အခန်း ( ၂၉၅ )

ဒါတွေယူပြီး ပျော်လိုက်ကြ

ရွှီရှောင်ရှန်းမှာ အလွန်ဝေးကွာနေသဖြင့် သူ့ရှေ့ရှိအဖွဲ့တွင် မည်သူမည်ဝါရှိကြောင်း သဲသဲကွဲကွဲမမြင်ရပေ။ သို့သော်လည်း ဧရာမသွေးဓားကြီးကို မြင်ရပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူတို့၏ သွေးအငွေ့အသက်များကို အာရုံရလိုက်လေသည်။ တွေဝေ တုံ့ဆိုင်းခြင်းအလျဥ်းမရှိပဲ သူတို့ထံ တဟုန်ထိုးပြေးသွားလိုက်သည်။

သူက ပိုင်ရှောင်ချန်းကို မြင်လိုက်သောအခါ ဝမ်းသာလုံးဆို့ပြီး ငိုတော့မည်ပုံပေါ်လေသည်။

“ပိုင်ရှောင်ချန်းးးးး”
သူက လှမ်းအော်လိုက်သည်။

တချိန်တည်းမှာပင် ကျုံးတာအိုက ပိုင်ရှောင်ချန်းကို တွေ့သွား၏။ ပထမတွင် သူက မျက်လုံးပြူးသွားသော်လည်း နောက်တွင် ဝမ်းသာမှုဖြင့် မျက်လုံးများဝင်းလက်လာလေသည်။

” ပိုင်ရှောင်ချန်း ဒီရောက်နေတာကို ယုံတောင် မယုံနိုင်ဘူး။ ရွှီရှောင်ရှန်းကိုပဲ မိမယ်ထင်တာ။ ဘယ်သူသိလိမ့်မလဲ ပိုင်ရှောင်ချန်းနဲ့ ငါတို့ထိပ်တိုက်တွေ့မယ်လို့။ ဒီကောင်တေါ့ သေပြီပဲ” ကျုံးတာအိုက တဟားဟားရယ်ရင်း သူ၏ကြမ်းကြုတ်သော ကျင့်ကြံသူနှစ်ရာအဖွဲ့ကို ရှေ့သို့ ဦးဆောင်သွားလေသည်။ သူတို့က စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့၏ လက်ရွေးစင်များကို ဆုံတွေ့ခဲ့လျှင် ဇာတ်လမ်းမှာ တစ်မျိုးပြောင်းလဲသွားမည်။ သို့သော်လည်း သူက ပိုင်ရှောင်ချန်း၏အဖွဲ့မှာ ကျင့်ကြံသူအဆင့်အမျိုးမျိုးဖြင့်ပြည့်နေကြောင်း ပြောနိုင်လေသည်။ ပေဟန်လဲ့၊ နတ်ဆရာနှင့် ကျားလဲ့တို့က လွဲ၍ အခြားကျန်ရှိသူများမှာ သူတို့ဂိုဏ်းတွင် မည်သည့်မှတ်ချက်တစ်စုံတစ်ရာမှမရှိသော ဂိုဏ်းသားတို့ဖြစ်ကြောင်း သိသာလေသည်။

ကျုံးတာအိုက ထိုအဖွဲ့ကို အမြစ်ဖြုတ်သုတ်သင်ရန် လုံးဝယုံကြည်ချက်ရှိ၏။ ကျယ်ကျယ်လောင်လောင် အော်ရယ်လျက် သူက ပိုင်ရှောင်ချန်းထံသွားနေသာ ရွှီရှောင်ရှန်းကို လိုက်ဖမ်းလေသည်။

ကျုံးတာအို၏အဖွဲ့တွင်းရှိ ကျင့်ကြံသူအတော်များများမှာ ပိုင်ရှောင်ချန်းကို သတိပြုမိကြပြီး သူတို့က အံ့သြသွားပါသော်ငြား သူ့ကို သတ်ဖြတ်လိုသည့် ဆန္ဒများ တောက်လောင်လာတော့သည်။

သူတို့အကုန်လုံးက ဤအရာသည် ဂိုဏ်း၏စစ်ပွဲအဆုံးအဖြတ်ဖြစ်ကြောင်း သိကြပြီး စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမဟာမိတ်ဖြစ်သွားသည့်အကြောင်းရင်းထဲက တစ်ခုမှာ ပိုင်ရှောင်ချန်းကြောင့်ဖြစ်ကြောင်း သဘောပေါက်ကြသည်။

ရွှီရှောင်ရှန်းသည်လည်း ဤသည်ကို နားလည်သဘောပေါက်သဖြင့် သူ့မှာ တခဏမျှ ချီတုံချတုံဖြစ်သွားလေသည်။ သို့သော်လည်း သူ့မှာ အခြားရွေးချယ်စရာမရှိပေ။ အကယ်၍ သူသာ ပိုင်ရှောင်ချန်းနှင့် မပူးပေါင်းလျှင် သေသွားလိမ့်မည်။ သူ၏မျက်လုံးတို့တွင် မဆုံးဖြတ်နိုင်သော အရိပ်တို့ဖြတ်ပြေးသွားပြီး ဤအခြေအနေဖြစ်စေသည့် သူ့ကိုယ်သူ ကျိန်ဆဲလိုက်လေသည်။ သို့သော်လည်း ပိုင်ရှောင်ချန်း၏ မျက်နှာအမူအရာမှာတည်နေပြီး သူ့အဖွဲ့ထဲမှ ကျင့်ကြံသူတစ်ဦးတစ်ယောက်မှ ကြောက်လန့်နေသည့်ပုံမပေါ်သည်ကို သတိထားမိလိုက်သည်။ အမှန်တွင် သူတို့အားလုံးမှာ ကျုံးတာအိုနှင့် သူ၏ကျင့်ကြံသူများကိုပင် အထင်သေးပြက်ရယ်ပြုကာ စိုက်ကြည့်နေကြသည်။

” ဟမ် ”
ရွှီရှောင်ချန်းက စိတ်ရှုပ်ထွေးလျက် ရေရွတ်လိုက်သည်။

ပိုင်ရှောင်ချန်းက သူ၏ လက်ကို နောက်ပစ်လိုက်သည်။ သူ့ကိုယ်သူ အင်မတန် ဂုဏ်ယူနေပုံဖြင့် သူကပြော၏။
“မကြောက်နဲ့ ရွှီရှောင်ရှန်း။ သွေးကိုယ်တော်က မင်းကိုကယ်ဖို့အသင့် ရှိတယ်”

လည်ချောင်းရှင်းလိုက်ပြီး သူက ပတ်ပတ်လည်ရှိကျင့်ကြံသူများကို ကြည့်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ပိုင်ရှောင်ချန်းအဖွဲ့ရှိကျင့်ကြံသူအားလုံးမှာ မီးရောင်ဖြာစက်လုံးကြီးတို့ကို ထုတ်လိုက်ကြသဖြင့် ရွှီရှောင်ရှန်းမှာ လန့်သွားလေသည်။

” တိုက်ကြ ”
ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်သည်။ ဂိုဏ်းနှစ်ဂိုဏ်း၏ ကျင့်ကြံသူအပေါင်းမှာ ပြန်လည်ဟိန်းဟောက်လိုက်ကြပြီး မီးရောင်ဖြာစက်လုံးတို့ကို ပစ်ပေါက်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်ကြံသူရာပေါင်းများစွာတို့က ကြယ်ပျံများသဖွယ် တရှိန်ထိုးလေကိုခွင်း၍ ပျံသွားကြလေသည်။

ကျုံးတာအိုမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ့နောက်ရှိအဖွဲ့မှာ တခဏမျှ ချီတုံချတုံဖြစ်သွား၏။ အဖွဲ့ထဲကအချို့မှာ မီးရောင်ဖြာစက်လုံးတို့ကိုတားဆီးရန် တိုက်ကွက်များထုတ်သုံးကြသော်လည်း စက်လုံးတို့မှာ မှော်ပညာရပ်တို့ မသက်ရောက်နိုင်သည့်ပုံပေါ်ပြီး ပေါက်ကွဲလာကြကာ မီးခိုးငွေ့ပမာဏအမြောက်အမြားထုတ်လိုက်ကြပြီး ကျုံးတာအိုနှင့် သူပတ်လည်ရှိလူအပေါင်းကို ဖုံးလွှမ်းသွားသည်။

ထိုမီးခိုးငွေ့တို့ကြောင့် ပတ်ဝန်းကျင်မှာ ဝေဝါးသွားသော်လည်း စိတ်ပျက်ဖွယ်အော်သံများနှင့် ဟိန်းဟောက်သံများပဲ့တင်ထပ်လာသည်ကိုတော့ မတားဆီးနိုင်ပေ။

“ငါ့..ဗိုက်….. ”

“ဘုရားဘုရား.. ငါက အင်မော်တယ်ဂူတစ်လုံးဖြစ်သွားပြီဟ”

“အားလုံးပဲ ဝေးဝေးသွားကြ.၊ ကျုပ်နားမလာနဲ့ ။ ဒါဘာနေရာကြီးတုံး….”

ရွှီရှောင်ရှန်း၏ မျက်နှာအမူအရာမှာ ဝင်းလက်သွားပြီး အော်ပြောလိုက်သည်။ “ရုပ်အလောင်းတောင် မီးခိုးကပ်ဘေး ”

သိသိသာသာပင် ကြောက်ဒူးတုန်လျက် သူက စူးစူးဝါးဝါးအော်လိုက်ပြီး အားကုန်ထုတ်ကာ ထိုမီးခိုးငွေ့မှ ခပ်ဝေးဝေးသို့ ပျံသွားလိုက်၍ သူ့မျက်နှာမှာ စက္ကူရွက်တစ်ရွက်ကဲ့သို့ ဖြူဖပ်နေလေသည်။ သူက လူတိုင်းထက် ထိုမီးခိုးငွေ့တို့ဖြင့် ရင်းနှီးကျွမ်းဝင်ပြီး သူ၏အတွေ့အကြုံတို့မှာ အထူးသဖြင့် မမေ့နိုင်စရာပင်။

ထိုမီးခိုးငွေ့တို့မှာ သူ၏ ကျန်ဘဝတစ်လျှောက်လုံးကို ခြောက်လှန့်နေသည့် အိမ်မက်ဆိုးကြီးသဖွယ်ဖြစ်သောကြောင့် ဖြစ်ရပ်များကို ပြန်ပြောင်းအမှတ်ရလာလေသည်။ ထိုမြင်ကွင်းထပ်ပေါ်လာသဖြင့် သူ့နှလုံးအိမ်တွင် ကြောက်လန့်မှုတို့ဖြင့်ပြည့်နှက်လာ၏။

သို့သော်လည်း သူကထိုမီးခိုးငွေ့တို့မှ ပျံပြေးသွားလိုက်သည်နှင့် လေထုမှာ ရှင်းလင်းသွားလေသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ကျင့်ကြံသူ၂၀၀ကို မြင်လာရပြီး ၄င်းမှာ ပရမ်းပတာမြင်ကွင်းတစ်ခုပင်။ တချို့က လက်များကိုဝှေ့ယမ်းနေကာ တချို့မှာမူ အရက်မူးနေသည့်ပုံပေါ်လေသည်။ အချို့မှာ သေမင်းကဲ့သို့ ရက်စက်ကြမ်းကြုတ်ပုံရှိပြီး အချို့မှာမူ အနံဆိုးဆိုးများဖြင့် ဝန်းရံနေလေသည်။

တချို့လူများက တစ်ယောက်နှင့်တစ်ယောက် ဖက်နေကြသည်။ ကျုံးတာအိုမှာမူ ထိုမီးခိုးငွေ့တို့ကို အကာအကွယ်ပေးသည့် အလင်းလှိုင်းထနေသော ဒိုင်းဖြင့် ဝန်းရံထားပြီး တဆတ်ဆတ်တုန်လျက် နေရာတွင် ရပ်နေလေသည်။ သူ့မှာ သူပတ်လည်ရှိမြင်ကွင်းတို့ကို မယုံကြည်နိုင်အောင်ပင်ဖြစ်နေချေသည်။

“ဒါက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးလဲ။ မဖြစ်နိုင်တာ..။ လုံးဝမဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် ဒီလိုမှော်သိုင်းက ရှိနိုင်မှာတုံး” သူတို့နှလုံးအိမ်တွင် ပိုင်ရှောင်ချန်းကို အကြီးအကျယ်ကြောက်ရွံ့စိတ်များကိန်းအောင်းလာ၏။ သူက ရုတ်တရက် မြေခဓားကမ္ဘာချောက်ကို ပြန်တွေးပြီးနောက် အသံပြာကြီးဖြင့် အော်လိုက်သည်။ ပိုင်ရှောင်ချန်းမတိုက်ခိုက်နိုင်မီ သူက ကျောက်စိမ်းပေလွှာကိုထုတ်လိုက်ပြီး ဖိကာ အသက်ဝင်စေလိုက်သည်။

အက်ကွဲသံများဖြင့် ရောင်ခြည်ခုနစ်သွယ် ထွက်ပေါ်လာသည်။ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအင်ပေါ်ပေါက်လာကာ ကျုံးတာအိုကို ထွေးပတ်သွားပြီး တည်နေရာရွှေ့ပြောင်းလိုက်လေသည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးအိမ်ကျုံ့သွားသည်။ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများကို စစ်မြေပြင်မှ တည်နေရာရွှေ့ပြောင်းပေးနိုင်သည့် ကျောက်စိမ်းပေလွှာတို့မှာ မည်သည့်ဂိုဏ်းအတွက်မဆို များစွာတန်ဖိုးကြီးကြောင်း သူကောင်းကောင်းသိလေသည်။ အဖိုးပင် မဖြတ်နိုင်ပေ။သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးကို အမြန်ဖွင့်လိုက်ကာ ထွက်ခွာနေသည့် ကျုံးတာအိုထံ ရွှေရောင်အလင်းတန်းများ ပို့လွှတ်လိုက်သည်။

ရွှေရောင်အလင်းတန်းတို့က ကျုံးတာအိုကို ရိုက်ခတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူက သွေးပျက်စွာ အော်ဟစ်မြည်တမ်းလိုက်သည်။ သူက တည်နေရာရွှေ့ပြောင်းနေဆဲဖြစ်သော်လည်း ပိုင်ရှောင်ချန်း၏ ကောင်းကင်တံတားဓမ္မမျက်လုံးမှ ထွက်နေသော စွမ်းအားတို့က သူ၏ လက်မောင်းကို ဖတ်ခနဲလှမ်းဆွဲကာ ပခုံးမှ ဆုတ်ဖြဲပစ်လိုက်လေသည်။

ကျုံးတာအို ဖျတ်ခနဲပျောက်သွားသည်နှင့် တစ်ပြိုင်နက် ပိုင်ရှောင်ချန်း၏ နောက်လိုက်တစ်သိုက်က နောက်တွင်ကျန်ရှိနေခဲ့သည့် ကျင့်ကြံသူတို့ကို တိုက်ခိုက်ကြလေသည်။

ပေဟန်လဲ့က ဆိုးဆိုးဝါးဝါးအနံများလှိုင်နေလျက် ဗိုက်ကိုဖိနှိပ်နေသည့်အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံထဲမှတစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
“ကျုပ် ခင်ဗျားကို မှတ်မိတယ် ။ ရှေ့တန်းမှာတုန်းက အုပ်စုဖွဲ့ပြီး ကျုပ်ကို တိုက်တဲ့လူတွေထဲက တစ်ယောက်ပဲ”

ကျောချမ်းဖွယ်ပြုံးရင် သူက အနားသို့ သတ်ရန် ကပ်လာလေသည်။

ကျားလဲ့နှင့် နတ်ဆရာမှာ သတ်ဖြတ်လိုစိတ်များဖြင့် မှော်သိုင်းတို့ကို ထုတ်ဖော်နေကြသည်။

အခြားကျင့်ကြံအားလုံးသည်လည်း ထိုနည်းတူဖြစ်သည့်အပြင် သူတို့က ပူးပေါင်းကာ သူတို့အဖွဲ့မည်သည့်ဒဏ်ရာကြီးကြီးမားမားမှ မရစေရန် အသေအချာတိုက်နေကြသည်။

ပိုင်ရှောင်ချန်း၏ အဖွဲ့မှာ တိုက်ပွဲ၊ရန်ပွဲတို့ဖြင့် ဆွေမျိုးရင်းချာသဖွယ် အကျွမ်းတဝင်ရှိလာကြသည်။ မကြာခင် စိတ်ပျက်ဖွယ်အော်ဟစ်ညည်းညူသံများ ဆိတ်သုဥ်းသွားပြီး တိုက်ပွဲပြီးဆုံးသွားလေသည်။

ပိုင်ရှောင်ချန်းနောင်တရနေသည့်တစ်ချက်မှာ ကျုံးတာအိုလွတ်သွားခြင်းပင်ဖြစ်သည်။ ရွှီရှောင်ချန်းမှာမူ သူမြင်မြင်သမျှတို့ကြောင့် လုံးဝတုန်လှုပ်သွားပြီး အသက်ရှူရန်ပင် မေ့လျော့နေလေသည်။ ထို့နောက် သူက ဂိုဏ်းနှစ်ဂိုဏ်းလုံး၏ ကျင့်ကြံသူများမှာ တိုက်ပွဲတွင် အပေးအယူမျှတစွာ ပူပေါင်းနေကြကြောင်း သတိထားမိလိုက်သည်။ ပေဟန်လဲ့နှင့် နတ်ဆရာတို့ ရန်သူတစ်ယောက်ကို အတူတကွတိုက်ခိုက်နေသည်ကိုပင် သူမြင်လိုက်ရ၏။

“ဘယ်လိုများဖြစ်နိုင်တာတုန်း. ” သူက အံ့အားသင့်သွားပြီး ရှင်းရှင်းလင်းလင်းမြင်ရန် မျက်လုံးတို့ကို ပွတ်လိုက်သည်။

တစ်နာရီကြာပြီးနောက် စစ်မြေပြင်တွင် ပစ္စည်းများပြောင်တလင်းခါသွားပြီး ထိုအဖွဲ့မှာ ရှေ့သို့ချီတက်သွားကြသည်။ ရွှီရှောင်ရှန်းလည်း ပူးပေါင်းလိုက်ပြီး ပိုင်ရှောင်ချန်းနံဘေးတွင် မြှောက်ပင့်ဖားယားနေကာ ပျံသန်းနေလေသည်။

“သွေးကိုယ်တော် ညမုဆိုး၊ ခေါင်းဆောင်ငယ် ပိုင်ရှောင်ချန်း၊ ဂိုဏ်းတူ ဦးလေးပိုင်၊ အမ်း.. ခုနကလေ လူတိုင်းသုံးခဲ့တဲ့ မီးရောင်ဖြာစက်လုံးတချို့လောက် ကျုပ်ကိုပေးဖို့များ စဥ်းစားထားသေးလားဗျ”

ပိုင်ရှောင်ချန်းက သူ့ကိုယ်သူအလွန်ကျေနပ်နေလေသည်။သူက သူတို့အဖွဲ့အတူတကွ ကောင်းမွန်စွာ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ခြင်း၏ အောင်မြင်မှုအရသာကို ခံစားနေလေသည်။

” ဒါတွေအကုန်လုံးက ကျုပ်ရဲ့ ဆုလာဘ်အကြီးကြီးတွေပဲ… ”
သူက တစ်ကိုယ်တည်းသက်ပြင်းချလိုက်သည်။ ရွှီရှောင်ရှန်းကို လှမ်းကြည့်ကာ သူ၏ အင်္ကျီလက်ကို ခါလိုက်ပြီး မီးရောင်ဖြာစက်လုံးအနည်းငယ်ပစ်ပေးလိုက်သည်။

“ဒါတွေယူပြီး ပျော်လိုက်စမ်းပါ”

ရွှီရှောင်ရှန်းက မျှော်လင့်ချက်များဖြင့် ရင်တဒိတ်ဒိတ်ခုန်လျက် မီးရောင်ဖြာစက်လုံးတို့ကို မဝံမရဲယူလိုက်သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူအချို့နှင့်တိုးပြီး ထိုစက်လုံးတို့ကို သုံးရန် ဖင်တကြွကြွဖြစ်နေလေသည်။ သူက ထိုဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများကို ဝမ်းလျှောကပ်မိစ္ဆာ၏ အဆိပ်ငွေ့တို့က မည်မျှအံ့သြဖွယ်ကောင်းကြောင်း ပြမည်။

အချိန်တို့ ကုန်ဆုံးသွား၏ ။ နောက်ထပ်နှစ်လ ကျော်လွန်သွားလေပြီ။ စစ်ဖြစ်နေသည်မှာ တစ်နှစ်ခွဲပင်ရှိပြီးဖြစ်ကာ ထိုရှေ့မတိုးသာ၊နောက်မဆုတ်သာအခြေအနေမှာ မကျိုးပျက်သေးပေ။ ထို့အပြင် အသေးအဖွဲ့တိုက်ပွဲတို့က တျန်ကုံးဒေသတစ်လျှောက် တစ်စတစ်စပိုပိုများလာသည်။ ထိုတိုက်ပွဲအများစုမှာ အရေအတွက်အားဖြင့် ဒါဇင် သို့မဟုတ် ရာပေါင်းများစွာရှိသည့် အဖွဲ့များအကြားတွင်ဖြစ်သည်။

ပိုင်ရှောင်ချန်း၏ နာမည်မှာ ထိုအချိန်အတောအတွင်း ဟိုဟိုသည်သည် ကျယ်ပြန့်စွာ ပျံနှံ့နေလျက်ရှိသည်။ သူတိုက်လိုက်သည့် တိုက်ပွဲတစ်ခုစီတိုင်းက အောင်မြင်မှုဖြင့်သာ အဆုံးသတ်လေသည်။ နောက်ဆုံးတွင် သူ၏မီးရောင်ဖြာအဆိပ်စက်လုံးတို့သည်လည်း ကျော်ကြားလာ၏။စစ်ပွဲ၏ရှေ့တန်းရှိ ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းကျင့်ကြံသူတိုင်း ဝမ်းလျှောမိစ္ဆာ၏ ကြောက်မက်ဖွယ်နာမည်ဆိုးအကြောင်း မသိသူမရှိပေ။

ပေဟန်လဲ့၊ နတ်ဆရာနှင့် ကျားလဲ့တို့လည်း ထင်ပေါ်ကျော်ကြားလာကြသည်။ ရွှီရှောင်ရှန်းမှာမူ အဖွဲ့ကို အတော်နောက်ကျမှ ဝင်ရောက်လာသော်လည်း နာမည်ကြီးလာ၏။ သူက ပိုင်ရှောင်ချန်း၏ မီးရောင်ဖြာအလုံးတို့ အထူးသဖြင့် သွေးလေခြောက်ခြားစေသည့်အလုံးများအားချစ်မြတ်နိုးသွားပြီး အခြားသူများထက် ပို၍စိတ်အားထက်သန်စွာ အသုံးပြုလေသည်။

ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများနှင့် အခြားခေါင်းဆောင်များမှာသူတို့နောက်ဆုံးဌာနချုပ်တို့တွင် ပုန်းကွယ်နေကြပြီး မီးရောင်ဖြာအလုံးများအကြောင်းကိုလည်း ကြားကြလေသည်။သို့သော်လည်း သူတို့မှာ အံကြိတ်နေရုံသာတတ်နိုင်ပြီး သူတို့ထဲမှာ တစ်ဦးတစ်ယောက်မှ ထွက်မတိုက်ရဲကြပေ။

ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းစောင့်အကြီးအကဲများနှင့် အမွေဆက်ခံသူအဆင့်ကျင့်ကြံသူများပင်လျှင် စိတ်စွမ်းအင်နှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ကို့ ကြောက်လန့်နေမှုတို့အားမခါထုတ်နိုင်ပေ။ သူတို့အားလုံးမှာ နောက်ဆုံးခံစစ်တိုက်ပွဲတွင် မျက်နှာပြရန်သာစောင့်နေကြသည်။

အရာအားလုံးမှာ ရေဆူအမှတ်ထိပင်ရောက်နေသည်။ ပိုင်ရှောင်ချန်း၏ ဂုဏ်သတင်းမှာ ကြီးထွားလာပြီး သူ့နောက်လိုက်အဖွဲ့သည်လည်း ပုန်းကွယ်နေသည့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူအုပ်စုများကို သုတ်သင်ရှင်းထုတ်ရင်း အားမာန်အဟုန်များ ပိုပိုပြီး ကြီးထွားလာကြသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ခေါင်းဆောင်ကြီးတို့ပင်လျှင် ဖြစ်ပျက်နေသမျှအား အံ့အားသင့်နေကြလေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset