Switch Mode

အပိုင်း (၁၂၅၂)

တာအိုပြန့်ကြဲခြင်း

တာအို…တာအိုဆိုတာ ဘာလဲ…။

ဝမ်လင်း၏ သေခြင်းရှင်ခြင်းစက်ဝန်း၊အမှန်နှင့်အမှားနယ်ပယ်တို့မှာ သူကိုယ်တိုင် နားလည်သဘောပေါက်ခဲ့သော တာအိုများ ဖြစ်ကြ၏။ သို့တည်းမဟုတ် သူ့အတွေး ပြောင်းလဲမှုများ ဖြစ်ကြသည်။ အမည်မသိ မထင်မရှား ကျင့်ကြံသူအဖြစ်ကနေ အခုထိ ရောက်လာခဲ့ကာ သူသည် သန်မာမှုများကြား မားမားရပ်နိုင်ခဲ့သည်။ ထိုပြောင်းလဲမှုအားလုံးက သူ့ဘဝအတွေ့အကြုံများအရ ဖွံ့ဖြိုးလာခဲ့ခြင်းပင်။

သေခြင်းရှင်ခြင်းပြန်လည်မွေးဖွားခြင်း စက်ဝန်းကနေ သူသည် သေခြင်းနှင့်ရှင်ခြင်းတို့ကို ဖြတ်မြင်နိုင်ခဲ့ကာ သူ့ဘဝ သေရေးရှင်ရေးတို့ကို ဖြတ်ကျော် ရုန်းကန်ပြီး သေခြင်းထဲမှ ရှင်သန်ခြင်းကို ရှာတွေ့ခဲ့ပေသည်။ ထိုအဖြစ်ကပင် သူ့စိတ်နှလုံးထဲတွင် ဖိဆန်သည့်စိတ်ဆန္ဒကို ပေါ်လာစေကာ သူသည် ကောင်းကင်ဘုံကို ဖိဆန်မည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာဝံ့ခဲ့သည်။

ကြယ်များကို ခွဲခြမ်းပစ်ခြင်း၊ လကို ထက်ပိုင်းခြမ်းခြင်း၊ ကောင်းကင်နှင့်မြေကြီးကို အပေါ်စီးကနေ ကြည့်ခြင်းတို့မှာ ကောင်းကင်ဘုံကိုဖိဆန်သည့် ကျင့်ကြံသူတစ်ယောက် လျှောက်သည့်လမ်း ဖြစ်၏။ သူက သေခြင်းရှင်ခြင်းတို့ကို တွေ့မြင်ခဲ့ပြီး ဖြစ်ရာ မည်သည့််အရာကိုမျှ ကြောက်နေတော့မည် မဟုတ်ပေ။ ဤအတွေးများကား သေခြင်းရှင်ခြင်းနယ်ပယ်ကနေ တစ်ဆင့် ဝမ်လင်း ပိုင်ဆိုင်လာခဲ့ခြင်းတည်း။

သူက သန်မာလာခဲ့သည်မှာ သူ့စိတ်ဆန္ဒအဟုန်ကြောင့်သာ ဖြစ်သည်။ သို့ရာတွင် ကောင်းကင်ဘုံက ရက်စက်၏။ ၎င်းကို နာခံရန် အတင်းအကြပ် ရှိစေ၏။ ၎င်းသည် လူတိုင်းအတွက် ဉာဏ်အလင်းရရန် မရေမတွက်နိုင်သောတာအိုများ၊ စိတ်ဆန္ဒများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။သည်တာအိုများ၊စိတ်ဆန္ဒများသည် ကောင်းကင်ဘုံက သက်ရှိဖြစ်တည်မှုများအားလုံးကို လက်ဆောင်အဖြစ် ပေးကာ ကျင့်ကြံနိုင်ခွင့် ရစေသည်ဟုပါ ဆိုလို၏။ ထိုအတွက်ကြောင့်ပင် ကောင်းကင်ဘုံ၏နောက်သို့ လိုက်ပါက ကျင့်ကြံခြင်းလမ်းသည် ချောမွတ်နိုင်ပေမည်။

ဝမ်လင်းကမူ သည်လွယ်ကူသည့် လမ်းကြောင်းထဲသို့ မဝင်ရောက်ခဲ့၊မလှမ်းခဲ့ပေ။

သေခြင်းရှင်ခြင်းပြီးနောက် ကံကြမ္မာနယ်ပယ် ဖြစ်၏။ ဝမ်လင်း၏ နယ်ပယ်က ဆင့်ကဲဖြစ်စဉ်ကြုံရပြီးနောက် သူသည် သေမျိုးများကြား ပညာရှိတစ်ယောက်ကဲ့သို့ ပုံစံမျိုး ဖြစ်လာခဲ့သည်။ သူက သေခြင်းတရား၊ရှင်သန်ခြင်းတို့နှင့် ပတ်သတ်၍ အလေးစိုက်ခြင်း မရှိတော့၊ သို့သော် သူက လောက၏ အမှန်ဆိုသည့် အဓိပ္ပာယ်ကိုတော့ ရှာဖွေခဲ့တော့သည်။

သူက ကံကြမ္မာအကြောင်းရင်းကို ဖြတ်မြင်၍ ကံကြမ္မာအကျိုးကို ဖမ်းစုပ်နိုင်ခဲ့သည်။ ဤလောကရှိ အရာရာတိုင်းက ကိုယ်ပိုင်ကံကြမ္မာတရားများ ရှိကြသည် မဟုတ်လော။ ကံကြမ္မာနောက်ကို လိုက်လံမှု ပြီးပြည့်စုံသည့်နောက် ဝမ်လင်း၏ရှင်ခြင်းက အထွတ်အထိပ် ရောက်လာခဲ့သည်။ သူ့စိတ်မှာ ဆင့်ကဲတိုးတက်လာရင်း သူ့တာအိုနှလုံးသားမှာ သာ၍ ခိုင်မြဲလာ၏။ သူက ကံကြမ္မာစက်ဝန်းကို ဖြတ်မြင်လျက် သူ့တာအိုနှလုံးသည် ပို၍ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာခဲ့တော့သည်။ သူ့အမြင်တွင် လောကသည် ခြားနားလာခဲ့ပေပြီ။

“အများအမြင် ကောင်းကင်ဘုံတွေဟာ ငါ့ ကောင်းကင်ဘုံမဟုတ်ဘူး…”

အခြားသူများ၏ အမြင်တွင် ကောင်းကင်နှင့်မြေကြီးသည် အဆုံးမဲ့ကာ ဘယ်နေရာတွင် အဆုံးသပ်မှန်း မသိနိုင်ကြပေ။ ဝမ်လင်း၏အမြင်တွင်တော့ ကောင်းကင်နှင့်မြေကြီး၏ အဆုံးသပ်ကား အရေးမပါတော့ချေ။ လောကသည် ကံကြမ္မာစက်ဝန်းတစ်ခုသာ ဖြစ်၏။ သူက ထိုကံကြမ္မာစက်ဝန်းထဲကနေ လှမ်းထွက်လိုပြီး သည်လောက၏ အပြင်ဘက်တွင် ဘာရှိသနည်းကို သိလိုပေသည်။

ထိုအဆင့်သို့ ရောက်လာသည့်နောက် ဝမ်လင်း၏ နယ်ပယ်မှာ အကန့်အသတ် ရောက်လာခဲ့၏။ သူလည်း လီချန်မေနှင့်လုယန်ကုံးတို့ကဲ့သို့ သည်စက်ဝန်းထဲ ပြန်ပိတ်မိခဲ့ရလေ၏။

သို့ရာတွင် ကောင်းကင်ဘုံအင်ပါယာချင်းလင်ကြောင့်နှင့် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ပိုင်ဆိုင်ထားမှုက ဝမ်လင်း၏ ကံကြမ္မာနယ်ပယ်ကို ပြီးပြည့်စုံခြင်းအဆင့် ရောက်ပြီးမှ နောက်ထပ်ဆင့်ကဲတိုးတက်မှုကို ဖြစ်စေခဲ့လေသည်။ သူ့နယ်ပယ်က ဖွံ့ဖြိုးလာခဲ့ကာ သူသည် အမှန်နှင့်အမှားတို့၏ ဇစ်မြစ်ကို စတင် ရှာဖွေခဲ့တော့၏။

အမှန်နှင့်အမှားနယ်ပယ်သည် နက်နက်ရှိုင်းရှိုင်း ဉာဏ်အလင်းတစ်ခု ဖြစ်၏။ သာမန်သူများသည် ထိုနယ်ပယ်ကို ဖမ်းဆုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သည်နယ်ပယ်က ကောင်းကင်ဘုံတာအို၏ အကန့်အသတ်ကို ရောက်နှင့်နေပြီး ဖြစ်ကာ မူလဘူတသို့ ရောက်ဖို့အတွက် ခြေတစ်လှမ်းမျှသာ လိုတော့ပေသည်။

မရေမတွက်နိုင်သော နှစ်များစွာ ကုန်လွန်လာခဲ့ပြီးသော်မှ မည်သည့်ကျင့်ကြံသူမျှ ဤအဆင့်ကို မရောက်နိုင်ခဲ့ဟု ဆိုနိုင်သည်။ ရောက်ခဲ့သည်ဆိုလျှင်ပင် အလွန့်အလွန် နည်းပါး ပေလိမ့်မည်။ နယ်ပယ်သည် လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို ဆုံးဖြတ်ပေးနိုင်သည်။ နယ်ပယ်နက်ရှိုင်းမှုက လူတစ်ယောက်၏ စွမ်းအား ကွာခြားမှုကို တိုက်ရိုက် ဆောင်ကြဉ်းပေးလေ၏။

ဝမ်လင်း ရှာဖွေနေသည်က မဟာတာအို ဖြစ်၏။ ၎င်းသည် လူတိုင်းနှင့် တူသည်ဟု ထင်ရသော်လည်း တာအိုအပေါ် သူ့နားလည်မှုကြောင့် သူ မြင်ရသည့်လမ်းကား အခြားသူများ၏ ပန်းတိုင်များထက် သာလွန်နေပေ၏။

အဆင့်ဆယ့်တစ် ဆေးလုံးသုံးလုံးကနေ ဖြစ်ပေါ်လာခဲ့သည့် ရွှေရောင်အရည်များကို ဝမ်လင်းက သုံးစွဲခဲ့၏။ သူ့နားလည်မှုဉာဏ်အလင်းက ရပ်တန့်မည့်ပုံ မပေါ်သေး၊ ဆက်လက်ခရီးဆက်နေသည်။ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်ရာ ဆေးပုလင်းများစွာ ပျံသန်းထွက်လာ၏။ ၎င်းပုလင်းများထဲတွင် အဆင့်ရှစ်၊ကိုး၊တစ်ဆယ် ဆေးလုံးများ ပါဝင်ကြသည်။

သူက အချိန်ကို မေ့နေ၏။ သူ ဉာဏ်အလင်းဆင်ခြင်နေစဉ်အတွင်း ဆေးလုံးများကို တစ်လုံးပြီးတစ်လုံး ထုတ်ယူသည်။ သူက ၎င်းတို့ကို မဝါးမြိုပေ။ သည်ဆေးလုံးများ သူ့ပါးစပ်နား ရောက်လာသည်နှင့် ပျက်စီးကုန်၏။ ထိုအခါ သားရဲစိတ်ဝိညာဉ်များထံမှ မရေမတွက်နိုင်သော တာအိုဆန္ဒများသည် ဝဲကတော့နှင့်အတူ ပေါင်းစပ်၍ ဝမ်လင်းက ၎င်းဆန္ဒများဖြင့်သူ့တာအို ခိုင်မြဲအောင် ပြုလုပ်သည်။

ပိုပိုများပြားသည့် ဗရမ်းဗတာတာအိုဆန္ဒများ ပေါ်လာကာ နောက်တစ်ကြိမ် စတင် ပျံ့နှံ့လာတော့၏။

တောင်ကြားအပြင်ဘက်ရှိ အသိမဲ့သူများသည် သူတို့၏ စိတ်ရှုပ်ထွေးနေဟန် မျက်လုံးများထဲ၌ တဖြည်းဖြည်း ကြည်လင်မှု အရိပ်အယောင် ရရှိလာကြသည်။ ဉာဏ်အလင်းရသူများ၏ ဒြပ်မဲ့ခန္ဓာကိုယ်များမှာလည်း အထည်ဒြပ်အဖြစ် စတင် ပြောင်းလဲလာသည်။အဆင့်ဆယ့်နှစ်သားရဲများသည်လည်း တာအိုကို ရှာဖွေနေကြရင်း ကြမ်းကြုတ်သည့်အော်ရာများ ဆက်ရှိမနေတော့ပေ။

အရှင်ဟွေစုန်က သူ့စိတ်ကိုယ်သူ ကာကွယ်ရန် ရုန်းကန်နေရ၏။ ပိုပိုများပြားသည့် တာအိုဆန္ဒများသည် တောင်ကြားအပြင်ဘက်တွင် ပေါ်လာသည်။

ခုနစ်ရောင်စုံနယ်မြေတစ်ခုလုံးသည် ဝမ်လင်း စွန့်ပစ်သည့် တာအိုဆန္ဒများနှင့် ပြည့်နှက်လာသလား ထင်မှတ်ရသည်။ မရေမတွက်နိုင်သော တာအိုဆန္ဒများ တစ်ခုနှင့်တစ်ခု ထိတိုက်မိကြသည့်အလား။

၎င်းတာအိုဆန္ဒများ ပျံ့နှံ့နေလျက် ခုနစ်ရောင်စုံနယ်မြေ၏ အတွင်းနက်ပိုင်းတွင်လည်း ထို့အတူသာပင်။

ဝမ်လင်းက ဉာဏ်အလင်း ဆက်တိုက် ရလာကာ သူ့စိတ်သည် တဖြည်းဖြည်းချင်း ခန္ဓာကိုယ်ထဲကနေ ပျံသန်းထွက်လာ၏။ သူက တောင်ကြားကို မြင်သည်။ တောင်ကြားအတွင်း၌ ထိုင်နေသော သူ့ကိုယ်သူ မြင်သည်။ သူ့ရှေ့ရှိ ဆေးလုံးများစွာ တစ်လုံးပြီးတစ်လုံး ပျက်စီးနေသည်ကို မြင်သည်။

သူ့စိတ်က တောင်ကြားကို ဗဟိုပြု၍ ဖြည်းဖြည်းချင်း ပျံ့နှံ့၏။ သူ့စိတ် ဉာဏ်အလင်းရသူများကို ဖြတ်သန်းသွားချိန်၌ ထိုသူတို့၏ခန္ဓာကိုယ်များပါ တုန်ယင်သွားကြသည်။

အသိမဲ့သူများနှင့် ကြမ်းကြုတ်သောသားရဲများလည်း ထိုနည်းတူပင်။ အရှင်ဟွေစုန်၏ တာအိုနှလုံးသားက ရုတ်တရက် ပျက်စီးကာ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးမှုတို့ ပြည့်လာသည်။

ထိုအရာများအားလုံးက ဝမ်လင်း၏ စိတ်ဝင်စားမှုကို မဖမ်းစားနိုင်ချေ။ သူ့စိတ်က ဆက်လက် ပျံ့နှံ့လာကာ သည်ခုနစ်ရောင်စုံနယ်မြေ၏ ပြင်ပဒေသရှိ တောင်တစ်လုံးအတွင်း လှိုဏ်ဂူထဲ၌ ထိုင်နေသော ဗလတောင့်တောင့်နှင့်လူ(ချန်ထျန်ကျွင်း) ကိုလည်း မြင်၏။ ထိုသူက ရှေ့တည့်တည့်ကို ကြည့်ကာ သူ့မျက်ဝန်းထဲတွင် ထိတ်လန့်မှု ပေါ်နေ၏။ သူက သူ့ပါးစပ်ကို ဟ၏။ သို့သော် စကားတစ်ခွန်းပင် ထွက်လာနိုင်စွမ်းမဲ့၏။

ဝမ်လင်း၏စိတ် ထွက်ခွာသွားပြီးနောက်မှာပင် ထိုသူသည် တုန်လှုပ်မှုကနေ ပြန်မကောင်းမွန်လာသေးပေ။

ဝမ်လင်း၏ စိတ်က အပြင်ဘက်နယ်မြေတစ်ခုလုံးတွင် လှည့်လည်သွားနေသည်။ သူ့စိတ်က အရင် သူ ဦးတည်သွားခဲ့သည့် နံရံနှင့်တူသည့် တောင်တန်းများအားလုံးကို ဖြတ်သန်းလာ၏။သူက သေခြင်းရှင်ခြင်းအတားအဆီးနှင့် ပေါင်းစပ်နေသည့် ပျက်သုဉ်းခြင်းအတားအဆီး ရှိနေသော နေရာကိုလည်း မြင်သည်။

သူက ထိုနေရာတွင် ထိုင်နေသော အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို ထိုင်၍ ကျင့်ကြံလျက် ရှိနေသည်ကိုလည်း မြင်၏။ သူမ၏တာအိုနှလုံးသားက ရှုပ်ထွေးလာကာ မထင်မှတ်စွာဖြင့် ပိုင်းခြားထွက်မည့် အရိပ်အယောင်များ ပြလာ၏။ သူမ၏ပုံပန်းသွင်ပြင်က အလျင်အမြန် ပြောင်းနေ၏။ ရံဖန်ရံခါ သူမသည် အိုမင်းသွားလိုက်၊ တစ်ခါတစ်ရံ သူမသည် ရှေးကျသွားလိုက်၊ တစ်ခါတစ်ရံ သူမသည် သက်လတ်ပိုင်းအရွယ် ရောက်သွားလိုက် ဖြစ်နေသည်။

ထိုအဘွားအိုသည်လည်း ဝမ်လင်း၏ စိတ်ကို မရပ်တန့်စေပေ။ သူက မြူများဖုံးနေသော တောင်ရှိရာ ဆက်သွားသည်။ မြူများကလည်း သူ့ကို မတားဆီးနိုင်။ မြူများအတွင်း၌ သူသည် အတားအဆီးများ ဝန်းရံနေသော တောင်နှစ်လုံးကိုလည်း မြင်၏။

အချိန်အတားအဆီးသည်လည်း ဝမ်လင်း၏စိတ်ကို မဟန့်တားနိုင်ပေ။ ပထမဆုံးတောင်တွင် ကျောက်ပြားတစ်ခုကလွဲ၍ ဘာမှ ရှိမနေချေ။ ထိုကျောက်ပြားပေါ်တွင်လည်း မည်သည့်အရာမှ ရှိမနေဘဲ ရှေးဟောင်းအော်ရာတစ်ခုကိုသာ ပေးစွမ်းနေ၏။

သို့ရာတွင် ဝမ်လင်း၏အမြင်၌ ရှေးဟောင်းအော်ရာက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ကျောက်ပြားတစ်ခုလုံးက ရတနာတစ်ခုနှင့်ပင် အလားသဏ္ဌာန်တူ လေသည်။

ဝမ်လင်း၏စိတ်က ဆက်လက် ပျံ့နှံ့လာရင်း သူက အချိန်အတားအဆီးနှင့် ကာကွယ်ထားသည့် ဒုတိယတောင်ဆီ ရောက်လာ၏။ ထိုနေရာတွင် သူက မိုးထိမြင့်များသည့် ရုပ်တုကြီးတစ်ခု၊ တောင်တစ်ဝက်ရှိ ကျောက်တံခါးကိုလည်း မြင်၏။ ထိုဂိတ်တံခါးပေါ်တွင် လျှပ်စီးအမှတ်အသားတစ်ခု ရှိလေသည်။

သူ့စိတ်က ကျောက်တံခါးကို ဖြတ်လာရာ သူက ခုနစ်ရောင်စုံအလင်းတောက်ပသည့် အလုံးများကို မြင်၏။ ၎င်းတို့အတွင်း၌ အဆင့်ခုနစ်ကနေ အဆင့်ဆယ့်သုံးထိ သားရဲစိတ်ဝိညာဉ်များကို ချိပ်ပိတ်ထားသည်။

ထိုလှိုဏ်ဂူအတွင်း၌ အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုနှင့် ရုပ်ချင်းတူသည့် အမျိုးသမီးငယ်တစ်ယောက် ရှိနေသည်ကိုလည်း မြင်၏။ သူမ၏ မျက်နှာက နီမြန်း၍ သေလုမြောပါး ဖြစ်နေဟန် တူ၏။ သို့သော် သူမ၏ခန္ဓာကိုယ်က တုန်ယင်နေသည်။

ဝမ်လင်းက တောင်ထိပ်ရှိ လျှို့ဝှက်နေရာကိုလည်း မြင်၏။ ထိုနေရာရှိ ကျောက်ပြားကို သူက ထပ်မံ တွေ့မြင်ရပြန်သည်။ သူက ထိုကျောက်ပြားကို မှီ၍ ရှိနေသော ခုနစ်ရောင်စုံလက်သည်းခွံနှစ်ခု စိုက်နေသော အရိုးစုကိုလည်း မြင်သည်။

သည်အခိုက်၌ သူ့စိတ်က ထိုအရိုးစု၏ စွဲဆောင်ခြင်းကို ခံရကာ သည်အရိုးစုပေါ်ရှိ မရေမတွက်နိုင်သော စာလုံးများ ပေါ်သို့ ကျရောက်သွားသည်။

ဝမ်လင်း စိတ်ထဲတွင် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား။ မူလက တည်ငြိမ်နေသော သူ့စိတ်သည် ချက်ခြင်း ပုံပျက်သွား၏။ သူ့စိတ်က အရိုးစုပေါ်တွင် စုဝေးကာ စာလုံးများ သူ့စိတ်နှလုံးထဲ ရေးထွင်းလေသည်။ သည်စာလုံးများက ဝမ်လင်းစိတ်ထဲတွင် ပဲ့တင်ထပ်ခဲ့သော စာလုံးများနှင့် ချွတ်ဆွတ်တူသည်။

“ကျင့်ကြံခြင်းလမ်းကို စောင့်နေလျက်…”

ဝမ်လင်း၏ စိတ်က အချိန်မည်မျှ ကြာအောင် လှုပ်ခါသွားမှန်း မသိပြီးနောက် သည်နေရာကနေ စိတ်ရှုပ်ထွေးစွာ ပြန်ထွက်လာခဲ့သည်။ သူက မြူများဖုံးအုပ်နေသော နေရာ အတွင်းပိုင်းသို့ ဆက်သွား၏။ ပထမဆုံးအကြိမ်အဖြစ် သူသည် ဤခုနစ်ရောင်စုံနယ်မြေ၏ အတွင်းနက်ပိုင်းထဲ ဝင်လာခဲ့ခြင်းပင်။

သည်နေရာတွင်လည်း မြူများ ရှိ၏။ သာ၍ပင် သိပ်သည်းနေသေး၏။ သို့ရာတွင် ထိုမြူများကလည်း ဝမ်လင်းစိတ်ကို မရပ်တန့်သွားစေပေ။ သူက ထူးဆန်းသောဝတ်စုံများဖြင့် လူငယ်သုံးယောက်ကိုလည်း မြင်သည်။ လခြမ်းကွေးအမှတ်အသားနှင့် လူငယ်ကိုတော့ သူ အရင်က တွေ့မြင်ခဲ့ဖူး၏။

လျှပ်စီးအမှတ်အသားနှင့် လူငယ်က ခပ်တိုးတိုး ပြော၏။ “ဒီနေရာက အရမ်း ဆန်းကြယ်တာပဲ။ပိုပြီး ထူးဆန်းတာက ငါဟာ လျင်မြန်သောမိုးကြိုးကလန်ရဲ့ ဘိုးဘေးရဲ့အော်ရာကို ခံစားမိနေတာ…”

မျက်ခုံးနှစ်ခုကြားရှိ မီးတောက်အမှတ်အသားနှင့် လူငယ်ကလည်း သူ့နားသယ်စကို ပွတ်နေ၏။ သူ့အသွင်က သုန်မှုန်နေလျက် ခပ်တိုးတိုး ပြောလာသည်။ “ဒါ တကယ့်ကို ထူးဆန်းတယ်။ ဒီနေရာကို ဝင်လာတဲ့နောက် ငါ့ စိတ်ထဲမှာ တစ်ခုခုက ခေါ်နေသလို ခံစား ရတယ်။ဒါ့ပြင် ငါ့ဘိုးဘေးအမှတ်အသားဟာ ငါ့ခန္ဓာကိုယ်ကနေ ထွက်ခွာတော့မလို ခံစားနေရတယ်…”

လခြမ်းကွေးအမှတ်အသားနှင့် လူငယ်က သူ့ဘေးပတ်လည်ကို သတိကြီးစွာ ကြည့်၏။ သူ့မျက်လုံးက တလက်လက် ဖြစ်နေသည်။ သူက တစ်ခုခု ပြောရန် ပြင်လိုက်စဉ် သူ့အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။

ဝမ်လင်း၏စိတ်က ထိုလူငယ်သုံးယောက်ကို ဖြတ်ကျော်သွားသည်။သည်အခိုက်၌ မျက်ခုံးနှစ်ခုကြားရှိ လျှပ်စီးအမှတ်အသားနှင့်လူငယ်သည် လျှပ်စီးတန်းတစ်ခု သူ့အပေါ် ပစ်ချလာသည့်အလား။ သူ့ လျှပ်စီးအမှတ်အသားက အပြင်းအထန် လင်းလက်ကုန်၏။

လခြမ်းကွေးအမှတ်အသားနှင့်လူငယ်ကလည်း တစ်ခုခုကို တွေးမိသည့်အလား တုန်ယင်မိ၏။ သို့သော် သူက မသေချာပေ။ သူ့မျက်နှာသည် ဖြူရောသွားပြီး စိတ်ထဲတွင် ဗြောင်းဆန်နေချေသည်။

တုန်လှုပ်အသွားဆုံးလူက မီးတောက်အမှတ်အသားနှင့် လူငယ်ပင်။ ဝမ်လင်း၏စိတ် ဖြတ်သန်းသွားချိန်၌ သူက သူ့ခန္ဓာကိုယ်ထဲရှိ ခွန်အားအားလုံး ဆုံးရှုံးသွားသည့်အလား ခံစားလိုက်ရသည်။ ဖော်ပြနိုင်စွမ်းမဲ့လောက်သည့် ကြောက်ရွှံ့မှုက သူ့ခန္ဓာကိုယ်အနှံ့တွင် တိုက်စားလာ၏။ မီးတောက်အမှတ်အသားသည်လည်း သူ့ခန္ဓာကိုယ်ကို ပြာအဖြစ် လောင်ကျွမ်းပစ်လိုသည့်အလား စတင် တောက်ပလာပေပြီ။

ကံကောင်းစွာဖြင့် ထိုခံစားချက်က တိုတောင်းလွန်းခြင်းပင်။ ဝမ်လင်း၏စိတ် ဖြတ်သန်းသွားသည့်နောက် ထိုနာကျင်မှုကလည်း ပျောက်ကွယ်သွားခဲ့၏။

အချိန်အတန်ကြာပြီးမှ သူတို့သုံးယောက်သည် တစ်ယောက်နှင့်ကြည့်မိကြသည်။ သူတို့၏မျက်လုံးများထဲတွင် ကြောက်လန့်မှုတို့ ရှိနေကြသည်။

“ဘယ်လောက် အစွမ်းထက်လိုက်တဲ့ စိတ်လဲ…” လျှပ်စီးအမှတ်အသားနှင့် လူငယ်က ပင့်သက်ရှိုက်မိလေ၏။

“ဒါက ငါတို့ စာကလေးမီး ကလန်က ဘိုးဘေးပဲ ဖြစ်ရမယ်။ ခုနက စိတ်ဟာ ငါ့တို့ကလန်ရဲ့ ဘိုးဘေးတွေထဲက တစ်ယောက်ရဲ့ စိတ် ဖြစ်လိမ့်မယ်။ မဟုတ်ရင် ငါ့အမှတ်အသားက ဘာလို့ ခုလိုမျိုး တုန့်ပြရသလဲ…”

ထိုမီးတောက်အမှတ်အသားနှင့်လူငယ်၏ ဟန်ပန်က ဖြူရောနေ၏။ သို့သော် သူ့မျက်လုံးတို့က လောဘဖြင့် ပြည့်နှက်သည်။

လခြမ်းကွေးအမှတ်အသားနှင့်လူငယ်ကတော့ ငြိမ်သက်နေသည်။ သူ စဉ်းစားနေ၏။ သူ့မျက်လုံးထဲတွင် ဖုန်းကွယ်ထားသည့် ကြောက်ရွှံ့မှု ရှိ၏။ ဝမ်လင်း၏စိတ် ဖြတ်သန်းသွားခိုက် သူ မေ့ပစ်ထားသည့် အိပ်မက်ဆိုးမြင်ကွင်းတစ်ခုကို ပြန်စဉ်းစားမိသွားသည်။

“သူ ဖြစ်နေမလား…။ဖဖြစ်နိုင်လောက်ပါဘူးလေ…။ သူက ဒီနေရာမှာ ဘယ်လိုလုပ် ပေါ်လာပါ့မလဲ…”

“မီးတောက်အမှတ်အသားနှင့်လူငယ်က နှုတ်ခမ်းသပ်ကာ ဖြည်းဖြည်းချင်း ပြောသည်။ ဒီလူရဲ့ စိတ်ဟာ သန်မာပေမဲ့လည်း ငါတို့သုံးယောက်သာ ချိပ်ပိတ်မှုကို ဖွင့်နိုင်ခဲ့ရင် ငါတို့မှာ အခွင့်အရေးတစ်ခု ရှိနေတုန်းပဲ။ သင်တို့နှစ်ယောက်က ငါ့ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset