လခြမ်းကွေးအမှတ်အသားနှင့်လူငယ်က ဝမ်လင်းကို လှမ်း၍ အော်သည်။ “ငါ ကျွန်ကလန်က မဟုတ်ဘူး…”
ဝမ်လင်းက ထိုလူငယ်ကို မထူးခြားနားဟန်ဖြင့်သာ ကြည့်သည်။ သူ့ဘေးပတ်လည်ရှိ မီးတောက်တို့က ပို၍ ပြင်းထန်လာသည်။ သည်လူငယ်နှင့် သူ ပထမဆုံးကြိမ် ဆုံဖူးသည်က လမြွေနဂါးနှင့် တိုက်ခိုက်ကြသော လေဟာနယ်နေရာအတွင်း၌ ဖြစ်သည်။ သည်လူက ပြင်ပနယ်မြေကနေ ရောက်လာခဲ့ကာ ဝဲကတော့တစ်ခုကို ဖြစ်ပေါ်စေပြီး လမြွေနဂါးကို ယူဆောင်ရန် ကြိုးပမ်းခဲ့ဖူးသည်။
သည်လူက အလွန်အမင်းမောက်မာကာ ဝမ်လင်းလိုမျိုး ချိပ်ပိတ်နယ်မြေမှ လူများရှေ့တွင် သူဟာ ကောင်းကင်ဘုံတာအိုဟု ပြောဆိုခဲ့ဖူးသည်။ ထိုစဉ်က ဝမ်လင်းသည် တုန်လှုပ်ခဲ့ရဖူး၏။ သို့သော် သူက အတိတ်ကအကြောင်းကို သိရှိလာလေလေ ထိုလူငယ်ကို ကြည့်သည့် သူ့အကြည့်မှာ ပို၍ အေးစက်လေ ဖြစ်လာသည်။
ရှေးဟောင်းနတ်ဘုရားများ၏ ကျွန်ကလန်။ ရှေးဦးအချိန်များက ရှေးဟောင်းနတ်ဘုရားများထံ ခိုလှုံခဲ့သော လဝါးမြိုခြင်းကလန်။
ဝမ်လင်းသည် အေးစက်စက်နှာခေါင်းရှုံ့ကာ လက်သီးစုပ်၍ လက်သီးချက်ပစ်သွင်း၏။ ရှေးဟောင်းနတ်ဘုရား၏ စွမ်းအားသည် တုန်ဟည်းကာ ထွက်ပေါ်လာ၏။ လက်သီးချက်သည် မြန်ဆန်စွာ လူငယ့်နား ရောက်လာသည်။
လူငယ်၏မျက်နှာက ဖြူရောလေ၏။ သူက သူ မလွတ်နိုင်တော့သည်ကို သိ၏။ သူ အသက်ရှင်လိုပါက တိုက်ခိုက်ရပေမည်။ သို့သော်လည်း သူ့စိတ်ထဲတွင် ခါးသီးနေမိ၏။ သူတိုက်ခိုက်လျှင်လည်း သူ့အတွက် ရှင်သန်နိုင်ဖို့ အခွင့်အရေး ရှိနိုင်မလား။ သူ မသိပေ။
ပြင်ပနယ်မြေတွင် သူ့ကိုယ်ပိုင်ကလန်ဝင်များထဲမှ တစ်ယောက်နှင့် တိုက်ခိုက်ခဲ့ရပါက အနည်းဆုံးတော့ သူ အညံ့ခံနိုင်သေး၏။ သို့ရာတွင် သည်လူကတော့ ချိပ်ပိတ်နယ်မြေ၏ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်သာမက တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးလည်း ဖြစ်နေပြန်သည်။ သူ့မိသားစုမှတ်တမ်းများအရ သူ့ကလန်က ရှေးဟောင်းနတ်ဘုရားများကို သစ္စာဖောက်ခဲ့သည်ဟု ဆိုထားခဲ့၏။ သူ အညံ့ခံလျှင်ပင် သူ သေခြင်းတရားကနေ မလွတ်မြောက်နိုင်ဘဲ သူ့စိတ်ဝိညာဉ်လည်း ရှာဖွေခြင်း ခံရနိုင်သည်။
“ဒီသောက်နေရာက ဘာကြီးလဲ။ ဘာကြောင့် ချိပ်ပိတ်နယ်မြေက ကျင့်ကြံသူတွေ ဒီနေရာမှာ ပေါ်လာခဲ့ရတာလဲ…”
လူငယ်၏အမူအရာက ပို၍ ကြမ်းကြုတ်လာ၏။ သူက မာန်သွင်းအော်ဟစ်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့ခန္ဓာကိုယ်သည် လရောင်ဖြင့် ဖုံးအုပ်သည့်အလား သလင်းနှင့် ပိုတူလာ၏။ ဝမ်လင်း၏ လက်သီးချက် အနားရောက်လာသည့်အခါ သူက စတင်၍ လှည့်လည်ပြီး ဝဲကတော့တစ်ခုကို ဖွဲ့တည်၏။ ဝဲကတော့အတွင်း၌ ဧရာမလခြမ်းကွေးအမှတ်အသားတစ်ခု ပေါ်လာသည်။
ဝမ်လင်း၏ လက်သီးချက်သည် တုန်ဟီး၍ ကျရောက်သွား၏။ လခြမ်းကွေးသည် အပြင်းအထန် တုန်ခါသွားသည်။ သို့သော် မပျက်စီးသွားသေးပေ။ သို့ရာတွင် လူငယ်၏ ပါးစပ်ထောင့်ကနေ သွေးများ စီးကျ၏။ သူက အံတင်းတင်းကြိတ်ကာ သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားအကုန် မြင့်တက်စေ၏။ ထို့နောက် သူသည် ရှေ့သို့ တွန်းထုတ်ကာ အော်ပြော၏။ “လ အားပြန်ခြင်း…”
ချက်ခြင်း လခြမ်းကွေးထံမှ အလင်းသည် မျက်စိကျိန်းလောက်အောင် တောက်ပလာကာ ရှေးဟောင်းနတ်ဘုရားလက်သီးချက်ပုံရိပ်က ဝမ်လင်းထံ တိုးဝင်သွား၏။
ဝမ်လင်း၏ အမူအရာက ပြောင်းလဲမသွားပေ။ သူက သူ့ညာလက်ကို မြှောက်၍ နောက်ထပ် လက်သီးတစ်လုံး ပစ်သွင်းသည်။ တစ်ချိန်တည်းမှာ သူက ခြေတစ်လှမ်းလှမ်းကာ အံ့မခန်းအမြန်နှုန်းဖြင့် အနားတိုးသွားသည်။
ဝမ်လင်း၏လက်သီးချက်က လခြမ်းကွေးကနေ ဖြစ်လာသည့် လက်သီးချက်ပေါ်သို့ ကျရောက်သွား၏။
“ကျွန်ကလန်တစ်ခုရဲ့ မန္တာန်ဟာ ဘယ်လိုလုပ် ရှေးဟောင်းနတ်ဘုရားတစ်ပါးကို ယှဉ်တိုက်နိုင်ပါ့မလဲ…” ဝမ်လင်းက ရှေ့သို့ တရကြမ်း တိုး၏။ သူ့လက်သီးချက်များကိုလည်း ဝဲကတော့ထံ တရစပ် ထိုးချသည်။ တဝုန်းဝုန်း ဆက်လက် ဖြစ်ပေါ်ကာ ဝဲကတော့ထဲရှိ လူငယ်သည် ဆက်တိုက် နောက်ဆုတ်ရသည်။ နောက်ဆုတ်ရတိုင်း သူ့ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်၏။
သည်အခိုက်အတန့်၌ ဝမ်လင်းသည် တိုက်ပွဲကောင်းကင်ဘုံသားတစ်ယောက်အလား။ သူက အဆုံးမဲ့တိုက်ပွဲဆန္ဒနှင့် ပြည့်လျက် တစ်လှမ်းချင်း နီးကပ်လာသည်။
“ငါ့အတွက် ပျက်စီးလိုက်စမ်း…” ဝမ်လင်း၏အသံက တည်ငြိမ်၏။ သို့သော် မမြင်ရသောဖိအား ပါသည်။ သည်အခိုက်၌ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်၍ သူ့ညာခြေထေက်ဖြင့် ဝဲကတော့ ကန်သည်။
တစီစီအသံများ ပဲ့တင်ထပ်ကာ ဝဲကတော့ ပျက်စီးသွား၏။ အတွင်းရှိ လခြမ်းမှာလည်း တစစီ ဖြစ်ပြီး ပေါက်ကွဲသည်။
သွေးများဖုံးလွှမ်းနေသည့် ပုံရိပ်တစ်ခု လွင့်ထွက်လာ၏။ ထိုပုံရိပ်က အနှီလူငယ်ပင်။ သူက အကွာအဝေးတစ်ခုထိ ဒလိမ့်ခေါက်ကွေး လွင့်ထွက်သွားသည်။ ဝမ်လင်းက ယင်းလူငယ်ထံ လှမ်းလျှောက်လာသည်။
လူငယ်၏မျက်လုံးသည် ဝေဝေဝါးဝါး ဖြစ်လာ၏။ သို့သော်ငြား သူက အလွန်ရှုပ်ထွေးသည့်မန္တာန်တစ်ခုကို ရွတ်၏။ တစ်ချိန်တည်းမှာ သူ့လက်နှက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး သူ့မျက်ခုံးနှစ်ခုကြားကို ညွှန်သည်။
“တားမြစ်လမန္တာန်၊ နတ်ဘုရား အမျက်ဒေါသ…” လူငယ်က သူ့လဝါးမြိုခြင်းကလန်တွင် ရှေးဟောင်းတားမြစ်မန္တာန်တစ်ခု ပိုင်ဆိုင်ထားမှန်း သိ၏။ သူက ၎င်းကို နောက်ဆုံးအချိန် မရောက်သ၍ အသုံးပြုမည် မဟုတ်၊ အကြောင်းမှာ ၎င်းမန္တာန်အသုံးပြုရခြင်းသည် သူ့လမြွေနဂါးကလန်ကို အရှက်ကွဲစေခြင်းကြောင့်တည်း။
သူက မာန်သွင်းအော်ဟစ်လျက် မြေပြင်ထက်သို့ ဒူးထောက်ချ၏။ ဝမ်လင်း အနားရောက်လာလေပြီ။ လူငယ်က သူ့လက်ဖြင့် ထူးဆန်းသောချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး ပူဇော်သမှု စတင်၏။
“ငါ့လဝါးမြိုခြင်းကလန်အတွက် ရှေးဟောင်းနတ်ဘုရားများရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ပေးသနားပါ…”
သူ့အသံ ပေါ်လာသည်နှင့် လူငယ့်ပတ်လည်တွင် အစွမ်းထက်ရှေးဟောင်းနတ်ဘုရားစွမ်းအား ပေါ်လာသည်။ သူ့နောက်ရှိ ဟင်းလင်းပြင်ပါ တွန့်လိန်၍ ပေထောင်ချီ ရှေးဟောင်းနတ်ဘုရားအရိပ်ကြီး ပေါ်လာလေ၏။
ထိုရှေးဟောင်းနတ်ဘုရားပုံရိပ်က ခပ်ဝါးဝါးနှင့် မျက်လုံးမှိတ်ထားလျက် ရှိသည်။ သူ့ရှေးဟောင်းနတ်ဘုရားကြယ်ခုနစ်လုံးကသာ လင်းလက်တောက်ပမှုကို ပေးသည်။
လူငယ်၏စိတ်နှလုံးထဲ၌ အရှက်ရမှုကို ခံစားရ၏။ သို့သော် အခုလို သေရေးရှင်ရေးအချိန်၌ သူသည် အများကြီး ဂရုစိုက်မနေနိုင်ပေ။ သူ့ရှတတ အသံက လေဟာနယ်အတွင်း ပဲ့တင်ထပ်သွားသည်။ “ရှေးဟောင်းနတ်ဘုရားစိတ်ဝိညာဉ်က ဒီကျေးကျွန်ကို ရန်သူတွေကို ဖျက်စီးပစ်ဖို့အတွက် စွမ်းအား ပေးသနားပါ…”
သူ့နောက်ရှိရှေးဟောင်းနတ်ဘုရားအရိပ်က ရုတ်တရက် မျက်လုံးဖွင့်လာကာ ဖိနှိပ်လွှမ်းမိုးနိုင်သည့် အကြည့် လှစ်ပေါ်လာ၏။ သူက ဖြည်းဖြည်းချင်း ညာလက်ကို မြှောက်၏။ ထို့နောက် ၎င်းက ဝမ်လင်းထံ သက်ဆင်းလာသည်။
လူငယ်၏မျက်လုံးတို့က ကြမ်းကြုတ်နေ၏။ သူက စိတ်ထဲကနေ တွေး၏။ “မင်းတို့နှစ်ယောက်လုံးဟာ ရှေးဟောင်းနတ်ဘုရားတွေ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် သတ်ကြပေတော့…”
ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားအရိပ်ကို ကြည့်ရင်း သူ့မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ် သန်းလာ၏။ အခြားတစ်ဖက်မှ ရှေးဟောင်းနတ်ဘုရား၏အရိပ်သည် နီးကပ်လာပေပြီ။ သူက သက်ပြင်းချမိသည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါ်လာ၏။ ၎င်းတို့က စတင်လှည့်လည်ကာ ရှေးဟောင်းနတ်ဘုရားအော်ရာသည် သူ့ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်သွားသည်။
ရှေးဟောင်းနတ်ဘုရား၏ ဘာသာစကားက ဝမ်လင်းပါးစပ်ကနေ ထွက်ပေါ်လာကာ လှိုင်းတွန့်များကဲ့သို့ ပြန့်နှံ့သည်။ “သင်တို့ ကာကွယ်ပေးခဲ့တဲ့ကလန်ဟာ ငါတို့ ရှေးဟောင်းနတ်ဘုရားကလန်ကို သစ္စာဖောက်ခဲ့တယ်။ တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးအနေနဲ့ သင်တို့အားလုံး ဒီကာကွယ်ပေးမှုကို စွန့်ပစ်ဖို့ အမိန့်ပေးတယ်…”
တခြားတစ်ဖက်မှ ရှေးဟောင်းနတ်ဘုရားအရိပ်သည် တုံ့ဆိုင်းသွားသည်။ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေမှုတို့ ပြည့်သွား၏။ ရှေးဟောင်းနတ်ဘုရားများကြားတွင် တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါး မပေါ်ထွက်လာသည်မှာ အချိန်ကြာမြင့်လွန်းခဲ့ပေပြီ။ လဝါးမြိုခြင်းကလန်ကို ကာကွယ်ပေးထားသည့် ရှေးဟောင်းနတ်ဘုရားစိတ်ဝိညာဉ်က စိတ်ဝိညာဉ်အမျှင်တန်းတစ်ခုမျှသာ ဖြစ်သည်။ အတိတ်တုန်းက တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးက လဝါးမြိုခြင်းကလန်ကို ကာကွယ်ပေးဖို ဆုံးဖြတ်ခဲ့၏။ နတ်ဘုရားကလန်တစ်ခုလုံးသည် အချိန်အတန်ကြာသည့်အထိ သည်ကာကွယ်ပေးမှုကို ဆောင်ယူခဲ့ကြသည်။ အချိန်ကာလာကြောင့် သူတို့ သေဆုံးသွားခဲ့သည်တောင်မှ လောကတွင် တည်ရှိသည့် စိတ်ဆန္ဒက ဆက်လက်၍ ထိုကလန်ကို အကာအကွယ်ပေးနေလိမ့်မည်။
နောက်ထပ်တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါး ပေါ်လာပြီး သည်ကာကွယ်မှုကို ရပ်တန့်ဖို့ အမိန့်မပေးမချင်း ဤအဖြစ်က ဆက်ရှိနေပေမည်။ သည်အကာအကွယ် ပဋိညာဉ်ကို နောက်ထပ်တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးကသာ ဖြေရှင်းနိုင်ပေ၏။
ယနေ့ ဤအချိန်တွင် ဝမ်လင်း၏ စကားများသည် တော်ဝင်ရှေးဟောင်းနတ်ဘုရားများ၏ စိတ်ဆန္ဒ ဖြစ်၏။
လူငယ်သည် လုံးဝ ကြောင်ရီမင်သက်သွား၏။ သူ့အမူအရာကို ထောက်ရှု၍ သူသည် ဤကဲ့သို့ လျှို့ဝှက်ချက်ကြီးကို မသိထားကြောင်း သိနိုင်သည်။ သူ မသိထားခဲ့ပေ။ မဟုတ်ပါက သူသည် ဝမ်လင်းကဲ့သို့ တော်ဝင်ရှေးဟောင်းနတ်ဘုရားရှေ့၌ ရှေးဟောင်းနတ်ဘုရားများ၏ စွမ်းအားကို အဘယ်ကြောင့် တောင်းခံခဲ့ပါ့မည်နည်း။
“အခုကစပြီး ရှေးဟောင်းနတ်ဘုရားတွေဟာ လဝါးမြိုခြင်းကလန်ကို ဆက်ပြီး အကာအကွယ် မပေးတော့ဘူး။ သူတို့ဟာ လဝါးမြိုခြင်းကလန်ကို ဖျက်စီးပစ်မယ်…”
သည်စကားများမှာ ထိုလူငယ် ကြားလိုက်ရသည့် နောက်ဆုံးစကားများပင်။ ဝမ်လင်းက ရှေ့သို့ လှမ်း၍ ရှေ့တည့်တည့်ကို ကန်သည်။ တုန်ဟီးသံများ ပဲ့တင်ထပ်၍ လူငယ်၏အရိုးအားလုံး ပျက်စီးကုန်သည်။ သို့သော် သူ့အသွေးအသားကတော့ ပျောက်ကွယ်မသွားပေ။ ထိုအစား သူက ကျောက်ပြားအောက်ရှိ အရိုးစုထံ ဝမ်လင်း၏ ကန်ချက်ကြောင့် ရောက်ရှိသွားသည်။
ပေါက်ကွဲသံတစ်ခုနှင့်အတူ သူ့ခန္ဓာကိုယ်သည် အရိုးစုအပေါ် ထပ်သွား၏။ သူ့ပုခုံးဟာ ခုနစ်ရောင်စုံလက်သည်းခွံနှစ်ခု၏ စူးဝင်ခြင်းကို ခံရသည်။ လူငယ်သည် အသည်းအသန် နာကျင်စွာ ဟစ်အော်၏။ တာအိုကို စုပ်ယူခံရခြင်း၊ စိတ်ဝိညာဉ်ကို ဆက်တိုက် ချေမွပစ်ခြင်းမှာ သာမန်လူများ တင်းခံနိုင်သည့်အရာ မဟုတ်ပေ။
ဝမ်လင်းက သူ့ကို ချက်ခြင်း မသတ်၊ ထိုအစား ကျန်းရှင်းရီ ခံစားခဲ့ရသော နာကျင်မှုမျိုးကို ခံစားစေသည်။ ထိုလူငယ်သည် အတောမသပ်နိုင်သည့် နှိပ်စက်မှုကို ခံ၍ သေမည့်အချိန်ကို စောင့်နေရပေတော့မည်။
ကျောက်ပြားအောက်ရှိ လူငယ်၏ခန္ဓာကိုယ်သည် တုန်ယင်၏။ သူက လွတ်မြောက်ရန် ရုန်းကန်သည်။ သို့သော် သူ မလွတ်နိုင်ပေ။ သူ့မူလစိတ်ဝိညာဉ်သည်ပင် မလွတ်မြောက်နိုင်ဘဲ သူ့ခန္ဓာကိုယ်ထဲတွင် ချိပ်ပိတ်ခြင်း ခံရလေ၏။
ဝမ်လင်းက လှမ်းလျှောက်၍ အနားရောက်လာပြီး လူငယ်၏ဦးခေါင်းပေါ် သူ့ညာလက်ကို တင်၏။ သူ့နတ်ဘုရားအာရုံ အတင်းတိုးဝင်ကာ လူငယ်၏စိတ်ဝိညာဉ်ကို ရှာဖွေ၏။ မှတ်ဉာဏ်များကို ပေးအပ်ရပြီးနောက် ထိုလူငယ်သည် သေဆုံးတော့မလို ဖြစ်၏။ သို့သော် နာကျင်မှုက ပြင်းထန်လွန်းသဖြင့် သူသည် သူ့ကိုယ်သူပင် သတ်သေနိုင်စွမ်း မရှိတော့ပေ။ သူက နှိပ်စက်ခံရင်းဖြင့် တဖြည်းဖြည်း သေဆုံးသွားဖို့ကိုသာ စောင့်နေရပေတော့မည်။
ဝမ်လင်းက သူ့ညာလက်ကို ပြန်ရုတ်ကာ သက်ပြင်းချ၏။
သည်အခိုက်တွင် ဟင်္သငှက်ပေါ်ရှိမီးက အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာသည်။ မီးများလောင်ကျွမ်းနေလျက် ၎င်းသည် တတိယမြောက်နိုးထခြင်းဆီ တက်လှမ်းနေသည်။
သည်နယ်မြေတစ်ခုလုံးကို ချိပ်ပိတ်ထားသော ထည်ဝါကြီးမားသည့် အစီအရင်ကြီး၏အပြင်ဘက်တွင် ရှေးဟောင်းကြယ်အဖွဲ့အစည်း သို့မဟုတ် ပြင်ပနယ်မြေဟု သိကြသည့် အဆုံးမဲ့ကြယ်အဖွဲ့အစည်းတစ်ခု ရှိလေ၏။
ယင်းကြီးမားကျယ်ပြောသည့် ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် လျှပ်စီးများနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ရှိသည်။ ထိုနေရာမှာ နာမည်ကျော်ပြန့်ကြဲမိုးကြိုးကလန် တည်ရှိရာ နေရာပင်။
ပြန့်ကြဲမိုးကြိုးကလန်၌ ထာဝရနီးပါး တည်ရှိခဲ့သည့် မိုးကြိုးကန်တစ်ခု ပိုင်ဆိုင်ထားသည်။ သည်မိုးကြိုးတို့က လေဟာနယ်အတွင်းမှာ ထွက်ပေါ်၍ အဆက်မပြတ် အဆုံးမရှိသည့်အလား မြည်ဟည်းလျက် ရှိသည်။ ပြန့်ကြဲမိုးကြိုးကလန်က သည်မိုးကြိုးကန်ပတ်လည်တွင် ဘုရားကျောင်းတစ်ခု တည်ဆောက်ထားခဲ့ပြီး မိုးကြိုးကို ကမ်းလှမ်းစတေးကြသည်။
သို့ရာတွင် လျှပ်စီးအမှတ်အသားနှင့်လူငယ် သေဆုံးသွားချိန်၊ ဝမ်လင်း မိုးကြိုးတို့ကို ထိန်းချုပ်ခွင့်အား ပြန်ရုတ်သိမ်းမည်ဟု ပြောဆိုလိုက်ချိန်တွင် ၎င်းမိုးကြိုးကန်သည် ကောင်းကင်ဘုံတုန်လှုပ်စေမည့် မိုးကြိုးတေးသံကို ထုတ်လွှတ်လာသည်။ သည်အဖြစ်က ပြန့်ကြဲမိုးကြိုးကလန်တစ်ခုလုံးကို တုန်လှုပ်သွားစေပြီး သူတို့၏စိတ်နှလုံးများကို တစ်ချက် ခုန်ပေါက်သွားစေသည်။
လူတိုင်း၏အမူအရာက ပြောင်းလဲသွားကြ၏။ သူတို့က အလျင်စလို လှမ်းလာကြသည်။ သူတို့နတ်ဘုရားအာရုံများကို ဖြန့်ကျက်ကြည့်ခိုက်တွင် ထာဝရမိုးကြိုးကန်သည် ရုတ်တရက် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ အသက်ရှုစာဆယ်ကြိမ်ခန့် ကြာမြင့်ပြီးမှ ၎င်းသည် ပြန်ပေါ်လာသည်။ ပြန်ပေါ်လာသော်လည်း သည်မြင်ကွင်းကား ပြန့်ကြဲမိုးကြိုးကလန်ကြားတွင် ကြောက်ရွှံ့မှု၊အလွန်အမင်းကြောက်ရွှံ့မှုကို ဖြစ်စေခဲ့သည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် စာကလေးမီးကလန် တည်ရှိသော ဧရိယာတစ်ခု ရှိ၏။ သည်နေရာမှာ နယ်မြေတစ်ခုလုံးလောင်ကျွမ်းလျက်ရှိသည့် ဟင်္သာငှက်နတ်ကလန်နှင့် အလွန့်ကို ဆင်တူသည်။
အလားတူပင် ကျောင်းဆောင်များပေါ်တွင် မရေမတွက်နိုင်သော ဟင်္သာငှက်ရုပ်တုများကို သွန်းလုပ်ထားကြသေး၏။ သို့ရာတွင် ဤဟင်္သာငှက်တို့က အနက်ရောင်ရှိ၏။ ၎င်းတို့မှာ ဟင်္သာငှက်အစား မီးငှက်များ ဖြစ်နေသကဲ့သို့ပင်။
သို့ရာတွင် စာကလေးမီးကလန်ဝင် သေဆုံးသွားချိန်၊ ဝမ်လင်းက မီးထိန်းချုပ်မှုကို ပြန်ယူဆောင်မည်ဟု ပြောဆိုလိုက်ချိန်တွင် သည်မီးငှက်ရုပ်တုများအားလုံးသည် တုန်ယင်ကာ ရန်လိုအော်ဟစ်သံများ ကြယ်များကြားတွင် ပြည့်နှက်သည်။ ကြယ်များကြားတွင် အက်ကွဲသံများ တုန်ဟည်း၍ မီးငှက်ရုပ်တုများ၏ သုံးဆယ်ရာခိုင်းနှုန်းသည် ပျက်စီးသွားလေ၏။
စာကလေးမီးကလန်တစ်ခုလုံး တုန်လှုပ်မိရသည်။
မီးငှက်ရုပ်တုများ ပျက်စီးသွားခိုက်တွင် အဘိုးအိုတစ်ယောက်သည် ကောင်းကင်ထက်သို့ ကြည့်ကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “ရှေးဒဏ္ဍာရီအရ သူတို့ ပြန်ရောက်လာခဲ့ရင် အတုအပဟင်္သာငှက်တွေ ပျက်စီးသွားလိမ့်မယ်လို့ ဆိုခဲ့တယ်…”
တစ်ချိန်တည်းမှာ အစွမ်းထက်ကလန်ခုနစ်ခုကြားတွင် တုန်လှုပ်ဖွယ်ကိစ္စတစ်ခု လဝါးမြိုခြင်းကလန်၌ ဖြစ်ပွားခဲ့သည်။ လဝါးမြိုခြင်းကလန်ဝင်အားလုံးကို ကြောက်လန့်စေသည့် ပြောင်းလဲမှုတစ်ခု ရှိလာသည်။
***