သူက အရိုးကို ထိမိသည် မဟုတ်ဘဲ အံ့မခန်းဝဲကတော့ကို ထိကိုင်မိသွားသည့်အလားပင်။ သူ့နတ်ဘုရားအာရုံမှာ ဝဲကတော့အတွင်းနက်ပိုင်းသို့ တိုးဝင်သွားရသည်။
ဝမ်လင်း၏ထိန်းချုပ်မှု မပါဘဲ အံ့မခန်းစုပ်အားတစ်ခုက သူ့နတ်ဘုရားအာရုံကို နစ်သထက်နစ်အောင် ဆွဲခေါ်သွားသည်။
သူက ဝဲကတော့ထဲသို့ စုပ်ယူခြင်း ခံလိုက်ရပေပြီ။
သူ့စိတ်ထဲ၌ တုန်ဟည်းသံများ ဆထက်ထပိုး မြည်ဟိန်းနေ၏။ လှိုဏ်ဂူအပြင်ဘက်ကနေ တစ်ယောက်ယောက် ကြည့်နေပါက ထိုသူသည် ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်နေလျက်၊ သူ့မျက်နှာသည် ဖြူရော ရှုံ့တွနေသည်ကို တွေ့ရပေလိမ့်မည်။ သူ့ညာလက်က သာ၍ အပြင်းအထန် ပိုတုန်ခါနေ၏။သို့သော် သူ့လက်က အရိုးစုနှင့် ကပ်တွယ်ထားမြဲပင်။
သည်အရိုးစုက ရုတ်တရက် ရွှေရောင်အလင်း ပေးစွမ်းလာ၏။ သို့ရာတွင် ထိုရွှေရောင်အလင်း ပေါ်လာချိန်၌ အရိုးစုပေါ်ရှိ စာသားများက အနက်ရောင်တောက်ပလာကာ ရွှေရောင်အလင်းကို ဖိနှိပ်ပစ်ရန် ကြိုးစားလာ၏။ သည်အလင်းနှစ်ခုက တိုက်ပွဲစချေပြီ။
လောကသည် ဗရမ်းဗတာ ဖြစ်မှုတို့နှင့် ပြည့်နှက်လျက် ကောင်းကင်လား၊မြေကြီးလား ခွဲခြားနိုင်ဖို့ငှာ မဖြစ်နိုင်တော့ပေ။ လောကသည် တည်ရှိသည်ဟုလည်း ထင်ရသလို၊မတည်ရှိဟုလည်း ထင်မှတ်ရ၏။ လေဟာနယ်ထဲရှိ အကွာအဝေးတစ်ခုကနေ ဆံဖြူအဘိုးအိုတစ်ယောက် လှမ်းလျှောက်လာသည်။ သို့သော်ငြား သူ့ပုံရိပ်ကတော့ ဝေဝေဝါးဝါး ဖြစ်နေ၍ သူ့ကို ရှင်းလင်းစွာ မြင်နိုင်ဖို့ ခက်သည်။
သူက ခေါင်းမော့ကာ စဉ်းစားနေသည့်အလား ကောင်းကင်ထက်ကို မော့ကြည့်၏။ သို့ရာတွင် သည်အခိုက်အတန့်၌ ခုနစ်ရောင်စုံအလင်း ရုတ်တရက် ရောက်ရှိလာသည်။ သည်ခုနစ်ရောင်အလင်းက လောကကို ထက်ပိုင်းစုတ်ဖြဲကာ ဗရမ်းဗတာဖြစ်မှုကို ပြိုပျက်စေသည်။ ကောင်းကင်သည် ကောင်းကင်အဖြစ် မရှိတော့၊ မြေပြင်သည်လည်း ထို့အတူသာ၊ ဟင်းလင်းပြင်နေရာသာ ကျန်ခဲ့၏။
သို့သော်လည်း ထိုဟင်းလင်းပြင်က မှောင်နက်မနေဘဲ ခုနစ်ရောင်စုံ ရှိ၏။ သည်လောကမှာ ခုနစ်ရောင်စုံကမ္ဘာဖြစ်လာချေသည်။
ဆံဖြူအဘိုးအိုက ခေါင်းမော့ကာ သူ့ညာလက်ကို ဝေ့ယမ်း၏။ တိုက်ပွဲ ဟူသည့် စာလုံးတစ်လုံး ပေါ်လာသည်။ လောကက သူ့ခန္ဓာကိုယ်ကို ဝန်းရံကာ အဆုံးမဲ့ရွှေရောင်တောက်ပမှုကို ဖြစ်စေပြီး ခုနစ်ရောင်စုံအလင်းကို နောက်ပြန်လွင့်စေ၏။
သည့်အခိုက်တွင် ခွန်အားအပြည့်အသံတစ်သံ လောကအနှံ့ ပဲ့တင်ထပ်သည်။
“လောကဟာ မူလကနေ စတင်ခဲ့တယ်။ ကောင်းကင်ဟာ စတင်ခြင်း၊ မြေကြီးဟာ အဆုံးသပ်ပဲ။ ဒီအဘိုးအိုက လောကရဲ့ မူလကို ကျင့်ကြံခဲ့တယ်။ မူလဥပဒေသ၊ ခုနစ်ရောင်စုံလမ်းညွှန်…ချိပ်ပိတ်ခြင်း…”
သည်တစ်ခွန်းဖြင့်ပင် သည်လောကရှိ ခုနစ်ရောင်စုံအလင်းသည် အားတစ်ခုက ထိန်းချုပ်လိုက်သည့်အလား ရွှေ့လျားလာ၏။ အတောမသပ်နိုင်သည့် ခုနစ်ရောင်စုံအလင်းအားလုံးသည် ထိုဆံဖြူအဘိုးအိုထံ အရူးအမူး စုဝေးလာကြသည်။
ခုနစ်ရောင်စုံအလင်းက စုစည်းလျက် ချိပ်ဟန်တစ်ခု ဖြစ်တည်သည်။ ခုနစ်ရောင်စုံအလင်းသည် ဆံဖြူအဘိုးအိုကို လုံးဝ ချိပ်ပိတ်ပစ်သည့်အထိ သိပ်သည်းလေ၏။
အဆုံးမဲ့ခုနစ်ရောင်စုံအလင်းက တလက်လက်၊တဖျပ်ဖျပ် ရှိ၏။ ခုနစ်ရောင်စုံလောကအတွင်း၌ ဒေါသတကြီးအော်သံများ ထွက်ပေါ်လာသည်။ သို့သော် ယင်းအသံတို့က တဖြည်းဖြည်း အားနည်းသထက် အားနည်းကာ ပျောက်ကွယ်သွားလေသည်။
“ကျန်းရှင်းရီ…ဒီအဘိုးအိုက မင်းကို တိုက်ပွဲစာလိပ် လက်ဆောင် မပေးခဲ့ရင် မင်းက ဘယ်လိုလုပ် စိတ်ဝိညာဉ်လေဟာနယ်အဆင့်(တတိယအဆင့်ကျင့်ကြံခြင်း) ကို ရောက်နိုင်ပါ့မလဲ။ ငါ မင်းရဲ့ ကျန်းမိသားစု စိတ်ဝိညာဉ်ကို ယူဆောင်ပြီးရင် ဟို တစ္ဆေအိုကြီး သူ့ လေဟာနယ်အတိဒုက္ခအဆင့် (တတိယအဆင့်ကျင့်ကြံခြင်း၏အမြင့်ဆုံးအဆင့်)အတွက် သူ့အရိုးတွေရဲ့ ဘယ်နေရာမှာ ပုန်းနေလဲ ရှာဖို့ ဒီစိတ်ဝိညာဉ်ကို လမ်းညွှန်အဖြစ် အသုံးပြုနိုင်ပြီ။ အဲ့ကျရင် ငါဟာ သူ့အရိုးစု ကိုယူသွားပြီး မင်းတို့နှစ်ယောက်လုံးရဲ့တာအိုအဆီအနှစ်ကို အတင်း ထုတ်ယူလို့ရပြီ။ ငါ သူ့ရဲ့ နိဗ္ဗာနကို ဖျက်စီးပစ်ပြီး ကောင်းကင်ဘုံရဲ့အစီအစဉ်ကို ပြီးပြည့်စုံစေမယ်…”
ရှေးဟောင်းအသံက ထိုသို့ ပြောပြီးနောက် မောပန်းလာကာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။
တစ်ချိန်တည်းမှာပင် ဝမ်လင်း ရှိနေသော လောကသည်ပင် စတင်၍ တစစီ ပျက်စီးလာ၏။ သူ့မူလစိတ်ဝိညာဉ်ပါ ပျက်စီးသွားတော့မလို ဖြစ်လာသည်။
သည်အခိုက်အတန့်၌ စစ်မာမို၏ လှိုဏ်ဂူထဲတွင် အရိုးစုထံမှ ရွှေရောင်အလင်းသည် အနက်ရောင်အလင်း၏ ဖိနှိပ်ခြင်း ခံရာကာ ထောင့်ကပ်သွားရလေ၏။ အနက်ရောင်အလင်းက ဝမ်လင်း၏ လက်ထံ တန်းတန်းမတ်မတ် ဝင်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် ပြင်သည်။
ချက်ခြင်းပင် ဝမ်လင်း လှိုဏ်ဂူထဲ၌ ထားခဲ့သည့် သလင်းဓားက ရုတ်တရက် တောက်ပကာ သူ့ထံ ဦးတည်လာ၏။ ၎င်းက ဝမ်လင်း၏ လက်ချောင်းထိပ်နှင့် အရိုးစုကြားထံ ရွှေ့လျားလာပြီး ပူးကပ်နေခြင်းကို ခွဲခြားပစ်သည်။
ဝမ်လင်းက အသိပြန်ဝင်လာပြီး သူ့ခန္ဓာကိုယ်သည် တုန်ယင်၍ သူသည် နောက်သို့ တုံ့ဆိုင်းခြင်းမရှိ ဆုတ်လိုက်သည်။ သူက အရိုးစုကို စူးစိုက်ကြည့်သည်။ သူ့စိတ်မှာလည်း ဝရုန်းသုန်းကားအခြေအနေ ဖြစ်နေလေ၏။
“ကျန်းမိသားစုဘိုးဘေး…ကျန်းရှင်းရီ…”
ဝမ်လင်း၏အသွင်က သုန်မှုန်လာ၏။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာတုန်းက ကျန်းမိသားစုဘိုးဘေးမှာ ကြယ်များကြား ပျောက်ကွယ်သွားခဲ့ပြီး သူ ဘယ်နေရာကို ထွက်သွားလည်း မည်သူမျှ မသိခဲ့ကြသည့်အကြောင်းကို ဝမ်လင်း သိထားခဲ့ပေသည်။
သူ့မျိုးဆက်များက သူ့အား မည်မျှ ရှာဖွေခဲ့ပါစေ သူတို့သည် ကျန်းရှင်းရီ ရှိနေသော နေရာ၏ သဲလွန်စကို လုံးဝ မရှာနိုင်ခဲ့ကြပေ။
“သူဟာ ကျန်းရှင်းရီ ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…”
“မူလဥပဒေသကို အသုံးပြုပြီး ကျန်းရှင်းရီကို သတ်ခဲ့တဲ့သူဟာ ပြင်ပနယ်မြေရဲ့ အုပ်စိုးသူ ဖြစ်နိုင်တယ်…” ဝမ်လင်း၏အမူအရာက ပို၍ပင် သုန်မှုန်လာလေ၏။ သူက အတိတ်တုန်းက အဖြစ်အပျက်ကို တွေးမိကာ သူ့စိတ်နှလုံးထဲတွင် အေးစက်မှုကို ခံစားရ၏။ သည်ခုနစ်ရောင်စုံအလင်းက နေသာသောညမန္တာန်နှင့် ဆင်တူ၏။ သို့သော် များစွာ ပိုအစွမ်းထက်ပေသည်။ မန္တာန်တစ်ခုတည်းဖြင့် ကျန်းရှင်းရီကို တစ်စက်တလေမျှ မခုခံနိုင်ဘဲ သေဆုံးသွားဖို့ရာ လုံလောက်နေခဲ့သည်။
ဝမ်လင်းသည် အာခြောက်မိလာ၏။ စဉ်းစားနေရင်း သူက မျက်မှောင်ကြုတ်သည်။သူ့မျက်လုံးက တလက်လက် ဖြစ်နေသည်။
“တစ်ခုခုတော့ မှားနေပြီ။ ကျန်းရှင်းရီသာ ဒီလိုမျိုး အသတ်ခံခဲ့ရရင် အခုလိုမြင်ကွင်းမျိုး ရှင်းရှင်းလင်းလင်း ဘယ်ကျန်ခဲ့နိုင်ပါ့မလဲ။ သူ သေခဲ့တယ်ဆိုရင်လည်း သူ့စိတ်ဆန္ဒဟာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားမှာပဲ။ သူ့စိတ်ဆန္ဒ တည်ရှိနေဦးတော့ အခုလောက် ရှင်းရှင်းလင်းလင်း ဖြစ်မနေသင့်ဘူး။ ဒါ့အပြင် စကားအဆုံးသပ်နားမှာ အုပ်စိုးသူရဲ့ အသံဟာ မောပန်းသွားတဲ့ပုံ ပေါက်နေတယ်…”
ဝမ်လင်း စိတ်ထဲတွင် အတွေးမျိုးစုံ ဖြတ်ပြေးနေ၏။ သို့သော် သူသည် မည်သည့်သဲလွန်စကိုမျှ မရှာနိုင်ပေ။
“စိတ်ဝိညာဉ်လေဟာနယ်၊ လေဟာနယ်အတိဒုက္ခ…။ ဒီနယ်ပယ်နှစ်ခုက တတိယအဆင့်များ ဖြစ်နေမလား။ ငါ တိုက်ပွဲစာလိပ်ကို နားလည်အောင် လုပ်ခဲ့တဲ့အချိန်တုန်းက ငါ အဘိုးအိုတစ်ယောက်ကို မြင်ခဲ့ရတယ်။ တိုက်ပွဲစာလိပ်တွေဟာ ဒီလူ ဖန်တီးထားခဲ့တာပဲ။ ဒီအဘိုးအိုက သူ့ကျင့်ကြံမှုအဆင့်ဟာ လေဟာနယ်အဆင့်ကို ရောက်ခဲ့ပြီး ဖြစ်တဲ့အတွက် သူ အဆင့်ချိုးဖျက်ရတော့မယ်လို့ ပြောခဲ့တယ်။ ဖြစ်နိုင်တာက…သူဟာ အုပ်စိုးသူ စကားထဲမှာ ပါတဲ့ တစ္ဆေအိုကြီးကျန်း ဆိုတဲ့ သူများလား…”
“ပြောပုံဆိုပုံအရဆိုရင် ဒီအုပ်စိုးသူဟာ တစ္ဆေအိုကြီးကျန်းကို ရှိန်နေတဲ့ပုံ ပေါ်နေတယ်။ဒီတစ္ဆေအိုကြီးကျန်း သူ့အရိုးထဲမှာ ပုန်းနေတဲ့ နေရာကို ရှာဖို့အတွက် အုပ်စိုးသူဟာ တိုက်ပွဲစာလိပ်ကို ကျန်းရှင်းရီရှိ ပေးခဲ့တယ်။ ဒီအုပ်စိုးသူက ကျန်းရှင်းရီရဲ့ စိတ်ဝိဉာဉ်ကို ယူဖို့အတွက် မသတ်ပစ်ခင် သူ့ကို တိုက်ပွဲနယ်ပယ် ကျင့်ကြံခွင့်ပြုခဲ့တယ်။ ဒါတွေအားလုံးဟာ ကောင်းကင်ဘုံရဲ့ အစီအစဉ်အတွက်လား။ ဒါဆို ဒီကောင်းကင်ဘုံရဲ့အစီအစဉ်ဟာ ဘာများဖြစ်မလဲ…”
ဝမ်လင်း၏ စိတ်သည် ပိုပို၍ ရှင်းလာ၏။ သူ နားမလည်သည့် အရာများ ရှိနေသော်လည်း သူ့အတွေးများကတော့ ရှင်းလင်းလာခဲ့ပေပြီ။
“ကျောက်ပြားလေးခုနဲ့ ပကတိအတိုင်းရှိတဲ့ အရိုးစုနှစ်ခု။ ပထမအရိုးစုဟာ ကျန်းရှင်းရီ၊ ဒုတိယအရိုးစုဟာ သူ့ဘိုးဘေး တစ္ဆေအိုကြီးကျန်း ဖြစ်နေမလား…”
ဝမ်လင်းသည် လေအေးတစ်ချက် ရှိုက်သွင်းမိသည်။
“တိုက်ပွဲစာလိပ်ဟာ တစ္ဆေအိုကြီးကျန်း ချန်ထားခဲ့တာပဲ…” ဝမ်လင်းက သည်အရိုးစုကို စိတ်ရှုပ်ထွေးသည့် ဟန်ပန်ဖြင့် ကြည့်သည်။ သူက ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းကို တွေ့မြင်ရချိန်၌ စတင် စဉ်းစားတော့သည်။ ဝမ်လင်းထံတွင် သူ့သိုလှောင်နေရာလွတ်ထဲ၌ တိုက်ပွဲစာလိပ်သုံးခု ရှိပေသည်။
သူက ပထမစာလိပ်နှစ်ခုကိုသာ ဖွင့်ခဲ့ရသေး၏။ သို့သော် သူက ကျန်းမိသားစုထံကနေ ရလာခဲ့ချိန်ကတည်းက အခုထိ တတိယမြောက်စာလိပ်ကို မဖွင့်ကြည့်ရသေးပေ။ အနည်းငယ် စဉ်းစားပြီးနောက် သူက အရိုးစုကို ကြည့်သည်။ သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်၏။ အလင်းလုံးသုံးလုံးသည် ပျံသန်းထွက်လာကြ၏။
ထိုအလင်းလုံးသုံးလုံးအတွင်း၌ တိုက်ပွဲစာလိပ်သုံးခု ရှိသည်။
တိုက်ပွဲစာလိပ်များ ပေါ်လာချိန်၌ အနက်ရောင်အလင်းကြောင့် ထောင့်ကပ်သွားသည့် ရွှေရောင်အလင်းမှာ အရိုးစုထံကနေ ပျံသန်းထွက်လာသည်။ ၎င်းသည် တိုက်ပွဲစာလိပ်သုံးခုထံ တန်းတန်းမတ်မတ် ဝင်ရောက်လာပြီး ရွှေရောင်တောက်၍ စာလိပ်များကို အတူတကွ ပေါင်းစည်းသွားစေသည်။
ထိုထူးဆန်းသောမြင်ကွင်းသည် ဝမ်လင်း မျှော်လင့်ထားသည့်အပြင်ဘက်တွင် ရှိနေသည်။သူက တိုက်ပွဲစာလိပ်များ ပေါင်းစပ်နေသည်ကို စူးစိုက်ကြည့်နေလျက် သူ့အကြည့်မှာ လေးနက်လာသည်။ ခဏအကြာတွင် ပေါင်းစည်းမှု အဆုံးသပ်သွားပြီး လှိုဏ်ဂူတစ်ခုလုံး ရွှေရောင်အလင်းဖြင့် ဖုံးလွှမ်းလာတော့သည်။ ဝမ်လင်းရှေ့တွင်လည်း ပုံရိပ်ယောင်တိုက်ပွဲ စာလုံး ပေါ်လာလေ၏။
သည် “တိုက်ပွဲစာလုံး” က ရွှေရောင်တောက်ပကာ ကြောက်မက်ဖွယ်အော်ရာကို ထုတ်လွှတ်လေ၏။ ၎င်းက ဝမ်လင်းထံ တန်းတန်းမတ်မတ် ဦးတည်လာပြီး သူ့သိုလှောင်နေရာလွတ်ထဲ ဝင်ရောက်သွားသည်။
“သင် တိုက်ပွဲစာလိပ်ကို ရရှိခဲ့တဲ့အတွက် တစ္ဆေအိုကြီးကျန်းရဲ့ မျိုးဆက်ခြားတဲ့ အမွေအနှစ်ဆက်ခံသူတစ်ယောက် မတော်တဆ ဖြစ်လာခဲ့ပြီ။ သင့်ကြောင့် အုပ်စိုးသူဟာ တစ္ဆေအိုကြီးကျန်း သူ့အရိုးရဲ့ ဘယ်နေရာမှာ ပုန်းနေလဲကို ရှာတော့မယ်။ နောက် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးရင် ငါ သင့် မျိုးဆက်တွေဆီကနေ တိုက်ပွဲစာလိပ်ကို ပြန်ယူမယ်။ ဒီနေ့တော့ ငါ သင့်ရဲ့ အကြွင်းအကျန်ကို တွေ့မြင်ခဲ့တယ်…”
ဝမ်လင်းသည် ရှုပ်ထွေးဟန်အမူအရာ ဖြစ်ပေါ်နေ၏။ သူက သက်ပြင်းလေးလေးလံလံ မှုတ်ထုတ်လိုက်သည်။ ထို့နောက် သူက လှိုဏ်ဂူထဲကနေ ပြန်ထွက်လာပြီး ၎င်းကို ချိပ်ပိတ်လိုက်၏။
ဝမ်လင်းသည် ကိုးခုမြောက်လှိုဏ်ဂူကို မဖွင့်တော့ပေ။ သူက ထိုလှိုဏ်ဂူအဝရှိ အတားအဆီးကို မချိုးဖျက်နိုင်ခြင်းကြောင့် ဖြစ်သည်။ သူက ၎င်းလှိုဏ်ဂူမှာ ခုနစ်ရောင်စုံအခိုးအငွေ့များနှင့် ပြည့်နှက်နေသည်ကိုတော့ တွေ့မြင်၏။ သို့သော် အတွင်းဘက်၌ မည်သည့်အရာ ရှိနေသည်ကိုတော့ မမြင်နိုင်ပေ။
တောင်ကြားအတွင်း၌ ဝမ်လင်းက စစ်မာမို၏ အကြွင်းအကျန်များကို ကြည့်ကာ အချိန်အတန်ကြာ စဉ်းစားနေပြီးနောက်မှ ပြန်ထွက်လာခဲ့၏။ ဝမ်လင်း မထွက်သွားခင် သူက ခြင်သားရဲနှင့် မူလသလင်းကျောက်များစွာ ချန်ထားခဲ့သော ပထမဆုံးလှိုဏ်ဂူရှိရာသို့ သွားရောက်ခဲ့၏။
တောင်ကြားထဲကနေ ထွက်လာချိန်၌ ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူသည် အရင်က သူ့စိတ်ဖြင့် သွားလာခဲ့စဉ် မြင်ခဲ့ရသော ကျောက်ပြားကို ရှာဖို့ လိုပေပြီ။ သူက ကျန်းရှင်းရီ၏ နောက်ထပ်အရိုးစုအကြွင်းအကျန်ကိုလည်း ကြည့်ရဖို့ လိုသေးသည်။
ဖန်းသဲချိုက်နှင့်အရှင်ဟွေစုန်တို့၏ မှတ်ဉာဏ်များကို ရှာဖွေကြည့်ပြီးနောက် ဝမ်လင်းသည် သည်ခုနစ်ရောင်စုံနယ်မြေနှင့် မစိမ်းတော့ပေ။ လမ်းကြောင်းအားလုံးကို သူ့စိတ်ထဲတွင် စွဲစွဲမြဲမြဲ မှတ်မိနေပေပြီ. သူက အလင်းတန်းကဲ့သို့ ရွှေ့လျားလာ၏။ သို့သော် ပျံသန်းခြင်းတော့ မပြုပေ။ ထိုအစား မြေပြင်ထက်တွင်သာ သွားလာသည်။
သူက အမျိုးမျိုးသောတောင်ကြားများကို ဖြတ်သန်းလာပြီးနောက် အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို ပိတ်မိနေခဲ့သော အတားအဆီးနေရာသို့ ရောက်ရှိလာ၏။ ထိုအတားအဆီးက ဖွင့်လှစ်ထားတာ ခံရပြီး ယင်းအဘွားအိုလည်း ပျောက်နေခဲ့ပေပြီ။
တစ်ချက် ကြည့်လိုက်ပြီးနောက် ဝမ်လင်းက မရပ်ခဲ့ပေ။ သူက တောင်ကို ကျော်လာပြီး မြူများထံ သွားနေ၏။ ဝမ်လင်းက ဤဧရိယာနှင့် ရင်းနှီးပေသည်။ဉာဏ်အလင်းရသူများ၏ ခပ်တိုးတိုးအသံများက သူ့နားထဲသို့ တိုးဝင်လာ၏။
ဝမ်လင်း သည်နယ်မြေအကြောင်း ပို၍ သိလာခဲ့လေ သူက ဉာဏ်အလင်းရသူများနှင့် ပတ်သတ်၍ ပိုမို နားလည်လာခဲ့လေပင်။ ထိုသူတို့မှာ အရင်တုန်းက ကျင့်ကြံသူများ ဖြစ်ခဲ့ကြ၏။ သို့သော် အခုချိန်တွင်တော့ သူတို့သည် တစ်စုံတစ်ယောက်၏ တာအို အားသစ်သွန်းခြင်းကို ကူညီပေးရသည့် အရာများ ဖြစ်လာခဲ့ကြပေပြီ။
ဝမ်လင်းက ထိုဉာဏ်အလင်းရသူများသည် တာအိုအပေါ် မြင့်မားစွာ နားလည်ထားမှန်း ပုံဖော်ကြည့်နိုင်၏။ ထို့ကြောင့်လည်း သူတို့က တာအိုကျမ်း၏ ချုပ်နှောင်ထားခြင်း ခံရကာ တာအိုကို အားသစ်လောင်းဖို့ ဉာဏ်အလင်းရသူများ ဖြစ်လာခဲ့ကြခြင်း မဟုတ်လား။
ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချမိ၏။ သို့သော် သူက မရပ်ပေ။ ရှေ့ဆက်သွား၏။ မြူများကြား၌ ဧရာမရုပ်တုကြီးကို သူ တဖြည်းဖြည်းချင်း မြင်လာရ၏။ ဝမ်လင်းက ထိုရုပ်တုရှေ့တွင် ရပ်လိုက်၏။
သူက ရုပ်တုပေါ်သို့ ခုန်တက်ကာ ရုပ်တုဦးခေါင်းဘေးနား ရောက်သွားသည်။
အရှင်ဟွေစုန်၏ မှတ်ဉာဏ်များထဲ၌ သူ့ကျင့်ကြံမှုနည်းလမ်းကို မူလသွေးရာချီ စဦးစိတ်ဝိညာဉ် ဖြစ်ပေါ်ခြင်း ဟု ခေါ်တွင်၏။ သူ ဝမ်လင်းနှင့် တိုက်ခိုက်ခဲ့စဉ်က ဆင့်ခေါ်ခဲ့ဖူးသော ချိပ်ပိတ်နယ်မြေ၏ ခုနစ်ခုမြောက်စိတ်ဝိညာဉ်သည် သည်ရုပ်တုထံကနေ နားလည်လာခဲ့ခြင်းပင်။
သည်ကျင့်ကြံမှုနည်းလမ်းက သူ့ကို စဦးစိတ်ဝိညာဉ်ကဲ့သို့ အရာမျိုး စုစုပေါင်း ကိုးခုထိ ပိုင်ဆိုင်လာစေခဲ့သည်။ ၎င်းတို့က စဦးစိတ်ဝိညာဉ်များထက် အဆများစွာ ပိုအစွမ်းထက်ပေသည်။ ပို၍ အရေးကြီးသည်က သူကျင့်ကြံခဲ့သည့် မန္တာန်က ကိုးဆနားလည်မှုကို ပေးစွမ်းခြင်းကြောင့် သူ့အမြန်နှုန်းကိုလည်း တိုးတက်စေခဲ့သေး၏။
တုန်လှုပ်ဖွယ်ကောင်းသည့် အချက်က ထိုစဦးစိတ်ဝိညာဉ်တစ်ခုချင်းစီသည် မန္တာန်တစ်ခု ဖြစ်ပေါ်နိုင်ခြင်းပင်။ အများအားဖြင့် အတူပေါင်းစပ်၍ ကျင့်ကြံ၍ မရသော မန္တာန်များစွာ ရှိပေ၏။ ထိုကဲ့သို့ မန္တာန်များကို ကျင့်ကြံလိုပါက မည်မျှပင် ကောင်းမွန်ပါစေ တစ်ခုကိုသာ ရွေးချယ်ရပေမည်။
သို့ရာတွင် ထိုအချက်က အရှင်ဟွေစုန်အတွက် ပြဿနာ မဟုတ်ခဲ့ပေ။ သူ့သွေးစဦးစိတ်ဝိညာဉ်ကိုးခုက သီးသန့်ခွဲခြား၍ ကျင့်ကြံနိုင်ကြသည် မဟုတ်လား။
သို့သော်ငြားလည်း ဝမ်လင်းနှင့် မတိုက်ခင် အရှင်ဟွေစုန်၏ စဦးစိတ်ဝိညာဉ်များထဲမှ တစ်ခုကို အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက ယူသွားခဲ့၏။ ထို့နောက်တွင်မှ သူသည် ဝမ်လင်းနှင့် တိုက်ခိုက်ခဲ့ရာ နှစ်ဦးနှစ်ဖက် ဒဏ်ရာအပြင်းအထန် ရခဲ့ကြခြင်းပင်။ ထို့ကြောင့် အရှင်ဟွေစုန်က ၎င်းစဦးစိတ်ဝိညာဉ်များအတွင်းရှိ မန္တာန်များကို အသုံးပြုနိုင်စွမ်း မရှိခဲ့ခြင်း ဖြစ်ပေသည်။
***