ပိုင်ရှောင်ချန်းမှာ တောင်ကြားထဲသို့ တိတ်ဆိတ်စွာဖြင့် ငုံ့ကြည့်လိုက်သည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် သူကြုံတွေ့ခဲ့ရသည့် ရက်စက်မှုများကြောင့် လူများကို မြက်ပင်များအလား သဘောထားကာ ခုတ်ထစ်ပစ်နိုင်လောက်သည့် အဆင့်အထိ သူက ကြမ်းကြုတ်နေပြီဖြစ်သည်။ ဤမျိုးနွယ်စုတွင် ကျင့်ကြံသူများစွာမရှိသည့်အပြင် ဂူသင်္ချိုင်းထဲမှ လူများအားလုံးမှာလည်း ဒဏ်ရာရနေသည်။ သူက အမိန့်တစ်ချက်ပေးလိုက်ရုံဖြင့် ထိုမျိုးနွယ်စုတစ်စုလုံးနှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ ကျန်ရစ်ခဲ့သူများကို သုတ်သင်နိုင်ပေသည်။
ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် သူက ဆိုလိုက်လေသည်။
” မင်းတို့ကောင်တွေက အရှုံးပေးပြီး မဟာမိတ်ဂိုဏ်းကို သစ္စာခံဖို့ ကတိကဝတ်ပြုထားပြီးပြီလေ။ ဘာလို့ဒီလိုတွေလုပ်နေရတာလဲ။ ”
သူ၏ ကောင်းကင်တံတားဓမ္မမျက်လုံးမှာ နေမင်းကြီးကဲ့သို့ တောက်ပနေပြီး ၎င်းမှထွက်လာသည့် ထိန်းချုပ်စွမ်းအားများမှာ တောင်ကြားအောက်ရှိ ဂူသင်္ချိုင်းထဲထိ ထိုးဖောက်နေတော့သည်။
ဂူသင်္ချိုင်းထဲရှိ ဒဏ်ရာရနေသည့် ဆန်းကြယ်ဂိုဏ်းသား ရှစ်ယောက်မှာ တုန်ရီစပြုလာပြီး သူတို့၏ လည်ပင်းနှင့် မျက်နှာများတွင် သွေးကြောကြီးများပင် ထောင်လာတော့သည်။ သူတို့၏ ပါးစပ်မှ အသံအောကြီးများထွက်လာကြပြီး သူတို့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်၍မရကြတော့ချေ။ သူတို့မှာ ရုန်းကန်နေကြရင်း ဦးခေါင်းများကို သူတို့၏ လက်များဖြင့် ထုနှက်နေကြတော့သည်။
ဖောက်ခနဲမြည်သံများ ထွက်ပေါ်လာပြီး ထိုထဲမှ ခုနှစ်ယောက်မှာ သွေးပွက်ပွက်အန်ကာ ပုံခနဲလဲကျပြီး သေဆုံးသွားတော့သည်။ သို့သော်လည်း သူတို့ထဲမှ အဘိုးကြီး တစ်ယောက်မှာ ရုန်းကန်ရင်းဖြင့် လွတ်မြောက်သွားလေသည်။ သူ၏ပါးစပ်မှ သွေးများစီးကျနေပြီး သင်္ချိုင်းဂူထဲမှပြေးထွက်ကာ တုန်လှုပ်နေသည့်အမူအရာဖြင့် ဆန့်ကျင်ဘက်အရပ်သို့ ပြေးထွက်သွားတော့သည်။
ဤသို့ လျင်မြန်လွန်းလှသည့် အဖြစ်ပျက်များကြောင့် ကျင့်ကြံသူမျိုးနွယ်စုဝင်များ၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့ထိတ်လန့်နေသည့် အမူအရာများ ပေါ်လာတော့သည်။ ခေါင်းဆောင်ကြီး၏ မျက်နှာမှာမူ သွေးဆုတ်ကာဖြူဖတ်ဖြူရော်ဖြစ်သွားပြီး သတိမေ့မျောတော့မည့်အလား ဒယိမ်းဒယိုင်ဖြစ်နေတော့သည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ အဘိုးကြီး ခပ်ဝေးဝေးသို့မရောက်ခင်တွင် ကျားလဲ့က သူ့နောက်သို့ အလျင်အမြန်ပြေးလိုက်သွားသည်။ မကြာမီ သနားစဖွယ်အော်ဟစ်သံတစ်သံထွက်ပေါ်လာပြီးနောက် ကျားလဲ့မှာ ထ်ိုအဘိုးကြီး၏ ဦးခေါင်းကိုကိုင်ကာ ပြန်ရောက်လာတော့သည်။ သူက သတ်ဖြတ်လိုသည့် စိတ်များဖြင့် ပိုင်ရှောင်ချန်း၏ ဘေးနားတွင် ဝဲပျံနေပြီး တောင်ကြားထဲရှိ လူအုပ်ကိုငုံ့ကြည့်ကာ သူတို့၏ သွေးများကိုသောက်သုံးတော့မည့်အလား စုတ်သပ်နေတော့သည်။
ကျားလဲ့တစ်ယောက်ထဲ ထိုသို့အမူအရာရှိသည်တော့မဟုတ်ချေ။ ဂိုဏ်းနှစ်ဂိုဏ်းလုံးမှ ကျင့်ကြံသူများများမှာ ထိုသို့ ပြုမူနေကြလေသည်။
ထိုတောင်ကြားကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး ရှုံးန်ိမ့်နေသည့် ကျင့်ကြံသူများ၏ သောကများမှာ ပို၍ ကြီးမားလာတော့သည်။
” ဒါက စစ်ပွဲပဲ။”
ပိုင်ရှောင်ချန်းက ဆိုလိုက်လေသည်။ ” ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာမရှိဘူး။ အခုဖြစ်ရပ်ကို သတိပေးတယ်လို့ပဲ သဘောထားလိုက်။ ငါတို့ မဟာမိတ်ဂိုဏ်းလက်အောက်ကို ဝင်ခဲ့ကြပါ။ အခုအချိန်မှာ မင်းတို့အတွက် အခုထက်ပိုကောင်းတဲ့ ရွေးချယ်စရာမရှိတော့ဘူး။ ”
သူက ထိုသို့ပြောကာ အင်္ကျီလက်ကို ခါယမ်းလိုက်သဖြင့် သွေးဓားကြီးမှာ အဝေးသို့ ပျံသန်းသွားတော့သည်။ ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများမှာ ထိုကျင့်ကြံသူမျိုးနွယ်စုကို အေးစက်စက်အကြည့်များဖြင့်ကြည့်ကာ အဝေးသို့ပျံထွက်သွားကြသည်။
ပိုင်ရှောင်ချန်းထွက်ခွာသွားပြီးနောက် ထိုကျင့်ကြံသူမျိုးနွယ်စုမှာ မလှုပ်မယှက်ရပ်ကာ အိပ်မက်မက်နေသည့်အလား ခံစားနေရတော့သည်။ သူတို့မှာ ငရဲတံခါးဝအထိရောက်ခဲ့ပြီးမှ အသက်ရှင်ကျန်ရစ်နေခြင်းဖြစ်သည်။ သူတို့၏နှလုံးသားများမှာ လန့်ဖြန့်ကာ တုန်ရီနေဆဲပင်။ အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းဆောင်ကြီး၏ အသက်မဲ့နေသော မျက်ဝန်းများမှာ တဖန်ပြန်လည်၍ ပြတ်သားသည့်အမူအရာများ ပေါ်ပေါက်လာတော့သည်။
သူ၏ ရောင်းရင်းမျိုးနွယ်စုဝင်များကို ဝေ့ကြည့်လိုက်သောအခါ သူတို့အများစုမှာ ကျေးဇူးတင်နေသည့် အမူအရာများပေါ်နေကြောင်း သိလိုက်ရလေသည်။
” ဒီကောင်က…. ဒဏ္ဍာရီထဲက ပိုင်ရှောင်ချန်းပဲ ဖြစ်ရမယ်။ သူက တကယ့်ကို လက်ရွေးစင်တစ်ယောက်ပါလား။ သူတစ်ချက်ကြည့်လိုက်ရုံနဲ့ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက လူအားလုံးကို သတ်ပစ်နိုင်တာပါလား။ သူက ငါတို့ကို အပြီးသတ်ချေမှုန်းလို့ရရဲ့သားနဲ့ လွှတ်ပေးနေတာပဲ။ ငါတို့ကို ခြိမ်းသာခြိမ်းခြောက်တာ တစ်ခါတစ်ခါကြရင် ကောင်းကောင်းမွန်မွန်ဆက်ဆံသားပဲ။ သူ့ကို မုန်းတီးရမဲ့အစား နည်းနည်းလေးတောင် သဘောကျမိစပြုလာပြီ။”
” ဟဲဟဲ။ ဒီတိုင်းသာ ဆက်သွားလို့ကတော့ သူက အံ့သြဖွယ် အဆင့်တွေအထိ ရောက်နိုင်တယ်။ ”
အဘိုးကြီးမှာ အံကြိတ်ကာ ရုတ်တရက် သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်လေသည်။ ထိုအခါ ဓားအလင်းရောင်များ ပေါ်ပေါက်လာပြီး သူ၏ ရောင်းရင်းမျိုးနွယ်စုဝင်သုံးယောက်၏ ဦးခေါင်များကို တိခနဲ ဖြတ်ချလိုက်တော့သည်။
ထိုအဖြစ်အပျက်မှာ မြန်ဆန်လွန်းလှ၍ ထိုသုံးယောက်မှာ တုံ့ပြန်ချိန်ပင်မရလိုက်ချေ။
“အခုကစပြီး …. ဟန်ယွင်မျိုးနွယ်စုက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ရဲ့ သစ္စာခံဖြစ်သွားပြီ။ ဒီ သုံးယောက်က အရင်က ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနဲ့ ဖြတ်တောက်လို့မရအောင် ဆက်နွယ်နေတာ။ အခုသူတို့ကိုသတ်လိုက်ပြီဆိုတော့ အရင်က သံယောဇဥ်ကြိုးအဟောင်းတွေအကုန်လုံးကို ဖြတ်တောက်ပြီးသား ဖြစ်သွားပြီ။ ဒီဖြစ်ရပ်ကိုကြည့်ပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို သနားနေတဲ့ကောင်တွေ သင်ခန်းစာယူနိုင်ပါစေ။”
**
” ငါသာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကြားက စစ်ပွဲကိုသာ မတားနိုင်ခဲ့ဘူးဆိုရင် ငါအခု လို လက်ကျန်တပ်သားတွေလိုက်သတ်နေသလိုမျိုး ဆန်းကြယ်နတ်ရေစင်ဂိုဏ်းက လိုက်သတ်နေမှာပဲ။” ပိုင်ရှောင်ချန်းက သက်ပြင်းချကာ ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများကို ကြည့်လိုက်လေသည်။ သူတို့မှာ ယခင်ကနှင့်မတူသည့်အကြည့်များဖြင့် သူ့ကိုကြည့်နေကြကြောင်း သူက ရိပ်မိလိုက်တော့သည်။
သူတို့၏အမူအရာမှာ ယခင်ကထက်ပိုမိုရို့ကျိုးနေကြပြီး ပို၍ စိတ်အားထက်သန်နေကြတော့သည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ လက်ကျန်တပ်သားများကို သူသတ်ဖြတ်လိုက်သည့်ပုံစံနှင့် ဟန်ယွင်မျိုးနွယ်စုကို သူကိုင်တွယ်ဖြေရှင်းလိုက်သည့်ပုံစံကြောင့် ကျင့်ကြံသူအနည်းငယ်မှာ သူ့ကို ယခင်ကထက်ပင် ပို၍ ထောက်ခံအားပေးလာကြသည်။
ပေဟန်လဲ့၏ အမူအကျင့်များပင်လျှင် အနည်းငယ်ပြောင်းလဲလာတော့သည်။ ပိုင်ရှောင်ချန်းကိုကြည့်နေသည့် သူ၏မျက်ဝန်းထဲတွင် ထူးဆန်းသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ ကျားလဲ့နှင့် နတ်ဆရာတို့မှာလည်း ပိုင်ရှောင်ချန်းကို အထူးတဆန်းဖြင့် လှမ်းကြည့်နေကြသည်။
ပိုင်ရှောင်ချန်းကမူ ပြုံးနေသည်။ သူအနည်းငယ်ရင့်ကျက်လာပြီဖြစ်ကြောင်း သူကသိသဖြင့် အချိို့သောအရာများကို ယခင်ကထက်ပင် ပို၍ နားလည်လာတော့သည်။ အချို့အခြေအနေများတွင် သူ၏ မိသားစု၊မိတ်ဆွေနှင့် ဂိုဏ်းကို ကာကွယ်နိုင်ရန်အတွက် သူ မလုပ်ချင်သည့်အရာများကိုပင် သူကလုပ်ရမည်ဖြစ်သည်။
” ငါ့ပခုံးတွေနဲ့ ကောင်းကင်ကြီးကို ပင့်တင်မထားနိုင်ပေမဲ့ ငါ့ရဲ့ဂိုဏ်း၊ ငါ့မိသားစုနဲ့ ငါ့ရဲ့ မိတ်ဆွေတွေကိုတော့ သေချာပေါက် တင်ထားနိုင်ပါတယ်ကွာ….”
တောက်ပနေသည့်မျက်ဝန်းများဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး သွေးဓားကြီးကို ယခင်ကထက်ပင် ပို၍လျင်မြန်သည့် နှုန်းဖြင့် ရှေ့သို့ပစ်လွှတ်လိုက်သည်။ ထိုဓားကြီးမှာ အရှုံးပေးထားသည့် ကျင့်ကြံသူမျိုးနွယ်စုတစ်စုချင်းစီကို ရွှီခနဲ ဖြတ်သန်းသွားတော့သည်။ ကောင်းကင်ကြီးနှင့် ကမ္ဘာကြီးပေါ်တွင် တဂျုန်းဂျုန်းမြည်သံများ ပေါ်ထွက်လာပြီး မရေမတွက်နိုင်သည့် လူများက ခေါင်းများမော့ကာ ကြည့်နေကြတော့သည်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှ လူများကိုတွေ့သည့်အခါ ပိုင်ရှောင်ချန်းမှာ ဘာမှလုပ်စရာမလိုချေ။ ဂိုဏ်းနှစ်ဂိုဏ်းမှ ကျင့်ကြံသူများက ပျံထွက်သွားကြကာ ဖြေရှင်းကြလေသည်။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် ပတ်သတ်နေသည့် ကျင့်ကြံသူမျိုးနွယ်စုများအားလုံးကိုမူ သူက တသမတ်ထဲ မဖြေရှင်းပေ။ သူ၏လေ့လာသုံးသပ်ချက်နှင့် သူ၏ဝေဖန်ပိုင်းခြားမှုကို သုံးကာ ဖြေရှင်းလေသည်။ အချိို့မျိုးနွယ်စုများမှာ ဟန်ယွင်မျိုးနွယ်စုကဲ့သို့ အခွင့်အရေးရသော်လည်း အချို့မှာ သုတ်သင်ခံရလေသည်။
ထိုနည်းလမ်းမှာ အနီးတစ်ဝိုက်ရှိလူများအပေါ် အာဏာသက်ရောက်မှုရှိစေရန်နှင့် သိမ်းပိုက်ထားသည့်နယ်မြေများကို တည်ငြိမ်အောင်ပြုလုပ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ထို့အပြင် စစ်မြေပြင် ရှေ့တန်းရှိ သူတို့၏ တပ်ဖွဲ့များ ရှေ့သို့လုံခြုံစွာချီတက်နိုင်စေမည့် တစ်ခုထဲသောနည်းလမ်းလည်းဖြစ်သည်။
မကြာမီတွင် ပိုင်ရှောင်ချန်း၏ လုပ်ရပ်များအကြောင်းမှာ သတင်းများအဖြစ် ပျံ့နှံ့သွားသဖြင့် ကျင့်ကြံသူမျိုးနွယ်စုများမှာ သူ၏အလာကို စောင့်ကာ ပြင်ဆင်နေကြတော့သည်။ တဖြည်းဖြည်းနှင့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ လက်ကျန်တပ်သားများကိုရှာဖွေရသည်မှာ ပို၍ခက်ခဲလာတော့သည်။ ရွေးချယ်စရာတစ်ခုမှာ စာရင်းထဲပါသော မျိုးနွယ်စုအားလုံးကို ဖျက်စီးပစ်ရန်သာဖြစ်သည်။ သို့သော်လည်း ထိုရွေးချယ်ချက်ကြောင့် ရှေ့တန်း၏နောက်ဖက်ရှိ ဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေနိုင်ပေသည်။ ကျင့်ကြံသူမျိုးနွယ်စုအရေအတွက်မှာ လျော့တွက်၍ မရနိုင်သည်မဟုတ်ပါလော။ ထို့ကြောင့်လည်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့က စစတိုက်ခိုက်ချင်းတွင် ထိုမျိုးနွယ်စုများကို မတိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လက်ရှိရည်ရွယ်ချက်မှာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့်၎င်း၏ လက်အောက်ခံမျိုးနွယ်စုများကို အမြစ်ပါမကျန် ချေမှုန်းရန် မဟုတ်ချေ။ ၎င်းတို့၏တပ်သားအင်အားများကိုစုပ်ယူကာ အင်အားပြန်လည် ဖြည့်တင်းရမည်ဖြစ်သည်။
သူတို့၏ မျိုးနွယ်စု ဌာနချုပ်ကို အပြီးတိုင်ပိတ်ထားသည့် ကျင့်ကြံသူမျိုးနွယ်စုများနှင့် သုံးခေါက်ဆက်တိုက် ကြုံခဲ့ရလေသည်။ ပိုင်ရှောင်ချန်း မည်သည့်အရာကိုပင်ပြောပြော၊ မည်မျှပင် ဒေါသထွက်ထွက် သူတို့က လုံးဝပြန်လည်မတုံ့ပြန်ချေ။ အချို့မှာသူ့ကို လက်ဆောင်များဆက်သ သဖြင့် သူက လက်မခံချင်၊ခံချင်နှင့် ယူလိုက်ရလေသည်။
ပိုင်ရှောင်ချန်းမှာ စိတ်ဓာတ်များကျလာပြီဖြစ်သည်။ တာဝန်ကျောက်စိမ်းပေလွှာကို ကြည့်ရင်း သူက မျက်မှောင်ကြုတ်လိုက်သည်။ ထိုပေလွှာထဲတွင် ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ကျင့်ကြံသူများကို ခိုလှုံခွင့်ပေးထားရုံသာမက ပုန်ကန်ရန်ကြံစည်နေသည့် မျိုးနွယ်စုခြောက်ခုကို ဖော်ပြထားပေသည်။
” ငါတော့ နားမလည်တော့ဘူးဟေ့။ ခေါင်းဆောင်ကြီးတွေက ဒီလောက် သက်သေအထောက်အထား အခိုင်အမာရှိနေရင် ဘာလို့ လူလွှတ်ပြီးတော့ သူတို့ကို မသုတ်သင်ခိုင်းရတာလဲ။” သူက အနည်းငယ်တွေးတောလိုက်ပြီးနောက် သူ၏မျက်ဝန်းများမှာ အရောင်တောက်လာပြီး ပေါင်ကိုလက်ဝါးဖြင့်ရိုက်လိုက်တော့သည်။
” အာ… သိပြီသိပြီ။ သောက်ကျိုးနည်းကွာ။ ငါက ဘာလို့ဒီလောက် တုံးအနေရတာတုံး။ ခေါင်းဆောင်ကြီးတွေက ငါ့ကို သူတို့ဆီက ဥစ္စာဓနတွေကို အရင်ယူခိုင်းတဲ့နည်းနဲ့ ဆုချနေတာပဲ။ ငါသူတို့ဆီက ပစ္စည်းတွေယူပြီးရင် ဂိုဏ်းက လူတွေလွှတ်ပြီး သူတို့ကိုချေမှုန်းခိုင်းလိမ့်မယ်။”
” ဟားဟား။ သေချာတယ်။ ဒီလိုပဲနေမှာ။ ” ဤသို့စဥ်းစားတွေးတောလိုက်ပြီးနောက် သူက ယခင်က အူကြောင်ကြောင်ဖြစ်နေကြောင်း ပိုင်ရှောင်ချန်းက ထင်သွားတော့သည်။ ဤသို့ ခြိမ်းခြောက်ရင်းပစ္စည်းလုယူခြင်းမှာ သူ့တာဝန်၏ တစ်စိတ်တစ်ပိုင်းဖြစ်ရမည် ဟုပင် သူက ဆုံးဖြတ်လိုက်တော့သည်။
” ခေါင်းဆောင်ကြီးတွေက တကယ် သဘောကောင်းတာပဲ။ သူတို့ ငါ့ကိုဆုချချင်တာကို ဘာလို့များမတွေးမိပါလိမ့်။ အဲ့တာများ ဒီတိုင်း ဒဲ့ပြောလည်းပြီးရောကို။ ဝေ့လည်ကြောင်ပတ် လုပ်နေစရာ မလိုပါဘူး။ ” သူက ကျေနပ်စွာဖြင့် မကြာခင်ရရှိတော့မည့် ပစ္စည်းဥစ္စာများကို မျှော်တွေးရင်း သူ၏ အယောက်နှစ်ရာကျော်လောက်ပါသည့် အုပ်စုကို နောက်မျိုးနွယ်စုထံသို့ ခေါ်ဆောင်သွားတော့သည်။
နောက်နေ့တွင် သူတို့၏ရှေ့မှာ မြစိမ်းရောင် တောင်ကြီးတစ်လုံးပေါ်လာတော့သည်။ ထိုတောင်ထိပ်ပတ်လည်တွင် စွမ်းအားကြီး အကာအကွယ် မန္တန်အစီအရင်တစ်ခုဖြစ်သည့် တလက်လက်ထနေသော အလင်းရောင်များက ဝန်းရံနေသည်။
ဤမျိုးနွယ်စုမှာ ယခင်က မျိုးနွယ်စုအနည်းငယ်ကဲ့သို့ လုံးဝအပြီးတိုင် ပိတ်ဆို့ထားကြောင်းကို သူက ချက်ချင်းသိလိုက်လေသည်။ ပိုင်ရှောင်ချန်းက ဧရာမသွေးဓားကြီးပေါ်တွင် မတ်တတ်ရပ်ရင်း ပြောလိုက်လေသည်။
” ရှန်ကွမ်း မျိုးနွယ်စုရေ။ ပိုင်ရှောင်ချန်းဆိုတဲ့ငါက သံတမန်ရေးရာအတွက်ရောက်လာ….”
သို့သော် သူပင်စကားမဆုံးသေး။ တဂျုန်းဂျုန်းမြည်သံများထွက်ပေါ်လာပြီး တောင်၏ အထက်တွင် သန့်ရှင်းသော အလင်းရောင်များဖြင့် ပြုလုပ်ထားသည့် ဘီလူကြီးတစ်ကောင် ပေါ်ထွက်လာတော့သည်။
ထိုဘီလူးကြီး၏ မျက်လုံးများမှာ အိပ်စက်နေသည့်အလား မှိတ်နေသည်။ သို့သော်လည်း အနည်းငယ်အကြာတွင် လေထုထဲတွင် တဂျုန်းဂျုန်းမြည်သံများဖြင့် ပြည့်နှက်သွားတော့သည်။
” ပိုင်ရှောင်ချန်းရေ။ ရှန်ကွမ်း မျိုးနွယ်စုက ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ထားပြီ။ မင်းကို ဒီနေရာက အလိုမရှိဘူး။”
ထိုမိုးခြိမ်းသံကဲ့သို့ စကားသံများပေါ်ထွက်လာပြီးနောက် ချက်ချင်းပင် ဘီလူးကြီးက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး တောင်ကြီးမှာ တိတ်ဆိတ်သွားတော့သည်။ သူတို့မှာ အပြီးတိုင်ပိတ်ထားသည်မှာ အသေအချာပင်။
ပိုင်ရှောင်ချန်းမှာ စကားဖြတ်ပြောခံလိုက်ရသဖြင့် မကျေမနပ်ဖြစ်သွားသော်လည်း မကြာမီ ရရှိနိုင်မည့် ဆုလာဒ်များကို တွေးမိသွားသောအခါ သူ၏ အမူအရာမှာ အနည်းငယ် ဝင်းလက်သွားသည်။ ထို့နောက် ချောင်းဟန့်လိုက်ရင်း သူက ဆိုလိုက်လေသည်။
” မင်းတို့ အပြီးတိုင် ပိတ်ထားတာ ငါသိတယ်။ ဒါပေမဲ့ ငါကလည်း လက်ဗလာနဲ့ပြန်ဖို့က မဖြစ်နိုင်ဘူး။ ဒီလိုလုပ်ကွာ။ မင်းတို့….”
သူက စကားပင်မဆုံးလိုက်သေးချိန်တွင် ထပ်၍ ဖြတ်ပြောခံလိုက်ရပြန်သည်။ ” လစ်လိုက်တော့။”
” ဟင်။ ”
ထိုသို့သော တုံ့ပြန်မှုမျိုးကို ယခင်မျိုးနွယ်စုများထံတွင် သူ မမြင်ဖူးခဲ့ချေ။ ထို့အပြင် ဒုတိယအကြိမ်မြောက် စကားဖြတ်ပြောခံလိုက်ပြန်ပြီဖြစ်သည်။ ယခုတွင် သူက အမှန်တကယ် ဒေါသထွက်စပြုလာတော့သည်။
” မင်းတို့က ငါ့ကိုတကယ်ကြီး လာကျိန်ဆဲနေတယ်ပေါ့။ ငါ ကျိုးကြောင်းမဆီလျော်တာ ဘာပြောမိလို့လဲ။ ဒီမှာ။ ငါက လူအများကြီးခေါ်ပြီး ဒီထိရောက်အောင် အဝေးကြီးကနေ လာခဲ့ရတာ။ မင်းတို့….”
” လစ်လိုက်တော့။”
ထိုလေသံကြီးမှာ ယခင်ကထက်ပင် ပို၍ဒေါသထွက်သည့် ပုံစံပေါ်နေပြီး ကောင်းကင်မှ မိုးခြိမ်းသံများအလား ပဲ့တင်ထပ်နေတော့သည်။
” ဘာကွ။”
ပိုင်ရှောင်ချန်းမှာ ထအော်လိုက်တော့သည်။ သူက သုံးကြိမ်ဆက်တိုက် စကားဖြတ်ပြောခံလိုက်ရပြီဖြစ်ပြီး ယခုတွင်မူ ဒေါသမီးများဖြင့် ဆူပွက်နေတော့သည်။ သူ့တို့မျိုးနွယ်စုကို ဝင်ရောက်စစ်ဆေးရန် ခွင့်မပေးရုံသာမက လက်ဆောင်လည်း မဆက်သသည့်အပြင် သူ့ကိုပါ ကျိန်ဆဲနေတော့သည်။
သူက ဘေးဘီဝဲယာကို ဒေါသတကြီးကြည့်လိုက်ပြီး ပြောလိုက်လေသည်။
” ဂိုဏ်းတူ တူလေး၊တူမလေးတို့။ ဒီ ရန်သူက တော်တော် ဥာဏ်များတယ်။ အဲ့တော့ ငါတို့က ပိုပြီး ဥာဏ်များမှရမယ်။ နို့မို့ဆို ငါတို့ရဲ့ တာဝန်ကို ဘယ်လိုနည်းနဲ့ အောင်မြင်နိုင်ပါ့မလဲ။ ”
ပေဟန်လဲ့၊ နတ်ဆရာနှင့် ကျားလဲ့တို့မှာ စိတ်ထဲတွင် ကျိတ်ကာ အေးစက်စက်ရယ်မောနေကြတော့သည်။
” ဒီ ရှန်ကွမ်း မျိုးနွယ်စုရဲ့ မန္တန်အစီအရင်က တောင်ရဲ့ စိတ်စွမ်းအင်ကို စုပ်ယူပြီး ဖန်တီးထားတာ။ ”
ပေဟန်လဲ့က တည်ကြည်စွာ ပြောလိုက်သည်။
” ငါတို့အကုန် ပေါင်းတိုက်ရင်တောင်မှ ခဏလေးနဲ့ ဖွင့်နိုင်မှာမဟုတ်ဘူး။ အလောတကြီးလုပ်ပြန်ရင်လည်း ရှေ့တန်းရဲ့နောက်ဖက်က ဒေသကို မတည်မငြိမ်ဖြစ်စေသွားနိုင်တယ်။ ငါတို့ ဘာဆက်လုပ်ရတော့မှာတုံး။”
လူတိုင်းက ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်ကြသည်။
ပိုင်ရှောင်ချန်းမှာ ခေါင်းဆောင်ကြီးများက သူ့ကိုပေးအပ်သည့် ဆုလာဒ်ကြီးမှာ စိတ်ကသိကအောက်ဖြစ်ဖွယ်ကောင်းလွန်းလှသဖြင့် ဒေါသထွက်နေသည်။ အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် သူက အံကြိတ်လိုက်သည်။
” သူတို့က ဒီလောက် အနိုင်ကျင့်နေမှတော့လည်း ငါ…ငါဆေးဖော်စပ်ရတာပေါ့ကွာ။” ထိုစကားကြောင့် ဘေးနားရှိ ကျင့်ကြံသူများမှာ တုန်လှုပ်သွားကြပြီး အချို့ဆိုလျှင် အလန့်တကြား အော်ဟစ်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံသူ အယောက်နှစ်ရာကျော်လောက်မှာ နောက်သို့ မီတာသုံးဆယ်ခန့်ဆုတ်ခွာသွားကြတော့သည်။
ပေဟန်လဲ့၊ နတ်ဆရာနှင့် ကျားလဲ့တို့မှာ အမြန်ဆုံးပင်။ ပိုင်ရှောင်ချန်းက ဆေးဖော်စပ်တော့မည်ဖြစ်ကြောင်း ဆိုလိုက်သည်ကို ကြားလိုက်ရသည်နှင့် သူတို့မှာ မျက်နှာပျက်သွားကြပြီး အလျင်အမြန်ပင် နောက်သို့ ဆုတ်ကုန်ကြတော့သည်။