သုံးမြှောင့်ခရင်းခွက လောကရှိ မန္တာန်အားလုံးကို ဝါးမြိုကာ ၎င်း၏ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်ပေသည်။ ထိုအရာကား အတိတ်တုန်းက ရှေးဟောင်းနတ်ဘုရားထူစီ သန့်စင်မွန်းမံခဲ့သော ရှေးဟောင်းနတ်ဘုရားရတနာလက်နက် ဖြစ်လေ၏။ ထူစီသည် ဤရတနာနှင့် ပတ်သတ်၍ အလွန်အားရခဲ့၏။ သို့သော် ၎င်းရတနာက စိတ်ဝိညာဉ်ကင်းမဲ့ခဲ့သည့်အတွက် သူက ၎င်းခရင်းခွရတနာကို တောင်အဖြစ် ပြောင်းလဲပြီး ဂြိုဟ်တစ်ခုပေါ် ပစ်လွှတ်ထားခဲ့ပေသည်။ သူက အချိန်ယူ၍ ၎င်းရတနာအတွက် စိတ်ဝိညာဉ်တစ်ခု သိပ်သည်းလာစေရန် မျှော်လင့်ခဲ့ခြင်းပင်။ သူ သူ့ကျင့်ကြံမှုနည်းစနစ်ကို အောင်မြင်ပြီးပါက ထိုခရင်းခွက သူ့နတ်ဘုရားသတ်ဖြတ်ခြင်းလှံနှင့်ပင် နင်လားငါလား ယှဉ်နိုင်သည့် ရတနာတစ်ခု ဖြစ်လာခဲ့ပေလိမ့်မည်။
သို့ရာတွင် ထူစီအတွက် ကံမကောင်းခဲ့ဘဲ သူ ကျင့်ကြံရာတွင် ကျရှုံးခဲ့ကာ သည်ခရင်းခွမှာလည်း အချိန်စီးဆင်းမှုထဲ ပျောက်ဆုံးသွားခဲ့လေသည်။
ရှေ့ဖြစ်ဟောသူက ဤရတနာကို ရရှိခဲ့ပြီးနောက် သူက ၎င်း၏စွမ်းအားကို အသုံးပြုနိုင်ခဲ့သည်။ သို့သော် သူက ၎င်း၏စွမ်းရည်ကိုတော့ အသက်မဝင်စေနိုင်ခဲ့ပေ။ ရှေးဟောင်းနတ်ဘုရားတစ်ပါးကသာ ဤသုံးမြှောင့်ခရင်းခွ၏ စွမ်းရည်ကို အသုံးပြုနိုင်မည် ဖြစ်သည်။
ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က ရှေ့ဖြစ်ဟောသူထက် နိမ့်ကျသော်လည်း သူက ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်၏။ ပထမစမ်းသပ်မှုတစ်ခု၊ကပ်ဘေးနှစ်ခုကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးသည့်နောက် အခုအခါတွင် သူသည် အစစ်အမှန်ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပေပြီ။ သူ့လက်ထဲတွင် ဤသုံးမြှောင့်ခရင်းခွဖြင့် သူက ၎င်း၏ မန္တာန်ဝါးမြိုခြင်းစွမ်းရည်ကို ထုတ်ဖော်နိုင်လေ၏။
နဂါးသုံးကောင်က ဝါးမြိုခြင်းနဂါးများ ဖြစ်ကြ၏။ ရှင်ခြင်းသေခြင်းအတားအဆီးကို ဝါးမြိုပြီးနောက် ဤခရင်းခွ၏ မန္တာန်ဖြစ်လာတော့သည်။ အတားအဆီးအမှတ်အသားသည် ပျံသန်းထွက်ကာ နဂါးနက်သုံးကောင်နှင့် ပေါင်းစည်းပြီး အတုအပနိဗ္ဗာနလေဟာနယ်သလင်းဓားထံ တရကြမ်း ဝင်ရောက်လာ၏။
သလင်းဓားသည်လည်း အရှင်ဟွေစုန် ပိုင်ဆိုင်သည့် ရတနာများကြားတွင် အလွန်တရာ အစွမ်းထက်ပေသည်။ သူ ၎င်းကို ခပ်သွက်သွက် ထုတ်ယူခဲ့ခြင်းက ဝမ်လင်းကို မြန်မြန်ဆန်ဆန် သတ်ပစ်နိုင်ဖို့အတွက်ပင်။ ယင်းဓားက ကောင်းကင်ကို ဖြတ်သန်း၍ ပျံသန်းလာရင်း လောကကို နှစ်ပိုင်းခုတ်ပိုင်းပစ်တော့မည်လား ထင်မှားရသည်။
နဂါးနက်သုံးကောင်ကလည်း ချက်ခြင်းလိုလို သလင်းဓားဖြင့် နီးကပ်လာကြသည်။ နဂါးသုံးကောင်က သူတို့၏ပါးစပ်များကို ဟကာ သလင်းဓားကို ဝါးမြိုရာ မိုးကြိုးပစ်သံတစ်မျှ မြည်ဟိန်းသံတို့ ပဲ့တင်ထပ်လေသည်။
တစ်ချိန်တည်းမှာ နဂါးနက်သုံးကောင်၏ ခန္ဓာကိုယ်တို့မှာ တုန်ယင်နေသည်။ နဂါးများထဲမှ တစ်ကောင်သည် ဟိန်းအော်လေ၏။ သို့သော် ၎င်းက ပေါက်ကွဲမသွားပေ။ ၎င်းက ရုန်းကန်၍ ဝမ်လင်းထံသို့ ကျန်နဂါးနှစ်ကောင်နှင့်အတူ ပြန်လာပြီး သုံးမြှောင့်ခရမ်းခွထဲ ပြန်ဝင်ရောက်သည်။
သုံးမြှောင့်ခရင်းခွ၏ ကိုယ်ထည်တွင် ခပ်ဖျော့ဖျော့ သလင်းရောင် တောက်ပ၏။ ထို့နောက် သလင်းဓားအမှတ်အသားသည် ယင်းခရင်းခွပေါ်တွင် ဖြည်းဖြည်းချင်း ပေါ်လာသည်။
အရှင်ဟွေစုန်၏အမူအရာက ပြောင်းလဲသွား၏။ သို့သော် သူက ရှေ့သို့ မြန်ဆန်စွာ တိုးဝင်လာ၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ရှေ့သို့ ညွှန်သည်။ သူ့ရှေ့တွင် အလင်းတစ်ခု လင်းလက်လာကာ မရေမတွက်နိုင်သောဓားစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသည်။ ဓားစွမ်းအင်က ကောင်းကင်ထက်၌ ပြည့်နှက်ကာ ဝမ်လင်းထံ တဟုန်ထိုး တိုးဝင်လေ၏။
သိပ်မကြာပြီးနောက် သူ့ညာလက်ကို သိုလှောင်နေရာလွတ်ထံ ဆန့်ထုတ်ကာ ပုတီးစေ့သုံးခု ပေါ်လာစေသည်။ သူက ၎င်းတို့ကို ပစ်လွှတ်ကာ အော်ဟစ်၏။ “ဖိဆန်သူ…ဆင့်ခေါ်ခြင်း…”
လောကထဲရှိ ခုနစ်ရောင်စုံအလင်းက တစ်ဖန် စုဝေးလာပြီး ပုတီးစေ့သုံးခုအတွင်းသို့ ဝင်ရောက်သည်။ တစီစီအသံများ ပဲ့တင်ထပ်ကာ ပုတီးစေ့ထဲမှ တစ်ခုသည် မြန်ဆန်စွာ ပျက်စီးသွားသည်။
၎င်းပျက်စီးသွားချိန်တွင် ကောင်းကင်ထက်၌ ခပ်ဝါးဝါးအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအရိပ်က မည်သည့်အရာဖြစ်သည်ကို ရှင်းလင်းစွာ မြင်ရဖို့ မဖြစ်နိုင်ချေ။ သို့သော် ဓားခွန်အားတစ်ခု လောကတွင် ပေါ်လာ၏။
ထိုအရိပ်က သူ့ညာလက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံ ညွှန်သည်။ လက်ညွှန်ချက်တစ်ချက်ဖြင့် ခုနစ်ရောင်စုံအလင်းအားလုံး စုဝေး၍ ခုနစ်ရောင်စုံဓားစွမ်းအင်တန်းသည် ဝမ်လင်းထံ တဟုန်ထိုး ဝင်လာ၏။
သိပ်မကြာခင်တွင် နောက်ထပ်ပုတီးစေ့ တစ်စေ့ ပျက်စီးလေ၏။ မြေပြင်ထု တုန်ခါကာ နံရံကဲ့သို့ မတ်စောက်သည့်တောင်တန်း အစိတ်အပိုင်းတော်တော်များများ ပျက်စီးသွားကြသည်။ ထိုတောင်များထံကနေ ဧရာမကျောက်ဘီလူးကြီးတစ်ကောင် လှမ်းလျှောက် ထွက်လာသည်။ ခြေတစ်လှမ်းစီတိုင်းက မြေပြင်ထုကို တုန်ခါစေသည်။ ကျောက်ဘီလူးကြီးက ဝမ်လင်းထံ တိုးဝင်လာသည်။
ဤအခိုက်အတန့်မှာ တတိယမြောက်ပုတီးစေ့ ပေါက်ကွဲလေ၏။ ခုနစ်ရောင်စုံအလင်းသည် အရူးအမူး စုစည်းပြီး ဧရာမသံလိုက်အိမ်မြှောင်ကြီး အဖြစ်သို့ ပြောင်းသည်။ ထိုသံလိုက်အိမ်မြှောင်က သိမ်မွေ့လှ၏။၎င်းက မြန်ဆန်စွာလှည့်ပတ်ပြီး ပြင်းထန်သောဖိအားတစ်ခုကို ဖန်တီးသည်။
အရှင်ဟွေစုန် စတိုက်ခိုက်သည်နှင့် သူက သူ့သတ်ဖြတ်ခြင်းဝှက်ဖဲများကို ချက်ခြင်းအသုံးပြုလာခြင်းပင်။ သူက ဝမ်လင်းကို မြန်မြန်သာ ကိစ္စတုန်းစေချင်၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။ ထို့နောက် သူ့မျက်နှာမှာ နီမြန်းလာပြီး နောက်ထပ်သွေးအလင်းတန်းတစ်ခု ပျံသန်းထွက်လာသည်။
ထိုသွေးအလင်းတန်းထဲတွင် စဦးစိတ်ဝိညာဉ်နှင့် ဆင်တူသည့် အရာတစ်ခု ပါရှိလေသည်။ ၎င်းက အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုကို တိုက်ခိုက်ခဲ့သော အရာနှင့် အတိအကျ တူသည်။
ဤစဦးစိတ်ဝိညာဉ်က ကြမ်းတမ်းစူးရှသံကို ထုတ်လွှတ်လျက် ဝမ်လင်းထံ တိုးဝင်လာသည်။ ၎င်း၏ မျက်နှာထက်တွင် ဖော်ပြနိုင်စွမ်းမဲ့လောက်သည့် ကြမ်းကြုတ်မှု ရှိနေ၏။
ထိုအရာများအားလုံးက လျှပ်တပြတ်အတွင်း ဖြစ်ပွားလာခြင်းပင်။ သုံးမြှောင့်ခရင်းခွ ဝမ်လင်းထံ ပြန်လာခိုက် အရှင်ဟွေစုန်၏ အသေသတ်တိုက်ကွက်များ ရောက်လာတော့သည်။ သူက နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည့်အတွက် သူ့သိပ်သည်းသောမူလစွမ်းအင်များသည် သူ့မန္တာန်များ၊ လက်နက်ရတနာများကို တုန်လှုပ်ဖွယ်ရာ စွမ်းအား ပါရှိလာစေသည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်၏။ သူ့မျက်လုံးထဲတွင် တိုက်ပွဲစိတ်ဆန္ဒ ပြည့်နှက်သည်။ သူက သုံးမြှောင့်ခရင်းခွကို ဆွဲကိုင်ကာ ကောင်းကင်ထက်ရှိ သံလိုက်အိမ်မြှောင်ထံ ပစ်လွှတ်သည်။ ဝမ်လင်း၏ ရှုထောင့်အရ ဤသံလိုက်အိမ်မြှောင်က အန္တရာယ်အများဆုံးအရာ ဖြစ်နေသည်။
သည့်နောက် သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ရှေ့သို့ ညွှန်သည်။ ခုနစ်ရောင်စုံကောင်းကင်က အနက်ရောင်လေပြင်းများ ဖုံးလွှမ်းလာချေပြီ။ အနက်ရောင်နဂါးများ ပေါ်လာ၏။ သို့သော် ၎င်းတို့က ပြန့်ကြဲမသွားဘဲ ထိုအစား ကောင်းကင်ထက်ရှိ ခပ်ဝါးဝါးခုနစ်ရောင်စုံပုံရိပ်ထံ တိုးဝင်သွားကြသည်။
လေဆင့်ခေါ်ခြင်းမန္တာန် ထုတ်ဖော်ပြီးနောက် မိုးဆင့်ခေါ်ခြင်းမန္တာန်ပါ ကပ်ပါလာသည်။ ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းရာ သလင်းမိုးစက်များ ထောင်ချီ ပေါ်လာသည်။ ၎င်းတို့က အရှင်ဟွေစုန် ပစ်လွှတ်လိုက်သည့် အံ့မခန်းဓားစွမ်းအင်ရှိ ဦးတည်သည်။ ကျန်မိုးစက်အစိတ်အပိုင်းတစ်ခုကတော့ ကျောက်ဘီလူးထံ ဝင်ရောက်သွား၏။
ဝမ်လင်းသည် ရှေ့သို့ လျှောက်နေရင်း တစီစီအသံများ ထွက်ပေါ်လာပြီး သူ့ညာလက်ကို လက်သီးစုပ်၏။ သူက တိုးဝင်လာသည့် ခုနစ်ရောင်စုံဓားစွမ်းအင်ထံ လက်သီးချက် ပစ်သွင်းသည်။
ကျယ်လောင်စွာ မြည်ဟည်းသံတို့ ပဲ့တင်ထပ်သည်။ ခုနစ်ရောင်စုံဓားစွမ်းအင်သည် တုန်ခါကာ အရောင်ခြောက်ခု ပျက်စီးသွားသည်။ အပြာရောင်အလင်းတန်းတစ်ခုသာ တိုးဝင်လာပြီး ဝမ်လင်း၏ ညာလက်ထဲ တူးစွဝင်ရောက်လေ၏။
ဝမ်လင်းသည် ရူးသွပ်ဖွယ်အော်ရာတစ်ခု သူ့လက်မောင်းကနေ တစ်ဆင့် သူ့ခန္ဓာကိုယ်ထဲ တိုးဝင်လာသည်ဟု ခံစားရကာ သူ့အား ငြီးငြူမိသွားစေသည်။ သူ့ခန္ဓာကိုယ်သည်လည်း တုန်ယင်ရ၏။ သူက ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခုဖြစ်စေကာ လေဟာနယ်ထဲသို့ ညွှန်၏။ ထို့နောက် သူက သူ့ပါးစပ်ထဲကနေ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ပျံသန်းထွက်သွားစေသည်။ ၎င်းတံဆိပ်တုံးပေါ်လာသည်နှင့် တိုက်ပွဲစိတ်ဝိညာဉ်များ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
အရှင်လေဟာနယ်၊ ရှေ့ဖြစ်ဟောသူနှင့် ဝူချင်းတို့အားလုံးလည်း ပေါ်လာကာ ကြမ်းကြုတ်ဟန် ပေါက်သည့် သွေးစဦးစိတ်ဝိညာဉ်ထံ ဝင်ရောက်သွားကြသည်။
ထို့အပြင် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးထံမှ တိုက်ပွဲစိတ်ဝိညာဉ်များစွာ လှမ်းထွက်လာကြသည်။ ၎င်းတို့ထဲ၌ ကောင်းကင်ဘုံသားများ၊ အလုံးစုံကောင်းကင်မှ ကျင့်ကြံသူများ၊ မဟာမိတ်မှ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်များ ပါဝင်ကြသည်။ ထိုအဖြစ်က ဤဧရိယာကို လှိုင်းထန်သောအော်ရာတစ်ခု ထွေးခြုံလာစေ၏။
အနှီမြင်ကွင်းက အရှင်ဟွေစုန်ကို လေအေးတစ်ချက် ရှိုက်သွင်းမိစေသည်။ သူက ဝမ်လင်းကို လျှော့တွက်ထားခဲ့မိ၏။ သို့သော် ဝမ်လင်း အခုထုတ်ဖော်သည့် ရတနာအချို့သည်ပင် သာမန်ကျင့်ကြံသူများကို ကြောက်လန့်သွားစေဖို့ လုံလောက်နေသည်။
ခုနစ်ရောင်စုံလောကတွင် တဝုန်းဝုန်းအသံများ ပဲ့တင်ထပ်ကုန်သည်။ သုံးမြှောင့်ခရင်းခွက ကောင်းကင်ထက်ရှိ သံလိုက်အိမ်မြှောင်ထံ တရကြမ်း တိုးဝင်၏။ သို့သော် ၎င်းသည် သံလိုက်အိမ်မြှောင်နှင့် ခုနစ်လက်မအကွာတွင် ခုနစ်ရောင်စုံအလင်းမျက်နှာပြင်ကြောင့် ရပ်တန့်သွားရသည်။
လှံပေါ်ရှိ နဂါးသုံးကောင်က ထိုအလင်းမျက်နှာပြင်ကို အရူးအမူး ဝါးမြိုကာ ရှေ့ဆက်တိုးသည်။
လေဆင့်ခေါ်ခြင်းမန္တာန်ကြောင့် ဖြစ်ပေါ်လာသည် နဂါးနက်များ၏ ဖိအားအောက်တွင် ကောင်းကင်ထက်ရှိ ခပ်ဝါးဝါးပုံရိပ်က တဖြည်းဖြည်း လွင့်ပျောက်လာသည်။
အဝေးမှ ကြည့်ပါက ကျောက်ဘီလူးသည်လည်း မရေမတွက်နိုင်သောမိုးစက်များ၏ တိုက်စားမှုအောက်တွင် ရေခဲလွှာချပ်များဖြင့် ဖုံးအုပ်နေချေပြီ။ ၎င်းသည် ဝမ်လင်းအနား မရောက်လာနိုင်ခင်မှာပင် ရေခဲဘီလူးကျောက်ရုပ်အဖြစ်သို့ ပြောင်းသွားလေ၏။
သွေးစဦးစိတ်ဝိညာဉ်ကဲ့သို့ အရာမှာလည်း မွန်းစတားအိုစိတ်ဝိညာဉ်များ၏ တိုက်ခိုက်မှုအောက်တွင် စူးစူးဝါးဝါး အော်နေရသည်။ ၎င်းက လွတ်မြောက်ရန် ကြိုးစား၏။ သို့သော် မလွတ်မြောက်နိုင်ဘဲ ရှိသည်။ ဝမ်လင်း အာရုံစိုက်သင့်သည်က ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ် ဖြစ်၏။ ၎င်းက ပေါ်လာသည်နှင့် ၎င်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေ၏။ ဆန်းကြယ်လက်နက်မန္တာန်၏ အမိန့်အရ ၎င်းစိတ်ဝိညာဉ်သည် မတိုက်ခိုက်ဘဲ ထိုအစား ကောင်းကင်ထက်သို့သာ စူးစိုက်ကြည့်နေ၏။
ဝမ်လင်းအဖို့ ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်ကို အာရုံစိုက်နေရန် အချိန်မရပေ။ သူက တရကြမ်းတိုးဝင်ကာ သူ့လက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်၏။ မရေမတွက်နိုင်သော လျှပ်စီးတန်းများ ပေါ်လာလေသည်။ ဝမ်လင်းက ထိုလျှပ်စီးတို့ကို ဆုပ်ကိုင်ထားသည်နှင့်ပင် တူနေ၏။
အဆုံးမဲ့လျှပ်စီးမိုးကြိုးတို့က သိပ်သည်းလာပြီး သိမ်မွေ့လှသည့် လှံအဖြစ်သို့ ပြောင်း၏။ ထိုလှံမှာ နတ်ဘုရားသတ်ဖြတ်ခြင်းလှံ၏ ပုံရိပ်ယောင် ဖြစ်သည်။ သူက ထိုလှံကို ကောင်းကင်ထက်ရှိ ဧရာမသံလိုက်အိမ်မြှောင်ထံ ခပ်ကြမ်းကြမ်း ပစ်လွှတ်သည်။
ဝမ်လင်းက ထိုမျှဖြင့် မရပ်သေးပေ။ သူက ရှေ့သို့ တိုးလာကာ သူ့လက်ကို အောက်သို့ ကြမ်းတမ်းစွာ ဖိချ၏။ သူ့ဘယ်လက်က သူ့ညာလက်နောက်သို့ ခပ်သွက်သွက် ဖိချလျက် သူ့ဧရာမလက်ဝါးကြီးက ကောင်းကင်ထက်ကနေ သက်ဆင်းလာလေသည်။
ခုနစ်ရောင်စုံလောကရှိ မူလစွမ်းအင်များ မြင့်တက်လာကာ သူ့ညာလက်ထဲသို့ တရကြမ်း စီးဝင်၏။ ဧရာမပုံရိပ်ယောင်လက်ဝါးရာက သူ့ညာလက်ရှေ့တွင် ပေါ်လာကာ အရှင်ဟွေစုန်ထံ ကျဆင်းလာသည်။
အရှင်ဟွေစုန်၏မျက်လုံးတို့မှာ ချင်းချင်းနီရဲနေ၏။ သူ့ထံ၌ ရူးသွပ်မှု ပေါ်နေသည်။ သူက သူ့လျှာထိပ်ကို ကိုက်ကာ သွေးများစွာ ထွေးထုတ်သည်။ သူက သူ့ညာလက်ကို ဝေ့ယမ်း၏။သူ့အသွင်အပြင်မှာ ကြမ်းကြုတ်လာသည်။ စဦးစိတ်ဝိညာဉ်ခုနစ်ခု ချက်ခြင်း ပေါ်လာပြီး ၎င်းတို့က ညီးတွားသံ ပြုသည်။ မျက်စိတစ်မှိတ်အတွင်း အရှင်ဟွေစုန်၏ ရှေ့၌ လျှပ်စီးအမှတ်အသား ပေါ်လာ၏။
ထိုအမှတ်အသား ပေါ်လာသည်နှင့် လောကတစ်ခုလုံး နက်မှောင်သွားသည်။ အလင်းအားလုံးက ဤလျှပ်စီးအမှတ်အသား၏ စုပ်ယူခြင်းကို ခံလိုက်ရသည့်အလား။
“မူလသွေးရာချီ အသုံးပြုပြီး ချိပ်ပိတ်နယ်မြေရဲ့ ခုနစ်ခုမြောက်စိတ်ဝိညာဉ်ကို လဲလှယ်ပါတယ်…”
အရှင်ဟွေစုန်က ထိုသို့ အော်ဟစ်စဉ် လျှပ်စီးအမှတ်အသားမှာ တလက်လက် ဖြစ်၏။ သည်အခိုက်တွင် ဝမ်လင်း၏ လက်ဝါးချက်က ထိုလျှပ်စီးအမှတ်အသားပေါ်သို့ ကျဆင်းလာပေပြီ။
တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ လက်ဝါးသည် ပျက်စီး၏။ ၎င်းပျက်စီးသွားသည်နှင့် လျှပ်စီးတန်းတစ်ခုက ဝမ်လင်းထံ တရကြမ်း တိုးဝင်လာသည်။ ဝမ်လင်းအတွက် ရှောင်ဖို့ အချိန်မရအောင် ယင်းလျှပ်စီးတန်းက မြန်လွန်းလှ၏။ ၎င်းက သူ့ရင်ဘက်ပေါ်သို့ ကျရောက်သွား၏။
ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်ကာ သူသည် နောက်သို့ ခြေလှမ်းများစွာ လွင့်ထွက်သွား၏။ ပထမဆုံးအကြိမ်အဖြစ် သူ့ပါးစပ်ထောင့်ကနေ ရှေးဟောင်းနတ်ဘုရားသွေးများ စီးကျလာသည်။ သို့သော် သူ့မျက်လုံးတို့ကမူ ကြမ်းကြုတ်လှ၏။
သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ သံဓားပေါ်လာ၏။ ၎င်းက သူ့လက်ဝါးကို တစ်ကြိမ်လှည့်ပတ်ပြီးနောက် အရှင်ဟွေစုန်ထံ တိုးဝင်သွားတော့သည်။
အရှင်ဟွေစုန်က သူ့ဘယ်လက်ဖြင့် သိုလှောင်နေရာလွတ်ကို ဖွင့်ရာ ခုနစ်ရောင်စုံလက်သည်းခွံ ပေါ်လာ၏။ ၎င်းက တာအိုကျမ်းနှင့်အတူ အရိုးစု၏အရိုးများပေါ်တွင် ထိုးစိုက်နေသည့် တစ်ခုနှင့် ချွတ်ဆွတ်တူ၏။
“ဒီအဘိုးအိုအတွက် သေလိုက်တော့…”
အရှင်ဟွေစုန်က လက်ဝေ့ယမ်းရာ ခုနစ်ရောင်စုံလက်သည်းခွံသည် သံဓားထံ ဝင်လာ၏။ ထိုလက်သည်းခွံတွင် အံ့မခန်းဖိအား ပါဝင်ပြီး အတုအပနိဗ္ဗာနလေဟာနယ်ရတနာများထက်ပင် အမှန်အကန် အားကောင်းနေ၏။
ချက်ခြင်းလိုလို လက်သည်းခွံက သံဓားနှင့် ထိပ်တိုက်တွေ့၏။ အက်ကွဲသံများ မြည်ဟည်းလာကာ သံဓားသည် အလယ်ကနေ ထက်ပိုင်းပြတ်သွားသည်။
ခုနစ်ရောင်စုံလက်သည်းခွံသည် သံဓားကို တစစီဖြစ်သွားစေပြီး ဝမ်လင်း၏ညာဘက်ပခုံးထဲသို့ တိုက်ရိုက် စိုက်ဝင်သည်။
သိပ်သည်းသောနာကျင်မှုက ဝမ်လင်း၏ခန္ဓာကိုယ်တွင် စီးဆင်းကာ သူ့အား တုန်ယင်စေသည်။ တစ်ချိန်တည်းမှာ သံဓားက ထက်ပိုင်းကွဲသွားသော်လည်း ဓားထိပ်ဖျားက အရှင်ဟွေစုန်၏ ရင်ဘက်ကို ထွင်းဖောက်ကာ မြေပြင်ထက်တွင် စိုက်ဝင်သွား၏။
အရှင်ဟွေစုန်က သွေးအန်လိုက်ရ၏။ သူသည် ဒဏ်ရာအပြင်းအထန် ရသွားပြီ ဖြစ်သည်။ သူက နောက်လှည့်၍ နံရံကဲ့သို့တောင်များထံ သွားသည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှာလည်း အပြင်းအထန် တုန်ယင်နေ၏။ ခုနစ်ရောင်စုံလက်သည်းခွံက သူ့မူလစိတ်ဝိညာဉ်ထိ ထွင်းဖောက်လာနိုင်စွမ်း ရှိသလားဟု ထင်မှတ်ရသည်။ သူ့မျက်လုံးထဲတွင် စိတ်ဝေဝါးမှုများ ဖြစ်လာကာ သူ့ခန္ဓာကိုယ်ပါ မြန်ဆန်စွာ ကျုံ့ဝင်လာပြီး သူသည် သာမန်ကျင့်ကြံသူအရွယ်အစားသို့ ပြန်ပြောင်းလဲသွားတော့၏။
သူက အံတင်းတင်းကြိတ်ကာ သွေးအဆက်မပြတ်အန်လျက် ထွက်ပြေးသည့် အရှင်ဟွေစုန်ကို စူးရဲစွာ ကြည့်၏။ သူ့စိတ်ထဲတွင် စစ်စိတ်ဝိညာဉ်လက်ဝါးချက် ပေါ်လာ၏။ သူက သူ့လက်ဝါးကို ရှေ့သို့ ကြမ်းတမ်းစွာ တွန်းထုတ်သည်။
စစ်စိတ်ဝိညာဉ်လက်ဝါး ပေါ်လာပေပြီ။ ၎င်းလက်ဝါးချက်က အရှင်ဟွေစုန်နား နီးလာချိန်တွင် သူက အမည်မသိမန္တာန်ကို သုံး၍ သူ့ခန္ဓာကိုယ်ကို ပျက်စီးစေကာ ခုနစ်ရောင်စုံမြူအဖြစ်သို့ ပြောင်းလဲ၏။ သူက ခုနစ်ရောင်စုံမြူကို သူ့မူလစိတ်ဝိညာဉ်အား ထွေးပတ်လျက် သေခြင်းတရားကနေ လွတ်သွားကာ တောင်၏ အခြားတစ်ဖက်သို့ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းလည်း သွေးအန်လိုက်ရကာ သူ့ခန္ဓာကိုယ်လည်း ပုံမှန်အရွယ်အစား ပြန်ရောက်သွားသည်။ သူက သူ့ရတနာများအားလုံးကို ပြန်သိမ်းဆည်းပြီး အတားအဆီးအစီအရင်ထဲ ပိတ်မိနေသည့် အဘွားအိုကို ကြည့်ပင်မကြည့်တော့ဘဲ ခပ်မြန်မြန် ထွက်ခွာလာတော့၏။ သူ့မျက်နှာက ဖြူရောနေ၏။ သူ့ပခုံးထက်ကနေ သွေးများစွာ စီးကျလျက် ရှိ၏။ အရှင်ဟွေစုန်နှင့် သူ့တိုက်ပွဲက နှစ်ဘက်လုံး အပြင်းအထန် ဒဏ်ရာရသည့် ရလဒ် ထွက်ပေါ်ခဲ့သည်။
ကောင်းကင်ထက်ရှိ ဧရာမသံလိုက်အိမ်မြှောင်ကတော့ ဖြည်းဖြည်းချင်း ရွှေ့လျားကာ ဝမ်လင်းနောက်သို့ လိုက်လာ၏။
***