ဆံဖြူအဘိုးအိုသည် စစ်စိတ်ဝိညာဉ်လက်ဝါး၏ အနှစ်သာရကို တတ်မြောက်ထားခြင်း မရှိပေ။ သူက သူ့နောက်ခံပုံရိပ်ကို ဖုံးကွယ်၍ နတ်ဘုရားကလန်သို့ သွားရောက်ခဲ့ပြီး ကလန်၏ပင်မတပည့်များသာ နားလည်နိုင်မည့် အခွင့်အရေးများကို မရခဲ့ပေ။ သို့သော်လည်း သူ့ပါရမီက ကြောက်မက်ဖွယ်ကောင်း၏။ သူက စစ်စိတ်ဝိညာဉ်လက်ဝါးမန္တာန်ကို အကြိမ်အနည်းငယ်မြင်ဖူး၊ လေ့လာခဲ့ဖူးသည့်နောက်တွင် ၎င်းမန္တာန်၏တစ်စိတ်တစ်ပိုင်းကို သင်ယူနိုင်စွမ်း ရှိခဲ့သည်။
သူ နားလည်ခဲ့သည့် မန္တာန်က အစစ်အမှန်စစ်စိတ်ဝိညာဉ်လက်ဝါးကို မယှဉ်နိုင်သော်လည်း မူလမန္တာန်စွမ်းအား၏ သုံးဆယ်ရာခိုင်နှုန်း ပါဝင်သည်။ ထို့အပြင် သူက သူ့နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်ကို သုံး၍ သည်မန္တာန်စွမ်းအားကို အတင်းထုတ်ဖော်သည့်အတွက် အစစ်အမှန်မန္တာန်အလား ထင်ရလုနီးပါးပင်။
ဝမ်လင်း၏ စစ်စိတ်ဝိညာဉ်လက်ဝါးကတော့ သူ မိုးကောင်းကင်ဘုံနယ်မြေကနေ သိရှိခဲ့ခြင်း ဖြစ်၏။ ၎င်းမန္တာန်ကို အကြိမ်ကြိမ် နားလည်အောင် လုပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် သူက ဤလက်ဝါးတိုက်ကွက်ကို အသုံးပြုလာနိုင်ခဲ့သည်။ သူသည်လည်း အပေါ်ယံသာ သိရှိခဲ့၏။ သို့သော် မိုးကောင်းကင်ဘုံနယ်မြေ၌ သည်လက်ဝါးရာကို ထင်ကျန်စေခဲ့သူ၏စွမ်းအားက ကောင်းကင်ကိုပါ တုန်လှုပ်စေနိုင်သည်။
ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က မလုံလောက်သော်လည်း သူ့စစ်စိတ်ဝိညာဉ်လက်ဝါးရာတွင် မိုးကြိုးစွမ်းအားနှင့်ရှေးဟောင်းနတ်ဘုရားစွမ်းအား ပါဝင်ပေ၏။ ထိုအဖြစ်က သူ့စစ်စိတ်ဝိညာဉ်လက်ဝါးကို အစစ်အမှန်နှင့် ခွဲမရလုနီးပါး တူညီစေခဲ့ခြင်းပင်။
ဤအခိုက်အတန့်တွင် ကောင်းကင်ထွင်းဖောက်မည့် လက်ဝါးချက်နှစ်ခုက ထိပ်တိုက်တွေ့လေ၏။
ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။
မြေပြင်သည် တုန်ခါ၍ ကောင်းကင်သည် စုတ်ပြဲ၏။ လက်ဝါးချက်နှစ်ခု ထိပ်တိုက်တွေ့မှုက လောကကို ဖျက်စီးနိုင်သည့် ဖိသိပ်အားတစ်ခုကို ဖန်တီး၏။ ခုနစ်ရောင်စုံနယ်မြေသည်ပင် စတင် ပျက်စီးလာပြီး ကြီးမားသည့်အက်ကြောင်းက နယ်မြေကို ထက်ပိုင်းခြားသွားစေသည်။
အကွာအဝေးတစ်ခု၌ ချန်ထျန်ကျွင်းက သည်တိုက်ပွဲအစပြုချိန်ကတည်းက စိတ်ဝင်တစား ကြည့်နေ၏။ သူ့စိတ်နှလုံးမှာ လုံးဝ တုန်လှုပ်မိနေ၏။ သူသည် စွံ့အရ၏။ သူ့စိတ်မှာ တုန်ယင်မိသည်။ သူက သည်နေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်ခဲ့ပါက နောက်ထပ်လုံးဝ ပြန်မလာတော့ဟု ဆုံးဖြတ်မိသည်။
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုလည်း ရှိသေး၏။ သူမကလည်း ပင်ပန်းကြီးဟန်ဖြင့် ပျံသန်းလျက် အကွာအဝေးတစ်ခုရှိ တိုက်ပွဲကို အာရုံခံစားမိသည်။ သူမ၏မျက်နှာက ဖြူရောသွား၏။ ထို့အပြင် ဤအခိုက်အတန့်၌ ဝမ်လင်းအပေါ် သူမ၏ မကောင်းကြံမည့်အတွေးများလည်း ပျောက်ကွယ်သွားတော့၏။ သူမသည် ဝမ်လင်းအပေါ် ထိတ်လန့်စွာ ခံစားမိ၏။
“သူ့ကျင့်ကြံမှုအဆင့်က ဘာများလဲ…။ ငါဟာ သူ့ပြိုင်ဘက် မဟုတ်နိုင်တော့ဘူး…”
ထိုအဘွားအိုက ပင့်သက်ရှိုက်မိ၏။ သူမ၏မျက်လုံးထဲတွင်လည်း လေးစားဟန် ဖြစ်ပေါ်လာသည်။
ထို့အပြင် မီးနှင့်မိုးကြိုးတို့ကြောင့် တောင်ကြားအတွင်းရှိ မြူများသည် ကျုံ့ဝင်ကုန်ကြသည်။ ထိုအခါ မြူများအတွင်းရှိ သားရဲများသည် သူတို့ကိုယ်သူတို့ ပုန်းကွယ်လိုက်ကြသည်။ ထိုအဖြစ်ကြောင့် အရှင်တိမ်စိတ်ဝိညာဉ်က လွတ်မြောက်နိုင်ခဲ့၏။ သူ လွတ်မြောက်လာရုံ ရှိသေး ခုနစ်ရောင်စုံနယ်မြေ၏ အပြင်းအထန်တုန်ခါမှုကို ချက်ခြင်း ခံစားမိသည်။ သူက မူလစွမ်းအင်နှင့်မိုးကြိုးတို့ကိုလည်း ရှင်းလင်းစွာ ခံစားမိသည်။ သူ့စိတ်ကို အားပျက်သွားစေသည်က သူသည် ဝမ်လင်း၏အော်ရာကိုပါ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ခြင်းပင်။
စစ်စိတ်ဝိညာဉ်လက်ဝါးနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုက ခုနစ်ရောင်စုံနယ်မြေကို နှစ်ပိုင်းကွဲထွက်သွားစေ၏။ သည်အခိုက်တွင် ဝမ်လင်းက ဖိသိပ်အားကို ခံစားမိကာ နောက်သို့ လွင့်ထွက်သည်။ သူက သွေးအန်လိုက်ရ၏။ သူ့မျက်နှာသည်လည်း ချက်ခြင်း ဖြူရောသွားသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ လျှပ်စီးအမှတ်အသားမှာလည်း အားနည်းသွားခဲ့သည်။
ဆံဖြူအဘိုးအိုသည်လည်း မသက်သာပေ။ သူလည်း နောက်ဆုတ်ရ၏။ သူ့မျက်နှာမှာ ဖြူရောသွားပြီး ပါးစပ်ထောင့်ကနေ သွေးများ စီးကျသည်။ သို့သော် သူ့အမူအရာက ကြမ်းကြုတ်နေဆဲပင်။ သူက ညာခြေဖြင့် ကန်ထုတ်၏။ ဖုန်မှုန့်များသည် ဝမ်လင်းထံ တန်းတန်းမတ်မတ် တဟုန်ထိုး ဝင်ရောက်လာတော့သည်။
“ပြန့်ကြဲမိုးကြိုးကလန်အမှတ်အသား၊ ငါ မင်းကို ထပ်ပြီး ချိပ်ပိတ်ပစ်မယ်။ မီးနဲ့မိုးကြိုးအမှတ်အသားတွေကို ချိပ်ပိတ်ပြီးရင်း မင်းရှိမှာ တတိယမြောက်အမှတ်အသားတစ်ခု ထပ်ရှိနေမယ်လို့ ငါ မယုံဘူး…”
အဘိုးအိုက ဖုန်မှုန့်တန်းကို ဖြတ်ကျော်၍ တိုးဝင်လာ၏။ သူ့ညာလက်ဖြင့် သူ့မျက်ခုံးနှစ်ခုကြားကို ခပ်ကြမ်းကြမ်း ရိုက်ချရာ မျက်ခုံးနှစ်ခုကြား၌ အက်ကြောင်း ထပ်မံ ပေါ်လာပြန်သည်။ အစွမ်းထက်အနက်ရောင်အလင်းကို ပေးစွမ်းသည့် ဒုတိယမြောက်စာလုံးတစ်လုံး သူ့မျက်ခုံးနှစ်ခုကြားကနေ ပျံသန်းထွက်လာတော့၏။
ချိပ်ပိတ်မှုနှစ်ခုကို အသုံးပြုပြီးနောက် အဘိုးအို၏ အသက်ဓာတ်မှာ ကုန်ခမ်းလုနီး ဖြစ်သွား၏။
ထိုအနက်ရောင်စာလုံးက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားသည်။ ၎င်းက ဒုတိယမြောက်ချိပ်ပိတ်မှုကို ဖြစ်စေကာ ဝမ်လင်း၏လျှပ်စီးအမှတ်အသားကို ပိတ်ဆို့သည်။
အဘိုးအိုက ရှေ့ဆက်တိုး၍ သူ့ညာလက်ကို မြှောက်ကာ မူလစွမ်းအင်လှံကို ဖြစ်ပေါ်စေသည်။ သူသည် ဝမ်လင်းအနားသို့ ရောက်လာ၏။
ဝမ်လင်းသည် တတိယမြောက်အမှတ်အသား မပိုင်ဆိုင်တာ အမှန်ပင် ဖြစ်၏။ သို့သော် မီးနှင့်မိုးကြိုးတို့အပြင် သူ့ထံ၌ တိုက်ပွဲစိတ်ဆန္ဒ ပိုင်ဆိုင်ထားသေး၏။
တိုက်ပွဲနယ်ပယ်၊ကျန်းရှင်းရီ၏အမွေအနှစ်။
ဝမ်လင်းသည် ထိုနယ်ပယ်ကို အခုထိ မပေါင်းစပ်ရသေးပေ။ အဘိုးအို အနားရောက်လာချိန်တွင် ဝမ်လင်း၏မျက်လုံးထံမှ ရူးသွပ်ဖွယ်တိုက်ပွဲဆန္ဒကို ပေးစွမ်း၏။ သူ့မျက်ခုံးနှစ်ခုကြားကနေ အလွန်အမင်းတောက်ပသည့် ရွှေရောင်အလင်း ထွက်ပေါ်လာသည်။
ထိုရွှေရောင်အလင်းက ကောင်းကင်ယံထိ ထိုးတက်သွားပြီး တစ်ချိန်တည်းမှာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားတွင် တိုက်ပွဲ ဟူသည့် စာလုံး ပေါ်လာသည်။ ထို့နောက် တိုက်ပွဲစိတ်ဆန္ဒသည် လောကတွင် ပြည့်နှက်၏။ သည်အခိုက်အတန့်၌ ဝမ်လင်းသည် ဝမ်လင်းမဟုတ်၊ သို့သော် ကျန်းရှင်းရီ ဝင်စားသူ ဖြစ်လာသလော။
“တိုက်ပွဲက ခုမှ စတာ…” ဝမ်လင်း၏ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းဖြင့် ခြုံလွှမ်းသည်။ သူက ညာလက်ကို ဝေ့ယမ်း၏။ သူ့ရှေ့တွင် တိုက်ပွဲစာလုံး ပေါ်လာကာ ဆံဖြူအဘိုးအိုထံ တိုးဝင်သွားသည်။
“မဖြစ်နိုင်ဘူး…” ဆံဖြူအဘိုးအိုက အရင်ထက် အဆများစွာ တုန်လှုပ်သွားသည်။ သူ စိတ်ကူးနိုင်သည်ထက်ကို ပို၍ တုန်လှုပ်မိသွားခြင်းပင်။
တုန်နှိုင်းမဲ့အစွမ်းထက်သည့် အပြာရောင်မီးတောက်ကလည်း သူ့ကို တုန်လှုပ်စေခဲ့သည်။ ထိုမီးတောက်ကို သူ တစ်ခဏတာ ချိပ်ပိတ်ပြီးနောက် ထပ်မံ ထွက်ပေါ်လာသည့် မိုးကြိုးကလည်း သူ့ကို တုန်လှုပ်စေခဲ့သည်။ ဝမ်လင်း၏ စစ်စိတ်ဝိညာဉ်လက်ဝါးကလည်း သူ့ကို တုန်လှုပ်စေခဲ့သည်။ ထို့နောက် သူက လျှပ်စီးအမှတ်အသားကို ချိပ်ပိတ်နိုင်ခဲ့ပါက ဝမ်လင်းထံတွင် တန်ပြန်တိုက်ခိုက်နိုင်စွမ်း ရှိတော့မည် မဟုတ်ဟု တွေးခဲ့၏။ သို့သော်လည်း သူ့ တွက်ချက်မှုက မှားယွင်းကာ သူ တစ်ခါမှ မမြင်ခဲ့ဖူးသော တိုက်ပွဲအမှတ်အသားက ဝမ်လင်းထံမှ ပေါ်လာခဲ့တော့သည်။
သူက ၎င်းတိုက်ပွဲအမှတ်အသားကို သူ့အသက်ဓာတ်များကို စတေး၍ ထပ်မံ ချိပ်ပိတ်နိုင်ခဲ့မည် ဆိုလျှင်ပင် ဝမ်လင်းထံမှ နောက်ထပ်စွမ်းအားတစ်ခုခု ထွက်ပေါ်လာဦးမည်လောဟု သူ ခံစားမိသည်။
ထိုခံစားချက်က အားကောင်းလွန်း၏။ ထိုစဉ်မှာပင် ဝမ်လင်းကလည်း သူ့အနား ရောက်လာ၏။ ဝမ်လင်းက မည်သည့်မန္တာန်ကိုမျှ အသုံးမပြုပေ။ ထိုအစား သူက သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ဖြင့်သာ အတင်းဝင်လာ၏။
ဝမ်လင်း၏ခန္ဓာကိုယ်မှ ရူးသွပ်ဖွယ်တိုက်ပွဲစိတ်ဆန္ဒတစ်ခု ပေးစွမ်းလေ၏။ အနှီတိုက်ပွဲစိတ်ဆန္ဒက သူ့အား ခြုံလွှမ်းလျှက် သူ့ကို တိုက်ပွဲကောင်းကင်ဘုံသားတစ်ယောက်ကဲ့သို့ ဖြစ်စေသည်။
ဆံဖြူအဘိုးအိုက နောက်ဆုတ်၏။ သို့သော် သူက သူ့ကျင့်ကြံမှုအဆင့်ကြောင့် မန္တာန်များကို ချက်ခြင်း အသုံးပြုနိုင်လိုက်သည်။ သူတို့နှစ်ယောက်က ထိပ်တိုက်တွေ့ရန် နီးလာ၏။ အဘိုးအိုက ရတနာများကိုလည်း ထုတ်ယူ၏။ သို့သော် ၎င်းရတနာများက ဝမ်လင်းကို ရပ်တန့်နိုင်စေခြင်း မရှိပေ။ တဝုန်းဝုန်း မြည်ဟည်းလျက် ဝမ်လင်း၏ လက်သီးချက် ကျရောက်လာ၏။ သူက သူ့ကိုယ်ကိုလှည့်၍လည်း ညာခြေဖြင့် နောက်ဆုတ်နေသောအဘိုးအိုထံ ကန်သည်။
ဆံဖြူအဘိုးအိုသည် ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို မကြုံခဲ့ရဖူးသလောက်ပင်။ တိုက်ပွဲများသည် အများအားဖြင့် မန္တာန်များ၊လက်နက်များဖြင့်သာ တိုက်ခိုက်ကြခြင်း ဖြစ်၏။ သို့ရာတွင် ထိုလူ၏ လက်သီးချက်နှင့်ခြေကန်ချက်တို့က မြေကမ္ဘာအက်ကွဲစေနိုင်သည့် စွမ်းအား ပါဝင်သည်။ ယင်းတိုက်ချက်တို့သာ သူ့ခန္ဓာကိုယ်အပေါ် ကျရောက်လာပါက သူ့ခန္ဓာကိုယ်သည် ပျက်စီးလုနီးပါး ဖြစ်သွားပေမည်။
ပို၍ တိုက်ခိုက်မိလာလေလေ ထိုအဘိုးအိုသည် ပို၍ ကြောက်လန့်မိလေပင်။
“ဒီလူသာ မသေခဲ့ရင် သူဟာ ငါတို့မြင့်မြတ်တဲ့ရှေးဟောင်းကလန်ရဲ့ မဟာရန်သူကြီး ဖြစ်လာလိမ့်မယ်…”
အစောပိုင်းက သူ့တည်ငြိမ်မှုများကို ထိတ်လန့်မှုက နေရာယူသွားပြီ ဖြစ်သည်။
ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားရှိ တိုက်ပွဲအမှတ်အသားသည် လင်းလက်၍ သူ့စိတ်ထဲတွင် ပုံရိပ်များ တဖျပ်ဖျပ် ဖြစ်၏။ ကျန်းရှင်းရီ၏ ဘဝတစ်ခုလုံးက သူ့နာမည်ဖြင့် ထိုက်တန်ပေသည်။
ကျန်းရှင်းရီသည် သူ့ဘဝတစ်လျှောက်၌ မရေမတွက်နိုင်သောတိုက်ပွဲများ ကြုံခဲ့၊ဖြတ်သန်းခဲ့၏။ ထိုတိုက်ပွဲများက ကြီးသည်၊ငယ်သည်မဟူ သူသည် လုံးဝ နောက်မဆုတ်ခဲ့ပေ။ထိုတိုက်ပွဲအတွေ့အကြုံများကလည်း သူ့နယ်ပယ် ဖြစ်လာခဲ့သည်။ ယင်းနယ်ပယ်မှာ တိုက်ပွဲ ဟူသည် စကားတစ်ခွန်းတည်း။
တိုက်ပွဲ ဆိုသည်က မည်သို့နည်း။ ကျန်းရှင်းရီ၏အမြင်၌ တိုက်ပွဲဟူသည့် စကားလုံးမှာ စိတ်ဝိညာဉ်၊ ကောင်းကင်ဘုံကိုပင် အညံ့မခံမည့် စိတ်ဆန္ဒ ဖြစ်၏။
သူ သေနိုင်၏။ သို့သော် သူသွားသည်ဆိုလျှင်ပင် သူသည် တိုက်ပွဲတစ္ဆေ ဖြစ်နေပေဦးမည်။
သူ သေနိုင်၏။ သို့သော် သူ သေရမည်ဆိုလျှင်ပင် သူ့စိတ်ဆန္ဒဟာ ကောင်းကင်ဘုံကို လှုပ်ခါစေဦးမည်။
သူသည် သေရဲ၊ရှင်ရဲသည့် သူရဲကောင်း ဖြစ်၏။ သူကဲ့သို့ ကျင့်ကြံသူများသည် တိုက်ခိုက်ဖို့ မည်သည့်အခါမျှ နောက်တွန့်နေမည် မဟုတ်ပါ။
ဝမ်လင်းက ထိုစိတ်ဆန္ဒနှင့် တိုက်ခိုက်ခြင်းအတွေ့အကြုံများစွာကို အမွေဆက်ခံခဲ့ရသူ ဖြစ်သည်။ သည်အခိုက်၌ သူက လေကဲ့သို့ ရွှေ့လျား၏။ ဆံဖြူအဘိုးအိုက သာ၍ တုန်လှုပ်မိလေပြီ။
ဆံဖြူအဘိုးအိုက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေရာ မူလစွမ်းအင်များစွာကို စုစည်းသည်။ သူက ၎င်းစွမ်းအင်များ အချည်းနှီးဖြစ်မည်ကိုပါ ဂရုမစိုက်တော့ဘဲ သူ့ရှေ့တွင် ပျက်စီးမှုတစ်ခုကို ဖန်တီး၏။ သူက ထိုပျက်စီးအားကို အသုံးချ၍ ဝမ်လင်းထံကနေ ခွာ၏။ သူ့မျက်နှာသည် ဖြူရောနေသလို ကြောက်လန့်မှု အရိပ်အမြွက်လည်း ပေါ်နေ၏။ ဝမ်လင်းနီးကပ်လာချိန်၌ သူက သူ့လက်နှစ်ဖက်ကို မြှောက်ကာ ချိပ်ဟန်တစ်ခု ဖြစ်စေပြီး မျက်လုံးမှိတ်သည်။ ထိုအခါ သူ့ခန္ဓာကိုယ်ထံမှ မမြင်ရသောလှိုင်းတစ်ခု ပေါ်လာပြီး ခုနစ်ရောင်စုံနယ်မြေအနှံ့သို့ ပြန့်နှံ့သည်။
“အသိမဲ့သူတွေ၊ ဉာဏ်အလင်းရသူတွေနဲ့ တာအိုစိတ်ဝိညာဉ်ဆုံးရှုံးသူအားလုံးကို ဆင့်ခေါ်တယ်။ ငါ မင်းရဲ့ တာအိုစိတ်ဝိညာဉ်ကို အရည်ပျော်ဝင်စေမယ်…”
အဘိုးအို ထိုကဲ့သို့ ပြောလိုက်သည်နှင့် မီးနှင့်မိုးကြိုးတို့ကြောင့် ပျောက်ကွယ်သွားကြသည့် အသိမဲ့သူများ၊ဉာဏ်အလင်းရသူများက ခုနစ်ရောင်စုံနယ်မြေ၏ ထောင့်နေရာတိုင်းကနေ ပေါ်လာကြသည်။
သူတို့က ပေါ်လာသည်နှင့် ချက်ခြင်း ပျက်စီးကုန်၏။ အသိမဲ့သူများ၏မျက်လုံးထဲတွင် အခိုက်အတန့်အားဖြင့် ကြည်လင်မှု ထုတ်ဖော်သွား၏။ သို့သော် ထိုအခိုက်မှာပင် သူတို့သည် ဖုန်မှုန့်အဖြစ်ပြောင်းကာ လွင့်ပျောက်သွားကြသည်။
သူတို့ ပျောက်ကွယ်သွားသည့် နေရာကနေ တာအိုစိတ်ဝိညာဉ်များ ပျံသန်းထွက်လာကြ၏။ ထိုတာအိုစိတ်ဝိညာဉ်များက ကောင်းကင်ထက် ပျံသန်းတက်ကာ ဆံဖြူအဘိုးအိုထံ ဦးတည်လာကြသည်။
ဉာဏ်အလင်းရသူများလည်း ပျောက်ကွယ်ခဲ့ကြပြီ ဖြစ်သည်။ မြောက်များစွာသောတာအိုစိတ်ဆန္ဒများ ပြန့်နှံ့၏။ ၎င်းစိတ်ဆန္ဒတို့က တာအိုစိတ်ဝိညာဉ်များအဖြစ် ပြောင်း၍ အဘိုးအိုရှိ ပျံသန်းလာကြသည်။
ခုနစ်ရောင်စုံနယ်မြေ၏ အပြင်ဘက်ဒေသရှိ မီးတောက်များကြား ရုန်းကန်နေသော သားရဲများလည်း တစ်ကောင်ပြီးတစ်ကောင် ပျက်စီးကုန်၏။ ၎င်းတို့၏စိတ်ဝိညာဉ်များသည်လည်း အဘိုးအိုထံ ဆွဲငင်ခြင်း ခံရသည်။
“ရှေးဟောင်းမြင့်မြတ်သူ၊ သူ့တာအိုကို ပြန့်ကြဲသွားစေဖို့ သင့်စွမ်းအား အကျွန့်ကို ငှားပါ…”
ခုနစ်ရောင်စုံနယ်မြေ၏ မရေမတွက်နိုင်သော တာအိုစိတ်ဝိညာဉ်များသည် ဆံဖြူအဘိုးအိုရှေ့ စုဝေးလာကြသည်။ တာအိုစိတ်ဝိညာဉ်များသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းကြသည်။ထို့နောက် အဝါရောင်အလင်းက လောကတွင် ပြည့်နှက်လာပြီး ဝမ်လင်းကို ထွေးခြုံသည်။
“တာအိုပြန့်ကြဲခြင်း…” အဘိုးအို၏ ကြမ်းကြုတ်သောအသံ ပဲ့တင်ထပ်သည်။ သူက သူ့စွမ်းအားအားလုံးကို အသုံးပြု၏။ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းအပြင် သည်မန္တာန်က လူအများကို ကြောက်ရွှံ့စေခဲ့သည့် အရာ ဖြစ်သည်။ သည်မန္တာန်က မျိုးဖြုတ်ချိပ်ပိတ်ခြင်းကလန်ကို မြင့်မြတ်သောရှေးကလန်များအဆင့်ထိ တက်လှမ်းစေနိုင်ခဲ့ကာ ရှေးဟောင်းနတ်ဘုရားများ၊နတ်ဆိုးများ၊မိစ္ဆာများထက်သာ တစ်ဆင့်နိမ့်စေခဲ့သည်။
ဤကား မန္တာန်တစ်ခု သို့မဟုတ် စွမ်းရည်တစ်မျိုး မဟုတ်ပေ။ သို့သော် ရှားပါးလှသည့် တာအိုမန္တာန် ဖြစ်ချေ၏။
အဝါရောင်အလင်းဖြင့် ခြုံလွှမ်းခံရသူတိုင်းက သူတို့၏တာအိုအားလုံး ပြန့်ကြဲသွားခြင်းကို ခံရမည် ဖြစ်၏။ ဆံဖြူအဘိုးအိုက သည်မန္တာန်၏စွမ်းအား အပြည့်အဝကို အသုံးမပြုနိုင်ပေ။ သူက သုံးစက္ကန့်ခန့်သာ တာအိုမန္တာန်စွမ်းအားကို ထိန်းထားနိုင်၏။ ထိုသုံးစက္ကန့်ကလည်း ထိုအဘိုးအို၏သက်တမ်း ကိုးဆယ်ရာခိုင်နှုန်းကို သုံးစွဲပစ်ရ၏။ သို့သော်လည်း အုပ်စိုးသူ၏အမိန့်ကို အောင်မြင်စေဖို့ သူသည် တုံ့နှေးမနေခဲ့ပေ။
အနိုင်ရသူကို အဆုံးအဖြတ် ပေးပေတော့မည်။
***