“ငါက ဒီကို ရှေ့တန်းကနေပြီး ရန်သူတွေကို တိုက်ဖို့ လာတာကွ.။ မလောက်လေးစား တောက်တိုမယ်ရကိစ္စတွေကိုကိုင်တွယ်ရမှာ အောက်တန်းကျလွန်းတယ်” ပိုင်ရှောင်ချန်း၏ စွမ်းအားတို့ပေါ်ထွက်လာပြီး သူ၏ သြဇာညောင်းကာ ခန့်ညားသော အသံကြောင့် ကြားလိုက်ရသူအပေါင်းမှာ တုန်လှုပ်သွားကြလေသည်။ပေဟန်လဲ့၊ နတ်ဆရာနှင့် ကျားလဲ့တို့မှအပ မျက်လုံးအားလုံးမှာ ယခင်ကထက် စိတ်အားထက်သန်မှုများဖြတ်ပြေးသွားကြ၏။ ထိုလူသုံးယောက်တို့က သာမန်ဂိုဏ်းသားများထက် သူ၏စရိုက်အမှန်နှင့် အတော်ကလေးရင်းနှီးကျွမ်းဝင်သဖြင့် စိတ်ထဲတွင် သူ့ကို ဆဲရေးနေကြလေသည်။
ဂိုဏ်းစောင့်အကြီးအကဲမှာ တခဏမျှချီတုံချတုံဖြစ်သွား၏။ ထို့နောက် သူက ပိုင်ရှောင်ချန်းကို ကြည့်ပြီးပြောသည်။
” ခေါင်းဆောင်ငယ်..အဲဒါတွေက ခေါင်းဆောင်ကြီးတွေရဲ့ အမိန့်တွေပါ။ စစ်ကြောင်းနောက်က သိမ်းပိုက်ပြီးနယ်မြေတွေကို တည်ငြိမ်အောင်လုပ်တာက အရမ်းကိုအရေးကြီးပါတယ်”
စိတ်ထဲတွင် ပိုင်ရှောင်ချန်းက ကြိတ်သဘောကျနေသော်လည်း အပြင်ပန်းတွင်မူ သူက ငြင်းဆန်နေသည့်ပုံပင်။ ဂိုဏ်းစောင့်အကြီးအကဲမှာ ချော့မော့နားချနေဖို့ကလွဲပြီး မတတ်နိုင်တော့ချေ။ နောက်ဆုံး ဂိုဏ်းစောင့်အကြီးအကဲမှာ လက်မြောက်အရှုံးပေးလိုက်ပြီး နောက်ဆုတ်လိုက်လေသည်။ ထိုအခါမှ အံ့သြဖွယ်ပင် ပိုင်ရှောင်ချန်းက ရုတ်တရက် သဘောတူလိုက်၏။
သူက အံတင်းတင်းကြိတ်ပြီး အလွန်စိတ်မကျေမနပ်ဖြစ်နေသည့်ဟန်ဖြင့် ပြောသည်။
” ကောင်းပြီ၊ ရတယ်…. ခင်ဗျားကို ဒုက္ခပေးမနေတော့ပါဘူး ။ကျုပ် တာဝန်ကို လက်ခံတယ်”
ထိုသို့ပြောပြီး သူက လေပေါ်ပျံတက်သွားလေသည်။
“ဘယ်သူ ကျုပ် နဲ့နေမလဲ။ သိမ်းပိုက်ပြီးနယ်မြေတွေကို တည်ငြိမ်အောက်လုပ်ပြီး ဂိုဏ်းနှစ်ဂိုဏ်းနာမည်ရအောင်လုပ်ဖို့ ကျုပ်နဲ့အတူ ဘယ်သူပါဝင်ချင်လဲ”
ကျင့်ကြံသူအကုန်လုံးနီးပါ အော်ဟစ်လိုက်ကြသည်။
“ကျုပ် ခင်ဗျားနောက်က လိုက်ချင်တယ် သွေးကိုယ်တော် ”
“ကျုပ်ကိုထည့်စဥ်းစားပေးပါ.. ခေါင်းဆောင်ငယ်ရေ”
” ကျွန်တော်လည်း ပါချင်တယ်.. ဂိုဏ်းတူဦးလေးပိုင်”
မျက်စိတစ်မှိတ်အတွင်းမှါပင် ကျင့်ကြံသူရာပေါင်းများစွာ၏ အုပ်စုတစ်ဝက်ကျော်လောက်က ရှေ့တိုးလာကြသည်။ သူတို့ထဲတွင် ဧရာမသွေးဓားကြီးကို ဆင့်ခေါ်ခဲ့သည့် တပ်ဖွဲ့ပါဝင်ပြီး သူတို့က လေပေါ်ပျံတက်လာကြ၏။ လူတန်းကြီးမှာ မီတာရာချီရှည်လျားပြီး ကြောက်ခမန်းလိလိစွမ်းအားတို့ကို ထုတ်လွှတ်နေကြလေသည်။
ပေလန်လဲ့ကချက်ချင်းနောက်တွန့်သွားပြီး နတ်ဆရာက အစွန်းတွင်သွားရပ်လေသည်။ ကျားလဲ့မှာမူ သွေးသခင်နတ်မီးလျှံစမ်းသပ်ပွဲပြီးနောက် ပိုင်ရှောင်ချန်းကို သေလောက်အောင်ကြောက်နေပြီး သူ့ကိုတွေ့သွားမည်စိုး၍ ဆန့်ကျင်ဖက်လားရာကို မဆိုင်းမတွပြေးသွားလိုက်သည်။
ပိုင်ရှောင်ချန်းက သွေးဓားကြီးပေါ်သို့ ခြေချလိုက်ကာ တဟားဟားရယ်လိုက်သည်။ ထို့နောက် သူကလက်ကိုဝှေ့ယမ်းလိုက်သည်တွင် ဖုတ်ကောင်ပျံများနှင့်အတူ ဂါဂိုလီမွန်းစတားအမြောက်အမြား ပျံသန်းလာလေသည်။ တချိန်တည်းမှာပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း နှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားအားလုံးက သွေးဓားကြီးပတ်လည်တွင် နေရာယူရန် ပျံတက်လိုက်ကြသည်။
ပိုင်ရှောင်ချန်းက ထိုနေရာတွင် ရပ်နေပြီး အောက်ဖက်မြေပြင်ကို နားလည်ရန်ခက်ခဲသော အပြုံးဖြင့် ငုံ့ကြည့်လိုက်သည်။ ။
“ပေဟန်လဲ့၊ နတ်ဆရာ၊ ကျားလဲ့ မင်းတို့ငါ့ဆီကနေဘာလို့ပုန်းနေကြတာလဲ။ လာပါ..လာပါ… ။ ဒီတာဝန်အကောင်အထည်ပေါ်ဖို့ လာကူကြဦး”
ပေဟန်လဲ့၊ နတ်ဆရာ နှင့် ကျားလဲ့တို့အကုန်လုံး တုန်ရီသွားကြပြီး ကျိန်ဆဲလိုက်ကြ၏။ ဘယ်သူမှ မသွားချင်သည့်တိုင်အောင် ခေါင်းဆောင်ကြီးများထံမှ အမိန့်က ရှင်းလင်းလေသည်။ ပိုင်ရှောင်ချန်းက တာဝန်ကိုဦးဆောင်ရမည်ဖြစ်ပြီး သူနှင့်အတူသွားချင်သည့်မည်သူ့ကိုမဆို ရွေးချယ်ပိုင်ခွင့်ရှိသည်။
“ငါ.. ”
ပေဟန်လဲ့မှာ ငြင်းဆန်ချင်သော်လည်း ပိုင်ရှောင်ချန်းက သူ့ကိုမကြည့်ခင် စကားတစ်လုံးသာပြောလိုက်နိုင်သည်။
“ခေါင်းဆောင်ကြီးတွေက ငါ့ကို ဓမ္မအမိန့်တစ်ခုပေးလိုက်တယ်”
ပေဟန်လဲ့မှာ အံတင်းတင်းကြိတ်ပြီးနောက် စိတ်ဓာတ်ကျလျက် ဓားပေါ်ပျံတက်လိုက်သည်။ နတ်ဆရာ နှင့် ကျားလဲ့မှာ စိတ်ထဲတွင် အော်ဟစ်နေသော်လည်း သူတို့မလွတ်နိုင်မှန်းသိလေသည်။ ရွေးချယ်စရာမရှိတော့သည့်အဆုံး သူတို့က ပျံတက်ကာ ထိုအဖွဲ့တွင်ပူးပေါင်းလိုက်သည်။
“ဒီလိုမှပေါ့ ။ ကောင်းပြီ..သွားကြရအောင်။” ပိုင်ရှောင်ချန်းက ထပ်ရယ်လိုက်ပြီးနောက် အကျီလက်ကိုခါကာ ဧရာမဓားကြီးကိုလွှတ်လိုက်ပြီး ကျင့်ကြံသူရာပေါင်းများစွာနှင့်အတူ ခမ်းနားကြီးကျယ်စွာ ပျံသွားလေသည်။
ပိုင်ရှောင်ချန်းက ဘယ်တော့မှ အထင်ကြီးဖွယ်ကို မခံစားခဲ့ဖူးချေ ။ သူက မရေမတွက်နိုင်သော ဂါဂိုလီများ၊ သန့်စင်ပြီးရုပ်အလောင်းတို့နှင့် ပတ်ပတ်လည်ကျင့်ကြံသူများစွာကိုကြည့်ရင်းဓားကြီးထိပ်တွင် တင်ပျဥ်ခွေထိုင်နေလေသည်။ ပေဟန်လဲ့၊ နတ်ဆရာနှင့် ကျားလဲ့တို့မှာ အလွန်တရာစိတ်ဓာတ်ကျစိတ်ပျက်နေသည်ကို အတူတကွမြင်နေရခြင်းကြောင့် ပိုင်ရှောင်ချန်းက သူ့ကိုယ်သူအင်မတန်ဂုဏ်ယူနေလေသည်။
“စစ်တိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပုံပဲ ” သူကတွေးလိုက်သည်။ “စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာတုန်းက ငါဒီလိုပြဖို့ ဘယ်တော့မှ အခွင့်မသာခဲ့ဘူး။ ဘယ်သူကများ ငါဒီမှာ မှန်မှန်ကန်ကန်လုပ်နိုင်မယ်လို့ ထင်မလဲ” ထိုသို့ပြောပြီး သူက သူ့ကိုယ်သူလက်ညှိုးထိုးလိုက်၏။
“ဂိုဏ်းတူ တူလေး၊ တူမလေးတို့.. ငါတို့ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းကို သိမ်းပိုက်မလို့.. လာကြဟေ့”
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားအနက်တစ်ယောက်က အတော်ပါးနပ်လေသည်။ ပိုင်ရှောင်ချန်း၌ အဆင့်မြင့်စိတ်စွမ်းအင်များရှိသည်ကိုတွေ့သောအခါ သူက ဓားနားတိုးကပ်သွားပြီး အဆုတ်ကွဲလုမတတ်အော်လိုက်သည်။
“အလယ်တောင်ထိပ်သွေးသခင်မှာ အဆုံးအစမဲ့မှော်စွမ်းအားတွေရှိတယ်ကွ”
ဘေးပတ်လည်ရှိအခြားကျင့်ကြံသူအတော်များများမှာ လန့်သွားကြပြီး ပိုင်ရှောင်ချန်းပင်လျှင် ထိုလူငယ်ကို တအံ့တသြလှမ်းကြည့်လိုက်သည်။ လူငယ်မှာ လူအများကြီးစိုက်ကြည့်နေကြသောကြောင့် အနည်းငယ်ရှက်သွားဟန်ရှိပြီ မျက်နှာပင်နီရဲလာလေသည်။ မြှောက်ဖားလိုက်သည်မှာအတော်များသွားကြောင်းသူတွေးလိုက်သည်တွင် ပိုင်ရှောင်ချန်းက ခေါင်းနောက်လှန်ကာ ဝါးလုံးကွဲမတတ်အော်ရယ်လိုက်သည်။
“နောက် ဒီလိုစကားမျိုးမပြောနဲ့.. ။ ကျုပ်က ဖြောင့်မတ်တဲ့ ပွင့်ပွင့်လင်းလင်းသမား..မြှောက်လုံးပင့်လုံးတွေကို လုံးဝမကြိုက်ဘူးကွ။ ကဲကဲ.. ဒီဆေးလုံးယူကွာ” ပိုင်ရှောင်ချန်းမှာ အမှန်တကယ်တွင် အလွန်ကျေနပ်နေသဖြင့် သူ့မျက်နှာအမူအရာနှင့် စကားလုံးတို့လုံးဝ ရှေ့သွားနောက်လိုက်မညီပေ။ အမှန်တွင် သူက အဆင့်သုံးစိတ်စွမ်းအင်ဆေးလုံးပစ်ပေးလိုက်ကာ အားပေးအားမြှောက်ပြုနေသည့်ပုံပေါ်နေသည်။
လူငယ်မှာ အလွန်စိတ်လှုပ်ရှားသွားပြီး ပိုင်ရှောင်ချန်းကသူ့ကို ချီးမြှောက်လိုက်သည်ကိုကြည့်ပြီး ပိုကျယ်ကျယ် အသံမြှင့်ကာ ပြော၏။
” ဒါက ကျုပ်တို့ရဲ့တကယ့် ရင်တွင်းခံစားချက်ဗျ။ ဖားနေတာမဟုတ်ဘူး.။ အလယ်တောင်ထိပ်သွေးသခင်မှာ အဆုံးအစမဲ့မှော်စွမ်းအားတွေရှိတယ်ဗျို့”
အခြားသွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတို့မှာ မျက်လုံးပြူးသွားကြပြီး အထူးသဖြင့် ပိုင်ရှောင်ချန်းက စိတ်စွမ်းအင်ဆေးအချို့ ချီးမြှင့်လိုက်သည်တွင်ဖြစ်သည်။ သူတို့မျက်လုံးတို့တွင် တောင့်တစိတ်များတောက်လောင်လာပြီး သူတို့လဲ ဝင်ရောက်အော်လိုက်ကြသည်။ “အလယ်တောင်ထိပ်သွေးသခင်မှာ အဆုံးအစမဲ့ မှော်စွမ်းအားတွေရှိတယ်ဗျို့”
လူပေါင်းတစ်ရာကျော်မှာ တစ်ခုတည်းကို တညီတညွတ်တည်းအော်နေကြသဖြင့် ပိုင်ရှောင်ချန်းမှာ ပီတိဖြာနေလေသည်။ ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်ပြီး သူကဆေးလုံးအချို့အား ဆုအဖြစ်ပေးလိုက်လေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူရာကျော်မှာ ဖြစ်ပျက်နေသည်များနှင့်ပတ်သက်ပြီး သဘေါမတွေ့ကြပေ။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများကို မျက်စောင်းထိုးကြည့်ပြီး သူတို့လဲ အော်လာကြသည်။
“စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ကောင်းကင်တာအို တန်ခိုးရှင်က တစ်လောကလုံးကို လှုပ်ရမ်းပစ်နိုင်တယ်ကွ”
ပိုင်ရှောင်ချန်းမှာ တုန်လှုပ်ကာ အလွန်တရာ စိတ်လှူပ်ရှားနေ၏။ မျက်လုံးများတလက်လက်တောက်ပလာပြီး နှလုံးတို့တဒိတ်ဒိတ်ခုန်လာလေသည်။ သူ၏ အိတ်ကိုပုတ်လိုက်ပြီး စိတ်စွမ်းအင်ဆေးအမြောက်အမြားအား ထုတ်လိုက်သည်။ နှစ်ဂိုဏ်းလုံးမှ ဂိုဏ်းသားများက အရိပ်ပြအကောင်မြင်ပြီး သူတို့က ပိုင်ရှောင်ချန်းပတ်လည်တွင် စုပြုံလာကြကာ အဆုတ်ကွဲမတတ်အော်လျက် ပျံသန်းနေကြသည်။
“အလယ်တောင်ထိပ်သွေးသခင်မှာ အဆုံးအစမဲ့မှော်စွမ်းအားတွေရှိတယ် ၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ကောင်းကင်တာအိုတန်ခိုးရှင်က တစ်လောကလုံးကို လှုပ်ရမ်းပစ်နိုင်တယ်”
ပေဟန်လဲ့၊ နတ်ဆရာနှင့် ကျားလဲ့တို့သည်သာလျှင် အံကြိတ်ထားကြသည်။ သူတို့က ပိုင်ရှောင်ချန်းကို အထင်သေးပြီး ဖားယားရန်စိတ်မကူးချေ။ သေသွားလျှင်တောင်မှ ဖားမည်မဟုတ်ပေ။
ပိုင်ရှောင်ချန်းက အလွန်အမင်းကျေနပ်နေသော်ငြား မထောင်လွှားနေသင့်ကြောင်း သတိပြုမိလိုက်သည်။ လက်ကိုဝှေ့ယမ်းလိုက်ပြီး သူက ပြော၏။
” ကဲကဲ..ကောင်းပြီ.. အသာနေပါ ကိုယ့်လူတို့ရာ…. အသာနေပါ”
တခမ်းတနားကြီးကျယ်စွာဖြင့် ဂိုဏ်းနှစ်ဂိုဏ်းက သိမ်းပိုက်ပြီးဖြစ်သည့် ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနယ်မြေကို ဆက်သွားလိုက်သည်။
များမကြာမီ ထိုအုပ်စုက ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏အစိတ်အပိုင်းဖြစ်ခဲ့ဖူးသော ကျင့်ကြံသူမျိုးနွယ်စု၏နေရာတောင်ကြားဒေသသို့ရောက်သွားကြသည်။ကျူးကျော်သိမ်းပိုက်ထားသဖြင့် သူတို့က အညံ့ခံထားသည့်တိုင်အောင် မျိုးနွယ်စုထဲကအတော်များများမှာ ဆန်းကြယ်နတ်ရေစဥ်ဂိုဏ်းကို သစ္စာရှိနေသေးသည်။ သူတို့က လိုက်လျောနေကြသော်လည်း ကြိတ်ပြီး သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ကို မုန်းနေကြလေသည်။
ထိုအခိုက်အတန့်တွင် ခေါင်းဆောင်ကြီးနှင့်အခြားမျိုးနွယ်ဝင်များက နောက်လှုပ်ရှားမှုအတွက် ဆွေးနွေးနေကြသည်။
“စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက တော်တော်လွန်တယ်ဗျာ ။ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနဲ့ မဟာမိတ်ဖြစ်ခဲ့ပေမယ့် အခုတော့ ကျုပ်တို့ကို သစ္စာဖောက်သွားပြီ”
“ဟမ်းး. သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းလဲ ဘာထူးတုန်း ။သူတို့မှာ သဘာဝလူသတ်သမားတွေ မိစ္ဆာကျင့်ကြံသူတွေတစ်ပုံတစ်ခေါင်းကြီးရှိတာပဲ။ အနှေးနဲ့အမြန် သူတို့ကို ဘုရားက ဒဏ်ခတ်ဦးမှာ”
သူတို့က ခန်းမထဲတွင် ခံပြင်းဒေါသစိတ်များဖြင့် ထိုင်နေကြစဥ် အံ့မခန်းဖိအားကြီးတစ်ခုက သူတို့အပေါ်သက်ရောက်လာလေသည်။
ထို့နောက် အေးစက်စက်အသံတစ်ခုကို သူတို့နားတွင် ကြားလိုက်ရသည်။ “လူတိုင်း ကျုပ်တို့ရဲ့ သွေးသခင်ကို ဂါဝရပြုဖို့ အခုချက်ချင်းထွက်လာကြပါ”
ချက်ချင်းလက်ငင်းပင် ကျင့်ကြံသူအားလုံး၏မျက်နှာများမှာ အိုဇာသွားလေသည်။
မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးက အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်တွင်ဖြစ်သည်။ မျိုးနွယ်ဝင်ရောင်ရင်းများနှင့်အတူ မျက်နှာပျက်လျက် သူက ခန်းမထဲမှ ထွက်လာလေသည်။
အနည်းငယ်ကြာပြီးနောက် မိုးပေါ်တွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတို့မှ ကျင့်ကြံသူနှစ်ရာကျော်ခြံရံလျက် ဧရာမသွေးရောင်ဓားကြီးပေါ်လာလေသည်။
မိုးကြိုးကဲ့သို့ ထစ်ခြုန်းမြည်ဟည်းနေသော ဟစ်ကြွေးသံကြီးများဝန်းရံလျက် ဓားပေါ်တွင် ရပ်နေသည်မှာ ပိုင်ရှောင်ချန်းဖြစ်လေသည်။
“အလယ်တောင်ထိပ်သွေးသခင်မှာ အဆုံးအစမဲ့မှော်စွမ်းအားတွေရှိတယ် ၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကောင်းကင်တာအိုတန်ခိုးရှင်က တစ်လောကလုံးကို လှုပ်ရမ်းပစ်နိုင်တယ်”
ကျင့်ကြံသူမျိုးနွယ်စုမှ လူများမှာ တအံ့တသြမော့ကြည့်ရင်း တုန်လှုပ်နေကြသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက တောင်ကြားတစ်ခုလုံးကို သိမ်းကျုံးကြည့်လိုက်လေသည်။
သူ၏တာဝန်မှာ သိမ်းပိုက်ပြီးနယ်မြေများကို လှန်လှောပြီး ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ပုန်ကန်သူတို့ကို ပိုက်စိတ်တိုက်ရှာရန်ဖြစ်သည်။ ထို့အပြင် သူက ထိုကဲ့သို့ပုန်ကန်သူများကိုရှာရန်အတွက် ခြေဦးတည့်ရာ လျှောက်သွားနေခြင်းမဟုတ်ပေ။ သူ့တွင် သစ္စာရှိသူပုန်များဖြစ်ကြောင်းသံသယရှိသည့် ကျင့်ကြံသူ၃၇ဦးကို ဖော်ထုတ်ခွဲခြားပြထားသော ကျောက်စိမ်းပေလွှာရှိပြီး ထိုလူတစ်ယောက်စီအား ညွှန်ပြနိုင်နေလေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကနဦးစစ်ဆေးချက်များအရ ထိုမျိုးနွယ်စုများ၏ ၃၇ယောက်လုံးတွင် အလွန်အမင်းမသင်္ကာဖွယ်အချက်များရှိနေသဖြင့် အတွင်းကျကျစစ်ဆေးရန်လိုလေသည်။ လွှတ်ငြိမ်းခွင့် ပေးသင့်၊ မပေးသင့်၊ သုတ်သင်ရှင်းလင့်သင့်၊ မသင့်တို့က ပိုင်ရှောင်ချန်း၏ အကဲဖြတ်မှုအပေါ်မူတည်သည်။ ကျေးဇူးတင်စရာကောင်းစွာပင် ကျောက်စိမ်းပေလွှာတွင် ၄င်းကို ဆုပ်ကိုင်ထားသည့်လူ၏ အငွေ့အသက်တို့ကို စစ်ဆေးကာ ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ မည်သည့်အဖွဲ့ဝင်ဖြစ်ကြောင်း တိုက်ရိုက်ညွှန်ပြမည့် အံ့မခန်းလုပ်ဆောင်ချက်ပါလေသည်။
ရှေ့ရှိ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကြောင့် ကျင့်ကြံသူမျိုးနွယ်စုဝင်များမှာ တုန်လှုပ်သွားကြသည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး မျိုးနွယ်စုခေါင်းဆောင်ကြီးက လက်ယှက် ပြီး ခေါင်းငုံ့ကာပြော၏။ “သွေးသခင်ကို …ဂါဝရပြုပါတယ်.”
ပိုင်ရှောင်ချန်းက ခွန်းတုံ့မပြန်ချေ။ သူ၏နဖူးရှိ ကောင်းကင်တံတား ဓမ္မမျက်လုံးပွင့်လာသည်တွင် လိုက်ကာဖယ်လိုက်သကဲ့သို့ ဖြစ်သွား၏။ သူက တောင်ကြားဒေသ၏ အကာကွယ် အတားအဆီးအလုံးစုံကို မြင်ပြီး မြေအောက်တွင် ရှေးသင်္ချိုင်းဂူများအား ဖုံးကွယ်ထားသည်ကို အလျင်အမြန်သတိထားမိလိုက်သည်။
ထိုရှေးသင်္ချိုင်းဂူများထဲတွင် လူရှစ်ဦး တင်ပျဥ်ခွေထိုင်ကာ သူတို့ကိုယ်သူတို့ ပြန်လည်ကုသနေကြသည်။ ပိုင်ရှောင်ချန်းကသူတို့ကိုတစ်ခါမှမမြင်ဖူးသော်လည်း သူတို့၏ဒဏ်ရာဒဏ်ချက်များ၊ အဝတ်အစားများနှင့် သူတို့ကိုယ်ပေါ်ရှိဆန်းကြယ်နတ်ရေစင်ဂိုဏ်းမှော်အငွေ့အသက်တို့ကို အခြေခံ၍ သူတို့မှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းသေချာသွား၏။ချက်ချင်းပင် သူ့လက်ထဲရှိ ကျောက်စိမ်းပေလွှာမှာ တလက်လက် တောက်ပလာလေသည်။