ဝမ်လင်းက ရှေ့ဆက်သွားနေရင်း ကျောက်စိမ်းပုလင်းကို သူ့သိုလှောင်နေရာလွတ်ထဲသို့ ထည့်သွင်းရန် ကြိုးစားသည်။ သို့သော် ထူးဆန်းလွန်းတာ ဖြစ်သွား၏။ သူ မည်မျှကြိုးစားထည့်သွင်းပါစေ ၎င်းပုလင်းကို သိုလှောင်နေရာလွတ်ထဲ မထည့်သွင်းနိုင် ဖြစ်နေသည်။ဝမ်လင်းက ထိုအတွက် ပြင်ဆင်ထားခဲ့ပြီးပင်။ အကြောင်းမူကား ၎င်းကျောက်စိမ်းပုလင်းသာ သိုလှောင်နေရာလွတ်ထဲ ထည့်သိမ်းနိုင်ပါက အရှင်ဟွေစုန်က လက်ဖြင့် ကိုင်ထားခဲ့လိမ့်မည် မဟုတ်သောကြောင့်တည်း။
သူက အဆောင်နှစ်ခု၏ အရှိန်ဖြင့် လျှပ်စီးတန်းအလား ရှေ့တည့်တည့်သို့ တဟုန်ထိုး သွားနေ၏။
ခုနစ်ရောင်စုံအလင်းကနေ ဖြစ်ပေါ်လာသည့် ဧရာမလက်ချောင်းကြီးက မြေပြင်အက်ကွဲစေလောက်သည့် အသံနှင့်အတူ ဝမ်လင်းထံ နီးသထက်နီးလာပေပြီ။
အဘွားအို၏ သေခြင်းရှင်ခြင်းမန္တာန်သုံးခုကလည်း နောက်ကနေ ကပ်ပါလာနေ၏။
နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ကျင့်ကြံသူနှစ်ယောက်၏ အစွမ်းထက်တိုက်ခိုက်မှုနှစ်ခု ပူးပေါင်းမှုအောက်တွင် ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွား၏။ သူက ကျားပါးစပ်က အစာကို လုဝံ့ခြင်းက သူထိုသို့ လုပ်နိုင်သည်ဟု ယုံကြည်ခြင်းကြောင့် မဟုတ်လား။
ဝမ်လင်းက ရုတ်တရက် လှည့်၏။ သူ့ပုံရိပ်က စတင် ဖောင်းကားလာသည်။ သိပ်သည်းသောရှေးဟောင်းနတ်ဘုရားအော်ရာက ဤခုနစ်ရောင်စုံလောကတွင် ပြည့်နှက်လာသည်။ ထို့နောက် လှိုင်းတွန့်များ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်လာပြီး သူသည် ပေတစ်ရာ၊ပေငါးရာ၊ပေတစ်ထောင်ထိ ကြီးမားလာ၏။ မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းသည် ပေသုံးထောင်အမြင့်ရှိ လူ့ဘီလူးကြီးအဖြစ် ပြောင်းသွားပေပြီ။
သူ့မျက်ခုံးနှစ်ခုကြား၌ ရှေးဟောင်းနတ်ဘုရားကြယ်ငါးလုံးက မြန်ဆန်စွာ လှည့်ပတ်လျက် ခြောက်ခုမြောက်ကြယ် စတင်ပေါ်လာသည်။ ကြီးမားလှသည့် ခန္ဓာကိုယ်၏ အရေပြားမှာ ကြမ်းရှနေသည်။
သူ့ဧရာမခန္ဓာကိုယ်ကြီးက တွေ့မြင်ရသူတိုင်းအဖို့ သူတို့၏စိတ်ဝိညာဉ်ကနေကို ကြောက်လန့်မှု ခံစားသွားစေလောက်သည်။
အရှင်ဟွေစုန်၏မျက်လုံးသူငယ်အိမ် ကျုံ့သွား၏။ သူက သည်လိုမန္တာန်မျိုးကို လုံးဝ မတွေ့ခဲ့ဖူးပေ။ သူ့စိတ်ထဲတွင် မင်သက်မိ၏။
အဘွားအို၏မျက်လုံးက တောက်ပ၏။ မယုံကြည်နိုင်ဟန်ဖြင့် ပြည့်သည်။
ဝမ်လင်းက သူ့အစစ်အမှန် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သို့ ပြောင်းလဲပစ်ရန် တုံ့နှေးမနေပေ။ သူက နောက်သို့ လှည့်၍ ကောင်းကင်ထက်သို့ ကြည့်ကာ ဆင်းသက်လာသည့် ကောင်းကင်ဘုံကံကြမ္မာလက်ချောင်းထံ တိုက်ရိုက် လက်သီးပစ်သွင်းသည်။
ဤလက်သီးချက်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အစစ်အမှန်လက်သီးချက် ဖြစ်၏။ ၎င်း၏စွမ်းအားက လောကကိုပါ တုန်ခါသွားစေနိုင်သည်။ ထိုလက်သီးချက်ကို ဝမ်လင်းက ရှေးဟောင်းနတ်ဘုရားအစစ်အမှန် အသွင်ယူ၍ ထုတ်ဖော်ခြင်း မည်သည်။ ထို့ကြောင့် ၎င်းလက်သီးချက်ထဲတွင် ကောင်းကင်ဘုံကို ဖိဆန်သည့် စိတ်ဆန္ဒ ပါဝင်သည်။
ဝမ်လင်း၏ ဧရာမလက်သီးကြီးက ကောင်းကင်ဘုံကံကြမ္မာလက်ချောင်းနှင့် ထိပ်တိုက်တွေ့ရာ တုန်ဟည်းသံများ မြန်ဆန်စွာ ပဲ့တင်ထပ်ကုန်သည်။ အတောမသတ်သည့် ဖိသိပ်အားများသည် ကြမ်းတမ်းလှသည့် တုန်ဟည်းသံများနှင့်အတူ ပျံ့နှံ့ကုန်၏။
ကောင်းကင်ဘုံကံကြမ္မာလက်ချောင်းက စတင် ပျက်စီးကာ လက်သီးချက်စွမ်းအားကြောင့် ပျောက်ကွယ်သွားသည်။ မရေမတွက်နိုင်သော ခုနစ်ရောင်စုံအလင်းတို့ ပြန့်ကြဲ၍ ဤလောကတွင် ပြည့်နှက်ကုန်သည်။
ထိုအရာများက လျှပ်တပြတ်အတွင်း ဖြစ်သွားခြင်းပင်။ ဝမ်လင်း၏ခန္ဓာကိုယ်လည်း တုန်ယင်သွား၏။ သူက ထိုတုန်အားကို အသုံးချကာ သူ့ပေသုံးထောင်ခန္ဓာကိုယ်ဖြင့် ခုန်၏။ သူက တစ်ချက်ခုန်ရုံဖြင့် အံ့မခန်းအကွာအဝေးကို ဖြတ်သန်းသွားပြီး နံရံကဲ့သို့ တောင်ခြေသို့ ရောက်သည်။ တုံ့ဆိုင်းမနေဘဲ သူက မြေပြင်ကို စောင့်ကန်ကာ သူ့ရှေ့ရှိ တောင်ပေါ်သို့ ခုန်တက်၏။
ရှင်ခြင်းနှင့်သေခြင်းအတားအဆီးတို့က မြန်ဆန်စွာ လိုက်လာကာ ဝမ်လင်းအနားသို့ လျှပ်တပြတ်အတွင်း ရောက်လာသည်။
ဝမ်လင်းက ခုလက်ရှိတွင် တောင်ထိပ်တွင် ရှိ၏။ သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်ရာ ဧရာမအက်ကြောင်း ပေါ်လာပြီး ထိုအက်ကြောင်းထဲကနေ သုံးမြှောင့်ခရင်းခွ ထွက်ပေါ်လာသည်။၎င်းက လုံးဝနက်မှောင်နေ၏။ သည်ခရင်းခွက ပေလေးထောင်ခန့် ရှည်လျားကာ ကောင်းကင်ယံထိ ထွင်းဖောက်လေသည်။ ၎င်း ပေါ်လာသည်နှင့် မြေပြင်ထုတုန်ခါစေနိုင်သည့် အော်ရာတစ်ခုပါ ပျံ့နှံ့လာသည်။
သိပ်သည်းသော ရှေးဟောင်းနတ်ဘုရားအော်ရာက ဤဧရိယာတွင် ပြည့်နှက်လာချိန် ဝမ်လင်းက ထိုခရင်းခွကို ဖမ်းဆုပ်ကိုင်ကာ သူ့ရှေ့တွင် ဝေ့ယမ်းသည်။ အနက်ရောင်လိုင်းသုံးခုက ခရင်းခွထိပ်ဖျား တစ်လျှောက်တွင် ပေါ်လာလေ၏။
ဧရာမခရင်းခွကြီးကို ကိုင်ထားလျက် ဝမ်လင်းက တောင်ထိပ်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ မားမားရပ်နေသည်။ သူက ထိုသုံးမြှောင့်ခရင်းခွဖြင့် အတားအဆီးထံ ဝေ့ယမ်းသည်။
အတားအဆီးက နီးကပ်လာချိန်တွင် ချက်ခြင်း သုံးခုအဖြစ်သို့ ကွဲထက်၏။ ၎င်းက ဝမ်လင်းထံ တိုးတင်လာရန် ပြင်သည်။ သို့သော် ဤအခိုက်၌ ခရင်းခွရိုက်ချက် ပေါ်လာသည်။ ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် ခရင်းခွထဲသို့ တရကြမ်း စီးဝင်သည်။ ခရင်းခွက အနက်ရောင်အလင်းကို ပေးစွမ်းလျက် အတားအဆီးများကို ဝေ့ယမ်း ရိုက်ချသည်။
အတားအဆီးအစိတ်အပိုင်းသုံးခုက အလယ်ကနေ တစ်ဝက်တိတိ ပိုင်းဖြတ်ခြင်း ခံရ၏။ ခရင်းခွကနေ ဖြစ်ပေါ်လာသည့် အနက်ရောင်အလင်းက ပို၍ သိပ်သည်းလာပြီး နဂါးသုံးကောင်အဖြစ် ပြောင်းကာ အတားအဆီးကို ဝါးမြိုသည်။ ဝါးမြိုပြီးနောက် ခရင်းခွသည် တုန်ယင်ကာ ၎င်းပေါ်၌ အမှတ်အသားသုံးခု ပေါ်လာသည်။
ထိုနဂါးသုံးကောင်က အလွန်အမင်း ကြမ်းတမ်းကာ ဆက်လက်ဟိန်းသံပေးရင် သူတို့၏ခန္ဓာကိုယ်များ တွန့်လိမ်သည်။ သူတို့က အရှင်ဟွေစုန်နှင့် အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုတို့ထံ မွန်းစတားဆန်သောအကြည့်ဖြင့် ကြည့်၏။
ဝမ်လင်း၏အကြည့်ကလည်း သူ့နောက်လိုက်လာသည့် လူနှစ်ယောက်ထံ ကျရောက်သွားသည်။ သူ့အကြည့် ကျရောက်လာချိန် သူတို့ခန္ဓာကိုယ်ကို ရေခဲတစ်မျှအေးစက်သည့် လေပြင်းတစ်ခု ထွင်းဖောက်သွားသကဲ့သို့ ခန္ဓာကိုယ်များသည် ရုတ်တရက် အေးစိမ့်မှုအား ခံစားမိ၏။
“လူတိုင်းဟာ အံ့မခန်းရတနာတွေကို ယူနိုင်တယ်။ ဒါကို သင်တို့က လုယူတယ်လို့ ပြောထွက်ကြတယ်ပေါ့။ သင်တို့သာ ဆက်လိုက်လာရင် ကောင်းကင်ဘုံလက်ချောင်းနဲ့ အတားအဆီးတွေလိုမျိုး ငါ သင်တို့နှစ်ယောက်ကို သတ်ပစ်မယ်…”
ဝမ်လင်း၏ စကားလုံးများ ပဲ့တင်ထပ်လျက် သူသည် အကွာအဝေးတစ်ခုထံ တဟုန်ထိုး ဆက်ထွက်သွား၏။
ထိုမြင်ကွင်းမှာ အရှင်ဟွေစုန်နှင့် အဘွားအိုတို့ကို ပင့်သက်ရှိုက်မိစေသည်။
“ဒါ…ဒါက…” အရှင်ဟွေစုန်၏ စိတ်မှာ တုန်ယင်နေလျက် အချိန်အတန်ကြာသည့်အထိ သူ တည်ငြိမ်အောင် မလုပ်နိုင်သေးပေ။ သူက အချိန်ကြာမြင့်စွာ ကျင့်ကြံခဲ့သူ ဖြစ်၍ ခန္ဓာကိုယ်သန့်စင်မွန်းမံသည့် နည်းစနစ်များစွာကို သိရှိထားသည်။ သို့သော် မည်သည့်နည်းစနစ်ကမျှ ထိုကဲ့သို့ ကြီးမားသည့်ခန္ဓာကိုယ်ကို မထုတ်ဖော်စေနိုင်ပေ။ သူ့ကို အတုန်လှုပ်မိစေဆုံးက ဤခန္ဓာကိုယ်သည် အတုမဟုတ်ဘဲ အလွန်အစစ်အမှန်ဟု ခံစားမိရခြင်း ဖြစ်သည်။
အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက တောင်ကို ကျော်လွန်၍ ပျောက်ကွယ်သွားတော့မည့် ထိုဧရာမပုံရိပ်ကြီးကို စူးစိုက်ကြည့်နေရင်း သူမ၏မျက်နှာသည် အနည်းငယ် ဖြူရောနေသည်။ သူမက အံတင်းတင်းကြိတ်ကာ နောက်ကနေ လိုက်တော့၏။
အရှင်ဟွေစုန်သည် တုန်လှုပ်မိသော်လည်း သူက သည်ကျောက်စိမ်းပုလင်းအတွက် နှစ်ပေါင်းထောင်ချီ ပြင်ဆင်ခဲ့ကာ ရတနာများစွာကိုလည်း အသုံးပြုထားခဲ့ရသူ မဟုတ်လား။ သူက သည်ပုလင်းကို သူ့ထံကနေ ယူသွားခွင့် ပြုဖို့ ဆန္ဒ ရှိမနေပေ။ သည်အခိုက်အတန့်၌ သူ့မျက်လုံးတို့မှာ ချင်းချင်းနီရဲလျက် သူလည်း နောက်ကနေ လိုက်တော့သည်။ သူ့ညာလက်ကို သူ့ဘယ်ဘက်ပုခုံးထက်သို့ အကြိမ်များစွာ ညွှန်ရာ ခုနစ်ရောင်စုံအလင်းကနေ လက်အသစ်တစ်ဖက် ပြန်ဖွဲ့တည်လာ၏။
ဝမ်လင်းက တောင်ပေါ်ကနေ ခုန်လွှားသွားနေရင်း တစ်စက်လေးပင် မရပ်တန့်ပေ။ ထိုအခိုက်အတန့်၌ သူသည် သူ အတားအဆီးများ ချမှတ်ထားခဲ့သော တောင်ကြားနေရာသို့ ရောက်လာသည်။
သူက ခြေတစ်လှမ်းဖြင့် ခုန်ဖြတ်သန်းကာ ရှေ့တည့်တည့်သို့ သွားရောက်ရန် ပြင်သည်။
ဤအချိန်၌ သူ့နောက်ကနေ လိုက်လာသည့် အဘွားအိုထံမှ ရက်စက်ဟန်အကြည့် ပေါ်လာသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ အစောပိုင်းက သူဤတောင်ကြား၌ ချန်ထားခဲ့သည့် အတားအဆီးထံ လက်ညွှန်သည်။
ဝမ်လင်းအောက်ရှိ မြက်ပင်များဟာ ချက်ခြင်း ခြောက်သွေ့သွားပြီး အနက်ရောင်ပြာမှုန့်များ ကောင်းကင်ထက် ပျံသန်းလွင့်လာ၏။ ၎င်းတို့က ဧရာမဝဲကတော့ကြီးအဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်းကို ခြုံလွှမ်းရန် ပြင်သည်။
ဝမ်လင်းက ထိုအတားအဆီးနှင့် တိုက်မိချိန်တွင် သူက ခပ်အုပ်အုပ် ငြီးငြူလိုက်ရပြီး ၎င်းကို ဖြတ်ကျော်နိုင်ဖို့ငှာ ရုန်းကန်သည်။ အနက်ရောင်ပြာမှုန့်များကနေ ဖြစ်လာသည့် ဝဲကတော့က ဝမ်လင်းနောက်သို့ ကပ်ပါလာ၏။
တစ်ချိန်တည်းမှာ အဘွားအို၏မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာပြီး သူမက အရှိန်မြင့်သည်။ သူမက တောင်ပေါ်ကနေ ခုန်ဆင်းချလာကာ ချက်ခြင်းလိုလို အနားရောက်လာ၏။ သူမက တောင်ကြားထဲရှိ အတားအဆီးထဲ ဝင်ရောက်သည်။
အရှင်ဟွေစုန်က သူ့နောက်တွင် ပါ၏။ သူလည်း အမြန်လိုက်လာနေသည်။ သို့သော် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူသည် တောင်ကြားထဲရှိ အတားအဆီးအပြင်ဘက်တွင် ခဏ စောင့်ဆိုင်းကာ အတွင်းထဲသို့ အပြည့်အဝ မဝင်သေးပေ။
ထိုသို့ပြုလုပ်ရခြင်းမှာ သူသည် အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုအပေါ် သတိထားခြင်းကြောင့်ပင်။
အဘွားအိုက အတားအဆီးထဲ ဝင်လာချိန်၌ ဝမ်လင်းက ရုတ်တရက် လှည့်ကာ ဝဲကတော့ထံ လက်ညွှန်သည်။ အနက်ရောင်ဝဲကတော့က ရုတ်တရက် ပြန်လှည့်ကာ အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုထံ တရကြမ်း ဝင်ရောက်လေ၏။
သိပ်မကြာခင်တွင် မရေမတွက်နိုင်သော အတားအဆီးများ တောင်ကြားထဲ၌ လင်းလက်ကာ အဘွားအိုသည် အတားအဆီးများအတွင်းသို့ ကျရောက်သွား၏။ ထိုအလင်းများက မျက်စိကျိန်းလောက်အောင် တောက်ပပြီး တဝုန်းဝုန်းအသံများက လူတစ်ယောက်၏ စိတ်နှလုံးကိုပါ တုန်ခါသွားစေနိုင်လောက်၏။
မြေပြင်ထက်ကနေ အတားအဆီးများစွာ ပေါ်လာပြီး အဘွားအိုကို ချက်ခြင်း ဝန်းရံသည်။ အကြည့်တစ်ချက်ဖြင့်ပင် ထိုအတားအဆီးများမှာ ထောင်သောင်းချီ ရှိသည်ကို တွေ့နိုင်သည်။
ဤအတားအဆီးများက တစ္ဆေအလင်းကို ပေးစွမ်း၏။ ရှင်ခြင်း၊သေခြင်းအတားအဆီးနှင့် ပျက်သုဉ်းခြင်းအတားအဆီးတို့ ပေါင်းစည်းသွားပြီးနောက် ၎င်းတို့၏စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလွန်းသွားပေပြီ။ ဝမ်လင်းက ၎င်းတို့ကို အသက်ဝင်စေသည်နှင့် ယင်းအတားအဆီးအားလုံးဟာ အဘွားအိုထံ တရကြမ်း ဦးတည်လေ၏။
အနက်ရောင်ဝဲကတော့လည်း ရှိသေး၏။ ၎င်းဝဲကတေ့က ဤဧရိယာကို ချက်ခြင်း ခြုံလွှမ်းကာ အတွင်းဘက်ကို လုံးဝ မမြင်ရအောင် ဖြစ်စေသည်။ သို့ရာတွင် အဘွားအို၏ ငြီးငြူသံများနှင့် တုန်ဟည်းသံများကိုတော့ ရှင်းလင်းစွာ ကြားနေရ၏။
သည်အခိုက်အတန့်၌ မြေပြင်ထုက ပို၍ တုန်ခါလာကာ အဘွားအို၏ ဒေါသတကြီးအသံများဟာ ပိုကျယ်လောင်လာသည်။ ဝဲကတော့အတွင်း၌ သွေးနီရောင်အလင်းတို့လည်း တလက်လက် ဖြစ်ပေါ်နေ၏။ သူမအဖို့ သည်နေရာကနေ ထွက်လာနိုင်ဖို့ ခက်ခဲလွန်းနေသည်မှာ ထင်ရှားလေ၏။ သူမသည် သေရေးရှင်ရေးအခိုက်အတန့်ကို ကြုံနေရပေပြီ။
ထိုမြင်ကွင်းက အရှင်ဟွေစုန်၏ အမူအရာကို ကြီးစွာ ပြောင်းလဲစေသည်။ သူ့ဉာဏ်ရည်ဖြင့် သူက ထိုအတားအဆီးက အဘွားအိုချခင်းခဲ့ကြောင်း ချက်ခြင်း သဘောပေါက်၏။ သို့သော် ၎င်းကို ဝမ်လင်းက သိမ်းပိုက်သွားခြင်းပင်။ ဝမ်လင်းသည် သူမကို သည်သတ်ဖြတ်ခြင်းအစီအရင်ထဲ ဦးဆောင်ခေါ်လာခဲ့ခြင်းပင်။
“ဒီလူက အတားအဆီးပညာရပ်မှာလည်း ကျွမ်းကျင်လှပါလား…” အရှင်ဟွေစုန်က အဘွားအိုအား လုံးဝ ပိတ်ဆို့ထားသည့် အတားအဆီးအစီအရင်ကို ကြည့်သည်။ သူက ထိုအတားအဆီး၏စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူသည် အသက်ခပ်ပြင်းပြင်း ရှုသွင်းမိ၏။ သို့သော် သူသည် ကျောက်စိမ်းပုလင်းကိုမူ လက်မလျော့သေးပေ။
“အဘွားအိုကျောက် ပိတ်မိနေတာ ငါ့အတွက် ကောင်းတာပဲ။ ငါ ဒီလုဆိုတဲ့ လူကို သတ်နိုင်တာနဲ့ ကျောက်စိမ်းပုလင်းကို ပြန်ယူနိုင်ပြီ။ ဒီနေရာအပေါ် ငါ့နားလည်မှုနဲ့ဆိုရင် ဘယ်သူကမှ ငါ့ကို ရှာနိုင်မှာ မဟုတ်ဘူး…” အရှင်ဟွေစုန်၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် လှစ်ခနဲ ပေါ်၏။ သူက ချက်ခြင်း ဆုံးဖြတ်ချက် ချသည်။ သူက တောင်ကြားအပြင်ဘက်ရှိ အတားအဆီးကို ပတ်၍ သွားကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ရွှေရောင်ဓားများစွာ ပေါ်လာပြီး ဝမ်လင်းထံ တရကြမ်း တိုးဝင်လာသည်။
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု လှစ်ခနဲ ပေါ်သည်။ သူက သည်အခွင့်အရေးကို စောင့်နေခြင်း မည်၏။သူက နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် တစ်ပြိုင်နက်တည်း မတိုက်ခိုက်နိုင်ပေ။ သူက သူတို့ထဲက တစ်ယောက်ကို ပိတ်မိစေပြီးနောက်မှာတော့ တစ်ယောက်နှင့် လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။
နီးကပ်လာသည့် မန္တာန်ကို ကြည့်ကာ ဝမ်လင်းက အေးစက်စက်နှာခေါင်းရှုံ့၍ သူ့လက်ထဲရှိ သုံးမြှောင့်ခရင်းခွကို ဝေ့ယမ်းသည်။ နဂါးသုံးကောင် မာန်ဖီ၍ ဓားများကို ကောင်းကင်ထက်သို့ လွင့်ထွက်သွားစေသည်။ ၎င်းတို့က ဝမ်လင်းအနီးအနားသို့ပင် ရောက်လာနိုင်စွမ်း မရှိကြပေ။
အရှင်ဟွေစုန်၏မျက်လုံးထဲ၌ ရက်စက်လိုဟန် ပေါ်လာ၏။ သူက လေဟာနယ်ထဲသို့ လက်ဆန့်ကာ သိုလှောင်နေရာလွတ်ကို ဖွင့်သည်။ ဓားပျံတစ်ချောင်း ပျံသန်းထွက်လာ၏။
ထိုဓားမှာ သလင်းကဲ့သို့ ကြည်လင်၏။၎င်းပေါ်လာသည်နှင့် အတုအပနိဗ္ဗာနလေဟာနယ်ရတနာ၏ အော်ရာသည် ဤဧရိယာတွင် ခြုံလွှမ်းလာသည်။
ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားသည်။
ထိုအခိုက်၌ အရှင်ဟွေစုန်က မာန်သွင်းကာ သလင်းဓားကို ပစ်လွှတ်သည်။ ထိုဓားက ဝမ်လင်းထံ ကျယ်လောင်စွာမြည်ဟိန်းသံပေး၍ ပျံသန်းတိုးဝင်လာသည်။
နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်နှင့် ပထမဆုံးအကြိမ် အမှန်အကန်တိုက်ခိုက်ရခြင်းက ဝမ်လင်းကို စိတ်လှုပ်ရှားစေသည်။ သူက နောက်မဆုတ်ပေ။ ထိုအစား ခရင်းခွကို ရှေ့သို့ ရိုက်ချသည်။ နဂါးသုံးကောင်က မထင်မှတ်စွာဖြင့် ခရင်းခွထံကနေ ပျံသန်းထွက်လာပြီး သလင်းဓားကို ဝါးမြိုပစ်ရန် တာဆူသည်။
ပို၍ ထူးဆန်းသည်က ရှင်ခြင်းသေခြင်းအတားအဆီးကို ဝါးမြိုခဲ့ပြီးနောက် ခရင်းခွပေါ်ရှိ အမှတ်အသားသုံးခု တောက်ပလာခြင်းပင်။ ၎င်းအမှတ်အသားတို့က နဂါးနက်သုံးကောင်နှင့် ပေါင်းစပ်၏။ ထိုအဖြစ်က ရှင်ခြင်းသေခြင်းအတားအဆီး၏ အော်ရာကို ရုတ်ချည်း ထွက်ပေါ်လာစေသည်။
ဤအရာကား ခရင်းခွ၏အစစ်အမှန်စွမ်းအား ဖြစ်လေ၏။
***