ဝမ်လင်းရှိနေသော တောင်သည် ပျောက်ကွယ်သွားခဲ့လေပြီ။ သားရဲစိတ်ဝိညာဉ်များကို ဝန်းရံထားသည့် ခုနစ်ရောင်စုံအလင်းအဝိုင်းအချို့သာ ကျန်ရှိတော့၏။ မီးသည် အဆုံးမဲ့ ကျွမ်းလောင်၍ ခုနစ်ရောင်စုံအလင်းတို့ကို တဖျပ်ဖျပ် လှုပ်ခတ်စေသည်။ ၎င်းတို့က အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလားပင်။
သည်ဧရိယာဝန်းကျင်ရှိ အတားအဆီးမှာ လောင်ကျွမ်းသောအတားအဆီးများအဖြစ်သို့ တစစီ ဖြစ်ကာ အထက်သို့ လွင့်စင်ကုန်ကြသည်။ တောင်တန်းအတွင်းရှိ အဆုံးမရှိမြူများသည်ပင် မီး၏ စုတ်ဖြဲလောင်ကျွမ်းခြင်း ခံရကာ လုံးဝ လွင့်ပြယ်ကုန်၏။
နှစ်ပေါင်းမရေမတွက်နိုင်အောင် အချိန်အတွင်း ပထမဆုံးအကြိမ်အဖြစ် သည်တောင်တန်း၏ မြူများသည် ပျောက်ကွယ်သွားသည်။
မြူများအတွင်းရှိ ဉာဏ်အလင်းရသူများသည် လေထဲတွင် မြောလွင့်လျက် မီးကို ခုခံကြသည်။ တောင်တန်းအပြင်ဘက်ရှိ တောင်ကြားများတွင်လည်း မီးများ ပြည့်ဖုံး၍ မီးငရဲအဖြစ်သို့ ပြောင်းသည်။
လောင်ကျွမ်းခြင်းလှိုင်းများ၊ တစစီအသံများက မြေကမ္ဘာကို လှုပ်ခါစေသည်။တောင်ကြားများ ပတ်လည်ရှိ တောင်များသည် တစ်ခုပြီးတစ်ခု ပြိုကျကာ ကျွမ်းလောင်နေသောမြေစကျောက်စများအဖြစ်သို့ ပြောင်းကုန်သည်။
ဤအခိုက်အတန့်၌ တောင်ကြားတစ်ခုအတွင်းတွင် အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုသည် ဖြူရော ကြောက်လန့်စွာ ရှိနေ၏။ သူမ၏လက်နှစ်ဖက်ကို ချိပ်ဟန်များဖြစ်စေပြီး မီးများကို ခုခံဖို့အတွက် အတားအဆီးများကို ချခင်းလျက် ရှိသည်။
တောင်ကြားအပြင်ဘက်က ကြမ်းကြုတ်သောသားရဲများစွာ ရှိနေသောနေရာ၊ ခုနစ်ရောင်စုံနယ်မြေ၏ အပြင်ဘက်ဒေသ ဖြစ်၏။ သည်အချိန်အတွင်း ချန်ထျန်ကျွင်းက မူလသလင်းကျောက်များကို ရရှိရန် စွန့်စွန့်စားစားဖြင့် သားရဲတစ်ကောင်ပြီးတစ်ကောင်ရှိ သွားနေ၏။
သူက တိုက်ပွဲသားရဲကလန်၏ မန္တာန်များကို ပိုင်ဆိုင်ထားသော်လည်း သည်အဆင့်ဆယ့်နှစ်သားရဲများထံမှ မူလသလင်းကျောက်များ ရအောင်ယူခြင်းက ကျားပါးစပ်က အစာကို လုယူခြင်းနှင့် မထူးခြားနားပင်။ အလွန်အန္တရာယ်များလှ၏။ သူသည် အကြိမ်ကြိမ် သေမလို ဖြစ်ခဲ့ရသည်။
လက်ရှိ၌ သူသည် မြူသားရဲတစ်ကောင်ထံကနေ ပျံသန်း၍ ပြေးနေ၏။ သူသည် အကွာအဝေးတစ်ခုထံ ပျံသန်းလျက် ရှိ၏။ သူ့စိတ်နှလုံးမှာ ခုန်ပေါက်နေ၏။ သူ့နောက်မှ သားရဲဟိန်းသံ ထွက်ပေါ်လာကာ လေပြင်းတစ်ခု သူ့နောက်ကနေ ကပ်ပါလာသည်။
ဤအခိုက်အတန့်၌ မိုးကုပ်စက်ဝန်းသည် အဖြူရောင်ပြောင်း၍ ခုနစ်ရောင်စုံအလင်းများ လွင့်ပါးကုန်၏။ ထို့နောက် အံ့မခန်းအပူလှိုင်းတစ်ခု မိုးကုပ်စက်ဝန်းကနေ ထွက်ပေါ်လာသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ၎င်းအခြင်းအရာသည် တုန်လှုပ်ဖွယ်မြင်ကွင်း ဖြစ်၏။
ချန်ထျန်ကျွင်းနောက်သို့ လိုက်နေသည့် မြူသားရဲသည် တစ်ခဏ မင်သက်သွား၏။ ထို့နောက် သူက ချန်ထျန်ကျွင်းနောက် လိုက်ခြင်းကို လက်လွှတ်ကာ မြူအဖြစ်သို့ ပြန်ပြောင်းသည်။
ဤအခိုက်တွင် အဖြူရောင်မီးတောက်များက သည်ဧရိယာကို ခြုံလွှမ်းလာပြီး ပြင်ပဒေသတစ်ခုလုံး အဖြူရောင်မီးတောက်များ၏ ဝါးမြိုခြင်း ခံလိုက်ရသည်။ မီးတောက်ပင်လယ်က ချန်ထျန်ကျွင်းကိုတော့ ရှောင်ဖယ်သွားပြီး အပူလှိုင်းသက်ရောက်ခြင်းကို သူ မခံလိုက်ရပေ။
သူက နေရာတွင် ကြောင်ရီစွာ ရပ်နေရင်း ချွေးပြန်နေ၏။ သူသည် ထိုအပူဓာတ်ကို အချိန်အကြာကြာ သူ တောင့်ခံနိုင်စွမ်းမရှိဟု ခံစားမိ၏။ သူသည် ထိုမီးတောက်ပင်လယ်အတွင်း၌ ဝမ်လင်း၏အော်ရာကိုလည်း ခံစားမိသည်။
မီးတောက်များသည် ခုနစ်ရောင်စုံနယ်မြေ၏ ပြင်ပဒေသတစ်ခုလုံးကို လုံးဝ လွှမ်းခြုံသည့်အထိ ဆက်လက် ပျံ့နှံ့နေ၏။ အချို့သားရဲများသည် ထိုးထွက်လာကြ၍ ဟိန်းဟောက်ကြ၏။ ၎င်းတို့က မီးတောက်များကို မကြောက်သည့်ပုံ ရသည်။ မီးစပါးအုံးမြွေများကလည်း မီးများနှင့်အတူ မသက်မသာ လုံးဝမဖြစ်ဘဲ ရွှေ့လျားကြ၏။ ၎င်းတို့က သည်မီးတောက်များကို အထင်သေးနေဟန်ပင် ရ၏။
မီးတောက်များ ခုနစ်ရောင်စုံနယ်မြေတစ်ခွင် ပြန့်နှံ့သည့်အခါ တတိယကြိမ်မြောက်ဟင်္သာငှက်နိုးထခြင်း အစပြု၏။
ဝမ်လင်းသည် ထိုင်နေလျက် ရှိ၏။ သူ့ရှေးဟောင်းနတ်ဘုရား အသားအရေတို့ပါ ခြောက်သွေ့ကုန်၏။
သူ့ခန္ဓာကိုယ်ပတ်လည်ရှိ မီးများက အားအကောင်းဆုံး ဖြစ်၏။ သူ့ခန္ဓာကိုယ်မှ အဆုံးမဲ့မီးများ ထွက်ပေါ်လာပြီး သူ့အထက်တွင် ဝဲကတော့တစ်ခု ဖြစ်ပေါ်ကာ ဖြည်းဖြည်းချင်း လှည့်ပတ်သည်။
သူ့ခန္ဓာကိုယ်ကနေ နာကျင်စွာအော်ဟစ်သံ ထွက်ပေါ်လာသည်။ အဖြူရောင်ဟင်္သာငှက်က ပျံသန်းတက်ရန် ရုန်းကန်သည်။ တတိယမြောက်နိုင်းထခြင်းက ၎င်းအတွက် စမ်းသပ်မှုတစ်ခု၊ သေရေးရှင်ရေး ဖြစ်ဟန်တူ၏။
ဝမ်လင်းစိတ်လည်း ဗလာကျင်းနေ၏။ သူသည် ဟင်္သာငှက်တစ်ကောင် ဖြစ်လာသည့်အလား။
သူသည် အပူဓာတ်များကို ထုတ်လွှတ်ရာ၌ အနည်းငယ် နှေးသွားရုံဖြင့် သူ ပြာဖြစ်သည့်အထိ လောင်ကျွမ်းခံရတော့မလား ခံစားရသည်။
သည်လိုဖြင့် သံသရာလည်နေ၏။ သူ အပူကို ပိုထုတ်လေလေ သည်နေရာတွင် အပူဓာတ် ပိုများလာလေပင်။ သည်လို သံသရာလည်နေခြင်းက ဆက်တိုက်ဆက်တိုက် ဖြစ်နေပြီး ဟင်္သာငှက်သည် မြေကမ္ဘာတုန်ဟည်းစေလောက်သည့် အသံဖြင့် ဟစ်အော်လိုက်၏။
အရင်က နှစ်ကြိမ်နှစ်ခါနိုးထတုန်းက ဝမ်လင်းသည် အခုလိုခံစားမှုကို မတွေ့ကြုံခဲ့ရပေ။ တတိယအကြိမ်မြောက်နိုးထခြင်းက အလွန်အမင်းခက်ခဲလွန်း၏။ သူ့ခန္ဓာကိုယ်မှ အပူသည် သူ့မူလစိတ်ဝိညာဉ်ကိုပါ လောင်ကျွမ်းနေသလို ခံစားရကာ ဝမ်လင်းကို အံ့အားသင့်စေ၏။ သူသည် တတိယမြောက်ဟင်္သာငှက်နိုးထခြင်းက သည်မျှခက်ခဲလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
သူ့ခန္ဓာကိုယ်ထဲက အပူကို အပြင်သို့ ထုတ်လွှတ်နှုန်းမှာ လုံလောက်အောင် မမြန်တော့ပေ။ လောင်ကျွမ်းခံရသည့် ခံစားချက်က ပို၍ ရှင်းလာ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရေပြားသည်လည်း ပို၍ အက်ကွဲလာသည်။ အက်ကြောင်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ သူ့အရေပြား ပျက်စီးတော့မည်ဟု ထင်ရသည်။
ရုတ်တရက် ဝမ်လင်းက မျက်လုံးဖွင့်လာပြီး အော်ဟစ်၏။ သူက သူ့ခန္ဓာကိုယ်ထဲရှိ အပူဓာတ်အားလုံးကို ထုတ်လွှတ်ပစ်ချင်သည့်အလား။ ထိုကဲ့သို့ နာကျင်စွာအော်ဟစ်စဉ်အတွင်း သူ့ပါးစပ်ကနေ ပြင်းထန်သောအပူလှိုင်းများ ထွက်သွား၏။ ထိုအပူလှိုင်းက သူ့ကို ဝန်းပတ်သည်။ သည်အပူလှိုင်းကို ခုခံရန် သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များပါ ရုန်းကန်ရ၏။
“ဟင်္သာငှက်…နိုးထခြင်း…ဟင်္သာငှက်…” ဝမ်လင်းအသိစိတ်မှာ အနည်းငယ် ဝေဝေဝါးဝါး ဖြစ်လာသည်။ ခုချိန်တွင် သူသည် မသိစိတ်ဖြင့် အပူဓာတ်ကို ထုတ်လွှတ်လျက် ရှိနေသည်။ သို့ရာတွင် သည်နည်းလမ်းက တစ်ခဏသာ ဟန့်တားနိုင်၍ ပြဿနာ၏ ရင်းမြစ်ကို ဖြေရှင်းနိုင်ခြင်း မရှိပေ။ သည်လိုသာ ဆက်ဖြစ်နေပါက ဝမ်လင်း သံသယမရှိ သေဆုံးသွားရလိမ့်မည်။
သူ့မျက်လုံးတို့က သွေးချင်းနီရဲ၍ ရူးသွပ်ဟန်အကြည့်ကို ထုတ်ဖော်သည်။
“ငါ သေဆုံးတဲ့ထိ လောင်ကျွမ်းခံရရင် ခံရ၊ မဟုတ်ရင် မီးထဲကနေ ပြန်မွေးဖွားရမယ်…”
ဝမ်လင်းသည် ကောင်းကင်ဘုံကို ဖိဆန်သည့်စိတ်ဆန္ဒနှင့်အတူ ကြိုးပမ်းမှုနှင့်ဇွဲသတ္တိကို ယုံကြည်သူ ဖြစ်သည်။ မီးတောက်များ ပို၍ ပြင်းထန်လာလေလေ သူ့ဖိဆန်သည့်စိတ်ဆန္ဒဟာ ပိုအားကောင်းလာလေပင်။
“ငါ ထပ်ပြီးတော့ ဒီမီးအပူဓာတ်တွေကို မထုတ်လွှတ်တော့ဘူး။ ငါ့ခန္ဓာကိုယ်ထဲမှာပဲ ရှိနေစေတော့မယ်…”
ဝမ်လင်းသည် နာကျင်စွာ ရယ်မော၏။ သူ့ပုံစံမှာ ပို၍ ရူးသွပ်လာဟန် ပေါက်သည်။ သူက သူ့ခန္ဓာကိုယ်ရှိ ဒွာရပေါက်အားလုံးကို ပိတ်ဆို့၍ အပူဓာတ်များ အပြင်သို့ တစ်စက်မှ မထွက်အောင် လုပ်သည်။ သူက အပူဓာတ်ကို သူ့ခန္ဓာကိုယ်အတွင်း၌သာ ထား၍ အရူးအမူး တိုးပွားလာစေသည်။
ထိုကဲ့သို့ ရူးလောက်စဖွယ်သတ္တိက ရိုးရှင်းဟန် တူ၏။ သို့သော် လောကရှိ မည်မျှများများလူများက ဤကဲ့သို့ အမှန်တကယ် လုပ်ဝံ့ကြပါသနည်း။
ဝမ်လင်း သူ့ကိုယ်သူချိပ်ပိတ်ချိန်တွင် သူ့ခန္ဓာကိုယ်တွင်းရှိ မီးများဟာ ကြောက်မက်ဖွယ်အဆင့်ထိ တိုးလာသည်။ အပူချိန်သည် မြင့်မားလွန်း၏။ သူ့ခန္ဓာကိုယ်က ပျက်စီးတော့မလို ဖြစ်လာ၏။ သို့သော် သူက တောင့်ခံသည်။
အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဝမ်လင်းခန္ဓာကိုယ်ထဲရှိ အပူဓာတ်သည် ပို၍ ပြင်းထန်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် နီလိုက်၊ဖြူလိုက် ဖြစ်နေသည်။ သည်အခိုက်အတန့်၌ ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ မီးက အထွတ်အထိပ်သို့ ရောက်လာကာ ရုတ်တရက် သူ့ခန္ဓာကိုယ်အတွင်း ပေါက်ကွဲလေ၏။
အံ့မခန်းအပူဓာတ် တရကြမ်း ထိုးထွက်လာကာ သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းသည်။ သူသည် မီးတောက်များနှင့် ဖုံးနေသဖြင့် သူ့ကိုယ်လုံးကိုပါ မမြင်ရတော့ချေ။ သည်မီးတောက်များက အဖြူရောင်အဖြစ်တောက်ပ၍ တဖြည်းဖြည်းချင်း အပြာရောင်ပြောင်းသည်။
အပြာရောင်မီးတောက်များ ပေါ်လာခိုက် ၎င်းတို့က ချက်ခြင်း ပျံ့နှံ့သည်။ အပြာရောင်မီးတောက်များသည် အဖြူရောင်မီးတောက်များထက် များစွာပိုပူပြင်း၏။
ယင်းမီးတောက်များက အဘက်ဘက်သို့ ပြန့်နှံ့လျက် လောကကိုပါ အပြာရောင်အဖြစ် ပြောင်းစေသည်။ အပြာရောင်မီးတောက်များ သည်နယ်မြေတစ်ခွင့်သို့ ပြန့်နှံ့ပြီး ချက်ခြင်းပင် ခုနစ်ရောင်စုံနယ်မြေတစ်ခုလုံးသည် အပြာရောင်မီးတောက်ငရဲတစ်ခု ဖြစ်လာတော့၏။
အစောပိုင်းတုန်းက အဖြူရောင်မီးတောက်များထဲတွင် သည်နေရာရှိ ကြမ်းကြုတ်သောသားရဲများ ရှိနေကြသည်။သို့သော် ဤအခိုက်တွင် အဖြူရောင်မီးတောက်များ ပျောက်ကွယ်၍ နတ်ဆိုးဆန်သည့်အလင်းတစ်ခု အစားထိုးလာ၏။ ထိုအခါ အဖြူရောင်မီးတောက်များသည် အပြာရောင်အဖြစ်သို့ ပြောင်းကုန်ကြသည်။
မီးတောက်များကို စိတ်ထဲမရှိသည့် သားရဲများ၊အစောပိုင်းက ၎င်းတို့၏ခွန်အားကို ပြခဲ့ကြသော သားရဲများအားလုံးသည် ထိတ်လန့်တကြား ဖြစ်ကုန်၏။ ၎င်းတို့က သည်အပြာရောင်မီးတောက်ကို ခုခံရန် မြူများအဖြစ် အလျင်အမြန် ပြန်ပြောင်းကြ၏။၎င်းတို့သည် ဤအပြာရောင်မီးတောက်များကို အလွန်အမင်း ကြောက်လန့်ဟန် ပေါ်သည်။
မီးစပါးအုံးမြွေများသည်ပင် ခုခံနိုင်ရန် မြူများအဖြစ် ပြန်ပြောင်းရ၏။ မြူအသွင်းပြောင်းဖို့ အနည်းငယ် နှေးသွားသော တစ်ကောင်ဆိုလျှင် အပြာရောင်မီးတောက်၏ ဝန်းရံခြင်း ခံလိုက်ရပြီး သေသည့်အထိ လောင်ကျွမ်းခံလိုက်ရသည်။ ၎င်း၏စိတ်ဝိညာဉ်ပါ မီးတောက်များ၏ စုပ်ယူခြင်း ခံရကာ မီးတောက်ဆန္ဒ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားလေသည်။
နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်နှင့် ယှဉ်နိုင်သောသားရဲတစ်ကောင်ကို လောင်ကျွမ်းပစ်နိုင်သည့် မီးတောက်မျိုးသည် အလွန့်အလွန်ရှားပါးလှ၏။
အပြာရောင်မီးတောက်များ ပို၍ ပျံ့နှံ့လာလေလေ တောင်ကြားထဲရှိ လှိုဏ်ဂူများဟာ ပျက်စီးသွားတော့သည်။ အတားအဆီးအစီအရင်များလည်း အပြာရောင်မီးတောက်ကြောင့် ကြေမွကုန်ကြ၏။
သည်အခိုက်အတန့်တွင် ခုနစ်ရောင်စုံနယ်မြေတစ်ခုလုံးဟာ လောင်ကျွမ်းနေ၏။ အပြာရောင်မီးတောက်များသည် လောကကို မာန်ချီဟိန်းနေသည့်အလား။ ခုနစ်ရောင်စုံနယ်မြေ၏အတွင်းနက်ပိုင်းတွင် ဆံဖြူအဘိုးအိုသည် ဝမ်လင်းရှိ တရကြမ်း လာနေ၏။ သို့သော် သူ ဝမ်လင်းအနား ရောက်လာချိန်တွင် သူ့အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားလေ၏။
သူက သူ့ရှေ့တွင် ကောင်းကင်ဘုံတုန်လှုပ်စေမည့် အပြာရောင်အလင်းကို မြင်၏။ အပြာရောင်မီးတောက်တစ်ခုက ဒေါမာန်ထနေသည့်လှိုင်းကဲ့သို့ သူ့ထံ တရကြမ်း ဝင်လာနေသည်။ အဘိုးအို၏အမူအရာက ဖြူရောသွားကာ သူ့လက်နှစ်ဖြင့် ချိပ်ဟန်တစ်ခုကို အလျင်အမြန် ဖြစ်ပေါ်စေပြီး အံ့ဖွယ်ရတနာတစ်ခုကို ထုတ်ယူ၏။ ထိုကဲ့သို့ တုန့်ပြန်မှုများကြောင့် သူသည် အပြာရောင်မီးတောက်များကြား ကံကောင်း၍ ရှင်သန်နိုင်သွားသည်။
သို့ရာတွင် သူ့နှဖူးထက်၌ ချွေးပြန်နေပြီ။ သူ့မျက်လုံးထဲရှိ ကြောက်လန့်အံ့အားသင့်မှုက သူ မည်မျှ ထိတ်လန့်သွားရသည်ကို ဖော်ပြသည်။
“ဒါ…ဒါက ဘယ်လိုမီး အမျိုးအစားလဲ…” သူသည် ကျင့်ကြံသူတစ်ယောက်အနေဖြင့် အရာများစွာ မြင်ခဲ့ဖူး၏။ သို့သော် အခုလို အပြာရောင်မီးတောက်ကိုတော့ လုံးဝ မမြင်တွေ့ခဲ့ဖူးပေ။ သည်မီးတောက်များက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကိုဖျက်စီး၊ မူလစိတ်ဝိညာဉ်ကိုပါ လောင်ကျွမ်းပစ်နိုင်စွမ်း ရှိနေ၏။ ယင်းမီးတောက်များက ဆံဖြူအဘိုးအိုကို ကြီးစွာ တုန်လှုပ်မိစေသည်။
အပြာရောင်မီးတောက်များ၏ ရင်းမြစ်က ဝမ်လင်း ထိုင်နေသည့်နေရာ ဖြစ်၏။ သည်နေရာတွင် အပြာရောင်တောက်တောက် မီးတောက်များ ဖုံးလွှမ်းလျက် အလွန်လှပခြင်းကို ဆောင်၏။ ဟင်္သာငှက်တစ်ကောင်၏ မြည်ဟိန်းသံကလည်း ပဲ့တင်ထပ်သည်။
ဟင်္သာငှက်အော်မြည်သံ ထွက်ပေါ်လာခိုက်တွင် သည်မီးတောက်များကြားကနေ အပြာရောင်ဟင်္သာငှက်တစ်ကောင် ပေါ်လာလေ၏။ ၎င်း ပေါ်လာသည်နှင့် ခုနစ်ရောင်စုံနယ်မြေရှိ အပြာရောင်မီးတောက်များသည် ကောင်းချီပေးကြသည့်အလား အရူးအမူး ကျွမ်းလောင်ကြ၏။
အပြာရောင်ဟင်္သာငှက်အောက်တွင် ပုံရိပ်တစ်ခုက ခြေတစ်လှမ်းဖြင့် လှမ်းလျှောက်ထွက်လာ၏။
ဟင်္သာငှက်၏ တတိယမြောက်နိုးထခြင်းက မီးကနေ ပြန်လည်မွေးဖွားသည့် ဖြစ်တည်မှုနှင့် ဆင်ပေ၏။
ဤအခိုက်၌ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းနှင့် အလွန်တရာဝေးကွာလှသော မဟာမိတ်ကြယ်အဖွဲ့အစည်းရှိ နတ်လေးပါးကလန်တည်ရှိသည့် တားမြစ်နေရာတွင် ဟင်္သာငှက်နတ်ကလန်ဝင်အားလုံးသည် သူတို့ခန္ဓာကိုယ်ထဲရှိ မီးသည် အရူးအမူးကျွမ်းလောင်သကဲ့သို့ ခံစားလိုက်ရသည်။ ပထမဆုံးအကြိမ်အဖြစ် သူတို့သည် မီးတောက်များ ထိန်းချုပ်နိုင်ခြင်းကို ဆုံးရှုံးသွားပြီး ယင်းမီးတောက်များသည် သူတို့၏ခန္ဓာကိုယ်ကနေ တရကြမ်းထွက်၍ သူတို့အား ခြုံလွှမ်းသည်။
***