လှိုဏ်ဂူကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးတို့က တောက်ပနေ၏။ သူက တစ်လှမ်းချင်းလှမ်းလာကာ လှိုဏ်ဂူနှင့် နီးနီးလာသည်။
သို့ရာတွင် သူက လှိုဏ်ဂူနှင့် ဆယ်ပေအတွင်း ရောက်လာချိန်၌ ခုနစ်ရောင်စုံနယ်မြေ၏ ကောင်းကင်ထက်တွင် ဧရာမဝဲကတော့ကြီး ပေါ်လာသည်။ ယင်းဝဲကတော့က လူတစ်ယောက်၏စိတ်ကို နှောက်ယှက်သည့် ထူးဆန်းသောအသံကို ဖန်တီးသည်။ လူအများက ထိုအသံကို ကြားရချိန်တွင် မမြင်ရသောမီးသည် သူတို့၏စိတ်နှလုံးများထဲတွင် မြင့်တက်လာပေမည်။
ဝမ်လင်းသည် ခေါင်းမော့၍ ကောင်းကင်ထက်တွင် ပေါ်လာသည့် ဝဲကတော့ကို စူးစိုက်ကြည့်လျက် သူ့ခန္ဓာကိုယ်မှာ တုန်ယင်၏။ သူ့အကြည့်က ဝဲကတော့ထဲ ထွင်းဖောက်သွားပြီး အလွန်အမင်းထူးခြားသည့် နန်းတော်ဗိမ္မာန်တစ်ခုနှင့်အတူ ကြယ်အဖွဲ့အစည်းတစ်ခုအား မြင်ရသည်။
ထိုနေရာတွင်ပင် သူ့အကြည့်က တန့်သွား၏။ ဝမ်လင်း၏စိတ်နှလုံးထဲတွင် ရူးသွပ်ဖွယ်ခံစားချက် ပေါ်လာ၏။ ထိုခံစားချက် ရောက်ရှိလာပုံက ထူးဆန်းလှကာ သူသည် ၎င်းကို ရပ်တန့်နိုင်ခြင်း မရှိပေ။
ဤအခိုက်အတန့်၌ ခုနစ်ရောင်စုံနယ်မြေ၏ ခုနစ်ရောင်စုံအလင်းက ပို၍ပင် သိပ်သည်းလာသည်။ လောကရှိခုနစ်ရောင်စုံအလင်းအားလုံးသည် ဝမ်လင်းထံ တိုးဝင်လာကြသည်။
ယင်းအလင်းတို့က သူ့အား ခြုံလွှမ်းပြီး သူ့ခန္ဓာကိုယ်ထဲ တူးဆွဝင်ရောက်သည်။
အသက်ရှုစာအနည်းငယ်အချိန်အတွင်း ခုနစ်ရောင်စုံအလင်းက ပို၍ သိပ်သည်းလာ၏။ ခုနစ်ရောင်စုံအလင်းများစွာ ဝမ်လင်းခန္ဓာကိုယ်အတွင်းသို့ တူးဆွဝင်ရောက်နေရင်း သူကတော့ မလှုပ်မယှက် ရှိနေ၏။
သူ့စိတ်ကို ဖော်ပြနိုင်စွမ်းမဲ့အားတစ်ခုက ဆုပ်ကိုင်ထားသည့်အလား သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိအောင် လုပ်သည်။
ခုနစ်ရောင်စုံအလင်းက ပိုပို၍ သိပ်သည်းလာပြီး သည်နယ်မြေ၏အလင်းအားလုံးက ဝမ်လင်းထံတွင် စုဝေးလာကြသည်။ ခုနစ်ရောင်စုံနယ်မြေ၏ ပြင်ပဒေသတွင် အလင်းဟူ၍ ဆက်မရှိတော့၊ အမှောင်ထု ကျရောက်သွားပေပြီ။
ခုနစ်ရောင်စုံအလင်းအားလုံးက ဝမ်လင်းထံသို့ မြန်မြန်ဆန်ဆန် သိပ်သည်းလာသည်။
ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ ရူးသွပ်မှုက ပိုအားကောင်းလာ၏။ တဖြည်းဖြည်းဖြင့် သူ့စိတ်က ရူးသွပ်မှုတို့ဖြင့် အတောမသပ် ပြည့်နှက်၏။
အတိတ်တုန်းက ချင်းရွှေ ရူးသွပ်သွားသလိုမျိုးနှင့် တူ၏။
ထိုရူးသွပ်မှုက ဝမ်လင်း၏မျက်နှာကို ရှုံ့တွလာစေသည်။ သူ့မျက်နှာပေါ်က သွေးကြောများကို ဖောင်းကားလာစေသည်။ သူ့မျက်လုံးကို နီရဲလာစေသည်။ သူက အော်သံပြုလိုက်၏။ ထိုအော်သံက သားရဲတစ်ကောင်၏အော်သံနှင့်တူကာ လောကတွင် ပဲ့တင်ထပ်သည်။ ၎င်းအသံက တုန်ဟိန်းသံအဖြစ် ပြောင်း၍ သည်နယ်မြေတစ်ခွင်သို့ ပြန့်နှံ့သည်။
ပိုပိုများပြားသည့် ခုနစ်ရောင်စုံအလင်းတို့က ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သည်။ သူ့ခန္ဓာကိုယ်က တုန်ခါ၍ သူသည် ရုန်းကန်လိုသည်။ သို့သော် သူ ပို၍ ရုန်းကန်လေလေ ရူးသွပ်မှုက ပိုပြင်းထန်လာလေပင်။
သူသည် ဆက်လက်၍ အော်ဟစ်သံ ပြုနေ၏။ အချိန်တိုအတွင်း သူသည် ချွေးများရွှဲနစ်လာသည်။ သူ့ဆံပင်များသည် လေမတိုက်ပါဘဲ လွင့်ဝဲနေ၏။ သူ့မျက်လုံးတို့က နီသထက်နီလာသည်။ ဝမ်လင်းသည် ရူးသွားခဲ့ပေပြီ။
သူ့စိတ်၊အသိစိတ်၊မှတ်ဉာဏ်များကို ဆုံးရှုံးသွားသည်။ သူ့ရှေ့ရှိ လောကသည် အနီရောင် ဖြစ်လာ၏။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိ၏။၎င်းအတွေးက သတ်…သတ်…သတ်…သတ်…ဟူ၍ပင်။
သက်ရှိအားလုံးကိုသတ်၊ လောကကိုပါသတ်။ ရန်လိုမှုသာ သူ့စိတ်နှလုံးထဲတွင် ပြည့်၏။ သည်အခိုက်အတန့်၌ လီမူဝမ် သူရှေ့တွင် ပေါ်လာခဲ့လျှင်ပင် သူသည် တုံ့နှေးချင်းမရှိ သတ်ပစ်ပေလိမ့်မည်။
ရူးသွပ်မှုက ဝမ်လင်း၏စိတ်ကို လုံးဝ ဖိနှိပ်သွားခဲ့သည်။ သူသည် သတ်ဖြတ်ချင်စိတ်သာ သိသည့် သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ တိုးလာလေလေ ရူးသွပ်မှုခံစားချက်ကလည်း ပိုပြင်းထန်လာသည်။
သည်အခိုက်အတန့်၌ ခုနစ်ရောင်စုံနယ်မြေ၏ ခုနစ်ဆယ်ရာခိုင်နှုန်း ခုနစ်ရောင်စုံအလင်းများသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ နယ်မြေတစ်ဝက်ကျော်ကို အမှောင်ထုက ကြီးစိုးသွားခဲ့ပေပြီ။
“အား…”
ဝမ်လင်းသည် အော်ဟစ်၏။ သူ့အမူအရာသည် တွေ့မြင်ရသူတိုင်းကို တုန်လှုပ်စေဖို့ရာ လုံလောက်၏။ ခုနစ်ရောင်စုံအလင်းက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာလျက် သူသည် သတ်ဖြတ်သူအဖြစ်သို့ ထာဝရ နစ်မြုပ်လေပြီလား။
သူ့ခန္ဓာကိုယ်ထဲတွင်လည်း အံ့မခန်းမူလစွမ်းအင်တို့ ပြည့်နှက်လာသည်။ သူသည် သူ့ခန္ဓာကိုယ်၏နာကျင်မှုကိုပါ မခံစားနိုင်တော့ပေ။ သူ့ထံ၌ သတ်ဖြတ်ရန်စိတ်သာ ရှိတော့၏။
သူ့ဘယ်မျက်လုံးထဲမှ မီးတောက်က ပျံသန်းထွက်လာပြီး သူ့ခန္ဓာကိုယ်ကို ခြုံလွှမ်းသည်။ သူ့ညာမျက်လုံးမှ မိုးကြိုးသည်လည်း ထိုးထွက်လာကာ သည်ဧရိယာကို ခြုံလွှမ်းသည်။ သူ ရှိနေသောတောင်က အပြင်းအထန် တုန်ခါ၏။
ခုနစ်ရောင်စုံအလင်းသည် တန့်မသွားပေ။ ဆက်လက် ရောက်ရှိလာ၏။ ပတ်ဝန်းကျင်လောကသည် မျက်စိရှေ့တွင်ပင် နက်မှောင်လာ၏။ သိပ်မကြာခင်တွင် ခုနစ်ရောင်စုံအလင်းများ ပျောက်ကွယ်ကာ အလင်းစက်တစ်စက်ပင် မကျန်ခဲ့တော့ပေ။
အလင်းအားလုံးကို ဝမ်လင်း၏ခန္ဓာကိုယ်က စုပ်ယူသွားပြီး သူ့ရူးသွပ်မှု၏ရင်းမြစ် ဖြစ်လာခဲ့သည်။
အလင်းဟူ၍ မရှိတော့သော ခုနစ်ရောင်စုံနယ်မြေ၌ ဝမ်လင်းက ရူးသွပ်စွာ အော်ဟစ်၏။ သူက သူ့ကိုယ်သူအပါအဝင် အရာအားလုံးကို ဖျက်စီးပစ်ချင်နေသည်။
“ဒါဟာ လောကမှာရှိတဲ့ အလှဆုံးမီးပဲ။ ဒါကို ဒေါသူပုန်ထခြင်းလို့ ခေါ်တယ်။ မင်းရဲ့ ဒေါသကို ယူဆောင်ပြီး မင်းရဲ့ စိတ်ဝိညာဉ် ဆူပွက်လာအောင် မင်းရဲ့ရူးသွပ်မှုကို အသုံးပြုပြီး ဒီအဘိုးအိုအတွက် တာအိုအဖြစ် ကြီးထွားလာတော့။ နောက်ဆုံးတာအိုဆန္ဒကိုပါ ထည့်ပေါင်း…ဒီအဘိုးအိုက မင်း ငါ့လက်ချောင်းကို လောင်ကျွမ်းပစ်နိုင်မလား တကယ် သိချင်မိတယ်။ မင်း လုပ်နိုင်မလား…”
ရှေးဟောင်းအသံတစ်ခုသည် ကောင်းကင်ထက်ရှိ ဝဲကတော့ထဲကနေ တဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ဝမ်လင်းသည် အသိစိတ်လွတ်သွား၏။သူ့ခန္ဓာကိုယ်က ပြိုလဲသွားသည်။ သူ့ခန္ဓာကိုယ်ကလွဲ၍ သူ့မူလစိတ်ဝိညာဉ်၊သူ့စိတ်ဝိညာဉ်၊ အရာအားလုံးသည် အနီရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူသည် လောင်ကျွမ်းလျက် လှိုဏ်ဂူထံ ဦးတည်သွားသည့်အလား။
လှိုဏ်ဂူအတွင်း၌ ဆူပွက်နေသည့်ချောရည်များ ရှိ၏။၎င်းချောရည်က အနက်ရောင်အခိုးအငွေ့များကို ပေးစွမ်းနေသည်။ ထို့အပြင် ချိန်းကြိုးများစွာလည်း ရှိနေ၏။ ချိန်းကြိုးတစ်ခုချင်းစီပေါ်တွင် အရိုးစုတစ်ခုကို ချိတ်ဆွဲထား၏။
လေထဲတွင်လည်း ကျောက်စိမ်းပြားများစွာ ရှိနေ၏။ထိုကျောက်စိမ်းပြားတစ်ခုစီပေါ်တွင် တာအိုစိတ်ဆန္ဒကို ချိပ်ပိတ်ထားသည်။
ငြီးသံများက ထိုကျောက်စိမ်းပြားများအတွင်းကနေ ထွက်ပေါ်နေခြင်းပင်။
ချောရည်များက မနက်ပေ။ အောက်ခြေကို ခပ်ရေးရေး မြင်ရ၏။ ထိုချောရည်များအောက်တွင် မရေမတွက်နိုင်သောစာလုံးများ ရေးထွင်းထားသည်။ ၎င်းတို့က ခပ်ဖျော့ဖျော့အလင်းကို ပေးစွမ်းနေ၏။ အလင်း လင်းလက်သွားတိုင်း တာအိုစိတ်ဆန္ဒတို့က ချောရည်များထဲ ဝင်ရောက်ကာ ယင်းစာလုံးများ၏ စုပ်ယူခြင်း ခံရသည်။
ထို့အပြင် အရိုးစုများထံမှလည်း အနက်ရောင်အရည်စက်များ တစက်စက်ကျ၍ ချောရည်ထဲ စီးဝင်သည်။ ထိုအဖြစ်က ချောရည်ကို ဆူပွက်စေ၏။
ဝမ်လင်းတဖြစ်လည်း အနီရောင်အလင်း ဝင်ရောက်လာခိုက်တွင် ကျောက်စိမ်းပြားအားလုံးမှာ ရုတ်တရက် ပျက်စီး၍ အဆုံးမဲ့တာအိုစိတ်ဆန္ဒတို့သည် ချောရည်ထဲ ဝင်ရောက်ကြသည်။ တစ်ချိန်တည်းမှာ အရိုးစုအားလုံးသည်လည်း ပျက်စီ၍ မြောက်များစွာသော အနက်ရောင်အရည်အဖြစ် ပြောင်း၍ ချောရည်နှင့် ပေါင်းစပ်သွားသည်။
ချက်ခြင်းလိုလို ချောရည်များထက်တွင် ပို၍ ဆူပွက်ကာ လေပူဖောင်းများစွာ ပေါ်လာသည်။ ချောရည်များသည် တဝီဝီ စတင်လှည့်လည်၍ အောက်ရှိ စာလုံးများသည် အရည်ပျော်ကာ အံ့မခန်းစုပ်အားတစ်ခုကို ဖန်တီးသည်။ ဝမ်လင်း ဝင်ရောက်လာချိန်၌ ၎င်းစုပ်အားက ဝမ်လင်းကို ဝါးမြိုသွားသည်။
ထိုချောရည်များက မြန်သထက်မြန်စွာ လှည့်ပတ်၏။တစ်ခဏအတွင်းမှာပင် ချောရည်ပူတို့က လှိုဏ်ဂူကို ထွင်းဖောက်ကာ ချိတ်ဆက်ထားသည့် ဟင်းလင်းပြင်နေရာတစ်ခုထံ လမ်းတစ်ခု ဖန်တီးဟန် ရသည်။
၎င်းဟင်းလင်းပြင်အတွင်း၌ မရေမတွက်နိုင်သောကြယ်များ ရှိပြီး ဧရာမအစီအရင်ကြီးတစ်ခု ဖြစ်တည်လျက် ရှိ၏။ ထိုအစီအရင်က ကြီးမားလွန်း၏။ အနည်းဆုံး မဟာမိတ်ကြယ်အဖွဲ့အစည်းတစ်ခုစာလောက် အရွယ်အစား ရှိမည်။
ကြယ်စုတစ်ခုစီတိုင်းက အစီအရင်၏အစိတ်အပိုင်း ဖြစ်၏။ အစီအရင်၏ဗဟိုချက်တွင် အပင်များနှင့် ဆင်တူသည့် အဖူးအပွင့်ခုနစ်ပွင့် ရှိသည်။ တစ်ပွင့်စီက မတူညီသောအရောင်ရှိကာ ခုနစ်ရောင်စုံသက်တံကို ဖြစ်တည်သည်။ ၎င်းတို့က ကြီးမားခြင်း မရှိဘဲ ပေထောင်ချီသာ ကျယ်၏။ ဤကြီးမားကျယ်ပြောလှသည့် အစီအရင်ကြီးနှင့် ယှဉ်ပါက ယင်းတို့က အရွယ်အစား မထင်မရှား ဖြစ်လွန်း၏။
သို့ရာတွင် သည်အစီအရင် တည်ရှိခြင်းက သည်အပင်ခုနစ်ပင်ကြောင့်သာ ဖြစ်သည်။ ကျယ်ပြောသည့်ဟင်းလင်းပြင်တစ်ခုလုံးနှင့်အစီအရင်က သည်အပင်ခုနစ်ပင်အတွက် အာဟာရများ ထောက်ပံ့လေသည်။
ကြယ်များ၏စွမ်းအား၊ မရေမတွက်နိုင်သောဂြိုဟ်များ၏စွမ်းအား၊ ခုနစ်ရောင်စုံနယ်မြေကဲ့သို့ များစွာသောဟင်းလင်းပြင်အက်ကြောင်းများကလည်း အဆုံးမဲ့တာအိုကို စုပ်ယူသည်။ ထို့နောက် ထိုတာအိုကို အာဟာရများအဖြစ် ပြောင်းလဲပြီး အပင်ခုနစ်ပင် ကြီးထွား၊ဖူးပွင့်၊နောက်ဆုံး သီးသည့်အထိ အထောက်အပံ့အာဟာရ ဖြစ်စေမည်။
ထိုကြယ်အဖွဲ့အစည်းက မတည်ရှိပေ။ သို့သော် တစ်စုံတစ်ယောက်က ချိပ်ပိတ်ခြင်းအစီအရင် ဝန်းပတ်ထားသည့် ဤဟင်းလင်းပြင်ကို အစွမ်းထက်မန္တာန်တစ်ခု အသုံးပြု၍ ဖန်တီးခဲ့ပြီး ၎င်းအစီအရင်၏ အစိတ်အပိုင်း ဖြစ်လာစေခဲ့ခြင်းပင်။
ထိုအရာက တာအိုစိုက်ပျိုးခြင်းပင်။
သည်စိုက်ပျိုးမှုက မရေမတွက်နိုင်သောနှစ်များကြာအောင် ဆက်ဖြစ်နေမည်။ ၎င်းသည် ချိပ်ပိတ်နယ်မြေတွင် သေဆုံးခဲ့သူများ၏ တာအိုစိတ်ဆန္ဒအားလုံးကို ဆက်တိုက်ဆိုသလို စုပ်ယူနေမည်။
ရှေးဟောင်းကောင်းကင်ဘုံသားများ အချိန်ကာလက သူတို့ထံတွင် တာအို မပိုင်ဆိုင်ခဲ့ပေ။ထို့ကြောင့် ဤအစီအရင်က ဥပဒေသများကို စုပ်ယူပြီး ထိုကောင်းကင်ဘုံသားများအတွက် အာဟာရများအဖြစ် ကျင့်ကြံစေသည်။ ရှေးဟောင်းကျင့်ကြံသူများ၏အချိန်ကာလအတွင်း မည်သည့်ဥပဒေသမှ မရှိခဲ့ပေ။ ထို့ကြောင့် သည်အစီအရင်က ရှေးဟောင်းကျင့်ကြံသူများ၏မူလစွမ်းအင်ကို အာဟာရအဖြစ် စုပ်ယူခြင်းပင်။
တာအိုသစ်သီး ဖြစ်ပေါ်လာဖို့အတွက် သည်အပင်ခုနစ်ပင်ကို အားသစ်သွန်းလောင်းစေရန် နည်းလမ်းများစွာ အသုံးပြုထား၏။
ကြက်သွေးနီရောင်အပင်ပေါ်တွင် ထိုင်နေသည့်အရိုးစုတစ်စု ရှိ၏။ ထိုအရိုးစုပေါ်တွင် မရေမတွက်နိုင်သော ရွှေရောင်စာလုံးများစွာ ရေးထွင်းထားသည်။ ထိုစာလုံးများက အနက်ရောင်အလင်းကို ပေးစွမ်းပြီး အပင်များ၏ မြန်ဆန်စွာ စုပ်ယူခြင်းကို ခံရသည်။
ထိုကြက်သွေးနီရောင်အပင်ထံ၌ ကြက်သွေးနီရောင်ရှိသည့် နူးညံ့သောရိုးတံများ ပိုင်ဆိုင်ထား၏။သို့သော် ရိုးတံအများစုက ကြွေကျ၍ အနည်းငယ်သာ ကျန်သည်။ ထိုရိုးတံအားလုံး ကြွေကျသွားသည့်အခါ အနီရောင်အဖူးအပွင့်က ယင်းအပင်၏သစ်သီးအဖြစ် သီးလာပေမည်။
သည်အခိုက်အတန့်၌ အက်ကြောင်းတစ်ခု သည်အဖူးအပွင့်ဘေးတွင် ပေါ်လ၏။ ယင်းအက်ကြောင်းကနေ အနီရောင်အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ ထိုအလင်းတန်းထဲ၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့်စိတ်ဝိညာဉ် ပါ၏။ ၎င်းအလင်းတန်းက အရိုးစုဘေးရှိ အပင်ထဲသို့ စုပ်ယူခြင်း ခံရသည်။
ထိုအပင်သည် နောက်ဆုံးကျန်သည့်အာဟာရကို စုပ်ယူပြီးသွားသကဲ့သို့ အပင်ထံမှ လက်ကျန်ရိုးတံများသည် ကြွေကျကာ သည်နေရာဗဟိုချက်သည် ထူးဆန်းစွာဖြင့် စတင် ရွှေ့လျားသည်။ ကြက်သွေးနီရောင်သစ်သီးတစ်လုံး ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတော့၏။
အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ အချိန်မည်မျှ ကုန်သွားမှန်း မသိရပေ။ ကြည့်ရသည်မှာ ထာဝရအထိတိုင်လား။
၎င်းအပင်ထက်ရှိ အက်ကြောင်းက ဖြည်းဖြည်းချင်း ပြန်ကျုံ့ကာ လွင့်ပါးပျောက်ကွယ်သွား၏။
ဝမ်လင်းသည်လည်း ထိုအပင်ထဲတွင် ပျောက်ကွယ်နေလေ၏။ အပင်ထဲ သူ ရှိနေသောနေရာတွင် အနီရောင်အရည်ဖြင့် ပြည့်၏။ သူ့ဘေးရှိ အရိုးစုလည်း ပျောက်ကွယ်သွားခဲ့သည်။ ၎င်းက ခရမ်းရွှေရောင်အရည်အဖြစ်ပြောင်းကာ အနီရောင်အရည်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။
အချိန်ကုန်နေ၏။ တစ်နှစ်၊ဆယ်နှစ်၊နှစ်နှစ်ဆယ်၊နှစ်လေးဆယ်….
အချိန်ကုန်နေသည်မှာ ကြာလွန်းသလှဟု ထင်ရ၏။
အနီရောင်အရည်များကလည်း နည်းသထက်နည်းလာကာ ထိုအပင်ကြီးထွားဖို့ရာအတွက် အာဟာရဓာတ် ဖြစ်လာသည်။ အရည်များ လျော့နည်းနေရင်း အပင်က တဖြည်းဖြည်း ကြီးထွားလာသည်။
သည်လိုဖြင့် အချိန်ကုန်သည်မှာ နှစ်ပေါင်း(၉၈)နှစ် ကြာလာခဲ့ပေပြီ။
“မီးက ငါ့လက်ချောင်းကို လောင်ကျွမ်းနိုင်မလားလို့ သင် ငါ့ကို တစ်ခါ မေးခဲ့ဖူးတယ်။ ခု ငါ သင့်ကို အဖြေပေးမယ်…မလောင်ကျွမ်းနိုင်ဘူး…” ရှေးဟောင်းအသံတစ်ခု ကြယ်အဖွဲ့အစည်းတစ်ခုအတွင်း ပဲ့တင်ထပ်သည်။
ခုနစ်ရောင်စုံအပင်တွေထဲက တစ်ပင်ကနေ သစ်သီး သီးလာတော့မယ်။ အခြားသစ်သီးခြောက်လုံးလည်း သိပ်မဝေးလှတော့ဘူး။ အတိတ်တုန်းက ဒီအဘိုးအိုဟာ အုပ်စိုးသူရဲ့ လှည့်ဖျားတာ ခံခဲ့ရတယ်။ အုပ်စိုးသူဟာ ငါ့ကို လေဟာနယ်အတိဒုက္ခနယ်ပယ်ကို မရင်ဆိုင်ဖို့၊ ကျင့်ကြံတာရပ်ပစ်ဖို့ လှည့်စားခဲ့တာပဲ။ ငါက ကောင်းကင်ဘုံနင်းခြေခြင်းအဆင့်(ကျင့်ကြံခြင်း၏စတုတ္ထမြောက်အဆင့်) အမှန်တကယ် တည်ရှိလား ဆိုတာ မရှာဖွေဖို့ ရွေးချယ်ခဲ့မိတယ်။ အဲ့အစား ငါဟာ ဒီအနီရောင်အပင်ကို ပြုစုပျိုးထောင်တဲ့သူပဲ ဖြစ်ချင်ခဲ့တယ်။ သူ့ကောင်းကင်ဘုံအစီအရင်ရဲ့ မျှော်လင့်ချက်အားလုံးဟာ အောင်မြင်လာတော့မယ်။ ကြည့်ရတာ အဲ့နေ့ဟာ သိပ်အလှမ်းမဝေးတော့မယ့်ပုံပဲ…”
***
ပီးပီ
Good