Switch Mode

အပိုင်း (၁၂၆၃)

အဇူရာနဂါးနတ်အင်ပါယာ

အဇူရာနဂါးအင်ပါယာ ရှိနေသောနေရာ၊ အဇူရာနဂါးကျောင်းတော်၏ အပြင်ဘက်တွင် အကြီးအကဲလေးယောက် ထိုင်နေ၏။ ထိုလေးယောက်သည် အဇူရာနဂါးကလန်၏ အကြီးအကဲများ ဖြစ်ကြသည်။ သူတို့အားလုံးဟာ စိုးရိမ်တကြီးဟန် ပေါက်နေ၏။

ကျောင်းတော်ထဲမှ ဟိန်းအော်သံများ ထွက်ပေါ်လျက် ရှိ၏။ ထိုဟိန်းအော်သံများထဲ၌ ပြင်းပြင်းထန်ထန်နာကျင်မှုတို့ ပြည့်နှက်လျက် ကြားရသူတိုင်း၏ စိတ်ကို တုန်ယင်သွားစေနိုင်သည်။

“နတ်အုပ်စိုးသူ တံခါးပိတ်ကျင့်ကြံနေတာ တစ်လကျော်ပြီ…” ထိုဟိန်းအော်သံများကို နားထောင်နေသော အကြီးအကဲများထဲမှ တစ်ယောက်က ပူပန်ဟန်ဖြင့် ပြောလာ၏။

သူ့ဘေးရှိလူက စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ကျောင်းတော်ထဲမှ ဟိန်းအော်သံမှာ ပို၍ပင် ကျယ်လောင်လာသည်။

ကျောင်းတော်သည် တုန်ခါ၏။ အတားအဆီးများပေါ်လာကာ ကျောင်းတော်ပြိုကျခြင်းကို တားဆီးပေးသည်။ ကျောင်းတော်အပြင်ဘက်ရှိ အကြီးအကဲလေးယောက်က အချင်းချင်း ကြည့်မိကြ၏။ သူတို့သည် တစ်ယောက်မျက်လုံးထဲရှိ ကြောက်ရွှံ့မှုနှင့်စိုးရိမ်မှုတို့ကို တစ်ယောက် မြင်လိုက်ရသည်။

အဇူရာနဂါးကျောင်းတော်အတွင်း၌ အဘိုးအိုတစ်ယောက် ထိုင်နေ၏။ ထိုအဘိုးအိုသည် ပိန်ပါး၍ သူ့မျက်နှာသည် နာကျင်မှုကို တောင့်ခံထားရသည့်အတွက်ကြောင့် ရှုံ့တွနေသည်။ သူ့ဝတ်ရုံမှာ ချွေးသီးချွေးပေါက်များဖြင့် ရွှဲနစ်နေလျက် အဆုံးမဲ့ဟိန်းအော်သံက ကျောင်းတော်ခန်းမတစ်လျှောက် ပဲ့တင်ထပ်သည်။

သူ့ပခုံးနှစ်ဖက်၊ ခြေထောက်နှစ်ဖက်၊တင်ပါးစုံ၊ရင်ဘက် တို့ပေါ်တွင် အနက်ရောင်ချိန်းကြိုးရှစ်ခု ခပ်နှိပ် တွယ်ဆက်ထားသည်။ သည်ချိန်းကြိုးတို့က အခန်းတစ်ခုအဖြစ် ချိတ်ဆက်ထား၏။ သူ့ဘေးပတ်လည်တွင်လည်း မြောလွင့်နေသော ရတနာလေးခု ရှိနေ၏။ နတ်လေးပါးကလန်၏ လူတိုင်းသည် ယင်းရတနာများကို တော်ဝင်ရတနာလေးခုမှန်း သိရှိကြသည်။

သည်တော်ဝင်ရတနာလေးခုထံမှ ပေးစွမ်းသည့်အလင်းက အဘိုးအိုကို ဖုံးထား၏။

ယင်းအဘိုးအိုမှာ အဇူရာနဂါးနတ်အင်ပါယာ ဖြစ်၏။ သူ့မျက်နှာထက်တွင် နာကျင်မှုတို့ ပြည့်နှက်နေသည်။ သည့်နောက် သူ့ညာဘက်ပခုံးထက် အရေပြားအောက်တွင် ခုနစ်လက်မခန့်ရှည်သည့် အသားပိုတစ်ခု ပေါ်လာသည်။ ၎င်းအသားပိုက သူ့ရင်ဘက်ထံ မြန်ဆန်စွာ ရောက်သွားပြီး တဖြည်းဖြည်းချင်း သူ့တစ်ကိုယ်လုံးအနှံ့ လှည့်ပတ်သည်။

အဇူရာနဂါးနတ်အင်ပါယာ၏ ဟိန်းအော်သံသည် ပဲ့တင်ထပ်လျက် သူ့ခန္ဓာကိုယ်ကို ရုန်းကန်မှုကြောင့် ချိန်းကြိုးများအား လှုပ်ခါစေသည်။ သူသည် ထိုးထွက်လိုက်ပြီး သူ့ခေါင်းကို အခန်းနံရံနှင့် ဝင်စောင့်သည်။

နံရံထက်တွင် အက်ကြောင်းများ ပေါ်လာ၏။ သို့သော် သိပ်မကြာခင်တွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ တော်ဝင်ရတနာလေးခုထံမှ အလင်းက ပို၍ အားကောင်းလာကာ ဟင်္သာငှက်၊လိပ်နက်၊ကျားဖြူတို့၏ ပုံရိပ်ယောင်များ ပေါ်လာသည်။ ၎င်းတို့က အဇူရာနဂါးနတ်အင်ပါယာကို အောက်သို့ ပြန်ဆွဲချသည်ဟု ထင်ရ၏။

အဇူရာနဂါးနတ်အင်ပါယာ၏ အထက်၌ အားနည်းသောအဇူရာနဂါးပုံရိပ် ခပ်ရေးရေး ပေါ်လာ၏။ ထိုနဂါးသည် အလွန်အိုမင်းကာ ရှေးဟောင်းအော်ရာကို ပေးစွမ်းနေသည်။ အချို့အမည်မသိအကြောင်းရင်းများကြောင့် ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်အသားပိုများစွာ ပေါ်လာလေ၏။ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းပင်။

အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် အဇူရာနဂါးနတ်အင်ပါယာ၏ ဟိန်းအော်သံက တဖြည်းဖြည်း ပြန်ငြိမ်သက်လာ၏။ သူ့ကိုယ်ပေါ်ရှိ ခုနစ်လက်မခန့်အသားပိုမှာလည်း ကျုံ့လာပြီး ပျောက်ကွယ်သွားသည်။ ချိန်းကြိုးများလည်း လှုပ်ခါခြင်း မရှိတော့ပေ။ အဇူရာနဂါးနတ်အင်ပါယာသည် တည်ငြိမ်လာ၏။ သူက ထိုင်ချ၍ အသက်ခက်ခက်ခဲခဲရှုသည်။ အချိန်အတန်ကြာပြီးနောက် သူ့အမူအရာက ခါးသီးဟန် ဖြစ်ပေါ်၏။

“ငါ ထပ်နိုင်ရမယ်…” သူက အသက်ရှု ပြန်မှန်လာပြီး စတင်ကျင့်ကြံရန် ပြင်၏။ ထိုအခိုက်တွင် သူက ဆက်ခနဲ ခေါင်းမော့ကြည့်၏။ သူသည် အကွာအဝေးတစ်ခုထံသို့ ကြည့်သည်။ သူ့မျက်လုံးထဲတွင် ပျော်ရွှင်သည့်အရိပ်အယောင် ပါနေ၏။ အနည်းငယ်စဉ်းစားပြီးနောက် သူက အားပါးတရရယ်မော၏။ သူ့မျက်လုံးထဲကပါ မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းလာသည်။

“ကောင်းတယ်…ကောင်းတယ်…။ ဟင်္သာငှက်အိုကြီး ရွေးချယ်ခဲ့တဲ့ နတ်အင်ပါယာသစ်ဖြစ်ဖို့ တကယ် ထိုက်တန်တယ်။ သူက မီးကနေ ပြန်မွေးဖွားနိုင်စွမ်း ရှိခဲ့ပြီး တတိယမြောက်ဟင်္သာငှက်နိုးထခြင်းကို ပြီးပြည့်စုံစေခဲ့တယ်။ သူဟာ ရှေးဟောင်းအချိန်တွေကစလို့ တတိယမြောက်နိုးထခြင်းကို ပြီးပြည့်စုံစေခဲ့တဲ့ ပထမဆုံးကလန်ဝင် ဖြစ်မယ်လို့ ငါ ထင်တယ်။ ကောင်းတယ်။ သင် ဒီလိုကံကောင်းမှုမျိုး ရမှတော့ ငါ့အတွက် ဒီလိုမျိုး ပြောမပြနိုင်လောက်အောင် ဒုက္ခခံစားရတာ အရေးမကြီးတော့ဘူး…”

အဇူရာနဂါးနတ်အင်ပါယာသည် ရယ်မောနေရင်း ခြေသံများ ကြားလိုက်ရ၏။ အကြီးအကဲလေးယောက်သည် ကျောင်းတော်ထဲသို့ ဝင်လာကာ အခန်းအပြင်ကနေ သူတို့အသံများ ထွက်ပေါ်လာကြသည်။

“နတ်အင်ပါယာ တံခါးပိတ်ကျင့်ကြံတာကနေ ပြန်ထွက်လာတာ ငါတို့ ကြိုဆိုပါတယ်…”

သူတို့ ထိုသို့ ဆိုလိုက်ချိန်တွင် အဇူရာနဂါးနတ်အင်ပါယာသည် ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူ့ဘေးပတ်လည်သို့ ညွှန်၏။ သူ့ပတ်လည်ရှိ ချိန်းကြိုးများ ပျောက်ကွယ်ကာ တော်ဝင်ရတနာလေးခုသည်လည်း အလင်းတန်းများအဖြစ် ပြောင်း၍ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားကြသည်။

သူက အင်္ကျီလက်အိုးကို ဝေ့ယမ်း၏။ ထို့နောက် အခန်းထဲကနေ လှမ်းလျှောက်ထွက်လာသည်။

သူသည် သူ့ရှေ့ရှိ လေးယောက်ကို ကြည့်၍ ဖြည်းဖြည်းချင်း မေးသည်။ “ဟင်္သာပြဒါးဂြိုဟ်မှာ ဘာအပြောင်းအလဲ ရှိလဲ…”

“ဟင်္သာပြဒါးဂြိုဟ်နဲ့ ချိတ်ဆက်နေတဲ့ ဟင်းလင်းပြင်အက်ကြောင်းထဲမှာ ရှိတဲ့ ရှေးဟောင်းနတ်ဘုရား နိုးထလာတော့မှာပါ…။ဒါပေမဲ့ ငါတို့ဟာ နတ်အုပ်စိုးသူရဲ့ အမိန့်ကို နားထောင်ပြီး ကလန်လေးခုရဲ့သွေးကို အသုံးပြုလို့ မဟာရှေးဦးအစီအရင်ကို ခင်းကျင်းထားခဲ့ပါတယ်…”

အဇူရာနဂါးနတ်အင်ပါယာသည် ထိုစကားများကို ကြားသည့်အခါ ခေါင်းညိတ်ပြ၏။ သူက အကွာအဝေးတစ်ခုထံ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးထဲတွင် အေးစက်မှု ဖျပ်ခနဲ ပေါ်လာသည်။ သတ်ဖြတ်ချင်စိတ်အပြည့် ပါသော လေသံဖြင့် သူ ပြောလာသည်။

“တောက်ပသောလေဟာနယ်နယ်မြေက ဗရမ်းဗတာ ဖြစ်နေတာ အချိန်ကြာခဲ့ပြီ။ အလုံးစုံကောင်းကင်က ဒါကို အခွင့်ကောင်းယူပြီး ကျူးကျော်လာခဲ့ကြတာပဲ။ နတ်လေးပါးကလန်ဝင်အားလုံးကို ခေါ်ပြီး လူစုခိုင်းလိုက်။ ငါ တောက်ပသောလေဟာနယ်နယ်မြေကို ပြန်ထိန်းချုပ်နိုင်ဖို့ လုပ်တော့မယ်။ ကျင့်ကြံသူအားလုံး နာခံရမယ်။ မဟုတ်ရင် သေရမယ်…”

သူ့ရှေ့ရှိအကြီးအကဲလေးယောက်သည် မင်သက်သွားကြ၏။ သို့သော် သူတို့သည် စိတ်လှုပ်ရှားမှုဖြင့် မော့ကြည့်လာကြ၏။ သူတို့က အလျင်အမြန် ပြန်ထွက်သွားကြပြီး နတ်လေးပါးကလန်တစ်ခုလုံးကို ကောင်းကင်တုန်လှုပ်စေနိုင်သည့် အမိန့်တစ်ခုကို ပေးပို့သည်။

နတ်လေးပါးကလန်တစ်ခုလုံးသည် စတင် လှုပ်ရှားပေပြီ။

“ပြင်ပနယ်မြေက လူတွေ သိပ်မကြာခင် ရောက်လာကြတော့မယ်။ အချိန် ရဦးမှာလား…”

အဇူရာနဂါးနတ်အင်ပါယာသည် သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်၏။

ခုနစ်ရောင်စုံနယ်မြေတွင် အပြာရောင်ဟင်္သာငှက်သည် လေထဲ ပျံတက်လျက် ဝမ်လင်း၏ပုံရိပ်မှာလည်း အပြာရောင်မီးတောက်များကြားကနေ ဖြည်းဖြည်းချင်း လှမ်းထွက်လာ၏။ သူသည် သူ့ရှေ့ရှိ အပြာရောင်လောကကို တောက်ပသောမျက်လုံးတို့ဖြင့် ကြည့်သည်။

“ငါ့မီး၊မိုးကြိုးနဲ့ တိုက်ပွဲစိတ်ဆန္ဒတို့ဟာ ငါ့ရဲ့ အမှန်နဲ့အမှားနယ်ပယ်ထဲ ပေါင်းစပ်နိုင်ခဲ့မယ်ဆိုရင် ငါ့ကျင့်ကြံမှုအဆင့်ဟာ နောက်ထပ် ထပ်တိုးတက်လာလိမ့်မယ်။ ဒီလိုသာဆိုရင် ကောင်းကင်ဘုံဒုက္ခကျင့်ကြံမှုအဆင့်(ဒုတိယအဆင့်နှင့်တတိယအဆင့်တို့၏ ကြားခံအဆင့်) အောက်မှာ ဘယ်သူမှ ငါ့ပြိုင်ဘက် မဟုတ်တော့ဘူး…”

ဝမ်လင်းသည် ခုနစ်ရောင်စုံနယ်မြေ၏ အတွင်းနက်ပိုင်းနေရာသို့ လှမ်းကြည့်သည်။ သူက အကွာအဝေးတစ်ခုရှိ မိုးထိမြင့်မားသောတောင်တစ်လုံးကို မြင်ရသည်။ ထိုတောင်ရှိ လှိုဏ်ဂူအတွင်းမှ ထူးဆန်းသောမြင်ကွင်းတစ်ခုကိုလည်း သူ တွေ့ရ၏။

“တာအိုကို ပြုစုပျိုးထောင်ဖို့ စိုက်ပျိုးခြင်း…။ သစ်သီး ရင့်မှည့်လာချိန် ဘယ်သူက ခူးဆွတ်မလဲ…” ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ညာလက်ကို မြှောက်၍ ရှေ့သို့ ညွှန်သည်။

ထိုလက်ညွှန်ချက်နှင့်အတူ အပြာရောင်ဟင်္သာငှက်သည် အော်မြည်သံ ပြု၍ ရုတ်တရက် လှုပ်ရှား၏။ ၎င်းသည် အပြာရောင်မီးတောက်များဝန်းရံလျက် ရှေ့သို့ သွားသည်။ ထိုအပြာရောင်မီးတောက်များက တုန်ဟိန်းသံများပေး၍ ဆံဖြူအဘိုးအိုထံ တန်းတန်းမတ်မတ် ဝင်ရောက်၏။

ဆံဖြူအဘိုးအို၏ ပတ်လည်တွင် သားရဲအစိတ်အပိုင်းကိုးခု ဝန်းရံထားလျက် ရှိ၏။ ၎င်းတို့က ဘေးပတ်ဝန်းကျင်ရှိမီးတောက်များကို တွန်းထုတ်ပေးပြီး သူ့အား ရှေ့ဆက်တိုးလို့ရအောင် လုပ်ပေးသည်။ သို့သော်လည်း သူသည် ရုတ်တရက်ရပ်ကာ ရှေ့တည့်တည့်သို့ ကြည့်၏။ လောကကို ဖုံးလွှမ်းထားသည့် အပြာရောင်မီးတောက်များက သူ့ထံဦးတည်ဝင်လာနေ၏။ ပြင်းထန်သောအပူဓာတ်က လောကတွင် ပြည့်သည်။ သူ့ဘေးပတ်လည်ရှိ သားရဲအစိတ်အပိုင်းကိုးခုထံမှ တစီစီအသံများ ထွက်ပေါ်လာသည်။

၎င်းတို့မှာ အပူလှိုင်းကို တောင့်မခံနိုင်တော့ဘဲ ပျက်စီးတော့မည့်ဟန် ပြလာ၏။

“တုန်လှုပ်ဖွယ်ကောင်းလိုက်တဲ့ မီးတောက်မျိုးပဲ။ ဒီလိုမီးတောက်မျိုးဟာ ရှားပါးလွန်းလှတယ်။ ဒီကောင်လေးရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်မားဘူး။ ဒါပေမဲ့ ဒီမီးတောက်နဲ့တင် သူဟာ နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူတွေကို ယှဉ်တိုက်နိုင်ပြီ…။ကံမကောင်းစွာနဲ့…” အဘိုးအိုက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေရာ သူ့မူလစွမ်းအင်များ စတင် လှုပ်ရှား၏။ သူ့နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့်ကျင့်ကြံခြင်းက ပြန့်နှံ့လာကာ သူ့လက်နှစ်ဖက်ကြားတွင် ဧရာမအလုံးကြီးတစ်လုံး ပေါ်လာသည်။

ထိုအလုံးထဲတွင် မူလစွမ်းအင်မြောက်များစွာ ပါဝင်၏။ ၎င်းသည် လှည့်လည်လျက် အဖျက်အစီးအော်ရာတစ်ခုက အရူးအမူး ပျံ့လွင့်လာသည်။

“အုပ်စိုးသူဟာ ဒီလူရဲ့စိတ်ဝိညာဉ်ကို လိုချင်တယ်။ သူ့ရဲ့သန့်စင်တဲ့စိတ်ဝိညာဉ်အပြင် အုပ်စိုးသူဟာ ဒီမီးနားလည်မှုကိုလည်း လိုချင်တာ ဖြစ်ရမယ်လို့ ငါ ထင်တယ်…”

အဘိုးအိုသည် အဖြေကို ဆုပ်ကိုင်မိပြီဟု တွေးမိချိန် သူ့မျက်လုံးတို့မှာ လင်းလက်၏။ သူသည် ဝမ်လင်းကို သတ်၍ သူ့စိတ်ဝိညာဉ်ကို ယူဆောင်ရပေမည်။ မည်သူကမျှ သူ့ကို လာတား၍ မရနိုင်ပေ။

သူက သူ့လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်၏။ အလုံးထံမှ တဝီဝီအသံများ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာ အဘိုးအို၏အသံသည် လောကတွင် ပဲ့တင်ထပ်လာသည်။

“ဖိဆန်သူများ…ဆင့်ခေါ်ခြင်း…”

သူ့အသံ ပဲ့တင်ထပ်လာချိန်၌ ခုနစ်ရောင်စုံအလင်းသည် အပြာရောင်မီးတောက်များကို ထွင်းဖောက်၏။ ခုနစ်ရောင်စုံအလင်းထဲတွင် ပုံရိပ်ယောင်ပုံရိပ်တစ်ခု ပေါ်လာသည်။ ထို့နောက် ဧရာမသံလိုက်အိမ်မြှောင်တစ်ခုသည် ကောင်းကင်ကို ပြည့်ဖုံး၏။

ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ ခုနစ်ရောင်စုံအလင်းတန်းများက ခုနစ်ရောင်စုံဓားကြီးတစ်လက်ကိုလည်း ဖြစ်ပေါ်လာစေသည်။ ၎င်းဓားသည်လည်း အပြာရောင်မီးတောက်များကို ပိုင်းဖြတ်တော့မည့်အလား ဝေ့ယမ်း၏။

ခုနစ်ရောင်စုံအလင်းမှ ဖြစ်ပေါ်လာသည့် ဤမန္တာန်များသည် ဖိဆန်သူများ၏မန္တာန်များ ဖြစ်ကြ၏။ အဘိုးအို၏လက်ထဲတွင် အရှင်ဟွေစုန် ၎င်းတို့ကို ဆင့်ခေါ်ခဲ့ချိန်ကထက် သည်မန္တာန်များ၏စွမ်းအားက များစွာ ပိုအစွမ်းထက်သည်။

ခုနစ်ရောင်စုံဓားပေါ်လာချိန်တွင် ၎င်းသည် တရကြမ်း တိုးဝင်၏။ ၎င်းသည် ခုနစ်ရောင်စုံဓားစွမ်းအင်အဖြစ် ပြောင်း၍ အပြာရောင်မီးတောက်များထဲရှိ ဟင်္သာငှက်ထံ တိုးဝင်သည်။

အပြာရောင်ဟင်္သာငှက်က အော်မြည်၏။ လောကတွင် အပြာရောင်မီးတောက်များ တရကြမ်း ထွက်လာပြီး ဓားစွမ်းအင်နှင့် ထိပ်တိုက်တွေ့ကာ ကောင်းကင်တုန်လှုပ်ဖွယ်မြည်ဟီးသံကို ဖြစ်စေ၏။ တစ်ချိန်တည်းမှာ ကောင်းကင်ထက်ရှိ ပုံရိပ်က ရှေ့သို့ လှမ်း၍ လက်ဝေ့ယမ်းသည်။ မထင်မှတ်စွာပင် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများ ပေါ်လာ၏။

သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများက ကောင်းကင်ထက်တွင် ပြည့်နှက်၍ အပြာရောင်ဟင်္သာငှက်ပေါ်သို့ မိုးများကဲ့သို့ ကျဆင်းလာ၏။ သို့ရာတွင် အပြာရောင်ဟင်္သာငှက်အော်မြည်သံ ပြုချိန်၌ ထိုသတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများ တစ်ခုပြီးတစ်ခု ပျက်စီးကုန်သည်။

ကြည့်ရသည်မှာ လောကရှိ မန္တာန်များအားလုံးဟာ အပြာရောင်ဟင်္သာငှက်ရှေ့၌ ပျက်စီးရသည့်အလား။

ဝမ်လင်းက အရာအားလုံးကို ကြည့်နေ၏။ သူက အပြာရောင်အလင်းတန်းအဖြစ် ပြောင်း၍ ရှေ့သို့ တရကြမ်း တိုးဝင်လာသည်။ အပြာရောင်မီးတောက်သည် သူ့ဘယ်မျက်လုံးထဲတွင် တဖျပ်ဖျပ် လင်း၏။ ထို့နောက် မီးတောက်ပင်လယ်တစ်ခုက သူ့အား ဝန်းရံ၍ သူသည် ဧရာမသံလိုက်အိမ်မြှောင်ထံ ဦးတည်သည်။

သံလိုက်အိမ်မြှောင်က အော်မြည်သံ ပေး၏။ သို့သော် မည်သည့်မန္တာန်မှ ပေါ်ထွက်မလာခင်မှာပင် ဝမ်လင်းက အနားရောက်လာပြီး ၎င်းကို မီးတောက်ပင်လယ်ဖြင့် ဝန်းရံပစ်သည်။

“ပျက်စီးစမ်း…” ဝမ်လင်းသည် အော်ဟစ်၏။ ထို့နောက် သံလိုက်အိမ်မြှောင်က စတင် လောင်ကျွမ်းကာ ရုတ်တရက် ပျက်စီးသွားသည်။

လေထဲတွင် ဝမ်လင်းက သူ့ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ အောက်သို့ ညွှန်သည်။ အပြာရောင်ဟင်္သာငှက်က အော်မြည်သံ ပြု၍ ၎င်းပတ်လည်တွင် မီးတောက်များ ဝန်းရံလျက် ဆံဖြူအဘိုးအိုထံ တိုးဝင်လာသည်။

ဤအရာများမှာ လျှပ်တပြတ်အတွင်း ဖြစ်ပွားသွားခြင်းပင်။ ဆံဖြူအဘိုးအို သည်မန္တာန်များကို အသုံးပြုလိုက်သည်နှင့် ဝမ်လင်း၏တန်ပြန်တိုက်ခိုက်မှုက ၎င်းတို့ကို ဖျက်စီးပစ်ခဲ့လေ၏။ တစ်ချိန်တည်းမှာ သူ့သတ်ဖြတ်လိုစိတ်က ဆံဖြူအဘိုးအိုပေါ်တွင် ခပ်နှိပ်နေ၏။

အဘိုးအိုသည် ဝမ်လင်းကို အလေးအနက် ကြည့်၏။ “သူ့ညာလက်ကို ကောင်းကင်ထက် ညွှန်၍ အော်ဟစ်သည်။ ခုနစ်ရောင်စုံနယ်မြေရဲ့ အစောင့်အကြပ်တစ်ယောက်အနေနဲ့ ဖိဆန်သူအားလုံး ပေါ်လာဖို့ ငါ အမိန့်ပေးတယ်…”

အဘိုးအို ထိုကဲ့သို့ အော်ဟစ်လိုက်ရင်း ခုနစ်ရောင်စုံအလင်းများ ရူးသွပ်လာသလား မှတ်ရပြီး မီးတောက်ပင်လယ်ကို ထွင်းဖောက်လာသည်။ ဘေးပတ်ပတ်လည်ကနေ ပုံရိပ်ယောင်ပုံရိပ်များ ဒါဇင်ချီ၍ ပေါ်လာကြ၏။

ထိုပုံရိပ်များထဲတွင် လူငယ်၊လူအို၊ အမျိုးသား၊အမျိုးသမီးများ ပါဝင်ကြ၏။ သူတို့ထံမှ ကြောက်မက်ဖွယ်အော်ရာများ ပေးစွမ်းနေသည်။ သူတို့အားလုံးက ဝမ်လင်းကို ကြည့်၏။ ခဏအကြာတွင် အတောမသပ်နိုင်သည့် မန္တာန်များက သည်လူဒါဇင်ချီဘေးတွင် ပေါ်လာကြသည်။ မန္တာန်တစ်ခုစီက‌ ကောင်းကင်ဘုံလက်ချောင်း၏အစွမ်းနှင့် ယှဉ်နိုင်ကာ ဝမ်လင်းထံ တဟုန်ထိုး ဝင်ရောက်လာ၏။

“မင်းရဲ့မီးတောက်ဟာ ဘယ်လောက်ပဲ သန်မာပါစေ…မင်းဟာ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါ့ကြောင့် မင်း ဖိဆန်သူတွေရဲ့ မန္တာန်တွေကို ခုခံနိုင်မှာ မဟုတ်ဘူး…။ မင်းရဲ့မီးစွမ်းအားဟာ တကယ့်ကို သန်မာလွန်းပါတယ်။ ဒါပေမဲ့ ဒီအဘိုးအိုမှာ အုပ်စိုးသူ ပေးထားခဲ့တဲ့ ရတနာတွေ ရှိတယ်။ မင်းရဲ့မီးဟာ ဒီရတနာတွေကို ဖျက်စီးနိုင်မှာ မဟုတ်ဘူး…”

ဆံဖြူအဘိုးအိုက တည်ငြိမ်သည့်လေသံဖြင့် ပြောလိုက်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset