Switch Mode

အပိုင်း (၁၂၅၁)

တာအိုရှာဖွေခြင်း…

ခုနစ်ရောင်စုံနယ်မြေကို လူသုံးယောက် ရောက်လာချိန်၌ အရှင်ဟွေစုန် ဘေးပတ်လည်ရှိ ခုနစ်ရောင်စုံမြူများသည် တဖြည်းဖြည်း နီးကပ်လာပြီး သူ့မူလစိတ်ဝိညာဉ်ကို လုံးဝ ထွေးခြုံသွားသည်။

ရုပ်တုထံမှ အဖြူရောင်လျှပ်စီးတန်းတို့ ထွက်လာကာ ခုနစ်ရောင်စုံမြူထဲသို့ တိုးဝင်၍ သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစည်းသွားသည်။

အရှင်ဟွေစုန်၏ခန္ဓာကိုယ်သည် မထင်မှတ်စွာဖြင့် ပြန်လည်ဖွဲ့စည်းလာသည်။ သူ့ခန္ဓာကိုယ်ကနေ လျှပ်စီးတို့ တဖျတ်ဖျတ် လင်းလက်ခြင်းကို ပေးသည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် ခပ်ဖျော့ဖျော့ လျှပ်စီးအမှတ်အသား ပေါ်လာ၏။

ရုတ်တရက် သူက မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးတို့မှာ သုန်မှုန်နေသည်။

“သူက ဒီအဘိုးအိုကို ဒီလိုလုပ်ရဖို့အထိ အတင်းအားတွန်းပေးခဲ့တယ်။ ငါ ပြန်လာစားမချေနိုင်ရင် ငါ လူ မဟုတ်တော့ဘူး…” သူက ရှေ့သို့ ခုန်ထွက်ကာ လျှပ်စီးတန်းအဖြစ်သို့ ပြောင်း၍ ရှေ့တည့်တည့်သို့ ထွက်သွားသည်။သူက မြူများကြား ဖြတ်သန်း၍ တောင်များထံ ဦးတည် ပျံသန်းသည်။

“ဒီ လုဆိုတဲ့ ကျင့်ကြံသူက ငါ့ခုနစ်ရောင်စုံလက်သည်းနဲ့ ဒဏ်ရာ ရသွားခဲ့ပြီ။ သူ မသေဘူးဆိုရင်တောင် သေလုမြောပါးတော့ ဖြစ်နေလောက်ပြီ။ သူ ဘယ်မှာ ပုန်းနေလဲ ငါ မသိဘူး…။ဒါပေမဲ့ ကိစ္စတော့ မရှိဘူး။ ငါ သိချင်ရင် သူ့ကို လွယ်လွယ်လေး ရှာနိုင်တယ်…”

အရှင်ဟွေစုန်က နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို လေဟာနယ်ထဲ ဆန့်ထုတ်သည်။ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်ရာ ပုတီးစေ့တစ်ခု ပျံသန်းထွက်လာ၏။

“ဖိဆန်သူ…ဆင့်ခေါ်ခြင်း…” အရှင်ဟွေစုန်က သူ့လျှာထိပ်ကို ကိုက်ကာ ပုတီးစေ့အပေါ် သွေးများ ထွေးထုတ်လိုက်၏။ ပုတီးစေ့က ခုနစ်ရောင်စုံအလင်းကို စတင် စုပ်ယူပြီးနောက် ပျက်စီးလေသည်။ ၎င်း ပျက်စီးသွားသည်နှင့် အစွမ်းထက်အော်ရာတစ်ခု ပေါ်လာကာ ခပ်ဝါးဝါးအရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထိုအရိပ်၏ ပုံပန်းသွင်ပြင်က မည်သို့မည်ပုံ ရှိသည်ကို မြင်ရဖို့ မဖြစ်နိုင်ပေ။ သို့သော် သူ့မျက်လုံးတို့က ကောင်းကင်နှင့်မြေကြီးကို ဖြတ်မြင်နိုင်စွမ်း ရှိသည့်အလား ကြည်လင်လှ၏။ သူ့မျက်လုံးအောက်ကနေ ဘာတစ်ခုမှ မလွတ်မြောက်နိုင်သည့်အလား။

အရှင်ဟွေစုန်က ထိုခပ်ဝါးဝါးပုံရိပ်ကို မေး၏။ “သူ ဘယ်မှာလဲ…”

ခပ်ဝါးဝါးပုံရိပ်က မျက်လုံးမှိတ်၏။ အချိန်အတန်ကြာပြီးသူက မျက်လုံးဖွင့်လာကာ အရှင်ဟွေစုန်ကို ကြည့်သည်။ အရှင်ဟွေစုန်၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ပုံရိပ်များစွာ သူ့ခေါင်းထဲတွင် ပေါ်လာလေ၏။ သူက ထိုပုံရိပ်များကို တွေ့မြင်ရသည့်နောက် မျက်မှောင်ကြုတ်သည်။

“စစ်မာမိုရဲ့ လှိုဏ်ဂူ…။သူက ဒဏ်ရာအပြင်းအထန် ရထားတာတောင် ဒီလှိုဏ်ဂူရဲ့ အတားအဆီးကို ချိုးဖျက်နိုင်စွမ်း ရှိနေတာပဲ…”

အရှင်ဟွေစုန်၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက ရှေ့တည့်တည့်သို့ ဆက်လာသည်။

စစ်မာမို၏လှိုဏ်ဂူ ရှိရာ တောင်ကြားထဲတွင် ဝမ်လင်းသည် သူ့စွမ်းအင်အားလုံးကို ဆေးဝါးပညာရပ်တွင် အသုံးမပြုထားပေ။ သူက ပထမလှိုဏ်ဂူကိုလည်း ရှင်းလင်း၏။ အတားအဆီးများစွာ နေရာချပြီး၊ ထိုလှိုဏ်ဂူကို ချဲ့ထွင်ပြီးနောက် သူက ခြင်သားရဲသားကို ထုတ်သည်။

ခြင်သားရဲဘုရင် ပို၍ပင် ကြမ်းကြုတ်လာခဲ့၏။ ပျံသန်းထွက်လာပြီးနောက် ၎င်း၏အေးစက်စက်မျက်လုံးဖြင့် ဝမ်လင်းကို ပြတ်သားစွာ ကြည့်သည်။၎င်း၏ စိတ်က ဝမ်လင်း၏စိတ်နှင့် ချိတ်ဆက်နေရာ သူက ဝမ်လင်း၏အစီအစဉ်ကို သိနေခဲ့၏။

အနည်းငယ် စဉ်းစားပြီးနောက်တွင် ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းပြီး ခြင်သားရဲကို လှိုဏ်ဂူအတွင်းရှိ အတားအဆီးထဲ ဆွဲသွင်းသည်။

“မူလသလင်းကျောက်တွေ လုံလုံလောက်လောက် ရှိရင် အဆင်ပြေပြီ…” ဝမ်လင်းက သူ စုဆောင်းခဲ့သည့် သားရဲစိတ်ဝိညာဉ်များစွာကို ထုတ်ယူသည်။ သည့်အပြင် မူလကလန် လှိုဏ်ဂူအတွင်း၌ သူဖန်တီးခဲ့သော ဆင့်ကဲသားရဲစိတ်ဝိညာဉ်ကိုလည်း ထုတ်ယူသည်။ ထို့နောက် သူက မူလသလင်းကျောက် ထောင်သောင်းချီကို ထုတ်ယူကာ ခြင်သားရဲဘုရင်ကို ချိပ်ပိတ်သည်။

“ငါ ခြင်းသားရဲရဲ့ ခွန်အားကို အတင်းအကြပ် မြှင့်တင်ပေးဖို့ အဆိပ်ငါးပါးကလန်ရဲ့ ဆင့်ကဲသားရဲစိတ်ဝိညာဉ် သန့်စင်မွန်းမံတဲ့ နည်းလမ်းကို အသုံးပြုရလိမ့်မယ်။ဒါမှသာ ပိုသန်မာတဲ့ ခြင်သားရဲဘုရင်အဖြစ် ပြောင်းလဲနိုင်မှာ။ ဒီလိုဖြစ်မှ ငါ့ခြင်သားရဲဟာ လေကောင်းကင်ဘုံနယ်မြေရဲ့ ခြင်သားရဲများစွာကို ထိန်းချုပ်နိုင်မှာ ဖြစ်တယ်…”

ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို လှိုဏ်ဂူထဲသို့ ဖြန့်ကျက်၏။ သူသည် ခရမ်းရောင်ခြင်သားရဲတစ်ကောင် သားရဲစိတ်ဝိညာဉ်တစ်ခုချင်းစီထံ ရန်လိုစွာ တိုးဝင်နေသည်ကို မြင်၏။ ၎င်းက တိုက်ခိုက်ကာ သားရဲစိတ်ဝိညာဉ်များကို ဝါးမြိုသည်။

တစ်ချိန်တည်းမှာ မူလသလင်းကျောက်များသည် သိပ်သည်းသောမူလစွမ်းအင်အဖြစ် ပြောင်းကာ အတားအဆီးအစီအရင်ကို ဖြတ်၍ ခြင်သားရဲ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သည်။

ထိုလှိုဏ်ဂူအတွင်း၌ သည်ဖြစ်စဉ်ကို ဆက်ကြည့်နိုင်ဖို့ နတ်ဘုရားအာရုံအမျှင်တန်းတစ်ခု ထားခဲ့ပြီးနောက် ဝမ်လင်းက ဆေးမီးပြင်းဖိုရှိရာ လှိုဏ်ဂူထံ ထွက်လာ၏။

ဝမ်လင်းက မီးပြင်းဖိုဘေးတွင် ထိုင်ချသည်။ သူက မီးကို ဆက်တိုက် ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်ကာ ဆေးလုံးကို သန့်စင်နေသည်။ အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မျက်စိတစ်မှိတ်အတွင်း နှစ်ရက်တာ ကုန်လွန်သွားခဲ့ပေပြီ။ မီးသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်လာပြီး ဆေးလုံးရနံ့က သည်လှိုဏ်ဂူအခန်းထဲ၌ ပြည့်လာ၏။

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်၏။ သူ့ညာလက်ကို ရှေ့သို့ ဆန့်ထုတ်သည်။ မီးပြင်းဖို၏ နှုတ်ခမ်းဝသည် ပွင့်ဟကာ မြူများစွာ ထိုးထွက်လာ၏။ မြူများသည် တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်ကာ လေထဲ၌ ရွှေရောင်အရည်ကန်တစ်ခု လွင့်မြောလျက် ကျန်သည်။

ဝမ်လင်း၏ ထိန်းချုပ်မှုအောက်တွင် ထိုရွှေရောင်အရည်က သူ့ထံ ပျံသန်းလာပြီး သူက ပုလင်းငယ်သုံးခုအတွင်း ယင်းရွှေရောင်အရည်တို့ကို သိုလှောင်ထားလိုက်သည်။

အသက်ခပ်ပြင်းပြင်းရှုသွင်းကာ ဝမ်လင်းက တောင်ကြားပတ်လည်ရှိ အနက်ရောင်အလင်းအတားအဆီးကို ကြည့်သည်။ ထို့နောက် သူက ပုလင်းငယ်တစ်ခုကို ကောက်ယူကာ အရည်အနည်းငယ်ကို စုပ်ယူ၏။ ထိုအရည် သူ့ခန္ဓာကိုယ်ထဲ ဝင်လာချိန်တွင် ၎င်းက အေးစက်စက်ခံစားမှုအဖြစ် ပြောင်း၍ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့လွင့်၏။ သူက သားရဲဟိန်းသံတစ်သံကို ခပ်ရေးရေး ခံစားမိ၏။ ဝမ်လင်းက မျက်လုံးမှိတ်ကာ ထိုသားရဲ၏ ကောင်းကင်နှင့်မြေကြီးအပေါ် နားလည်ခြင်းကို ဖြည်းဖြည်းချင်း ဆင်ခြင်ယူသည်။

သည်ထူးဆန်းသော အခြေအနေအောက်၌ ဝမ်လင်းက အချိန်ကိုမေ့၏။ သူ့စိတ်က ကောင်းကင်နှင့်မြေကြီးကို နားလည်အောင် ဈဉ်ဝင်စားခြင်းတွင်သာ နစ်မြုပ်သွားသည်။ သူက ကြမ်းကြုတ်သော သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ရှင်သန်ရန် သေခြင်းရှင်ခြင်း ရုန်းကန်မှုများကို တွေ့ကြုံရသည့်အလား။

သူ တာအိုနောက် လိုက်ဖမ်းနေရင်း သူက သားရဲ၏ ဉာဏ်အလင်းကို တွေ့ကြုံလျက် သူ့ကိုယ်ပိုင် အမှန်နှင့်အမှားနယ်ပယ်ကိုလည်း သေချာစေရန် အတည်ပြုသည်။ ဝမ်လင်းက နားလည်သဘောပေါက်မှုအမျိုးမျိုးကို ဆက်တိုက်စုစည်းနေသည့်အလား။

ဝမ်လင်း၏ ပတ်ဝန်းကျင်မှာ တွန့်ကြေကာ ပြောင်းလဲသွားသလားဟု ထင်မှတ်ရသည်။ ထိုပြောင်းလဲမှုက ပို၍ မြန်ဆန်လာပြီး သူ့ပတ်ဝန်းကျင်တစ်ခုလုံး အစစ်အမှန် မဟုတ်သည့်အထိ ဖြစ်လာခဲ့တော့သည်။

အချိန်အတန်ကြာပြီးမှ ဝမ်လင်းက သူညာလက်ကို ဆန့်ထုတ်ကာ ပုလင်းငယ်ကို ကောက်ယူကာ နောက်ထပ် ထပ်မော့၏။ သူက တာအိုရှာဖွေခြင်းနှင့်ဉာဏ်အလင်းရခြင်း၌ ဆက်တိုက် နစ်မြောနေသည်။ ပိုပိုများပြားသည့် တာအိုဆန္ဒတို့က သူ့ဘေးပတ်လည်တွင် ပေါ်လာသည်။

သူသာ အလိုရှိလျှင် သားရဲ၏ ဉာဏ်အလင်းရထားမှုများထဲမှ တစ်ခုကို ကောက်ယူကာ သူ့ကျင့်ကြံမှုအဆင့် တိုးတက်ဖို့အတွက် အသုံးပြုနိုင်ပေသည်။ သို့ရာတွင် ထိုအတွက် အကျိုးဆက်က သူ့တာအိုနှလုံးသားကို ရှုပ်ထွေးသွားစေလိမ့်မည်။ တကယ်တော့ တစ်ယောက်ယောက်၏ တာအိုကို ငှားယမ်း အသုံးချခြင်းက သင့်ကိုယ်ပိုင် နားလည်မှုဉာဏ်အလင်း မဟုတ်ပေ။ ဝမ်လင်းက ထိုသို့သော ကျင့်ကြံမှုမျိုးကိုလည်း မလိုချင်ပေ။

သူက သည်သားရဲ ဘဝနေထိုင်မှုအတွင်း သူ့ကိုယ်ပိုင် အမှန်နှင့်အမှားနယ်ပယ်ကိုသာ ဆက်တိုက် အတည်ပြုချင်ခြင်းသာ ဖြစ်သည်။ အမှန်နှင့်အမှားကနေ တစ်ဆင့် ကောင်းကင်နှင့်မြေကြီးကို နားလည်လိုခြင်းသာ ဖြစ်၏။

ထိုသားရဲ ကောင်းကင်နှင့်မြေကြီးကို ဉာဏ်အလင်းရအောင် ဆင်ခြင်နေစဉ် သူ ထုတ်ယူသည်က သားရဲစိတ်ထဲမှ အတွေးတစ်စသာ ဖြစ်သည်။ ထိုအရာက သားရဲစိတ်ဝိညာဉ်၏ အဆီအနှစ် ဖြစ်၏။ ထိုအတွေးက ဝေဝေဝါးဝါးသာ၊သို့သော် သားရဲများက အဆင့်ချိုးဖျက်ခြင်းကာ လူသားပုံစံသို့ ဖြည်းဖြည်းချင်း ရောက်လာဖို့ အကူအညီ ရစေရန် ၎င်းအတွေးစ လိုအပ်ပေသည်။

အချိန် ကုန်ဆုံးနေ၏။ ဝမ်လင်းက ပထမဆုံးပုလင်းတစ်ခုလုံးရှိ ရွှေရောင်အရည်များကို သုံးစွဲပြီး ဆက်လက် ဆင်ခြင်နေ၏။သူ့ခန္ဓာကိုယ်ပတ်လည်ရှိ တွန့်ခေါက်မှုက သည်တောင်ကြားတစ်ခုလုံးကို ဖုံးသည့်အထိ ပျံ့နှံ့လာသည်။ ဤအခိုက်တွင် တစ်ယောက်ယောက်သာ တောင်ကြားထဲ ဝင်လာပါက ထိုသူ၏ တာအိုနှလုံးသားသည် ဗရမ်းဗတာ ဖြစ်လာပေလိမ့်မည်။ဝမ်လင်းထံ၌ ခွဲခြမ်းသည့်၊ လက်လွှတ်သည့် တာအိုဆန္ဒများစွာ ရှလာခဲ့ပေပြီ။

“အမှားမရှိရင် အမှန် မရှိဘူး။ အမှန်မရှိရင်ရော အမှားဟာ ဘယ်လို ဖြစ်လာရသလဲ။ အမှန်နဲ့အမှား။ဒီနှစ်ခုကြား ကွာခြားချက်ကို အလုံးစုံ နားလည်ဖို့ မလိုဘူး…”

ဝမ်လင်းက ဒုတိယမြောက်ပုလင်းကို ကောက်ယူကာ တစ်ငုံသောက်ချ၏။ သူ့မျက်လုံးထဲတွင် ဉာဏ်အလင်းတို့ ပြည့်လာ၏။ ထို့နောက် သူက မျက်လုံး ပြန်မှိတ်ကာ သူ့ကိုယ်ပိုင်တာအိုကို ဆက်လက် အတည်ပြု ဆင်ခြင်လေသည်။

အဆုံးမဲ့တာအိုဆန္ဒများက အမျိုးမျိုး ထွက်ပေါ်လာလျက် တဖြည်းဖြည်း တောင်ကြားထဲကနေ ပျံ့နှံ့လာသည်။ ထိုအဖြစ်က တောင်ကြားတစ်ခုလုံးကိုပါ တွန့်ခေါက်လာစေသည်။

သည်အရာက သာမန်မျက်လုံးဖြင့် မြင်ရနိုင်သည် မဟုတ်ပေ။သို့သော် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့် အထက်ရှိ မည်သည့်ကျင့်ကြံသူမဆို ဤနေရာရှိ တာအိုဆန္ဒများကို ခံစားမိနိုင်ကြ၏။ သည်တာအိုဆန္ဒများက ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကြောင့် ဖြစ်ပေါ်လာခြင်း မည်၏။

သင် ဤတာအိုဆန္ဒများကို ကြည့်ပါက အစစ်အမှန်ဟု ထင်မည်။ သို့သော် သင်သည် ထိုအချက်ကို မှားသည်အား တွေ့ပေလိမ့်မည်။ အမှန်လား၊အမှားလား ခွဲခြားရန် အလွန်ခက်ခဲလွန်း၏။

ပိုပိုများပြားသည့် တာအိုဆန္ဒများက ပျံ့နှံ့လာရင်း ပေတစ်သောင်းဧရိယာအတွင်းရှိ အရာအားလုံးကို ခြုံလွှမ်းလာ၏။ ထိုအဖြစ်က ကောင်းကင်ကိုပင် တွန့်ခေါက်ပုံပျက် လာစေပြန်သည်။

ဝမ်လင်းက တောင်ကြားအတွင်း၌ တတိယမြောက်ပုလင်းကို သုံးစွဲပြီးလေပြီ။ သူက အရာအားလုံးကို မေ့လျက် အဆုံးမဲ့လောကတွင် သူ့တာအိုကိုသာ ဆက်လက် ရှာဖွေနေသည်။

ဤအခိုက်၌ ဝိုးတဝါးအသံတစ်ခု သူ့စိတ်ထဲတွင် ပေါ်လာ၏။ထိုအသံသည် ခပ်တိုးတိုးဟုသာ ထင်ရပြီးမှ တဖြည်းဖြည်း ပိုပိုထင်ရှားလာသည်။

“ဉာဏ်အလင်း၊ ကောင်းကင်ဘုံတာအိုရဲ့ အကျဉ်းသား။ သက်ရှိအားလုံးဟာ အတောမသပ်နိုင်တဲ့ ကပ်ဘေးတွေကို တောင့်ခံရမယ်။ ဒီနက်ရှိုင်းလှတဲ့ အကျဉ်းထောင်ထဲကနေ ထွက်ခွာနိုင်ဖို့ အတွေးတစ်ချက်ပဲ။ သက်ရှိအားလုံး ရှေ့ကို ထာဝရ ဆက်လျှောက်ရမယ်။ ခေါတ်သစ်ကို ဖြေရှင်းရမယ်။ ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒကနေ လွတ်မြောက်လို့ ရှင်သန်ခြင်းလမ်းကြောင်းကို ရရှိမယ်။ ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒကို ချိပ်ပိတ်၊ အမှောင်နေ့တွေထဲ ကမ္ပည်းထွင်း၊ ကျင့်ကြံခြင်းလမ်းကြောင်းက စောင့်နေလျက်…”

“ဘယ်သူမှ အစစ်အမှန်တာအိုကို မသိကြဘူး။ ခါးသီးလှတဲ့ ထာဝရချောက်နက်ဟာ အစစ်အမှန်တာအိုကို ပုံပျက်စေတယ်…”

ထိုစကားများက သူ့စိတ်ထဲတွင် အဆတ်မပြတ် ပဲ့တင်ထပ်၏။ တဖြည်းဖြည်း တာအိုစိတ်ဆန္ဒများမှာလည်း ပေတစ်သိန်း၊ပေတစ်သန်းထိ ဖုံးလွှမ်းအောင် ပျံ့နှံ့လာသည်။ တဖြည်းဖြည်းဖြင့် အနှီဆန္ဒများက သည်ခုနစ်ရောင်စုံနယ်မြေ၏ အစိတ်အပိုင်းငယ်တစ်ခုထိ ဖုံးအုပ်လာခဲ့ချေပြီ။

အရှင်ဟွေစုန်က စစ်မာမို၏ လှိုဏ်ဂူအပြင်ဘက် ပေတစ်သောင်းအကွာတွင် ရှိနေ၏။ သူက ရှေ့တည့်တည့်ကို စူးနစ်စွာ ကြည့်လျက် သူ့မျက်နှာသည်လည်း အလွန်အမင်း ဖြူရောနေသည်။ သို့သော် သူက မလှုပ်မယှက်ပင်။ သူ သည်နေရာသို့ လွန်ခဲ့သောနှစ်ရက်ကတည်းက ရောက်နေခဲ့ခြင်း ဖြစ်၏။ သူ ရှေ့သို့ ဆက်မသွားနိုင်ခင်မှာပင် သူက ဗရမ်းဗတာ ဖြစ်မှုနှင့် အဆုံးမဲ့တာအိုဆန္ဒများကို ချက်ခြင်း ခံစားမိခဲ့သည်။

ထိုတာအိုစိတ်ဆန္ဒများက နယ်ပယ်အားလုံးကို စုပ်ယူပစ်နိုင်သည့် ဝဲကတော့ကြီးများအလား။ ထို့နောက် အထူးနည်းလမ်းတစ်ခုကနေတစ်ဆင့် ၎င်းဝဲကတော့များသည် သည်နယ်ပယ်များကို ဝမ်လင်း၏ ကိုယ်ပိုင်တာအိုအတည်ပြုခြင်း ဖြစ်စဉ်အတွင်းသို့ ဆောင်ယူလေ၏။

အမှန်နှင့်အမှားနယ်ပယ်သည် သူ့တာအို၏ ဒုတိယကြိမ် ဆင့်ကဲ တိုးတက်မှု ဖြစ်၏။

အရှင်ဟွေစုန်သည် မြေပြင်ထက်တွင် ထိုင်လျက် သူ့စိတ်ကို တည်ငြိမ်ခိုင်မြဲအောင် လုပ်နေရ၏။ သူက သည်ဗရမ်းဗတာ ရှိလှသည့် တာအိုဆန္ဒများနှင့် မမြင်ရသောဝဲကတော့အတွင်းမှ စုပ်အားကို ဆက်တိုက် ခုခံနေရသည်။ သူက အသိမဲ့သူများ ဖြည်းဖြည်းချင်း လှမ်းလျှောက်လာခြင်းကိုလည်း သတိမပြုမိတော့ပေ။

ထိုအသိမဲ့သူတို့၏ ခြေလှမ်းများက နှေးသည်ဟု ထင်ရသော်လည်း ခြေလှမ်းတိုင်းက ဟင်းလင်းပြင်ကွေးညွှတ်ခြင်းနှင့် ဆင်နေ၏။ သိပ်မကြာခင်တွင် သူတို့ ရောက်လာကြသည်။ သို့သော် ရှေ့ဆက်မတိုးကြပေ။ သူတို့က တာအိုကို စူးစမ်းနေသည့်အလား နေရာတွင်သာ မားမားရပ်နေကြသည်။

ပိုဝေးဝေးနေရာတွင်ပင် မြူများကြား မြောလွင့်နေသည့် ဉာဏ်အလင်းရသူများလည်း မြူများထဲကနေ လှမ်းထွက်လာပြီး ဝမ်လင်းရှိရာ တောင်ကြားထံ ပျံသန်းလာကြ၏။ သူတို့၏ ခပ်တိုးတိုး အသံများလည်း ကပ်ပါလာသည်။

ဝမ်လင်းကို ဗဟိုပြု၍ ဤအဖြစ်အပျက်များ ဖြစ်ပွားနေခြင်းပင်။ဝမ်လင်း လက်လွှတ်သည့် ဗရမ်းဗတာတာအိုဆန္ဒများက အရေအတွက် တိုးတိုးလာပြီး သည်ခုနစ်ရောင်စုံနယ်မြေတစ်ခုလုံးသည်ပင် တွန့်ခေါက် ပုံပျက်လာဟန် တူ၏။

အသိမဲ့သူများကလည်း တာအိုကို ရှာကြ၏။ သူတို့၏မျက်လုံးထဲ၌ ပို၍ ရှုပ်ထွေးဟန်တို့ ဖြစ်ပေါ်လာသည်။ သူတို့က ရှေ့တည့်တည့်ကိုသာ စူးစိုက်ကြည့်နေရင်း မမြင်ရသည့်တာအိုဆန္ဒများဟာ သူတို့၏ စုပ်ယူခြင်း ခံရသည်။

ဉာဏ်အလင်းရသူများလည်း ရောက်ရှိလာကြကာ လေထဲတွင် မြောလွင့်နေ၏။ သူတို့လည်း တောင်ကြားကို ကြည့်ကာ မျက်လုံးမှိတ်ကြ၏။ သူတို့က ဝမ်လင်း၏တာအိုကို နားလည်ရန် ဆင်ခြင်နေသည့်အလား။

အဆင့်ဆယ့်နှစ်မြူသားရဲများသည်ပင် အမျိုးမျိုးသော ကြမ်းကြုတ်သည့်သားရဲများအဖြစ်သို့ ပြောင်းလဲကုန်၏။သို့သော် မည်သည့် မာန်ဖီဟိန်းဟောက်သံကိုမျှ မကြားရပေ။ ၎င်းတို့က ကောင်းကင်ကို ဖြတ်သန်းလာကြပြီး တောင်ကြားပတ်လည်သို့ ရောက်လာကြသည်။ ၎င်းသားရဲတို့က ဉာဏ်အလင်းရသူများကဲ့သို့ လေထဲတွင် ရှိလျက် ဝမ်လင်း၏တာအိုကို နားလည်အောင် လုပ်နေကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset