Switch Mode

အပိုင်း (၁၂၄၂)

အရိုးအောက်က ပုလင်း…

အတားအဆီးပေါ်ရှိ အက်ကြောင်းက အမာရွတ်တစ်ခုနှင့် ဆင်တူ၏။၎င်းက မြန်ဆန်စွာ ပြန်ကုစားနေသည်။ ၎င်းအက်ကြောင်း အလုံးစုံ ပြန်ကောင်းမွန်သွားဖို့ အချိန်အရမ်း ကြာလိမ့်မည် မဟုတ်ပေ။ ထိုသို့သာ ဖြစ်ပါက လူတစ်ယောက်သည် ၎င်းအနက်ရောင်အလင်းအတားအဆီးမျက်နှာပြင်ကို ဖျက်စီးပစ်ဖို့ငှာ ရတနာများစွာ အသုံးမပြုပါက ဤအထဲတွင် ထာဝရ ပိတ်မိသွားပေမည်။

ဤအက်ကြောင်းအတွင်း၌ တောင်ငယ်တစ်လုံး ရှိ၏။ အရှင်ဟွေစုန်က တောင်ထိပ်သို့ လျှပ်စီးတန်းအလား ရွှေ့လျားနေသည်။အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးလည်း ပါသည်။ သူတို့နှစ်ယောက်က မြန်ဆန်လွန်းကာ တောင်ထိပ်အနား ချက်ခြင်းလိုလို ရောက်လာကြသည်။

တောင်ထိပ်အလယ်တွင် လျှပ်စီးမိုးကြိုးအမှတ်အသား ထွင်းထုထားသည့် ပေနှစ်ရာအမြင့်ရှိ ကျောက်တုံးဂိတ်တံခါးတစ်ခု ရှိနေသည်။

“ဒါက သားရဲစိတ်ဝိညာဉ်တွေ ချိပ်ပိတ်ထားတဲ့ နေရာပဲ…” အရှင်ဟွေစုန်က သည်ဂိတ်တံခါးနား ရောက်လာချိန်တွင် သူ့နတ်ဘုရားအာရုံဖြင့် ပြော၏။ ထို့နောက် သူက လျှပ်စီးတန်းကဲ့သို့ ပုံစံရှိသည့် ငွေရောင်ဆွဲပြားတစ်ခုကို ထုတ်ယူပြီး ပစ်လွှတ်သည်။

ဆွဲပြားက ငွေရောင်တောက်ပမှုကို ပေးစွမ်းရင်း ဂိတ်တံခါးထံ ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာ တံခါးပေါ်ရှိ လျှပ်စီးအမှတ်အသားဟာ ငွေရောင်တောက်ပသွားကာ ထိုဆွဲပြောင်းကို ကြိုဆိုသည့်အလား။

ဤအခိုက်တွင် တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ကြီးမားသည့် ဤကျောက်တုံးတံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။ ဖုန်မှုန့်များစွာ နေရာအနှံ့သို့ ပြန့်ကြဲသည်။

ကျောက်တံခါးပွင့်သွားချိန်၌ အတွင်းဘက်ကနေ စိတ်ဝိညာဉ်ကိုပါ ထွင်းဖောက်နိုင်သည့် ဟိန်းသံများ ထွက်လာသည်။ သားရဲစိတ်ဝိညာဉ်များထံမှထွက်ပေါ်လာသည့် ဟိန်းသံများကား ဖော်ပြနိုင်စွမ်းမဲ့သော နတ်ဘုရားအာရုံတစ်ခုအဖြစ် ပြောင်းလဲပြီး မြန်မြန်ဆန်ဆန် ပျံ့လွင့်လာသည်။

“ရောင်းရင်းကျင့်ကြံသူကျောက်…အချိန်ဟာ ရွှေပဲ။ သင် သားရဲစိတ်ဝိညာဉ်တွေကို ယူပါ။ငါကတော့ တာအိုကျမ်းကို သွားကြည့်ချင်တယ်…”

အရှင်ဟွေစုန်က သူ့လက်နှစ်ဖက်ကို ဆုပ်၍ အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးကို ပြောသည်။

“ရောင်းရင်းကျင့်ကြံသူကျောက် စိတ်ဝင်စားရင်တော့ ဒီအဘိုးအိုနဲ့ လိုက်ခဲ့မလား…။သင် ဉာဏ်အလင်း ရကောင်း ရသွားနိုင်တယ်…”

အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက အနည်းငယ် စဉ်းစား၏။ထို့နောက် သူမက ခေါင်းယမ်းလိုက်သည်။

အရှင်ဟွေစုန်က ဆက်၍ မမေးတော့ပေ။ သူက တောင်ထိပ်ဖျားထံ ပျံသန်းသွား၏။ သူသည် အရင်က ဤနေရာကို မရောက်ဖူးခဲ့သော်လည်း သူ့ထံရှိ မြေပုံက တာအိုကျမ်းရှိသည့်နေရာအား ရှင်းရှင်းလင်းလင်း ဖော်ပြထားပေသည်။

အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက အရှင်ဟွေစုန်ကို စူးစိုက်ကြည့်ကာ မျက်မှောင်ကြုတ်သည်။ သူမက အရှင်ဟွေစုန် ပြောခဲ့သည်ကို မယုံပေ။သို့သော် သူ့စကားများထဲတွင်လည်း ဘာပစ်ချက်မှ မတွေ့ဘဲ ရှိ၏။ သားရဲစိတ်ဝိညာဉ်တုန်ခါလှိုင်းတို့က အရှင်ဟွေစုန် ပြောခဲ့သည်ကို အမှန်ဟု သက်သေပြနေ၏။ သည်နေရာအတွင်း သားရဲစိတ်ဝိညာဉ်များစွာ ချိပ်ပိတ်လျက် ရှိလေ၏။

အနည်းငယ်စဉ်းစားပြီးနောက် ထိုအမျိုးသမီးက ဂိတ်တံခါးနား ရောက်လာ၏။ သူမ၏နတ်ဘုရားအာရုံကို အတွင်းသို့ ဖြန့်ကျက်ကြည့်ရာ သူမ၏မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာ၏။ အတားအဆီးမျးကို ဆက်တိုက်နေရာချပြီးနောက် သူမက အတွင်းသို့ ခြေလှမ်းဝင်သည်။

အရှင်ဟွေစုန်ကမူ တောင်ထိပ်ဖျားသို့ ရောက်လာခဲ့ပေပြီ။ သူက အောက်သို့ ငုံ့ကြည့်ကာ လှိုဏ်ဂူထဲ ဝင်သွားသည့် အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးကို မြင်၏။ သူက နှာခေါင်းရှုံ့သည်။

“ငါ မလိမ်ဘူး။ ဒီထဲမှာ သားရဲစိတ်ဝိညာဉ်မြောက်မြားစွာ တကယ် ရှိတယ်။ ငါက သင် မဝင်မှာကိုပဲ စိုးနေတာ။ သင်သာ ငါ့နောက်ကို လျှို့ဝှက်ပြီး လိုက်လာခဲ့တာမှ အဆင်ပြေလိမ့်ဦးမယ်…” သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်း၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေသည်။ ကျောက်တံခါးထံမှ တဝုန်းဝုန်းအသံများ ထွက်ပေါ်လာကာ မြန်ဆန်စွာ ပြန်ပိတ်၍ တင်းတင်းကြပ်ကြပ် ချိပ်ပိတ်သွားလေ၏။

တံခါးအတွင်းဘက်မှ အမျိုးသမီး၏ ဒေါသတကြီးအော်သံများနှင့် တံခါးအား ထုရိုက်သံလိုမျိုး ကြားရ၏။

အရှင်ဟွေစုန်က သူ့ထံတွင် အချိန်အများကြီး မရှိသည်ကို သိထား၏။ အတားအဆီးမျက်နှာပြင် အက်ကြောင်းသာ ပြန်ပိတ်သွားခဲ့ပါက ထွက်ခွာဖို့ အလွန်ခက်ခဲသွားပေမည်။ သူက တောင်ထိပ်ဖျားတွင် ရပ်ကာ အသက်ဝဝရှုသွင်း၏။ သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားမှု ရှိနေ၏။ သူက သည်နေ့ကို စောင့်နေသည်မှာ ကြာလွန်းခဲ့ပြီ မဟုတ်လား။ သူက ဤနေရာတွင်ရပ်၏။ သူ့လက်နှစ်ဖက်ကို ပင့်မြှောက်၏။ ထို့နောက် ဒူးထောက်ချသည်။ သည့်နောက်တွင် သူ့လက်ကို ကောင်းကင်ထက်သို့ ညွှန်ကာ ထူးဆန်းသောဂါထာတစ်ခုကို စတင် ရွတ်ဆိုသည်။

ထိုဂါထာကား အလွန်ထူးဆန်းသည်။ သူပြောဆိုနေသည်ကို ကြားရဖို့ မဖြစ်နိုင်ပေ။ သို့ရာတွင် သူ ရွတ်ဆိုနေရင်း ကောင်းကင်ထက်ရှိ ခုနစ်ရောင်စုံအလင်းက ပို၍ပင် ပြင်းထန်လာချေ၏။၎င်းက မြူများကို ထွင်းဖောက်ကာ တောင်ထံသို့ တိုက်ရိုက် ကျဆင်းလာသည်။

အလင်းက အရှင်ဟွေစုန်၏ အထက်၌ လှည့်ပတ်သည်။ ထို့နောက် သက်တံရောင်တံတားအဖြစ်သို့ ပြောင်းကာ ရှေ့တည့်တည့်ရှိ လေဟာနယ်ထဲအထိ ဆန့်ကားသွားသည်။

အရှင်ဟွေစုန်က စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ တံတားကို ဖြတ်သန်းလာ၏။ သက်တံတံတား၏ အဆုံးသပ်ရှိ လေဟာနယ်ထဲ၌ ခုနစ်ရောင်စုံဝဲကတော့တစ်ခု ရှိသည်။ အရှင်ဟွေစုန်က ၎င်းဝဲကတော့ထဲသို့ လှမ်းလျှောက်ဝင်သည်။

ဝဲကတော့မှာ ခုနစ်ရောင်စုံအလင်းတို့နှင့် ပြည့်နှက်နေ၏။ ထိုအလင်းက ဧရာမကျောက်ပြားကြီးတစ်ခုထံကနေ ထွက်ပေါ်လာခြင်းပင်။ ၎င်းကျောက်ပြားက လူတိုင်းကို ၎င်းအား ပူဖော်သမှု ပြုစေချင်သည့် ခံစားမှုမျိုးကို ပေးစွမ်းနေသည်။

အရှင်ဟွေစုန်လည်း ချွင်းချက်မဟုတ်ပေ။ သူက ဒူးထောက်ချကာ ခပ်တိုးတိုး ရွတ်၏။သူ့ဘေးပတ်လည်တွင် မှော်စာလုံးများပေါ်လာပြီး သူ့မျက်လုံးအနီးတစ်ဝိုက်ထိ ချိပ်ဟန်တစ်ခုကဲ့သို့ သိပ်သည်းသည်။

ခဏအကြာတွင် သူက ခေါင်းမော့ကာ ကျောက်ပြားကို ကြည့်သည်။

ထိုကျောက်ပြားအောက်ခြေတွင် အရိုးစုတစ်ခု ရှိလေ၏။ ထိုအရိုးစုက ခန္ဓာကိုယ်အပေါ်ပိုင်းသာ ကျန်သည်။ ၎င်း၏လက်နှစ်ဖက်က ကျောက်ပြားထဲသို့ ခုနစ်ရောင်စုံလက်သည်းခွံများနှင့်အတူ စိုက်ဝင်လျက် ရှိသည်။

ဤအရိုးစုက ကျင့်ကြံသူတစ်ယောက်၏ အရိုးစု ဖြစ်သည်။ ခုနစ်ရောင်စုံအလင်းဖြင့် ပြည့်နေသော ဤကမ္ဘာတွင် သည်အရိုးစုက တစ်စက်လေးပင် အပြောင်းအလဲမရှိပေ။ သို့သော် ၎င်းထံမှ အနက်ရောင်အလင်းကိုတော့ ပေးစွမ်းနေသည်။

အရိုးများပေါ်တွင် ခပ်ဖျော့ဖျော့စာလုံးများ ရေးထွင်းထားသည်။ ထိုစာလုံးများက သေးငယ်လှကာ အရိုးစုတစ်လျှောက်တွင် သိပ်သိပ်သည်းသည်း ပြည့်ပြည့်ကျပ်ကျပ် ရှိသည်။

သည့်အပြင် ပေဒါဇင်ချီအကျယ်ရှိ စက်ဝန်းပတ်အစီအရင်တစ်ခုလည်း ရှိသည်။ ထိုအစီအရင်ထဲရှိ စက်ဝန်းများထဲ၌ မရေမတွက်နိုင်သော မှော်စာလုံးများ ရေးထွင်းထားသည်။ အရိုးစု၏ ကျောရိုးအောက်ဘက်ရှိ အစီအရင်ဗဟိုချက်နေရာတွင်တော့ ကျောက်စိမ်းပုလင်းတစ်ခု ရှိလေ၏။

အရှင်ဟွေစုန်၏အကြည့် ထိုကျောက်စိမ်းပုလင်းပေါ် ကျရောက်လာချိန်တွင် သူ့မျက်ဝန်းထဲတွင် လောဘဖြင့် ပြည့်နှက်သည်။

သူသည် ဤအရိုးစုပေါ်ရှိ စာလုံးများဟာ တာအိုကျမ်းမှန်း သိသည်။သို့သော် သူက ၎င်းတို့ကို လုံးဝ မကြည့်ပေ။ သူ ပြောခဲ့သမျှက အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကို အရူးလုပ်ချင်၍သာ ဖြစ်သည်။

“သင် ဒီတာအိုကျမ်းကို ကြည့်ရင် သင်ဟာ ဉာဏ်အလင်းရသူ ဖြစ်လာနိုင်တယ်။ ငါက‌ ကောင်းကောင်းအသက်ရှင်နေတာပဲ။ ဘာကြောင့် ဒီကို သေရဖို့အတွက် ငါလာခဲ့ရမှာလဲ…”

သူက နှုတ်ခမ်းသပ်၏။ ဤနေရာသို့ လာရသည့် သူ့ရည်ရွယ်ချက် အစစ်အမှန်က အရိုးစုအောက်ရှိ ကျောက်စိမ်းပုလင်းသာ ဖြစ်သည်။

ဤအခိုက်အတန့်၌ အရိုးစုကျောရိုးထံမှ အနက်ရောင်အလင်း ဖျပ်ခနဲ လင်းလာကာ သွေးကဲ့သို့ အနက်ရောင်အရည်စက်တစ်စက် ထွက်လာသည်။ ၎င်းက ကျောက်စိမ်းပုလင်းထံ ကျရောက်ကာ ဝုန်းခနဲ မြည်ဟိန်းသံ ထွက်ပေါ်စေသည်။

အရှင်ဟွေစုန်က အရိုးစုထံ ဦးတည်လာကာ ချက်ခြင်းလိုလို အနားရောက်သွား၏။ သူ့ညာလက်ဖြင့် ကျောက်စိမ်းပုလင်းထံ လှမ်းသည်။ သို့ရာတွင် သူ့ညာလက်ကျောက်စိမ်းပုလင်းနှင့် ထိခါနီးတွင် အရှင်ဟွေစုန်၏ခန္ဓာကိုယ်က တုန်ယင်ကာ သူ့ခန္ဓာကိုယ်ကနေ အဖြူရောင်အခိုးအငွေ့များစွာ ထွက်လာသည်။ အဖြူရောင်အခိုးအငွေ့များကို ကျောက်စိမ်းပုလင်းက စုပ်ယူလေ၏။

သို့ရာတွင် အရှင်ဟွေစုန်က ထိတ်ပျာမသွားပါ။ သူက ထိုသို့ဖြစ်လာမည်ကို သိထားခဲ့သည့်အလား။ သူ့ညာလက်ကို ဘေးတစ်ဖက်သို့ ဆန့်ထုတ်ကာ သိုလှောင်နေရာလွတ်ကို ဖွင့်သည်။ ထိုအခါ မူလစိတ်ဝိညာဉ်များ သူ့သိုလှောင်နေရာလွတ်ထဲကနေ စတင် ပျံသန်းထွက်လာကြသည်။

ချက်ခြင်းလိုလို မူလစိတ်ဝိညာဉ်တစ်ထောင်ကျော် ပျံသန်းထွက်လာ၏။ ၎င်းတို့ကို ချိပ်ပိတ်ထားပြီး တစ်ခုနှင့်တစ်ခုကြား ခပ်ပါးပါးလိုင်းဖြင့် ချိတ်ဆက်ထားသည်။

ထိုမူလစိတ်ဝိညာဉ်များ ပျံသန်းထွက်လာသည်နှင့် အရှင်ဟွေစုန်က ထူးဆန်းသောဂါထာတစ်ခုကို ရွတ်ဆိုကာ သူ့ဘယ်လက်ဖြင့် မူလစိတ်ဝိညာဉ်တစ်ခုကို ဖမ်းကိုင်သည်။

ထိုမူလစိတ်ဝိညာဉ်က ချက်ခြင်းတုန်ယင်ကာ ပျောက်ကွယ်သွား၏။ သို့သော် ဆက်တိုက်ဆိုသလို နောက်ထပ်မူလစိတ်ဝိညာဉ်လည်း စတင်တုန်ယင်သည်။ အသက်ရှုစာ ဆယ်ကြိမ်အတွင်းမှာပင် မူလစိတ်ဝိညာဉ်တစ်ထောင်နီးပါး အဖြူရောင်အခိုးငွေ့များအဖြစ်သို့ ပျောက်ကွယ်ကာ ကျောက်စိမ်းပုလင်း၏ စုပ်ယူခြင်း ခံလိုက်ရပေပြီ။

တစ်ချိန်တည်းမှာ အရှင်ဟွေစုန်က သူ့လျှာကို ကိုက်ကာ သွေးမြူတစ်ခုကို ထွေးထုတ်သည်။ သိပ်မကြာခင်မှာပင် သူ့ပါးစပ်ထဲကနေ အလင်းတန်းလေးခု ထွက်လာကာ လက်ဝါးအရွယ် ရွှေရောင်ဓားလေးလက် ဖြစ်ပေါ်သည်။ ၎င်းတို့က ပုလင်းပတ်လည်ရှိ စက်ဝန်းအစီအရင်ထံ ထိုးစိုက်သွားလေ၏။ ဤအခိုက်တွင် သွေးမြူသည် ဓားလေးလက်ထံ ဝင်ရောက်လာသည်။ ဓားလေးလက်က အစီအရင်၏မတူညီသောအစိတ်အပိုင်းများထံ ထိုးစိုက်သွားချိန်၌ တစီစီအသံများကိုပါ ကြားရသည်။

ဤအခိုက်တွင် အရှင်ဟွေစုန်က မာန်သွင်းကာ သူ့ညာလက်ကို ပင့်မြှောက်ပြီး ကျောက်စိမ်းပြားကို ဆွဲယူ၍ မြန်မြန်ဆန်ဆန် ဆုတ်သည်။

သူက အရူးအမူး ရယ်မောလျက် နောက်ဆုတ်ရင်း ဘယ်လက်ကို ဝေ့ယမ်း၏။ ဓားလေးလက် ချက်ခြင်း ပျံသန်းထွက်လာသည်။ သို့သော် သူက ၎င်းတို့ကို ပြန်မသိမ်းဆည်း၊ ခုနစ်ရောင်စုံလောကထဲသို့သာ သည်အတိုင်း ပျံသန်းသွားစေသည်။

“ရောင်းရင်းကျင့်ကြံသူကျောက်…သင် သေချာ မြင်လိုက်ရလား…”

လေဟာနယ်သည် တွန့်လိမ်ကာ လှပသောသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ထွက်ပေါ်လာ၏။ သူမက ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူမ၏ရှေ့တွင် အတားအဆီးများစွာ ပေါ်လာစေသည်။ ထိုအတားအဆီးများက ဝဲကတော့အသွင်ဖြစ်ပေါ်ကာ ဓားလေးလက်ကို ဟန့်တားသည်။

သို့ရာတွင် ဤရွှေရောင်ဓားလေးလက်ကို အလွန်ထူးဆန်းသည်။ ၎င်းတို့က ဝဲကတော့နှင့် ထိခါနီးသည်နှင့် ရွှေရောင်အရည်အဖြစ် ပျော်ဝင်ကာ အတားအဆီးဝဲကတော့ကို ဖြတ်ကျော်သွားလေသည်။ ထို့နောက် ၎င်းတို့က အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးထံ တန်းတန်းမတ်မတ် ဝင်ရောက်သည်။

အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီး၏ အမူအရာက ပြောင်းလဲသွား၏။ သူမက နောက်ထပ်ဆုတ်သည်။ ရွှေရောင်အရည်က ချက်ခြင်းပင် မရေမတွက်နိုင်သော ရွှေရောင်မိုးစက်များအဖြစ် ပြိုကွဲကာ သူမထံ အဘက်ဘက်ကနေ တရကြမ်း တိုးဝင်လာ၏။

“ရောင်းရင်းကျင့်ကြံသူကျောက်…သင် ဘယ်လို လွတ်လာလဲ ငါ မသိပေမဲ့ သင် လိုက်မလာသင့်ဘူး။ ဒီနေရာဟာ တာအိုကျမ်းရှိတဲ့နေရာပဲ။ ကောင်းကောင်းလေ့လာတော့…”

အရှင်ဟွေစုန်က အရူးအမူး ရယ်မော၏။ သူက ခုနစ်ရောင်စုံလောကကနေ ခြေလှမ်းထွက်ကာ သက်တံတံတားကို အသုံးချကာ တောင်ထံသို့ ပြန်ရန် ပြင်သည်။

သူ တောင်သို့ ပြန်ရောက်သည်နှင့် ဤနေရာကနေ ချက်ခြင်း ထွက်သွားမည် ဖြစ်သည်။ အတားအဆီးမျက်နှာပြင်ပေါ်ရှိ အက်ကြောင်းကလည်း သိပ်မကြာခင်တွင် ပြန်ကောင်းမွန်တော့မည် ဖြစ်ရာ ဤအစိမ်းရောင်နှင့်အမျိုးသမီးအတွက်တော့ သည်နေရာအတွင်း ထာဝရ ပိတ်မိသွားမည် ဖြစ်သည်။ သူမ၏ခန္ဓာကိုယ်ကို လက်လွှတ်ကာ တာအိုကျမ်းကို နားလည်နိုင်မှသာ သည်နေရာကနေ ထွက်သွားနိုင်စွမ်း ရှိပေတော့မည်။ သို့သော် ထိုအချိန်ကျလျှင် သူမသည် သေသည်နှင့် မခြားတော့၊ ဉာဏ်အလင်းရသူများထဲမှ တစ်ယောက် ဖြစ်လာပေလိမ့်မည်။

သို့သော်ငြားလည်း ဤအခိုက်၌ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခုနှင့်အတူ အရှင်ဟွေစုန်၏ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်ကလည်း အစိမ်းရောင်ဝတ်စုံဖြင့်သာ။ ၎င်းက အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုပင်။

သူမ၏ ရုပ်ပိုင်းအသွင်ကြောင့် အရှင်ဟွေစုန်သည်ပင် မင်သက်မိ၏။

ကျောက်ဟု အမည်ရသည့် အမျိုးသမီးကျင့်ကြံသူနှစ်ယောက်၊ တစ်ယောက်က အသက်လေးဆယ် သက်လတ်ပိုင်းအရွယ် ရှိကာ အခြားတစ်ယောက်က ပါးရည်နားရည်တွန့်နေသည့် အဘွားအိုတစ်ယောက်ပင်။ သို့သော် ထိုနှစ်ယောက်ကား တုန်လှပ်စရာကောင်းလှအောင် အသွင်သဏ္ဌာန်ချင်း တူညီလေ၏။

“ဒါဟာ ကိုယ်ပွားမဟုတ်ဘူး။ ဒါက ယင်ယန်ဘိုးဘေးမန္တာန်ပဲ…”

အရှင်ဟွေစုန်၏အမူအရာ ပြောင်းလဲသွားပြီး အတွေးတစ်ခု သူ့စိတ်ထဲတွင် ဖျပ်ခနဲ ပေါ်သွားသည်။ သူက အလွန်ရှေးကျသည့် ဒဏ္ဌာရီလာ တားမြစ်မန္တာန်တစ်ခုကို တွေးမိသွားသည်။

ထိုမန္တာန်မှာ ကြောက်ဖို့ကောင်း၏။ သက်ရှိများနှင့် ဆန့်ကျင်သည်။ ကျင့်ကြံဖို့ အလွန်အမင်း ခက်ခဲသည်။ အခုချိန်ထိ မည်သူကမျှ ဤမန္တာန်ကို ကောင်းမွန်စွာ မအောင်မြင်ခဲ့သေးပေ။ သို့ရာတွင် အရှင်ဟွေစုန်က သူ့ရှေ့တွင် ထိုတားမြစ်နည်းစနစ်တစ်ခုကို ကျင့်ကြံခဲ့ကာ ဘိုးဘေးသုံးယောက်အဆင့်ထိ ရောက်နေသောသူ ရှိနေတာကိုတော့ ယုံရတော့၏။

ယင်ယန်ဘိုးဘေးမန္တာန်က မိန်းကလေးသန္ဓေသားကို လွယ်ထားသည့် အမျိုးသမီးကျင့်ကြံသူများအတွက်သာ ဖြစ်သည်။ ထို့နောက် အနှီမိန်းကလေးက မိခင်ဖြစ်သူ၏ အထူးမန္တာန်ဖြင့် ကြီးပြင်းလာမည် ဖြစ်ကာ အမေနှင့်သမီးသည် တူညီသောခန္ဓာကိုယ်တစ်ခုကို မျှဝေအသုံးပြုကြပေမည်။

နောက်ပိုင်းတွင် သမီးဖြစ်သူက တစ်ယောက်ယောက်နှင့် ကျင့်ကြံခြင်းလက်တွဲဖော်ကို ရှာကာ နောက်ထပ် မိန်းကလေးကိုယ်ဝန် ထပ်ယူရမည်။သည့်နောက် သူတို့သုံးယောက်ဟာ အထူးမန္တာန်တစ်ခုကို အသုံးပြုကာ တစ်ဦးတည်းအဖြစ်သို့ ပေါင်းစပ်မည် ဖြစ်၏။

၎င်းမန္တာန်နည်းလမ်းက လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကိုလည်း ကြီးစွာ မြင့်မားလာစေနိုင်သည်။ စိတ်ဝိညာဉ်သုံးခုကို ပေါင်းစည်းထားခြင်းကြောင့်လည်း သူတို့၏နတ်ဘုရားအာရုံမှာ အလွန်အစွမ်းထက်ပေလိမ့်မည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset