ဝမ်လင်းသည် လက်ထဲရှိ ပုတီးစေ့ကို ကြည့်ကာ သူ့စိတ်က တုန်ယင်နေမိ၏။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် သူ့ဘဝတစ်လျှောက်လုံးနီးပါး သူနှင့် အတူ ရှိနေခဲ့ရာ ထို့ကြောင့် သူ မမှားနိုင်ပေ။ အရွယ်အစား၊အလေးချိန်နှင့် အော်ရာကို ထည့်မတွက်လျှင်ပင် သည်ပုတီးစေ့က ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နှင့် တူညီနေပေသည်။
ကွာခြင်းချက်ဟူ၍ သည်ပုတီးစေ့တွင် ဒြပ်စင်ငါးခုအကွက် ရှိမနေဘဲ ခပ်ဝါးဝါးအကွက်တစ်ခုသာ ရှိနေခြင်းသာ ဖြစ်ပေမည်။
“ငါ ဒီထူးဆန်းတဲ့ ပုတီးစေ့ အများကြီး စုဆောင်းခဲ့တယ်။ ဒီကျောက်ပုတီးစေ့တွေဟာ သဘာဝအတိုင်း ဖြစ်လာခဲ့တာ မဟုတ်ဘူး။ တစ်ယောက်ယောက်က သန့်စင်ခဲ့တာ။ ဒီပုတီးစေ့တွေကြားမှာ အရွယ်အစား၊အလေးချိန်၊ မျက်နှာပြင် ဘာတစ်ခုမှ ကွာခြားတာ မရှိဘူး။ ဟိုးလွန်ခဲ့တဲ့ အချိန်က တစ်ယောက်ယောက် ဒီနေရာကို လာခဲ့ပြီး အထူးမန္တာန်တစ်ခုနဲ့ ဒီပုတီးစေ့တွေကို ပြုလုပ်ခဲ့သလိုပဲ…”
စစ်မာမို၏ ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာက ဝမ်လင်း စိတ်ထဲတွင် ပေါ်လာ၏။ သူသည် အသက်ခပ်ပြင်းပြင်း ရှုသွင်းရှုထုတ်၍ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ရ၏။
“ဒီပုတီးစေ့တွေက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို တုပပြီး လုပ်ထားတာပဲ။ တစ်ယောက်ယောက်ဟာ ဟိုးလွန်ခဲ့တဲ့အချိန်က ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ထုတ်လုပ်ဖို့ ကြိုးစားခဲ့တာ…”
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ရုတ်တရက် မျက်လုံး ပြန်ဖွင့်လာ၏။
“ဒီလူဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို မြင်ဖူးခဲ့လိမ့်မယ်။ ဒါမှမဟုတ် သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ပိုင်ဆိုင်ခဲ့ဖူးပြီး အလားတူ တစ်ခုခုကို လုပ်နိုင်ခဲ့တာ ဖြစ်ရမယ်…”
ဝမ်လင်းက သူ့မျက်ခုံးနှစ်ခုကြားသို့ ထိ၏။ သူ့မျက်လုံးမှာ တလက်လက် ဖြစ်နေသည်။
“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို သန့်စင်မွန်းမံဖို့ အတွက် အလွန့်အလွန် သတ္တိကောင်းနေမှ ရမှာ။ ဒီလူဟာ အုပ်စိုးသူဆိုတဲ့ လူများ ဖြစ်နေမလား…”
ဝမ်လင်း၏အသွင်ဟန်ပန်မှာ သုန်မှုန်နေ၏။
သိပ်မဝေးတော့သည့် အနာဂတ်၌ ပြင်ပနယ်မြေမှ အုပ်စိုးသူနှင့် သူ့ကြားတွင်
ပတ်သတ်ရမည်ဟု သူ ခံစားမိရသည်။
“ဖြစ်နိုင်တာက ပြင်ပနယ်မြေက လူတွေဟာ ငါ့ တည်ရှိမှုကို သိနှင့်နေလောက်တယ်။ တကယ်တော့ ပြင်ပနယ်မြေက ငါနဲ့ တွေ့ခဲ့ဖူးတဲ့ အဘိုးအိုဟာ မသေခဲ့ဘူး…”
ဝမ်လင်း၏ စိတ်နှလုံးထဲတွင် အေးစိမ့်စိမ့် ခံစားမိ၏။
အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ပုတီးစေ့ဆယ်ခုကို စုဆောင်းလိုက်၏။ သူက ၎င်းတို့ကို စစ်ဆေးကြည့်ရာ တစ်ခုစီထဲ၌ မန္တာန်လှိုင်းတစ်ခု ရှိနေသည်ဟု ခံစားမိသည်။ ကြည့်ရသည်မှာ ၎င်းပုတီးစေ့အားလုံးထဲတွင် မန္တာန်တစ်ခု ပါဝင်နေဟန် တူသည်။
“ဒီပုတီးစေ့တွေက သန့်စင်ထုတ်လုပ်တာမှာ မအောင်မမြင်ဖြစ်ခဲ့တာတွေပဲ။ မဟုတ်ရင် ဒီနေရာမှာ ခုလိုမျိုး ပြန့်ကြဲပြီး ရှိနေမှာ မဟုတ်ဘူး။ အချို့အကြောင်းပြချက်တွေကြောင့် ဒီကျရှုံးပုတီးစေ့တွေဟာ မန္တာန်တွေကို ချိပ်ပိတ်ထားနိုင်ခဲ့တာပဲ…”
ဝမ်လင်းက ထိုပုတီးစေ့များပေါ်တွင် သူ့ကိုယ်ပိုင် အမှတ်အသားကို ချန်ရစ်၏။ ထို့နောက် သူက ၎င်းတို့ကို သိုလှောင်နေရာလွတ်ထဲ ထည့်သိမ်းလိုက်သည်။
သူ့အကြည့်က ပထမဆုံးလှိုဏ်ဂူ အနှံ့သို့ ဖြတ်သန်းသွား၏။ နောက်ဘာမှ ထပ်မတွေ့တော့မှ သူက လှမ်းလျှောက်ထွက်လာသည်။
လှိုဏ်ဂူထဲ ဝင်ရောက်ခြင်းနှင့် ပြန်ထွက်ရခြင်းသည် ဝမ်လင်းကို တောင်တစ်တောင် သူ့အပေါ် ဖိထားသလိုမျိုး ဖိအားတစ်ခုကို ခံစားရစေ၏။ သူ့အမူအရာလည်း သုန်မှုန်လာခဲ့သည်။ အထူးသဖြင့် အရှင်ဟွေစုန်နှင့် တိုက်ခိုက်ခဲ့သော ပြီးခဲ့သောတိုက်ပွဲအကြောင်း ပြန်တွေးမိချိန်တွင်ပင်။ ထိုတိုက်ပွဲ၌ အရှင်ဟွေစုန် ဆင့်ခေါ်ခဲ့သည့် နယ်မြေ၏ ခုနစ်ခုမြောက်စိတ်ဝိညာဉ် မန္တာန်သည် ပြင်ပနယ်မြေမှ လူများ အသုံးပြုသော မန္တာန်နှင့် အလွန်တူညီနေခဲ့၏။
“အရှင်ဟွေစုန်ရဲ့ နောက်ခံပုံရိပ်က ဘာများ ဖြစ်မလဲ…” ဝမ်လင်းသည် လှိုဏ်ဂူထဲကနေ လှမ်းထွက်လာပြီး အပြင်ဘက် ခုနစ်ရောင်စုံကောင်းကင်ကို မော့ကြည့်သည်။ အတိတ်တုန်းက လေဟာနယ်ဟင်းလင်းပြင်ထဲ၌ သူ ပထမဆုံးအကြိမ် ပြင်ပနယ်မြေမှ သူများနှင့် ကြုံခဲ့ရသည်ကို ပြန်သတိရမိသည်။ ထိုလေဟာနယ်အတွင်း၌ ပြင်ပနယ်မြေကနေ ခုနစ်ရောင်စုံအလင်းတို့ ထွက်ပေါ်နေလျက် ရှိခဲ့ဖူး၏။
ဝမ်လင်းအဖို့ အခု ခုနစ်ရောင်စုံနယ်မြေအကြောင်း ပိုနားလည်လာလေလေ သူသည် ပို၍ စိတ်ရှုပ်ထွေးမှုကို ခံစားမိလေ ဖြစ်ရသည်။
သူက ခုနစ်ရောင်စုံကောင်းကင်ထက်ကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး ဒုတိယလှိုဏ်ဂူနား ရောက်လာခဲ့သည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ကျောက်တုံးကို ရွှေ့စေပြီး ဂူအတွင်းဝ ပေါ်လာစေသည်။
လှိုဏ်ဂူအခန်းထဲ၌ ဧရာမဆေးမီးပြင်းဖိုက နေရာတစ်ဝက်ကျော် ယူထားကာ ၎င်းပတ်လည်တွင် ဆေးပင်မြောက်မြားစွာ ရှိလို့နေသည်။ သို့ရာတွင် အများစုက ခြောက်သွေ့နေခဲ့ပြီ ဖြစ်ကာ အောက်တွင် သိုလှောင်အိတ်များလည်း ရှိနေ၏။
လှိုဏ်ဂူအတွင်း မြေပြင်က ဖုန်မှုန့်တို့ဖြင့် ဖုံးလွှမ်းနေ၏။
သိုလှောင်အိတ်တစ်ခုပြီးတစ်ခုကို ဖွင့်လှစ်လျက် ဝမ်လင်းက လှုပ်ရှား၏။ ထိုသိုလှောင်အိတ်များထဲတွင် ဆေးပင်မြောက်များစွာ ရှိ၍ ပမာဏမှာ အံ့မခန်းပင်။
ထိုလှိုဏ်ဂူကနေ ထွက်လာခဲ့ပြီး ဝမ်လင်းက တတိယမြောက်လှိုဏ်ဂူထံ လှမ်းလျှောက်သွား၏။
တတိယလှိုဏ်ဂူ၏ အဝတွင် အတားအဆီးများ ရှိနေ၏။ သို့သော် ယင်းအတားအဆီးတို့က အချိန်အတားအဆီးတော့ မဟုတ်ပေ။ အချိန်အတန်ကြာ သည်အတားအဆီးကို လေ့လာကြည့်ပြီးနောက် ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ကျောက်တုံးပေါ်သို့ အတားအဆီးများ ကျဆင်းသွားစေသည်။ တစီစီအသံများ ထွက်ပေါ်လာ၍ လှိုဏ်ဂူဝရှိ ကျောက်တုံးသည် ဘေးတစ်ဖက်သို့ ဖြည်းဖြည်းချင်း ရွှေ့သွားလေ၏။
တတိယမြောက်လှိုဏ်ဂူတွင် စက်ဝန်းပုံစံအစီအရင်တစ်ခု ရှိ၍ ထိုအစီအရင်ကို အသက်ဝင်နေစေသည့် မူလသလင်းကျောက်များလည်း ရှိ၏။ အစီအရင်ထဲတွင် ပုလင်းသုံးလုံး မြောလွင့်လျက် ရှိသည်။ ၎င်းတို့က မူလသလင်းကျောက်များကို အားဖြည့်ပေးနေသည်။
အစီအရင်က အသက်ဝင်နေဆဲ ဖြစ်သော်လည်း လွန်ခဲ့သည့် အချိန်များကတည်းက မူလသလင်းကျောက်များသည် ခြောက်ကပ်သွားခဲ့ပေပြီ။ အစီအရင် အသက်ဝင်စေဖို့ ဆက်လက်ထိန်းသိမ်းထားနိုင်အောင် လုံလောက်ရုံမျှသာ ရှိတော့သည်။
ပုလင်းသုံးပုလင်းကို ကြည့်လိုက်ပြီးနောက် ဝမ်လင်းက ရှေ့ဆက်လျှောက်လာကာ အစီအရင်ကို ကြည့်သည်။ သူက မဆင်မခြင် အလျင်စလို မလုပ်ဆောင်ပေ။ ထိုအစီအရင်ထဲ၌ အချိန်အတားအဆီးအော်ရာ အငွေ့အသက် ပါဝင်နေ၏။ ထိုအော်ရာက သိပ်မသိသာသော်လည်း သည်အစီအရင်၏ စွမ်းအားကို တိုးလာစေဖို့အတွက်တော့ လုံလောက်ပေသည်။
ပို၍ အရေးကြီးသည်က ဝမ်လင်းက ထိုအစီအရင်ကို ဖြတ်မြင်၏။ အစီအရင်၏ သက်ရောက်မှုက ဆေးလုံးများကို ပြီးပြည့်စုံခြင်းအခိုက်အတန့်တိုင်း အာနိသင် ရှိနေစေရန် ဖြစ်၏။ထို့ကြောင့် အချိန်တိုက်စားမှုက သည်ဆေးလုံးများ အပေါ် မသက်ရောက်နိုင်တော့ပေ။ သည်ပုလင်းများကို အတင်းဖွင့်လှစ်ပါကလည်း အတွင်းထဲရှိ ဆေးလုံးများ ချက်ခြင်း ပျက်စီးသွားပေလိမ့်မည်။
မျက်မှောင်ကြုတ်နေလျက် ဝမ်လင်းက ထိုင်ချ၏။ သူ့မျက်လုံးထဲတွင် ကောက်ချက်ချမှုများဖြင့် တောက်ပလာ၏။ သူ့မျက်လုံးက ပို၍ တောက်ပလာပြီး သူ့ လက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်သည်။ မူလသလင်းကျောက်အပိုင်းအစတစ်ခုက သူ့သိုလှောင်နေရာလွတ်ထဲကနေ ပျံသန်းထွက်လာသည်။
ထိုမူလသလင်းကျောက်ကို ကိုင်၍ သူက ၎င်းကို ညှစ်ချေရာ ပျက်စီးသွားသည်။ မူလစွမ်းအင်များ ထိုးထွက်လာချိန်၌ ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ မူလစွမ်းအင်များကို အပြည့်အဝ ထိန်းချုပ်သည်။ ထို့နောက် သူက အစီအရင်၏ အစွန်းဖျားထံ လက်ညွှန်ရာ မြေပြင်ထဲသို့ မူလစွမ်းအင်များ တိုးဝင်၏။
ဝမ်လင်းက သူ့လက်ကို လေထဲ ဝေ့ယမ်းလျက် မြေပြင်ထက်တွင် မူလစွမ်းအင်တို့ စိန်ပုံစံအစီအရင်တစ်ခု ဖြစ်လာချေ၏။ ထို့နောက် သူက ညာလက်ကို ဝေ့ယမ်း၍ ခပ်ပါးပါးမျဉ်းလိုင်းတစ်ခုကို စိန်ပုံစံအစီအရင်ထိ ရောက်ရှိသွားစေပြီး လှိုဏ်ဂူအတွင်းမှ အစီအရင်နှင့် ချိတ်ဆက်စေသည်။
ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်လာပြီး သူ့လက်ကို အစီအရင်ထဲ ခပ်မြန်မြန် ဆန့်သွင်းကာ ပုလင်းသုံးလုံးကို လှမ်းယူရန် ကြိုးစားသည်။
ဤအခိုက်တွင် အစီအရင်က ခပ်စူးစူးအလင်းကို ပေးစွမ်းကာ လှိုဏ်ဂူအခန်းတစ်ခုလုံးကို ထိန်လင်းသွားစေ၏။ အဖျက်အစီးအော်ရာတစ်ခု ပေါ်လာကာ ပုလင်းများထံ တိုးဝင်ဟန် ပြင်သည်။ သို့သော်လည်း သည်အခိုက်၌ အဖျက်အစီးအော်ရာက တန့်သွား၏။ ခပ်စူးစူးအလင်းက ခပ်ပါးပါးမျဉ်းလိုင်းကနေ စိန်ပုံစံအစီအရင်ထဲသို့ ဦးတည်ချက် ပြောင်းသည်။
ထိုသို့ တန့်သွားချိန်အတွင်း ဝမ်လင်းက ပုလင်းသုံးလုံးကို လှမ်းယူကာ သူ့လက်ကို ပြန်ရုတ်သည်။
သူက နောက်ဆုတ်၏။ မျက်စိတစ်မှိတ်အတွင်း လှိုဏ်ဂူထဲကနေ ပြန်ထွက်လာကာ မြက်ပင်များထက်တွင် ပြန်ပေါ်လာ၏။ သူက ထိုင်ချလိုက်သည်။ ဝမ်လင်းက ပုလင်းသုံးလုံးကို ကြည့်နေရင်း စိတ်လှုပ်ရှားမိသည်။
စောနကလေးတင် သူက စွန့်စွန်းစားစား လုပ်ခဲ့ရခြင်း ဖြစ်၏။ သူ အနည်းငယ်မျှ မှားယွင်းသွားခဲ့ပါက ပုလင်းသုံးလုံး တစစီဖြစ်သွားကာ အတွင်းထဲရှိ ဆေးလုံးများလည်း ပျက်စီးသွားပေလိမ့်မည်။
“ဒီဆေးလုံးတွေဟာ စစ်မာမိုနဲ့ သူ့ကလန်က ချန်ထားခဲ့ကြတာ။ ခုလိုမျိုးပုံစံနဲ့ ထိန်းသိမ်းထားပုံထောက်ရင် ဒီဆေးလုံးတွေဟာ အတော်လေး တန်ဖိုး ရှိမှာ သေချာတယ်…”
ဝမ်လင်းက နှုတ်ခမ်းသပ်ကာ ပထမပုလင်းကို ဖွင့်လိုက်သည်။
ပုလင်းအတွင်းမှ ဆေးရနံ့ လှိုင်ထွက်လာ၏။ အတွင်းထဲ၌ အနီရောင်ဆေးလုံးသုံးလုံး ရှိနေသည်။ သားရဲစိတ်ဝိညာဉ်၏ ကြမ်းကြုတ်ဟန်အော်ရာက ၎င်းဆေးလုံးများထံကနေ ထွက်ပေါ်လာပြီး ဤဧရိယာတွင် ပြည့်နှက်သည်။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည်ပင် စွဲငင်ခြင်း ခံရလေ၏။
သူက ဆေးလုံးတစ်လုံးကို ထုတ်ယူကာ လက်ချောင်းများဖြင့် ညှပ်၍ ကိုင်ထားကာ သေချာ လေ့လာကြည့်သည်။
“အဆင့်ဆယ့်တစ်ဆေးလုံး…” ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ဒုတိယပုလင်းကို ကောက်ယူသည်။ သူက ထိုပုလင်းကို ဖွင့်လိုက်ချိန်၌ မြူများစွာ ထွက်လာ၏။ ထိုမြူများက အဖြူနှင့်အနက်အဖြစ် နှစ်ပိုင်းကွဲသည်။ ၎င်းမြူများက တဖြည်းဖြည်း ကွဲထွက်လျက် လေထဲတွင် မြောလွင့်သည်။ ထိုအဖြူအနက် မြူထုတစ်ခုစီအတွင်း၌ ဆေးလုံးတစ်လုံးစီ ရှိနေကြသည်။
“အဆင့်ဆယ့်နှစ်မြူသားရဲတစ်ကောင်ကနေ သန့်စင်မွန်းမံထားတဲ့ (ဖော်စပ်ထားတဲ့) မြူစိတ်ဝိညာဉ်ဆေးလုံးပဲ…”
ဝမ်လင်းက အဆင့်ဆယ့်တစ်ဆေးလုံးများကို ခပ်ရေးရေး ခွဲခြား၍ သိ၏။ သို့သော် ဤဆေးလုံးမှာ အဆင့်ဆယ့်နှစ်သားရဲများထံကနေ မွန်းမံသန့်စင်ထားသည် ဖြစ်ရာ အလွန်အမင်း ရှားပါးလှသည်။ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင်ပင် သည်လိုဆေးလုံးမျိုး အတော်ရှား၏။ သို့သော် ၎င်းဆေးလုံးမှန်း သိဖို့အတွက်တော့ ထင်ထင်ရှားရှား သဘောသဘာဝ ရှိပေ၏။
မြူဆေးလုံးများ အလွန်ရှားပါးရသည့် အကြောင်းရင်းက အလွန့်အလွန်နည်းပါးသော သူများကသာ မြူသားရဲတစ်ကောင်ထံမှ ရေရှည်အကျိုးအမြတ် ရမှုကို လက်လွှတ်၍ ဆေးလုံးအဖြစ် မွန်းမံသန့်စင်ခြင်းကြောင့်ပင်။
ဝမ်လင်းက နှုတ်ခမ်းသပ်မိကာ သူ့အကြည့်က နောက်ဆုံးပုလင်းထံ ကျရောက်သွားသည်။ သူ့နတ်ဘုရားအာရုံဖြင့် ထိုပုလင်းကို စစ်ဆေးကြည့်သော်လည်း သူ ဘာသဲလွန်စမှ ရှာမတွေ့ပေ။ အနည်းငယ် စဉ်းစားပြီးခါမှ သူက ထိုပုလင်းအစို့ကို ဖြည်းဖြည်းချင်း ဖွင့်၏။ ပုလင်းအဖုံးက အနည်းငယ်မျှ ဟသွားချိန်တွင် အံ့မခန်းတုန်ခါလှိုင်းတစ်ခုသည် အရူးအမူး လှိမ့်ထွက်လာသည်။ နားဖြင့်မကြားနိုင်၊ သို့သော် လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ဖြင့် ရှင်းရှင်းလင်းလင်း ခံစားမိနိုင်သည့် ကြမ်းကြုတ်သည့်ဟိန်းသံပါ ပေါ်လာသည်။
ထိုဟိန်းသံက အဆင့်ဆယ့်နှစ်သားရဲများထက် များစွာ ပိုပြင်းထန်နေသည်။ ဝမ်လင်း၏ခန္ဓာကိုယ်ပါ တုန်ယင်သွားသည်။ သူက တုံ့နှေးမနေဘဲ ထိုပုလင်းအစို့ကို ပြန်ချိပ်ပိတ်ပစ်၏။ ပုလင်းကို ချိပ်ပိတ်ပြီးနောက် ဝမ်လင်း၏မျက်နှာသည် ဖြူရောနေပြီ ဖြစ်သည်။ သူက အနည်းငယ် ကျင့်ကြံလိုက်၏။ ထို့နောက် သူက ထိုပုလင်းကို အလေးအနက်ဟန်ပန်ဖြင့် ကြည့်သည်။
“အဆင့်ဆယ့်သုံးဆေးလုံး…” ဝမ်လင်းသည် အသက်ခပ်ပြင်းပြင်း ရှုသွင်းကာ ပထမပုလင်းကိုသာ ချန်၍ ကျန်ပုလင်းနှစ်လုံးကို သေသေချာချာ သိမ်းဆည်းလိုက်သည်။ သူက ၎င်းချန်ထားသည့် ပုလင်းကို ကောက်ယူကာ မီးပြင်းဖိုရှိနေသည့် လှိုဏ်ဂူရှိရာသို့ လှမ်းလျှောက်သွားသည်။
နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ရောက်မှ လူတစ်ယောက်သည် အဆင့်ဆယ့်တစ်ဆေးလုံးကို ဝါးမြိုနိုင်သည်။ သို့မဟုတ်ပါက သူတို့၏ မူလစိတ်ဝိညာဉ်မှာ ကြမ်းကြုတ်သည့်သားရဲစိတ်ဝိညာဉ်နှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ရလဒ်မှာ ဆေးလုံးထဲရှိ သားရဲစိတ်ဝိညာဉ်က ထိုသူတို့၏ မူလစိတ်ဝိညာဉ်ကို ဝါးမြိုသွားနိုင်ပေသည်။ ဤအချက်ကို တိမ်ပင်လယ်ရှိ ကျင့်ကြံသူတိုင်းက သိထား၏။ ဆေးလုံးများက ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်ပေးနိုင်သည် ဆိုသော်လည်း အလွန်အမင်း သတိထားရန်လည်း လိုပေသည်။
ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ထည့်မတွက်ပါက ဝမ်လင်း၏ အမှန်တကယ် ကျင့်ကြံမှုအဆင့်က နိဗ္ဗာနသန့်စင်ခြင်းအစောပိုင်းအဆင့်သာ ဖြစ်၏။ သူက အဆင့်ဆယ့်တစ်ဆေးလုံးကို တိုက်ရိုက် ဝါးမြိုပစ်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူသည် ၎င်းကို ထပ်မံ၍ သန့်စင်မွန်းမံဖို့ လို၏။
ဆေးမီးပြင်းဖိုနှင့် လှိုဏ်ဂူအတွင်း ဝမ်လင်းက အနည်းငယ် စဉ်းစား၏။ သူ့ဘယ်မျက်လုံးထဲတွင် မီး ပေါ်လာ၏။ ထိုမီး ပေါ်လာသည်နှင့် ၎င်းက ဆေးမီးပြင်းဖိုထံ တရကြမ်း တိုးဝင်သွားသည်။ ဆေးမီးပြင်းဖိုက တုန်ခါကာ ၎င်းပေါ်ရှိ အမှတ်အသားများ တဖြည်းဖြည်း အသက်ဝင်လာသည်။
အဆင့်ဆယ့်တစ် ဆေးလုံးကို ထုတ်ယူကာ ဝမ်လင်းက ၎င်းကို ဆေးမီးပြင်းဖိုအတွင်းသို့ ထည့်၏။ သူ့ညာလက်ဖြင့် လေဟာနယ်ကို ပုတ်၍ မီးပြင်းဖိုအတွင်းရှိ မီးကို မြင့်တက်လာစေကာ ဆေးလုံးကို သန့်စင်သည်။
နှစ်ကြိမ်နှစ်ထပ် သန့်စင်မွန်းမံခြင်းက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရှိ ကျင့်ကြံသူတိုင်း သင်ယူထားသော ဆေးဝါးဖော်စပ်သည့်နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုနည်းလမ်းက အဆင့်မြင့်ဆေးလုံးကို ၎င်း၏စွမ်းအားကို ခွဲခြမ်း ပစ်ဖို့အတွက် သုံးသည်။ သည်နည်းလမ်းက မီးပြင်းဖိုနှင့် အတော်လေး ဆက်နွှယ်သည်။ ဆေးမီးပြင်းဖို ပိုကောင်းမွန်လေလေ ဆေးလုံး၏ အကျိုးအာနိသင် ဆုံးရှုံးမှု နည်းပါးလေ ဖြစ်မည်။
ဝမ်လင်းက ဆေးလုံးကို သန့်စင်နေစဉ်အတွင်း ခုနစ်ရောင်စုံနယ်မြေ၏ အတွင်းနက်ပိုင်း၊ အရှင်ဟွေစုန်ရှိနေသော နေရာနှင့် အတော်လှမ်းဝေးသည့် နေရာတွင် မြူများဖုံးလွှမ်းနေသော နေရာတစ်ခု ရှိလေ၏။
ထိုနေရာတွင် မြူများ ထွေးခြုံထားသည့် ပလ္လင်တစ်ခု ရှိ၏။ ဤအခိုက်အတန့်၌ ထိုပလ္လင်ထံကနေ အလင်းတောက်ပလာ၏။ ထိုအလင်းက ပတ်ဝန်းကျင်ရှိ မြူများကို ထွင်းဖောက်ကာ နောက်လွင့်သွားစေကာ ဤဧရိယာဝန်းကျင် ပေါ်လာ၏။
ထိုပလ္လင်ထက်တွင် အက်ကြောင်းကြီးတစ်ခု တိတ်တဆိတ် ပေါ်လာသည်။ မရေမတွက်နိုင်သော လျှပ်စီးတန်းများ ထိုအက်ကြောင်းအစွန်းအဖျားတစ်လျှောက် ပေါ်လာကာ ၎င်းအက်ကြောင်းကို ကျယ်သထက် ကျယ်လာစေပြီးနောက် လူသုံးယောက် လှမ်းလျှောက်ထွက်လာကြသည်။
ထိုသူတို့၏ ဝတ်စုံများက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းမှ လူများနှင့် သိသိသာသာ ကွာခြားနေသည်။ ပို၍ ထူးခြားသည်က သူတို့၏မျက်ခုံးနှစ်ခုကြားတွင် အမှတ်အသားတစ်ခု ရှိနေကြခြင်းပင်။ ရှေ့ဆုံးမှလူ၏ မျက်ခုံးနှစ်ခုကြားတွင် လျှပ်စီးတန်းအမှတ်အသား ရှိ၏။ သူ့နောက်ရှိ နှစ်ယောက်ထဲမှ လူငယ်ဖြစ်သူထံ၌ လခြမ်းကွေးအမှတ်အသား ရှိ၍ ကျန်တစ်ယောက်တွင် မီးတောက်အမှတ်အသား ရှိနေသည်။
“ဒါက မင်း တွေ့ခဲ့တဲ့ ဟင်းလင်းပြင်အက်ကြောင်းပေါ့…”
မျက်ခုံးနှစ်ခုကြား လခြမ်းကွေးအမှတ်အသား ရှိသည့် လူငယ်က သူ့ဘေးပတ်ပတ်လည်ကို စိတ်လှုပ်ရှားဟန်ဖြင့် ကြည့်၏။
***