Switch Mode

အပိုင်း (၁၂၅၄)

တာအိုစိုက်ပျိုးခြင်း

အရှင်ဟွေစုန်၏ ရှေ့မှ လျှပ်စီးတန်းတစ်ခုသည် တိုးထွက်လာ၏။ ၎င်းက ကြောက်မက်ဖွယ်ခွန်အားကို သယ်ဆောင်ကာ မူလစွမ်းအင်နှင့် ထိပ်တိုက်တွေ့သည်။

တုန်ဟည်းသံများ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်ကုန်သည်။ အဆုံးမဲ့မူလစွမ်းအင်များ လွင့်ပြယ်ကာ လျှပ်စီးတန်းသည် ထွင်းဖောက်၍ ဝမ်လင်းထံ တိုးဝင်လာ၏။ ဝမ်လင်းက လက်သီးတစ်လုံးကို ခပ်ကြမ်းကြမ်း ပစ်သွင်းသည်။

သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားကို အသက်သွင်းထားရာ သူ့နောက်တွင် ဧရာမရှေးဟောင်းနတ်ဘုရားပုံရိပ်ယောင်တစ်ခု ပေါ်လာ၏။ ထိုအရိပ်က အံ့မခန်းကြီးမားကာ ဝမ်လင်း၏ လက်သီးချက်နှင့်အတူ လက်သီးတစ်လုံး ထိုးချလာသည်။

ထိုလက်သီးချက်က လျှပ်စီးအမှတ်အသားနှင့် ထိပ်တိုက်တွေ့သည်။

လျှပ်စီးအမှတ်အသားသည် တုန်ခါကာ ရုတ်တရက် ပျက်စီးသွား၏။ သို့သော် လျှပ်စီးအတွင်းရှိ စွမ်းအားက မရေမတွက်နိုင်သော လျှပ်စီးတန်းများအဖြစ် ပြောင်းလဲပြီး ဝမ်လင်းထံ သက်ဆင်းလာသည်။

အရှင်ဟွေစုန်၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နေ၏။ သူက စတိုက်သည်ဆိုရုံဖြင့် သူ့အစွမ်းထက်ဆုံးမန္တာန်ကို အသုံးပြုလာသည်။ သူက ဝမ်လင်းကို ချက်ခြင်း သေသွားစေချင်လောက်အောင် မုန်းတီးနေသည် မဟုတ်လား။

“မိုးကြိုးနဲ့လျှပ်စီး…” ဝမ်လင်းက အထင်သေးစွာ ကြည့်၏။ သူ့ညာမျက်လုံးထဲတွင် လျှပ်စီး လက်သွားကာ သူ့မျက်ခုံးနှစ်ခုကြားတွင် ဝဲကတော့တစ်ခု ပေါ်လာ၏။ သူ့ရှေးဟောင်းမိုးကြိုးနဂါး မူလစိတ်ဝိညာဉ် ပျံသန်းထွက်လာပြီး ကောင်းကင်ထက်ရှိ မရေမတွက်နိုင်သော လျှပ်စီးတန်းများကို ဟိန်းသံပေးသည်။

“ဝေါင်း…”

ရှေးဟောင်းမိုးကြိုးနဂါးက မိုးကြိုးစွမ်းအားကို ပိုင်ဆိုင်ထား၏။ သည်ဟိန်းသံနှင့်အတူ ဝမ်လင်း၏ညာမျက်လုံးထဲရှိ လျှပ်စီးတို့က တလက်လက် တောက်ပကာ သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သည်။ သိပ်မကြာခင်တွင် သူ့အောက်ခြေနေရာသည် မိုးကြိုးကန် ဖြစ်လာသည်။

ကောင်းကင်ထက်မှ ဆင်းသက်လာသည့် မိုးကြိုးများက တစ်ခဏ တုန့်ဆိုင်းသွားပြီးနောက် ဝမ်လင်း ပတ်လည်ရှိ မိုးကြိုးကန်နှင့် ပေါင်းစပ်ကာ မိုးကြိုးငရဲတစ်ခုအလား ဖြစ်ပေါ်သည်။

ဝမ်လင်းက ထိုမိုးကြိုးကန်ထဲ၌ မိုးကြိုးကောင်းကင်ဘုံသား တစ်ယောက် အလား။

သူ အသက်ရှုသွင်း၏။ အဆုံးမဲ့မိုးကြိုးတို့က သူ့ညာမျက်လုံးထဲသို့ အလျင်အမြန် သိပ်သည်းသည်။

ထိုမြင်ကွင်းက အရှင်ဟွေစုန်၏မျက်နှာကို ဖြူရောသွားစေသည်။သူက လုံးဝ မင်သက်မိလေ၏။

သိပ်မဝေးသောနေရာရှိ ချန်ထျန်ကျွင်း၏ နှဖူးထက်တွင်ပင် ချွေးပြန်သွား၏။ သူ့မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နှက်သွားသည်။

ဝမ်လင်းက မရပ်တန့်ပေ။ သူက လျှပ်စီး(ဝါ)မိုးကြိုးတို့ကို စုပ်ယူပြီးနောက် သူ့မျက်လုံးထဲတွင် ခပ်ဖျော့ဖျော့လျှပ်စီးအမှတ်အသားတစ်ခု ပေါ်လာ၏။ ၎င်းက သူ့မျက်လုံးထဲကနေ ထိုးထွက်ကာ အရှင်ဟွေစုန်ထံ တိုက်ရိုက် ပျံသန်းဝင်သွားသည်။

အရှင်ဟွေစုန်က နောက်သို့ အလျင်အမြန် ဆုတ်ကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေသည်။ စဦးစိတ်ဝိညာဉ်ခုနစ်ခုက သိပ်သည်းသောသွေးနီရောင်ကကို ပေးစွမ်းကာ အရှင်ဟွေစုန်ကို ခြုံလွှမ်း၍ လျှပ်စီးကို ပိတ်ဆို့ရန် တာဆူသည်။

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့်ကို အမှန်တကယ် မချိုးဖျက် ရသေးသော်လည်း သူ့နယ်ပယ်အဆင့်ချိုးဖျက်မှုက သူ့မန္တာန်များ၏စွမ်းအားကို ပို၍ အစွမ်းထက်လာစေခဲ့ပေပြီ။ သူက အရှင်ဟွေစုန်နှင့် ပထမတစ်ကြိမ်တိုက်ပွဲတုန်းကနှင့် ယှဉ်ပါက ကွာခြားသွားခဲ့လေပြီ။

လျှပ်စီးတန်း ထိုးထွက်သွားခိုက်တွင် ဝမ်လင်းက သူ့သိုလှောင်နေရာလွတ်ကို ဖွင့်၏။ သူ့သိုလှောင်နေရာလွတ်ထဲကနေ ခုနစ်ရောင်စုံလက်သည်းခွံ ပေါ်လာ၏။ ဝမ်လင်းက ၎င်းကို ဖမ်းဆုပ်၍ ပစ်လွှတ်သည်။

ခုနစ်ရောင်စုံလက်သည်းခွံက ခုနစ်ရောင်စုံအလင်းတန်းအဖြစ် ပြောင်း၍ အရှင်ဟွေစုန်ထံ အံ့မခန်းအမြန်နှုန်းဖြင့် တဝီဝီ တိုးဝင်သွားသည်။

အရှင်ဟွေစုန်က သွေးအလင်းဖြင့် ဝန်းရံပြီးချိန် လျှပ်စီးတန်း ရောက်ရှိလာသည်။ သွေးအလင်းသည် ဆူပွက်လာသည်ဟု ထင်ရသည်။ သွေးအလင်းက ဆက်တိုက် ပျက်စီး၍ လွင့်ပြယ်သွားသည်။

အရှင်ဟွေစုန်က နောက်သို့ ဆက်တိုက်ဆုတ်နေရင်း သူ့ညာလက်ဖြင့် သိုလှောင်နေရာလွတ်ကို ဖွင့်သည်။ သို့ရာတွင် ထိုအခိုက်၌ သူက အန္တရာယ်အာရုံကို ခံစားမိ၏။ ခုနစ်ရောင်စုံအလင်းတန်းက ပျက်စီးနေသည့် သွေးအလင်းကို ချိုးဖျက်ကာ သူ့နား ချက်ခြင်း ရောက်လာသည်။

အရှင်ဟွေစုန်၏မျက်နှာမှာ ချက်ခြင်း ဖြူဆုပ်သွားသည်။ ခုနစ်ရောင်စုံအလင်းက မြန်လွန်း၏။ ခုနစ်ရောင်စုံအလင်း ထွင်းဖောက်သွားချိန်တွင် သူ့ရင်ဘက်ကနေ သွေးများ ပန်းထွက်လာသည်။ သူ့မူလစိတ်ဝိညာဉ်က ထွက်ပြေးရန် ပြင်သည်။ သို့သော် နာကျင်ထိတ်လန့်စွာသာ အော်ဟစ်လိုက်ရ၏။ ခုနစ်ရောင်စုံလက်သည်းက သူ့မူလစိတ်ဝိညာဉ်၏ ရင်ဘက်ကိုပါ ထွင်းဖောက်သွားခဲ့လေသည်။

အရှင်ဟွေစုန်၏မူလစိတ်ဝိညာဉ်ထံမှ အလွန်အမင်း ကြောက်လန့်မှု ပေါ်လာ၏။ သို့သော် သိပ်မကြာခင်တွင် ရူးသွပ်မှုလည်း ပေါ်လာ၏။ ဝမ်လင်းက အရှင်ဟွေစုန်နောက်တွင် ချက်ခြင်း ပေါ်လာကာ သူ့ညာလက်ကို အရှင်ဟွေစုန်၏ ဦးခေါင်းပေါ်သို့ တင်လိုက်၏။ သူက အရှင်ဟွေစုန်၏ မူလစိတ်ဝိညာဉ်အပြင်းအထန် ဒဏ်ရာရသွားခိုက်ကို အသုံးချကာ အခွင့်အရေး ယူလိုက်ခြင်း ဖြစ်သည်။

ဝမ်လင်းက အရှင်ဟွေစုန်၏မူလစိတ်ဝိညာဉ်ထံမှ မှတ်ဉာဏ်များကို အလျင်အမြန် ရယူသည်။ အရှင်ဟွေစုန်၏မူလစိတ်ဝိညာဉ်က တုန်ယင်ကာ ပိုမို ရူးသွပ်လာသည်။ ခဏအကြာတွင် ရူးသွပ်မှုက အထွတ်အထိပ် ရောက်ကာ သူသည် အော်ဟစ်လိုက်သည်။ သူ့ရင်ဘက်ပေါ်တွင် သွေးနီရောင်အကြောင်းများ ပေါ်လာကာ သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့၏။

ဝမ်လင်းက သူ့ညာလက်ကို ပြန်ရုတ်ကာ အရှင်ဟွေစုန်ကို လစ်လျူရှုလိုက်သည်။ သူက အရှင်ဟွေစုန်၏ သိုလှောင်နေရာလွတ်ထံ လက်လှမ်းကာ အရာအားလုံးကို ယူသည်။ သည်အခိုက်တွင် အရှင်ဟွေစုန်က ရူးသွားခဲ့ပေပြီ။

သူ့လက်နှစ်ဖက်ဖြင့် ခေါင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။ သူ့မျက်လုံးက သားရဲတစ်ကောင်၏ အကြည့်မျိုး ဖြစ်ပေါ်သည်။ ထို့နောက် သူက ကောင်းကင်ထက်သို့ လက်ညွှန်ကာ သူ့ခန္ဓာကိုယ်လည်း တုန်ယင်သွား၏။ သူ့ပါးစပ်ကနေ ဟိန်းအော်သံ ထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်သည် အလျင်အမြန် ခြောက်သွေ့လေသည်။ ခဏအကြာတွင် သူသည် ပျောက်ကွယ်ကာ သွေးပုတီးစေ့တစ်ခုအဖြစ်သို့ ပြောင်းသွားသည်။

ထိုပုတီးစေ့က သွေးနီရောင်အလင်းကို ပေး၍ ကောင်းကင်ထက်တွင် ခုနစ်ရောင်စုံအလင်းကို ဖုံးလွှမ်း၏။ လောကသည် မှိန်ဖျော့ကာ ထိုသွေးပုတီးစေ့က ကောင်းကင်ထက်သို့ တိုးဝင်သွားချေသည်။

ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သည်ခုနစ်ရောင်စုံလက်သည်းခွံကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်၏။ သူ့ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံ၍ သည် ခုနစ်ရောင်စုံလက်သည်းခွံက ရူးသွပ်သွားခိုက်တွင် လူတစ်ယောက်၏ အသက်ဓာတ်များကို စုပ်ယူသည်အား သိထား၏။ ထို့နောက် ရူးသွပ်ရင်း ထိုသူသည် သေဆုံးသွားပေလိမ့်မည်။

သို့ရာတွင် သေဆုံးသွားခိုက်တွင် ဤကဲ့သို့ သွေးပုတီးစေ့ ဖြစ်ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားမိခဲ့ပေ။

ကောင်းကင်ထက် တိုးဝင်သွားသည့် သွေးပုတီးစေ့ကိ ကြည့်ကာ တုံ့နှေးမနေဘဲ ဝမ်လင်းက ၎င်းထံ လိုက်၏။ သူက သွေးပုတီးစေ့နား ရောက်သွားပြီး ၎င်းကို ဖမ်းယူသည်။ သွေးပုတီးစေ့က စတင် ရုန်းကန်၏။ ၎င်းပုတီးစေ့အတွင်းမှ ပြင်းထန်သောအားတစ်ခုက ဝမ်လင်း၏ စိတ်ကိုပါ တုန်ယင်သွားစေပြီး သူ့အား လေဟာနယ်အတွင်း ဆွဲယူလာသည်။

ဝမ်လင်း၏အမူအရာ ပြောင်းလဲသွားသည်။ သို့သော် ထိုအခိုက်၌ အချိန်အတန်ကြာ မလှုပ်ရှားလာခဲ့သော ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ရုတ်တရက် သူ့မူလစိတ်ဝိညာဉ်ထဲတွင် သိပ်သည်းလာ၏။၎င်းက မြန်မြန်ဆန်ဆန် လှည့်ပတ်ကာ သူ့ဘက်လက်ထဲသို့ ဆန်းကြယ်သည့်စုပ်အားတစ်ခု ဝင်လာသည်။ သွေးပုတီးစေ့က တုန်ယင်ကာ ရုန်းကန်နေတာ ရပ်သွားသည်။ ၎င်းက ဝမ်လင်း၏ ညာလက်ထဲသို့ ကျရောက်သွားပြီး သူ့မူလစိတ်ဝိညာဉ်ထဲရှိ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲ ဝင်ရောက်သွားလေ၏။

ထို့နောက် ခုနစ်ရောင်စုံအလင်းက ဝမ်လင်း၏ညာလက်တွင် စုဝေးလာကာ လက်သည်းခွံအသွင် ပြန်ဖွဲ့တည်သည်။

ထိုထူးဆန်းသောမြင်ကွင်းက ဝမ်လင်း၏စိတ်ကို တုန်လှုပ်သွားစေသည်။ သို့သော် သူက တစွန်းတစပင် မဖော်ပြပေ။ သူက ခုနစ်ရောင်စုံလက်သည်းခွံကို ပြန်သိမ်းကာ သူ့အကြည့်မှာ ချန်ထျန်ကျွင်းထံ ကျရောက်သွားသည်။

ချန်ထျန်ကျွင်းက ဝမ်လင်း အရှင်ဟွေစုန်ကို သတ်ပစ်သည်အား ခုလေးမှ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုက်ရသူပင်။ ဝမ်လင်း လှမ်းကြည့်လာသည့်အခါ သူ့မျက်နှာက ဖြူရောသွားလေ၏။ သူက နောက်သို့ အလိုလို ဆုတ်မိကာ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်၍ ပြောသည်။

“အစ်ကိုလုရဲ့ စွမ်းအားက ကောင်းကင်ကိုပါ တုန်လှုပ်သွားစေနိုင်ပါတယ်။ အရှင်ဟွေစုန်ဟာ ငါတို့ကို ဒီနေရာရှိ ရက်ရက်စက်စက် ခေါ်လာခဲ့တဲ့သူပဲ။ ရောင်းရင်းကျင့်ကြံသူလု လက်ချက်နဲ့ သူ သေသွားတာ ကံကောင်းတယ်။ သေလည်း သေသင့်တယ်။ ရောင်းရင်းကျင့်ကြံသူ ဒီလိုသတ်ပစ်တာ သိပ်ကောင်းတယ်…”

ဝမ်လင်းက ချန်ထျန်ကျွင်းနား ရောက်လာ၏။ သူက လက်နှစ်ဖက်ဆုပ်ဟန် ပြုသည်။

ချန်ထျန်ကျွင်းက ဝမ်လင်းကို သတိထား၍ ကြည့်ကာ ဝမ်လင်း ဘာမှ မမေးခင် ကြိုရှင်းပြလာ၏။ “အစောပိုင်းတုန်းက ငါ ထွက်လာခဲ့တယ်။ ဒါပေမဲ့ ငါ စင်မြင့်နေရာကို ရောက်သွားတဲ့နောက် ငါဟာ ဒီခုနစ်ရောင်စုံနယ်မြေကနေ မထွက်နိုင်ဘူးဆိုတာ သိခဲ့ရတယ်။အဲ့ဒီနောက် ငါ သားရဲတစ်ကောင်နဲ့တွေ့ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရခဲ့တာ။ ဒါ့ကြောင့် နေရာတစ်ခုရှာပြီး ငါ ကုသနေခဲ့တာပါ…”

ဝမ်လင်းက တည်ငြိမ်စွာဖြင့် မေးသည်။ “အဆင့်ဆယ့်နှစ်သားရဲ တစ်ကောင်လက်ကနေ လွတ်ဖို့ ရောင်းရင်းကျင့်ကြံသူချန်အတွက် ဘယ်လွယ်ကူခဲ့ပါ့မလဲ…”

ချန်ထျန်ကျွင်းက စိတ်ပူပန်စွာ ပြော၏။ “ငါက သားရဲတွေအပေါ်မှာ တော်တော်လေး နားလည်တဲ့သူ တစ်ယောက်ပါ။ဒါ့ကြောင့်လည်း ငါ လွတ်ရုံဆိုလေး လွတ်လာခဲ့တာ…”

ဝမ်လင်းသည် သည်ချန်ထျန်ကျွင်းနှင့် ရန်ငြှိုးမရှိပေ။သူက သူ့ထံကနေလည်း တိုက်ခိုက်၍ ရတနာများ မလိုချင်ပေ။ သူက လက်နှစ်ဖက်ဆုပ်ကာ ထွက်သွားရန် ပြင်သည်။

“ရောင်းရင်းကျင့်ကြံသူလု…ခဏစောင့်ပါဦး။ ငါ မေးစရာလေး တစ်ခု ရှိလို့…”

ချန်ထျန်ကျွင်းက ဝမ်လင်းထွက်သွားတော့မည်ကို မြင်၍ အားတင်းပြီး မေးသည်။

“ဘာများလဲ…” ဝမ်လင်းက ချန်ထျန်ကျွင်းကို ကြည့်၏။

“ရောင်းရင်းကျင့်ကြံသူလု…အရှင်ဟွေစုန်ရဲ့ စိတ်ဝိညာဉ်ကို ရှာဖွေခဲ့တဲ့အချိန်မှာ သင်…သင် ဒီကထွက်ဖို့ နည်းလမ်းများ တွေ့ခဲ့လား…”

ချန်ထျန်ကျွင်းက ဝမ်လင်းကို စိတ်ပူပန်ဟန်ဖြင့် ကြည့်သည်။

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိတ်ပြ၏။

ချန်ထျန်ကျွင်းက စိတ်သက်သာရာ ရသွား၏။ သူက ပို၍လည်း လေးစားဟန် ဖြစ်ပေါ်သည်။ သူသည် ဝမ်လင်းထံ တလေးတစား ပြောသည်။ “ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါ…ရောင်းရင်းကျင့်ကြံသူလု။ သင် ငါ့ကို ဒီနေရာကနေ ထုတ်ပေးမယ်ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေတယ်…”

ဝမ်လင်းအကြည့်က ချန်ထျန်ကျွင်း၏ မျက်နှာပေါ် ကျရောက်သွားကာ သူ ခေါင်းယမ်း၏။ “ငါ အခု ထွက်သွားဖို့ အစီအစဉ် မရှိသေးဘူး…”

ချန်ထျန်ကျွင်းက တုံ့ဆိုင်းဆိုင်းဖြင့် ခပ်တိုးတိုး ပြောလာသည်။ “ပြဿနာမရှိပါဘူး။ ရောင်းရင်းကျင့်ကြံသူလု ထွက်သွားတဲ့အခါကျရင်သာ ငါ့ကို ခေါ်သွားပေးပါ။ အလျင်လိုစရာ မလိုပါဘူး။ သင် ငါ့ကို လုပ်ပေးစေချင်တာရှိရင်လည်း ပြောပါ…”

သူ့စကားအဆုံးသပ်သွားသည့်နောက် ချန်ထျန်ကျွင်းက ဝမ်လင်း၏အမူအရာသည် တည်ငြိမ်လျက် ရှိနေသည်ကိုသာ မြင်၏။ ဝမ်လင်း သဘောမတူမှာ ဆိုး၍ သူက ခပ်သွက်သွက် ထပ်ပြောလာ၏။ “ရောင်းရင်းကျင့်ကြံသူလု…သားရဲတွေအပေါ် ငါ့နားလည်မှုနဲ့ ငါ့တိုက်ပွဲသားရဲကလန်ရဲ့ မန္တာန်တွေနဲ့ဆိုရင် စွန့်စားပြီး မူလသလင်းကျောက်တွေ စုဆောင်းပေးနိုင်တယ်…”

ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်သည်။သူက ကျောက်စိမ်းပြားတစ်ခုကို ချန်ထျန်ကျွင်းထံ လှမ်းပေးသည်။

“မူလသလင်းကျောက်တွေ စုဆောင်းပြီးရင် သင် ငါ့ရှိ သတင်းပို့လိုက်…”

ထိုသို့ပြောပြီးနောက် ဝမ်လင်းသည် ချန်ထျန်ကျွင်းကို ဆက်ကြည့်မနေတော့ဘဲ ထွက်ခွာသွားသည်။

ချန်ထျန်ကျွင်းက ဝမ်လင်း ပျောက်ကွယ်သွားသည်ကို ကြည့်နေပြီး သူ သက်ပြင်းချမိ၏။ သူ မလိမ်ခဲ့ပေ။ သူ သည်နေရာကနေ အမှန်တကယ် ထွက်သွားချင်မိ၏။ မူလတုန်းက သူ့ထံ၌ အခွင့်အရေးမရှိတော့ဟု ထင်ထားမိခဲ့သည်။ သို့သော် အရှင်ဟွေစုန် သေသွားသည်ကို မြင်လိုက်ရပြီးနောက် သူက သည်နေရာက ထွက်ခွာနိုင်မည့် အခွင့်အရေးကို ဝမ်လင်း ဆုပ်ကိုင်ထားပြီးမှန်း သိလိုက်သည်။

“မူလသလင်းကျောက်တွေ ယူဆောင်တာဟာ အန္တရာယ်များလွန်းတယ်။ဒါ့ကြောင့် ငါ ကြိုပြင်ဆင်ဖို့ လိုတယ်…”

အသက်ဝဝရှုသွင်းပြီးနောက် သူက သူထွက်ခွာနိုင်မည့် မျှော်လင့်ချက် ရောင်ခြည်ဖြစ်သည့် ကျောက်စိမ်းပြားကို ခပ်တင်းတင်း ဆုပ်ကိုင်၏။ ထို့နောက် သူသည် သူ့လှိုဏ်ဂူထဲ ပြန်သွားသည်။

ဝမ်လင်းက တောင်ကြားထဲရှိ လှိုဏ်ဂူသို့ ပြန်လာကာ မူလသလင်းကျောက်များစွာကို ထုတ်ယူ၏။ သူက သူ့ဘေးပတ်လည်တွင် အတားအဆီးများစွာ နေရာချပြီး မူလစွမ်းအင်တို့ကို စုပ်ယူသည်။ မူလစွမ်းအင်များသည် အဘက်ဘက်ကနေ သူ့ထံ တရကြမ်း စီးဝင်လာပြီး သူ နိဗ္ဗာနသန့်စင်ခြင်းအလယ်အဆင့် ရောက်ရန် စတင် ကျင့်ကြံတော့သည်။

“ဒီနေရာဟာ အန္တရာယ်များပေမဲ့ ကျင့်ကြံဖို့ အကောင်းဆုံးနေရာပဲ။ အရှင်ဟွေစုန်ရဲ့ မှတ်ဉာဏ်တွေထဲက အတိုင်းဆိုရင် သူ့ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းဖို့ အသုံးပြုခဲ့တဲ့ ကျောက်ပြားတစ်ခု ရှိတယ်။ ဖြစ်နိုင်တာက ငါလည်း ဒီကျောက်ပြားကနေ စွမ်းအားအချို့ စုပ်ယူနိုင်လောက်တယ်။ ပြင်ပနယ်မြေကနေ ရောက်လာတဲ့ လူသုံးယောက်လည်း ရှိသေးတယ်။ သူတို့ရှိမှာ ပြင်ပနယ်မြေနဲ့ ပတ်သတ်လို့ ငါ လိုအပ်တဲ့ သတင်းအချက်အလက်နဲ့ စွမ်းအား ပိုင်ဆိုင်ထားမှာပဲ…”

“ဒါ့အပြင် အစိမ်းရောင်ဝတ်စုံနဲ့ အဘွားအိုရဲ့ သေခြင်းရှင်ခြင်းအတားအဆီးလည်း ရှိတယ်။ စစ်မာမိုရဲ့ အချိန်အတားအဆီးလည်း ရှိသေးတယ်…”

အဆုံးအဆမဲ့ကြယ်များအတွင်း၌ အလုံးစုံကောင်းကင်၊တောက်ပသောဟင်းလင်းပြင်၊ ဆင့်ခေါ်ခြင်းမြစ်၊ တိမ်ပင်လယ် ကြယ်အဖွဲ့အစည်းလေးခုထက် အဆများစွာ ပိုကြီးမားသည့် ကြယ်အဖွဲ့အစည်းတစ်ခု ရှိနေပေသည်။ ထိုကြယ်အဖွဲ့အစည်းလေးခု ပေါင်းလျှင်ပင် ၎င်းတို့သည် ထိုမျှကျယ်ပြောသည့် ကြယ်အဖွဲ့အစည်းနှင့် ယှဉ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

ထိုကြယ်အဖွဲ့အစည်းကို ချိပ်ပိတ်နယ်မြေမှ လူများက ပြင်ပနယ်မြေ၏ ဟုခေါ်တွင်၏။

ပြင်ပနယ်မြေမှ လူများကတော့ သည်ကြယ်အဖွဲ့အစည်းလေးခုကို ရှေးဦးကြယ်အဖွဲ့အစည်းဟု ခေါ်ကြ၏။

သည်ရှေးဦးကြယ်အဖွဲ့အစည်း၏ တားမြစ်နေရာတစ်ခုတွင် ဆန်းကြယ်သောနန်းတော်တစ်ခု ရှိလေသည်။ သည်နေရာတွင် မည်သည့်သက်ရှိမှ ရှိပုံအပေါ်ဘဲ နန်းတော်အတွင်း၌ ခုနစ်ရောင်စုံအလင်းတို့သာ လွင့်မြောတည်ရှိသည်။ ထိုအလင်းတစ်ခုစီ၏အတွင်း၌ ရေးထွင်းထားသည့် အမည်ကျောက်စိမ်းပြားတစ်ခုစီ ရှိကြသည်။

ချင်းရွှေ၊ရှေ့ဖြစ်ဟောသူ၊အရှင်ကျုံးရွှမ်၊ တာအိုပညာရှင်ရေ၊ စစ်မာမို၊အရှင်ဟွေစုန်။

သည်အခိုက်တွင် အရှင်ဟွေစုန်၏ နာမည် ရေးထွင်းထားသည့် ကျောက်စိမ်းပြားက မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပျက်စီးပြီး နန်းတော်အတွင်း သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။ ထိုသက်ပြင်းသံ ပေါ်လာသည်နှင့် အချိန်ဟာ ပြောင်းပြန်စီးဆင်းပြီး ကျောက်စိမ်းပြားသည် ဘာမှ မဖြစ်သကဲ့သို့ ပြန်လည်ဖြစ်တည်သည်။

သို့သော်ငြား ထိုကျောက်စိမ်းပြားပေါ်ရှိ နာမည်ကတော့ အရှင်ဟွေစုန်အစား ဝမ်လင်း ဟူ၍ ပြောင်းလဲသွားခဲ့ပေပြီ။

“တာအိုမျိုးစေ့ကုန်းမြေမှာ မကြာခင် တာအိုစိတ်ဝိညာဉ် ဖြစ်တည်လာလိမ့်မယ်။ ဒီလူရဲ့ စိတ်ဝိညာဉ်ဟာ အောင်မြင်တဲ့တာအို ဖြစ်လာမလား အသုံးပြုကြည့်တာပေါ့…”

နန်းတော်အတွင်းကနေ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်၏။ ထိုအသံက သူ့ကိုယ်သူ ပြောနေသည့်အလား၊ သို့တည်းမဟုတ် ကြယ်များကြား ဖြတ်သန်းသွားသလား။

ဝမ်လင်း၏စိတ် ဖြတ်သန်းလာခဲ့သော နေရာတွင် တောင်တစ်လုံး ထီးတည်းတည်ရှိ၏။ထိုနေရာမှာ ခုနစ်ရောင်စုံနယ်မြေ၏ အတွင်းပိုင်း ဖြစ်သည်။ ဤနေရာတွင် ဆံဖြူအဘိုးအိုတစ်ယောက် ထိုင်နေသည်။သူ့နောက်တွင် လှိုဏ်ဂူတစ်ခု ရှိလေ၏။ ထိုလှိုဏ်ဂူထဲကနေ ခုနစ်ရောင်စုံအလင်းတို့ ထွက်ပေါ်နေကာ ယင်းအလင်းတို့အတွင်းကနေ ငြီးသံများစွာ ဖြည်းဖြည်းချင်း ထွက်ပေါ်နေသည်။

ထိုအဘိုးအိုက ရုတ်တရက် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက တိတ်တဆိတ် ခေါင်းညိတ်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset