အဝါရောင်အလင်းသည် မူလဇစ်မြစ်သို့ ပြန်ဆင့်ခေါ်ခြင်းခံရဟန်နှင့် တူ၏။ သည်အလင်းနှင့် ခြုံလွှမ်းခံရသည့် လူတိုင်းဟာ ပြန်လည်မွေးဖွားခြင်းအာရုံကို ခံစားရပေလိမ့်မည်။ ထိုသူတို့၏ မျက်လုံးထဲတွင် အတိတ်ပုံရိပ်တို့ တဖျပ်ဖျပ် ပေါ်၍ ပစ္စုပ္ပန်ကို ခွဲခြားနိုင်စွမ်း မရှိတော့ပေ။
မန္တာန်များသည် လောက၏စွမ်းအားကို ထိန်းချုပ်၍ အထူးနည်းလမ်းဖြင့် ပေါ်လာကြခြင်းပင်။ သည်မန္တာန်ဟာ တာအိုမန္တာန် ဖြစ်သည်။ ၎င်း၏စွမ်းအားက လူတစ်ယောက်၏ကျင့်ကြံမှုအဆင့်နှင့် ဆက်နွှယ်၏။ စွမ်းဆောင်ရည်များက မန္တာန်များ၏စွမ်းအားကို တိုးတက်စေနိုင်သည်။စုစည်းနိုင်သည်။ မူလစွမ်းအင်များကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်စေမည်။
သို့ရာတွင် တာအိုကတော့ ခြားနား၏။ တာအိုမန္တာန်ကို သိရှိသူများမှာ ရှားပါးလွန်းသည်။ ပြောကြသည်က တာအိုနယ်ပယ်ထဲ ဝင်ရောက်သည့်သူများသာ တာအိုမန္တာန်ကို ရရှိပိုင်ဆိုင်နိုင်သည် ဟုဆို၏။ တာအိုမန္တာန်များသည် နယ်ပယ်များကြား တိုက်ပွဲတို့ဖြင့် အလားသဏ္ဍာန်တူ၏။သို့သော် ရင်းမြစ်ကတော့ ကွာခြားပေသည်။
နယ်ပယ်များ၏တိုက်ပွဲတစ်ခုက လူတစ်ယောက်၏နယ်ပယ် ပြိုင်ဆိုင်မှုဖြစ်၏။ စိတ်ချင်း ပြိုင်ဆိုင်ခြင်း ဖြစ်၏။ သို့ရာတွင် တာအိုမန္တာန်ကတော့ စိတ်ဝိညာဉ်ကို သတ်ဖြတ်ရာ၌ အထူးပြုစွမ်းအား ဖြစ်သည်။
လူတိုင်းသည် တာအိုနယ်ပယ်ကနေ ကွဲပြားသောနားလည်မှုများကို ရရှိနိုင်သည်။ ဆံဖြူအဘိုးအိုသည် မျိုးဖြုတ်ချိပ်ပိတ်ခြင်းကလန်ဝင်တစ်ယောက် ဖြစ်လာခဲ့ချိန်၌ သူသည် တစ်ခဏ တာအိုနယ်ပယ်သို့ ဝင်ရောက်နိုင်သည့် ကောင်းချီး ရရှိခဲ့ဖူး၏။ ထိုနေရာတွင် သူသည် လူတစ်ယောက်၏မူလဇစ်မြစ်နှင့် ပတ်သတ်၍ အမှန်တရားကို နားလည်ခဲ့သည်။
လူတစ်ယောက်၏ မူလဇစ်မြစ် ဆိုသည်က မည်သို့နည်း။ သူ့အမြင်တွင် ၎င်းမူလဇစ်မြစ်က စိတ်ဝိညာဉ်မှတ်ဉာဏ်များပင်။ သူက လူတစ်ယောက်၏ဘဝတစ်ခုလုံးဟာ မှတ်ဉာဏ်များသာ ဖြစ်သည်ဟု ယုံကြည်သည်။ ထိုမှတ်ဉာဏ်များ ပယ်ဖျက်ခြင်းခံရပါက ထိုလူသည် လူသေ၊ရှင်လျက်သေသည့်သူ ဖြစ်သွားပေလိမ့်မည်။
အလားတူပင် လူတစ်ယောက်ပိုင်ဆိုင်သည့်နယ်ပယ်မှ နားလည်မှုမှတ်ဉာဏ်များကို ဖျောက်ဖျက်ပစ်ပါက သူ့မှတ်ဉာဏ်များသည် မပြည့်မစုံ ဖြစ်သွားမည်။ ထိုကဲ့သို့ မပြည့်မစုံမှတ်ဉာဏ်များနှင့်လူသည် သေမျိုးတစ်ယောက် ဖြစ်လာပေမည်။
သည်အခိုက်အတန့်၌ ဆံဖြူအဘိုးအိုက တာအိုနယ်ပယ်ကနေ သူ နားလည်ခဲ့သည့် ရှားပါးတာအိုမန္တာန်ကို အသုံးပြုလာခဲ့ပေပြီ။ ဂျိနယ်ပယ်က အဆုံးစွန်အားကို ကိုယ်စားပြု၏။ ရှီနယ်ပယ်က ဖန်တီးနိုင်စွမ်းကို ကိုယ်စားပြုပြီး တာအိုနယ်ပယ်ကတော့ မငြှိမ်းသေနိုင်သည့်ခွန်အားကို ကိုယ်စားပြုသည်။
အဝါရောင်အလင်းက လောကတွင် ပြည့်နေ၏။ ထိုအလင်းသည် နူးညံသည်။ သို့သော် လောကရှိ အရာအားလုံးကို ထွင်းဖောက်နိုင်သည်။ ၎င်းအလင်း ဝမ်လင်းပေါ် ကျရောက်လာချိန် ၎င်းသည် သူ့ဘေးပတ်လည်ရှိ တိုက်ပွဲနယ်ပယ်ကို ဖြတ်သန်းကာ သူ့စိတ်ဝိညာဉ်၏မှတ်ဉာဏ်များပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။
“အသက်ရှုချိန်သုံးကြိမ်လောက်ဆို လုံလောက်ပြီ…” ဆံဖြူအဘိုးအိုသည် မျက်လုံးမှိတ်၏။ သူသည် သေဆုံးသွားသည့်အလား သူ့အသက်ဓာတ်များအားလုံးသည် ပျောက်ကွယ်နေလေ၏။
ဝမ်လင်းက သူ့ကမ္ဘာမှာ ပြောင်းလဲသွားသည်ဟု ခံစားရ၏။ သူ့အမြင်တွင် ဤနေရာမှာ ခုနစ်ရောင်စုံကောင်းကင် မဟုတ်တော့ အဖြူရောင်တိမ်လွှာတိမ်ထုများ ပြည့်နှက်သည့် အပြာရောင်ကောင်းကင်အဖြစ် ပြောင်းလဲသွားပေပြီ။
မြေပြင်သည်လည်း မြန်ဆန်စွာ တုန်ခါ၏။ သူက သူ့နောက်ရှိမြေကြီးထုသည် တစ်လွှာပြီးတစ်လွှာ ပျောက်ကွယ်သွားသည့် ပုံရိပ်ယောင်ကို မြင်နေရသည်။ အကွာအဝေးတစ်ခုရှိ တောင်တန်းများသည်လည်း ပျောက်ကွယ်သွားသည့်အထိ ကျုံ့ဝင်ကာ အစိမ်းရောင်သစ်တောအုပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသည်။
သူ့ဘေးတွင် လမ်းငယ်တစ်ခု ပေါ်လာ၏။ ထိုလမ်းမှာ ခြောက်သွေ့၍ အစိမ်းရောင်သစ်တောထံ ဦးတည်နေ၏။ သည်အခိုက်အတန့်၌ လေပြေတိုက်ခတ်ကာ သစ်ရွက်များ လွင့်ဝဲ၏။ လေပြေက မြေသင်းရနံ့ကို သယ်ဆောင်လေသည်။
“ကြည့်ရတာ…ကြည့်ရတာ ငါ အိပ်ပျော်သွားတော့မဲ့ပုံပဲ…” ဝမ်လင်းသည် အိပ်ချင်သည့်မျက်လုံးများကို ဖွင့်၍ ရှေ့တည့်တည့်ကို ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူ့နောက်ကို ပြန်ကြည့်မိ၏။ သူက လမ်းအဆုံးတွင် တောင်ခြေရွာလေးတစ်ရွာ ရှိသည်ကို မြင်ရ၏။ အိပ်များထံမှ မီးခိုးငွေ့များ ထွက်ပေါ်နေလျက်၊ ကလေးငယ်များ၏ ဆော့ကစားသံများက ခွေးဟောင်သံများနှင့် ရောနှောကာ ထွက်ပေါ်လာ၏။
“ငါအိပ်မက် မက်နေတဲ့ပုံပဲ…” ဝမ်လင်းက သူ့မျက်နှာကို ပြန်ကုတ်ခြစ်ကြည့်၏။ သူ့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသည့်အမူအရာ ဖြစ်ပေါ်နေ၏။ သူက သူ့ဘေးရှိ စာအုပ်တစ်အုပ်ကို ကောက်ယူကာ ထသည်။ သူသည် အကွာအဝေးတစ်ခုထံမှ တောအုပ်ကို ကြည့်ရာ မြူများဆိုင်းနေသော တောင်တန်းများကို မြင်၏။ ထိုတောင်ပေါ်တွင် ကလန်များက ပိုင်ဆိုင်သည့်အဆောက်အဦများကိုလည်း မြင်ရသည်။
“အိပ်မက်ထဲမှာ ငါဟာ အင်မောတယ်တစ်ယောက် ဖြစ်လာခဲ့တယ်။ နှစ်ပေါင်းတစ်ထောင်ကျော် ကျင့်ကြံခြင်းအတွေ့အကြုံတွေ ရခဲ့တယ်…”
ဝမ်လင်းသည် စိတ်ရှုပ်ထွေးစွာ ရှိ၍ မိန်းမောသွားလေသည်။
သူ မိန်းမောနေစဉ်အတွင်း ဝမ်လင်းနားထဲ အသံတစ်ခု ဝင်လာ၏။ “ထေ့ကျူး…မင်းရဲ့အဖေ မင်းကို ရှာနေတယ်။ မင်း ဘာလို့ အိမ်မပြန်သေးတာလဲ…”
အမဲလိုက်မှိန်းကို ကိုင်ထားသည့် လူလတ်ပိုင်းတစ်ဦးက ထိုသို့ ပြောလိုက်ခြင်းပင်။ သူက အမဲလိုက်ရန် ရွာကနေ ထွက်ရန် ပြင်နေခြင်းပင်။
ထိုလူလတ်ပိုင်းအမျိုးသား၏ ဘေးတွင် လူငယ်အချို့ ရပ်နေကြသည်။ သူတို့ထဲကတစ်ယောက်က ဝမ်လင်းကို ကြည့်၍ ရယ်သည်။ “ထေ့ကျူး…ကောင်းကောင်းလေ့လာ၊ ဒါမှ အင်ပါယာစာမေးပွဲမှာ မင်း နေရာကောင်းကောင်းရမှာ။ ဒါဆို ငါတို့ရွာလေးလည်း နာမည် ကျော်လာလိမ့်မယ်…”
ဝမ်လင်းသည် သူ့ခေါင်းကို ကုတ်ခြစ်၏။ သူက သူ့ရှေ့ရှိလူတိုင်းကို နှုတ်ဆက်လိုက်သည်။ ထို့နောက် သူသည် ရွာထံ ဦးတည်၍ လျှောက်လာ၏။
“ဒါက တကယ့်ရွာအစစ်ပဲ။ ဒီအိပ်မက်ဟာ နည်းနည်းတော့ အစစ်အမှန်နဲ့ တူလွန်းနေတယ်။ အနီရောင်လိပ်ပြာ၊ လီမူဝမ်၊လျိုမေ၊ မူပင်းမေ၊ လုယန်ဖေ၊ လီချန်မေ…။ ဒါ့အပြင် ကျူးချွဲဇီ၊စစ်ထူနန်၊ ရှေ့ဖြစ်ဟောသူ…စတဲ့စတဲ့ သူတွေလည်း ပါနေတယ်။ ဒါ့အပြင် ဟင်္သာငှက်နတ်အင်ပါယာ၊ အဇူရာနဂါးနတ်အင်ပါယာ၊ ထာဆန်၊ ထူစီ…။ ငါ တပည့်နှစ်ယောက်လက်ခံခဲ့တာကိုလည်း မှတ်မိနေသေးတယ်။ ငါ့တပည့်တစ်ယောက်က ဆယ့်သုံး၊ တစ်ယောက်က ရွှယ်ချင်း…”
ဝမ်လင်းသည် လမ်းလျှောက်နေရင်း သူ့စိတ်ဟာ ဝေဝါးနေသည်။
“ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါးလည်း ရှိတယ်။ ဟင်္သာပြဒါးဂြိုဟ်အပြင်ဘက်မှာ အလောင်းကောင်ကလန်လည်း ရှိတယ်။ ပြီးတော့ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းရော။ နတ်လေးပါးကလန်ရော။ ငါ့မွေးရပ်မြေဟာ မဟာမိတ်ကြယ်အဖွဲ့အစည်းလို့ ခေါ်တာပဲ။ ငါ့အိပ်မက်ထဲမှာ ငါဟာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းနဲ့ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းဆီလည်း သွားခဲ့သေးတယ်…”
“ငါ ကောင်းကင်ဘုံနယ်မြေကိုလည်း သွားခဲ့သေးတယ်…” ဝမ်လင်းသည် အချိန်အတန်ကြာ မိန်းမောနေသည်။သူ ခေါင်းမော့လာချိန်၌ သူသည် ရွာအပြင်သို့ ရောက်နေခဲ့ပေပြီ။ သူက ခေါင်းယမ်း၍ သက်ပြင်းချကာ ခပ်တိုးတိုး ပြောသည်။ “ဒီအိမ်မက်ဟာ ထူးဆန်းလွန်းတယ်။ ကြည့်ရတာ ငါ့အိမ်မက်ထဲမှာ ငါ့အဖေနဲ့အမေတောင် သေသွားခဲ့ပုံ ရတယ်…”
သူသည် ဤထူးဆန်းသောအိပ်မက်ကို ဆက်တွေးမနေတော့ပေ။ သူက ရွာခြံစည်းရိုးတံခါးကို တွန်းဖွင့်၍ ဝင်လာ၏။ သူ ရွာထဲဝင်လာချိန်တွင် သူက သူ့အဖေသည် ဆေးတံကိုင်ထားသည်ကို မြင်၏။ သူက ဆေးတံကို အောက်ချကာ ဝမ်လင်းထံ ခပ်စူးစူးလှမ်းကြည့်သည်။
သူ့အဖေ၏ ခပ်စူးစူးအကြည့်ကို မြင်ရသည့်အခါ ဝမ်လင်း နှလုံးတစ်ချက်ခုန်သွား၏။
“ထေ့ကျူး…မင်း စာပေလေ့လာတာ ဘယ်လိုလဲ…”
ဝမ်လင်းက ခပ်တိုးတိုး ပြန်ဖြေသည်။ “အာ…အဆင်ပြေပါတယ်…”
“ဟင်း…ထေ့ကျူး…မင်း သေသေချာချာ လေ့လာ။ နောက်နှစ်ကျ နိုင်ငံ့စာမေးပွဲကြီး ရှိတယ်။ မင်း အနာဂတ်မှာ ကောင်းစားမလား၊ စုတ်ပျက်မလားက မင်း အပေါ်ပဲ မူတည်တယ်။ ဒီရွာထဲမှာပဲ မင်းအဖေလို တစ်သက်လုံး အရိုးမထုတ်ရစေနဲ့…”
ဝမ်လင်း၏အဖေက ခေါင်းယမ်း၍ ထရပ်သည်။
ထိုစဉ် သူ့အမေဖြစ်သူ ထွက်လာကာ သူ့အဖေနှင့် နည်းနည်းကတောက်ကဆ ဖြစ်သည်။ ထို့နောက် သူမက စားသောက်စရာများ သွားယူသည်။ ဝမ်လင်းတို့မိသားစုက ခြံဝန်းထဲတွင် ထိုင်လျက် စတင် စားသောက်ကြသည်။ ဝမ်လင်းက ချီတုံချတုံဟန်ဖြင့် သူ့အဖေကို ကြည့်၍ ပြောလာ၏။ “အဖေ…သား အိပ်မက်မက်တယ်…”
သူ့စကားမဆုံးသေးခင်မှာပင် ရထားလှည်းသံများ ကြားရပြီး ခြံဝန်းတံခါးခေါက်သံ ထွက်ပေါ်လာသည်။ ဝမ်လင်းသည် မင်သက်သွား၏။ သူက အိပ်မက်ထဲတွင် သူ့ဦးလေးလေး ရောက်ရှိလာခဲ့သည်ကို ပြန်မှတ်မိသွားသည်။
“ဒုတိယအစ်ကို…တံခါးဖွင့်ပါအုံး…”
ဝမ်လင်းသည် အလိုလို ထရပ်မိကာ သူသည် ခြံတံခါးဆီ အပြေးသွား၍ တံခါးဖွင့်ပေးသည်။ သူက ခြံပြင်တွင် ဗလတောင့်တောင့်လူကြီးတစ်ယောက်ကို မြင်လိုက်ရ၏။ ထိုသူက ဝမ်လင်းခေါင်းကို ပွတ်ကာ ရယ်မော၍ ပြောသည်။ “ထေ့ကျူး…ငါ မင်းကို မမြင်ရတာ နှစ်ဝက်လောက်ပဲ ရှိသေးတယ်။ မင်း ထပ်ပြီး အရပ်ရှည်လာပြန်ပြီ…”
ဝမ်လင်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးဟန် ပေါ်လာ၏။ သူသည် မည်သို့ လုပ်ရမှန်းမသိ ဖြစ်နေ၏။ သူက ပြန်သာ ထိုင်ချလိုက်တော့သည်။ သူက အချိန်အတန်ကြာ တွေဝေမိန်းမောနေမိသည်။ ထို့နောက် သူက သူ့လေးယောက်မြောက်ဦးလေး အသံကို ကြားရသည်။
“ဒုတိယအစ်ကို၊ ခယ်မ(နှစ်)…ငါ မင်းတို့ကို တစ်ခု ပြောချင်တယ်။ ဟုန်ယွီကလန်ဟာ တပည့်လက်ခံနေတယ်။ ငါတော့ ထေ့ကျူးကို ဒီကလန်ထဲ ဝင်ရောက်စေချင်တယ်။ သူသာ ကလန်ထဲ ဝင်နိုင်တာနဲ့ သူဟာ အင်မောတယ် ဖြစ်လာမှာ။ဒါဟာ ရခဲလှတဲ့အခွင့်အရေးပဲ…”
“အင်…အင်မောတယ်…။ ဒါ…ဒီကလေးက ဒါကို လုပ်နိုင်ပါ့မလား…”
ဝမ်လင်းအဖေဖြစ်သူက စိတ်လှုပ်ရှားနေသလို မသေချာမရေရာလည်း ဖြစ်နေသည်။
“အင်မောတယ်တွေ တပည့်လက်ခံနေကြတယ်။ ကလန်ဝင်ခွင့်ရဖို့ စမ်းသပ်မှုအချို့တော့ ရှိတယ်…။ ထေ့ကျူး ဒီအခွင့်အရေးကို ဖမ်းဆုပ်သင့်တယ်…”
ထိုစကားကို ကြားလိုက်ရသည့်နောက် ဝမ်လင်း၏ခန္ဓာကိုယ်သည် မင်သက်သွား၏။ သူက လေးယောက်မြောက်ဦးလေးနှင့်သူ့အဖေကို ကြည့်မိသည်။ သူ့အမြင်သည် ထပ်ဝေဝါးသွားပြန်၏။ ထူးဆန်းသောအားတစ်ခုက သူ့အိပ်မက်မြင်ကွင်းကို သယ်ဆောင်လာဟန်တူသည်။ ထိုမြင်ကွင်းများက သူ့စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။
သူက တောင်ခြေရွာကနေ လှမ်းလျှောက်၍ ဝင်ခွင့်စမ်းသပ်မှုကို ကျရှုံးသော သူ့ကိုယ်သူကို မြင်၏။ သူ့မိသားစု၏ မခံချင်အောင်ထိကပါးရိကပါး ပြောစကားများအောက်တွင် သူသည် တောင်ခြေရွာကနေ သူ့ဟာသူ ထွက်လာခဲ့ကာ တောင်အငူစွန်းတစ်ခုထိ ရောက်လာ၏။ ရုတ်တရက် ကျားတစ်ကောင်က သူ့နောက်ကနေ တိုက်ခိုက်လာပြီး သူ အငူစွန်းအောက် ပြုတ်ကျသွားချိန် သူသည် ထူးဆန်းသောလှိုဏ်ဂူတစ်ခုအတွင်း စုပ်ယူတာ ခံလိုက်ရသည်။
ထိုလှိုဏ်ဂူထဲကနေ သူသည် ပုတီးစေ့တစ်လုံး ရလာခဲ့၏။ ထိုပုတီးစံကို လက်ဖြင့် ထိမိခဲ့ချိန် သူ့နားထဲ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့…”
ထိုအသံသည် သူနှင့်ရင်းနှီးလွန်း၏။ သူသည် ထိုအသံကို အရင်က ကြားခဲ့ဖူးသလိုပင်။ သို့သော် သူ မည်မျှစဉ်းစားပါစေ သူသည် ထိုအသံကို အရင်က မည်သည့်နေရာကနေ ကြားခဲ့မှန်း မမှတ်နိုင်ဘဲ ဖြစ်သည်။
သို့ရာတွင် ထိုကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ဟူသည် အသံ ထွက်ပေါ်လာချိန်၌ ထိတ်လန့်စွာအော်ဟစ်သံက အစားထိုး ဝင်ရောက်၏။ ထိုအသံမှာ ထိတ်လန့်နေရုံသာမက အံ့မခန်းနာကျင်မှုကို ခံစားနေရပုံလည်း ပေါ်၏။ ၎င်းအသံ ပဲ့တင်ထပ်လာချိန်၌ ဝမ်လင်း၏လောကသည် စတင်ပျက်စီးလာပြီး မထင်မှတ်စွာဖြင့် ခုနစ်ရောင်စုံအလင်းများ စတင် ပြန်ပေါ်လာသည်။
ချက်ခြင်းပင် သူ့ကိုယ်ပိုင်မှတ်ဉာဏ်များကို ထိန်းချုပ်ထားသည့် စွမ်းအား၏ ထိန်းချုပ်မှုကနေ လွတ်ကင်းလာသည်။ သူ့ပတ်ဝန်းကျင်သည်လည်း ဆက်တိုက်ဆိုသလို ပြောင်းလဲနေ၏။ သူ့မျက်လုံးထောင့်တွင် တောအုပ်တစ်ခုပေါ်သည်။ သူသည် မြန်လွန်း၏။ သူသည် သူ့စိတ်ထဲတွင် သေရေးရှင်ရေးအလား မြန်လွန်းစွာ ရှေ့ဆက်သည်။
“မင်း ငါ့လက်ကနေ မလွတ်နိုင်ပါဘူး…ထျန်လီ…” သူ့နောက်ကနေ သုန်မှုန်သောအသံတစ်ခု ထွက်ပေါ်လာ၏။ လူငယ်တစ်ယောက်က သူ့နောက်ကို တည်ငြိမ်စွာ လိုက်လာနေ၏။ ထိုလူငယ်၏မျက်လုံးတို့က အေးစက်နေသည်။
သည်လိုသေရေးရှင်ရေးအချိန်အတွင်း ဝမ်လင်း၏အမြင်သည် ရုတ်တရက် ဝေဝါးသွားပြန်သည်။ သူ့နားထဲတွင် နာကျင်ထိတ်လန့်ဖွယ်အသံတစ်ခု ပဲ့တင်ထပ်လာပြန်သည်။ ထိုအသံသည် ရှင်းသထက် ရှင်းလာ၏။ သူက ထိုအသံပိုင်ရှင် မည်သူမည်ဝါမှန်း မှတ်မိတော့မလို ခံစားလာရသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ သူ့ပတ်ဝန်းကျင်က ထပ်မံ ပြောင်းသည်။ သည်အခိုက်အတန့်၌ သူသည် တောင်ကြားတစ်ခုအတွင်း ရောက်နေ၏။ သူသည် အရင်က လုံးဝ မခံစားမိခဲ့ဖူးသော ဝမ်းနည်းပူဆွေးမှုကို ကြီးစွာ ခံစားနေရသည်။ သူ မည်မျှကျယ်လောင်စွာ အော်ဟစ်သည်ဖြစ်စေ သူသည် သူ့စိတ်နှလုံးထဲရှိ ဝမ်းနည်းမှုကို မပေါက်ကွဲပစ်နိုင် ဖြစ်ရ၏။
“ထျန်မိသားစု…ငါ ဝမ်လင်း အသက်ရှင်နေသရွှေ့…တစ်နေ့မှာ မင်းတို့ထျန်မိသားစုကို သွေးနဲ့ ဆေးပစ်မယ်။ ကျောက်နိုင်ငံကို မင်းတို့မိသားစု သွေးနဲ့ စွန်းထင်းပစ်စေမယ်။ မင်းရဲ့ ထျန်မိသားစုတစ်ခုလုံးကို အမြစ်ဖြုတ်ပစ်မယ်။ ဘယ်သူမှ အရှင်မထားဘူး…။ ငါ့ ဒီကျိန်ဆိုချက်ကို ဖောက်ဖျက်ခဲ့ရင် ငါဟာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ပါစေ၊ ဆိုးဆိုးရွားရွား သေရပါစေ၊ ငရဲမှာ ထာဝရ နစ်မြုပ်နေရပါစေ…”
ဝမ်လင်းသည် ဝမ်းနည်းပူဆွေးမှုကြောင့် ရူးမတတ် ဖြစ်၏။ နာကျင်မှုက သူ့စိတ်နှလုံးကို ထွင်းဖောက်သည်။သူ မြေပေါ်ဒူးထောက်ကျ၏။ သူ့မျက်လုံးကနေ မျက်ရည်များစီးကျနေသည်။ သူ့သွေးချင်းချင်းနီနေသည့်မျက်လုံးတို့မှ ရူးသွပ်မှုကို ထုတ်ဖော်ပြနေ၏။
သူ့ဆံပင်များသည် နေ့ချင်းညချင်း ဖြူသွား၏။ သူ့ဘေးပတ်လည်မှာ အေးစက်သွားသည်။ ဖော်ပြနိုင်စွမ်းမဲ့သည့်အားတစ်ခုက သူ့ခန္ဓာကိုယ်ထဲတွင် မွေးဖွားလာခဲ့တော့သည်။
ထိုစွမ်းအားသည် သေမျိုးတစ်ယောက် ပိုင်ဆိုင်နိုင်သည် မဟုတ်ပေ။ သို့သော် ထိုအခိုက်အတန့်၌ ဝမ်လင်းက ၎င်းစွမ်းအားကို ရခဲ့၏။ ထိုစွမ်းအားမှာ သတ်ဖြတ်သူ၏အထွတ်အထိပ်၊ ခွန်အား၏အကန့်အသတ် မည်၏။၎င်းကို ဂျိနယ်ပယ်ဟု ခေါ်သည်။
ဂျိနယ်ပယ် မွေးဖွားလာခိုက် ထိတ်လန့်နာကျင်သည့် အသံ ထပ်မံ ပဲ့တင်ထပ်၏။ ထိုအခိုက်အတန့်၌ ယင်းအသံထဲတွင် အံ့မခန်းတုန်လှုပ်မှုဖြင့် ပြည့်လေသည်။
“ဂျိ…ဒါဟာ မထင်မှတ်စွာနဲ့ ဂျိနယ်ပယ်ပဲ။ သူက ဘယ်လိုလူမျိုးလဲ။ သူ့ဘဝမှာ ဘာတွေ ဖြစ်ခဲ့သလဲ။ သူ့လက်ထဲမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရော၊ ဂျိနယ်ပယ်ရော ရှိနေတယ်။ ဒီလူ…ဒီလူ…”
အလွန်အမင်းကြောက်ရွှံ့မှုက ဤအသံထဲတွင် ပြည့်နှက်သည်။ ၎င်းအသံသည် ပို၍ ရှင်းသထက်ရှင်းလာ၏။ ကောင်းကင်သည် ပြိုကျပျက်စီးသည်။ မြေပြင်သည် ပျက်စီးသည်။ ခုနစ်ရောင်စုံအလင်းသည် လောကတွင် ပြန်လည် ပြည့်နှက်လာ၏။
***