Switch Mode

အပိုင်း (၁၂၅၇)

ဂုဏ်ဝင့်မှု

ဝမ်လင်းသည် ရုပ်ထုထိပ်ပိုင်းတွင် ထိုင်ချလိုက်၏။ သူက အရှင်ဟွေစုန် သူ့ခန္ဓာကိုယ်ကို ပြန်ဖွဲ့တည်နိုင်ခြင်းနှင့် သည်ရုပ်တုနှင့် ချိတ်ဆက်ထားသည့် လျှပ်စီးအမှတ်အသားကို ရခဲ့တာ မည်သည့်အတွက်ကြောင့်မှန်း သိသည်။

အရှင်ဟွေစုန် ကျင့်ကြံသည့်နည်းလမ်းကနေ ပိုင်ဆိုင်လာသည့် သွေးစဦးစိတ်ဝိညာဉ်များထဲမှ တစ်ခုကို သည်ရုပ်တုတွင် ချန်ထားခဲ့ခြင်းပင်။ သူ့ကိုးဆနားလည်ခြင်းစွမ်းအားကြောင့် သူသည် သည်ရုပ်တုတွင် ချန်ခဲ့သည့် အမွေအနှစ်အစိတ်အပိုင်းတစ်ခုကို ရသည်ဆိုရုံမျှ ပိုင်ဆိုင်နိုင်ခဲ့သည်။

ခုချိန်တွင် ဝမ်လင်းက အရှင်ဟွေစုန်နှင့် ဒုတိယအကြိမ်မြောက် တိုက်ပွဲတွင် သူ့မိုးကြိုးများအပေါ် အမိန့်ပေးနိုင်မှုဖြင့် အရှင်ဟွေစုန်ထံမှ အမွေအနှစ်အတော်များများကို စုပ်ယူခဲ့ကာ သူ့ညာမျက်လုံးတွင် စုဝေးစေခဲ့ပြီး ဖြစ်သည်။

သည်အခိုက်အတန့်၌ သူက အသက်ဝဝရှုသွင်းကာ သူ့နတ်ဘုရားအာရုံကို သည်ရုပ်တုအား ဝန်းရံစေသည်။ သူ့ညာမျက်လုံးထဲကနေ လျှပ်စီးအမှတ်အသား ထွက်ပေါ်လာပြီး သူ့အား ဝန်းရံသည်။ ထို့နောက် ရုပ်တုပေါ်ရှိ လျှပ်စီးအမှတ်အသားသည် တလက်လက် လင်းထင်းလာကာ တစီစီအသံများ ပဲ့တင်ထပ်သည်။

ဝမ်လင်းက မျက်လုံးမှိတ်၏။ သူ့နတ်ဘုရားအာရုံက ကျောက်ရုပ်တုကို ဝန်းရံပြီး လျှပ်စီးက သူ့ကို ဝန်းရံထားသည်။ သူက ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသူ ဖြစ်၍ ကောင်းကင်ဘုံမိုးကြိုးကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ မိုးကြိုးအားလုံးသည် သူ့အမိန့်ကို နားထောင်ရပေမည်။

သို့ရာတွင် ရုပ်တုထံမှ လျှပ်စီးသည် ရှေးဟောင်းအော်ရာကို ပေးစွမ်းလာပြီး ဝင့်ထည်မှု ပြည့်နှက်သည်။ ၎င်းသည် ရုပ်တု ပတ်လည်တွင် ရွှေ့လျားပြီး ဝမ်လင်း ထိန်းချုပ်သည့် မိုးကြိုးနှင့် ဆက်တိုက် ထိတိုက်သည်။

အကွာအဝေးတစ်ခုမှ ကြည့်ပါက လျှပ်စီးစက်ဝန်းများ နေရာအနှံ့သို့ ပြန့်ကြဲ၍ ရုပ်တုဘေးပတ်လည်တွင် မိုးကြိုးများကို မြင်နိုင်ပေလိမ့်မည်။ မိုးကြိုးများထံမှ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။

လျှပ်စီးနှင့်မိုးကြိုးကြား တိုက်ပွဲ စလေပြီ။ ၎င်းမှာ ထိန်းချုပ်မှုအတွက် တိုက်ပွဲ ဖြစ်ချေ၏။

ဝမ်လင်းက အရှင်ဟွေစုန်ကဲ့သို့ ၎င်းလျှပ်စီးကို နားလည်လိုခြင်း မဟုတ်ပေ။ သူက ကျွန်တစ်ယောက်ကဲ့သို့ လျှပ်စီးအမှတ်အသားကို နာခံလိမ့်မည် မဟုတ်ပေ။

အရှင်ဟွေစုန်က သည်လိုမျိုး ရုပ်တုထံကနေ လျှပ်စီးစွမ်းအင်ကို ရဖို့အတွက် တောင်းဆိုခဲ့ရပြီးမှ သူ့ကိုယ်ပိုင်မန္တာန်အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအဖြစ်က အရှင်ဟွေစုန်သည် ချိပ်ပိတ်နယ်မြေ၏ ခုနစ်ခုမြောက်စိတ်ဝိညာဉ်ကို ဆင့်ခေါ်နိုင်စေခဲ့တာ ဖြစ်ပြီး ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ဒဏ်ရာ ရသွားစေခဲ့ခြင်းပင်။

အရှင်ဟွေစုန်က သည်ရုပ်တုကို နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်မြင်ပြီး သူနားလည်ခဲ့သည့် စဦးစိတ်ဝိညာဉ်များထဲမှ တစ်ခုကိုပင် ပူဇော်ခဲ့သေး၏။

သူ့လမ်းကြောင်းက အန္တရာယ်တော့ မရှိပေ။

သို့သော် ဝမ်လင်းက ထိုကဲ့သို့ လမ်းကြောင်းကို မည်သို့ ရွေးချယ်ပါ့မည်နည်း။ သူက ကောင်းကင်ဘုံကိုပါ ဖိဆန်ဝံသည့်သူ ဖြစ်သည်။ သူသည် သူ စိတ်ကြိုက် လောကတွင် လှည့်လည် သွားလာပြီး ကောင်းကင်နှင့်မြေကြီးကိုပါ တိုက်ခိုက်ဝံ့သည့်သူ ဖြစ်သည်။ သူက သူ့တာအို ဖြစ်ပေါ်ဖို့ ကောင်းကင်ဘုံကိုပါ ဖိဆန်ခဲ့ကာ ကောင်းကင်ဘုံနှင့် ယှဉ်ပြိုင်ရဲခဲ့သူပင်။

သူက အရှင်ဟွေစုန် ပြုလုပ်ခဲ့သလိုမျိုး သည်ရုပ်တုလောက်ကို ဘယ်တော့မှ ဦးညွတ်လိမ့်မည် မဟုတ်ပေ။ သည်ရုပ်တုအတွင်းရှိ လျှပ်စီးက ကောင်းကင်ကို တုန်လှုပ်စေနိုင်ပါစေဦး၊ ချိပ်ပိတ်နယ်မြေ၏ ခုနစ်ခုမြောက်စိတ်ဝိညာဉ်ကို ဆင့်ခေါ်နိုင်ပါစေဦး သူက မှုနေမည် မဟုတ်ပါ။

သူ လိုချင်သည်က ဤရုပ်တုထဲရှိ လျှပ်စီးက သူ့အား နာခံရန် ဖြစ်သည်။ သူ့အောက် ရောက်ရန် ဖြစ်သည်။ သူက သည်ရုပ်တုထဲရှိ လျှပ်စီးကို နားမလည်ချင်ခဲ့ပေ။ သူက ၎င်းကို စုပ်ယူပစ်လိုချင်းသာ ဖြစ်သည်။ ၎င်းကသာ သူ့ကို ဦးညွတ်ရပေမည်။

ဤစိတ်မှာ သူ့ဂုဏ်ဝင့်မှု ဖြစ်၏။ ကောင်းကင်ဘုံကို ဖိဆန်သည့် ကျင့်ကြံသူတစ်ယောက်၏ ဂုဏ်ဝင့်မှု၊ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ သိက္ခာ ဖြစ်ချေသည်။

ရှေးဟောင်းကမ္ဘာတွင် မရေမတွက်နိုင်သောကလန်များထဲမှ မည်သည့်ကလန်က ရှေးဟောင်းနတ်ဘုရားကလန်နှင့် ယှဉ်နိုင်ပါသနည်း။

ဥပမာ လဝါးမြိုခြင်းကလန် ဖြစ်၏။ ဝမ်လင်းသည် လင်းအာထံကနေ လဝါးမြိုခြင်းကလန်မှာ ရှေးဟောင်းနတ်ဘုရားများ၏ အစေခံများ ဖြစ်မှန်း သိထားခဲ့ပြီး ဖြစ်သည်။ လဝါးမြိုခြင်းကလန်သည်ပင် ခုလိုမျိုး ဖြစ်သည့်အတွက် ပြင်ပနယ်မြေမှ ကလန်တစ်ခု ဖြစ်ဟန်တူသည့် ဤလျှပ်စီးအမှတ်အသားကလန်သည်လည်း သူ့ကို နာခံရပေမည်။

ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ့က အလွန်အမင်း လွှမ်းမိုးနိုင်သည့် အကြည့်ကို ထုတ်ဖော်သည်။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့ညာလက်ဖြင့် ကျောက်ရုပ်တုဦးခေါင်းကို ရိုက်ချသည်။ တုန်ဟည်းသံများသည် ပဲ့တင်ထပ်ကုန်၏။ သို့သော် ရုပ်တုက ပျက်စီးမသွားပေ။ ထိုအစား မြေကမ္ဘာအက်ကွဲစေလောက်သည့် လျှပ်စီးတန်းတစ်ခုက ကောင်းကင်ယံသို့ ထိုးထွက်သွားပြီးနောက် လျှပ်စီးနဂါးအဖြစ် ပြောင်းကာ ဝမ်လင်းထံ တိုးဝင်လာတော့သည်။

၎င်းက တရကြမ်း တိုးဝင်လာချိန်၌ ပတ်ဝန်းကျင်ရှိ လျှပ်စီးအားလုံးကိုပါ စုပ်ယူပစ်သည်။ ၎င်းသည် ဝမ်လင်းအနား ရောက်ရှိလာသည်။

သည်လျှပ်စီးနဂါးက ကြမ်းကြုတ်လှ၏။ သို့သော် ဝမ်လင်းက ပို၍ ကြမ်းသည်။ သည်လျှပ်စီးနဂါးက ရူးသွပ်ပေ၏။ သို့သော် ဝမ်လင်းက ၎င်းထက် ဆယ်ဆ၊အဆတစ်ရာ ပိုရူးပေသည်။

၎င်းနဂါး နီးကပ်လာချိန်၌ မိုးကြိုးသည် ဝမ်လင်း၏ညာမျက်လုံးထဲတွင် တလက်လက် လင်းကာ ထိုးထွက်လာသည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် ဝဲကတော့ ပေါ်လာပြီး ရှေးဟောင်းမိုးကြိုးနဂါးသည် ဤခုနစ်ရောင်စုံနယ်မြေထဲသို့ သက်ဆင်းလာလေ၏။

ဟိန်းဟောက်သံတစ်သံနှင့်အတူ ဝမ်လင်း၏ ရှေးဟောင်းမိုးကြိုးနဂါး မူလစိတ်ဝိညာဉ်မှာ လျှပ်စီးနဂါးနှင့် ထိပ်တိုက်တွေ့ပြီး ၎င်းကို အရူးအမူး စတင် ဝါးမြိုတော့သည်။

ဆက်တိုက် ဝါးမြိုနေလျက် သည်ဝဲကတော့၏ နောက်တွင် ရှေးဟောင်းနတ်ဘုရား၏ကြယ်များ ခပ်ရေးရေး ပေါ်လာသည်။ ရှေးဟောင်းနတ်ဘုရား၏စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်လာသည်။ သူ့ညာလက်ကို ရှေ့သို့ ကြမ်းတမ်းစွာ ဆန့်ထုတ်ရာ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ပုံရိပ် ပေါ်လာသည်။ ဝမ်လင်းက လျှပ်စီးနဂါးကို လှမ်းဆွဲယူကာ ခပ်ကြမ်းကြမ်း ညှစ်ချေသည်။

လျှပ်စီးနဂါးသည် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်နှင့် တိုက်ခိုက်နေစဉ်အတွင်း ၎င်း၏ခန္ဓာကိုယ်မှာ တုန်ယင်လာပြီး လွတ်မြောက်ရန် အော်ဟစ် ရုန်းကန်သည်။ သို့ရာတွင် ရှေးဟောင်းနတ်ဘုရားလက်က ၎င်းအား မြဲမြံစွာ ချုပ်ကိုင်ထားပေသည်။ ၎င်းက ဆုပ်ချေခြင်းခံရကာ လျှပ်စီးပမာဏများစွာ ထိုးထွက်လာသည်။

သည်အခိုက်အတန့်၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ထိုးထွက်လာကာ သည်လျှပ်စီးနဂါးကို ဝါးမြိုပစ်၏။ ထို့နောက် သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်လာသည်။

သူ့ညာမျက်လုံးထဲရှိ မိုးကြိုးက အဆများစွာ ပိုသန်မာအားကောင်းလာ၏။ ထိုအဖြစ်က ဝမ်လင်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝေဝါးလာစေသည်။ သို့သော် သူ့ညာမျက်လုံးကတော့ သိပ်သည်းစွာ တောက်ပခြင်းကို ပေးစွမ်း၏။

“လောကထဲမှာ ရှိတဲ့ မိုးကြိုးအားလုံးဟာ ငါ့အမိန့်ကို နာခံရမယ်…” ဝမ်လင်း၏အသံသည် တည်ငြိမ်၏။ သို့သော် မမြင်ရသော အော်ရာတစ်ခု ပျံ့နှံ့သည်။ ပြန့်ကြဲသွားသည့် လျှပ်စီးအားလုံးဟာ ဝမ်လင်း၏ညာမျက်လုံးထဲသို့ စုဝေးပြီး လျှပ်စီးအမှတ်အသားတစ်ခု ဖြစ်ပေါ်သည်။

ဝမ်လင်း ညာမျက်လုံးတွင် လျှပ်စီးအမှတ်အသား ပေါ်လာချိန်၌ ကျောက်ရုပ်တုပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာ၏။ ယင်းအက်ကြောင်းတို့က အရူးအမူး ပြန့်နှံ့ကုန်ကြသည်။ ၎င်းတို့က နဂါးများကဲ့သို့ ရုပ်တုထိပ်ပိုင်းတွင် ရှိနေသော ဝမ်လင်းထံ တိုးဝင်လာသည်။

ထိုအက်ကြောင်းများအတွင်းမှ အလင်းများ တလက်လက် တောက်ပနေ၏။ ရုပ်တုက အစိတ်အပိုင်းအဖြစ် ပျက်စီးသွားတော့မည့်ဟု ထင်မှတ်ရ၏။ သို့သော် ၎င်းက ငြိမ်သက်လျက်သာ ရှိသည်။

အက်ကြောင်းများအတွင်း လျှပ်စီးများ ရွှေ့လျားကာ ဝမ်လင်းထံ ချက်ခြင်းလိုလို နီးကပ်လာ၏။ ဝမ်လင်း၏ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးများက မြွေများအလား ရွှေ့လျားကုန်၏။ ယင်းလျှပ်စီးတို့က ပေတစ်ထောင်ကျော် လျှပ်စီးလုံးအဖြစ် ဖွဲ့စည်းလာသည်။

ဝမ်လင်းသည် ထိုလျှပ်စီးလုံးအတွင်း၌ ရှိလေ၏။ လျှပ်စီးများသည် ရုန်းကန်ကာ ဝမ်လင်း၏ ထိန်းချုပ်မှုကို ငြင်းဆန်ကြသည်။ ထို့နောက် ယင်းလျှပ်စီးလုံးက ဝမ်လင်းထံ အရူးအမူး စတင်ကျုံ့လာ၏။

ဝမ်လင်းက အေးစက်စက်နှာခေါင်းရှုံ့သည်။ သူ့ခန္ဓာကိုယ်ကိုတော့ လျှပ်စီးများက ဝန်းရံထားလေ၏။ သူ့ကျင့်ကြံမှုအဆင့်က သည်ကျောက်ရုပ်တုနှင့် ယှဉ်နိုင်စွမ်း မရှိသော်လည်း သူ့မူလစိတ်ဝိညာဉ်မှာ ရှေးဟောင်းမိုးကြိုးနဂါး ဖြစ်ပေသည်။ သူက လောကရှိ မိုးကြိုးအားလုံး၏ သခင် ဖြစ်၏။ မိုးကြိုးဖြစ်နေသ၍ ဝမ်လင်းကို အညံ့ခံလာအောင် လုပ်နိုင်ဖို့ရာ ထိုက်တန်လိမ့်မည် မဟုတ်ပါ။

ထိုအရာက ကျင့်ကြံခြင်းနှင့် မည်သို့မျှ မပတ်သတ်ပေ။ မိုးကြိုးတိုက်ပွဲသာ ဖြစ်သည်။

ရှေးဟောင်းမိုးကြိုးနဂါးများ ကောင်းကင်ဘုံတာအိုကြောင့် မိုးကြိုးကို ထိန်းချုပ်ခွင့် ရရှိထားကြသူများ ဖြစ်၏။ ဝမ်လင်းကမူ ကောင်းကင်ဘုံကို မယုံကြည်၊ သူ့ကိုယ်ပိုင်တာအိုဖြင့်သာ ကောင်းကင်ဘုံ၏မိုးကြိုးကို အမိန့်နာခံစေရန် အသုံးပြုပေလိမ့်မည်။

ကျောက်ရုပ်တုမှာ ပြန့်ကြဲမိုးကြိုးကလန်၏ ဘိုးဘေး ဖြစ်၏။ သူက သေသွားခဲ့ပြီ ဖြစ်သော်လည်း တစ်သက်လုံး မိုးကြိုးနှင့် ရှင်သန်ခဲ့သူ ဖြစ်၍ မိုးကြိုးသည် သူ့ရဲဘော်ရဲဘက် တစ်ယောက်လို ဖြစ်လာခဲ့ပေသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ လျှပ်စီးအမှတ်အသားက နာခံရန် ငြင်းဆန်နေ၏။ ပြောကြသည်က ပြန့်ကြဲမိုးကြိုးကလန်၏ ဦးဆုံးဘိုးဘေးသည် ကောင်းကင်ဘုံကိုပါ ဖိဆန်သည့် မိုးကြိုးတန်းတစ်ခု ဖြစ်သည်ဟု ဆိုကြသည်။

အခြားသူများ သူ့ကို ဦးညွတ်ပါက ထိုသူသည် မိုးကြိုးကို ထိန်းချုပ်နိုင်ခွင့် ရပေမည်။ သို့ရာတွင် သူ့ကို ခုခံပါက မိုးကြိုးဖြင့် ဖျက်စီးပစ်ခြင်း ခံရပေမည်။

သို့သော်ငြားလည်း ဝမ်လင်းက ခုခံနေသူ ဖြစ်၏။ သူ့ညာမျက်လုံးထဲရှိ မိုးကြိုးနှင့် ရှေးဟောင်းမိုးကြိုးနဂါး မူလစိတ်ဝိညာဉ်တို့သည် ပျံသန်းထွက်လာသည်။ လျှပ်စီးလုံးက ကျုံ့လာရင်း မာန်ဟိန်း၏။ ထိုမာန်ဟိန်းသံအတွင်း လောကရှိ မိုးကြိုးအားလုံးကို ထိန်းချုပ်နိုင်သည့် စွမ်းရည် ပါဝင်သည်။

လျှပ်စီးမိုးကြိုးက ဆက်လက် ကျုံ့လာခဲ့သော်လည်း ဝမ်လင်းနှင့် ဆယ်ပေအကွာတွင်တော့ ရပ်တန့်သွားလေ၏။ တုန်ဟည်းသံများ မြည်ဟီးသည်။ သို့သော် ၎င်းက တစ်လက်မပင် ဆက်၍ မကျုံ့နိုင်တော့ချေ။

ဝမ်လင်းက မားမားရပ်နေ၏။ သူက မိုးကြိုးကောင်းကင်ဘုံသားတစ်ယောက်နှင့်ပင် တူလေ၏။

သူ့ခန္ဓာကိုယ်မှ ရှေးဟောင်းနတ်ဘုရားအော်ရာ မြင့်တက်လာသည်။ ရှေးဟောင်းနတ်ဘုရားနှင့် မိုးကြိုးတို့သာ ပေါင်းစပ်သွားနိုင်ခဲ့ပါက သူသည် မိုးကြိုးရှေးဟောင်းနတ်ဘုရား ဖြစ်လာပေလိမ့်မည်။

ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ဆိုလိုက်၏။ “အညံ့ခံမှာလား…ဒါမှမဟုတ် ဖျက်စီးပစ်တာ ခံမလား…”

သူက သူ့ဘေးပတ်လည်ရှိ လျှပ်စီးတို့က သာမန် မဟုတ်မှန်း သိထား၏။ ထိုလျှပ်စီးတွင် ကိုယ်ပိုင်စိတ်ဆန္ဒ ရှိနေသည်။

စိတ်ဆန္ဒရှိလျှင် စိတ်ဝိညာဉ် ရှိမည်။ သည်လျှပ်စီးက လူတစ်ယောက်သေဆုံးသွားပြီး သူ့စိတ်ဆန္ဒကနေ ဖြစ်ပေါ်လာခဲ့သည့် မိုးကြိုးစိတ်ဝိညာဉ်သာ ဖြစ်၏။

တုန်ဟည်းသံများ မြည်ဟီးသည်။ ဝမ်လင်းပတ်လည်ရှိ လျှပ်စီးလုံးက ဝမ်လင်းထံမှ လာသည့် မိုးကြိုးခွန်အားအောက်တွင် တုန်ယင်လာဟန် တူသည်။

လျှပ်စီးလုံးသည် မိုးကြိုးတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်ထံ ဦးတည်ဝင်လာသည်။ ၎င်းက ကောင်းကင်တုန်လှုပ်စေသည့် ဟိန်းသံကို ပေး၍ ရုတ်တရက် ကြီးမားလာသည်။ ကျောက်ရုပ်တုသည်လည်း ပျက်စီးတော့မည့်အလား တုန်ခါလေ၏။

ဝမ်လင်းက ရှေ့တစ်လမ်းတိုးကာ လေဟာနယ်ထဲ ခြေလှမ်းသည်။ သူက ခုထိ မပျောက်ကွယ်သေးသော ရုပ်တုမျက်ခုံးနှစ်ခုကြားရှိ လျှပ်စီးအမှတ်အသားကို စူးရဲစွာ ကြည့်သည်။

“ခုချိန်ကစပြီး မင်းရဲ့ကလန်ဟာ မိုးကြိုးနဲ့ ပတ်သတ်ပြီး ငါနဲ့ ယှဉ်နိုင်စွမ်း မရှိစေရတော့ဘူး…” ဝမ်လင်း၏ ညာမျက်လုံးက တလက်လက် တောက်ပ၏။ ရှေးဟောင်းမိုးကြိုးနဂါးမူလစိတ်ဝိညာဉ်က ဟိန်းသံပေးကာ သူ့ပတ်လည်တွင် ရစ်ခွေသည်။ ၎င်းက သူ့မျက်လုံးထဲရှိ မိုးကြိုးနှင့် ပေါင်းစည်း၍ ရုပ်တုပေါ်ရှိ လျှပ်စီးအမှတ်အသားထံ တိုးဝင်သွားသည်။

ရုပ်တု၏မျက်ခုံးနှစ်ခုကြား လျှပ်စီးအမှတ်အသားပေါ်တွင် နဂါးတစ်ကောင် ရှိကာ ရုပ်တုသည် ပို၍ အပြင်းအထန် တုန်ခါသည်။ နဂါး ကျဆင်းလာခိုက် ရုပ်တု၏မျက်လုံးများက လင်းလက်သွားပြီး ဝမ်လင်းက အတွင်းမှ ကြယ်အဖွဲ့အစည်းတစ်ခု တွေ့မြင်လိုက်ရပေသည်။

ကြယ်နယ်မြေများစွာကိုပါ ဖုံးလွှမ်းသည့် ဧရာမအစီအရင်ကြီးတစ်ခု ရှိလေ၏။ ထိုအစီအရင်၏အပြင်ဘက်တွင် ထူးဆန်းသောဝတ်စုံများနှင့် ကျင့်ကြံသူများ ရှိနေကြသည်။ သူတို့က မထူးခြားနားဟန်၊လှောင်ပြောင်ဟန်၊အထင်သေးဟန် တို့ဖြင့် အစီအရင်အတွင်းသို့ ကြည့်နေကြသည်။

အစီအရင်အတွင်း၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် မူလစွမ်းအင် လှိုင်းများ ပြည့်နှက်လျက် ရှိသည်။ မရေမတွက်နိုင်သော ရှေးဟောင်းချီကျင့်ကြံသူများနှင့် ကောင်းကင်ဘုံသားများသည် အစီအရင်ကို ချိုးဖျက်နိုင်ရန် အလို့ငှာ အရူးအမူး တိုက်ခိုက်နေကြသည်။

သို့ရာတွင် ဤအစီအရင်မှာ အလွန်အမင်း ထူးဆန်းလှပြီး ချိုးဖျက်ရန် ခက်ခဲလွန်းသည်။ သည်ကျင့်ကြံသူများနှင့်ကောင်းကင်ဘုံသားများ မည်မျှ တိုက်ခိုက်ပါစေ အစီအရင်သည် တစ်စက်ပင် ရွှေ့လျားသွားတာ မရှိပေ။ အချို့ကောင်းကင်ဘုံသားများက သူတို့၏ အသက်ကိုပါ စတေး၍ ဖောက်ခွဲပစ်ကြ၏။ သို့သော် သူတို့က အစီအရင်ကို အနည်းငယ်မျှ ပိန်ချိုင့်သွားအောင်ပင် မလုပ်နိုင်ပေ။ အစီအရင်အတွင်း၌ ဝမ်းနည်းမှုနှင့်မျှော်လင့်ချက်မဲ့မှုတို့ ခြုံလွှမ်းလာလေ၏။

အစီအရင်အတွင်း၌ တလက်လက် တောက်နေသည့် အလင်းတန်းကိုးခု ရှိသည်။ ၎င်းတို့ထဲမှ တစ်ခုမှာ ပုဆိန်တစ်လက် ဖြစ်၏။ ၎င်းက လေထုကို ဖြတ်၍ ပျံသန်းလာရင်း ပိတ်ဆို့သူမှန်သမျှကို သေဆုံးစေသည်။

ဝမ်လင်းသည် ထိုကောင်းကင်ဘုံကိုပါ ပိုင်းခြားပစ်နိုင်သည့် ပုဆိန်ကို ရပ်တန့်ဖို့ရာအတွက် ချီကျင့်ကြံသူများစွာသည် သူတို့ကိုယ်သူတို့ ဖောက်ခွဲစေသည်ကို မြင်ရ၏။ သို့သော် သူတို့သည် ကျရှုံးရသည်သာ ဖြစ်သည်။

ထိုကိုးခုကြားတွင် နောက်ထပ်အလင်းတန်းတစ်ခု ရှိပြန်သည်။၎င်းက မိုးကြိုးတန်း ဖြစ်၏။ ၎င်း သွားသည့်နေရာတိုင်း ကျင့်ကြံသူများဖြစ်စေ၊ ကောင်းကင်ဘုံသားများဖြစ်စေ သေဆုံးရပေသည်။

အစီအရင်အပြင်ဘက်ကနေ ကြည့်နေကြသော သူများ၏ မျက်လုံးထဲတွင် အထင်သေးဟန်က ပိုအားကောင်းလာ၏။ သူတို့က ပုရွတ်ဆိတ်များကို ကြည့်နေသည့်အလား။

“ငါ ဒီလိုအဖြစ်ကို လက်မခံနိုင်ဘူး။ လက်မခံနိုင်ဘူး။ အနာဂတ်မျိုးဆက်တွေ ဒီအစီအရင်ကို ချိုးဖျက်နိုင်တဲ့ တစ်နေ့ ရောက်လာဦးမှာပါ။ သင်တို့ ပြင်ပကလူတွေ မျိုးသုဉ်းသွားစေမယ့်တစ်နေ့ ရောက်လာဦးမှာပါ။ သင်တို့ရဲ့ ပြင်ပနယ်မြေမှာ သွေးတွေ မြစ်လို စီးဆင်းစေမယ်…”

မိုးကြိုးနှင့် ထိမှန်ခြင်း ခံရသည့် ကောင်းကင်ဘုံသားတစ်ယောက်သည် သူ မသေခင် ထိုကဲ့သို့ အော်ဟစ်လိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset