Switch Mode

အပိုင်း (၁၂၄၆)

တစစီဖြစ်သွားသော သံလိုက်အိမ်မြှောင်

ဝမ်လင်း၏မျက်နှာသည် သွေးမရှိဘဲ ဖြူရောနေလေ၏။ သူ့ပါးစပ်ထောင့်ကနေလည်း သွေးများစီးကျနေသည်။ သူက ထက်ပိုင်းပြတ်သွားသည့် သံဓားအပါအဝင် သူ့ရတနာများအားလုံးကို သိမ်းဆည်းကာ အကွာအဝေးတစ်ခုထိ နောက်ဆုတ်သွား၏။ အရှင်ဟွေစုန် စေလွှတ်ခဲ့သော သွေးစဦးစိတ်ဝိညာဉ်များမှာလည်း မလွတ်မြောက်နိုင်ဘဲ ဝမ်လင်း၏ တိုက်ပွဲစိတ်ဝိညာဉ်များ ဖမ်းဆီးခြင်းကို ခံရသည်။

သူ့အမြင်က ဝေဝါးနေ၏။ သူ့ညာဘက်ပခုံးထက်ကနေ အပြင်းအထန် နာကျင်လျက် ရှိသည်။ သူသည် သတိလွတ်မလို၊ အသိလွတ်မလိုပင် ဖြစ်နေ၏။ သူ့ရှေ့တွင် လမ်းများစွာ ဝေဝေဝါးဝါး ရှိနေသကဲ့သို့ မြင်လျက်ရှိသည်။

ဧရာမသံလိုက်အိမ်မြှောင်ကတော့ ကောင်းကင်ထက်တွင် ရွှေ့လျားကာ ဝမ်လင်းကို နောက်ယောင်ခံလိုက်လာနေ၏။

၎င်းသံလိုက်အိမ်မြှောင်က မြန်ဆန်စွာ လှည့်ပတ်နေရင်း ပြင်းထန်သောဖိအားတစ်ခု ပေါ်လာကာ ထွက်ပြေးနေသော ဝမ်လင်းထံ သတ်သတ်မတ်မတ် ကျရောက်နေသည်။ အခုချိန်တွင် ဝမ်လင်းက အလွန်အားနည်းနေကာ ထိုဖိအားအောက်၌ သူသည် ယိမ်းထိုးလုနီးနီး ဖြစ်နေ၏။

ဤအခိုက်အတန့်၌ သံလိုက်အိမ်မြှောင်ထံကနေ ကျယ်လောင်စွာ မြည်ဟည်းသံ ကြားရပြီး ၎င်းက ပို၍ပင် မြန်မြန်ဆန်ဆန် လှည့်ပတ်လာ၏။ ခုနစ်ရောင်စုံအလင်းတို့က အနှီသံလိုက်အိမ်မြှောင်ထဲသို့ အရူးအမူး စုစည်းကာ သိပ်မကြာခင်တွင် မရေမတွက်နိုင်သော ခုနစ်ရောင်စုံစာလုံးများဟာ သံလိုက်အိမ်မြှောင်ပတ်လည်တွင် ပေါ်လာပေပြီ။

ဝမ်လင်း စိတ်ထဲတွင် အန္တရာယ်အငွေ့အသက် ပျံ့နှံ့လာသည်။ ထိုကဲ့သို့ အန္တရာယ်ရှိသည်ဟု ခံစားမိသည့်အခိုက်တွင် ဝမ်လင်းက သူ့လျှာထိပ်ကို ခပ်ကြမ်းကြမ်း ကိုက်ချကာ သတိပြန်ဝင်လာစေသည်။ ထိုအခိုက်အတန့်၌ သံလိုက်အိမ်မြှောင်ထံကနေ မရေမတွက်နိုင်သောမှော်စာလုံးများ ဆင်းသက်လာချေ၏။

ထိုမှော်စာလုံးများ ကျဆင်းလာချိန်တွင် ဝမ်လင်းက အံတင်းတင်းကြိတ်ကာ သူ့ဘယ်လက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ပြီး သုံးမြှောင့်ခရင်းခွကို ဖမ်းကိုင်လိုက်သည်။ မှော်စာလုံးများက ကောင်းကင်ကို တဝီဝီ ဖြတ်သန်းလာကာ မိုးရွာသကဲ့သို့ ကျဆင်းလာကြသည်။

ကျယ်လောင်စွာမြည်ဟည်းသံတို့ ပဲ့တင်ထပ်၏။ ဝမ်လင်းမှာ သွေးအန်ရ၏။ ထိုမှော်စာလုံးများစွာက သူ့ခန္ဓာကိုယ်ထက်သို့ ကျရောက်လာကာ ခပ်နက်နက်အမှတ်အသားအရာများ ချန်ခဲ့၏။ ထိုအမှတ်အသားတစ်ခုစီတိုင်းက ဝမ်လင်း၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။

သူ့မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်လာ၏။ ထိုအရာကား ဝမ်လင်း၏ အကျင့်စရိုက်တည်း။ ပို၍ အရေးအကြောင်း ကြုံရလေလေ၊ ပို၍ အန္တရာယ်များလာလေလေ သူသည် ပို၍ တည်ငြိမ်လေပင်။ သို့သော် ထိုတည်ငြိမ်မှုအတွင်း၌ ရူးသွပ်မှုအရိပ်အယောင် ပါ၏။

တည်ငြိမ်မှုနှင့်ရူးသွပ်မှုတို့က ဆန့်ကျင်ဘက်များတော့ မဟုတ်ပါ။ တည်ငြိမ်စွာ ဆုံးဖြတ်နိုင်စွမ်း၊ ရူးသွပ်စွာလုပ်ဆောင်ပစ်ခြင်းတို့ မည်လေ၏။

ထိုသံလိုက်အိမ်မြှောင်ကို ဖျက်စီးပစ်မှ ဖြစ်ပေမည်။ မဟုတ်ပါက ၎င်းသည် ဝမ်လင်းနောက်သို့ ဆက်လိုက်လာကာ သူ့အား အန္တရာယ်ထဲ ဆွဲခေါ်ပေတော့မည်။ ထို့အပြင် သည်သံလိုက်အိမ်မြှောင်သာ သူ့နောက်သို့ တောက်လျှောက်လိုက်နေပါက ဝမ်လင်းသည် ဤနေရာရှိ သူ့ရန်သူနှစ်ယောက်၏ သားကောင် ဖြစ်သွားပေလိမ့်မည်။

ဝမ်လင်းက သူ့ဘယ်လက်ဖြင့် သုံးမြှောင့်ခရင်းခွကို ကိုင်လျက် သူ့မျက်လုံးထဲရှိ ရူးသွပ်ဟန်က ပိုအားကောင်းလာသည်။ သူက အခုလိုမျိုး သတိအပြည့်ရှိနေချိန် မည်မျှ ကြာမည်ကို မသိပေ။ သူ့ဒဏ်ရာများကလည်း ပိုပို ဆိုးလာနေပြီး သူက အချိန်မရွေး အသိစိတ်လွတ်သွားနိုင်သည်။ ထို့ကြောင့် သူသည် ဤသံလိုက်အိမ်မြှောင်ကို ဖျက်စီးပြီး ဒဏ်ရာကုသဖို့ နေရာ ရှာရပေမည်။

အချိန်ကား ရွှေ ဖြစ်၏။ ဝမ်လင်းက အသက်ဝဝရှုသွင်း၏။ သူ့မျက်လုံးထဲတွင် တိုက်ပွဲဆာလောင်စိတ်တို့ ပြည့်နှက်လာသည်။ သူ့ဘယ်မျက်လုံးထဲတွင် မီးတောက်များ ပြည့်လာကာ အနီရောင်ဟင်္သာငှက်ချပ်ဝတ်က ဝမ်လင်းဘေးပတ်လည်တွင် ပေါ်လာလေ၏။ တစ်ချိန်တည်းမှာ သူ့ညာမျက်လုံးထဲတွင်လည်း မိုးကြိုး လင်းလက်ကာ သူ ရှိနေသည့် ပေတစ်သောင်းဧရိယာက မိုးကြိုးကန် ဖြစ်လာပေပြီ။

မိုးကြိုးသံများ ဝုန်းဒိုင်းကျဲ မြည်နေလျက် လျှပ်စီးတို့က မြေပြင်အနှံ့တွင် မြွေများအလား။ မြေပြင်ထက်ကနေပင် တစီစီအသံများ ထွက်ပေါ်လာ၏။ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားလက်ကျန်သည်လည်း သူ့ညာလက်ကနေ ထွက်ခွာကာ ဘယ်လက်ဖြင့် ကိုင်ထားသည့် သုံးမြှောင့်ခရင်းခွထဲသို့ စုဝေးလာသည်။

ချက်ခြင်းလိုလို ကောင်းကင်နှင့်မြေကြီးကို ဖိဆန်သည့် မိုးကြိုးမြည်ဟည်းသံ ပေါ်လာပြီး ဝမ်လင်းက မြေပြင်ထက်ကနေ ခုန်တက်၏။ ရုတ်တရက် မီးတောက်ပင်လယ်များ ပေါ်လာကာ ဟင်္သာငှက်တစ်ကောင်သည် ဝမ်လင်းဘေးနားတွင် ပေါ်လာ၏။ ဝမ်လင်းက လောကရှိ မီးအားလုံးကို ထိန်းချုပ်ပစ်သည့်အလား ထင်မှတ်ရပြီး သူက သံလိုက်အိမ်မြှောင်ထံ တိုးဝင်သွားသည်။

သူ တိုးဝင်လာချိန်၌ မိုးကြိုးသည် ဝုန်းဒိုင်းကျဲ တုန်ဟည်းကာ လေထဲသို့ ဝမ်လင်းနှင့်အတူ ပျံသန်းတက်လာ၏။ မိုးကြိုးများက ဝမ်လင်းနှင့်အတူ မြင့်တက်ကာ မိုးကြိုးတောင်တစ်ခု ဖြစ်ပေါ်၏။

ဝမ်လင်းက ထိုတောင်ထိပ်တွင် ရှိ၏။ မိုးကြိုးတောင်က ကြီးမားလာကာ တဖြည်းဖြည်းဖြင့် ဝမ်လင်း၏ခန္ဓာကိုယ်အပြင်ဘက်တွင် သိပ်သည်းလေ၏။ ဝမ်လင်းက ထိုမိုးကြိုးတောင်ကို စုပ်ယူလိုက်သလိုမျိုး အလားပင်။

မီးနှင့်မိုးကြိုးစွမ်းအားတို့နှင့်အတူ ဝမ်လင်းသည် မီးနှင့်မိုးကြိုးတို့ဖြင့် ဖုံးအုပ်နေသည်။ သူက သုံးမြှောင့်ခရင်းခွကို ကိုင်လျက် ရှေ့သို့ တိုးလာကာ သူ့ကိုယ်ပိုင် ကောင်းကင်ဘုံကို ဖိဆန်သည့် ကျင့်ကြံခြင်းလမ်းကြောင်းကို ရှာဖွေလေ၏။

သူ့အမြန်နှုန်းမှာ မြန်သထက်မြန်လာ၏။ မရေမတွက်နိုင်သော မှော်စာလုံးများက သံလိုက်အိမ်မြှောင်ပတ်လည်တွင် ပေါ်လာခိုက်မှာပင် သူသည် အနားရောက်လာ၏။ ဝမ်လင်း ကောင်းကင်ကို ထွင်းဖောက် ချိုးဖျက်လာသည့် အသံမှာ ကျယ်သထက်ကျယ်လောင်လာသည်။

“ဆန်းကြယ်ကိုးခု အသွင်ပြောင်းခြင်း…” ဝမ်လင်း၏မျက်လုံးတို့က ချင်းချင်းနီရဲလျက် မထင်မှတ်စွာပင် သူက အစိတ်အပိုင်းကိုးခုအဖြစ်သို့ ခွဲထွက်ပြီး သည့်နောက် တစ်ခုတည်းအဖြစ်သို့ ပြန်ပေါင်းစည်းသည်။

ဟင်္သာငှက်အော်မြည်သံ ပဲ့တင်ထပ်မှုနှင့်အတူ ဝမ်လင်းသည် သံလိုက်အိမ်မြှောင်ထံ သွားနေရင်း သူ့ပုံရိပ်မှာ တလျှံငြီးငြီး တောက်ပလေ၏။ သူက အရင်ထက် မြန်ဆန်လာကာ သံလိုက်အိမ်မြှောင်ထံ ဝင်စောင့်သည်။ တုန်ဟည်းသံများ အရူးအမူး ပဲ့တင်ထပ်ကုန်၏။ လှည်ပတ်နေသော သံလိုက်အိမ်မြှောင်က တုန်ခါကာ စတင် ပျက်စီးသည်။ အရင်ဆုံး ၎င်းက စတင်အက်ကွဲလေ၏။ သို့သော် သိပ်မကြာခင်တွင် အက်ကြောင်းများက သံလိုက်အိမ်မြှောင်အပြည့် ပြည့်နှက်သည်။

ထို့နောက် ဘန်းခနဲ ပေါက်ကွဲကာ ၎င်းသည် တစစီ ဖြစ်သွားချေ၏။

မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် ပြန့်ကြဲလျက် ပျက်စီးသွားသည့် သံလိုက်အိမ်မြှောင်က‌နေ အနီရောင်ပုံရိပ်တစ်ခု ပျံသန်းထွက်လာ၏။ ၎င်းပုံရိပ်က မိုးကုပ်စက်ဝန်းထဲ ပျောက်ကွယ်မသွားခင် တစ်ချက်ပင် လည်ပြန်မကြည့်သွားပေ။

ထိုပုံရိပ်က လွင့်ပျောက် သွားသော်လည်း သံလိုက်အိမ်မြှောင်၏ ပျက်စီးမှုအသံက ခုနစ်ရောင်စုံနယ်မြေတစ်ခုလုံး အနှံ့ ပဲ့တင်ထပ်ပေသည်။ ထိုအခါ၌ ဤနယ်မြေ၏ အပြင်ဘက်ဒေသတွင် မြူသားရဲများစွာသည် မြန်ဆန်စွာ သိပ်သည်းကာ ပဲ့တင်သံ ထွက်ပေါ်လာသည့် နေရာထံသို့ ကြည့်သည်။

ဟိုဟိုဒီဒီသွားလာနေသော အသိမဲ့သူများပါ ရပ်တန့်ကုန်ကြ၏။ သူတို့လည်း ခေါင်းမော့ကာ ပေါက်ကွဲသံထွက်ပေါ်ရာ နေရာထံ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။ သွန်းမူအမည်ရ ကောင်လေးသည်လည်း ထိုအသိမဲ့သူများထဲတွင် တစ်ယောက် ဖြစ်နေလေပြီ။

ခုနစ်ရောင်စုံနယ်မြေ အပြင်ဘက်ဒေသတွင် တောင်တစ်လုံးအတွင်း ကွယ်ဝှက်စွာရှိသည့် လှိုဏ်ဂူတစ်ခု ရှိလေ၏။ ထိုလှိုဏ်ဂူအတွင်း၌ ဗလတောင့်တောင့်လူကြီးတစ်ယောက် ထိုင်နေလျက် ရှိသည်။ ထိုသူ့မျက်နှာက ဖြူရောလေ၏။ သူ့အဝတ်အစားတို့မှာလည်း သွေးများဖြင့် စွန်းထင်းနေသည်။ ရုတ်တရက် သူက မျက်လုံးဖွင့်လာကာ သူသည် တုန်ဟည်းသံနှင့် တုန်ခါလှိုင်းကို ခံစားမိ၍ ပင့်သက်ရှိုက်မိသည်။

ထိုသူက ချန်ထျန်ကျွင်း ဖြစ်၏။

အတွင်းဘက်နယ်မြေ တောင်ကြားအပြင်ဘက်ရှိ အတားအဆီးအစီအရင်ထဲတွင်တော့ အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက ပိတ်မိနေလျက်ပင်။ သူမအဖို့ အချိန်တိုအတွင်း မလွတ်မြောက်နိုင်ပေ။ သူမက အတားအဆီးများစွာ၏ တိုက်ခိုက်မှုများကို ခုခံနေရ၏။ သူမ၏မျက်နှာမှာ ဖြူရောနေသည်။ သို့သော် သူမ၏မျက်လုံးထဲတွင် လက်မခံနိုင်မှုတို့ အထင်းသားပင်။ သူမ၏ညာလက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဆက်တိုက် ဖြစ်စေကာ အတားအဆီးများကို ပစ်လွှတ်၍ ခုခံသည်။ သို့သော် ဤနေရာရှိ အတားအဆီးများ၏စွမ်းအားသည် သူမစိတ်ကူးနိုင်သည်ထက် ပိုနေသည်။

သေခြင်း၊ရှင်ခြင်းအတားအဆီးက ပျက်သုဉ်းခြင်းအတားအဆီးနှင့် လုံးဝ ပေါင်းစည်းနေသည်။ ထို့ကြောင့် သူမက ၎င်းကို ဆက်လက် မထိန်းချုပ်နိုင်တော့ချေ။ သူမက ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံနေရ၏။ သူမ၏ဒဏ်ရာများသည် အချိန်နှင့်အမျှ ပိုပိုဆိုးလာသည်။

တုန်လှုပ်ဖွယ်တုန်ဟည်းသံများ ပေါ်လာခိုက်တွင် အဘွားအိုသည် ရုတ်တရက် မော့ကြည့်ကာ မျက်လုံးပြူးသွားသည်။

ထိုတုန်ဟည်းသံက ခုနစ်ရောင်စုံနယ်မြေ၏ အတွင်း၊အပြင်အနှံ့တွင် ပဲ့တင်ထပ်ကာ နံရံကဲ့သို့ တောင်တန်းများကို ဖြတ်သန်းသွားသည်။ ၎င်းအသံက မြူများကိုပါ ဖြတ်သန်း၍ တုန်ဟီးစေသည်။ ဉာဏ်အလင်းရသူများပါ ပထမဆုံးအကြိမ်အဖြစ် ဂါထာစကားများ ရွတ်ဆိုခြင်းကို ရပ်တန့်၍ တွေဝေငေးကြည့်ကြ၏။

မြူများအတွင်းတွင် ဧရာမရုပ်တုကြီးတစ်ခု ရှိ၏။၎င်း၏ နှဖူးထက် မျက်ခုံးနှစ်ခုကြားတွင် လျှပ်စီးအမှတ်အသားတစ်ခု ရှိကာ ထိုနေရာ၌ ခုနစ်ရောင်စုံမြူတိမ်တစ်ခုလည်း ရှိလို့နေ၏။ အရှင်ဟွေစုန်၏ အားနည်းသွားသည့် မူလစိတ်ဝိညာဉ်က ထိုနေရာတွင် ထိုင်ကာ ဒဏ်ရာကုသလျက် ရှိသည်။ တုန်ခါမှု ရောက်ရှိလာခိုက် သူက ရုတ်တရက် မော့ကြည့်သည်။ သူ့မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နှက်သွား၏။

သည်တစ်ကြိမ်၌ သူ အမှန်တကယ် တုန်လှုပ်မိခြင်းပင်။

သူက ဝမ်လင်းကို အစွမ်းထက်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ပြီး ဖြစ်၏။ သို့သော် သူသည် ဝမ်လင်းက သူနှင့် ယှဉ်တိုက်ခိုက်နိုင်ပြီး နှစ်ဦးနှစ်ဖက် ဒဏ်ရာအပြင်းအထန်ဖြင့် အဆုံးသပ်သည့် တိုက်ပွဲရလဒ်ကိုတော့ လုံးဝ မတွေးထင်ထားမိခဲ့ပေ။ ဝမ်လင်းနှင့်တိုက်ပွဲတွင် သူ အသုံးပြုခဲ့သည့် ရတနာများအကြောင်း တွေးမိသည့်အခါ သူ့နှလုံးမှာ သွေးစိမ်းထွက်သလို ခံစားမိ၏။ အထူးသဖြင့် ပုတီးစေ့သုံးခု ဆုံးရှုံးရခြင်းက သူ့စိတ်နှလုံးကို တင်းကြပ်၍ အောင့်သွားရလောက်အောင် ခံစားရစေ၏။ သလင်းဓားလည်း အတူတူသာပင်။ သို့ရာတွင် ခုနစ်ရောင်စုံလက်သည်းခွံနှင့် ယှဉ်ပါက ထိုအရာများမှာ ပမွှားသာ။

ခုနစ်ရောင်စုံလက်သည်းခွံအကြောင်း တွေးမိသည့်အခါ အရှင်ဟွေစုန်သည် သူ့မူလစိတ်ဝိညာဉ်ပါ ပျက်စီးတော့မတတ် ခံစားရ၏။ ထိုလက်သည်းခွံက သူ ပိုင်ဆိုင်သည့် အစွမ်းထက်ဆုံး ရတနာ မဟုတ်လား။ ၎င်းက သူ့ဝှက်ဖဲစင်စစ်လည်း ဖြစ်၏။ သို့သော်လည်း သူ ဤလက်သည်းခွံကို ထုတ်ဖော်၍ တိုက်ခိုက်ခဲ့တာတောင်မှ သူက လုအမည်ရကျင့်ကြံသူ(ဝမ်လင်း)ကို မသတ်နိုင်ခဲ့ချေ။ သူက သူ့ခန္ဓာကိုယ်ကိုပါ ဆုံးရှုံးခဲ့ရပြီး သေလုနီးပါး ဖြစ်ခဲ့ရသေးသည်။

သူ ထွက်ပြေးလာရသည့် အကြောင်းရင်းက ဆက်တိုက်ခိုက်ရန် သူ အားနည်းနေခြင်းအပြင် ဝမ်လင်း ကျိန်းသေပေါက် သေဆုံးကျန်ခဲ့ပြီဟု ယူဆခြင်းကြောင့် ဖြစ်သည်။ ဝမ်လင်း ဒဏ်ရာအပြင်းအထန် ရသွားခြင်းက ပုတီးစေ့ကြောင့် ဖြစ်ပေါ်လာသည့် သံလိုက်အိမ်မြှောင်လက်ကနေ မလွတ်မြောက်နိုင်တော့ဟု ဆိုလိုနေခဲ့သည်။

ဝမ်လင်း သေသွားသည်နှင့် သူက သံလိုက်အိမ်မြှောင်ကို ထိန်းချုပ်၍ ဝမ်လင်း၏ခန္ဓာကိုယ်ကို ယူဆောင်လာစေပြီး သူ့မူလစိတ်ဝိညာဉ်ကို စုပ်ယူပစ်ပေမည်။ သူ့ဒဏ်ရာများလည်း ပြန်ကောင်းလာသည်နှင့် သူသည် အရာအားလုံးကို လွယ်လင့်တကူ ရရှိနိုင်တော့မည် ဖြစ်၏။

သို့သော်ငြားလည်း ထိုတုန်ဟည်းသံနှင့်အတူ သူနှင့် သံလိုက်အိမ်မြှောင်ကြား ချိတ်ဆက်မှု ပြက်တောက်သွားခြင်းက အရှင်ဟွေစုန်ကို အမှန်အကန် တုန်လှုပ်မိသွားစေ၏။ သူက စတင် စဉ်းစားတော့၏။

“ဒဏ်ရာအပြင်းအထန် ရထားတာတောင် သူက သံလိုက်အိမ်မြှောင်ပေါ်က မန္တာန်ကို ချိုးဖျက်နိုင်စွမ်း ရှိနေတုန်းပဲလား…”

ပထမဆုံးအကြိမ်အဖြစ် အရှင်ဟွေစုန်က ဝမ်လင်းကို ထိတ်လန့်သလို ခံစားမိ၏။

အရှင်ဟွေစုန် ရှိနေသော တောင်က သူပြောခဲ့သလို ဤခုနစ်ရောင်စုံနယ်မြေ၏ ဗဟိုချက် အစစ်အမှန် မဟုတ်ပေ။ ပိုနက်နက်သွား၍ မြူများကြားရှိ တောင်ကြားနေရာကသာ ဤခုနစ်ရောင်စုံနယ်မြေ၏ အစစ်အမှန်ဗဟိုချက် အစွန်းအဖျား ဖြစ်ပေသည်။ အရှင်ဟွေစုန်က ဖြူရောသောမျက်နှာဖြင့် ထိုင်နေကာ သူသည် တစ်လက်မလောက်ပင် မလှုပ်ရှားဝံ့ချေ။

ဝမ်လင်းက ရှေ့ဆက်သွားနေရင်း သူ့နတ်ဘုရားအာရုံက ဝေဝါးလာ၏။ သို့သော် သူက အံတင်းတင်းကြိတ်ထား၏။ သူသည် လူသူကင်းမဲ့သည့်တောင်ကြားထဲရှိ လှိုဏ်ဂူထံသို့ တရကြမ်း သွားနေရင်း သူ့အမြင်မှာ မှိန်ဖျော့လာသည်။ သူက အချိန်မှီ သိုလှောင်နေရာလွတ်ကို ဖွင့်၍ ငွေရောင်အမျိုးသမီးနှင့် ရှုလီကောတို့ကို ထွက်လာစေလိုက်သည်။ ထို့နောက် သူက မြေပြင်ထက်သို့ လဲကျကာ သတိလစ်သွားချေ၏။

ဝမ်လင်း ကောက်ကွေ့ချန်ကို သတ်နေခဲ့ချိန်တွင် ရှုလီကော သူ့တာဝန်ကို ပြီးမြောက်ခဲ့သည်။ထိုစဉ်က သူသည် ရှုလီကောကို သိုလှောင်နေရာလွတ်ထဲ ပြန်ထည့်ထားခဲ့၏။ အခု ရှုလီကော အပြင်ထွက်လာသည့်အခါ သူသည် ဝမ်လင်းကို မြှောက်ပင့်ရန် ဟန်ပြင်၏။ သို့သော် သူက ဝမ်လင်းက မျက်လုံးမှိတ်လျက် ရှိနေသည်ကို မြင်သွားပြီး သူ့မျက်နှာသည် တစ်မျိုးဖြစ်သွား၏။ သူက မျက်လုံးကစားသွား၏။

သို့ရာတွင် ထိုအခိုက်အတန့်တွင် အေးစက်စက်နှာခေါင်းရှုံ့သံ ပေါ်လာ၏။ ရှုလီကော၏ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ချက်ခြင်း ဖားယားသည့်အမူအရာကို ထုတ်ဖော်လေသည်။ သူက ထိုငွေရောင်အမျိုးသမီးအလောင်း မည်မျှ အစွမ်းထက်သိကို သိထားပေသည်။ ထို့ကြောင့် သူက သူမကို ရန်မစဝံ့ပေ။

“စောင့်ပေးနေ…” ငွေရောင်အမျိုးသမီးက အေးစက်စက် ပြော၏။ ထို့နောက် သူမက ဝမ်လင်းဘေးတွင် ထိုင်ချသည်။ သူမက ဝမ်လင်းကို ကြည့်မိသည့်အခါ သူမ၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုနှင့် ကြင်နာသနားဟန် အရိပ်အမြွက် ပေါ်လေ၏။

ရှုလီကောက ချက်ခြင်း သဘောတူသည်။ သူက ငွေရောင်အမျိုးသမီးက သူ့ကို အလေးမစိုက်ဘဲ သည်မိစ္ဆာကောင်(ဝမ်လင်း)ကိုသာ ကြည့်နေသည်ကို သတိပြုမိပြီးနောက် သူက စောင့်ကြပ်ပေးနေသလို ဟန်ဆောင်တော့သည်။သို့ရာတွင် သူ့စိတ်ထဲကမူ အထွန့်တတ်နေ၏။

“ဒီမိစ္ဆာကောင်က ဘာများ ကြည့်ကောင်းလို့လဲ။ မင်းတို့ရဲ့ ဘိုးဘိုးရှုကသာ ကျက်သရေရှိ၊ ချောမောလှပတဲ့သူ ဖြစ်တယ်။ ဒါ့အပြင် ငါဟာ အလွန် မျက်စိဖမ်းစားနိုင်တဲ့ သူမျိုးလည်း ဖြစ်တယ်။ ဒီလိုချောမောနေတာအတွက် ငါ ဘာမှ မတတ်နိုင်ပါဘူးလေ….”

ရှုလီကောက စိတ်ထဲကနေ သက်ပြင်းချကာ သူ့ကိုယ်သူ ရုပ်ချော၍‌ နောင်တရနေသလိုလိုပင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset