Switch Mode

အပိုင်း(၁၂၃၉)

ရိတ်သိမ်းမှု

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ တစ်ခုခု ပြောရန် ပြင်သည်။

“ဘာလဲ…ရောင်းရင်းကျင့်ကြံသူလုက မကျေနပ်ဘူးလား…” အရှင်ဟွေစုန်က ဝမ်လင်းကို ကြည့်၏။သူ့အမူအရာ ရှုံ့တွသွားသည်။

ဝမ်လင်းက ငြိမ်သက်လိုက်၏။

“ရောင်းရင်းကျင့်ကြံသူလု သဘောတူမှတော့ ငါ သင့်ကို ရောင်းရင်းကျင့်ကြံသူဖန်းနဲ့ ထားခဲ့တော့မယ်…”အရှင်ဟွေစုန်က စကားစသပ်ကာ သူသည် အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုကို ကြည့်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် ထွက်သွားကြ၏။ သူတို့က အကွာအဝေးတစ်ခုရှိ နံရံကဲ့သို့ ဖြစ်နေသည့် တောင်ကြားထံ တန်းတန်းမတ်မတ် ပျံသန်းလေ၏။

သို့ရာတွင် မထွက်သွားခင်လေး အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက ဝမ်လင်းကို တစ်ချက် ကြည့်သွားသည်။အလားတူပင် အရှင်ဟွေစုန်ကလည်း အဘိုးအိုဖန်းကို ကြည့်သည်။

သူတို့နှစ်ယောက်ထွက်သွားသည့်နောက် အဘိုးအိုဖန်းက သုန်မှုန်စွာ ပြုံး၏။ သူက ဝမ်လင်းကို စူးစိုက်ကြည့်သည်။ သူက သူ့လက်ချောင်းပေါ်ရှိ ကွင်းကို လှည့်ကာ ဖြည်းဖြည်းချင်း ပြောသည်။ “ရောင်းရင်းလု…သင် ဆက်ကျင့်ကြံပါ။ ဒီအဘိုးအိုက သင့်ကို ကောင်းကောင်း စောင့်ကြပ်ပေးထားပါ့မယ်…”

ထိုသို့ ပြောပြီးနောက် သူက ဝမ်လင်းကို သူ့နတ်ဘုရားအာရုံဖြင့် မသိမသာ စစ်ဆေးကြည့်သည်။ ဝမ်လင်းဒဏ်ရာများက အစစ်အမှန် ဖြစ်သည်ကို အတည်ပြုပြီးနောက် သူက ဝမ်လင်းကို ကြည့်ပင်မကြည့်တော့ဘဲ လှိုဏ်ဂူကို ရှာဖွေမှု စတင်၏။

ဝမ်လင်းက မျက်လုံးမှိတ်ကာ ထိုအဘိုးအိုကို လစ်လျူရှုထားသည်။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ အဘိုးအိုဖန်းက ကျောက်တုံးအခန်းသုံးခန်းကို ရှာနေချိန်တွင် သူက ကျေနပ်နေမိသည်။ သူ ရှာဖွေ၍ ပြန်လာပြီးနောက် ဝမ်လင်းကို အေးစက်စက် စူးစိုက်ကြည့်ကာ ရုတ်တရက် ထရယ်၏။

“ရောင်းရင်းကျင့်ကြံသူလု…ဒီအဘိုးအိုက သင် ပြောခဲ့တာကို မှတ်မိပါသေးတယ်…”

ဝမ်လင်းက မျက်လုံးဖွင့်လာ၏။သူက အဘိုးအိုဖန်းကို တည်တည်ငြိမ်ငြိမ် ကြည့်သည်။

ဝမ်လင်း၏တည်ငြိမ်သောမျက်ဝန်းကို တွေ့မြင်သည့်အခါ အဘိုးအိုဖန်း၏မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။သို့သော် မြန်ဆန်စွာ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။ သူက မသတီစရာလေသံဖြင့် ပြော၏။ “သင် ငါ့ကို ပြောခဲ့ဖူးတယ်။ စကားကို ကြည့်ပြောတဲ့။ ငါ ဂရုမစိုက်ဘဲ ပြောခဲ့ရင် ဒုက္ခရောက်သွားလိမ့်မယ်လို့ သင် ငါ့ကို ပြောခဲ့ဖူးတယ်…”

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြော၏။ “ငါ ဒီလို ပြောခဲ့ပါတယ်။ အခုလည်း အဲ့လိုပဲ ထပ်ပြောရလိမ့်မယ်။ သင် ဆင်ဆင်ခြင်ခြင် မပြောရင် ဒုက္ခကို ဖိတ်ခေါ်မိသွားနိုင်တယ်…”

အဘိုးအိုဖန်းက အရူးအမူး ရယ်မော၏။ သူ့မျက်နှာထက်ရှိ အမာရွက်များက ကြမ်းကြုတ်ဟန် ပေါ်လာ၏။ သူက ဝမ်လင်းကို အေးစက်စက်ကြည့်ကာ ပြောသည်။ “သင်သာ ဒဏ်ရာမရထားခဲ့ရင် ငါသင့်ကို နည်းနည်းတော့ ကြောက်မိလိမ့်မယ်။ ဒါပေမဲ့ အခု ငါတို့ထဲက ဘယ်သူက ဒုက္ခကို ဖိတ်ခေါ်မိလဲ ငါ သိချင်နေပြီ…”

သူက ဝမ်လင်းကို ကြည့်ကာ ညာလက်ဖြင့် ရိုက်ချ၏။

သူ စောင့်နေပြီး အခုမှ တိုက်ခိုက်ရသည့် အကြောင်းရင်းမှာ အရှင်ဟွေစုန်နှင့်အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုတို့ အကွာအဝေးတစ်ခုသို့ ရောက်သွားအောင် ဖြစ်သည်။ သူက ထိုအဘွားအို ဆူဆူညံညံအသံကို ကြားသွားမှာ စိုးရိမ်၍ ဖြစ်သည်။

ဝမ်လင်းမျက်လုံးတို့က ရေကဲ့သို့ တည်ငြိမ်၏။ အဘိုးအို၏ လက် နီးကပ်လာသည်နှင့် သူ့မျက်လုံးထဲတွင် ဖျပ်ခနဲ အေးစက်မှု ပေါ်သွားသည်။ သူက ဘယ်လက်ကို လျှပ်စီးတန်းအလား လှုပ်ရှား၍ အဘိုးအိုဖန်း၏ ညာလက်ကို ဖမ်းကိုင်ကာ ကြမ်းတမ်းစွာ ညှစ်ချေပစ်၏။

အက်သံများ ထွက်ပေါ်လာသည်။ အဘိုးအို၏မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားသည်။ သူ့လက်ကနေ နာကျင်လာ၏။ သို့သော် သူ့စိတ်နှလုံးထဲရှိ ထိတ်လန့်မှုနှင့် ယှဉ်ပါက ထိုနာကျင်မှုဟာ မပြောပလောက်ပေ။

“မင်း…” အဘိုးအိုဖန်းက ချက်ခြင်း နောက်ဆုတ်ကာ မန္တာန်တစ်ခုအသုံးပြုရန် ပြင်သည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ ဝမ်လင်းက တဟုန်ထိုး တိုးထွက်ကာ သူ့ညာလက်သီးချက်ကို ထုတ်ဖော်၏။ ပြင်းထန်သောအားတစ်ခု ရှေ့သို့ တဝီဝီ တိုးဝင်သည်။

အဘိုးအိုသည် ဝမ်လင်းနှင့် နီးကပ်လွန်းနေ၏။ ထို့ကြောင့် သူက ရှောင်နိုင်စွမ်း မရှိတော့ပေ။ ဝမ်လင်း၏လက်သီးချက်က ဘန်းခနဲ အဘိုးအို၏ရင်ဘက်ပေါ် ကျရောက်သွားသည်။

အဘိုးအိုက သွေးအန်၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန် ပြည့်နေ၏။ သူ့ခန္ဓာကိုယ်က အသွေးအသားပုံအဖြစ် ပေါက်ကွဲထွက်ကာ မူလစိတ်ဝိညာဉ်ဖြင့် အလန့်တကြား အော်ဟစ်ကာ လွတ်မြောက်ရန် လုပ်သည်။ သူက ကြောက်ရွှံ့မှုဖြင့်သာ ပြည့်နေပေပြီ။

သူက သူ့ရှေ့ရှိလူသည် ဒဏ်ရာမရထားဟု လုံးဝ တွေးထင်မိမည် မဟုတ်ပေ။ သူက ထွက်ပြေးရန် ပြင်စဉ် ဝမ်လင်းက ညာလက်ကို ပင့်မြှောက်ရာ သံဓားပေါ်လာ၏။ သူက ၎င်းဓားကို ချက်ခြင်း ပိုင်းချ၏။

ဓားစွမ်းအင်ဖျပ်ခနဲ ပေါ်ကာ အဘိုးအိုဖန်း၏မူလစိတ်ဝိညာဉ် ထက်ပိုင်းပြတ်သွားပြီး အော်ဟစ်လိုက်ရ၏။ ဝမ်လင်းက လက်ဝေ့ယမ်းကာ အဘိုးအို၏မူလစိတ်ဝိညာဉ်ကို ဖမ်းယူသည်။ သူ့လက်ဖြင့် မူလစိတ်ဝိညာဉ်တစ်ဝက်ကို ချေမွပစ်သည်။ မူလစွမ်းအင်များ မပျောက်ကွယ်သွားနိုင်ခင်မှာပင် သူက ရှိုက်သွင်းပစ်၏။ အခြားမူလစိတ်ဝိညာဉ်တစ်ဝက်ကတော့ ထွက်မပြေးဝံ့တော့ပေ။ ဝမ်လင်းက သံဓားဖြင့် ၎င်းကို ချိန်ထား၏။

အဖြစ်အပျက်မှာ မြန်လွန်းသည်။ ဝမ်လင်းက အချိန်မဖြုန်းဘဲ အသေတိုက်ချက်များကိုသာ အသုံးပြုခဲ့၏။ အဘိုးအိုသည် မပြင်ဆင်ထားသည့်အတွက် သူ့မန္တာန်များ၊လက်နက်ရတနာများပါ အသုံးမဝင်ဖြစ်ခဲ့ရသည်။

ဝမ်လင်း၏မျက်လုံးက အေးစက်နေ၏။ သူက သုန်မှုန်စွာ ‌ပြောသည်။ “မင်းရဲ့ သိုလှောင်နေရာလွတ်ကို ဖွင့်ပေးရင် ငါ မင်းကို မသတ်ဘူး…”

အဘိုးအို၏မူလစိတ်ဝိညာဉ်မှာ အလွန်အားနည်းနေပြီ ဖြစ်၏။ သူက ပျောက်ကွယ်တော့မတတ် ခံစားမိနေ၏။ ဝမ်လင်းက ခုချိန်၌ အံ့မခန်းအစွမ်းထက်သူအလား။

သူက ဝမ်လင်း ပြောတာ မှန်လား၊မှားလားကိုပင် မပြောနိုင်တော့ပေ။ အလိမ်ဆိုလျှင်တော့ သူ သေရမည်။ အမှန်သာ ဖြစ်ခဲ့ရင်တော့ သူ အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ရှိသွားပေမည်။ သူက အံတင်းတင်းကြိတ်ကာ သိုလှောင်နေရာလွတ်ကို ဖွင့်သည်။

ဝမ်လင်းက သံဓားကို ဝေ့ယမ်းကာ ထိုအဘိုးအိုနှင့်သိုလှောင်နေရာလွတ်ကြား ချိတ်ဆက်မှုကို ဖြတ်တောက်ပစ်၏။ ထို့နောက် သူက သိုလှောင်နေရာလွတ်ထဲရှိ အရာအားလုံးကို ယူဆောင်သည်။

သည့်နောက် သူက အဘိုးအို၏မူလစိတ်ဝိညာဉ်ကို အေးစက်စက်ကြည့်၏။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြတ်ခနဲ ပေါ်သွားသည်။

အဘိုးအိုဖန်း၏မူလစိတ်ဝိညာဉ်က ချက်ခြင်း အလန့်တကြား အော်၏။ “သင် ငါ့ကို မသတ်ဘူးလို့ ကတိပေးခဲ့တယ်လေ…”

ဝမ်လင်းက အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့ညာလက်ဖြင့် ထိုမူလစိတ်ဝိညာဉ်ကို ဆုပ်ကိုင်ကာ အဘိုးအို၏မှတ်ဉာဏ်များကို အတင်းအကြပ် ရှာဖွေသည်။ ခဏအကြာတွင် သူက သေခါနီးမူလစိတ်ဝိညာဉ်ကို သူ့သိုလှောင်နေရာလွတ်ထဲ ထည့်သိမ်းသည်။

သူက ထိုအဘိုးအိုကို သတ်ပစ်ဖို့ ဆုံးဖြတ်မထားပေ။ သူသာ သေသွားခဲ့ပါက အရှင်ဟွေစုန်သည် သတိထားသွားမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဝမ်လင်း၏အစီအစဉ်က ပျက်စီးသွားနိုင်သည်။

“ဒီလူက အရှင်ဟွေစုန်နဲ့ အလွန်ရင်းနှီးတဲ့ ပတ်သတ်မှု ရှိတယ်။ဒါ့ကြောင့် အရှင်ဟွေစုန်ဆီမှာ သူ့အသက်တုန်ကင်ပြား ရှိနေနိုင်လောက်တယ်။ သူ သေသွားခဲ့ရင် အရှင်ဟွေစုန် ချက်ခြင်း သိသွားလိမ့်မယ်…”

ဝမ်လင်းသည် ထိုအချက်ကို မသေချာပေ။ သူက အဘိုးအို၏ မှတ်ဉာဏ်များထဲ၌ ဤအချက်ကို မမြင်ခဲ့ရချေ။ သို့သော် အမြဲတမ်း သတိထားခြင်းက သာ၍ ကောင်းသည် မဟုတ်လား။

အနည်းငယ်တွက်ချက်ပြီးနောက် ဝမ်လင်းက သူ့သိုလှောင်နေရာလွတ်ကို ဖွင့်ကာ အဘိုးအိုဖန်း၏ ပစ္စည်းများကို ရှာသည်။ ထိုအဘိုးအိုက နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူ ဖြစ်၏။ ထို့ကြောင့် သူ့ထံတွင် ရတနာများစွာ ပိုင်ဆိုင်ထားသည်။ ကောင်းကင်ဘုံကျောက်စိမ်းပြား သိန်းချီအပြင် မူလသလင်းကျောက် ငါးသောင်းကနေ ခြောက်သောင်းလောက်ထိပင် ရှိနေသည်။

ထိုအရာများအပြင် ဆေးပင်များစွာနှင့်ဆေးညွှန်းများလည်း ရှိ၏။ သူက ဤခရီးစဉ်အတွက် အပြည့်အဝ ပြင်ဆင်လာခဲ့ပေသည်။

ထိုအရာများက ဒုတိယဦးစားပေးသာ။ ဝမ်လင်းက အဓိကအားဖြင့် ကျောက်စိမ်းပြားများကိုသာ ရှာသည်။ ကျောက်စိမ်းပြားများကြား၌ သူသည် မြေပုံနှစ်ခုနှင့် သည်နေရာကနေ ထွက်ခွာနိုင်ရန် ဂါထာတစ်ခုကို တွေ့သည်။

မြေပုံနှစ်ခုက ခုနစ်ရောင်စုံနယ်မြေနှင့် ဆက်နွှယ်နေ၏။ သူတို့ မြူသားရဲများကို ကောင်းကင်ဘုံကျောက်စိမ်းပြားများ ကျွေး၍ မူလသလင်းကျောက်များ ရခဲ့သည့်နေရာ အပါအဝင် အချို့ကို မြေပုံထက်တွင် မှတ်သားထားသည်။ အသေးစိတ်ကျလှ၏။

ကံမကောင်းစွာဖြင့် ဝမ်လင်းသည် အရှင်ဟွေစုန်၏ ရည်ရွယ်ချက်အစစ်အမှန်ကိုတော့ သည်အဘိုးအို၏မှတ်ဉာဏ်များထဲတွင် ရှာမတွေ့ခဲ့ပေ။ အဘိုးအိုသည်ပင် ထိုနေရာတွင် သားရဲစိတ်ဝိညာဉ်တော်တော်များများရှိသည်ကိုသာ သိထားသည်။

ထိုအချက်များအပြင် ဝမ်လင်းက သည်ခုနစ်ရောင်စုံနယ်မြေနှင့် ပတ်သတ်၍ အခြားအကြောင်းအရာများကိုလည်း သိရှိလာခဲ့သည်။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက အဘိုးအိုလှိုဏ်ဂူထဲ၌ ရခဲ့သော အရာများအပါအဝင် အားလုံးကို သေချာလိုက်ကြည့်၏။ ဆေးလုံးများစွာ ရှိနေသည်။ ဝမ်လင်းကို စိတ်ဝင်စားမိစေသည်က ဓားတိုတစ်လက်ပင်။

ထိုဓားတိုက တတိယမြောက်ကျောက်တုံးအခန်းထဲရှိ သားရဲအရိုးစုထဲတွင် ထိုးစိုက်နေသည်။

သူ့ညာလက်ကို ဝေ့ယမ်းရာ ငွေရောင်အလင်း ဖြတ်ခနဲလင်းကာ ဓားတိုတစ်လက် ပေါ်လာသည်။ အဘိုးအိုက ၎င်းဓားကို အခုမှ ရခဲ့ခြင်း ဖြစ်ကာ သေချာ မလေ့လာရသေးခင်မှာပင် ဝမ်လင်းထံ ပေးလိုက်ရခြင်းပင်။

သူ့နတ်ဘုရားအာရုံဖြင့် ၎င်းဓားတိုပေါ်သို့ ခြုံလွှမ်းချိန်၌ ဝမ်လင်းက ပုံမှန်မဟုတ်သည့်အော်ရာတစ်ခုကို သတိပြုမိသည်။ သူက ၎င်းအော်ရာကို သိသလို ခံစားမိ၏။ သို့သော် သူက ဘာဖြစ်သည်ကိုတော့ မမှတ်မိဘဲ ရှိနေ၏။ သို့ရာတွင် သည်ဓားတိုပေါ်တွင် ချိပ်ပိတ်မှုတစ်ခု ရှိနေ၏။ ၎င်းကိုသာ မဖွင့်လှစ်ပါက ၎င်းဓား၏ခွန်အားအစစ်အမှန်ကို သိနိုင်ဖို့ငှာ မဖြစ်နိုင်ပေ။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက တတိယမြောက်အခန်းထဲ ရောက်လာကာ မြေပြင်ထက်ရှိ သားရဲအရိုးစုကို မြင်သည်။ သားရဲက ကြီးမားလှခြင်းမရှိ၊ လူတစ်ယောက်၏အရွယ်အစားမျှသာ ရှိသည်။၎င်းက သမင်တစ်ကောင်နှင့် အသွင်တူ၏။

၎င်း၏အရိုးများက လုံးဝ နက်မှောင်နေသည်။အများစုကတော့ ဖုန့်မှုန့်ဖြစ်နေပေပြီ။ အနီးကပ်သေချာကြည့်ပြီးနောက် ထိုဖုန်မှုန့်တို့က အခုလေးတင်မှ ပေါ်လာသည်ကို တွေ့ရမည်။ အဘိုးအိုဖန်းက ၎င်းဓားကို ယူချိန်ကြမှ ဤဖုန်မှုန့်တို့ ပေါ်လာခဲ့သည်မှာ သိသာသည်။

သားရဲအရိုးကို ကြည့်ကာ ဝမ်လင်းက မျက်မှောင်ကြုတ်သည်။ သူက တစ်ခုခုမှားနေသည်ဟု ခံစားမိ၏။ သည်သမင်သားရဲက အခုလိုလှိုဏ်ဂူထဲ ဘာကြောင့် ရှိနေရသနည်း။ ထို့အပြင် သည်ဓားက ချိပ်ပိတ်ထားသော်လည်း သာမန်မဟုတ်တာ လွယ်လွယ်ကူကူ မြင်နိုင်၏။ ချိပ်ပိတ်မှုသာ ပွင့်သွားပါက ၎င်းဓား၏စွမ်းအားသည် အံ့မခန်းဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့သော ရတနာတစ်ခုက သမင်ပေါ်တွင် ထိုးစိုက်ကာ ဤနေရာတွင် မြင်သာထင်သာဖြင့် ရှိနေခဲ့သည်။

“ဒီနေရာဟာ စစ်မာမိုရဲ့လှိုဏ်ဂူ မဟုတ်ရင် ဘယ်သူ ပိုင်တာလဲ…”

ဝမ်လင်းက အဘိုးအို၏မှတ်ဉာဏ်များကို ရှာကြည့်ပြီးရာ သူသည် ဤလှိုဏ်ဂူဟာ စစ်မာမို၏ လှိုဏ်ဂူမဟုတ်တာကို သိခဲ့သည်။ အရှင်ဟွေစုန်က သူ့ကို အစစ်အမှန်လှိုဏ်ဂူထံ ခေါ်သွားချင်စိတ် လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။

၎င်းလှိုဏ်ဂူက အရှင်ဟွေစုန် သည်အတိုင်း ရှာတွေ့ခဲ့သော လှိုဏ်ဂူတစ်ခုသာ ဖြစ်နေသလား။

စစ်မာမိုက ဤနယ်မြေတွင် လှိုဏ်ဂူတစ်ခု အမှန်တကယ် ရှိခဲ့ပေသည်။ သို့သော် သည်မှာတော့ မဟုတ်ပေ။ ဝမ်လင်းက ၎င်းလှိုဏ်ဂူ၏ အစစ်အမှန် နေရာကိုလည်း အခု သိနေခဲ့ပေပြီ။

မြေပြင်ထက်ရှိ အရိုးစုကို ကြည့်လျက် ဝမ်လင်းသည် အချိန်အတန်ကြာသည့်အထိ စဉ်းစားနေသည်။ ထို့နောက် သူက အခန်းထဲကနေ လှမ်းထွက်လာ၏။ သူသည် မည်သည့်သဲလွန်စမှ မရလိုက်ပေ။ သူက ဆက်၍လည်း မစမ်းစစ်နိုင်တော့ချေ။ သူက ဓားတိုကို သိမ်းဆည်းကာ ထွက်သွားရန် ပြင်၏။

ထို့နောက် ဝမ်လင်းက တစ်ခုခုကို တွေးမိဟန်ဖြင့် ခြေလှမ်း ရပ်သွားသည်။ သူက မြေပြင်အောက်ဘက်ကို ငုံ့ကြည့်၏။ ထောင့်တွင် အသွေးအသားပုံထဲ၌ ကွင်းတစ်ခု ရှိနေ၏။

ဝမ်လင်းက ထိုကွင်းသည် အဘိုးအို၏သားရဲ ရတနာမှန်း မှတ်မိသည်။ ၎င်းက ခုနစ်ရောင်စုံနယ်မြေကနေ ထိုအဘိုးအို ရရှိလာခဲ့သည့် အရာလည်း ဖြစ်သည်။သို့သော် ဝမ်လင်းက သူ ၎င်းရတနာကို အသုံးမပြုနိုင်ခင်မှာပင် ချက်ခြင်းလိုလို သေလုနီးပါး ဖြစ်အောင် တိုက်ခိုက်ခဲ့သည်။

ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်ရာ ထိုကွင်းက သူ့လက်ထဲ ပျံသန်းလာ၏။ သွေးစများကို ဖယ်ရှားပြီးနောက် ဝမ်လင်းက ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်သည်။ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

ထိုကွင်းပေါ်၌ အလွှာကိုးခု ချိပ်ပိတ်မှုတစ်ခု ရှိနေ၏။ ထိုအဘိုးအိုက အလွှာခုနစ်ခုကိုသာ ဖွင့်ခဲ့ပြီး ကွင်း၏ အစိတ်အပိုင်းအချို့ကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။ သူသည် ရှစ်ခုမြောက်အလွှာတစ်ဝက်ကိုလည်း ချိုးဖျက်ထားသေး၏။

ဝမ်လင်းက ၎င်းပေါ်ရှိ အမှတ်အသားကို ဖယ်ရှားကာ သူ့အမှတ်အသားဖြင့် အစားထိုး၏။ ထို့နောက် သူက ၎င်းကွင်းကို သေချာ ကြည့်သည်။ သူ့အတားအဆီးအပေါ် နားလည်ထားမှုအရ ကျန်သည့်ချိပ်ပိတ်မှုကို ချိုးဖျက်ဖို့က မခက်ပေ။ သူဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ အတားအဆီးတစ်ခုကို ပို့လွှတ်၏။ ၎င်းက ကွင်းပေါ်သို့ ချက်ခြင်း ကျရောက်သွားကာ တစီစီအသံများ ထွက်ပေါ်လာပြီး ရှစ်ခုမြောက်ချိပ်ပိတ်မှုအလွှာ၏ အများစုဟာ တစစီ ဖြစ်သွားသည်။ ကွင်းက မထင်မှတ်စွာဖြင့် ငါးရောင်စုံ လင်းလက်လာကာ အလင်းတန်းငါးခုက ဝမ်လင်းကို လှည့်ပတ်သည်။

ထိုအလင်းတန်းငါးခုက အလွန်အားကောင်းမည့် ဒိုင်းတစ်ခုအသွင် ဖြစ်သည်။ ၎င်းတို့က ဝမ်လင်းကို လှည့်ပတ်လျက် သူ့အနီး တိုးဝင်လာသည့် မန္တာန်အားလုံးကို တားဆီးပေးနိုင်သည်။

“ဒီအဘိုးအိုဖန်းသာ ရှစ်ခုမြောက်ချိပ်ပိတ်မှုကို ဖွင့်နိုင်ခဲ့ရင် ငါ သူ့ကို အခုလောက် မြန်မြန် သတ်နိုင်ခဲ့မှာ မဟုတ်ဘူး…” အတွေးတစ်ချက်ဖြင့်ပင် အလင်းတန်းငါးခုသည် ကွင်းထဲသို့ ပြန်ဝင်သွားသည်။ ဝမ်လင်းက ၎င်းကို သိမ်းဆည်းလိုက်၏။

သူက အသက်ခပ်ဝဝရှုသွင်းပြီး လှိုဏ်ဂူအပြင်သို့ ထွက်လာသည်။ သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု ဖြတ်ပြေးသွားပြီး သူတို့နောက် လိုက်သည်။ သူသည် လှုပ်ရှားနေရင်း သူ့နတ်ဘုရားအာရုံကို မဖြန့်ကျက်ပေ။ သူက သူ့နတ်ဘုရားအာရုံကို သူ့ခန္ဓာကိုယ်ပတ်လည်တွင်သာ ထားထား၏။ သူသည် တောင်ကြားကို ဖြတ်သန်းလာချိန်၌ ထူးဆန်းသော ချိတ်ဆက်မှု ရှိနေသည်ကို ခံစားမိနေသည်။

အရှင်ဟွေစုန်သာ ဝမ်လင်း၏ လမ်းကြောင်းကို တွေ့ပါက သူ တုန်လှုပ်မိသွားလောက်၏။ ဝမ်လင်း လျှောက်လှမ်းလာသည့် လမ်းကြောင်းက သူ အစိမ်းရောင်ဝတ်စုံအဘွားအိုကို ခေါ်၍ ထွက်သွားသည့်လမ်းကြောင်းနှင့် အတိအကျ တူသည်။

“ငါ ဝမ်လင်းက ငါ့ပြန့်ကြဲမိစ္ဆာချပ်ဝတ်ကို ဘာမှ မဟုတ်ဘဲ သင့်ကို ဘယ်လိုလုပ် ဝတ်ခွင့်ပြုပေးနိုင်ပါ့မလဲ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset