Switch Mode

အပိုင်း (၁၂၆၇)

အံ့အားသင့်ဖွယ်အရသာနှင့်မျှော်လင့်ချက်

လောကသည် ပြိုလဲပျက်စီးနေစဉ် ဝမ်လင်းသည် နေရာတွင် ဒူးထောက်လျက် ရှိနေဆဲ ဖြစ်သည်။ လောကပြိုလဲပျက်စီးမှုကလည်း သူ့အာရုံကို မစွဲဆောင်နိုင်ပေ။ တုန်ဟည်းသံများ အချိန်အတန်ကြာသည့်အထိ ရှိနေ၏။ ဝမ်လင်းက ခေါင်းမော့လာသည်။ သူ့မျက်နှာထက်တွင် မျက်ရည်များစီးကျလျက် ရှိသည်။ သို့သော် သူ့မျက်လုံးများသည် ကြည်လင်မှုဖြင့် ပြည့်နှက်၏။

“ဒါက ခုနစ်ရောင်စုံနယ်မြေပဲ။ သင်က ငါ့ကို နာကျင်လှတဲ့အတိတ်ကို အတင်းအကြပ် ပြန်မှတ်မိစေတယ်။ ဒီအတွက် သင့်အသက်နဲ့ ပြန်ပေးဆယ်ရမယ်…” ဝမ်လင်း၏အသံသည် တိုး၏။ သို့သော် သူ့စကားလုံးတိုင်းတွင် ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပါဝင်သည်။

သူ့အသံ ထွက်ပေါ်လာချိန်၌ တုန်ဟည်းသံများ ပိုပြင်းထန်လာသည်။ ကောင်းကင်က စုတ်ဖြဲခံရ၏။ အပြာရောင်ကောင်းကင် ဆက်မရှိနေတော့ချေ။ ထိုအစား ခုနစ်ရောင်စုံနယ်မြေ၏ကောင်းကင်က အစားထိုးသည်။

မြေပြင်ထုသည် တုန်ယင်၏။ တစ်လွှာပြီးတစ်လွှာ ပျက်စီးသည်။ နောက်ဆုံးတွင် တစ်လွှာချင်းပျက်စီးသည့် ကုန်းမြေဟာ မီးဖြင့် အစားထိုးခံရသည်။၎င်းက ခုနစ်ရောင်စုံနယ်မြေ၏ ကုန်းမြေ ဖြစ်၏။

ဆံဖြူအဘိုးအို၏ရင်ဘက်က သွေးများစွန်းထင်းနေ၏။ သူ့ပါးစပ်ထောင့်ကနေလည်း သွေးများစီးကျလျက် ရှိသည်။ သူ့မျက်လုံးများသည် ဝေဝါး၏။ မယုံကြည်နိုင်ဟန်ဖြင့် ပြည့်၏။ တုန်လှုပ်နေ၏။ အမှန်တော့ သူသည် ဝမ်လင်း၏မှတ်ဉာဏ်များထဲ၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို တွေ့မြင်ရချိန်တွင်ပင် သူ့တာအိုမန္တာန်က ပျက်စီး၏။ သူ့အသက်ဓာတ်မှာ ငြှိမ်းသေသွားခဲ့လေပြီ။ သူသည် ကြောက်ရွှံ့မှု၊တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်သွားသည်။

ထို့နောက် တာအိုမန္တာန် ပျက်စီးသွားချိန်တွင် သူက ဝမ်လင်း၏ဂျိနယ်ပယ် မွေးဖွားလာသည်ကိုလည်း တွေ့မြင်၏။ ထိုအဖြစ်က သူ့ကို သွေးအန်စေကာ အလွန်အမင်းအားနည်းသွားစေသည်။ သူ့ စဉ်းစားဉာဏ်ပါ ဆုံးရှုံးသွားလုနီး ဖြစ်ရ၏။ ထိုအဖြစ်က သူ့တာအိုမန္တာန်သည် ဂျိနယ်ပယ်ကို တိုက်ခိုက်လာရတော့၏။ သူ့တာအိုမန္တာန်သည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကိုလည်း ဆန့်ကျင်ရသည်။ သူ့ထံ၌ အနိုင်ရဖို့ အခွင့်အရေး မရှိတော့ပေ။

ဝမ်လင်းသည် ခေါင်းမော့လာ၏။ သူက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် စကားလုံးများကို ပြောဆိုပြီးနောက် အဘိုးအိုထံ လျှပ်စီးတန်းအလား တိုးဝင်သည်။ သူ့လက်ချောင်းများဖြင့် ဓားတစ်လက်အသွင် ဖြစ်ပေါ်စေကာ အဘိုးအို၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။

အဘိုးအို၏ခန္ဓာကိုယ်သည် တုန်ခါ၍ သူ့ဦးခေါင်းကနေ သွေးများပန်းထွက်ကုန်၏။ ဝမ်လင်းသည် ထိုမျှနှင့် မရပ်၊ ဆက်တိုက်ဆိုသလို ခြောက်ကြိမ်တိတိ လက်ညွှန်၏။

အဘိုးအို၏လက်များ ပျက်စီး၏။ ခြေထောက်များ ပျက်စီး၏။ မျက်စိတစ်မှိတ်အတွင်း သူ့ခန္ဓာကိုယ်သည် သွေးအပုံလိုက် ဖြစ်သွားရလေပြီ။

မြူများအတွင်း၌ အဘိုးအို၏မူလစိတ်ဝိညာဉ်က ကြောက်လန့်တကြား အော်ဟစ်လျက် ခုနစ်ရောင်စုံအလင်းဖြင့် ဝန်းရံထားပြီး အကွာအဝေးတစ်ခုသို့ ထွက်ပြေးလေသည်။

ဝမ်လင်းသည် သူ့နောက်သို့ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် လိုက်လာ၏။ သူက နောက်ကလိုက်နေရင်း အဘိုးအိုထံ လက်ညွှန်သည်။ သူ ထိုသို့ လက်ညွှန်လိုက်တိုင်း ခုနစ်ရောင်စုံအလင်းက တုန်ခါသွားသည်။ အဘိုးအို၏မူလစိတ်ဝိညာဉ်က နာကျင်ထိတ်လန့်စွာ အော်ဟစ်သံများ ပြုလျက် အားနည်းသထက်အားနည်းလာသည်။

ဝမ်လင်းက အဘိုးအိုအနောက်တွင် နီးကပ်စွာ လိုက်လာ၏။ သူ လူတစ်ယောက်ကို ထိုမျှ သတ်ချင်စိတ် မရှိတာ အချိန်ကြာခဲ့ပြီ ဖြစ်၏။ သူ့မှတ်ဉာဏ်များကို ပြန်မြင်ယောင်စေခဲ့၊နိုးကြွစေခဲ့သူတိုင်းသည် သူ့အဓိကအစိတ်အပိုင်းကို လာထိပါးခြင်း ဖြစ်သည်။ ထိုသူ သေရပေမည်။

သူ နောက်ကနေ လိုက်လာရင်း ခုနစ်ရောင်စုံအလင်းများဖြင့် ဝန်းရံထားသည့် အဘိုးအိုက တောင်တစ်ခုထံ ဦးတည်သည်။ သူက အလွန်အမင်း ကြောက်နေ၏။ သူ့စိတ်နှလုံးထဲတွင် အလန့်တကြား အော်ဟစ်နေမိသည်။

“အုပ်စိုးသူ…အကျွန့်ကို ကယ်ပါ…။ အုပ်စိုးသူ…အကျွန့်ကို ကယ်ပါ…”

“ရပ်စမ်း…” ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှုက ပိုအားကောင်းလာသည်။ သူက သူ့ညာလက်ကို ဝေ့ယမ်းသည်။ ခုနစ်ရောင်စုံအလင်းသည် ရုတ်တရက် တန့်သွား၏။ သည်အခိုက်အတန့်တွင် ဝမ်လင်းက တိုးဝင်လာ၏။ သူ့လက်နှစ်ချောင်းက ခုနစ်ရောင်စုံအလင်းကို ဖြတ်သန်းလာပြီး အဘိုးအို၏မူလစိတ်ဝိညာဉ်ပေါ်သို့ တိုက်ရိုက်ကျရောက်သည်။

ဘန်းခနဲ ပေါက်ကွဲ၏။ အဘိုးအို၏မူလစိတ်ဝိညာဉ်က ပျက်စီးလုနီးပါး ဖြစ်ရ၏။ သို့ရာတွင် တကယ်တော့ သူသည် နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူ ဖြစ်သည်။ သူက ဒဏ်ရာအပြင်းအထန် ရထား၏။ သို့သော် သူက လက်မလျှော့ဘဲ ပိုမြန်မြန် ထွက်ပြေးနိုင်ရန် ရုန်းကန်သည်။

ဝမ်လင်းသည် ကောင်းကင်ထက်ကို ကြည့်၍ မာန်သွင်းအော်ဟစ်၏။ အပြာရောင်မီးတောက်တစ်ခု သူ့ဘယ်မျက်လုံးထဲတွင် ပေါ်လာသည်။ သူ့အပြာရောင်မီးတောက်ကို ချိပ်ပိတ်ထားသည့် ချိပ်တံဆိပ်က တုန်ခါ၍ ပျက်စီးသွားတော့၏။

ချိပ်ပိတ်မှု လွင့်ပြယ်သွား၏။ ဝမ်လင်းက မီးပင်လယ်ဖြင့် ဝန်းရံထားသည်။ သူက ရှေ့သို့ လက်ညွှန်၏။ ကြောက်မက်ဖွယ်မီးတောက်များက အဘိုးအိုကို ဝန်းရံထားသည့် ခုနစ်ရောင်စုံအလင်းထံ တိုးဝင်လာသည်။

ယခုချိန်တွင် ဆံဖြူအဘိုးအို၏မူလစိတ်ဝိညာဉ်က ဆိုးရွားစွာအားနည်းနေပေပြီ။ သူ့ဘေးပတ်လည်ရှိ ရောင်စုံလေးရောင်က လွင့်ပြယ်သွားသည်။

ထိုအခိုက်မှာပင် ဝမ်လင်း၏ညာမျက်လုံးထဲတွင် လျှပ်စီးအမှတ်အသားတစ်ခု ပေါ်လာသည်။ ၎င်းအမှတ်အသားပေါ်တွင်လည်း ချိပ်ပိတ်မှု တစ်ခုရှိ၏။ သို့သော် အချိန်အနည်းငယ်ကြာ ရုန်းကန်ပြီးနောက် ၎င်းချိပ်ပိတ်မှုသည် ပျက်စီးသွားသည်။ ချိပ်ပိတ်မှု မရှိတော့သည်နှင့် မိုးကြိုးသည် ထိုးထွက်လာ၏။ မီးနှင့်အတူ ကခုန်သည်။

အဆုံးမဲ့မိုးကြိုးတန်းများက တဝီဝီအသံပေးလျက် မီးများကို ဖြတ်သန်းလာ၏။ ၎င်းတို့အားလုံးက ဝမ်လင်း၏ထိန်းချုပ်မှုဖြင့် အဘိုးအိုထံ ဦးတည်သည်။

ထိုအခါ အဘိုးအိုပတ်လည်ရှိ ကျန်သည့်အရောင်သုံးခုလည်း အလင်းစက်များစွာအဖြစ် ပျက်စီးသွားတော့သည်။ ခုနစ်ရောင်စုံအလင်းအကာအကွယ်မရှိတော့သည်နှင့် အဘိုးအို၏မူလစိတ်ဝိညာဉ်က အပြာရောင်မီးနှင့်မိုးကြိုးတို့နှင့် ထိတွေ့၏။

“မဟုတ်ဘူး…အုပ်စိုးသူ…ငါ့ကို ကယ်ပါ…” အဘိုးအို၏အမူအရာမှာ သေလောက်အောင် ကြောက်ရွှံ့နေသည်။

သည်အခိုက်အတန့်တွင် သူသည် ခုနစ်ရောင်စုံနယ်မြေ အတွင်းနက်ပိုင်းရှိ တောင်ထံသို့ ရောက်လာခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် သူ နီးကပ်သွားရုံရှိသေး ဝမ်လင်းက မာန်သွင်းအော်ဟစ်၏။ အပြာရောင်မီးတောက်က ချက်ခြင်း ထိုးထွက်ကာ သူ့မူလစိတ်ဝိညာဉ်ကို ဝန်းရံသွား၏။

အဝေးမှကြည့်ပါက အဘိုးအို၏မူလစိတ်ဝိညာဉ်ကို တွေ့မြင်ရဖို့မှာ မဖြစ်နိုင်တော့ပေ။ အပြာရောင်မီးတောက်ပင်လယ်ကိုသာ မြင်ရနိုင်၏။ အဘက်ဘက်မှ တိုးဝင်လာသည့် မိုးကြိုးတန်းများကလည်း အဘိုးအို၏မူလစိတ်ဝိညာဉ်ထံ စုရုံးလာ၏။

မိုးကြိုး စုဝေးလာခိုက် လောကရှိမီးအားလုံးသည်လည်း ပိတ်မိနေသည့်အဘိုးအိုထံ စုဝေးလာပြန်သည်။

ထိုအရာများအားလုံးက မြန်ဆန်စွာ ဖြစ်ပွားခဲ့၏။စိတ်ကူးနိုင်သည်ထက်ပင် မြန်၏။ လောကရှိမီးအားလုံးက ရုတ်တရက်ကြီး တစ်နေရာတည်း စုဝေးကြခြင်း၊ မိုးကြိုးများလည်း ထို့အတူသာပင်။ မီးနှင့်မိုးကြိုးတို့က ပူးပေါင်လိုက်ခြင်းလော။

မီးနှင့်မိုးကြိုးတို့ တစ်နေရာတည်း စုဝေးကာ တစ်ခုနှင့်တစ်ခု ထပ်သွားချိန်၌ လောကသည် တုန်ခါ၏။ ကောင်းကင်တုန်လှုပ်စေမည့် မြည်ဟည်းသံများ ပဲ့တင်ထပ်သည်။ ခုနစ်ရောင်စုံနယ်မြေသည် နောက်တစ်ကြိမ် ပျက်စီးပြန်၏။

အပြာရောင်မီးတောက်တိုင်လုံးသည် ကောင်းကင်ဘုံကို ထွင်းဖောက်မည့်အလား ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ ထိုမီးတိုင်၏ အတွင်းအပြင်တွင် မရေမတွက်နိုင်သော မိုးကြိုးတန်းများ ပြည့်နှက်ကာ အပြာရောင်မီးတောက်တိုင်လုံးကို ထပ်၍ မိုးကြိုးတိုင်လုံးတစ်ခု ဆင့်ဖြစ်သည်။

ထိုမြင်ကွင်းကို ခုနစ်ရောင်စုံနယ်မြေ၏ နေရာတိုင်းကနေ တွေ့မြင်နိုင်သည်။

ခုနစ်ရောင်စုံနယ်မြေအတွင်း၌ ချန်ထျန်ကျွင်းက သည်တုန်ဟည်းသံများကြောင့် သူ့နားပင် ကန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။သူ့ခန္ဓာကိုယ်၊မူလစိတ်ဝိညာဉ်တို့သည် တုန်ယင်၏။ ကြောက်ရွှံ့မှုနှင့် ရောယှက်သည့် တုန်လှုပ်မှုက သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်နေသည်။ ထိုခံစားချက်က ငြိတွယ်ကာ ပျောက်ကွယ်သွားတော့မည် မဟုတ်ပေ။

သူက အကွာအဝေးတစ်ခုရှိ မီးနှင့်မိုးကြိုးတိုင်လုံးတို့ကို မင်သက်စွာ ငေးကြည့်မိနေ၏။ သူ့လည်ချောင်းသည်ပင် စေးကပ်နေကာ မျက်နှာက ဖြူရောသည်။

“နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်တစ်ယောက်ကို သတ်ပစ်လိုက်တာ…သူ့နာမည်ဟာ တိမ်ပင်လယ်မှာ ကျော်ကြားလာတော့မှာပဲ။ ငါ ချန်ထျန်ကျွင်းက သူ့မန္တာန်ကို မျက်မြင်တွေ့ခွင့်ရလိုက်တဲ့အတွက် ဂုဏ်ယူမိတယ်…”

အကွာအဝေးတစ်ခုရှိ အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုသည်လည်း မီးနှင့်မိုးကြိုးတိုင်လုံးတို့ကို စူးစိုက်ကြည့်နေမိသည်။ သူမ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ရှိနေသည်။ သူမသာ ဆံဖြူအဘိုးအို သို့မဟုတ် ဝမ်လင်းဖြင့်သာ ရင်ဆိုင်ရခဲ့ပါက သံသယမရှိသေဆုံးရမည်ဟု ရှင်းလင်းစွာ ခံစားမိသည်။

သူမသည် ဝမ်လင်းနှင့်ရန်သူ ဖြစ်ခဲ့သည်အကြောင်းကို တွေးမိကာ မကြောက်လန့်မိဘဲ မနေနိုင် ဖြစ်ရသည်။

ငါ” ဒီလူနဲ့ ပြန်အဆင်ပြေအောင် လုပ်ရမယ်။ ဒီလူနဲ့သာ ရန်သူဖြစ်ခဲ့ရင် ငါ့အတွက် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှာ ပြေးစရာနေရာ ရှိမှာ မဟုတ်တော့ဘူး။ ကံကောင်းစွာနဲ့ ငါတို့ကြားက ပဋိပက္ခက မနက်ရှိုင်းတာပဲ။ သူနဲ့ငါ့ကြားမှာ တိုက်ရိုက်ရန်ငြှိုး မရှိခဲ့ဘူး…” အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုသည် အသက်ဝဝရှုသွင်းကာ သူ့စိတ်ကိုယ်သူ ပြင်ဆင်၏။

ပိုဝေးသောနေရာရှိ အရှင်တိမ်စိတ်ဝိညာဉ်၏မျက်နှာထက်၌ ခါးသီးမှုတို့ ပြည့်နှက်နေ၏။ သူက သည်တိုက်ပွဲကို ခံစားမိခဲ့သည်။ သူ့ကြောက်ရွှံ့မှုက ပိုအားကောင်းလာသည်။

“သူ…သူက ဘယ်လိုလုပ် ခုလောက် သန်မာရတာလဲ…” ခုချိန်ထိပင် အရှင်တိမ်စိတ်ဝိညာဉ်သည် မယုံကြည်နိုင် ဖြစ်နေ၏။ သူ သည်နေရာသို့ တည်နေရာရွှေ့ပြောင်းခြင်း ခံခဲ့ရသည့်အတွက် ကြောက်လန့်တကြား ရှင်သန်ခဲ့ရ၏။ ထို့ကြောင့် သူသည် ဝမ်လင်းကို မုန်းတီးကာ သူ့အသွေးအသားကို ဝါးမြိုပစ်ချင်ခဲ့သည်။

သို့ရာတွင် ဤတိုက်ပွဲကို စောင့်ကြည့်ပြီးနောက် သူဟာ တုန်လှုပ်မိပြီး အမှန်တရားကိုပင် လက်မခံနိုင် ဖြစ်ရ၏။ ခဏအကြာတွင် အရှင်တိမ်စိတ်ဝိညာဉ်က ကြောက်မက်ဖွယ်ပြုံးလာ၏။ သူ့မျက်လုံးထဲတွင်လည်း ရူးသွပ်ဖွယ်သတ်ဖြတ်ချင်စိတ် ပြည့်လာသည်။

“ဒီလူက ငါ့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်နဲ့ တိုက်ခိုက်ပြီးပြီးချင်း ဖြစ်တဲ့အတွက် သူလည်း ဒဏ်ရာအပြင်းအထန် ရထားမှာပဲ။ ငါ့မှာ အခွင့်အရေး ရှိနိုင်သေးတယ်။ သူသာ ပြန်ကောင်းလာခဲ့ရင် ငါ သံသယမရှိ သေရလိမ့်မယ်။ ဒါပေမဲ့ သူသာ ဒဏ်ရာအပြင်းအထန် ရထားခဲ့တယ်ဆိုရင်တော့ ငါ သူ့ကို တိုက်ခိုက်နိုင်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်တယ်…”

“ငါ သူ့ကို သတ်နိုင်လိုက်တာနဲ့ ခုနစ်ရောင်စုံနယ်မြေမှာ ရှိတဲ့ အရာအားလုံးဟာ ငါ့ အပိုင်ဖြစ်ပြီ…”

အရှင်တိမ်စိတ်ဝိညာဉ်သည် စိတ်လှုပ်ရှားမိသည်။ ခုနစ်ရောင်စုံနယ်မြေသို့ မဝင်ရောက်ခင်က သူသည် ဝမ်လင်းကို သတ်ပစ်နိုင်ဖို့ ယုံကြည်မှု ရှိ၏။သို့ရာတွင် ခုချိန်၌သူသည် ဝမ်လင်းဒဏ်ရာအပြင်းအထန် ရထားသည်ဟု တွေးကြည်ရင်တောင် သူသည် ရှေ့မတိုးဝံ့ဘဲ ဖြစ်နေရ၏။

ထိုပြောင်းလဲမှုက အရှင်တိမ်စိတ်ဝိညာဉ်သည် ဝမ်လင်းကို မသိစိတ်ကနေ ကြောက်မိသွားခြင်းကြောင့်ပင်။ သူက အံတင်းတင်းကြိတ်လျက် ရှေ့သို့ ဦးတည်လာ၏။

မီးနှင့်မိုးကြိုးတိုင်လုံးတို့က တဖြည်းဖြည်း ပြန်ပျောက်ကွယ်၏။ အဘိုးအို၏မူလစိတ်ဝိညာဉ်မှာလည်း လောကတွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပေပြီ။ သူ သေသွားခဲ့တာတောင်မှ သူ အဆက်မပြတ်ခေါ်နေခဲ့သည့် အုပ်စိုးသူ ဆိုတာ ပေါ်မလာခဲ့ပေ။

ရှေ့တည့်တည့်ရှိတောင်ကို ကြည့်၍ ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ မိုးကြိုးနှင့်မီး၊ အသံအားလုံး ပျောက်ကွယ်သွားပြီးနောက် ထိုတောင်ထိပ်ထံမှ ကြောက်မက်ဖွယ်ငြီးသံများ လှိုက်ထွက်လာ၏။

ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ တိုက်ပွဲအမှတ်အသားသည် တုန်ခါသည်ဟု ခပ်ရေးရေး ခံစားမိ၏။ သည်တောင်ထိပ်ပေါ်ရှိ တစ်စုံတစ်ခုက ၎င်းတိုက်ပွဲအမှတ်အသားကို စိတ်လှုပ်ရှားစေသည့်အလား။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ရှေ့သို့ လျှောက်လာ၏။

သူက ခပ်နှေးနှေးသာ တောင်ပေါ်သို့ တက်လာ၏။ သူသည် တောင်ပေါ်ရှိ လှိုဏ်ဂူအပြင်သို့ ရောက်လာသည်။ ထိုအနေအထားကနေ လှိုဏ်ဂူထဲမှ ငြီးသံများကို ပို၍ ရှင်းရှင်းလင်းလင်း ကြားရ၏။ လှိုဏ်ဂူအတွင်း၌ လူပေါင်းများစွာ ရှိနေကာ တင်းမခံနိုင်သည့် နာကျင်မှုကို တောင့်ခံနေကြသည့်အလား။

ဤအခိုက်အတန့်၌ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ နန်းတော်တစ်ခုအတွင်း၌ ဖယောင်းတိုင်ပေါ်ရှိ မီးသည် တောက်ပစွာ လောင်ကျွမ်းနေပြီး ခြောက်ကပ်ကပ်လက်တစ်ဖက်က ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းသွား၏။

“ဒီအပူဟာ မှန်ကန်တဲ့အပူချိန်ကို ရောက်ခဲ့ပြီ။ ဒါပေမဲ့ အခုထိ ဒီမီးဟာ မှန်ကန်တဲ့အမျိုးအစား မဟုတ်သေးဘူး။ အကြောင်းကတော့ ၎င်းဩာ ခုထိ စိတ်ဝိညာဉ်ကို ဆူပွက်စေနိုင်တာ မရှိသေးလို့ပဲ…”

ဖယောင်းတိုင်နောက်ကနေ ရှေးဟောင်းအသံတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။

“မျိုးဖြုတ်ချိပ်ပိတ်ခြင်းကလန်ဝင် သေဆုံးသွားခဲ့ပြီ။ သူ့သေဆုံးမှုအတွက် သင် သံသယတစ်ခုခု မရှိဘူးလား…” မထူးခြားနားအသံတစ်ခုက ပြောလာ၏။

“ငါက ဘာကြောင့် သံသယ ဝင်ရမလဲ။ တာအိုစိုက်ပျိုးတာ ပြီးတဲ့နောက် ငါ အဖြေသိလာမှာပဲ။ ဒါမှ ပိုစိတ်ဝင်စားဖို့ ကောင်းမှာ။ မသိတာဟာ အံ့အားသင့်ဖို့အကောင်းဆုံး အရသာတစ်ခုပဲ…။ စောင့်ဆိုင်းတာဟာ ထာဝရမျှော်လင့်ချက်ပဲ။ ဒါ့ကြောင့် မီးဟာ ရူးသွပ်စွာနဲ့ ဆက်လောင်ကျွမ်းနေပါစေ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset