ငွေရောင်အမျိုးသမီးက အချိန်အတန်ကြာပြီးမှ ဝမ်လင်းထံကနေ အကြည့်ပြန်ရုတ်သည်။ သူမ၏မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးဟန်က သာ၍ပင် အားကောင်းလာသည်။ သူမက တစ်ခုခုကို မှတ်မိလာပုံ ရ၏။သို့သော် ထိုအရာမှာ အလွန်ဝေဝါးသည်။ သူမက လက်မြှောက်ကာ သူမ၏ ဝိုးတဝါးမှတ်ဉာဏ်များအတိုင်း ဝေ့ယမ်းသည်။ ထိုအခါ တစ္ဆေအလင်းတစ်ခု ဖျပ်ခနဲ လင်းလက်ကာ အတားအဆီးတစ်ခုသည် ဤလှိုဏ်ဂူဝင်ပေါက်ထံ ကျရောက်သွားသည်။
ဝမ်လင်းသာ သတိမမေ့နေဘဲ ဤအဖြစ်ကို တွေ့မြင်ခဲ့လျှင် သူ မျက်မှောင်ကြုတ်မိသွားနိုင်၏။ ဤအတားအဆီးက ရှင်သန်ခြင်း၊သေဆုံးခြင်းအတားအဆီး ဖြစ်သည်။ ထိုနည်းစနစ်က အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို ချခင်းသည့် အတားအဆီးထက် များစွာ သာလွန် အလွန်အမင်း ကျွမ်းကျင်နေ၏။
ဝမ်လင်းသည် အချိန်အကြာကြီး သတိမေ့မနေပေ။ နာရီအနည်းငယ် ကြာမြင့်ပြီးနောက် သူက မျက်လုံးပြန်ဖွင့်လာသည်။ သူက ဝင်ပေါက်ကို တွေ့မြင်ရချိန်၌ မင်သက်သွားမိလေ၏။ သူသည် ငွေရောင်အမျိုးသမီးကို ကြည့်၏။ သို့သော် ဘာမှတော့ မမေးချေ။ ထိုအစား သူက ထထိုင်၍ စတင် ကျင့်ကြံတော့၏။
အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မျက်စိတစ်မှိတ်အတွင်း သုံးရက်တာ ကုန်လွန်သွားခဲ့လေပြီ။
ထိုသုံးရက်အတွင်း အပြင်ဘက်ကမ္ဘာမှာ တည်ငြိမ်နေလျက် အနည်းငယ်မျှပင် မငြိမ်မသက် ဖြစ်မနေခဲ့ပေ။ သည်ခုနစ်ရောင်စုံနယ်မြေအတွင်းရှိ ကျင့်ကြံသူအားလုံးက တတ်နိုင်သမျှ မြန်မြန် ပြန်ကောင်းမွန်ဖို့သာ ကျင့်ကြံ၍ ဒဏ်ရာများ ကုစားနေကြသည်။
သုံးရက်ကြာမြင့်ပြီးနောက် ဝမ်လင်း၏အသားအရေ ပြန်ကောင်းမွန်လာခြင်း မရှိသည့်အပြင် သူက ပို၍ပင် ဖြူဖပ်ဖြူရော ဖြစ်လာချေ၏။ သူ့ညာဘက်ပခုံးထက်ကနေ ခုနစ်ရောင်စုံ ခပ်ဖျော့ဖျော့ တောက်နေပေသည်။ အပြင်ဘက် အရေပြား ဒဏ်ရာကို ကုသပြီး ဖြစ်သော်လည်း လက်သည်းခွံက သူ့အရိုးထဲ၌ နစ်မြုပ်နေဆဲ ဖြစ်၏။ ခုနစ်ရောင်စုံလက်သည်းခွံက သူ့အရိုးများကို ဆက်တိုက် အက်ကွဲပျက်စီးနေစေပေသည်။ သို့သော် သူ့အားကောင်းလှသည့် ရှေးဟောင်းနတ်ဘုရားအသက်ဓာတ်ကြောင့် ကြေမွပျက်စီးသည့် အရိုးများက မြန်မြန်ဆန်ဆန် ပြန်လည် ကောင်းမွန်နေလေ၏။
ထိုအရာက ထပ်ခါထပ်ခါနှင့် အဆုံးမသပ်နိုင် ဖြစ်နေရာ ဝမ်လင်းအတွက် ပြင်းထန်စွာ နာကျင်ရ၏။
ပို၍ အရေးကြီးသည်က ထိုလက်သည်းခွံ သူ့အရိုးထဲ၌ နစ်မြုပ်နေခြင်းမဟုတ်ဘဲ ၎င်းက ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထိ ထွင်းဖောက်နေတာ ဖြစ်၏။ သူ့မူလစိတ်ဝိညာဉ်ပါ ခြောက်ကပ်ကပ်ဖြင့် အားနည်းလာခဲ့၏။
ထိုမျှသာဆိုပါက ပြဿနာ မဟုတ်သေးပေ။ သို့သော် ဝမ်လင်းကို တုန်လှုပ်မိစေသည်က ဤလက်သည်းခွံဟာ သူ့အသက်ဓာတ်ကိုပါ ဆက်တိုက် လျော့ပါးအောင် တိုက်စားနေခြင်းသာ ဖြစ်သည်။ သူ့အသက်ဓာတ်များအားလုံး မကုန်မခမ်းချင်း ရပ်တော့မည်ဟန် မရဟု ထင်ရသည်။
“နိဗ္ဗာနလေဟာနယ်ဓားကို ထက်ပိုင်း ပိုင်းဖြတ်သွားတဲ့ အစွမ်းရှိနေတဲ့ ဒီရတနာက ဘာများလဲ…”
ဝမ်လင်း စိတ်နှလုံးမှာ ကိုက်ခဲ၍ ကြေကွဲရ၏။ ဤသံဓားက သူနှင့်အတူ နှစ်ပေါင်းများစွာ အတူရှိခဲ့ပြီး အလွန်အသုံးဝင်ခဲ့ပေ၏။ သို့သော် အခုချိန်၌ ၎င်းက ပျက်စီးသွားခဲ့လေပြီ မဟုတ်လား။
“အရှင်ဟွေစုန် ပစ်လွှတ်ခဲ့တဲ့ ပုတီးစေ့တွေလည်း ရှိသေးတယ်။ ဒီတစ်ခုစီက ဒီခုနစ်ရောင်စုံလောကထဲမှာ မန္တာန်တစ်ခုစီကို ဆင့်ခေါ်နိုင်ကြတယ်။ဒီပုတီးစေ့တွေက အတော်လေး ထူးဆန်းတာပဲ။ ဒီပုတီးစေ့တစ်ခုကနေ ကောင်းကင်ဘုံကံကြမ္မာလက်ချောင်းကိုတောင် ဆင့်ခေါ်နိုင်တယ်…”
ဝမ်လင်းက နာကျင်မှုကို တောင့်ခံရင်း စတင် စဉ်းစားကြည့်၏။
သူက ရှေ့ဖြစ်ဟောသူ၏ တိုက်ပွဲစိတ်ဝိညာဉ် ပေါ်လာသည့်အချိန်ကို ပြန်တွေးကြည့်ပြီး ကောင်းကင်ထက်သို့ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။
“ဒီနေရာဟာ ရှေ့ဖြစ်ဟောသူနဲ့ ကျိန်းသေ ပတ်သတ်နေရမယ်…”
အနည်းငယ် စဉ်းစားကြည့်ပြီးနောက် သူ့မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖျပ်ခနဲ ပေါ်၏။
“ဒါပေမဲ့လည်း အရှင်ဟွေစုန်လည်း အပြင်းအထန် ဒဏ်ရာရနေခဲ့ပြီ။ စစ်စိတ်ဝိညာဉ်လက်ဝါးချက်ကြောင့် သူ့ခန္ဓာကိုယ် ပျက်စီးသွားခဲ့ပြီး သူ မူလစိတ်ဝိညာဉ်အဖြစ်နဲ့ လွတ်မြောက်သွားခဲ့တာ။ သူက သံဓားကြောင့်လည်း ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး သူ့ရတနာများစွာကိုလည်း ဆုံးရှုံးခဲ့ရတယ်။ ငါ တတ်နိုင်သမျှ မြန်မြန် ပြန်ကောင်းအောင် လုပ်ရမယ်။ နောက်တစ်ကြိမ် ငါတို့ ထပ်တွေ့ရင်တော့ သူ သံသယမရှိ သေစေရမယ်…”
“အတားအဆီးအစီအရင်ထဲ ပိတ်မိနေတဲ့ အစိမ်းရောင်ဝတ်စုံနဲ့ အဘွားအိုလည်း ကျန်သေးတယ်။ သူက ရှင်သန်ခြင်း၊သေဆုံးခြင်းအတားအဆီး ပညာရပ်မှာ ကျွမ်းကျင်ပေမဲ့လည်း ငါ့ပျက်သုဉ်းခြင်းအတားအဆီးဟာ ဒီထဲ ရောနှောနေခဲ့တယ်။ဒါ့ကြောင့် သူ အပြင်ပြန်ထွက်လာနိုင်ဖို့ လွယ်မှာ မဟုတ်ဘူး။ သူမက ဒီအတားအဆီးကို အတင်း ချိုးဖျက်ခဲ့ရင်တောင် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မယ်…”
“အရှင်တိမ်စိတ်ဝိညာဉ်လည်း ရှိသေးတယ်။ သူက ဒီနေရာကို တည်နေရာရွှေ့ပြောင်းခံရတဲ့အချိန်မှာ ကြုံရာကြပန်းနေရာတစ်ခုကို ရောက်သွားခဲ့တယ်။ဒါပေမဲ့ သူ ဘယ်နေရာ ရောက်သွားခဲ့လဲတော့ ငါ မသိဘူး။ ဒါပေမဲ့လည်း ဒီနေရာဟာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတာ။ ဒီလိုမျိုး ကြုံတဲ့နေရာ ရောက်သွားတာဟာ အန္တရာယ်တော်တော်များလိမ့်မယ်။ ကြည့်ရတာ ခုချိန်မှာ သူဟာ သူ့ကိုယ်သူတောင် မနည်း အသက်ရှင်အောင် နေနေရတဲ့ ပုံပဲ…”
“ဒီသုံးယောက်ကို ငါ ရင်ဆိုင်ခဲ့ပြီးပြီး။ဒါပေမဲ့ ချန်ထျန်ကျွင်းက စောစောစီးစီး ထွက်သွားခဲ့တယ်။ ငါတို့ သူ့မန္တာန်ပျောက်ကွယ်သွားတာ အရင်က ခံစားမိခဲ့ပေမဲ့ သူ သေသွားပြီဆိုတာ သက်သေပြဖို့ ခက်နေတုန်းပဲ…”
ဤခုနစ်ရောင်စုံနယ်မြေသို့ လာခဲ့သည့် သူတိုင်းက ကိုယ့်အကြံနှင့်ကိုယ်ပင်။ မည်သူကမျှ ရတနာများ မပါဘဲ လက်ဗလာဖြင့် ပြန်ထွက်သွားလိုကြမည် မဟုတ်ပေ။ ဤအချက်ကို သည်လို ဖော်ပြနိုင်၏။ “သင်ဟာ ဆက်တိုက် ခံစစ်မှာသာ နေရင် တခြားလူများ အကြံအစည်နဲ့တင် အဆုံးသပ်သွားလိမ့်မယ်…”
ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်၏။ သူက ဤအချက်ကို အစောကတည်းက မြင်ခဲ့ပေသည်။ ထို့ကြောင့်လည်း သူက အရင်ဆုံးစ လှုပ်ရှားကာ အရှင်တိမ်စိတ်ဝိညာဉ်ကို အခြားနေရာတစ်ခုခုထံသို့ တည်နေရာရွှေ့ပြောင်းသွားစေခဲ့ခြင်းပင်။ ထို့နောက် သူက အဘွားအိုကို အတားအဆီးထဲ ပိတ်ထားခဲ့ပြီး အရှင်ဟွေစုန်နှင့် တစ်ဦးချင်း တိုက်ခိုက်နိုင်ခဲ့လေ၏။
စဉ်းစားနေရင်းဖြင့် သူ့ညာဘက်ပခုံးထက်မှ နာကျင်မှုသည် ပိုဆိုးလာ၏။ သူ့နှဖူးထက်ကပင် ချွေးစေးများ စီးကျနေသည်။ သူက ပြတ်သားဟန် အကြည့်ကို ထုတ်ဖော်၍ သူ့ဘယ်လက်ဖြင့် ညာဘက်ပုခုံးကို လှမ်း၍ ထိုးခွဲသည်။ ဒဏ်ရာတစ်ခု ချက်ခြင်း ပေါ်လာပြီး သူ့အရိုးထဲတွင် စိုက်နေသည့် လက်သည်းခွံနေရာထိ ယင်းဒဏ်ရာက ချဲ့ထွက်သွားသည်။
ချက်ခြင်းလိုလိုပင် ခုနစ်ရောင်စုံအလင်းသည် ဤလှိုဏ်ဂူတစ်ခုလုံးကို ဖုံးလွှမ်းလေ၏။ ရှုလီကောက လျှာသပ်ကာ ဝမ်လင်းကို ကြည့်၍ တွေးမိ၏။ ဒီမိစ္ဆာက တကယ့်ကို မိစ္ဆာပဲ။ “သူက အခြားလူတွေအပေါ် ရက်စက်ရုံသာမက သူ့ကိုယ်သူလည်း ရက်ရက်စက်စက် လုပ်ဝံ့တယ်…”
အသက်ခပ်ဝဝရှိုက်သွင်းပြီးနောက် ဝမ်လင်းက အ့တင်းတင်းကြိတ်ကာ ခုနစ်ရောင်စုံလက်သည်းခွံထံ သူ့လက်ကို ဆန့်ထုတ်ပြီး မာန်သွင်း၍ ဆွဲနှုတ်၏။ သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်ရသည်။ သူက ခပ်အုပ်အုပ် ငြီးငြူကာ သူ့ဝတ်ရုံမှာလည်း ချွေးများ ရွှဲနစ်နေပေပြီ။ သူ့ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သို့သော် သူသည် ထိုအရိုးထဲစိုက်နေသည့် လက်သည်းခွံကို နှုတ်နိုင်စွမ်း မရှိသေးပေ။
ယင်းလက်သည်းခွံက သူ့အရိုးထဲနစ်မြုပ် ပေါင်းစပ်နေဟန် ရ၏။ ပို၍ ထူးဆန်းသည်က ခုနစ်ရောင်စုံအလင်းက သူ့အရိုးထဲ ဝင်ရောက်လာသည်ဟု ထင်ရခြင်းပင်။ သူ့ညာဘက်ပခုံးထက်ရှိ အရိုးသည် ခုနစ်ရောင်စုံ ဖြစ်လာဟန် တူ၏။
ဝမ်လင်း၏မျက်နှာက ဖြူရောနေ၏။ ခုနစ်ရောင်စုံအလင်း သူ့ခန္ဓာကိုယ်ထဲ ဝင်လာချိန်၌ သူ့စိတ်မှာ ဗလာကျင်းသွားကာ သူဟာ ရူးသွပ်သွားတော့မည့် အရိပ်အယောင် ပြလာ၏။
ထိုခံစားချက်က ခဏတာအတွင်း ပျောက်ကွယ်သွားခဲ့သော်လည်း ဝမ်လင်းကို ပင့်သက်ရှိုက်မိသွားစေသည်။
ထိုအခိုက်တွင် ရူးသွပ်မှုမှာ သူ့ကို လုံးဝ ထိန်းချုပ်မှု လွတ်သွားစေခဲ့၏။ သူ့စိတ်က ငရဲထပ်အလွှာများထဲသို့ ကျဆင်းသွားကာ ချိပ်ပိတ်ခံလိုက်ရသည့်အလား။
သူ့ညာပခုံးကို ကြည့်သည့်အခါ ခုနစ်ရောင်စုံလက်သည်းက တစ်ဝက်တိတိ ကျုံ့သွားခဲ့ပေပြီ။
ဝမ်လင်းက ခုနစ်ရောင်စုံလက်သည်းခွံကို စူးစိုက်ကြည့်နေမိ၏။ သူက ထိုလက်သည်းခွံသာ လုံးဝ ပျောက်ကွယ်သွားခဲ့ပါက သူ့အရိုးများသည် ခုနစ်ရောင်စုံအဖြစ် လုံးဝ ပြောင်းသွားလိမ့်မည်ဟု ခံစားမိသည်။ ဤအခိုက်၌ ရူးသွပ်မှုဟာ တစ်ခဏသာ ဖြစ်သော်လည်း ခိုင်မြဲလှပေ၏။
“ဒါက ဘယ်လို အံ့ဖွယ်ရတနာမျိုးလဲ…” ဝမ်လင်း ညာဘက်ပခုံးထက်ရှိ ဒဏ်ရာက ခပ်မြန်မြန် ပြန်ကုသပြီးကာ ပျောက်ကွယ်သွားပြီး ခုနစ်ရောင်စုံလက်သည်းခွံကို ပြန်ဖုံးအုပ်သွားလေ၏။
ဒဏ်ရာကုသနေသည်ကို ငြိမ်သက်စွာ ကြည့်နေပြီးနောက် ဝမ်လင်းက မျက်လုံးမှိတ်၍ သူ့မူလစိတ်ဝိညာဉ်မှာ စတင်ရုန်းကန်၏။ သူက ၎င်းကို အပြင်အားတစ်ခုတည်းနှင့် မနှုတ်ယူနိုင်မှတော့ သူသည် သူ့မူလစွမ်းအင်နှင့်ရှေးဟောင်းနတ်ဘုရားစွမ်းအားတို့ကို အသုံးပြုကာ အားဖြင့် နှုတ်ယူကြည့်ရန် ကြိုးစားရပေတော့မည်။
နောက်သုံးရက် ကုန်သွားခဲ့ပြန်ပြီ။ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ခုနစ်ရောင်စုံအလင်းကိုကို ဖိနှိပ်၍သာ ထားနိုင်ပြီး ခုနစ်ရောင်စုံလက်သည်းခွံကို အားဖြင့် မထုတ်ပစ်နိုင်ပေ။
“ငါ ဒါကို ဖိနိုင်ထားရုံပဲဆိုရင် ဒါဟာ အဆုံးသပ်မှာ မဟုတ်တော့ဘူး။ အခု ငါ အကူအညီ လိုနေပြီ။ လုံလောက်တဲ့ ကူညီပေးမဲ့သူသာ ရှိရင်တော့ ငါ ဒီခုနစ်ရောင်စုံအလင်းတွေနဲ့ လက်သည်းခွံတို့ကို ထုတ်ပစ်နိုင်လောက်တယ်…”
ဝမ်လင်းသည် ကျောက်စိမ်းပုလင်းကို တိတ်ဆိတ်စွာ ကြည့်၏။ ဤကျောက်စိမ်းပုလင်းက အရှင်ဟွေစုန် သည်ခုနစ်ရောင်စုံနယ်မြေသို့ လာခဲ့ရသည့် အစစ်အမှန် အကြောင်းရင်းပင်။
ကျောက်စိမ်းပုလင်းကို ကိုင်ထားလျက် ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်၏။ ပုလင်းထဲတွင် အနက်ရောင်အရည်တစ်ဝက် ရှိနေ၏။ ၎င်းက သွေးနှင့်တူသည်။ သို့သော် သွေးနံ့မရချေ။
“ငါ အရှင်ဟွေစုန်ရဲ့ မူလစိတ်ဝိညာဉ်ကိုသာ ရခဲ့ရင် ဒီပုလင်းက ဘာလဲဆိုတာ သေချာ သိသွားလိမ့်မယ်။ ငါသာ မမှားခဲ့ရင် ဒါဟာ သူ့ကျင့်ကြံမှုအဆင့် တိုးတက်သွားဖို့ ကူညီပေးတာနဲ့ ပတ်သတ်နေလောက်တယ်…” သူက ကျောက်စိမ်းပုလင်းကို သူ့ဝတ်ရုံထဲသို့ ထည့်သိမ်းထားလိုက်ပြီး မတ်တပ်ထရပ်ကာ လှိုင်ဂူဝင်ပေါက်ရှိ ရှင်ခြင်းသေခြင်းအတားအဆီးကို ကြည့်သည်။ ထို့နောက် သူက ငွေရောင်အမျိုးသမီးကို ကြည့်သည်။
“နင်က ဒီရှင်ခြင်း၊သေခြင်းအတားအဆီးကို သိနေတာလား…”
ငွေရောင်အမျိုးသမီးက စဉ်းစားသွားသည်။ အချိန်အတန်ကြာပြီးမှ သူမက ခပ်တိုးတိုး ပြောလာ၏။ “အချို့တစ်ဝက်…အချို့ကို မှတ်မိတာပါ…”
“အတားအဆီးကို ဖွင့်လိုက်…” ဝမ်လင်းက အနည်းငယ် ခေါင်းဆတ်ပြ၏။
ငွေရောင်အမျိုးသမီးက လှိုဏ်ဂူဝသို့ လှမ်းလျှောက်သွားကာ သူမ၏ ကျောက်စိမ်းကဲ့သို့ လက်ဖြင့် ညင်သာစွာ အတားအဆီးကို ထိပုတ်သည်။ အတားအဆီးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။
ဝမ်လင်းက သည်ကိစ္စကို မမေးပေ။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ ရှုလီကောက စကားပြောရန် ပြင်၏။ သို့သော် သူ ပါးစပ်မဟနိုင်ခင်မှာပင် သူသည် သိုလှောင်နေရာလွတ်ထဲသို့ သူ့ကို ငွေရောင်အမျိုးသမီးနှင့်အတူ ပြန်ထည့်သိမ်းလိုက်သည်။
လှိုဏ်ဂူထဲကနေ ထွက်လာပြီးနောက် ဝမ်လင်းက အသက်ဝဝရှုသွင်းကာ သူ့ညာပခုံးထက်ရှိ နာကျင်မှုကို အံတင်းခံလျက် တဟုန်ထိုး ထွက်သွားလေ၏။ သူသည် ခုနစ်ရောင်စုံနယ်မြေ၏ အတွင်းဘက်သို့ သွားခြင်းမဟုတ်ဘဲ တောင်ကြားအလွန်ရှိ အပြင်ဘက်တောင်တန်းများထံသို့ ဦးတည်ခြင်းပင်။
ထိုနေရာတွင် တောင်ထိပ်ဖျား၌ ကြမ်းကြုတ်သောသားရဲများစွာဖြင့် ပြည့်နေ၏။
ထိုကြမ်းကြုတ်သောသားရဲများက ဝမ်လင်းအတွေးအရ သူ့ကို ကူညီပေးမည့်သူများပင်။
သူက တောင်ကြားများကို ဖြတ်၍ မြန်မြန်ဆန်ဆန် ပျံသန်းလာခဲ့ကာ ခုနစ်ရောင်စုံနယ်မြေ၏ အပြင်ဘက်ဒေသဆီ ဦးတည်လေ၏။ သိပ်မကြာခင်တွင် သူက အတွင်းဘက်ကို အပြင်ဘက်နှင့် ချိတ်ဆက်ပေးထားသော ဥမင်လမ်းကို မြင်ရသည်။ သူက တောင်ထိပ်ရှိ သိပ်သည်းသောမြူများကို စူးစိုက်ကြည့်လျက် သူ့မျက်ဝန်းမှာ တလက်လက် ဖြစ်နေ၏။
သူက သူ့ခေါင်းထဲရှိ အစီအစဉ်တိုင်း ဂရုတစိုက် လုပ်ရပေမည်။ ထို့နောက် ဝမ်လင်းက ပြတ်သားသည့်အကြည့်ကို ထုတ်ဖော်၏။ သည်ခရီးက အန္တရာယ်များလှသော်လည်း သူသာ ခုနစ်ရောင်စုံလက်သည်းခွံကို ထုတ်ပစ်နိုင်ပါက လာခဲ့ရတာ ထိုက်တန်ပေမည်။
“ငါ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ဘယ်လောက် မာကျောလဲ ကြည့်ရတာပေါ့…”
ဝမ်လင်း၏ခန္ဓာကိုယ်က အလင်းတန်းအဖြစ် ပြောင်း၍ သူသည် တောင်ထိပ်ထံသို့ တဟုန်ထိုး တက်သွား၏။
သူ တောင်ထိပ်နား မရောက်လာခင်မှာပင် မြူများထံမှ ဟိန်းသံတစ်ခုနှင့်အတူ ပေတစ်ထောင်ရှည်လျားသည့် သိမ်းငှက်တစ်ကောင် တရကြမ်း ပျံဝဲထွက်လာ၏။ ၎င်းက ဟိန်းသံပေးလျက် ဝမ်လင်းထံ ဦးတည်ဝင်လာ၏။ မြူများက ၎င်းနောက်တွင် ကပ်ပါလာသည်။
မြန်လွန်း၏။၎င်းက ချက်ခြင်း အနားရောက်လာသည်။ သိမ်းငှက်က ဝမ်လင်းကို ဝင်ဆောင့်လေသည်။ ဝမ်လင်းကလည်း မရှောင်ပေ။ သူက ၎င်းသိမ်းငှက်ကို ခုခံရန် သူ့ခန္ဓာကိုယ်ကိုသာ အသုံးပြု၏။
လူနှင့်သိမ်းငှက်တို့သည် တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်တွေ့လေပြီ။ ကျယ်လောင်စွာ မြည်ဟိန်းကုန်၏။ ဝမ်လင်းက နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်ရသည်။သူက ထိုဖိသိပ်အားကို လျော့ချပစ်ရန် မကြိုးစား၊ ထိုအင်အားများကို သူ့ညာဘက်ပခုံးထံ တရဟော စီးဝင်စေကာ သူ့အရေပြားကို ဖောက်ထွက်သွားစေသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ဝမ်လင်းသည် ခုနစ်ရောင်စုံအလင်းတို့ဖြင့် ဖုံးလွှမ်းထားသည်နှင့် တူနေပေမည်။
သိမ်းငှက်သားရဲက ဒေါသတကြီး ဟိန်းသံ ပြု၏။ သူလည်း နောက်သို့ လွင့်ထွက်သွားခဲ့ရသည်။၎င်းက ကောင်းကင်ထက်တွင် တစ်ပတ် ပျံဝဲပြီး နောက်တစ်ကြိမ် ဝမ်လင်းထံ တရကြမ်း တိုးဝင်လာပြန်သည်။
ဝမ်လင်း၏ စိတ်က တုန်ယင်နေ၏။ သို့သော် သူက မရပ်တန့်ပေ။ သူက မြူထဲသို့ တစ်ဖန် တိုးဝင်၏။ သည်အခိုက်အတန့်၌ ဟိန်းအော်သံများ ပဲ့တင်ထပ်လျက် နောက်ထပ်သိမ်းငှက်တစ်ကောင် မြူများကြားကနေ ထိုးထွက်လာ၏။ ၎င်းသည်လည်း ပေတစ်ရာခန့်မြင့်မားသည်။ သိမ်းငှက်နှစ်ကောင်က အနက်ရောင်အလင်းတန်းနှစ်ခုအဖြစ် ပြောင်းကာ ဝမ်လင်းထံ ထိုးစိုက်လာသည်။
ဝမ်လင်းက သူ့အား တောင်များစွာဖြင့် ဖိချရိုက်ချ လာသကဲ့သို့ ခံစားရ၏။ သူ့မျက်နှာသည် ပို၍ပင် ဖြူရောလာပြီး သူ့ပါးစပ်ထောင့်ကနေ သွေးများ စီးကျလာသည်။ သို့သော် သူ့မျက်လုံးတို့က တောက်ပလာ၏။
ဤသိမ်းငှက်နှစ်ကောင်က အဆင့်ဆယ့်နှစ်မြူသားရဲများပင်။သူတို့၏ ခွန်အားက အလွန်အစွမ်းထက်၏။ သို့ရာတွင် ဝမ်လင်းက ထိုဖိသိပ်အားကို သူ့ညာဘက်ပုခုံးဖြင့်သာ တောင့်ခံပေးသည်။ သူ့ခန္ဓာကိုယ် ပို၍ ဒဏ်ရာအပြင်းအထန် ရသွားလျှင်ပင် သူသည် ဘာပဲဖြစ်နေပါစေ ဤခုနစ်ရောင်စုံအလင်းကိုတော့ ထုတ်ပစ်မှ ရပေမည်။
သူ့ခန္ဓာကိုယ်တစ်ဝက်က ခုနစ်ရောင်စုံအလင်းတို့ ဖုံးနေခဲ့ပေပြီ။ ဝမ်လင်း၏ နည်းလမ်းအရ ဤသိမ်းငှက်နှစ်ကောင်က သူ့ကို ခုနစ်ရောင်စုံအလင်းအား ထုတ်ပစ်ရန် ကူညီပေးနေကြခြင်းဟုပင် ဆိုနိုင်၏။ ခုနစ်ရောင်စုံအလင်း တလက်လက် တောက်ပရင်း ၎င်းက သူ့ညာပခုံးထက်တွင် စုစည်း၏။
သိမ်းငှက်နှစ်ကောင် ဝမ်လင်း၏ခန္ဓာကိုယ်ကို ဆက်တိုက် တိုက်ခိုက်လာ၏။ သူ့ဒဏ်ရာများကလည်း ပိုပိုဆိုးလာ၏။ပါးစပ်မှ သွေးများပိုယိုစီးကျလာ၏။ သို့သော်သူ့မျက်နှာထက်၌ ကျေနပ်မှုတို့ ပြည့်နေသည်။
အခြေခံရင်းမြစ် ဒဏ်ရာမရသရွှေ့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်က ချက်ခြင်း ပြန်ကောင်းမွန်နိုင်ပေ၏။ သူက ဒဏ်ရာများကို အံ့ကြိတ်ခံနေရလျှင်ပင် သည် ခုနစ်ရောင်စုံလက်သည်းခွံကို ထုတ်ပစ်နိုင်သ၍ သူ ထိုနာကျင်မှုများကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ သူက တောင်ထိပ်ဖျားသို့ တရကြမ်း ထပ်တက်သွားနေ၏။
သည်အခိုက်အတန့်၌ ဝမ်လင်း၏ခန္ဓာကိုယ်က အကန့်အသတ် ရောက်လာ၏။ သူ့ညာပခုံးထက်ရှိ ခုနစ်ရောင်စုံအလင်းအားလုံးက ခုနစ်ရောင်စုံလက်သည်းခွံထံသို့ ပြန်လည် သိပ်သည်းကုန်ကြသည်။
သည်ဆက်တိုက်ရိုက်ချက်များအောက်တွင် ဤလက်သည်းခွံက ပြေလျော့ကာ ဝမ်လင်း၏အရိုးထဲမှ တွန်းထုတ်ခံရသည့် အရိပ်အယောင် ပြလာသည်။
ဤအခိုက်တွင် တောင်ထိပ်ထံကနေ ဟိန်းသံတစ်ခု ထပ်ထွက်ပေါ်လာပြီး တတိယမြောက်သိမ်းငှက် ပျံသန်းလာ၏။၎င်းက အလင်းတန်းအဖြစ် ပြောင်းကာ ဝမ်လင်း၏ ရင်ဘက်ထံ ဝင်စောင့်ပစ်သည်။
ဝမ်လင်း၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ ပြင်းထန်သောဖိအားက သူ့ခန္ဓာကိုယ်ကို ပျက်စီးသွားစေမတတ် ဖြစ်နေသည်။ သို့သော် သူ့မျက်လုံးထဲ၌ ကျေနပ်နေ၏။ သူက ရယ်မောကာ သူ့ညာဘက်ပခုံးကို အတင်းဆွဲဖြဲပစ်ရာ သွေးများ နေရာအနှံ့သို့ စီးကုန်၏။ ခုနစ်ရောင်စုံလက်သည်းခွံလည်း ထိုသွေးထဲ၌ ပါသွားလေသည်။
***
Good