ရုပ်တု၏မျက်လုံးမှ မြင်ကွင်းသည် လွင့်ပြယ်သွား၏။ ထိုမြင်ကွင်း လွင့်ပြယ်သွားသည်နှင့် အစီအရင်ထံမှ မိုးကြိုး ပျံသန်းထွက်လာသည်။ ၎င်းက လေဟာနယ်၊ကောင်းကင်နှင့်မြေကြီး၊အချိန် တို့ကို ချိုးဖျက်လာသလား ထင်ရကာ ဝမ်လင်း၏ညာမျက်လုံးထံ တိုက်ရိုက်တိုးဝင်လာ၏။
တုန်ဟည်းသံများ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်ကုန်သည်။ သူက နောက်သို့ ခြေလှမ်းဆယ့်နှစ်လှမ်းခန့် ဆုတ်လိုက်ရ၏။ ထို့နောက် သူသည် ကျောက်ရုပ်တုကို ကြမ်းကြုတ်သည့်ဟန်ပန်ဖြင့် စူးစိုက်ကြည့်သည်။
ကျောက်ရုပ်တုသည် ရုတ်တရက် အစအနအဖြစ် ပျက်စီးသွားတော့သည်။
“ပြင်ပနယ်မြေ…” အချို့အကြောင်းရင်းများကြောင့် ဝမ်လင်း ရုပ်တုထံမှ သည်မြင်ကွင်းကို တွေ့မြင်လိုက်ရချိန်တွင် သူ့သွေးများ စတင်ဆူပွက်လာ၏။
သူသည် အလုံးစုံကောင်းကင်နှင့်မဟာမိတ် ကြယ်အဖွဲ့အစည်းနှစ်ခုကြား တိုက်ပွဲတွင် လူပေါင်းများစွာ သေဆုံးခဲ့သည်ကို မြင်ခဲ့ဖူး၏။ သို့သော် သည်လိုခံစားချက် မဖြစ်ပေါ်ခဲ့ပေ။ သူက ရတနာတစ်ခုအတွက် ကပ်ဘေးများ ဖြစ်ကာ ကျင့်ကြံသူများစွာ သေဆုံးစေခဲ့သည်ကိုလည်း မြင်ခဲ့ဖူးသည်။ သို့သော် သည်လိုခံစားမှုမျိုး မဖြစ်ပေါ်ခဲ့ပေ။ သူသည် မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်သတ်ဖြတ်ကြသည်ကို မြင်ခဲ့ဖူးသည်။ သို့သော် သည်လိုခံစားမှုမျိုး မဖြစ်ပေါ်ခဲ့ပေ။
သို့ရာတွင် အခုအခိုက်အတန့်၌ သူက သည်မြင်ကွင်းကို တွေ့မြင်ရချိန်၊ အထူးသဖြင့် ကောင်းကင်ဘုံသားဘိုးဘေးများ သေဆုံးသည်ကို မြင်ရချိန်တွင် ဘာကြောင့်မှန်းမသိ သူ့သွေးများ ခေါင်းထိ စောင့်တက်လာသည်ကို ခံစားရ၏။
မသေခင် ကောင်းကင်ဘုံသားတစ်ယောက် အော်ဟစ်ခဲ့သော အသံက သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။
“ငါ ဒီလိုအဖြစ်ကို လက်မခံနိုင်ဘူး။ လက်မခံနိုင်ဘူး။ အနာဂတ်မျိုးဆက်တွေ ဒီအစီအရင်ကို ချိုးဖျက်နိုင်တဲ့ တစ်နေ့ ရောက်လာဦးမှာပါ။ သင်တို့ ပြင်ပကလူတွေ မျိုးသုဉ်းသွားစေမယ့်တစ်နေ့ ရောက်လာဦးမှာပါ။ သင်တို့ရဲ့ ပြင်ပနယ်မြေမှာ သွေးတွေ မြစ်လို စီးဆင်းစေမယ်…”
ပျက်စီးသွားသည့် ရုပ်တုကို ကြည့်နေလျက် ဝမ်လင်း၏ ညာမျက်လုံးထဲရှိ လျှပ်စီးအမှတ်အသားသည် ဆက်လက် လင်းလက်နေ၏။ အချိန်အတန်ကြာပြီးမှ သူသည် နောက်လှည့်၍ အချိန်အတားအဆီးဝန်းရံထားသောတောင် ရှိရာသို့ ဦးတည်၍ ပျံသန်းလိုက်သည်။
ဝမ်လင်း ရုပ်တု၏လျှပ်စီးအမှတ်အသားကို စုပ်ယူချိန်၌ ပြင်ပနယ်မြေမှ လျှပ်စီးအမှတ်အသားနှင့်လူငယ်၏ ဟန်ပန်သည် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်လည်း အနည်းငယ် တုန်ခါသွားသည်။
သူက သူ့ရှေ့တွင် မိုးကြိုးတိုက်ပွဲတစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ မိုးကြိုးတစ်ဖက်က သူ့သွေးမျိုးဆက်မှ လာသည့် မိုးကြိုးဖြစ်ဟန်တူကာ၊ အခြားတစ်ဖက်သည်လည်း မိုးကြိုး ဖြစ်၏။ သို့သော် ယင်းမိုးကြိုးက သူ့စိတ်ကို တုန်လှုပ်မိစေသည်။ သူက သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးကိုပါ ထိန်းချုပ်နိုင်မှု ကင်းမဲ့လုနီးနီး ဖြစ်သွားခဲ့ရသည်။
သူ့ဘေးရှိ နှစ်ယောက်က ထိုကဲ့သို့ တုန့်ပြန်မှုမျိုး မရှိတာ သိသာလေ၏။ သို့သော် လခြမ်းကွေးအမှတ်အသားနှင့် လူငယ်ကတော့ သုန်မှုန်လျက် ရှိနေဆဲပင်။ သူက တစ်ခုခုကို တွေးနေပုံ ရသည်။
မီးအမှတ်အသားနှင့် လူငယ်၏မျက်လုံးတို့က တောက်ပနေ၏။ သူက သူ့မျက်ဝန်းထဲရှိ လောဘတက်မှုကို ဖုံးကွယ်မထားပေ။ သူက ဝမ်လင်း၏စိတ် ဖြတ်သန်းသွားခဲ့စဉ်က မီးစွမ်းအားကို သတိပြုမိခဲ့၏။
အချိန်အတန်ကြာပြီးနောက် သူတို့သုံးယောက်သည် ကျောက်ရုပ်တုပျက်စီးသွားသည့်နေရာတွင် ပေါ်လာကြ၏။ ကျောက်ရုပ်တုကို ကြည့်၍ လျှပ်စီးအမှတ်အသားနှင့်လူငယ်၏ ပုံစံက ပို၍ပင် ဖြူရောလာသည်။ သို့သော် သူ့အမူအရာက ဒေါသထွက်နေ၏။ သူက သည်နေရာတွင် ဤရုပ်တု ဘာကြောင့် ရှိနေမှန်း မသိသော်လည်း တစ်စုံတစ်ယောက်က ဘိုးဘေးချန်ထားခဲ့သော မိုးကြိုးစိတ်ဝိညာဉ်ကို အတင်းအကြပ် ယူဆောင်သွားတာ သိပ်မကြာသေးမှန်း သိသည်။
သို့သော်ငြား ဒေါသ လျော့ပါးသွားသည့်နောက် သူသည် ပို၍ ကြောက်မိလာသည်။
“ငါတို့ ဘာလုပ်ကြမလဲ…” လျှပ်စီးအမှတ်အသားနှင့်လူငယ်က သူ့လူနှစ်ယောက်ကို ကြည့်သည်။
မီးတောက်အမှတ်အသားနှင့်လူငယ်က ဖြည်းဖြည်းချင်း ပြော၏။ “ငါတို့သုံးယောက်သာ ငါတို့ရဲ့ ချိပ်ဟန်တွေကို ထုတ်လွှတ်ပြီး စွမ်းအားအထွတ်အထိပ်ကို ထုတ်ဖော်ရင် ဒီလူ့ကို သတ်နိုင်လောက်တယ်…”
လျှပ်စီးအမှတ်အသားနှင့်လူကတော့ အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် ပြောလာ၏။ “ငါတို့ ထွက်သွားပြီး ဒီဟင်းလင်းပြင်အက်ကြောင်းကိစ္စကို အကြီးအကဲတွေဆီ တင်ပြပြီး သူတို့ကို ဒါနဲ့ ပတ်သတ်လို့ ကိုင်တွယ်ခိုင်းရင် ကောင်းမလား…။ ငါ မကောင်းတဲ့ ခံစားချက် ရနေတယ်…”
“ချမ်းသာမှုဆိုတာ အန္တရာယ်တွေကို ဖြတ်ပြီးမှသာ ရနိုင်တာ…” လခြမ်းကွေးအမှတ်အသားနှင့်လူငယ်က သူ့စိတ်ကိုယ်သူ ပြင်ဆင်၍ အံတင်းတင်း ကြိတ်၏။
လျှပ်စီးအမှတ်အသားနှင့်လူငယ်သည် ငြိမ်သက်စွာ တွေး၏။ ခဏအကြာတွင် သူက ကြမ်းကြုတ်ဟန် အကြည့်ကို ထုတ်ဖော်လာကာ ဆက်လက် တွေဝေမနေတော့ပေ။ သူက မိုးကြိုးအငွေ့အသက်ကို ရှာ၍ တဟုန်ထိုး ထိုးထွက်သွား၏။ ကျန်နှစ်ယောက်ကလည်း နောက်ကနေ လိုက်လာကာ သူတို့သည် မြူများကြား၌ ပျောက်သွားကြသည်။
ဝမ်လင်းက မြူများကို ဖြတ်၍ လျှပ်စီးတန်းအလား သွားနေသည်။ သူက ကျောက်စိမ်းပုလင်းအတွက် အရှင်ဟွေစုန်နှင့် တိုက်ခိုက်ခဲ့သော နေရာကို ခပ်မြန်မြန် ရောက်လာသည်။ သူက သူ့ရှေ့ရှိ အချိန်အတားအဆီးကို ကြည့်၏။ သူ့မျက်လုံးက တလက်လက် ဖြစ်သွားသည်။ သည်အတားအဆီးကသာ ချိုးဖျက်ခံရတာ သိပ်မကြာသေးဘူးဆိုပါက ဝမ်လင်းအဖို့ သူ့ ရတနာများ မစတေးဘဲ ၎င်းကို ဖွင့်လှစ်ရန် ခက်ခဲပေလိမ့်မည်။
သို့ရာတွင် ဤအတားအဆီးက လွန်ခဲ့သောလအနည်းငယ်ကပင် ချိုးဖျက်ခြင်း ခံရဖူး၏။ သည့်အပြင် ဝမ်လင်းက သူ့စိတ်ဖြင့် ဤနေရာကို ရောက်ခဲ့တုန်းကလည်း အတားအဆီးပေါ်ရှိ မမြင်ရသောအက်ကြောင်းတစ်ခုကို အခုထိ မှတ်မိနေဆဲ ဖြစ်သည်။
ထိုအက်ကြောင်းသည် အရှင်ဟွေစုန်နှင့်အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုတို့ ဖွင့်လှစ်ခဲ့ကြသော ဝင်ပေါက် ဖြစ်၏။
“ငါ ဒီအက်ကြောင်းကို ထပ်ဖွင့်ဖို့ပဲ လိုတာ။ ဒါ မခက်ခဲလောက်ဘူး…” ဝမ်လင်းက သူ့လက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေသည်။ ထိုအခါ ပျက်သုဉ်းခြင်းအတားအဆီးများ ပျံသန်းထွက်လာ၏။ ၎င်းတို့က အချိန်အတားအဆီးပေါ် ကျရောက်ရာ အလင်းမျက်နှာပြင်တွင် လှိုင်းဂယက်စတင် ပေါ်လာသည်။
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ သတိလက်လွတ်မနေဘဲ သေချာ လေ့လာစောင့်ကြည့်နေ၏။ သိပ်မကြာခင်တွင် သူသည် အရင်က ဝင်ပေါက်ကို ရှာတွေ့သွားပြီး သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။
အက်ကြောင်းကို ရှာတွေ့ပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်သည်။ သလင်းဓား ပေါ်လာ၏။ ထိုဓားပေါ်လာသည်နှင့် အတုအပနိဗ္ဗာနလေဟာနယ်ရတနာတစ်ခု၏အော်ရာ ပေါ်လာသည်။ ဖျပ်ခနဲ လင်းလက်ကာ ဓားသည် အက်ကြောင်းထံ တိုးဝင်သွားသည်။
ထိုအခါ အချိန်အတားအဆီးပေါ်တွင် လှိုင်းဂယက်များ ပေါ်လာသည်။ တုန်ဟည်းသံများ ချက်ခြင်း ပဲ့တင်ထပ်သည်။ ဓားချဉ်းကပ်လာသည်နှင့် အနေတော်အက်ကြောင်းတစ်ခု ပေါ်လာသည်။ ဓားက အက်ကြောင်းနား ရောက်လာချိန်တွင် ဝမ်လင်း၏ထိန်းချုပ်မှုအောက်၌ အဆုံးမဲ့ဓားစွမ်းအင်များ ပျံ့နှံ့လာပြီး တုန်ဟည်းသံတို့ ပို၍ ကျယ်လောင်လာစေသည်။
သည်အခိုက်အတန့်တွင် ဝမ်လင်းက ခုန်၍ သူ့ညာလက်ကို လေထဲသို့ ဆန့်ထုတ်သည်။ ရုတ်တရက် သုံးမြှောင့်ခရင်းခွ ပေါ်လာပြီး အဆုံးမဲ့အနက်ရောင်အလင်း ပေးစွမ်းလာသည်။ ဝမ်လင်းက အက်ကြောင်းထံ တဟုန်ထိုး ဝင်လာ၏။
သူက မြန်လွန်း၏။ချက်ခြင်း နီးကပ်လာသည်။ သုံးမြှောင့်ခရင်းခွက အက်ကြောင်းထဲသို့ ချက်ခြင်း ထိုးစိုက်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သောအားတစ်ခု တရကြမ်း တိုးဝင်သည်။
သို့ရာတွင် ဝမ်လင်းက အေးစက်စက်နှာခေါင်းရှုံ့၏။ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲ ပြည့်လာ၏။ သူ့ညာလက်ကို ရှေ့သို့ ခပ်ကြမ်းကြမ်း တွန်းထုတ်သည်။ တစစီအသံများ ထွက်ပေါ်လာလျက် သုံးမြှောင့်ခရင်းခွသည် အတားအဆီးကို ထွင်းဖောက်သည်။ ထို့နောက် သူက သုံးမြှောင့်ခရင်းခွနှင့် ထိုးစိုက်၍ ပေဒါဇင်ချီကျယ်သွားအောင် အက်ကြောင်းဝကို ဖန်တီးသည်။
ဝမ်လင်းက သူ့ဘယ်လက်ကို ဆန့်ထုတ်ပြီး သလင်းဓားကို ပြန်သိမ်းယူသည်။ ထို့နောက် သူက အက်ကြောင်းထဲသို့ တဟုန်ထိုး ဝင်ရောက်ပြီး တောင်ထိပ်ထံ ဦးတည်တော့သည်။
လျှပ်စီးအမှတ်အသားနှင့် ကျောက်တံခါးကိုတော့ ဝမ်လင်းက တစ်ချက်သာ ကြည့်ခဲ့၏။
သိပ်မကြာခင်တွင် သူက တောင်ထိပ် ရောက်လာပြီး သူ့သုံးမြှောင့်ခရင်းခွကို ဝေ့ယမ်းသည်။ သူ့ရှေ့တွင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု မြန်ဆန်စွာ ပေါ်လာ၏။
ဝမ်လင်းက အက်ကြောင်းပေါ်လာသည်နှင့် အတွင်းသို့ တိုက်ရိုက် လှမ်းလျှောက်ဝင်သည်။ သူ ဝင်သွားပြီး သိပ်မကြာခင်တွင် ပြင်ပနယ်မြေမှ လူငယ်သုံးယောက်တို့သည် အချိန်အတားအဆီးအပြင်တွင် ပေါ်လာကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်၏။ထို့နောက် အံတင်းတင်းကြိတ်၍ ဝမ်လင်း ဖွင့်လှစ်ခဲ့သောအက်ကြောင်းထဲ ဝင်ရောက်လိုက်ကြသည်။ သူတို့က တောင်ထိပ်ထံ ဦးတည်လေ၏။
ဝမ်လင်း ဆန်းကြယ်သောဟင်းလင်းပြင်အတွင်း ဝင်ရောက်သွားချိန်တွင် သူက ဧရာမကျောက်ပြားကြီးတစ်ခုကို ချက်ခြင်း မြင်သည်။ သူက ရှေ့ဆက်လျှောက်လာရင်း သူ့အကြည့်မှာ ကျောက်ပြားအောက်ခြေထံ ရောက်သွား၏။ သူက ခုနစ်ရောင်စုံလက်သည်းခွံနှင့် ကျောက်ပြားဖြင့်တွယ်ဆက်နေသော အရိုးစုတစ်ဝက်ကို တွေ့မြင်ရသည်။
ထိုအရိုးစုပတ်လည်တွင် အနက်ရောင်အလင်းက မထင်မရှား ရွှေ့လျားနေဟန် ထင်ရသည်။ ထိုအဖြစ်က အရိုးများပေါ်ရှိ စာလုံးများသည် တစ်စုံတစ်ယောက်ကို ရူးသွပ်သွားစေနိုင်လောက်သော ထူးဆန်းသောစွဲဆောင်မှုကို ပေးစွမ်းစေသည်။
ဝမ်လင်းက တစ်လမ်းချင်း လှမ်းလာသည်။ သူက သူ့နတ်ဘုရားအာရုံကို ချိပ်ပိတ်ပစ်ပြီး အရိုးစုကို မကြည့်တော့ပေ။ ထိုအစား သူ့အကြည့်က ကျောက်ပြားပေါ်သို့ ကျရောက်၏။ ၎င်းကျောက်ပြားသည် အမည်မသိသတ္တုနှင့် ပြုလုပ်ကာ ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းလေသည်။
၎င်းကို သေချာကြည့်ပြီးနောက် ဝမ်လင်းက မျက်မှောင်ကြုတ်သည်။ သူက ကျောက်ပြားပြုလုပ်ထားသည့် သတ္တုကို ရင်းနှီးသလို ခံစားမိသည်။ သို့သော် သူက ထိုကဲ့သို့ ဆင်တူသည့် သတ္တုကို မည်သည့်နေရာတွင် တွေ့ခဲ့ရသည်အား မမှတ်မိပေ။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက အရိုးစုကို ပြန်ကြည့်သည်။ သူ ပြင်ဆင်ထားတာတောင်မှ သူသည် ၎င်း၏ ဖမ်းယူခြင်းကို ခံလိုက်ရပြန်သည်။ သို့ရာတွင် သူက ပြင်ဆင်ထားခဲ့သည့်အတွက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးသည့်အခါ ပြန်ကောင်းမွန်သွားသည်။
သူ့မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက တုံ့နှေးမနေဘဲ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်သည်။ သူ့သိုလှောင်နေရာလွတ်ထဲကနေ “ရွှေရောင်တိုက်ပွဲစာလုံး” ပျံသန်းထွက်လာ၏။ ၎င်း ပေါ်လာသည်နှင့် အရိုးစုထံမှ ရွှေရောင်အလင်းသည်လည်း စတင် ပျံသန်းလာ၏။ အရိုးစုပေါ်တွင် အနက်ရောင်နှင့်ရွှေရောင်တို့ ဆက်တိုက် ပြောင်းလဲသွားသည်။
အဆုံးသပ်၌ ရွှေရောင်လင်းလက်ကာ အရိုးစုထံမှ ရွှေရောင်အလင်းသည် တိုက်ပွဲစာလုံးထဲ ဝင်ရောက်လေ၏။ သည်အခိုက်တွင် လေဟာနယ်အတွင်း တောက်ပသောရွှေရောင်အလင်းနှင့်သာ ပြည့်နှက်ကုန်သည်။
သည်အခိုက်၌ ယင်းရွှေရောင်တိုက်ပွဲစာလုံးက ဝမ်လင်းထံ တိုက်ရိုက် ပျံသန်းလာကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ကျရောက်လေသည်။ သူ့စိတ် တုန်လှုပ်သွားရ၏။
“ဒီအဘိုးအိုက ကျန်းရှင်းရီပဲ။ အုပ်စိုးသူဟာ အနာဂတ်မှာ ငါ့ကို နာခံအောင် အတင်းအကြပ် လုပ်မယ်ဆိုတာ ငါ သိခဲ့တယ်။ ဒါပေမဲ့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါ ပြင်ပနယ်မြေကလူတွေနဲ့ အတူတွဲလုပ်မယ့်အစား အသေပဲ ခံလိုက်မယ်။ ငါ့တာအိုကို အမွေဆက်ခံရတဲ့သူ၊ ဒီတိုက်ပွဲစိတ်ဆန္ဒကို နားလည်တဲ့သူဟာ အနာဂတ်မှာ ပြင်ပနယ်မြေက လူတိုင်းကို သတ်ဖြတ်ပစ်ရမယ်။ သူတို့ရဲ့ သွေးနဲ့ ငါ့စိတ်ဝိညာဉ်ကို ကမ်းလှမ်းရမယ်…”
ဝမ်လင်း၏စိတ်နှလုံးထဲတွင် ကြောက်မက်ဖွယ်တိုက်ပွဲစိတ်ဆန္ဒများဖြင့် ပြည့်လာ၏။ သူ့စိတ်ထဲတွင် ကျန်းရီရှင်း လောကနှင့် တိုက်ခိုက်နေသည့် မြင်ကွင်းများစွာ ပေါ်လာသည်။ မရေမတွက်နိုင်သောပုံရိပ်များထဲ၌ တိုက်ပွဲအပေါ် အားကောင်းစွာ နားလည်ခြင်း ပါဝင်နေ၏။ သူ့နားလည်မှုက နက်ရှိုင်းလာလေလေ သူ့နယ်ပယ်သည် တိုက်ပွဲစိတ်ဆန္ဒနှင့် ပေါင်းစည်းကာ ပြောင်းလဲမှုတစ်ခု စတင်သည်။
ဝမ်လင်းသည် တိုက်ပွဲစိတ်ဆန္ဒကို နားလည်အောင်လုပ်နေစဉ် သူ ရှိနေသော ဟင်းလင်းပြင်တွင် လှိုင်းတွန့်တစ်ခု ပေါ်လာပြီး လူငယ်သုံးယောက် လှမ်းဝင်လာကြသည်။ မီးအမှတ်အသားနှင့်လူငယ်က ဝမ်လင်းကို လောဘကြီးစွာ ကြည့်၏။ နီးကပ်သည့်အကွာအဝေး၌ သူသည် ဝမ်လင်းကိုယ်ထဲရှိ မီးမူလစွမ်းအင်ကို ခံစားနိုင်ပေသည်။
“ငါ သူ့ကို ဝါးမြိုနိုင်ခဲ့ရင် ငါ့စွမ်းအင် ဆင့်ကဲ တိုးတက်လာနိုင်ပြီ…”
လျှပ်စီးအမှတ်အသားနှင့်လူငယ်ကလည်း ဝမ်လင်းကို ကြည့်ကာ မင်သက်မိနေ၏။ သူက ဝမ်လင်းထံကနေ အစွမ်းထက်မိုးကြိုးအော်ရာကို ရှင်းရှင်းလင်းလင်း ခံစားမိ၏။ သို့သော် သူက ဝမ်လင်းသည် ဆန်းကြယ်သောအခြေအနေထဲ ရောက်နေသည်ကိုလည်း မြင်လေ၏။
“အခွင့်အရေးကောင်းပဲ…”
လခြမ်ကွေးအမှတ်အသားနှင့်လူငယ်တစ်ယောက်သာ ဝမ်လင်း၏ ကျောဘက်ကို မြင်သည့်အခါ သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ထားရ၏။ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားမိသည်။ သူ့စိတ်ထဲတွင်လည်း အတိတ်က မှတ်ဉာဏ်တစ်ခု ပြန်ပေါ်လာ၏။
“တကယ်ကို သူ ဖြစ်နေတာပဲ…”
သူတို့သုံးယောက်က ဝမ်လင်းကို သတ်ဖြတ်ချင်စိတ်ဖြင့် တစ်ပြိုင်နက်တည်း တိုးဝင်လာကြသည်။ သူတို့သုံးယောက်သည် ချိပ်ဟန်များကို ဖြစ်စေပြီး သူတို့၏နှဖူးထက်ကို လက်ဝါးဖြင့် ခပ်ကြမ်းကြမ်း ရိုက်ချကြ၏။
သူတို့ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာပြီး တုန်လှုပ်ဖွယ်ပြောင်းလဲမှုများ ရှိလာသည်။ လျှပ်စီးအမှတ်အသားနှင့်လူငယ်က ပေရာချီချဲ့ကားလာပြီး လျှပ်စီးများဖြင့် ဖုံးအုပ်သွား၏။
မီးအမှတ်အသားနှင့်လူငယ်၏ ဦးခေါင်းထက်တွင် ဦးချိုတစ်ခု ပေါ်လာပြီး မီးတောင်ပံတစ်စုံလည်း ခန္ဓာကိုယ်ကနေ ထွက်လာသည်။ သူ့ဟန်ပန်က နာကျင်ဟန် ပေါ်၏။ သို့သော် ကြမ်းကြုတ်သည်။
လခြမ်းကွေးအမှတ်အသားနှင့်လူငယ်က အထူးဆန်းဆုံးပင်။ သူ့ခန္ဓာကိုယ်က ပြောင်းလဲမသွားပေ။ သို့သော် သူ့အရေပြားက လရောင်ကဲ့သို့ ပြောင်းလဲသွား၏။ ထိုလရောင်သည် ရွှေရောင်အလင်းနှင့် လုံးလုံးလျာလျာ ဆန့်ကျင်ဘက် ဖြစ်နေ၏။
သို့ရာတွင် သူတို့သုံးယောက် အနားရောက်လာသည်နှင့် ဝမ်လင်းက ရုတ်တရက် လှည့်လာ၏။ သူ့မျက်လုံးကလည်း ကြည်လင်လာပြီး လှောင်ပြောင်ဟန် ဖြစ်ပေါ်၏။ ထိုလှောင်ပြောင်မှုက ပြင်ပနယ်မြေမှ ကျင့်ကြံသူများက ချိပ်ပိတ်နယ်မြေရှိ ကျင့်ကြံသူများကို လှောင်ပြောင်သည့် ပုံစံမျိုးအတိုင်း ချွတ်ဆွတ်တူသည်။
“ငါဟာ သေရဲ၊ရှင်ရဲတဲ့ သူရဲကောင်းပဲ။ ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ဖို့ ဘယ်တော့မှ နောက်တွန့်နေမှာ မဟုတ်ဘူး…”
အုပ်စိုးသူနှင့် ရင်ဆိုင်ခဲ့ချိန်က ကျန်းရီရှင်း၏ နောက်ဆုံးစကားများသည် ဝမ်လင်းစိတ်ထဲတွင် ပေါ်လာလေ၏။
***