တျန်ကုံးဒေသတွင် စစ်ပွဲမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး အဆင့်သို့ရောက်သွားပြီဖြစ်သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ဘုံကျောင်း ဌာနချုပ် နှစ်ဆယ့်ကိုးခုတွင် နှစ်ဆယ့်ရှစ်ခုမှာ သိမ်းပိုက်ခံလိုက်ရပြီဖြစ်သည်။
နောက်ဆုံးဘုံကျောင်းမှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းပိုင်နက်၏ အစွန်းတွင်ရှိသည်။ ထိုဘုံကျောင်းကြီးမှာ နောက်ဆုံးခုခံမှုကြီးအလား မားမားမတ်မတ် ဟိတ်ဟန်အပြည့်နှင့် ရပ်တည်နေတော့သည်။
ထိုဘုံကျောင်းမှာ လောချိန်တောင်တန်းထက်ပင် ပို၍ ကြီးကျယ်ခမ်းနားသည့် တောင်စဥ်တန်းများ၏ အလယ်တည့်တည့်တွင် ရှိသည်။
ထိုတောင်စဥ်တန်းများမှာ အလယ်တစ်ဝက်တိတိနေရာတွင် ဧရာမဘီလူးကြီးက ပုဆိန်ဖြင့်ခုတ်ကာ ပိုင်းထားသည့်အလား ပြတ်တောက်နေသည်။ ထိုပြတ်တောက်နေသည့် နေရာတွင် ယခင်က ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမျိုးဆက်များက ကြီးကြီးမားမားပေးဆပ်ကာ မြို့ကြီးတစ်ခု တည်ထောင်ထားခဲ့ကြသည်။
ထိုမြို့သည် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ နောက်ဆုံးကျန်ရှိသော ဘုံကျောင်း ဌာနချုပ်ဖြစ်ပြီး လူသန်းနှင့်ချီ၍ ဆန့်ပေသည်။ ၎င်းကို မန္တန်အစီအရင်များစွာဖြင့်လည်း ကာကွယ်ထားသေးသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ အသက်ရှင်ကျန်ရစ်နေသည့် ကျင့်ကြံသူအားလုံးနီးပါးမှာ ထိုမြို့ထဲတွင် စုစည်းနေကြသည်။ ထိုနေရာမှာ နောက်ဆုံးတိုက်ပွဲနေရာဖြစ်ကြောင်း လူတိုင်းက သိကြပေသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတ်ို့၏ စစ်တပ်များက ထိုမြို့ကြီးကိုတိုက်ခိုက်နေသည်မှာ တစ်လတိတိရှိပြီဖြစ်သည်။ သူတို့က အံ့မခန်းတိုက်ကွက်များဖြင့် တိုက်နေပါသော်လည်း ဤနေရာသည် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ နောက်ဆုံး ခုခံမှုနေရာဖြစ်သည်။ တောင်စဥ်တန်း၏ အခြားတစ်ဖက်တွင် တပ်ပျက်နေသည့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားလက်ကျန်များကပါ တိုက်ခိုက်နေပါသော်လည်း ထိုမြို့ကြီးမှာ မကျဆုံးသေးချေ။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှာ အဆုံးထိမရရအောင် တောင့်ခံကာ ရှင်းကုံကျစ်တာအိုဂိုဏ်းက စိတ်မရှည်တော့ပဲ ဝင်ရောက်တားဆီးမည်ကို မျှော်လင့်နေကြသည်။
အောက်ဒေသတွင် ပြဿနာများ ကြာရှည်စွာဖြစ်ပွားနေပါက အလယ်ဒေသရှိ ကုံမြစ်ဂိုဏ်းခွဲမှာ ပို၍ကြာရှည်စွာ ပြင်ဆင်ချိန်ရသွားမည် မဟုတ်ပါလော။
ထို့ကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့၏ ခေါင်းဆောင်ကြီးများက လျှပ်တပြက်စစ်ဆင်နည်းတစ်ခုကိုသုံးကာ ဤစစ်ပွဲကို အလျင်အမြန်အဆုံးသတ်နေလိုခြင်းဖြစ်သည်။ သို့သော်လည်း သူတို့၏ အရှိန်အဟုန်မှာ ဤနောက်ဆုံး ဧရာမမြို့ကြီးတွင် ရပ်တန့်သွားရပြီဖြစ်သည်။
စစ်တပ်နှစ်ဖက်စလုံး ရှေ့မတိုးသာသည့် အချိန်ရောက်နေသည့်အချိန်တွင် ပိုင်ရှောင်ချန်းက သူ၏တာဝန်ကို ပြီးမြောက်သွားတော့သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ လက်ကျန်တပ်သားအများစုမှာ သုတ်သင်ခံလိုက်ရပြီဖြစ်သည်။ ထိုတာဝန်ထမ်းဆောင်စဥ်အတောအတွင်း ပိုင်ရှောင်ချန်းနှင့် သူ၏ နောက်လိုက်အယောက်နှစ်ရာ၏ အိတ်များထဲတွင် ကျင့်ကြံခြင်းပစ္စည်းများ အပြည့်ဖြစ်နေပြီဖြစ်သည်။
ဤအချိန်တွင် ထိုတစ်ဖွဲ့လုံးမှ ချမ်းသာကြွယ်ဝမှု အခိုးအငွေ့များ ထွက်နေပြီး သူတို့ရောက်သွားသည့်နေရာတိုင်းတွင် ခမ်းနားကြီးကျယ်နေတော့သည်။ အဆုံးတွင် ရှေ့တန်းသို့မရောက်ခင် နောက်ဆုံးနေရာဖြစ်သည့် လွင်ပြင်ကျယ်ကြီးဆီသို့ ရောက်သွားကြတော့သည်။
ထိုနေရာမှပင်လျှင် သူတို့မှာ တိုက်ပွဲ၏ အငွေ့အသက်များကို အာရုံခံနေနိုင်ပြီး မှော်အတတ်များမှ ထွက်လာသည့် တဂျုန်းဂျုန်းမြည်သံများကိုလည်း ကြားနေရသည်။
တိုက်ခတ်လာသည့် လေညင်းနှင့်အတူ သွေးညှီနံ့များပါ ပါလာပြီး သူတို့ရှေ့ရှိ လွင်ပြင်ကြီးထဲတွင် ရုပ်အလောင်းများ၊ သွေးကွက်များနှင့် ပြည့်နေတော့သည်။
ပိုင်ရှောင်ချန်းက လွင်ပြင်၏ အစွန်းတွင်ရပ်ကာ သူ၏ရှေ့ရှိမြင်ကွင်းကို သတိရှိရှိဖြင့် လေ့လာနေသည်။ ဤနေရာတွင် လက်အောက်ခံမျိုးနွယ်စုများ မရှိပေ။ ထို့အပြင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အဖွဲ့များက ဟိုဟိုသည်သည် ရွေ့လျားနေကြသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ အန္တရာယ်ကို ကောင်းစွာသိမြင်နိုင်စွမ်းရှိ၍ ဤလွင်ပြင်ကို ဖြတ်ကာ ရှေ့တန်းသို့ရောက်သွားပါက အန္တရာယ်များနှင့် ကြုံတွေ့ရမည်ကို မုချသိလေသည်။
ထိုအန္တရာယ်ရှိသည့် ခံစားချက်ကြီးမှာ သူ့အပေါ်တွင် လေးလံနေတော့သည်။ ကြမ်းကြုတ်လှသည့် တိုက်ပွဲများဖြစ်နေသဖြင့် ခပ်လှမ်းလှမ်းရှိ လေထုထဲတွင် ပေါ်လာသည့် တွန့်လိမ်မှုများကိုမြင်လိုက်ရသောအခါ ပို၍ပင်ဆိုးလေသည်။ သူက လောချိန်မျိုးနွယ်စု၊ မြေခဓားချောက်နှင့် သွေးသခင်နတ်မီးလျှံစမ်းသပ်ပွဲတုံးက အဖြစ်အပျက်များကို ပြန်တွေးမိသွားတော့သည်။
ပိုင်ရှောင်ချန်း တစ်ယောက်ထဲသာ သတိကြီးနေသည်တော့မဟုတ်ချေ။ သူ၏ ဘေးနားရှိ အခြားကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။ အထူးသဖြင့် ပေဟန်လဲ့၊ နတ်ဆရာနှင့် ကျားလဲ့တို့မှာ ပိုဆိုးသည်။ သူတို့သုံးယောက်မှာ ယခင်က ရှေ့တန်းသို့ရောက်ဖူးသည်ဖြစ်ရာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် တိုက်ခိုက်ရန်မှာ အင်မတန်အန္တရာယ်များကြောင်းကို သိသည်။ အကယ်၍ ပေါ့လျော့မိပါက အသက်ပင်ဆုံးသွားနိုင်သည်။
ဤစစ်ပွဲမှာ တစ်ဂိုဏ်းလုံး အမြစ်ပြုတ်သွားနိုင်သည့် စစ်ပွဲမဟုတ်ပါလော။ တိုက်ခိုက်ရာတွင် အလျှော့ပေးနေကြမည်မဟုတ်ပဲ တစ်ဖက်မဟုတ် တစ်ဖက်မှာ ပျက်သုဥ်းသွားရမည်သာဖြစ်သည်။
ယခုတွင် ပိုင်ရှောင်ချန်းမှာ ရွေးချယ်စရာနှစ်ခုရှိသည်။ပထမတစ်ခုမှာ သိမ်းပိုက်ထားသည့်နယ်မြေများဆီသို့ ပြန်သွားခြင်းဖြစ်သည်။ နောက်တစ်ခုမှာ ရှေ့တန်းအထိချီတက်ကာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ကျင့်ကြံသူများကို တိုက်ခိုက်ရန်ဖြစ်သည်။
” ငါတို့ဘာလုပ်ရမလဲ။”
သူက အသံကျယ်ကျယ်ဖြင့် အော်မေးလိုက်သည်။ သူ၏ အမြင်တွင် အရဲစွန့်ခြင်းမှာ အကောင်းဆုံးအရာမဟုတ်ချေ။ သူသာ ပေါ့လျော့မိပါက သူ၏ သနားစရာအသက်လေး ဆုံးရှုံးသွားနိုင်သည် မဟုတ်ပါလော။ ထို့ကြောင့် သူက ချောင်းဟန့်ကာ ဆိုလိုက်လေသည်။
” ငါတို့ နောက်ပြန်လှည့်မယ်ဆိုရင်….”
သူ့စကားပင်ဆုံးအောင် မပြောလိုက်ရချေ။ သူ၏ ဘေးနားရှိ ကျင့်ကြံသူများထံမှ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသဖြင့် သူ၏ နှလုံးခုန်သံများပင် မှားယွင်းသွားတော့သည်။ သူတို့မှာ တိုက်ခိုက်ရန် ဆာလောင်နေကြသည်။
လူတိုင်းက သူ့ကိုထူးဆန်းသည့်မျက်နှာများဖြင့် ကြည့်နေကြသည့်အခါ ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်လိုက်လေသည်။ သူတို့၏ အမူအရာမှာ ပိုင်ရှောင်ချန်း စောစောကပြောလိုက်သည့် ” ငါတို့နောက်ပြန်လှည့်မယ်ဆိုရင်…” ဟူသော စကားကို မယုံကြည်လောက်အောင် ဖြစ်နေခြင်းဖြစ်သည်။
ပေဟန်လဲ့မှာ မျက်မှောင်ကြုတ်သွားသည်။ နတ်ဆရာနှင့် ကျားလဲ့မှာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ နှလုံးခုန်ပင် ခေတ္တမျှရပ်သွားပြီး နောင်တများရလာတော့သည်။ သို့သော်လည်း သူက ဂုဏ်ယူနေသည့် အပြုံးတစ်ခုကို ဟန်ဆောင်ပြုံးလိုက်ကာ သူ၏ ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိုက်ပြီး သူ၏ စွမ်းအင်များကို မြှင့်တက်ေစလိုက်သည်။ ယခင်ကထက်ပင် ပို၍ မာကျောသည့်ပုံစံဖမ်းကာ သူ၏ အင်္ကျီလက်ကို ကဗျာဆန်ဆန်ခါယမ်းလိုက်ပြီး ဆိုလိုက်လေသည်။
” ငါတို့သာ နောက်ပြန်လှည့်မယ်ဆိုရင် ဘယ်လိုမျက်နှာနဲ့ အသက်ဆက်ရှင်ရမှာလဲ။ ငါတို့က ကျင့်ကြံသူတွေမလား။ ဘာလဲ သေရမှာကိုကြောက်နေကြတာလား။ ရှေ့တန်းကိုသွားပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို ချေမှုန်းရအောင်ဟေ့။”
ထို့နောက် သူက ရဲဝင့်စွာ ရယ်မောလိုက်တော့သည်။ သူ၏ဘေးနားရှိ ကျင့်ကြံသူများ၏ သတ်ဖြတ်လိုစိတ်များမှာလည်း တဟုန်းဟုန်း ပေါ်ထွက်လာသည်။
” ဒီနေ့စပြီး ငါတို့ရဲ့ အောင်လံတံခွန်တွေကို စစ်မြေပြင်ပေါ်မှာ လွှင့်ထူကြမယ်ဟေ့။”
သူက အားပါးတရ ရယ်မောကာ လွင်ပြင်ကြီးထဲသို့ ဝင်သွားတော့သည်။
ပေဟန်လဲ့၏ နှလုံးသားမှာ တုန်ရီသွားသည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး အားပါးတရရယ်မောကာ ပိုင်ရှောင်ချန်း၏နောက်သို့ လိုက်သွားတော့သည်။ ကျားလဲ့နှင့် နတ်ဆရာတို့မှာလည်း သံသယအနည်းငယ်လေးမှ မဝင်လိုက်ချေ။ သူတို့၏ အတွေ့အကြုံအရဆိုလျှင် သွေးသခင်ညမုဆိုးမှာ ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်ဖြစ်လေသည်။
ဂိုဏ်းနှစ်ဂိုဏ်း၏ အခြားကျင့်ကြံသူများမှာလည်း ကျယ်လောင်စွာရယ်မောနေကြပြီး မကြာမီ တစ်အုပ်စုလုံးမှာ လွင်ပြင်ကြီးကိုဖြတ်ကာ ရှေ့တန်းသို့သွားနေကြတော့သည်။
ပိုင်ရှောင်ချန်း၏ ဘေးတွင် လူတိုင်းက ဝန်းရံနေသဖြင့် သူ၏ပုံစံမှာ တမူထူးခြားနေသည်။ သို့သော်လည်း စိတ်ထဲတွင်မူ သူက ကြိတ်ကာ ငိုကြွေးနေတော့သည်။ သူက ရှေ့တန်းစစ်မျက်နှာသို့ လုံးဝမသွားလိုချေ။ သို့သော်လည်း သူ့တွင် တခြားရွေးချယ်စရာမရှိပေ။ ဘေးကျပ်နံကျပ်ထဲသို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူက သူ၏အဖွဲ့ကို ဦးဆောင်ကာ လွင်ပြင်ကိုဖြတ်ရင်း တစ်လမ်းလုံး အံကြိတ်သွားတော့သည်။
သူတို့ခရီးဆက်နေသည်မှာ ရက်အနည်းငယ်ကြာလာသောအခါ ပိုင်ရှောင်ချန်း၏ စိုးရိမ်စိတ်များမှာ ကြီးထွားလာသည်။ သစ်ကိုင်းတစ်ကိုင်း သို့မဟုတ် မြက်ပင်တစ်ပင်၏ လှုပ်ခတ်မှုတစ်ခု ကြောင့်ပင်လျှင် သူက လန့်၍ ထခုန်လုနီးပါးပင်ဖြစ်နေတော့သည်။ နေ့လယ်ခင်းတစ်ခုတွင် သူတို့၏ရှေ့ခပ်လှမ်းလှမ်းတွင် အလင်းတန်းဒါဇင်အနည်းငယ် ပေါ်ပေါက်လာသည်။
ထိုအလင်းတန်းများမှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများဖြစ်သည်။ သူတို့က ပိုင်ရှောင်ချန်းကို မြင်လိုက်သောအခါ သူတို့၏ အမူအရာမှာ ပြောင်းလဲသွားသည်။ သို့သော်လည်း သူတို့က နောက်မဆုတ်ပဲ တိုက်ခိုက်လိုစိတ်များပြင်းထန်နေသည့် မျက်နှာထားများပင် ဖြစ်ကုန်ကြတော့သည်။ ဒေါသနှင့် အမုန်းတရားများပြည့်နှက်နေသည့် လေသံများဖြင့် အော်ဟစ်ကာ သူတို့က လျင်မြန်စွာ ရောက်လာကြတော့သည်။
” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက လူတွေပဲကွ။ သူတို့ကို အသေသတ်ကြဟေ့။”
” သေကြစမ်း။” ထိုကျင့်ကြံသူဒါဇင်များစွာထဲတွင် ရှစ်ယောက်မှာ အခြေခိုင်မာခြင်းအဆင့်မှ ဖြစ်သည်။ သူတို့တစ်ဖွဲ့လုံးမှာ အသေအကျေတိုက်ခိုက်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ထိတ်လန့်သွားလေသည်။ သူ ပါးစပ်ပင် မဟလိုက်ရသေးသော်လည်း သူ၏ ဘေးနားရှိ ကျင့်ကြံသူတစ်ဝက်ကျော်ခန့်က တလက်လက် တောက်ပနေသော စက်လုံးများကို ပစ်လွှတ်လိုက်ကြသည်။ ထိုစက်လုံးများက ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများအနီးသို့ ရောက်သွားသောအခါ ပေါက်ကွဲသွားကြတော့သည်။
ထိုဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများထံမှ မတူညီသော တုံ့ပြန်မှုများ ထွက်လာကြသည်။ တချို့မှာ ရုတ်တရက် အသက်မဲ့သော မျက်ဝန်းများဖြင့် ဘေးဘီသို့ကြည့်နေကြတော့သည်။ တချို့မှာ အသံကုန် ရူးသွပ်စွာ အော်ဟစ်နေကြသည်။ တချို့မှာ သူတို့၏ လည်ချောင်းများကို ဆုပ်ကိုင်လိုက်ကြသည်။ တချို့မှာပုံရိပ်ယောင်များကို မြင်နေကြပြီး ဒယိမ်းဒယိုင်ဖြစ်နေကြတော့သည်။
သူတို့ ထိိုသို့ ကမောက်ကမဖြစ်နေချိန်တွင် ပိုင်ရှောင်ချန်း၏ ဘေးနားရှိ ကျင့်ကြံသူများက အရောင်လက်နေသည့်မျက်ဝန်းများဖြင့် ကြမ်းကြုတ်စွာ ပြုံးကာ ရှေ့သို့ ပျံသန်းသွားကြတော့သည်။ ထို့နောက် သူတို့ကို သတ်ဖြတ်နေကြသဖြင့် တအုန်းအုန်းမြည်သံများ ထွက်ပေါ်လာတော့သည်။
ထိုဖြစ်စဥ်တစ်ခုလုံးမှာ အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းစာမျှသာ ကြာလိုက်သည်။ သူ၏ စိတ်အားထက်သန်နေသော အဖွဲ့သားများက တိုက်ပွဲကိုရှင်းလင်းကာ အိတ်များကို သိမ်းဆည်းပြီး အထဲရှိပစ္စည်းများအား ကျန်အဖွဲ့ဝင်များနှင့် ဝေမျှနေသည်ကို ပိုင်ရှောင်ချန်းက ကြည့်နေတော့သည်။ သူဦးဆောင်သည့် အဖွဲ့မှာ ဝံပုလွေသို့မဟုတ် ကျားအုပ်တစ်အုပ်ကဲ့သို့ ကြမ်းကြုတ်လှကြောင်း ပိုင်ရှောင်ချန်းက ခံစားလိုက်ရတော့သည်။
ပိုင်ရှောင်ချန်းက သူ၏ ဝေစုကိုယူပြီးနောက် ကြေငြာလိုက်လေသည်။
” အရမ်းတော်တယ်။ ကျင့်ကြံသူတွေဆိုတာ ဒီလိုဖြစ်နေရမှာ။ ဒီနေရာက အခုမှ လောလောလတ်လတ် သိမ်းပိုက်လိုက်တဲ့ နေရာဖြစ်သွားပြီ။ ဒီက အမှိုက်တွေကိုရှင်းပြီး တျန်ကုံးဒေသမှာ ငါတို့ရဲ့ အမည်တွေကို တွင်စေလိုက်ရအောင်ဟေ့။”
ဘေးနားရှိ ကျင့်ကြံသူများ၏ အမူအရာများမှာ ဝင်းလက်တောက်ပသွားကြပြီး အနည်းငယ်အကြာတွင် သူတို့မှာ ခပ်လှမ်းလှမ်းသို့ ပျံသန်းသွားကြတော့သည်။
လတစ်ဝက်မှာ ကုန်ဆုံးသွားသည်။ ထိုအတောအတွင်း ပိုင်ရှောင်ချန်းနှင့် သူ၏အဖွဲ့မှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများနှင့် လေးခေါက်ငါးခေါက်ခန့် ဆုံတွေ့ခဲ့သည်။ သူတို့၏ လူအင်အားမှာ ဒါဇင်များစွာမှ ရာနှင့်ချီသည်အထိ ရှိကြသည်။
ပထမတွင် သူတို့က ကြမ်းကြုတ်သည့်ပုံစံပေါ်နေကြပါသော်လည်း တောက်ပနေသော စက်လုံးများကို သူတို့ဆီသို့ ပစ်လွှတ်လိုက်ချိန်တွင်မူ သူတို့တပ်ဖွဲ့မှာ ပျက်ပြားသွားရတော့သည်။ ပိုင်ရှောင်ချန်းနှင့် သူ၏ အဖွဲ့မှာ အခေါက်တိုင်းတွင် အနိုင်ရကြပြီး သူတို့၏ သတ်ဖြတ်လိုသည့် အငွေ့အသက်များမှာ ပို၍ ကြီးထွားလာကြသည်။
ယခုတွင် ပိုင်ရှောင်ချန်းက လုံးဝမတုန်လှုပ်တော့ချေ။ သူက တချိန်လုံး တောက်ပနေသည့် စက်လုံးများကို ပြန်လည်ဖြည့်တင်းပေးနေတော့သည်။ လမ်းတစ်လျှောက်တွင် တိုက်ပွဲများက ပိုမိုပြင်းထန်လာသည်။ တစ်ချိန်တွင် သူတို့က အယောက်သုံးရာခန့်ပါသည့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းအုပ်စုနှင့် ရင်ဆိုင်ခဲ့ရလေသည်။ ထိုတိုက်ပွဲမှာ ပြင်းထန်ပါသော်လည်း ပိုင်ရှောင်ချန်းတို့မှာ အလွယ်တကူ အနိုင်ရခဲ့သည်။
တောက်ပနေသော စက်လုံးများမှာ အလွန်အသုံးဝင်လှသဖြင့် ၎င်း၏ အစွမ်းကို ရှောင်ရှားနိုင်သည့် ကျင့်ကြံသူများမှာ မရှိသလောက်နည်းပေသည်။
ထိုသတင်းများမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ကပါ ကြားသည်အထိ ပျံ့နှံ့သွားတော့သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားများပင်လျှင် ဖြစ်ပျက်နေသည်များကို သိသွားတော့သည်။ သို့သော်လည်း စစ်ပွဲမှာ အရေးကြီးသည့် အချိန်သို့ရောက်နေသဖြင့် သူတို့မှာ ထိုကိစ္စကို အာရုံအပြည့်မစိုက်နိုင်ချေ။
ပိုင်ရှောင်ချန်းမှာ အလွန်အမင်း စိတ်လက်ပေါ့ပါးနေတော့သည်။ ယခုတွင် သူက သွေးဓားကြီးပေါ်တွင် ဇိမ်ကျစွာလဲလျောင်းနေတော့သည်။ သူ၏ဘေးနားတွင် အော်ဟစ်နေကြသည့် ကျင့်ကြံသူများဖြင့် ဝန်းရံနေတော့သည်။
” အလယ်တောင်ရဲ့ သွေးသခင်မှာ အဆုံးအစမဲ့ မှော်စွမ်းအားတွေရှိတယ်ကွ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ကောင်းကင်တာအိုကတန်ခိုးရှင်က တစ်လောကလုံးကို လှုပ်ရမ်းပစ်နိုင်တယ် ”
တချိန်တွင် ခပ်လှမ်းလှမ်း တစ်နေရာတွင် အလင်းတန်းတစ်ခုပေါ်လာသည်။ ထိုသူမှာ သူ၏လက်ထဲတွင် အဆောင်လက်ဖွဲ့စာရွက်များကို ဆုပ်ကိုင်ထားသည့် လူငယ်တစ်ယောက်ဖြစ်သည်။ သူသည် သွေးများအန်နေပြီး မျက်နှာမှာလည်း သွေးဆုတ်ဖြူဖတ်နေသည်။ သူ အခြေအနေမဟန်သည်မှာ အသိအသာပင်။ စက္ကန့်အနည်းငယ်ခြားစီတိုင်း သူက အဆောင်လက်ဖွဲ့စာရွက် တစ်ရွက်ချင်းစီကို ပစ်ပေါက်ကာ သူ့နောက်လိုက်နေသည့် လူများထံမှ ကာကွယ်နေတော့သည်။ ထို အဆောင်လက်ဖွဲ့စာရွက်များကြောင့်သာ သူနှင့် သူ့နောက်သို့လိုက်နေသည့်လူများအကြားတွင် အကွာအဝေးအနည်းငယ် ခြားနေရခြင်း ဖြစ်သည်။
သူ၏ နောက်တွင် ကပ်ပါလာသည်မှာ ရန်သူဘက်မှ ကျင့်ကြံသူ အယောက်နှစ်ရာခန့်ပါသည့် အုပ်စုကြီးဖြစ်သည်။
ထိုအုပ်စုကြီး၏ ရှေ့ဆုံးတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသည့် အခြားလူငယ်တစ်ယောက် ရှိသည်။ သူသည် အလယ်ပိုင်း အခြေခိုင်မာခြင်းအဆင့်တွင်သာ ရှိသေးပါသော်လည်း သူ၏ သတ်ဖြတ်လိုသည့် အခိုးအငွေ့များကြောင့် နှောင်းပိုင်း အခြေခိုင်မာခြင်းအဆင့်ထဲတွင် ရှိနေသည့်အလား ထင်နေရတော့သည်။
ပိုင်ရှောင်ချန်းက သူ့ကိုမြင်လိုက်သောအခါ မျက်လုံးပြူးသွားတော့သည်။
” ကျုံးတာအို ပါလား။”
ထို့နောက် လိုက်ဖမ်းခံနေရသည့် ကျင့်ကြံသူမှာ ရွှီရှောင်ရှန်းဖြစ်ကြောင်းကို သိလိုက်ရသောအခါ သူ၏ မျက်ဝန်းများမှာ အရောင်လက်သွားတော့သည်။
Like