ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ မဟာကလန်ခုနစ်ခုထဲမှ တစ်ခုဖြစ်သည့်နှင့်အညီ လဝါးမြိုခြင်းကလန်သည် ကျယ်ပြောသည့်ကြယ်နယ်မြေများကို ထိန်းချုပ်ထားသည်။ သူတို့၏ဘိုးဘေးသည် ကြီးမားသည့်ကောင်းချီပေးမှုကို တစ်ခါ ရခဲ့ဖူးသည့်အတွက်ကြောင့် လဝါးမြိုခြင်းကလန်၏ အဆင့်အတန်းသည် အလွန်မြင့်မားသည်။ အုပ်စိုးသူပြည်ထောင်စုတွင်ပင် အကြီးအကဲများ ဖြစ်လာသည့် ထိုကလန်မှ သုံးယောက် ရှိသည်။ ဤအဖြစ်ကြောင့် ယင်းကလန်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တောက်ပခဲ့ကြသည်။
လဝါးမြိုခြင်းကလန်၏ တောင်ဘက်ခြမ်းတွင် မည်သူမျှ ဝင်ခွင့်မရှိသည့် တားမြစ်နေရာတစ်ခု ရှိသည်။ ထိုဧရိယာပတ်လည်ကို အသေအချာကာကွယ်ထားပြီး ကလန်၏ သတ်မှတ်ထားသောလူများသာ ဤနေရာသို့ ဝင်၍ ကျင့်ကြံနိုင်ကြသည်။
ဤတားမြစ်နေရာတွင် ဧရာမရုပ်တုကြီးကိုးခု ရှိသည်။၎င်းတို့မှာ ရှေးဟောင်းနတ်ဘုရားကိုးပါး၏ ရုပ်တုများပင်။ ရုပ်တုတစ်ခုစီ၏ အပေါ်တွင် အဘိုးအိုတစ်ယောက်စီ ထိုင်နေလျက် ရှိသည်။ သူတို့က ထူးဆန်းသောချိပ်ဟန်များကို ထုတ်ဖော်ထားလျက် သည်ရုပ်တုများထံမှ ရှေးဟောင်းနတ်ဘုရားစွမ်းအားများကို အတင်းအကြပ် စုပ်ယူနေသည်ဟု ထင်မှတ်ရသည်။
ရှေးဟောင်းအချိန်များကစ၍ သူတို့ ရှေးဟောင်းနတ်ဘုရားများကို သစ္စာဖောက်ခဲ့ကြပြီးနောက် လနတ်ဘုရားသည် ရှေးဟောင်းနတ်ဘုရားများ၏စွမ်းအားကို ထုတ်ယူရန် နည်းလမ်းတစ်ခုအား အမြဲလိုလို ရှာဖွေခဲ့သည်။ သူတို့က တနေ့တွင် အတိတ်က အရှက်ရမှုကို ဆေးကြောပြီး ရှေးဟောင်းနတ်ဘုရားများကို လဝါးမြိုခြင်းကလန်၏ ကျေးကျွန်များ လုပ်ပစ်မည်ဟု မျှော်လင့်ခဲ့ကြသည်။
ထိုမျှော်လင့်ချက်ကို အောင်မြင်ဖို့အတွက် လဝါးမြိုခြင်းကလန်တစ်ခုလုံးသည် ရှိသမျှအားကုန်ထုတ်ခဲ့ကြပြီး မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ လေ့လာရှာဖွေခဲ့ပြီးနောက် နောက်ဆုံးတွင် သူတို့သည် ရှေးဟောင်းနတ်ဘုရားများကို ဝါးမြိုနိုင်သည့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ကြသည်။
သို့သော်လည်း ဤနည်းလမ်းက ချိုယွင်းချက်များ ရှိသလို အန္တရာယ်လည်း များလှသည်။ ၎င်းနည်းလမ်းကို ယနေ့ချိန်ထိ မည်သူကမျှ မအောင်မြင်ခဲ့သေးပေ။
ရှေးဟောင်းနတ်ဘုရားရုပ်တုများပေါ်ရှိ အကြီးအကဲကိုးယောက်သည် လဝါးမြိုခြင်းကလန်၏ ပါရမီအရှိဆုံးသူများ ဖြစ်၍ တုန်လှုပ်ဖွယ်စွမ်းအား ပိုင်ဆိုင်ထားကြသည်။ ရှေးဟောင်းနတ်ဘုရားများကို ဝါးမြိုနိုင်မည့် နည်းလမ်းကို အောင်မြင်ရန် သူတို့က ဤနေရာတွင် ကျင့်ကြံနေကြခြင်းပင်။
အရာရာသည် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်သွားနေ၏။ သည်နေရာလည်း လုံးဝ တည်ငြိမ်လျက်ရှိသည်။ သို့သော် လဝါးမြိုခြင်းကလန်မှလူငယ် ခုနစ်ရောင်စုံနယ်မြေ၌ ရှေးဟောင်းနတ်ဘုရားအရိပ်ကို ဆင့်ခေါ်ခဲ့ချိန်၊ ဝမ်လင်းက တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် ရှေးဟောင်းပဋိညာဉ်ကို နှုတ်မိန့်ဖြင့် ဖျက်ဆီးခဲ့ပေသည်။
ထိုအခိုက်တွင် သည်တားမြစ်နေရာရှိ ရှေးဟောင်းနတ်ဘုရားရုပ်တုကိုးခုထံမှ တုန်ဟည်းသံများ ထွက်ပေါ်လာပြီး ရုပ်တုပေါ်တွင် အက်ကြောင်းများ ပေါ်လာတော့သည်။ ဤသို့ ရုတ်တရက်ပြောင်းလဲမှုက အကြီးအကဲကိုးယောက်ကို ကျင့်ကြံနေရာကနေ နိုးထလာစေသည်။ သူတို့ တုန်လှုပ်မိကြ၏။ ကြောက်လန့်ကုန်ကြ၏။ စိတ်ရှုပ်ထွေးကုန်ကြ၏။ သူတို့သည် မည်သို့ဖြစ်ပျက်နေသည်မှန်း မသိဘဲ ရှိနေသည်။
သို့ရာတွင် ထိုပြောင်းလဲမှုက အဆုံးသပ်မသွားပေ။ သူတို့ကိုးယောက် ပျံသန်းထွက်လိုက်ချိန်၌ ရှေးဟောင်းနတ်ဘုရားရုပ်တုများထဲမှ တစ်ခုသည် ရုပ်တရက် ပျက်စီးကာ ရုပ်တုအတွင်းရှိ ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် လောကထဲသို့ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာ ဒုတိယမြောက်ရုပ်တုလည်း တုန်ခါကာ အက်ကြောင်းများ ပေါ်လာပြန်သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းရုပ်တုလည်း ကျင့်ကြံသူကိုးယောက်၏ မင်သက်ကြောင်ငေးနေသော အကြည့်များအောက်တွင်ပင် ပျောက်ကွယ်သွားသည်။
ကျန်သည့်ရုပ်တုခုနစ်ခု ပျောက်ကွယ်နေသည်ကိုလည်း တွေ့မြင်ရသည့်အခါ သူတို့၏အမူအရာသည် ကြီးစွာ ပြောင်းလဲကုန်၏။
“ဒီကျွန်ရုပ်တုတွေ ပျက်စီးတာကို တားဆီးဖို့ ဘာပဲဖြစ်ဖြစ် လုပ်ကြ…”
နတ်ဘုရားအာရုံတစ်ခုက ဆောင်ယူလာသည့် ကောင်းကင်တုန်လှုပ်ဖွယ်အသံတစ်ခု ရိုက်ခတ်လာ၏။ သည့်နောက် ရှေးဟောင်းအော်ရာကို ပေးစွမ်းနေသော၊လဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် အကွာအဝေးတစ်ခုတွင် ပေါ်လာသည်။ သူက လက်ဝေ့ယမ်းသည်။ ကောင်းကင်မှာ လရောင်ဖြင့် ဖုံးအုပ်လာ၏။
ရှေးဟောင်းနတ်ဘုရားရုပ်တုများကိုပင် ကျေးကျွန်ဟု ခေါ်ဝံ့သည့် လဝါးမြိုခြင်းကလန်သည် အဆုံးစွန်မောက်မာလှ၏။ အစစ်အမှန်အားဖြင့် ရှေးဟောင်းနတ်ဘုရားများသည် သူတို့၏ကျွန်များ မဟုတ်သော်လည်း သည်စကားအရ လဝါးမြိုခြင်းကလန်၏ ဖြစ်ချင်သည့် ဆန္ဒကို လွယ်ကူစွာ မြင်တွေ့ရနိုင်သည်။
အကွာအဝေးတစ်ခုကနေ အစွမ်းထက်အော်ရာများ တရကြမ်း ရောက်ရှိလာ၏။
“ဘယ်လိုဖြစ်ရတာလဲ…” ရောက်ရှိလာသည့် လဝါးမြိုခြင်းကလန်ဝင်တိုင်း၏ စိတ်ထဲတွင် ကြောက်မက်ဖွယ်မေးခွန်းတစ်ခု ပေါ်လာပေပြီ။
လဝတ်ရုံဖြင့် အဘိုးအိုက လေဟာနယ်ထဲသို့ မော့ကြည့်သည်။ သူက အံတင်းတင်းကြိတ်၍ ပြောသည်။ “တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးက ရှေးပဋိညာဉ်ကို နှုတ်မိန့်နဲ့ ဖျက်စီးခဲ့တာ…”
သို့ရာတွင် သူ့မျက်လုံးအတွင်း၌ ဖုံးကွယ်ထားသော ကြောက်လန့်မှုကတော့ ပိုပို၍ အားကောင်းလာတော့သည်။
ဝမ်လင်းကတော့ ချိပ်ပိတ်နယ်မြေ၏ အပြင်ဘက် ရှေးဟောင်းကြယ်အဖွဲ့အစည်းရှိ အဖြစ်အပျက်များကို မသိပေ။
ခုနစ်ရောင်စုံနယ်မြေ၌ လဝါးမြိုခြင်းကလန်မှ လူငယ်၏ခန္ဓာကိုယ်သည် သွေးတစက်စက်ကျ၍ ကျန်းရှင်းရီ၏အရိုးစုထံမှ မြေပြင်ထက်သို့ စီးကျနေသည်။
ထိုလူငယ်၏အရိုးအားလုံးမှာလည်း လုံးဝ တစစီ ဖြစ်၍ နေရာအနှံ့ ပြန့်ကြဲနေသည်။ ခုနစ်ရောင်စုံလက်သည်းခွံနှင့် တွယ်ဆက်ထားသည့် အရိုးပိုင်းနှစ်ခုသာ ကျန်တော့၏။
ဝမ်လင်းက ထိုအရာတို့ကို အာရုံစိုက်မနေတော့ပေ။ သူ့အကြည့်က ဟင်္သာငှက်ပေါ်သို့သာ ကျရောက်နေ၏။ သူက မီးသည် သာ၍သာ၍ သိပ်သည်းလာသည်ကို ခံစားမိသည်။ အဆုံးသပ်၌ ဟင်္သာငှက်က ဟစ်အော်သံပြု၏။ ၎င်းက အောက်သို့ ထိုးဆင်းလာပြီး ဝမ်လင်း၏ဘယ်မျက်လုံးထဲသို့ ဝင်ရောက်လာသည်။
ဤအခိုက်တွင် ဝမ်လင်းပတ်လည်တွင် မီးပင်လယ်တစ်ခု ပေါ်လာပြီး သည်ဟင်းလင်းပြင်တစ်ခုလုံး မီးများနှင့် ပြည့်နှက်သည်။ သူက ချက်ခြင်း သည်နေရာကနေ ထွက်ခွာလာ၏။ ဟင်းလင်းပြင်အက်ကြောင်းကနေ ထွက်လာပြီးနောက် သူသည် အချိန်အတားအဆီး၏အောက်ရှိ တောင်ထိပ်ပေါ် ရောက်လာပြီး ချက်ခြင်း ထိုင်ချသည်။
ခုနစ်ရောင်စုံအလင်းသည် ကောင်းကင်ထက်ကနေ သက်ဆင်းကျ၏။ သို့သော် ၎င်းသည် ချက်ခြင်းပင် လောင်ကျွမ်းခံရသကဲ့သို့ တွန့်ကြေရသည်။ မထင်မှတ်စွာဖြင့် ၎င်းသည် ဝမ်လင်းခန္ဓာကိုယ်ထဲရှိ အပူဓာတ်၏ အပူရှိန်ကြောင့် နောက်ဆုတ်သွားရသည်။
ဝမ်လင်း၏ဘယ်မျက်လုံးက တုန်လှုပ်ဖွယ်မီးကို ပေးစွမ်းလေ၏။ ထိုမီးသည် အစပိုင်း၌ အနီရောင်၊ သို့သော် သိပ်မကြာခင်တွင် အဖြူရောင် ပြောင်းသည်။ ထိုအဖြစ်က ဝမ်လင်း၏ ဘယ်မျက်လုံးကိုပါ အဖြူရောင်ဖြစ်လုနီးနီး ပြောင်းလဲသွားစေသည်။
ဟင်္သာငှက်သည် တတိယအကြိမ်မြောက် နိုးထလာပေတော့မည်။ စာကလေးမီးကလန်ဝင် ဆင့်ခေါ်ခဲ့သည့် ဘိုးဘေးစိတ်ဝိညာဉ်မီးငှက်ကို ဝါးမြိုပြီးသည့်နောက် တတိယကြိမ်မြောက်ဟင်္သာငှက်နိုးထခြင်း ရောက်ရှိလာပေပြီ။
သည်အခိုက်အတန့်တွင် ခုနစ်ရောင်စုံအလင်းက ဆက်လက်၍ နောက်လွင့်နေပြီး ဝမ်လင်းကို ဗဟိုပြုလျက် အပူလှိုင်းတစ်ခု ပျံ့နှံ့လာသည်။ အချိန်အတားအဆီးသည်လည်း ပြန်ကောင်းမွန်လာခဲ့ပြီ ဖြစ်ရာ ယင်းအတားအဆီး၏ ချိပ်ပိတ်ထားမှုကြောင့် သည်နေရာရှိ အပူချိန်သည် ပို၍ပင် မြင့်မားလာတော့သည်။
ဝမ်လင်းပတ်လည်ရှိ ကြက်သွေးနီရောင်ချပ်ဝတ်က သူ့ခန္ဓာကိုယ်မှ အပူဓာတ်ကို စုပ်ယူ၏။ ကြောက်မက်ဖွယ်မီးတောက်များသည် ပတ်ဝန်းကျင်တွင် ပြည့်နှက်သည်။ သည်လောင်ကျွမ်းနေသောမီးတောက်များသည် ကောင်းကင်ဘုံနှင့်ပါ ယှဉ်ပြိုင်နေသလား မှတ်ရသည်။
ဟင်္သာငှက်သည် လောကရှိ မီးအားလုံးကို ထိန်းချုပ်မည့် ဖြစ်တည်မှု ဖြစ်၏။ မည်သူကမျှ ၎င်းငှက် မည်သည့်နေရာက ရောက်လာခဲ့သည်ကို မသိကြပေ။ သို့သော် ဒဏ္ဍာရီအရကတော့ လောက မွေးဖွားလာချိန်တွင် ဒြပ်စင်ငါးခု တစ်ပါးတည်း ပါဝင်ခဲ့ပြီး ဟင်္သာငှက်က မီးဒြပ်စင်ကနေ မွေးဖွားခဲ့သည်ဟု ဆိုသည်။
ယနေ့တွင် ထိုဒဏ္ဍာရီ မှန်လား၊မှားလား ကိစ္စ မဟုတ်တော့ပေ။ အရေးကြီးသည်က ရှေးဟောင်းအချိန်များကတည်းက တည်ရှိခဲ့သည့် ဟင်္သာငှက်ကလန်သာ ဖြစ်သည်။ ၎င်းတို့က မီးကနေ မွေးဖွားခဲ့၍ မည်သည့်အခါမှ ငြှိမ်းသေခဲ့တာ မရှိပေ။
ထိုကလန်က မီးစွမ်းအားကို ကျင့်ကြံ၍ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် ဟင်္သာငှက်အမှတ်အသား ရှိကြ၏။ ထိုအမှတ်အသားနိုးထလာတိုင်း ဟင်္သာငှက်ဆင့်ကဲတိုးတက်ခြင်းဟု ဆိုလိုသည်။ ၎င်းက ကောင်းကင်ဘုံတုန်လှုပ်ဖွယ် မီးစွမ်းအားကို ကိုယ်စားပြုသည်။ ရှေးဟောင်းအချိန်များက ဟင်္သာငှက်ပထမအကြိမ် နိုးထခြင်းသည် သိပ်မရှားပါးပေ။သို့သော် အချိန်ကြာလာသည်နှင့်အမျှ သွေးမျိုးဆက် သန့်စင်မှု လျော့နည်းလာခြင်းကြောင့် ဟင်္သာငှက်နိုးထနိုင်သည့်သူများ နည်းသထက်နည်းပါးလာသည်။
ဒုတိယအကြိမ်မြောက် နိုးထနိုင်သူများကိုတော့ ပြောနေစရာပင် မလိုတော့ပေ။ ဒုတိယအကြိမ်မြောက်နိုးထမှုက ရှေးဟောင်းအချိန်များတုန်းကပင် ရှားပါးလှ၏။ အခုအခါတွင် ပို၍ ရှားပါးနေပေပြီ။ ဒုတိယအကြိမ်မြောက်နိုးထမှုသည် မည်သည့်ဟင်္သာငှက်ကလန်ဝင်ကိုမဆို တုန်လှုပ်သွားစေနိုင်စွမ်း ရှိသည်။
သို့သော်ငြားလည်း တတိယအကြိမ်မြောက်နိုးထမှုနှင့် ယှဉ်ပါက လမင်းနှင့်ပိုးဖလံနှိုင်းယှဉ်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ တတိယမြောက်နိုးထမှုသည် ပျောက်ကွယ်နေပြီဟုပင် ထင်ရ၏။ ရှေးဦးအချိန်များကပင် တုန်လှုပ်ဖွယ်ပါရမီရှိသူအနည်းငယ်ကသာ ဤနယ်ပယ်အဆင့်သို့ ရောက်ရှိခဲ့ကြ၏။ မည်သူကမျှ သည်အချက်ကို မှန်လား၊မှားလားပင် မသိနိုင်ပါ။
တတိယအကြိမ်မြောက်နိုးထစေသူများသည် လောကရှိ မီးစိတ်ဝိညာဉ်များနှင့် တူ၏။ သူတို့သည် မီးအားလုံးကို ထိန်းချုပ်နိုင်မည်။
သည်အခိုက်၌ ဝမ်လင်းက တတိယကြိမ်မြောက်နိုးထခြင်းကို ဖြတ်သန်းနေ၏။ အတားအဆီးအတွင်းရှိ အပူချိန်သည် မြင့်သထက်မြင့်လာသည်။ ဟင်းလင်းပြင်သည်ပင် မီးတောက်များကို တောင့်မခံနိုင်တော့သည့်အလား အက်မွလာ၏။
ဟင်္သာငှက်ချပ်ဝတ်သည်ပင် ဝမ်လင်းခန္ဓာကိုယ်မှ အပူရှိန်ကို တောင့်မခံနိုင်သည့်အလား အရည်ပျော်လာ၏။ ချပ်ဝတ်သည် အရည်ပျော်၍ ဝမ်လင်းခန္ဓာကိုယ်၏ စုပ်ယူခြင်း ခံရသည်။
ဝမ်လင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် မီးတောက်ပင်လယ်က အတားအဆီးအတွင်းရှိ နေရာတစ်ခုလုံး ပြည့်နှက်သည့်အထိ တိုးပွားလာသည်။ အစပိုင်းတွင် မီးက အနီရောင်ရှိ၏။ သို့သော် လောင်ကျွမ်းနေခြင်းနှင့်အတူ အတားအဆီးအတွင်းရှိ မီးအားလုံးမှာ အဖြူရောင်သို့ ပြောင်းသည်။
သည်အဖြူရောင်မီးက လောကကို ဖျက်စီးနိုင်သည့်စွမ်းအား ပါဝင်လေ၏။ ၎င်း ပေါ်လာသည်နှင့် သူ့အောက်ရှိတောင်ထံမှ အနက်ရောင်အခိုးအငွေ့များစွာ ထွက်လာ၏။ ထိုအခိုးအငွေ့များ မပြန့်နှံ့ခင်မှာပင် မီး၏ဖိသိပ်အားကြောင့် လွင့်ပါးပျောက်ကွယ်သွားသည်။
တောင်သည်လည်း ကျုံ့လာ၍ စတင် ပျက်စီး၏။ တောင်ပေါ်ရှိ ကျောက်တံခါးအပေါ်တွင်ပါ အက်ကြောင်းများ ပေါ်လာသည်။ ထိုအခါ ယင်းကျောက်တံခါးအတွင်းရှိ အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးငယ်က တုန်ယင်သွားပြီး အခိုးအငွေ့အဖြစ်သို့ ပြောင်း၍ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်က ခုနစ်ရောင်စုံအလင်းဖြင့် ချိပ်ပိတ်ထားသော သားရဲစိတ်ဝိညာဉ်များ၏ အဖြစ်သနစ်တည်း။ အချို့အလင်းများပါ ပြိုပျက်၍ အတွင်းရှိသားရဲစိတ်ဝိညာဉ်လည်း သေသည့်အထိ လောင်ကျွမ်းခံရသည်။ သို့ရာတွင် သားရဲ၏တာအိုဆန္ဒကတော့ လွင့်ပါးမသွားဘဲ မီးနှင့်အတူ ပေါင်းစပ်သွားသည်။
ထို့အတွက်ကြောင့် မီးသည် စိတ်ဆန္ဒတစ်ခု ပါဝင်လာသကဲ့သို ထင်ရ၏။ ယင်းက စိတ်ဆန္ဒတစ်ခုတည်းမဟုတ်၊ မရေမတွက်နိုင်သောစိတ်ဆန္ဒများ ဖြစ်၏။ သို့သော် အဆုံးသပ်၌ ၎င်းစိတ်ဆန္ဒများသည်လည်း ဝမ်လင်း၏ထိန်းချုပ်မှုအောက် ရောက်ရပေသည်။
ဤအခိုက်တွင် တောင်သည် လုံးဝ ပျက်စီးပြိုလဲ၏။ ကျောက်စကျောက်နများသည်ပင် ပျောက်ကွယ်သည့်အထိ လောင်ကျွမ်းခံရသည်။ အဆင့်ဆယ့်နှစ်နှင့်ဆယ့်သုံးသားရဲများသာ ၎င်းတို့ကို ဝန်းရံထားသည့် ခုနစ်ရောင်စုံအလင်းကြောင့် ကံကောင်း၍ ရှင်သန်နိုင်ခဲ့၏။
တောင်ပျက်စီးသွားချိန်တွင် မီးအပူချိန်ဟာ အထွတ်အထိပ် ရောက်ရှိလာသည်။ မီး၏ပြင်းထန်သောဖိအားအောက်တွင် အချိန်အတားအဆီး၏ အားအနည်းဆုံး အက်ကြောင်းရှိသည့်နေရာမှာ ဆက်၍ တောင့်မခံနိုင်တော့ဘဲ စုတ်ပြဲပွင့်ဟသည်။ မီးသည် ပေါက်ကွဲပစ်ရန် နေရာတစ်ခု ရှာတွေ့သွားသည့်အလား ချက်ခြင်း ဤအက်ကြောင်းထဲသို့ တရကြမ်း တိုးဝင်၏။ ချက်ခြင်းပင် အချိန်အတားအဆီးမှာလည်း စတင်လောင်ကျွမ်းခံရသည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် အချိန်အတားအဆီးသည် လောင်ကျွမ်းသောမီးလုံးအဖြစ် ပြောင်းကာ ချက်ခြင်း ပျက်စီး၏။
၎င်းပျက်စီးသွားချိန်တွင် လောကသည်ပါ တုန်လှုပ်ရသည်။ မီးပမာဏများစွာ ထိုးထွက်၍ ဤခုနစ်ရောင်စုံနယ်မြေတစ်ခွင်သို့ ပြန့်နှံ့သည်။ နယ်မြေအတွင်းနက်ပိုင်းရှိ တောင်တစ်လုံးအတွင်းမှ ဆံဖြူအဘိုးအိုသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နှက်လာ၏။ သူက အလျင်အမြန်ထရပ်ကာ ဝမ်လင်းရှိနေသော နေရာသို့ ကြည့်သည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် အဆုံးမဲ့ကြယ်များကြားတွင် လွင့်မြောနေသော နန်းတော်တစ်ခု ရှိသည်။ မြောလွင့်နေသည့် ကျောက်စိမ်းပြားများထံကနေ သည်နန်းတော်ကျောင်းဗိမ္မာန်ကို အလင်းပေးဟန် ရသည့် ခပ်ဖျော့ဖျော့အလင်းတစ်ခုကို ပေးစွမ်းသည်။
သည်နန်းတော်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်၏။ သို့ရာတွင် သည်အခိုက်အတန့်၌ ဖယောင်းတိုင်များထဲမှ တစ်ခုသည် ရုတ်တရက် လင်းထိန်လာ၏။ မီးသည် ဖျပ်ခနဲ လင်းလက်ကာ နန်းတောင်ကို မှောင်လိုက်လင်းလိုက် ဖြစ်စေသည်။
“မီးက ပိုပြီး ဖြစ်ထွန်းလေလေ စိတ်ဝိညာဉ်ဟာ ပို အရသာ ရှိလေပဲ…”
ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်၏။ ခြောက်သွေ့အိုမင်းသည့် လက်ချောင်းတစ်ချောင်းက မီးဘေးနားတွင် ပေါ်လာကာ လက်ညွှန်၏။ ထိုအခါ မီးသည် ပို၍ တောက်ပစွာ လောင်ကျွမ်းသည်။ သို့ရာတွင် ထိုလက်ချောင်းပိုင်ရှင် ရှိနေသော နေရာကတော့ အမှောင်ကျနေဆဲပင်။
“ဒီကြွယ်ဝလှတဲ့မီးဟာ သင့်လက်ချောင်းကို လောင်ကျွမ်းသွားမှာ မစိုးရိမ်ဘူးလား…”
ဒုတိယမြောက်အသံတစ်ခု နန်းတော်ဗိမ္မာန်အတွင်းမှ ထွက်ပေါ်လာ၏။ သည်စကားလုံးများက အလွန်တရာ အေးစက်လှ၏။
“စိုးရိမ်ရမှာလား…” လက်ချောင်းသည် မီးထံ ဆက်ချဲ့ထွက်ပြီး ဖယောင်းတိုင်က ၎င်းလက်ကို လောင်ကျွမ်းခွင့် ပြု၏။
တစ်ချိန်တည်းမှာ ခုနစ်ရောင်စုံနယ်မြေအတွင်းပိုင်းရှိ ဆံဖြူအဘိုးအိုသည် မျက်မှောင်ကြုတ်နေ၏။ သူက အမိန့်တစ်ခု ရလိုက်သည်ဟု ထင်ရကာ ဝမ်လင်းရှိနေသော နေရာသို့ ဦးတည်လာတော့သည်။
***