ဝမ်လင်းက ကျောက်စိမ်းပြားကို ကိုင်၍ သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်သည်။
“သုံးနှစ်ရှိခဲ့ပြီ။ ဒုတိယညီနဲ့ တတိယညီလဲ သေသွားခဲ့ပြီ။ သူတို့ဟာ အသိမဲ့သူတွေ ဖြစ်လာခဲ့ကြပြီး ဒီနေရာမှာ ဟိုဟိုဒီဒီ ဦးတည်ရာမဲ့ လျှောက်သွားခဲ့ကြတယ်။ လွန်ခဲ့တဲ့လေးရက်က ငါ သူတို့ကို တွေ့ခဲ့သေးတယ်။ဒါပေမဲ့ သူတို့က ငါ့ကို မသိကြတော့ဘူး။ ဒီအတိုင်း ငါ့ကို ဖြတ်ကျော်သွားကြတယ်။ ဒီလိုအရာတွေ ငါ ဆက်ဖြစ်ခွင့် မပြုနိုင်တော့ဘူး။ ငါ နည်းလမ်းတစ်ခု ရှာမှ ဖြစ်မယ်…”
“ငါ ဒီနေရာကို ရောက်လာတဲ့ ခြောက်နှစ်မြောက်မှာ ကျောက်စိမ်းပြားတစ်ခုကို တွေ့ခဲ့တယ်။ ဒီထဲမှာ အချိန်အတားအဆီး အကြောင်း ဖော်ပြထားတယ်။ ငါ ဒါကို သင်ယူရမယ်…”
“ဆရာဦးလေးလည်း ထွက်သွားခဲ့ပြီ။ သူက ဒီနေရာရဲ့ အတွင်းနက်ပိုင်းကို သွားခဲ့တာ။ သူ့ကို တစ်ခုခုက ခေါ်နေတယ်လို့ သူ ငါ့ကို ပြောခဲ့တယ်။ ဒီကို ရောက်ခဲ့တာ ဆယ့်တစ်နှစ်မြောက်။ ငါဟာ အချိန်အတားအဆီးကို အနည်းငယ် ဖမ်းဆုပ်လာနိုင်ခဲ့ပြီ…”
“အချိန် ဘယ်လောက်ကုန်ဆုံးခဲ့ပြီလဲ။ အနည်းဆုံး နှစ်သုံးဆယ်တော့ ရှိပြီ။ ဉာဏ်အလင်းရသူတွေ ထပ်တိုက်ခိုက်လာတော့ သူတို့ကြားမှာ ငါဟာ ဆရာဦးလေးကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရတယ်။ သူတို့ဟာ ငါးယောက်မြောက်ညီနဲ့ခြောက်ယောက်မြောက်ညီတို့ကို ခေါ်ဆောင်သွားခဲ့ကြတယ်…”
“နောက်ဆုံးမှာ ငါဟာ အချိန်အတားအဆီးကို ကျွမ်းကျင်လာခဲ့တယ်။ ငါနဲ့ ငါ့ကလန်က ကျန်နေသေးတဲ့သူတွေဟာ ဒီတောင်ကြားမှာ မဟာအချိန်အတားအဆီးကို ခင်းကျင်းခဲ့ကြတယ်။ ကိုးယောက်မြောက်ညီဟာ အချိန်အတားအဆီးကို အားဖြည့်ဖို့အတွက် သူ့အသက်ကို စတေးခဲ့တယ်။ သူမသေခင် သူက သူ့အကြွင်းအကျန်တွေကို ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ဆီ ပြန်ယူသွားပေးဖို့ ကတိ ငါ့ရှိကနေ တောင်းခဲ့တယ်။ ငါလည်း ကတိပေးခဲ့တယ်။ ဒါပေမဲ့ ငါ ဒီကတိကို တည်နိုင်ပါ့မလား…”
“အချိန်အတားအဆီးဟာ ဒီတောင်ကြားကို ကာကွယ်ပေးထားခဲ့တယ်။ တောင်ကြားဟာ ငါ့အိမ် ဖြစ်လာခဲ့တယ်။ဒါပေမဲ့ ငါ အိမ်ရဲ့နွေးထွေးမှုကို ရှာမတွေ့ခဲ့ဘူး။ ငါဟာ ရင်းနှီးတဲ့မျက်နှာတွေဟာ တဖြည်းဖြည်း တစိမ်းဆန်လာတယ်လို့ မြင်နေခဲ့တယ်…”
“ငါ ဒီလိုဆက်ဖြစ်နေလို့ မရဘူး။ ငါ နည်းလမ်းတစ်ခု ရှာရမယ်။ငါ သူတို့ကို ကယ်ရလိမ့်မယ်…”
ဝမ်လင်းသည် သူ့ရှေ့ရှိ အရိုးစုကို ကြည့်လျက် အချိန်အတန်ကြာ စဉ်းစားနေသည်။ ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများက အထက်ပါအတိုင်း အဆုံးသပ်သွားခဲ့ပေပြီ။ သူက ဒုတိယမြောက်ကျောက်စိမ်းပြားကို ကောက်ယူ၍ နတ်ဘုရားအာရုံဖြင့် စစ်ကြည့်ပြန်သည်။
“နှစ်တစ်ရာ ရှိလာခဲ့ပြီ။ ဒီမှာ နေ့၊ညဆိုတာ မရှိဘူး။ဒါ့ကြောင့် ငါက ဒီမှာ အချိန်အတိအကျကို မတွက်နိုင်ဘူး။ ဒါပေမဲ့ အချိန်အတားအဆီးရဲ့ စွမ်းအားနဲ့ ခန့်မှန်းကြည့်တော့ နှစ်တစ်ရာလောက် ရှိလာခဲ့ပြီ။ ဒီနှစ်ပေါင်းတစ်ရာဟာ ငါ့အတွက် နှစ်တစ်ထောင်လောက်ကို ကြာတယ်လို့ ခံစားခဲ့ရတယ်။ ဆယ့်သုံးယောက်မြောက်ညီလည်း သူ့ခန္ဓာကိုယ်ကို ဖျက်စီးပြီး သေသွားခဲ့ပြီ။ သူက ဒီလိုပုံစံနဲ့ တည်ရှိနေရတာကို ဆက်ပြီး သည်းမခံနိုင်တော့တာ ဖြစ်တယ်…”
“ငါ့ဘေးမှာ ရှိတဲ့ သူတွေဟာ အသိမဲ့သူ ဒါမှမဟုတ် ဉာဏ်အလင်းရသူတွေ ဖြစ်လာခဲ့ကြတယ်။ ငါနဲ့ ဆယ့်ခြောက်ယောက်မြောက်ညီရယ်၊ လေးယောက်မြောက် ဦးလေးရယ်ပဲ ကျန်တော့တယ်။ ငါတို့ဟာ အပြစ်သားတွေဆိုတာ ငါ သိတယ်။ ဖြစ်နိုင်တာက ဒါဟာ ငါတို့ရဲ့ ပြစ်ဒဏ်လား။ ဒါပေမဲ့ ငါ ဒါကို လက်မခံနိုင်ဘူး။ ငါ လက်မခံနိုင်ဘူး…”
“ဒီနေ့ဟာ ငါ ဘယ်တော့မှ မမေ့တော့မယ့် နေ့တစ်နေ့ပဲ။ ငါ ဒီနေရာကို ရောက်လာခဲ့ပြီး နှစ်ပေါင်း တစ်ရာသုံးဆယ်ကျော်လောက်မှာ ပထမဆုံးအကြိမ်အဖြစ် ဖိဆန်သူတွေ ပေါ်လာခဲ့တယ်။ လေးယောက်မြောက်ဦးလေးဟာ ဖိဆန်သူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တယ်…”
“သူတို့အားလုံး ထွက်သွားခဲ့ကြပြီ။ ဆယ့်ခြောက်ယောက်မြောက်ညီနဲ့ ငါပဲ ကျန်တော့တယ်။ ဒါပေမဲ့ ငါ သူတို့ကို ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုကို တွေးမိခဲ့တယ်။ ငါ ကြိုးစားရမယ်။ ငါ သေရမယ်ဆိုရင်တောင် ငါဟာ ဒီနည်းလမ်းကို ကြိုးစားကြည့်ရမယ်။ ငါဟာ ဆယ့်ခြောက်ယောက်မြောက်ညီကို နှုတ်ဆက်ပြီး တောင်ကြားထဲကနေ ထွက်လာခဲ့တယ်…”
“ငါက ဒုတိယညီနဲ့ တတိယမြောက်ညီတို့ကို အသိမဲ့သူတွေ ဖြစ်လာတဲ့ လူတိုင်းနဲ့အတူ ပြန်ခေါ်လာခဲ့တယ်။ ငါ တောင်ရဲ့ အတွင်းနက်ပိုင်းထဲ ဝင်ခဲ့ပြီး ဉာဏ်အလင်းရသူတွေ ဖြစ်သွားကြတဲ့ ငါးယောက်မြောက်နဲ့ခြောက်ယောက်မြောက် ညီတို့ကို တွေ့ခဲ့ပြီး ပြန်ခေါ်လာခဲ့တယ်။အဲ့ဒီနောက် ငါဟာ ဒီနေရာရဲ့ အတွင်းနက်ပိုင်းကို ဝင်ရောက်ခဲ့တယ်။ ငါ အဲ့လမ်းကြောင်းနဲ့ အတော်လေး ရင်းနှီးတယ်…”
“ငါ ဒုတိယမြောက်ဦးလေးကို ရှာတွေ့ခဲ့ပြီး သူ့ကို ပြန်ခေါ်လာခဲ့တယ်…”
ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများမှာ ထိုနေရာတွင် အဆုံးသပ်သွားသည်။ ဝမ်လင်းက ကျောက်စိမ်းပြားကို စူးစိုက်ကြည့်ပြီး အောက်ပြန်ချလိုက်၏။ သူက အချိန်အတန်ကြာ ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများနှင့် ပတ်သတ်၍ စဉ်းစားနေပြီးနောက် တတိယမြောက်ကျောက်စိမ်းပြားကို ကောက်ယူသည်။
“ငါ ဒီနေရာကို ရောက်ခဲ့တာ နှစ်ပေါင်းသုံးရာကျော်လာခဲ့ပြီ။ ငါ သွားနိုင်တဲ့ နေရာအကုန် သွားခဲ့ပြီးပြီး။ ငါဟာ ဖိဆန်သူတွေရဲ့ မန္တာန်တွေကို ချိပ်ပိတ်နိုင်တဲ့ ပုတီးစေ့တစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒီပုတီးစေ့က ဘာလဲတော့ ငါ သေသေချာချာ မသိဘူး။ ဒါပေမဲ့ လေးယောက်မြောက်ဦးလေးကို ကယ်တင်ပေးဖို့အတွက် ငါဟာ နေရာအတော်များများကို ရှာဖွေနေခဲ့တဲ့နောက် နောက်ထပ်ပုတီးစေ့အနည်းငယ်ကိုလည်း ရှာတွေ့ခဲ့တယ်…”
“ငါ ဒီနေရာရဲ့ အတွင်းနက်ပိုင်းကို သွားခဲ့တာ ဒါနဲ့ဆို လေးကြိမ်မြောက်။ ဒီနေရာဟာ လေးယောက်မြောက်ဦးလေး အစွမ်းထက်ဖိဆန်သူတွေကို ရင်ဆိုင်ခဲ့တဲ့ နေရာဆိုတာ ငါ သိတယ်။ငါဟာ သူတို့ရဲ့ မန္တာန်တွေကို ချိပ်ပိတ်ဖို့အတွက် ပုတီးစေ့တွေကို အသုံးပြုခဲ့တယ်။ ငါ နှစ်အနည်းငယ်လောက် ထပ်ရှာဖွေခဲ့တဲ့နောက် နောက်ဆုံးမှာ လေးယောက်မြောက်ဦးလေးကို တွေ့ခဲ့ပြီ။ အဲ့နေရာမှာ ငါ သူ့ကို တွေ့ရလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ ဒါ့ကြောင့် ငါ ကျရှုံးခဲ့တယ်။ ခုနစ်ရောင်စုံလက်သည်းခွံက ငါ့ခန္ဓာကိုယ်ထဲ ထွင်းဖောက်ဝင်ရောက်ခဲ့တယ်။ ဒီလက်သည်းခွံက အတော်လေး ထူးဆန်းလွန်းတယ်။ ချက်ခြင်းပင် ငါ့ခန္ဓာကိုယ်ထဲ ပျော်ဝင်သွားခဲ့တယ်…”
“နောက်ဆုံးမှာ ငါ လွတ်မြောက်လာခဲ့ပြီး တောင်ကြားထဲကို ခြေလှမ်းယိုင်နဲ့စွာနဲ့ ပြန်ရောက်လာခဲ့တယ်။ ငါ့အသိစိတ်ဟာ တဖြည်းဖြည်း ဝေဝါးလာခဲ့တယ်။ ရူးသွပ်ဖွယ်အကြံဉာဏ်တစ်ခု ငါ့စိတ်ထဲမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့တယ်။ ဒီရူးသွပ်တဲ့အကြံဟာ ငါ့ကို မြင်မြင်သမျှ လူတွေကို သတ်ပစ်ဖို့ ဖြစ်စေချင်နေတာပဲ။ ငါ့ဘေးမှာ ရှိနေတဲ့ တစ်ဦးတည်း အခြားသက်ရှိတစ်ယောက်ကတော့ ငါ့ဆယ့်ခြောက်ယောက်မြောက်ညီပဲ…”
“ငါက ငါ့ဆယ့်ခြောက်ယောက်မြောက်ညီကို တောင်ကြားထဲကနေ မောင်းထုတ်ခဲ့တယ်။ငါ ငါ့အမှတ်အသားတုန်ကင်ပြားနဲ့ သားရဲအရိုးပိုင်းကို သူ့ရှိ ပေးခဲ့တယ်။ သူ့ကို တောင်ကြားထဲကနေ ထွက်သွားစေခဲ့ပြီး နောက်ဆယ့်နှစ်ကျရင် ပြန်လာဖို့ ပြောခဲ့တယ်။ ညီဆယ့်ခြောက် ထွက်သွားခဲ့တယ်။ ငါ တောင်ကြားထဲမှာ ထိုင်ချပြီး ခုနစ်ရောင်စုံကောင်းကင်ကို မော့ကြည့် နောက်ဆုံးရူးသွပ်မှု ရောက်လာမယ့်အချိန်ကို စောင့်နေခဲ့တာပဲ…”
“ဒုတိယညီ၊တတိယညီနဲ့ ငါ့ကလန်ဝင်တွေအားလုံး…သင်တို့ထဲက ဘယ်သူပဲဖြစ်ဖြစ် ပြန်နိုးထလာပြီး ငါ့ကျောက်စိမ်းပြားတွေကို တွေ့ခဲ့ရင်တော့ ဒီနှစ်ရာချီအတွင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို သိလာလိမ့်မယ်…”
“ဒါ့အပြင် ငါဟာ ထူးဆန်းတဲ့ ပုတီးစေ့တော်တော်များများကိုလည်း စုဆောင်းထားခဲ့တယ်။ ဒီပုတီးစေ့တွေနဲ့ ပတ်သတ်လို့ အချို့သဲလွန်စ ခပ်ရေးရေးတော့ ငါ တွေ့ခဲ့တယ်။ ဒီပုတီးစေ့တွေက တစ်ခုနဲ့တစ်ခုကြားမှာ အရွယ်၊အလေးချိန်၊ မျက်နှာပြင် ဘာမှ ကွာခြားမှု မရှိဘူး။ ဒီပုတီးစေ့တွေဟာ တစ်ယောက်ယောက် ဒီကို ရောက်လာခဲ့ပြီး ဟိုးလွန်ခဲ့တဲ့အချိန်က အထူးမန္တာန်တစ်ခုခုနဲ့ ပြုလုပ်ခဲ့သလိုပဲ…”
“ငါ့ အသိစိတ် ဝေဝါးနေပြီ၊ ငါ သတိလွတ်တော့မယ်။ ဒါပေမဲ့ တစ်ခုခုက ငါ့မူလစိတ်ဝိညာဉ်ကို ဆွဲငင်ယူနေသလိုမျိုး ခံစားခဲ့ရတယ်။ ဘာကြောင့်လဲတော့ ငါ မသိဘူး။ ဒါပေမဲ့ အဲ့ဒီအခိုက်မှာ ငါ့အသိစိတ် ပြန်ကြည်လင်လာခဲ့ပြီး ငါ့ခေါင်းထဲမှာ ရူးသွပ်တဲ့အကြံတစ်ခု ပေါ်လာခဲ့တယ်။ငါ ဒါကို လုပ်သင့်လား။ ငါသာ အောင်မြင်ခဲ့ရင် ငါ ရူးသွားမှာ မဟုတ်တော့ဘူး။ ငါ တစ်ဖန်ပြန်မွေးဖွားလာနိုင်လိမ့်မယ်…”
ငါ့အသိစိတ်က ငါ့ခန္ဓာကိုယ်ထဲကနေ ထွက်သွားပြီး ကြည်ရောင်စုံကောင်းကင်ထဲထိ ချဲ့ကားသွား သလိုပဲ။ ငါ…လူတစ်ယောက်ကို မြင်ခဲ့တယ်။ ဒီလူဟာ အနက်ရောင်ဝတ်စုံနဲ့ သက်လတ်ပိုင်းအရွယ်၊ သူ့မျက်ခုံးနှစ်ခုကြားမှာ လုံးဝန်းတဲ့အမှတ်အသားနဲ့။ သူဟာ သူ့နာမည်ကိုယ်သူ အုပ်စိုးသူ လို့ ပြောတယ်…”
ဝမ်လင်း၏မျက်နှာသည် ဖြူရောသွားကာ သူ လေအေးတစ်ချက် ရှိုက်သွင်းမိ၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိ၍ သူ့လက်ထဲရှိ ကျောက်စိမ်းပြားနှင့်အရိုးစုကို ကြည့်နေမိသည်။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန်တို့ ပြည့်နှက်နေ၏။
“အုပ်စိုးသူ…” ဝမ်လင်းက ထိုနာမည်နှင့် မစိမ်းလှပေ။ ကောင်းကင်ဘုံအင်ပါယာ ချင်းလင်၏ လှိုဏ်ဂူအတွင်း၌ သူက ချိပ်ပိတ်နယ်မြေ၏ ပြင်ပတွင် အန္တိမတန်ခိုးရှင် ဟု အမည်ရသည့် အစွမ်းထက် တည်ရှိမှုတစ်ခုအကြောင်းကို ကြားခဲ့ဖူးသည်။
သို့ရာတွင် ထိုစဉ်က သည်အန္တိမတန်ခိုးရှင်က အလွန်အလှမ်းဝေး၍ ချင်းလင်တို့ ခေါတ်၏ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်သာ ဖြစ်ခဲ့သည်။
သို့ရာတွင် ဝမ်လင်းသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် သည်အုပ်စိုးသူနှင့် ပတ်သတ်သည့်အကြောင်းအရာ ပါသည့် ကျောက်စိမ်းပြားကို ရှာတွေ့မိလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့မိပေ။
ဝမ်လင်းက မျက်လုံးမှိတ်၏။ သူက ကောင်းကင်ဘုံအရှင်သခင်ချင်းရွှေ လမြွေနဂါးနှင့် တိုက်ခိုက်ကြစဉ်က အချိန်ကို ပြန်မတွေးမိဘဲ မနေနိုင် ဖြစ်ရ၏။ ထိုစဉ်က ချင်းရွှေသည် လေဟာနယ်ဟင်းလင်းပြင်ကို ပျက်စီးစေကာ ထို့အတွက်ကြောင့် ဆန်းကြယ်သောကျင့်ကြံသူနှစ်ယောက် ထွက်ပေါ်လာစေခဲ့ဖူးသည်။
ထိုနှစ်ယောက်မှာ ပြင်ပနယ်မြေမှ ဒေသခံများ ဖြစ်ကြသည်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ မပေါ်လာခဲ့ပါက ဝမ်လင်းသည် ထိုနှစ်ယောက်၏ ဖမ်းဆီးခြင်းကို ခံနေရလောက်ပေပြီ။
“အတိတ်တုန်းက ဒီဆန်းကြယ်တဲ့ကျင့်ကြံသူနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အဘိုးအိုဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို တွေ့မြင်ခဲ့တဲ့အချိန်မှာ သူဟာ ငါ့ကို ချိပ်ပိတ်နယ်မြေရဲ့ အုပ်စိုးသူလို့ ခေါ်ခဲ့တယ်…”
ဝမ်လင်းသည် မျက်လုံး ပြန်ဖွင့်လာ၏။ သူက အသက်ခပ်ပြင်းပြင်း ရှုထုတ်မိသည်။ သူ့စိတ်သည် ကျောက်စိမ်းပြားထဲရှိအကြောင်းအရာကြောင့် မတည်မငြိမ် ဖြစ်ကာ လှိုင်းထန်နေသည်။ သူက အချိန်အတန်ကြာသည့်အထိ သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင်ပေ။
“ဒီခုနစ်ရောင်စုံနယ်မြေဟာ ရှေ့ဖြစ်ဟောသူရယ်၊ အုပ်စိုးသူရယ်နဲ့လည်း ဆက်နွှယ်နေလောက်တယ်။ အထူးသဖြင့် လူတိုင်းကို ရူးသွပ်ပြီး သက်ရှိအားလုံးကို သတ်ပစ်စေအောင် လုပ်နိုင်တဲ့ ခုနစ်ရောင်စုံလက်သည်းခွံပဲ။ ငါ့စီနီယာအစ်ကို ချင်းရွှေ ပြောခဲ့ဖူးတာက ကောင်းကင်ဘုံနယ်မြေ မပျက်စီးခင်က သူ တံခါးပိတ်ကျင့်ကြံနေတုန်း ရုတ်တရက် ရူးသွပ်သွားခဲ့တာတယ်။ သူက ဒီလို ဘာကြောင့် ဖြစ်သွားမှန်း သူ့ကိုယ်သူတောင် မသိခဲ့ဘူး။ ဒါတွေအားလုံးဟာ ရူးသွပ်သွားမှုနဲ့ ပတ်သတ်နေနိုင်တယ်…”
“ဒါ့အပြင် ဟင်္သာငှက်နတ်အင်ပါယာဟောင်းကလည်း စီနီယာအစ်ကို ချင်းရွှေ ကျင့်ကြံခြင်းမဟာမိတ်ဌာနချုပ်ရှိ သွားခဲ့ပြီး သူ ထပ်ရူးသွပ်သွားခဲ့တယ်လို့ ဆိုခဲ့သေးတယ်။ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်မျိုး ရှိနေတာလဲ။ ဒါဟာ ဒီအုပ်စိုးသူဆိုတဲ့ လူနဲ့ ကျိန်းသေပေါက် ဆက်နွှယ်ပတ်သတ်နေရမယ်…”
“ရှေ့ဖြစ်ဟောသူ၊ ချင်းရွှေ၊ စစ်မာမို၊ အုပ်စိုးသူ…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။
အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချကာ စစ်မာမို၏ အရိုးစုကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်မိသည်။ စစ်မာမို၏ ဘေးပတ်လည်တွင် ဘာအဖျက်အစီးအရိပ်အယောင်မှ မတွေ့ရပေ။ ဆိုလိုသည်က အဆုံးသပ်၌ သူ မရူးသွားခဲ့ ဟူ၏။
သူ မရူးခဲ့မှတော့ အုပ်စိုးသူနှင့် ပတ်သတ်သည့် အကြံက အောင်မြင်ခဲ့ပေလိမ့်မည်။
“ဒီနေရာဟာ အတိတ်တုန်းက ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန် ရှာတွေ့ခဲ့တဲ့ ဟင်းလင်းပြင်အက်ကြောင်း ဖြစ်နေလိမ့်မယ်လို့ ငါ မတွေးထင်မိခဲ့ဘူး။ ဒါ့အပြင် ဒီနေရာဟာ သားရဲအရိုးပိုင်းဆေးညွှန်း ပေါ်လာတဲ့နေရာလည်း ဖြစ်နေသေးတယ်။ ဒါပေမဲ့ ဒီသားရဲအရိုးနဲ့ စစ်မာမိုရဲ့ ကျောက်စိမ်းပြားဟာ ဘယ်လိုလုပ် ဒီနေရာကနေ ထွက်လာခဲ့တာလဲ။ ဖြစ်နိုင်တာက ဆယ့်ခြောက်မြောက်ညီက ဒီနေရာကနေ ထွက်ခွာခဲ့ပြီး ကျောက်စိမ်းပြားနဲ့ သားရဲအရိုးပိုင်းဆေးညွှန်းကို တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းထဲ ထပ် ပေါ်လာစေခဲ့တာလား…”
“ဒါ့အပြင် ကျောက်စိမ်းပြားထဲမှာ ဖော်ပြထားတဲ့ လူ တစ်ယောက်လည်း ရှိသေးတယ်…။ သူကရော ဘယ်သူလဲ။ စစ်မာမိုရဲ့ အလိုအရဆိုရင် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ဟာ အတိတ်တုန်းက ဒီဟင်းလင်းပြင်အက်ကြောင်းနေရာကို မသိခဲ့ဘူး။ သူတို့က အဲ့လူရဲ့ စကားအရ ဒီနေရာကို ရောက်လာခဲ့ကြတာ။ နှစ်ပေါင်းရာချီ ကြာပြီးတဲ့နောက်မှ သူဟာ ဒီနေရာကို မမျှော်လင့်ဘဲ ထပ်ရောက်လာခဲ့ရတာ ဖြစ်တယ်…”
ဝမ်လင်းက ခေါင်းမော့လာ၏။ သူက ကျောက်တုံးများနှင့် ချိပ်ပိတ်ထားသည့် လှိုဏ်ဂူကိုးခုကို ကြည့်သည်။သူ ပထမလှိုဏ်ဂူနား ရောက်သွားပြီး အဝရှိ ကျောက်တုံးကို ကြည့်သည်။ သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက အချိန်အတန်ကြာ ၎င်းကျောက်တုံးကို ကြည့်လိုက်ပြီးနောက် သူ့ညာလက်ကို ၎င်းပေါ်သို့ တင်၏။ သူ့မူလစွမ်းအင်က ထိုကျောက်တုံးထဲသို့ ညင်သာစွာ စီးဝင်သွားသည်။
ကျောက်တုံးသည် တစ်ချက်တုန်ခါသံ ထွက်ပေါ်၍ ဘေးသို့ ရွှေ့သွား၏။
လှိုဏ်ဂူပွင့်သွားချိန်၌ အချိန်တိုက်စား၊ပျက်စီးမှု အငွေ့အသက် ပျံသန်းထွက်လာသည်။ သည်လှိုဏ်ဂူက အလွန်သေးငယ်ကာ ပေတစ်ရာမျှသာ ကျယ်ပြောသည်။ လှိုဏ်ဂူအတွင်း မီးခိုးရောင်လင်း၍ ထိုအလင်းထဲ၌ ကလေးလက်သီးစုပ်ခန့် အရွယ်ရှိသည့် ပုတီးစေ့ဆယ်ခု ရှိနေသည်။
ပုတီးစေ့တိုင်းတွင် ခပ်ဖျော့ဖျော့ စာလုံးတစ်လုံး ရှိကာ လင်းလက်နေသည်။ သို့ရာတွင် မီးခိုးရောင်အလင်းကို မြင်ရဖို့က ခက်ခဲ၏။ သေချာ မကြည့်ပါက ထိုအလင်းကို မတွေ့လိုက်ရဖို့မှာ လွယ်သည်။
ပုတီးစေ့ကို မြင်လိုက်ရသည့်နောက် ဝမ်လင်း၏စိတ်သည် တုန်ယင်သွားမိ၏။ သူသည် ၎င်းပုတီးစေ့များက အရှင်ဟွေစုန် ဖိဆန်သူများ၏ မန္တာန်များကို ဆင့်ခေါ်ရာတွင် အသုံးပြုခဲ့သော ပုတီးစေ့များသာ ဖြစ်ကြောင်းကို ချက်ခြင်း သိလိုက်သည်။
“စစ်မာမိုရဲ့ ဒီကျောက်စိမ်းပြားထဲတွေထဲမှာ ပါတဲ့ အကြောင်းအရာတွေက တကယ့်ကို မှန်နေတာပဲ…” ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သူ့ညာလက်ကို ဆန့်ထုတ်ရာ ပုတီးစေ့များထဲမှ တစ်ခုက သူ့လက်ကြားထဲ ပျံသန်းဝင်လာသည်။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ ၎င်းကို သေချာလေ့လာကြည့်သည်။ ဝမ်လင်း၏အမူအရာက ကြီးစွာ ပြောင်းလဲသွား၏။ သူ့စိတ်ထဲ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ခံစားမိရ၏။
အရှင်ဟွေစုန်က သည်ပုတီးစေ့များကို ထုတ်ယူတိုက်ခိုက်ခဲ့ချိန်က သူသည် မြန်လွန်းသဖြင့် ဝမ်လင်းအဖို့ ၎င်းတို့ကို သေသေချာချာ ကြည့်နိုင်ဖို့ အခွင့်အရေး မရခဲ့ပေ။ ဝမ်လင်းက ဖျပ်ခနဲသာ ကြည့်ရပြီး သေချာ မကြည့်နိုင်ခဲ့ပေ။ သို့သော် ခုချိန်၌ သူက အနှီပုတီးစေ့များကို ရှင်းရှင်းလင်းလင်း စမ်းစစ်ကြည့်နေလေပြီ။
“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့…”
(ဘာသာပြန်သူမှတ်ချက်… English Translator ဟာ (Sovereign)အုပ်စိုးသူကို အစောပိုင်းက (Supreme) လို့ သုံးနှုန်းခဲ့ပါတယ်။ဒီအတွက်ကြောင့် မြန်မာဘာသာပြန်တဲ့သူ အနေနဲ့ အခု အုပ်စိုးသူ ဆိုတဲ့ အသုံးအနှုန်းကို အရင်က အန္တိမတန်ခိုးရှင်လို့ သုံးခဲ့ဖူးပါတယ် )
***
G