Switch Mode

အပိုင်း(၁၂၄၀)

တာအိုကျမ်း

ဤနေရာက မြက်ပင်များသာ ဖုံးအုပ်နေပြီး မြူများ ကင်းစင်သည်။ထို့ကြောင့် ဝမ်လင်းသည် အကွာအဝေးတစ်ခုထိ ရှင်းရှင်းလင်းလင်း မြင်ရ၏။ သူက တောင်ကြားတစ်လျှောက် ခပ်မြန်မြန်သွားနေသည်။ တစ်ခါတစ်ရံ ရပ်ကာ မျက်လုံးမှိတ်၍ လမ်းကြောင်းကို အာရုံခံသည်။ ခဏအကြာတွင် သူက မျက်လုံးပြန်ဖွင့်ကာ ရှေ့ဆက်သည်။

နံရံကဲ့သို့ ဖြစ်နေသည့် တောင်တန်းက အကွာအဝေးတစ်ခုတွင် ရှိနေ၏။ အချိန်ကြာလာသည်နှင့်အမျှ ဝမ်လင်းက နီးနီးလာသည်။

တစ်ရက်ခန့်ကြာပြီးနောက် ဝမ်လင်းသည် တောင်ကြားအပြင်တွင် ရပ်၏။ သူက ထိုတောင်တန်းနှင့် နီးနေပေပြီ။ သူက တောင်ကြားကို ဖြတ်သန်းသွားရုံဖြင့် တောင်ကြောခြေရင်းထံ ရောက်မည်။

တောင်ကြားရှေ့တည့်တည့်ကို ကြည့်ကာ ဝမ်လင်းသည် စတင်စဉ်းစားသည်။ ဤတောင်ကြားက ထူးဆန်း၏။ အနည်းငယ်လေ့လာပြီး သူ့မျက်လုံး လက်ခနဲ ဖြစ်သွားသည်။ သူက အတားအဆီးတစ်ခုကို ဖြစ်ပေါ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။ ထိုအခါ သူ့မျက်ခုံးနှစ်ခုကြားကနေ အနက်ရောင်အကြောင်းတစ်ခု ပျံသန်းထွက်သွားကာ ၎င်းက အတားအဆီးအမှတ်အသားအဖြစ် ပြောင်းလဲပြီး ရှေ့သို့ ပျံသန်းသွားသည်။

အတားအဆီးလေထဲသို့ လွင့်မြောလာချိန်၌ ဤဧရိယာကို ခြုံလှမ်းသည့် အနက်ရောင်အလင်းကို ပေးစွမ်းလေ၏။

အနက်ရောင်အလင်းက ဤဧရိယာကို ခြုံလွှမ်းနေစဉ် သူ့ရှေ့ မြက်ပင်များကနေ ငွေရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ထူးဆန်းသောအကွက်တစ်ခု ပေါ်သည်။ ထိုအကွက်ကာ မက်မွန်ပန်းအသွင် ဖြစ်၏။ ဝမ်လင်း ၎င်းကို မြင်သည့်အခါ သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။

“မက်မွန်ပန်းဆယ့်ရှစ်ခု အတားအဆီး…”

ထိုအတားအဆီးက သည်နေရာတွင် ရှိနေသည်မှာ မကြာလှသေးချေ။ လွန်ခဲ့သောတစ်ရက်ကမှ ဤနေရာတွင် ချခင်းထားခြင်းသာ။ တိတိကျကျဆိုပါက အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက ချခင်းခဲ့ခြင်းပင်။ မက်မွန်ပန်းဆယ့်ရှစ်ခုအတားအဆီးသည် မဟာရှေးဟောင်းအတားအဆီးလေးခုထဲက တစ်ခုဖြစ်သည့် ပျက်သုဉ်းခြင်းအတားအဆီးပညာရပ်ကနေ ဆင်းသက်လာခြင်း ဖြစ်သည်။ ဝမ်လင်းသာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းသို့ မသွားခဲ့ပါက သူသည် ၎င်းအတားအဆီးကို ချိုးဖျက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

သို့ရာတွင် အလုံးစုံကောင်းကင်တွင် ရှိခဲ့စဉ်က ဝမ်လင်းသည် မဟာရှေးဟောင်းအတားအဆီးများထဲမှ တစ်ခု ဖြစ်သည့် ပျက်သုဉ်းခြင်းအတားအဆီးပညာရပ် အမွေအနှစ်ကို ရခဲ့သည်။ အခု မက်မွန်ပန်းဆယ့်ရှစ်ခုအတားအဆီးက ၎င်းပညာရပ်ထံကနေ ဆင်းသက်လာသည် ဖြစ်ရာ ထို့ကြောင့် ဝမ်လင်းအတွက် ယင်းအတားအဆီးကို ချိုးဖျက်ဖို့မှာ မခက်ခဲပေ။

“အစိမ်းရောင်ဝတ်စုံနဲ့ အဘွားအိုက ဒီအတားအဆီးကို ထားခဲ့တယ်။ ဒါက ချောင်းမြောင်းတိုက်ခိုက်ဖို့အတွက်နဲ့ သတိပေးချက်တစ်ခုအဖြစ် ချခင်းထားခဲ့တာ ဖြစ်နိုင်တယ်…” ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက ရှေ့သို့ ဆက်သွားရန် ပြင်ပြီးမှ ရုတ်တရက် ရပ်လိုက်သည်။ သူက မြေပြင်ထက်ရှိ မက်မွန်ပန်းဆယ့်ရှစ်ခုအတားအဆီးကို သေသေချာချာ ကြည့်၏။

ထိုအရာများက ရိုးစင်းမနေဟု သူ ခပ်ရေးရေး ခံစားမိသည်။

ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ မြက်ပင်များကို တစ်လက်မချင်း ဂရုတစိုက်စစ်ဆေးသည်။ သူ့အမူအရာက အလေးအနက် ဖြစ်လာ၏။ အထူးသဖြင့် သူ မက်မွန်ပန်းဆယ့်ရှစ်ခုအတားအဆီးမှ မနီးမဝေးတွင် အနက်ရောင်အလင်းကို မြင်လိုက်မိချိန်တွင်ပင်။ သူက ချက်ခြင်းပင် ထိုအနက်ရောင်အခိုးငွေ့များက အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို နဂါး၏အသက်ဓာတ်ကို စုပ်ယူခြင်းနှင့် ခြေကိုလှမ်းချိပ်ပိတ်ခြင်းအစီအရင်ထဲ ဝင်ရောက်ချိန်တို့တွင် အသုံးပြုခဲ့သည်ကို သတိပြုမိသည်။

ဝမ်လင်းက ထိုအဘွားအို၏ အတားအဆီးကို တွေ့မြင်ရချိန်၌ သူသည် ထူးဆန်းသည်ဟု ခံစားမိသည်။ သို့သော် အခုက အနီးကပ်သေသေချာချာ လေ့လာနေဖို့အတွက် သင့်တော်သည့်အခါ မဟုတ်သေးပေ။ ထို့ကြောင့် သူက ၎င်းထူးဆန်းနေမှုကို ဖြတ်မမြင်နိုင်ဘဲ ရှိ၏။ သို့ရာတွင် သူ့ရှေ့ရှိအတားအဆီးကို ကြည့်ကာ သူသည် အနည်းငယ် စဉ်းစားပြီး ဉာဏ်အလင်းရသွားသည်။

“အဆုံးမဲ့သေဆုံးခြင်းအော်ရာကနေ အသက်ဓာတ် ဖြစ်ပေါ်တာ။ ဒီနည်းလမ်းဟာ ရှေးဟောင်းမဟာအတားအဆီးလေးခုထဲက တစ်ခု ဖြစ်တဲ့ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းအတားအဆီးနဲ့ ဆင်နေတယ်…” ဝမ်လင်းက အနည်းငယ် စဉ်းစားကာ ထိုင်ချလိုက်ပြီး သူ့ညာလက်ကို လှုပ်ရှားသည်။ သူက ဖြည်းဖြည်းချင်း မြေကြီးထက်ကနေ မြက်ပင်အချို့ကို ဆွဲနှုတ်သည်။သူ့မျက်လုံး ကျဉ်းမြောင်းသွား၏။

မြက်ပင်အမြစ်က ပျက်စီးနေခဲ့ပြီး ဖြစ်ကာ အသက်ဓာတ်များများစားစား ရှိမနေတော့ပေ။ နာရီအနည်းငယ်အတွင်း ၎င်း၏ အသက်ဓာတ်အားလုံး ဆုံးရှုံးမည် ဖြစ်ကာ ထိုအခါကျလျှင် သည်နေရာရှိ အတားအဆီးက လုံးဝ အသက်ဝင်လာပေမည်။

“ဒီအဘွားအိုမှာ အရှင်ဟွေစုန်ဘေးနားမှာ ရှိနေတဲ့အတွက် အသေးစိတ်လုပ်ဖို့ အချိန်သိပ်မရလိုက်တာ ဖြစ်မယ်။ သူမက ဒီနေရာရဲ့ မြက်ပင်တွေရဲ့ အသက်ဓာတ်ကို စုပ်ယူပြီး အသက်ဝင်မယ့် အတားအဆီးတစ်ခုကိုပဲ ရိုးရိုးရှင်းရှင်း ချန်ထားခဲ့တယ်။ အသက်ဓာတ်အားလုံး စုပ်ယူခံရပြီးရင် အတားအဆီး အသက်ဝင်လာလိမ့်မယ်…”

ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ပြော၏။ ထို့နောက် သူသည် အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုအပေါ် အလွန်အမင်း သတိထားရမည်ဟု တွေး၏။

“ခုချိန်မှာ ဒီအတားအဆီးက တစ်ဝက်ပဲ အသက်ဝင်သေးတယ်။ဒါ့ကြောင့် ငါ ဒါကို ချိုးဖျက်ပစ်လို့ မဖြစ်ဘူး။ မဟုတ်ရင်…” ဝမ်လင်းက ပြုံး၏။ နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ရှေ့ကို ညွှန်သည်။ ပျက်သုဉ်းခြင်းအတားအဆီးနှလုံးသားကြောင့် ဖြစ်ပေါ်သည့် အနက်ရောင်အလင်းက ရုတ်တရက် အလင်းစက်များအဖြစ် ပျက်စီးကာ မြက်ပင်များပေါ်သို့ ကျဆင်းသွား၏။

“ငါ ဒီအတားအဆီးကို မချိုးဖျက်ဘူး။အဲ့အစား ငါ့ကိုယ်ပိုင်အမှတ်အသားကို ချန်ခဲ့မယ်။ ဒါဆိုရင် အတားအဆီး အပြည့်အဝ အသက်မဝင်လာခင်မှာ ငါ့အတားအဆီးအမှတ်အသားကို ချန်ခဲ့မယ်။ ဒီလိုဆိုရင် ငါဟာ ဒီအတားအဆီးကို ဟိုအဘွားအို မသိဘဲ ယူဆောင်နိုင်ပြီ။ ငါ့ပျက်သုဉ်းခြင်းအတားအဆီးနဲ့ သေခြင်းရှင်ခြင်းအတားအဆီးတွေဟာ ရှေးဟောင်းမဟာအတားအဆီးလေးခုထဲက နှစ်ခုပဲ။ အရှင်ဟွေစုန်တောင် ဒီထဲကို အလေးမမူဘဲ ရောက်သွားခဲ့ရင် သူ အပြင်းအထန် ဒဏ်ရာရသွားမှာ…”

ဝမ်လင်းက သည်မြက်ကွင်းပြင်တွင် ဂရုတစိုက် လှုပ်ရှား၏။ သူသည် စိတ်အေးအေး ရှိမနေဘဲ တောင်ကြားထဲသို့ ဝင်လာ၏။

ဘေးပတ်ပတ်လည်ကို ကြည့်ပြီးနောက် ဝမ်လင်းက တောင်ကြားအဆုံးသပ်ကို ကြည့်သည်။ ၎င်းက နံရံကဲ့သို့ တောင်တန်းနှင့်ချိတ်ဆက်နေသည်။ ထိုတောင်က အလွန်မက်စောက်လှသည်။

တုံ့နှေးမနေဘဲ ဝမ်လင်းက ရှေ့ရှိ နံရံကဲ့သို့ ပိတ်နေသည့် တောင်ပေါ်သို့ လျှပ်စီးတန်းအလား တက်သွား၏။ သေခြင်းရှင်ခြင်းအတားအဆီး အကြောင်းတွေးမိသည့်အခါ ဝမ်လင်းသည် အတိတ်တုန်းက လီယွမ် သူ့အား ပြောခဲ့သည်ကို မမှတ်မိဘဲ မနေနိုင် ဖြစ်မိ၏။

“လောက မွေးဖွားလာခဲ့အခါမှာ ဥပဒေသတွေပေါ်လာခဲ့တယ်။ အချိန်တွေ ကြာပြီးတဲ့နောက် အမျှင်တန်းတစ်ခုဟာ အတားအဆီးတစ်ခုအဖြစ်၊ ဒါမှမဟုတ် အစီအရင်အဖြစ် ပျံ့နှံ့ခဲ့တယ်။ ဒီနှစ်ခုဟာ နာမည်သာ ကွာတာ။ အတူတူပဲ။ ကောင်းကင်၊မြေကြီး၊ဆန်းကြယ်ခြင်းနဲ့ အဝါရောင် ဆိုပြီး အဆင့်လေးဆင့် ခွဲထားတာ ကြာမြင့်ခဲ့ပြီ။ ဒါပေမဲ့ ဒီအဆင့်လေးဆင့် အထက်မှာ စိတ္တစ အဆင့် ဆိုတာ ရှိသေးတယ်။ အဲ့အဆင့်ကနေ ရှေးဟောင်းမဟာအတားအဆီးလေးခု ဖြစ်လာခဲ့တာ…”

“ဒီမဟာအတားအဆီးလေးခုထဲမှာ ပျက်သုဉ်းခြင်းအတားအဆီးအပြင်၊ သေခြင်းရှင်ခြင်းအတားအဆီး၊ ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးနဲ့ ဆန်းကြယ်အချိန်အတားအဆီး ဆိုပြီး ရှိတယ်။ ကောင်းကင်ဘုံအတားအဆီးအများစုတောင် ဒီမဟာအတားအဆီးလေးခုကနေ ဆင်းသက်ပြီး အခုခေတ်ထိ ပျံ့နှံ့ခဲ့တာပဲ…”

ဝမ်လင်းသည် တောင်ပေါ်တက်နေရင်း လီယွမ်သူ့ကို ပြောခဲ့သည့် အကြောင်းများအား စဉ်းစားနေ၏။

“ငါ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကနေ ထွက်လာခဲ့တဲ့အချိန်မှာ လီယွမ်က ဒီမဟာအတားအဆီးလေးခုကို လူတစ်ယောက်ဟာ သင်ယူပြီး ပေါင်းစပ်နိုင်ခဲ့ရင် အဲ့လူက စိတ္တဇနယ်ပယ်ကို နားလည်နိုင်စွမ်း ရှိနိုင်တယ်လို့ ပြောခဲ့ဖူးတယ်။ ဒီစိတ္တဇအဆင့်ဟာ အတားအဆီးပညာရပ်တွေရဲ့ အထွတ်အထိပ်ပဲ။ ဒါပေမဲ့ လောက မွေးဖွားလာခဲ့တဲ့ အချိန်ကစလို့ အတားအဆီးဥပဒေသဟာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကွဲထွက်လာခဲ့တဲ့အတွက် ဘယ်သူကမှ ဒီစိတ္တဇနယ်ပယ်ကို နားမလည်နိုင်ကြတော့ဘူး…”

ဝမ်လင်းက သက်ပြင်းချကာ သည်ကိစ္စကို ဆက်မတွေးတော့ပေ။ သူက အရှင်ဟွေစုန်တို့ သွားသည့်လမ်းကြောင်းကိုသာ အာရုံစိုက်ထားလေသည်။

နေ့တစ်ဝက်ခန့် ကုန်လွန်ခဲ့ပြီ။ ဝမ်လင်းသည် ခုနစ်ရောင်စုံအလင်းအောက်ရှိ အမြင့်ဆုံးတောင်ထိပ်တွင် ရပ်နေသည်။ ခုနစ်ရောင်စုံအလင်းက သူ့အား ဝန်းရံထားသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက သူသည် ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးနှင့်ပင် တူနေလေ၏။

သည်နံရံကဲ့သို့ တောင်တန်းက အပြင်ကနေ အတွင်းထိ ပျံ့နှံ့နေသည့် အဝန်းအဝိုင်းတစ်ခုကဲ့သို့ ဖြစ်သည်။ သည်နေရာတွင် သိပ်သည်းသောမြူများဖြင့် ပြည့်နှက်နေကာ ဘယ်အရာနှင့်တူသည်ကို မြင်ရဖို့ မဖြစ်နိုင်ပေ။

ရှေ့တည့်တည့်သို့ ကြည့်နေရင်း ဝမ်လင်းက အရှင်ဟွေစုန်တို့ ဤသိပ်သည်းသောမြူကြားထဲတွင် ရှိနေသည်ဟု ရှင်းလင်းစွာ ခံစားမိ၏။ ဝမ်လင်းက ဟိုဘက်ခြမ်းတောင်အောက်သို့ ဆင်းချလာပြီး အကွာအဝေးတစ်ခုတွင် ပျောက်ကွယ်သွားသည်။

အရှင်ဟွေစုန်က နတ်မိစ္ဆာချပ်ဝတ်ကို ဝတ်ဆင်ထားကာ အလွန်အမင်း သတိထားနေသည်။ သူက မြူထဲတွင် ခြေလှမ်းတိုင်းကို သတိအပြည့်ဖြင့် လှမ်းနေ၏။ အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက သူ့ဘေးတွင် ပါသည်။ သူမ ဘေးပတ်လည်တွင် အနက်ရောင်အခိုးအငွေ့တို့ လွှမ်းခြုံထားသည်။

သူတို့၏ ခြေသံသာ ရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်လျက် ရှိသည်။

“အခုလောက်ဆို ဟိုလုဆိုတဲ့သူ သေလောက်ပြီ။ ဖန်းသဲချိုက် (အဘိုးအိုဖန်း)က စိတ်ဝိညာဉ်ရှာဖွေတာမှာ တော်တယ်။ ဒါ့ကြောင့် ခုလောက်ဆို သူအတော်လေး အကျိုးအမြတ် ရနေလောက်ပြီ။ အထူးသဖြင့် နတ်ဘုရားကလန်ရဲ့ စစ်စိတ်ဝိညာဉ်မန္တာန်ကို သူ သိသွားလောက်ပြီ။ ဒီမန္တာန်က နတ်ဘုရားကလန်ရဲ့ မဟာမန္တာန်တွေထဲက တစ်ခုဖြစ်တယ်…” အရှင်ဟွေစုန်က အချိန်တွက်နေ၏။ သူတို့က မကြာခဏ အတူပူးပေါင်း လုပ်ဆောင်ဖူးသည့်အတွက် တစ်ယောက်အတွေးကို တစ်ယောက် အကြည့်တစ်ချက်ဖြင့်ပင် သိကြသည်။

“ဖန်းသဲချိုက် ဒီလာတဲ့လမ်းမှာ ရောက်နေလောက်ပြီ…” အရှင်ဟွေစုန်၏မျက်ဝန်းက မဆိုသလောက် တောက်ပသွား၏။

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက ဘာတစ်ခွန်းမှ မပြောပေ။ သို့သော် သူမက အခုမှ ရုတ်တရက်ကြီး မေးလာ၏။ “အရှင်ဟွေစုန်…သင် ပြောတဲ့နေရာ ရောက်ဖို့ ဘယ်လောက် ဝေးသေးလဲ…”

“သိပ်မဝေးတော့ဘူး။ ရှေ့နားလောက်မှာ ဖြစ်မယ်…” ထိုသို့ပြောပြီး သူက ရုတ်တရက် ရပ်၏။ တစ်ချိန်တည်းမှာ အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကလည်း ရပ်သည်။ သူတို့က ရှေ့သို့ သတိအပြည့်ဖြင့် ကြည့်သည်။

သူတို့ရှေ့ မြူများကြား၌ ဧရာမရုတ်တုကြီးတစ်ခု ဖုံးကွယ်စွာ ရှိနေ၏။ ထိုရုပ်တုက လှုပ်ရှားနေသလို ထင်ရသည်။ မြူများ တဝီဝီလည့်ပတ်ရင်း ရုပ်တုသည် ပြောင်းလဲနေဟန် ရသည်။

သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်လျှောက်သည်။ သူတို့ အရုပ်အောက်နား ရောက်လာဖို့ သိပ်မကြာလိုက်ပေ။ သူတို့က မော့ကြည့်ကြ၏။

၎င်းရုပ်တုပေါ်တွင် အမျိုးသားတစ်ယောက်ပုံ ထွင်းထုထားခြင်းနှင့်အတူ ပေတစ်ထောင်ကျော်မြင့်မားသည့် ဧရာမကျောက်တုံးကြီးတစ်ခု ရှိနေ၏။ ထိုအမျိုးသားက ကောင်းကင်ထက်သို့ မော့ကြည့်ကာ စဉ်းစားနေလျက် သူ့မျက်ခုံးနှစ်ခုကြားတွင် လျှပ်စီးကဲ့သို့အမှတ်အသားတစ်ခု ပေါ်လာသည်။

“ဒါက…” အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုက မင်သက်သွားပြီး ထိုရုပ်တုကြားရှိ အမှတ်အသားကို စူးနစ်စွာ ကြည့်နေမိသည်။ သူမ၏အသွင်က ရုတ်တရက် ပြောင်းလဲသွား၏။

ထူထဲသောမြူများကြားကနေ တသမတ်တည်းမဟုတ်သော အသံတစ်ခု ထွင်းဖောက်လာ၏။ ထိုအသံထဲတွင် စိတ်ဝိညာဉ်ထိ ထွင်းဖောက်နိုင်သည့် အားတစ်ခုပါသည်။ ကြည့်ရသည်မှာ ယင်းအသံက အကွာအဝေးတစ်ခုကနေ ဖြစ်သော်လည်း အနီးကပ်နေသလိုလိုပင်။ ဘယ်နေရာကနေ ၎င်းအသံ ထွက်ပေါ်သည်ကို သိရဖို့ မဖြစ်နိုင်ပေ။

“ဉာဏ်အလင်း။ ကောင်းကင်ဘုံတာအိုရဲ့ အကျဉ်းသား။ သက်ရှိအားလုံးဟာ အတောမသပ်နိုင်တဲ့ကပ်ဘေးဒုက္ခတွေကို ရင်ဆိုင်တောင့်ခံရမယ်။ ဒီနက်ရှိုင်းတဲ့အကျဉ်းထောင်ကနေ ထွက်နိုင်ဖို့ အတွေးတစ်ခုပါပဲ။ ကျင့်ကြံခြင်းလမ်းကြောင်းကို စောင့်ဆိုင်းလျက်…”

“ဉာဏ်အလင်း၊ သက်ရှိအားလုံးဟာ ရှေ့ကို ထာဝရ ဆက်လျှောက်ရမယ်။ ခေတ်သစ်ကို ဖြေရှင်းရမယ်။ ကောင်းကင်ဘုံရဲ့ ဆန္ဒကနေ လွတ်မြောက်ဖို့၊ ရှင်သန်ခြင်းလမ်းကြောင်းကို ရဖို့။ ကျင့်ကြံခြင်းလမ်းကြောင်းကနေ စောင့်နေလျက်…”

“ဉာဏ်အလင်း။ ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒကို ချိပ်ပိတ်ဖို့။ အမှောင်နေ့တွေထဲ ထွင်းထုဖို့။ သက်ရှိအားလုံးဟာ စစ်မှန်တဲ့တာအိုကို မသိကြဘူး။ ဒီခါးသီးတဲ့ထာဝရချောက်နက်ဟာ စစ်မှန်တဲ့တာအိုကို ပုံဖျက်တယ်။ ကျင့်ကြံခြင်းလမ်းကြောင်းကို စောင့်ဆိုင်းလျက်…”

ထိုနေရာအတိအကျ ရေရေရာရာ မရှိသည့် အသံစကားက မြူများကြားကနေ ဖြတ်သန်းလာပြီး ဤဧရိယာတွင် ပြည့်နှက်သည်။

အရှင်​ဟွေစုန်၏မျက်နှာသည် ချက်ခြင်းဖြူ​ရောသွား၏။ သူက သူ့​ဘေးပတ်လည်ကို ​ထိတ်လန့်တကြား ကြည့်သည်။အစိမ်း​​ရောင်ဝတ်စုံနှင့်အဘွားအို မှာလည်း ​လေ​​အေးတစ်ချက်ရှိုက်သွင်း မိသည်။သည်ဆန်းကြယ်​​သော စကားများက သူမ စိတ်ထဲတွင် ထင်ကျန်​နေ၏။ မထင်မှတ်စွာဖြင့် ၎င်းစကားတို့က သူမ၏ မူလစိတ်ဝိညာဥ်ကို တုန်ယင်​စေကာ သူမ၏တာအိုနှလုံးသားကို မတည်မငြိမ် ဖြစ်လာ​စေသည်။

“သူတို့က ဘယ်သူ​တွေလဲ။ ဒီစကား​တွေရဲ့ အဓိပ္ပါယ်က ဘာလဲ…”
အစိမ်း​ရောင်ဝတ်စုံနှင့် အဘွားအိုက အရှင်​ဟွေစုန်ကို ကြည့်သည်။

“သူတို့က ဉာဏ်အလင်းရသူ​တွေပဲ….” သူ ထိုသို့​ပြောလိုက်ပြီး​နောက် သူတို့​ရှေ့ရှိမြူများသည်တဝီဝီ လှည့်ပတ်လာပြီး အရိပ်တစ်ခု ထွက်​ပေါ်လာသည်။၎င်း အရိပ်က မြန်ဆန်လွန်းစွာ သူတို့ကြားက​နေ ဖြတ်သန်းသွားသည်။

ဆန်းကြယ်​သောအသံက သူတို့စိတ်ထဲ ရှင်းလင်းစွာ ဝင်​ရောက်​လေ၏။

“အရှင်​ဟွေစုန်.. ဉာဏ်အလင်းရသူဆိုတာ ဘာလဲ…” ထို ဆန်းကြယ်​သောအသံ သူမ စိတ်ထဲ ပဲ့တင်ထပ်​နေလျက် အဘွားအို၏မျက်နှာမှာ ဖြူ​ရော​သွား၏။

အသိမဲ့သူ​တွေက သူတို့ရဲ့တာအိုကို ဆုံးရှုံးထားပြီး ဒီ”ခုနစ်​ရောင်စုံနယ်​မြေထဲ ဟိုဟိုဒီဒီ သွား​​နေပြီး စိတ်ရှုပ်​ထွေးစွာနဲ့ ရှာ​ဖွေ​နေကြတာ။ သူတို့က မျက်ကန်းတစ်​ယောက်လို ရှာ​ဖွေ​နေကြတာ ဖြစ်တယ်။ ဉာဏ်အလင်းရသူ​တွေကြ​တော့ တာအို ရှိတယ်။ဒါ​ပေမဲ့ တာအိုကျမ်းကို ​တွေ့မြင်ခဲ့တာ​ကြောင့် သူတို့ရဲ့တာအိုနှလုံးသား ပျက်စီးပြီး ပြန်မတည်​ဆောက်နိုင်ကြ​တော့ဘူး။ သူတို့က ​သေသွားခဲ့ကြပြီ။ သူတို့ရဲ့ စိတ်ဆန္ဒက​နေ ဖြစ်​ပေါ်လာတဲ့ တာအိုစိတ်ဝိညာဉ် သာသာပဲ ရှိ​တော့တယ်…”
အရှင်​ဟွေစုန်က သူ့စိတ်ထဲရှိ စကားသံများကို နား​ထောင်ရင်း ခပ်တိုးတိုး ​ပြော၏။

“တာအိုကျမ်း…” အဘွားအို၏မျက်လုံးက ကျဥ်း​မြောင်းသွား၏။

အရှင်​ဟွေစုန်က ​ခေါင်း​မော့လာ၏။သူ့မျက်လုံးထဲတွင် စိတ်အားထက်သန်မှု ပြည့်နှက်လျက် ဖြည်းဖြည်းချင်း ​​ပြော​သည်။ “ဟုတ်တယ်…ဒါ​က တာအိုကျမ်းပဲ။ ငါ ဒီခုနစ်​ရောင်စုံနယ်​မြေကို မလာခင်က ဒီနာမည်ကို လုံးဝ မကြားဖူးခဲ့ဘူး။ ဒါ​ပေမဲ့ ငါ ဒီနယ်​မြေထဲ ဝင်လာခဲ့​တဲ့​နောက် ဒါနဲ့ ပတ်သတ်ပြီး သဲလွန်စများစွာ ရှာ​ဖွေခဲ့တယ်။ ဒီ​ကမ္ဘာမှာ ​ကောင်းကင်ဘုံရဲ့​သွေးက​နေ ဖြစ်​ပေါ်လာတဲ့ တာအိုကျမ်း ရှိတယ်လို့ ဆိုကြတယ်…”

“သူတို့ ဘာအ​ကြောင်း ​ပြော​နေကြတာလဲ၊ တာအိုကျမ်းအ​ကြောင်းလား…”
အစိမ်း​ရောင်ဝတ်စုံနှင့် အဘွားအိုက ​လေ​အေးတစ်ချက်ရှိုက်သွင်းမိ၏။ သူမ အခုကြားလိုက်ရသည့် အရာမှာ သိသာစွာ ​ကြောက်မက်ဖွယ်​ကောင်းလှ​ပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset