတဲ့ဟာတွေ။ အား! ငါ မင်းကို မုန်းတယ်။ ငါမင်းနဲ့ တစ်မိုးအောက်မှာ အတူမနေနိုင်ဘူး။ ” ဒေါသတကြီးဖြစ်နေသော လိပ်ကလေးသည် ပိုင်ရှောင်ချန်းဆီသို့ တိုးဝင်လာကာ ကိုက်ရန် ကြိုးစားလေသည်။
” ငါ မင်းကို သေတဲ့အထိ ကိုက်မယ် ”
ပိုင်ရှောင်ချန်းသည် လန့်သွားကာ ဘေးသို့ ခုန်ရှောင်လိုက်သော်လည်း လိပ်ကလေးသည် နောက်မှ ဆက်လိုက်ကာ ထပ်ခါထပ်ခါ လိုက် ဟပ်နေသည်။ ရွှီရှောင်ရှန်း၊ ပေဟန်လဲ့၊ ကျားလဲ့နှင့် နတ်ဆရာတို့အားလုံးသည် လုံးဝထိတ်လန့်သွားကြကာ အခြားကျင့်ကြံသူများမှာလည်း အလားတူပင် ဖြစ်သည်။
အစပိုင်းတွင် ပိုင်ရှောင်ချန်းသည် ဤကဲ့သို့ တိုက်ခိုက်ခံရခြင်းကို ကြောက်ရွံ့ခဲ့သည်။ သို့သော် သူ၏ အမူအရာ ပြောင်းသွားပြီး နေရာတွင် တစ်ပတ်လှည့်လိုက်သည်။ လူသတ်ချင်သည့် အငွေ့အသက်များ ထွက်ပေါ်လာကာ အော်ဟစ်လိုက်သည်။ “တော်လောက်ပြီ ”
“မဟုတ်ဘူး။ မတော်နိုင်ဘူးကွာ။ သေစမ်း။ လိပ်ကိုယ်တော်က မင်းကို ဘယ်တော့မှ ပြန်ကောင်းမလာနိုင်တော့လောက်အောင် မည်း ပြာသွားတဲ့ထိ ရိုက်မယ်။ “
ပိုင်ရှောင်ချန်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဤလိပ်၏ ဘာသာစကားသည် တမူထူးခြားနေသည်မှာ သေချာသည်။ သိသာစွာပင် သူက စကားပြောခြင်းကို ရပ်မည်မဟုတ်ချေ။ ပိုင်ရှောင်ချန်းက နောက်သို့ ဆုတ်ရင်းမှ အမြန်ပြောလိုက်သည်။
” နေပါဦး။ ရှင်းပြပါရစေဦး။ ”
လိပ်ကလေးသည် အထင်သေးသော ပုံစံဖြင့် မျက်လုံးကို ကစားကာ ပြောလိုက်သည်။
“အိုး.မဟုတ်ဘူး။ မင်း ငါ့နဲ့ ဝေးဝေးမှာနေ။ ငါ့မှာ ပိုးမွှားကြောက်ရောဂါရှိတယ် ”
“ဟင် ပိုးမွှားကြောက်တဲ့ရောဂါ ”
ပိုင်ရှောင်ချန်းသည် နောက်တခါ ထပ်ပြီး တုန်လှုပ်ခြောက်ခြားသွားရကာ ဘေးမှ ဝိုင်းကြည့်နေသူများသည်လည်း အလားတူ ကြက်သေသေသွားကြသည်။ ထို့နောက်မှ သူတို့၏ အမူအရာများသည် တဖြည်းဖြည်း ထိတ်လန့်ကြောက်ရွံ့မှုသို့ ပြောင်းလဲစပြုလာသည်။ တစ်စုံတစ်ယောက်တွင် ညစ်ညမ်းသော စကားတစ်ခွန်းမှ မပါဘဲ အကြီးအကျယ် စော်ကားပြောဆိုနိုင်သည့် စွမ်းရည်ရှိခြင်းသည် သူတို့ထဲက ဘယ်သူမှ လုပ်နိုင်မည်မဟုတ်ဟု တွေးထားဖူးသော အရာမျိုးဖြစ်သည်။