Switch Mode

အပိုင်း (၁၂၄၃)

ကောင်းကင်ဘုံကံကြမ္မာလက်ချောင်း နောက်တစ်ကြိမ် ပေါ်လာခြင်း

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက ထူးထူးထွေထွေ ပြောမနေပေ။ သူမက ရှေ့သို့ ခြေတစ်လှမ်း လှမ်း၍ အေးစက်စက်နှာခေါင်းရှုံ့၏။ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ရှိုက်သွင်းပြီး ပြင်းထန်သောစုပ်အားတစ်ခုကို ဖန်တီးသည်။ အရှင်ဟွေစုန်က ထိုစုပ်အားအတွင်း ရှိနေ၏။ သူက သူ့အသက်ဓာတ်အားလုံး စုပ်ယူခံရတော့မည့်အလား ခံစားလိုက်ရသည်။

သို့သော် သူ့အမူအရာက ချက်ခြင်း ပုံမှန် ပြန်ဖြစ်သွား၏။ သူက နှာခေါင်းရှုံ့ကာ ကျောက်စိမ်းပုလင်းကို ခပ်တင်းတင်း ကိုင်ထား၏။ ၎င်းပုလင်းကို သူ့သိုလှောင်နေရာလွတ်ထဲ ထည့်သိမ်း၍ မရပေ။မဟုတ်ပါက သူသည် ၎င်းကို လုံခြုံစွာ သိမ်းဆည်းပြီး ဖြစ်ပေလိမ့်မည်။

သူက သည်အဘွားအိုနှင့် အချိန်ဖြုန်းမနေနိုင်၊သည်နေရာကနေ ထွက်ခွာနိုင်ဖို့ သူ့အစွမ်းထက်ကျင့်ကြံခြင်းကို အသုံးပြုလေတော့၏။ သူက ယင်ယန်ဘိုးဘေးမန္တာန်ကြောင့် တုန်လှုပ်မိသော်လည်း ဤနေရာကနေ ထွက်ခွာသွားဖို့ ယုံကြည်မှု ရှိပေသည်။

ဤအခိုက်၌ သူ့ဘယ်လက်ကို လေဟာနယ်ထဲ ဆန့်ထုတ်ရာ ရွှေရောင်အလင်းတစ်ခု ပေါ်လာ၏။ ထိုအလင်းက ထောင်သောင်းချီဓားများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့လက်ညွှန်ချက်နှင့်အတူ ၎င်းတို့က အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုထံ ပျံသန်းသွားတော့သည်။

တစ်ချိန်တည်းမှာ အရှင်ဟွေစုန်က သူ့နှဖူးကို ဘယ်လက်ဖြင့် ထိရိုက်ရာ အနီရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်လာသည်။ ထိုအနီရောင်အလင်းတန်းက စဦးစိတ်ဝိညာဉ်နှင့်တူ၏။ သို့သော် သေသေချာချာ ကြည့်ပါက ၎င်းမှာ စဦးစိတ်ဝိညာဉ်မဟုတ်မှန်း သိနိုင်သည်။

အနီရောင်သွေးအလင်း လွှမ်းခြုံလျက် လူသေးသေးတစ်ယောက်သည် အဘွားအိုထံ တန်းတန်းမတ်မတ် တိုးဝင်လာ၏။

အဘွားအိုက ထိုလူသေးသေးလေးကို တွေ့မြင်သည့်အခါ သူမ၏အမူအရာက ချက်ခြင်း ပြောင်းသွား၏။ သူမက ညာလက်ကို ဝေ့ယမ်းရာ ရှေးဟောင်းကြေးဇလုံတစ်ခု‌ ပေါ်လာလေသည်။ သူမက ၎င်းကို ရှေ့သို့ ချက်ခြင်း ပစ်လွှတ်သည်။

ထိုကြေးဇလုံက ပေါ်လာသည်နှင့် စတင်လှည့်ပတ်ကာ လူသေးသေးလေးထံ ပျံသန်းသွားသည်။ လူသေးသေးလေး၏ မျက်လုံးထံကနေ တောက်ပသောသွေးအလင်းကို ထုတ်လွှတ်လျက် ၎င်းက စူးစူးရှရှ အော်၏။

ထိုအခါ ကြေးဇလုံက မရေမတွက်နိုင်သောအစိတ်အပိုင်းများအဖြစ် ပျက်စီးသွားတော့၏။ တစ်ချိန်တည်းမှာ မရေမတွက်နိုင်သော ရွှေရောင်ဓားများက အဘွားအိုထံ ထိုလူသေးသေးလေးနှင့်အတူ ပျံသန်းဝင်လာကြသည်။

အချိန်က ရွှေဖြစ်နေသဖြင့် အရှင်ဟွေစုန်သည် ဤအဘွားအိုနှင့် ရင်ဆိုင်နေဖို့ အချိန်ရှိမနေပေ။ သူ့ဘေးပတ်လည်တွင် လှိုင်းတွန့်များ ပေါ်လာကာ သူသည် ထွက်ခွာရန် ပြင်၏။

သို့ရာတွင် သူ ထိုလှိုင်းများထဲ ခြေတစ်ဝက်ချချိန်၌ ပိန်ကပ်ကပ်လက်တစ်ဖက်က လေဟာနယ်ထဲကနေ ထိုးထွက်ကာ သူ့ညာလက်နားထံ လှမ်းလာသည်။

“ဒါက လေးယောက်မြောက်ဘိုးဘေးအဆင့်ပဲ…” အရှင်ဟွေစုန်၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွား၏။ သို့သော် သူက တွေးနေဖို့ နောက်ကျနေပေပြီ။ သူ့ဘယ်လက်ကို ပိန်ကပ်ကပ်လက်ထံ ဆန့်ထုတ်၏။ တုန်ဟည်းသံများ မြည်ဟိန်းသွားသည်။ အရှင်ဟွေစုန်က ငြီးငြူလိုက်ရကာ သူ့မျက်နှာမှာ ချက်ခြင်း ဖြူရောသွားသည်။

“နိဗ္ဗာနဖြိုခွဲခြင်းအလယ်အထွတ်အထိပ်အဆင့်…”

အရှင်ဟွေစုန်၏ ဘယ်လက်က ထုံထိုင်းသွားကာ လုံးဝ နက်မှောင်သွားသည်။ သူ့လက်ကနေ အဝါရောင်အရည်များ စီးကျလာ၏။ သူ အဆိပ်မိသွားပေပြီ။ ထိုအားကို အသုံးချကာ သူက လှိုင်းတွန့်များထဲသို့ ခြေချသည်။

အသက်ပိုကြီးဟန်ရသည့် အဘွားအိုတစ်ယောက်ကလည်း လှိုင်းတွန့်များထဲကနေ ခြေလှမ်းထွက်သည်။ သူမက ခေါင်းတလားထွက်လာသည်နှင့်ပင် တူနေသေး၏။ သူမသည်လည်း အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမထံ၌ ဆံပင်များ ရှိမနေပေ။ ထိုအဖြစ်က သူမ၏ပုံပန်းအသွင်ကို ကြောက်မက်ဖွယ် ကောင်းနေစေသည်။

သူမ၏မျက်လုံးထဲကနေ တစ္ဆေအလင်းတစ်ခု ပေးစွမ်းကာ သူမ၏ ပါးစပ်ထောင့်ကနေ သွေးများ စီးကျလေ၏။ သူမက ညာလက်ကို ဝေ့ယမ်းကာ ရွှေရောင်ဓားများကို ချိုးဖျက်ပြီး လူသေးသေးလေးအား ဖမ်းဆုပ်သည်။ ၎င်းကို ချိပ်ပိတ်ပစ်ပြီးနောက် သူမက လှိုင်းတွန့်များကို ဖြတ်သန်းကာ အရှင်ဟွေစုန်နောက်သို့ လိုက်လေ၏။

အရှင်ဟွေစုန်၏အမူအရာက ဖြူရောနေ၏။ သူက ထိုအစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက သူမ၏ကျင့်ကြံမှုကို မည်သို့မည်ပုံ ကောင်းစွာ ဖုန်းကွယ်ထားမှန်း မတွေးတတ်တော့ပေ။

“ငါ ဒီအက်ကြောင်းထဲကနေ ထွက်သွားနိုင်တာနဲ့ ငါ့အတွက် အချိန်အကန့်အသတ် မရှိတော့ဘူး။ ငါ့ရဲ့ ရတနာတွေနဲ့ဆိုရင် ဒီအဘွားအိုဟာ ငါ့ပြိုင်ဘက် မဟုတ်တော့ဘူး…”

အရှင်ဟွေစုန် လှိုင်းများကြားကနေ လှမ်းထွက်လာချင်းချင်း သူ ထွက်သွားလို၏။ သို့သော် ထိုအဘွားအိုက သူ့အား ချက်ခြင်း မှီလာ၏။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မန္တာန်များနှင့် တိုက်ခိုက်ကြရာ သည်တောင်အနှံ့၌ တုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်သည်။

သူတို့က အနက်ရောင်အလင်းအတားအဆီးပေါ်ရှိ အက်ကြောင်းနှင့် နီးသထက်နီးလာကြသည်။ အခုချိန်တွင် အက်ကြောင်းမှာ ပေနှစ်ဆယ်လောက်သာ ရှိတော့ပြီး ပို၍ပင် မြန်ဆန်စွာ ပြန်ကောင်းမွန်နေ၏။ အရှင်ဟွေစုန်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ထူးဆန်းသောမန္တာန်တစ်ခုကို ရွတ်ဆိုလေ၏။

သူ ထိုသို့ လုပ်သည်နှင့် ကောင်းကင်ထက်ရှိ ခုနစ်ရောင်စုံအလင်းက အပြင်းအထန် တလက်လက် တောက်ပကာ ကောင်းကင်ထက်ကနေ ဆင်းသက်လာသည်။ အလင်းတန်းခုနစ်ခုက ဓားခုနစ်လက်အဖြစ်သို့ ပြောင်း၍ အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုထံ တိုးဝင်သည်။

အဘွားအို၏အမူအရာက သုန်မှုန်နေ၏။ သူမက လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ ကြီးမားသည့် အလင်းဒိုင်းကြီးတစ်ခု သူ့ရှေ့တွင် ပေါ်လာသည်။ ၎င်းပေါ်လာသည်နှင့် ရှေးကျသောအော်ရာတစ်ခုပါ လိုက်၍ ပေါ်လာ၏။ သည်အလင်းဒိုင်းအတွင်း၌ မိစ္ဆာစွမ်းအင်အငွေ့အသက် ရှိသည်။

ခုနစ်ရောင်စုံအလင်းက ထိုဒိုင်းနှင့် ချက်ခြင်း ထိပ်တိုက်တွေ့ကာ မြည်ဟိန်းသံများ ပို၍ ပဲ့တင်ထပ်ကုန်သည်။ ထိုအဘွားအိုက သွေးအန်ရ၏။ သို့သော် သူမ၏အမူအရာမှာ ပို၍ပင် ကြမ်းကြုတ်လာ၏။ သူမ၏ညာလက်ကို နှဖူးထံ ပြန်ရိုက်ကာ ခန္ဓာကိုယ်အား တုန်ရင်သွားစေပြီးနောက် သူမ၏မူလစိတ်ဝိညာဉ် ပျံသန်းထွက်လာသည်။

သူမ၏မူလစိတ်ဝိညာဉ် ပျံသန်းထွက်လာချိန်၌ လှိုင်းတွန့်များကြားကနေ အခုလေးတင် ထွက်လာသည့် အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုနှင့် လှပသောသက်လတ်ပိုင်းအမျိုးသမီးတို့ကလည်း သူတို့၏နှဖူးကို ထိရိုက်ကြသည်။ သူတို့၏မူလစိတ်ဝိညာဉ်များကလည်း ပျံသန်းထွက်လာကာ မြန်ဆန်စွာ ပေါင်းစပ်သွားကြ၏။

မူလစိတ်ဝိညာဉ်သုံးခုသည် ချက်ခြင်းလိုလို ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီး အလင်းတန်းအဖြစ် ပြောင်း၍ အရှင်ဟွေစုန်ထံ တိုးဝင်လာသည်။

အရှင်ဟွေစုန်၏အမူအရာက ကြမ်းကြုတ်လာ၏။ သူက အံတင်းတင်းကြိတ်ကာ ကျောက်စိမ်းပုလင်းကို သူ့ဘယ်လက်ထံ လွှဲ၍ ညာလက်ကို ဝေ့ယမ်းသည်။ သူ့ညာလက်ထဲတွင် ပုတီးစေ့တစ်ခု ချက်ခြင်း ပေါ်လာသည်။

တုံ့ဆိုင်းမနေဘဲ အရှင်ဟွေစုန်က ၎င်းပုတီးစေ့ကို အဘွားအို၏မူလစိတ်ဝိညာဉ်ထံ ပစ်လွှတ်လိုက်သည်။

“ဖိဆန်သူ…ဆင့်ခေါ်ခြင်း…” အရှင်ဟွေစုန်က မာန်သွင်း၏။ ပုတီးစေ့ထံကနေ တစ္ဆေအလင်းတစ်ခုကို ပေးစွမ်းနေသည်။ ၎င်းက ခုနစ်ရောင်စုံအလင်းကို တရကြမ်း တိုးဝင်လာစေပြီး စုပ်ယူပစ်သည်။

သိပ်မကြာခင်တွင် ထိုပုတီးစေ့က ပျက်စီးသွားပြီး ခုနစ်ရောင်စုံလျှပ်စီးတန်းတစ်ခုသည် အဘွားအို၏မူလစိတ်ဝိညာဉ်ထံ တန်းမတ်စွာ တိုးဝင်သွားလေ၏။

တစ်ချိန်တည်းမှာ ထိုအဘွားအို၏ မူလစိတ်ဝိညာဉ်သည် စူးရှရှအော်ဟစ်ရာ အတားအဆီးသုံးခု ပျံသန်းထွက်လာ၏။ ၎င်းတို့ ပျံသန်းထွက်လာချိန် လောကသည် အရောင်ပြောင်းလဲကာ အနက်ရောင်အလင်းအတားအဆီးသည်ပင် တုန်ခါသွားသည်။

ထိုအတားအဆီးသုံးခုက သေခြင်း၊ရှင်ခြင်းအတားအဆီးများကြားတွင် အလွန်အစွမ်းထက်သည့် တည်ရှိမှုများ ဖြစ်ကြသည်။

“ရှင်ခြင်း၊ရှင်ခြင်း၊သေခြင်း…” သူမ၏နတ်ဘုရားအာရုံ ပျံ့နှံ့လာရင်း အတားအဆီးသုံးခုသည် ကောင်းကင်နှင့်မြေကြီးကိုပါ ဖျက်စီးပစ်နိုင်သော အဖျက်အစီးအားတစ်ခုအဖြစ် ဖြစ်ပေါ်ကာ ခုနစ်ရောင်စုံလျှပ်စီးတန်းနှင့် ထိပ်တိုက်တွေ့သည်။

ဝုန်း။ဝုန်း။ဝုန်း။

တောင်သည် တုန်ခါသွား၏။ တောင်၏ အစိတ်အပိုင်းများစွာ စတင်ပြိုကျလာသည်။ ဉာဏ်အလင်းရသူများအားလုံးလည်း ထိုတုန်ခါမှုအရင်းအမြစ်ထံ ဦးတည်၍ လွင့်ဝဲမြောလွင့်လာကြသည်။

ထိုပြင်းထန်သောဖိသိပ်အားအောက်၌ မူလစိတ်ဝိညာဉ်က သုံးခုအဖြစ် ပြန်ခွဲထွက်သွားသည်။ ၎င်းတို့က ဝေဝါးလာကာ သူတို့၏ခန္ဓာကိုယ်များထံ အလျင်အမြန် ပြန်ဝင်ရောက်ကြ၏။အရှင်ဟွေစုန်က ဤအတားအဆီးများ ထိုမျှ အစွမ်းထက်မည်ဟု မမျှော်လင့်ထားမိပေ။ သူ့ခန္ဓာကိုယ်လည်း နောက်သို့ လွင့်စင်ကာ သွေးအန်လိုက်ရချေသည်။

သူ့ဘယ်လက်က ပြင်းထန်သောအဆိပ် သင့်နေခဲ့ပြီးပင်။ သူ့အသွေး၊အသားတို့က အဝါရောင်အရည်အဖြစ်သို့ ပြောင်းကာ သူ့အရိုးများသည်ပင် စတင် အရည်ပျော်ကျလာသည်။ ထိုဖိသိပ်အားအောက်တွင် သူ့ဘယ်လက်သည် တစစီဖြစ်သွားပြီး ပျောက်ကွယ်သွားလေသည်။

ထိုဖိသိပ်အားအောက်တွင် ကျောက်စိမ်းပုလင်းကလည်း ပျံဝဲထွက်သွားကာ အတားအဆီးမျက်နှာပြင်ထက် အက်ကြောင်းနှင့် ဆယ်ပေအကွာထိ ပျံသန်းသွားရ၏။

အရှင်ဟွေစုန်က ထိုကျောက်စိမ်းပုလင်းနောက် အတင်းလိုက်သည်။ သူ့မျက်လုံးတို့က ချင်းချင်းနီရဲနေ၏။ အဘွားအို၏မျက်လုံးကလည်း လက်ခနဲ ဖြစ်သွားကာ သူလည်း အက်ကြောင်းထံ ဦးတည်ဝင်လာ၏။

ဤအခိုက်မှာပင် အဖြူရောင်ပုံရိပ်တစ်ခုက နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့် လျှင်မြန်မှုမျိုးဖြင့် ထိုးထွက်လာ၏။ထိုအရိပ်က အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုနှင့် အရှင်ဟွေစုန်တို့ကို ကျော်ကာ ပုလင်းကို ဖမ်းဆုပ်ပြီး အက်ကြောင်းထံ တရကြမ်း ပြေးဝင်သည်။

ထိုသူ အက်ကြောင်းထဲကနေ ထွက်သည်နှင့် သူ့ညာလက်ကို အက်ကြောင်းအောက်ထံ တွန်းထုတ်ကာ အတားအဆီးတစ်ခုကို ပစ်လွှတ်၏။ ထိုအခါ အက်ကြောင်းပြန်ပိတ်ဆို့လာနှုန်းက များစွာတိုးလာတော့သည်။

“လုဇီဟောင်(ဝမ်လင်း)…” အရှင်ဟွေစုန်က မင်သက်သွားရာကနေ ဒေါသတကြီး အော်ဟစ်၏။သူလည်း အက်ကြောင်းထဲက‌နေ ထိုးထွက်လာ၏။ သူက အဖြူရောင်ပုံရိပ်နောက်သို့ ဆက်လိုက်ရန် ပြင်သည်။

သို့ရာတွင် သူ အက်ကြောင်းထဲကနေ လှမ်းထွက်လိုက်သည်နှင့် သူက ဝမ်လင်း အစောပိုင်းကတည်းက နေရာချထားခဲ့သော အတားအဆီးများထဲသို့ ခြေချမိသွားလေ၏။ အတားအဆီးများစွာက အရှင်ဟွေစုန်ကို တစ်ခဏတာ ရပ်တန့်သွားစေသည်။

အဘွားအိုကလည်း ခန္ဓာကိုယ်သုံးခုကို တစ်ခုတည်းအဖြစ် ပြန်ပေါင်းစပ်ကာ အက်ကြောင်းထဲကနေ အလင်းတန်းအလား ထိုးထွက်လာပြီး ဝမ်လင်းနောက်သို့ လိုက်လံသည်။

ဝမ်လင်းက အက်ကြောင်းထဲသို့ ဝင်ခဲ့ချိန်တွင် သူ့ကိုယ်သူ ကောင်းစွာ ဖုံးကွယ်ထား၏။ သူက အက်ကြောင်းနားတွင် ပုန်းနေကာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေခြင်းပင်။ သည်နေရာက ထူးဆန်းလှကာ နတ်ဘုရားအာရုံကို ဤအနက်ရောင်အလင်းအတားအဆီးအတွင်း ခပ်ဝေးဝေးသို့ ဖြန့်ကျက်နိုင်ဖို့ မဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် ဝမ်လင်းက သူ့ကိုယ်သူဖုံးကွယ်ကာ ပြီးပြည့်စုံမည့်အခွင့်အရေးတစ်ခုကို ရရှိလာခဲ့ခြင်း ဖြစ်သည်။

ဤအခိုက်အတန့်၌ သူက ကျောက်စိမ်းပုလင်းကို ကိုင်ကာ မြူများကြား လျှင်မြန်စွာ တိုးဝင်သွားနေ၏။ သူ့နားထဲသို့ ထူးဆန်းသောခပ်တိုးတိုးအသံများလည်း ဝင်လာ၏။ ဤအခိုက်အတန့်၌ အရိပ်ပုံရိပ်များက သူ့ထံ လွင့်မြောကာ သူ့အား ဖြတ်ကျော်သွားကြသည်။

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကလည်း နောက်ကနေ နီးကပ်စွာ ပါလာ၏။ သို့သော် သူ့ကိုယ်ပေါ်ရှိ အဆောင်နှစ်ခု၏ အမြန်နှုန်းကြောင့် ဝမ်လင်း၏အမြန်နှုန်းက အံ့မခန်း ဖြစ်နေပေပြီ။သူတို့သည် ရွှေ့လျားနေလျက် သူတို့ကြားရှိ အကွာအဝေးက တဖြည်းဖြည်းပိုကျယ်လာသည်။

“ငါ့ပိုင်ဆိုင်မှုကို လုယူတဲ့အတွက် နင် သေဖို့ ထိုက်တန်တယ်…” အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက ရက်စက်ဟန်အကြည့်ကို ထုတ်ဖော်၏။ သူမက လက်ဝေ့ယမ်းရာ အဆိပ်မြူတစ်ခု ချက်ခြင်းပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း အဆိပ်ကင်းမြှီးကောက်တစ်ကောင်၏ပုံရိပ်က ခုနစ်ရောင်စုံကောင်းကင်ထက်၌ ပေါ်လာ၏။

ထိုအဆိပ်ကင်းမြှီးကောက်က ပေထောင်ချီကြီးမား၏။၎င်း၏ အမြှီးက ဆန့်ထုတ်လာကာ ဝမ်လင်းထံ တိုးဝင်လာ၏။

ဝမ်လင်းက ရုတ်တရက် ပြန်လှည့်၏။ သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု ပေါ်လာသည်။ သူက ဘယ်လက်ကို ပင့်မြှောက်၍ လက်သီးချက်တစ်လုံး ကင်းမြှီးကောက်၏အမြှီးထံ ပစ်သွင်းသည်။ မြေပြင်ထုအက်ကွဲသံများပါ ဟိန်းမြည်လာပြီး ကင်းမြှီးကောက်အမြှီးသည် တုန်ယင်ကာ ချက်ခြင်း ပျက်စီးသွားသည်။

ထိုအခိုက်အတန့်၌ အရှင်ဟွေစုန်လည်း ပြေးလာနေပေပြီ။ သူက နောက်ထပ်ပုတီးစေ့တစ်ခုကို ထုတ်ယူကာ သူ့စိတ်နှလုံးကိုက်ခဲရမှုကိုပါ လစ်လျူရှုပစ်၏။ သူသည် ၎င်းကို ပစ်လွှတ်ကာ အော်ပြော၏။ “ဖိဆန်သူ…ဆင့်ခေါ်ခြင်း…”

သူ ထိုသို့ ပြောလိုက်သည့်နောက် ဤနယ်မြေရှိ ခုနစ်ရောင်စုံအလင်းသည် ပုတီးစေ့ထံ မြန်ဆန်စွာ စုဝေးလာပြီး အတွင်းသို့ တရကြမ်း ဝင်ရောက်လေ၏။ ထို့နောက် ၎င်းပုတီးစေ့က ရုတ်တရက် ပျက်စီးသွားသည်။

၎င်း ပျက်စီးသွားသည်နှင့် ခုနစ်ရောင်စုံအလင်းက တလက်လက် တောက်ပကာ လှိုင်းတွန့်များ ပဲ့တင်ထပ်သည်။ ခုနစ်ရောင်စုံအလင်းက လှိုင်းတွန့်အတွင်း စုစည်းပြီး ဧရာမလက်ချောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

“ကောင်းကင်ဘုံကံကြမ္မာလက်ချောင်း…” ဤနေရာသည် ရှေ့ဖြစ်ဟောသူနှင့် အမှန်တကယ် ပတ်သတ်မှု ရှိနေရပေမည်။ ဝမ်လင်းက ကောင်းကင်ထက်ရှိ ဧရာမလက်ချောင်းကို တွေ့မြင်သည့်အခါ သူ့မျက်လုံးသူငယ်အိမ်ပင် ခဏတာ ကြုံ့သွားမိလေ၏။

ထိုဧရာမလက်ချောင်းက ကောင်းကင်ထက်ရှိ ခုနစ်ရောင်စုံအလင်း အစိတ်အပိုင်းတော်တော်များများကို စုပ်ယူခဲ့ပြီးရာ ကောင်းကင်ယံကိုပါ မှိန်ဖျော့သွားစေသည်။ ၎င်းလက်ချောင်းက ထွက်ပြေးနေသော ဝမ်လင်းကို ချေမွပစ်လိုသည့်အလား သက်ဆင်းလာ၏။

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို၏မျက်လုံးတို့က တောက်ပလျက်၊ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူမ၏မျက်ခုံးနှစ်ခုကြား ညွှန်သည်။ အတားအဆီးသုံးခုသည် ချက်ခြင်း ပျံသန်းထွက်၏။ ၎င်းတို့မှာ ရှင်ခြင်း၊သေခြင်းအတားအဆီးများထဲမှ အစွမ်းထက်ဆုံးအတားအဆီးသုံးခုပင်။

“ရှင်ခြင်း၊သေခြင်း၊ရှင်ခြင်း…” အဘွားအို၏ ခပ်ရှရှအသံက ပဲ့တင်ထပ်ကာ အတားအဆီးသုံးခုသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းပြီး ရှင်ခြင်း၊သေခြင်းအတားအဆီးစွမ်းအင်အဖြစ် ပြောင်းသည်။ ၎င်းက ရှင်ခြင်းသေခြင်း၏ အနှစ်သာရ ပါဝင်ကာ ဝမ်လင်းထံ တဟုန်ထိုး ဝင်လာသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset