Switch Mode

အပိုင်း(၁၂၃၈)

ဒီလိုပဲ ဖြစ်သင့်ပါတယ်…

“သင်…” အရှင်ဟွေစုန်က ဝမ်လင်းကို ကြည့်သည်။ သူက သူ့မျက်လုံးထဲရှိ ရူးသွပ်မှုကို ဖြည်းဖြည်းချင်း ပြန်ဖုံးကွယ်သည်။ သူ တွေး၏။ “ဒီလူရဲ့ ခန္ဓာကိုယ်ဟာ တကယ့်ကို ထူးခြားတယ်။ အစောပိုင်းတုန်းက သူဟာ နဂါးကိုတောင် သူ့ခန္ဓာကိုယ်နဲ့ တောင့်ခံနိုင်စွမ်း ရှိခဲ့တယ်။ သူ့ခန္ဓာကိုယ်စွမ်းအားနဲ့ ဒီအစီအရင်ကို ချိုးဖျက်ကောင်း ချိုးဖျက်နိုင်လောက်တယ်…”

“ကောင်းပြီလေ…ငါတော့ ရောင်းရင်းကျင့်ကြံသူလု အပေါ်မှာပဲ မှီခိုရတော့မယ်…”

အရှင်ဟွေစုန်က သူ့လက်နှစ်ဖက်ကို ဆုပ်သည်။ သူ့အမူအရာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

အဘိုးအိုဖန်းက နှာခေါင်းရှုံ့၏။ အရှင်ဟွေစုန်သည်ပင် မိစ္ဆာချပ်ဝတ်နှင့်ပင် ခြေလှမ်းကိုးလှမ်းသာ လှမ်းနိုင်ခဲ့ကာ သည်လူက ခြေလှမ်း မည်မျှ လှမ်းနိုင်ပါ့မည်နည်းဟု သူ တွေးသည်။

ဝမ်လင်းက ကျောက်တုံးကို ကြည့်သည်။အစတုန်းက သူ လှုပ်ရှားဖို့ မရှိပေ။ သို့သော် သူ အရှင်ဟွေစုန်၏ ရူးသွပ်မှုကို တွေ့မြင်ရပြီးနောက် သူ လှုပ်ရှားရပေတော့မည်။ သည်နေရာက အန္တရာယ်များသော်လည်း အရှင်ဟွေစုန် သည်လောက်ထိ စိတ်ဝင်စားစေသည့် နေရာတွင် တစ်ခုခု အရေးကြီးတာ ရှိရပေမည်။

သူတို့သာ မဝင်နိုင်ခဲ့ပါက အရှင်ဟွေစုန်သည် သူတို့ကို သွားခွင့်ပေးလိမ့်မည် မဟုတ်ပေ။ ဝမ်လင်းက ထိုအတွက် ကြိတ်၍ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် သိပ်တော့ ဂရုမစိုက်ပါ။ သူက အရှင်ဟွေစုန်ကို အရူးအမူးဖြစ်စေအောင် လုပ်သည့်အရာကိုသာ သိချင်နေ၏။

“ရောင်းရင်းကျင့်ကြံသူကျောက် ဒီအစီအရင်ကို ငါ့အတွက် ဖွင့်ပေးနိုင်မလား…”

ဝမ်လင်းက အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကို လက်နှစ်ဖက်ဆုပ်ဟန် ပြုသည်။ ထိုအဘွားအိုက နောက်ပြန်ဆုတ်ခဲ့သည်မှာ သိသာသည်။ သူမက အရှင်ဟွေစုန် စိုးရိမ်ပူပန်နေသည့် အချက်ကို အသုံးချကာ သူ့ကိုယ်သူ စမ်းသပ်စေပြီး ဒဏ်ရာရစေခဲ့သည်။

“ငါတို့ အခုထိတောင် ရတနာမတွေ့ရသေးဘူး။ ဒီလူတွေက ကြိတ်ပြီး တစ်ယောက်နဲ့တစ်ယောက် ခွန်အားချင်း ပြိုင်နေကြပြီ။ ငါ ဒီကိစ္စထဲ ဝင်ပါချင်မှတော့ ဒီလိုပဲ လုပ်ရမယ်…”

ဝမ်လင်း၏အမူအရာသည် ပုံမှန်ပင်။ သူ ဘာတွေးနေသည်ကို မည်သူမျှ သိမြင်လိမ့်မည် မဟုတ်ချေ။

အဘွားအိုက လက်မြှောက်ကာ ဝေ့ယမ်းသည်။ အတားအဆီးတစ်ခုသည် ထိုတောင်ရှိကျောက်တုံးထံ ကျရောက်ကာ ၎င်းကို ကြည်လင်ပြတ်သားစေပြီး လှိုင်းတွန့်များ ပေါ်လာ၏။

ဝမ်လင်းက ခြေလှမ်းအနည်းငယ်အတွင်း တောင်ရှိကျောက်ဘေးနားသို့ ရောက်ရှိလာပြီး အထဲသို့ လှမ်းလျှောက်ဝင်သည်။ ကျောက်တုံးအတွင်း ဝင်သွားချိန်၌ ဝမ်လင်းက သူ့ညာလက်ကနေ မမြင်ရသောအတားအဆီးတစ်ခုကို အထဲ၌ ပစ်လွှတ်လိုက်သည်ကို မည်သူမျှ သတိမပြုမိပေ။

သူ ကျောက်တုံးထဲ ဝင်သွားချင်းချင်း ဘက်ပေါင်းစုံကနေ ဖိအားကို ခံစားမိသည်။ ထိုဖိအားက ရှေ့တည့်တည့်တွင် ပို၍ ပြင်းထန်လာသည်။

သူသည် ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်လျှောက်သည်။ တစ်လှမ်း၊နှစ်လှမ်း၊သုံးလှမ်း။ သုံးလှမ်းမြောက်တွင် ဝမ်လင်းက ဖိအားသည် အံ့မခန်းရှိလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိ၏။ ရှေ့တည့်တည့်ရှိ ဖိအားက ပြင်းထန်သောမုန်တိုင်းတစ်ခုအလား။ သူ့အပေါ် မရေမတွက်နိုင်သော တောင်များ ပြိုဆင်းကျကာ ရှေ့သို့ တိုးလာခြင်းကို ဟန့်တားထားသည့်အလားပင်။

ခြေတစ်လှမ်းတိုးတိုင်း ဖိအား တိုးလာ၏။ ထို့အတွက်ကြောင့် လျှောက်လှမ်းရသည်မှာ ပို၍ပို၍ ခက်ခဲလေသည်။ သာမန်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပါက ထိုသူတို့၏ ခန္ဓာကိုယ်သည် ၎င်းဖိအားကို ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ဝမ်လင်းက ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။ထို့ကြောင့် သည်မျှက သူ့အတွက် မပြောပလောက်သေးပေ။ သို့သော် ဤအခိုက်အတန့်တွင် သူ့မျက်နှာက သေလောက်အောင် ဖြူရောနေပြီး တတိယမြောက်ခြေလှမ်းပြီးနောက် သူ ရပ်သည်။ ခဏအကြာတွင် သူက နောက်တစ်ကြိမ် ခြေလှမ်း၏။

လေးလှမ်း၊ငါးလှမ်း၊ခြောက်လှမ်း။

ခြောက်လှမ်းမြောက်တွင် ဖိအားသည် မြေပြင်ထုကွဲအက်သည့်အဆင့်ထိ ရောက်လာ၏။ သူက မုန်တိုင်းထန်ပင်လယ်ထဲ ထီးတည်းလှေငယ်တစ်စင်းကဲ့သို့ ခံစားမိသည်။

ဝမ်လင်း၏မျက်နှာက သေလောက်အောင် ဖြူရောနေ၏။ သူ့ခန္ဓာကိုယ်ပါ အနည်းငယ် တုန်ယင်နေပြီ။ သူက နောက်ဆုတ်ရတော့မည့်အလား ထင်ရသည်။ သို့သော် ဤအခိုက်၌ သူ့နောက်တွင် အားတစ်ခု ပေါ်လာကာ နောက်ဆုတ်ရခြင်းကနေ သူ့ကို ဟန့်တားပေးသည်။

ထိုအခိုက်အတန့်၌ ကျောက်တုံးအပြင်ဘက်ရှိ အဘွားအိုက ဝမ်လင်းကို စူးစိုက်ကြည့်ကာ စဉ်းစားလေ၏။

“အစီအရင်မှာ ‌ပြောင်းလဲမှုတစ်ခု ဖြစ်သွားတယ်…” အရှင်ဟွေစုန်က ဝမ်လင်း၏ခန္ဓာကိုယ်ကို ကြည့်နေရင်း သူ မျက်မှောင်ကြုတ်၏။ ဝမ်လင်းကို သေချာကြည့်နေပြီးနောက် သူက သူကိုယ်တိုင်လှမ်းခဲ့သော ခြောက်လှမ်းမြောက် ခြေလှမ်းနှင့် ပတ်သတ်၍ စဉ်းစားကာ ငြိမ်သက်နေသည်။

အဘိုးအိုဖန်းကတော့ နှာခေါင်းရှုံ့၏။ သူ အရင်က သည်လူ့ကို မျှော်လင့်တာ မြင့်မားလွန်းနေပြီဟု တွေးမိသည်။ သည်လူက ကျင့်ကြံခြင်းအဆင့်သာ ရှိပြီး ဉာဏ်နည်းသည်ဟု သူ ထင်သည်။ သည်နေရာတွင်သာ ဒဏ်ရာရာသွားပါက သူတို့သည် ရှေ့ဆက်နိုင်စွမ်း ရှိတော့မည် မဟုတ်လောက်ပေ။

ဝမ်လင်းက ခြောက်လှမ်းမြောက်တွင် အချိန်အကြာကြီး ရပ်နေ၏။ ထို့နောက်မှ သူက ခုနစ်လှမ်းမြောက်ကို လှမ်း၏။ ခုနစ်လှမ်းမြောက်တွင် သူက သွေးအန်သည်။ သို့သော် သူ နောက်မဆုတ်ပေ။ ထို့နောက် သူ နောက်တစ်လှမ်း ထပ်လှမ်း၏။

ရှစ်လှမ်းမြောက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်ကနေ သူ့အသွေးအသား၊အရိုးတို့ ညှစ်ချေခံရသည့်အလား တစစီအသံများ ထွက်ပေါ်၏။ သွေးများစွာ ပန်းထွက်ကုန်ကာ သူ့အဖြူရောင်ဝတ်စုံပါ သွေးတို့ဖြင့် နီရဲ စွန်းထင်းကုန်၏။

ထိုအခိုက်အတန့်၌ အရှင်ဟွေစုန်က လှုပ်ရှား၏။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလာ၏။ သူက ဝမ်လင်းကိုသာ သေချာ လေ့လာစမ်းစစ်နေလျက်။

အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုကလည်း မတ်တပ်ထရပ်လာ၏။ သူမ၏အသွင်ဟန်ပန်က အလေးအနက် ဖြစ်နေသည်။

အဘိုးအိုဖန်းကတော့ စိတ်ထဲကနေသာ နှာခေါင်းပိုရှုံ့နေ၏။

တောင်ရှိ ကျောက်တုံးအတွင်းထဲ၌ ရှိနေသော ဝမ်လင်း၏ခန္ဓာကိုယ်သည် တွန့်ကြေလာ၏။ သူ ညာခြေထောက်ကို မြှောက်ကာ ကိုးလှမ်းမြောက်တွင် တောင်ထံကနေ ခပ်ဖျော့ဖျော့ဟိန်းသံတစ်ခု ထွက်ပေါ်သည်။

ဝမ်လင်း၏ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်နေ၏။ သူ့မျက်နှာထက်ရှိ သွေးကြောများ ဖောင်းကြွနေသည်။သို့သော် သူက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ထားနိုင်၏။

အရှင်ဟွေစုန်၏ စိတ်က တုန်လှုပ်နေ၏။ သူသည် လှမ်းအော်သည်။ “ရောင်းရင်းကျင့်ကြံသူလု…နောက်တစ်လှမ်းပဲ၊တစ်လှမ်းပဲ လိုတော့တယ်…”

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုသည် စိတ်ရှုပ်ထွေးဟန် ပေါ်နေသည်။ သူမက အချိန်အတန်ကြာ ကြည့်နေရာ ဝမ်လင်း ဟန်ဆောင်နေသည့် အရိပ်အယောင်ကို လုံးဝ မတွေ့ပေ။

မထင်မှတ်ဘဲ အစီအရင်က ပြောင်းလဲသွားခဲ့တယ်။ “သူ ပြန်ဆုတ်ချင်ရင်တောင် သူ မလုပ်နိုင်တော့ဘူး…”

“ရောင်းရင်းကျင့်ကြံသူဟွေစုန်နဲ့ ရောင်းရင်းကျင့်ကြံသူကျောက်…ငါ ဒီခရီးစဉ်မှာ အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီး။ ငါ အပြင်းအထန် ဒဏ်ရာ ရသွားခဲ့ရင် သင်တို့…”

ဝမ်လင်း၏ အားနည်းသည့်အသံက ကျောက်တုံးအတွင်းကနေ ထွက်လာသည်။

“ရောင်းရင်းကျင့်ကြံသူလု…စိတ်ချနေပါ။ ဒီအဘိုးအိုက သင့်ကို ပေးထားတဲ့ကတိအပေါ် မမေ့ပါဘူး…” အရှင်ဟွေစုန်က ထိုသို့ ပြော၏။

ဝမ်လင်းသည် ကျောက်တုံးထဲတွင် ချီတုံချနေဟန် ပေါ်သည်။ သို့သော် သိပ်မကြာခင်တွင် သူက ညာခြေမြှောက်ကာ ဆယ်လှမ်းမြောက်ကို လှမ်း၏။ ဆယ်လှမ်းမြောက် လှမ်းချိန်၌ တောင်တစ်ခုလုံး မြည်ဟိန်းလာပြီး အပြင်းအထန် လှုပ်ယမ်းသည်။တောင်ပေါ်ကနေ ကျောက်တုံးကျောက်စများစွာ ကျဆင်းလာပြီး တောင်ထိပ်ရှိ မြူသားရဲများကို သတိပြုမိသွားစေ၏။

ခြေကိုးလှမ်း ကောင်းကင်ဘုံချိပ်ပိတ်ခြင်းအစီအရင်လည်း ပျက်စီးသွားခဲ့ပေပြီ။

ဝမ်လင်းက သွေးများ ထပ်အန်ရ၏။ အစီအရင် ပျက်စီးနေရင်း တောင်ထံမှ ပြင်းထန်သောအားတစ်ခုက ဝမ်လင်းကို တွန်းထုတ်၏။ အရှင်ဟွေစုန်၏မျက်လုံးက လက်ခနဲ ဖြစ်ကာ သူသည် ရှေ့သို့ ချက်ခြင်း တိုးလာ၏။ သူ့ညာလက်ဖြင့် ဝမ်လင်းနောက်ကျောကို တိုက်ရိုက် ချိန်ရွယ်သည်။

သူ့ညာလက် ဝမ်လင်းနောက်ကျောကို ထိခါနီး၌ သူ့မူလစွမ်းအင်နှင့်နတ်ဘုရားအာရုံတို့က ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ သူက ဝမ်လင်း၏ ခန္ဓာကိုယ်တစ်လျှောက် သူ့စွမ်းအင်ကို တစ်ကြိမ် လှည့်ပတ်ပြီး အလျင်အမြန် ပြန်ရုတ်သိမ်းသည်။

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအို ရှေ့တွင် သူ ဝမ်လင်းကို သတ်ပစ်တာဟာ အဆင်မပြေပေ။ မဟုတ်ပါက သူမသည် အလွန်အမင်း သတိထားသွားကာ အနာဂါတ်မှာ မလိုလားအပ်သည့် ပြဿနာ ဖြစ်လာနိုင်၏။

စောနက သူ့ ရည်ရွယ်ချက်က သည်လု ဆိုသည့်လူ အမှန်တကယ် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့လား၊မရခဲ့လား ဆိုတာကို စစ်ဆေးကြည့်ရုံ ဖြစ်၏။ ခုချိန်တွင် သူ သိချင်သည့် အဖြေရသွားပေပြီ။ သူက ဒဏ်ရာပြင်းထန်စွာ ရထားသည့်သူနှင့် ပတ်သတ်၍ ဆက်လက်ပြီး စိုးရွှံ့နေစရာမလိုတော့ဘဲ သူ့အတွက်လည်း ခြိမ်းခြောက်နိုင်သူ မဟုတ်တော့ဟု သိလိုက်သည်။

ထိုအခိုက်မှာ သားရဲများ၏ ဟိန်းသံများ ရုတ်တရက် ပေါ်လာ၏။ သိမ်းစွန်ငှက်သားရဲက တောင်ပေါ်ကနေ ဆင်းချလာကာ လူတိုင်းထံ တရကြမ်း တိုးဝင်လာနေသည်။

အရှင်ဟွေစုန်က ဝမ်လင်းကို လှမ်းကိုင်ကာ အစီအရင်ပျက်စီးပြီးနောက် ပေါ်လာသည့် ဥမင်ထဲ တိုးဝင်သွားသည်။ အဘိုးအိုဖန်းနှင့်အဘွားအိုတို့ကလည်း ဥမင်ထဲ မြန်ဆန်စွာ လိုက်ဝင်ကြ၏။

လူတိုင်းက ဥမင်လမ်းကြောင်းအတိုင်း မြန်ဆန်စွာ သွားနေ၏။ သူတို့က သားရဲဟိန်းသံများ မကြားရသည့်နေရာ ရောက်မှ ရပ်ကြသည်။

အရှင်ဟွေစုန်က ဝမ်လင်းကို အောက်ချပေးကာ ကျေးဇူးတင်ဟန်၊စိတ်မကောင်းဟန်တို့ဖြင့် ကြည့်သည်။ သူက လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။ “အစ်ကိုလုက ဒီအစီအရင်ကို ဖွင့်လှစ်နိုင်ဖို့အတွက် ဒဏ်ရာ အပြင်းအထန် ရသွားမှာတောင် မမှုဘူးပဲ။ဒီအဘိုးအိုက ဒီလုပ်ဆောင်ပေးမှုကို မှတ်သားထားပါ့မယ်…”

ဝမ်လင်း၏မျက်နှာက ဖြူရောနေ၏။ သူ့ပါးစပ်ထောင့်တွင်ပင် သွေးစတို့ ရှိနေသေးသည်။ သူက လက်ဝေ့ယမ်းကာ မချိပြုံးပြုံးသည်။ “ဒီအစီအရင်က ထူးဆန်းလွန်းတယ်။ ငါ ခြောက်လှမ်း လှမ်းပြီးတဲ့နေက် ငါ့နောက်မှာ အားတစ်ခုက ဟန့်တားခဲ့တယ်။ဒါ့ကြောင့် ငါ ရှေ့ဆက်လျှောက်ဖို့ပဲ တတ်နိုင်ခဲ့တာ…”

“ဘာပဲဖြစ်ဖြစ်ပါ…ရောင်းရင်းကျင့်ကြံသူလုက ငါတို့ ဒီကို ဝင်လာနိုင်ဖို့အတွက် အကျိုးဆောင်ပေးခဲ့တာ ဖြစ်တယ်…” အရှင်ဟွေစုန်၏ ပုံစံက အလွန်ကျေးဇူးသိတတ်ပုံ ပေါ်နေသည်။ သူက ဝမ်လင်း၏ ပင်ပန်းနေသည့် မျက်နှာကို မြင်သည့်အခါ ဆေးလုံးများကို ချက်ခြင်း ထုတ်၍ ပေးသည်။

“အစ်ကိုလု…ခဏနားပြီး အားဖြည့်လိုက်အုံး။ သင် နည်းနည်း ပြန်ကောင်းလာမှ ငါတို့ ရှေ့ဆက်ကြတာပေါ့…”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ခါးသီးဟန် ခေါင်းညိတ်ပြသည်။ သူက ဆေးလုံးကို ယူ၏။သို့သော် မသောက်ပေ။ သူက သူ့ကိုယ်ပိုင်ဆေးလုံးကိုသာ ထုတ်ယူပြီး မြိုချလိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်ကာ စတင် ကျင့်ကြံသည်။

အဘိုးအိုဖန်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူ့မျက်ဝန်းထဲကနေ အေးစက်မှု ဖျပ်ခနဲ ပေါ်သည်။ ဤအခိုက်၌ အရှင်ဟွေစုန်က ထိုအဘိုးအိုဖန်းကို ကြည့်ကာ မသိမသာ ခေါင်းယမ်းပြ၏။

အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ သိပ်မကြာခင်တွင် ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာပြီး ထရပ်သည်။ သူက ခပ်ရှရှအသံဖြင့် ပြောလိုက်၏။ “ငါ့ဒဏ်ရာတွေက အချိန်တိုအတွင်း ကုသလို့ ရနိုင်မှာ မဟုတ်ဘူး။ ငါတို့ ရှေ့ကိုပဲ ဆက်သွားကြရအောင်…”

အရှင်ဟွေစုန်က ဝမ်လင်းကို ကြည့်၍ ခေါင်းညိတ်ပြ၏။ အစိမ်းရောင်ဝတ်စုံဖြင့်အဘွားအိုက စိတ်ထဲကနေသာ သက်ပြင်းချ၍ ဘာစကားမှ မဆိုပေ။

လူတိုင်းသည် ဥမင်လမ်းအတိုင်း ရှေ့ဆက်လျှောက်လာ၏။ သည်နေရာကား ငြိမ်သက်တိတ်ဆိတ်လှပြီး သူတို့၏ ခြေသံများသာ ကြားရသည်။ အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် အကွာအဝေးတစ်ခုတွင် အလင်းကို မြင်လာရသည်။ အရှင်ဟွေစုန်က သူ့စိတ်နှလုံးအတွင်းရှိ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ရှေ့သို့ ခပ်သွက်သွက် လျှောက်သည်။

အလင်းမြင်ရသည့်နေရာက သည်ဥမင်လမ်း၏ ထွက်ပေါက် ဖြစ်သည်။ အပြင်ဘက်ကို ကြည့်ရင်း အရှင်ဟွေစုန်က စတင် ရယ်မော၏။

ဥမင်အပြင်ဘက်တွင် တောင်ကြားတစ်ခု ရှိကာ သစ်ပင်ပန်းမန်များ ပြည့်နေသည်။ ပန်းရနံ့များကိုလည်း ရနေ၏။ ထိုတောင်ကြားက တောင်တန်းကြားတွင် မြို့နံရံတစ်ခုကဲ့သို့ ရှိနေခြင်းပင်။ တောင်များသည် အလွန်မြင့်မားလှသည့်အတွက် အပြင်ဘက်ကမ္ဘာကို နံရံတစ်ခုလို ပိတ်ဆို့ထားသည်။

“ငါတို့ တောင်တန်းတွေကိုကျော်လာပြီးရင် ဒီနယ်မြေရဲ့ အတွင်းပိုင်းထဲ ဝင်လာပြီ။ စစ်မာမိုရဲ့ လှိုဏ်ဂူက တောင်ထဲမှာ မရှိဘူး။ ရှေ့က တောင်ကြားထဲမှာ ရှိတာ…”

အရှင်ဟွေစုန်က ရယ်မောကာ ရှေ့ကို မြန်ဆန်စွာ ပျံသန်းသည်။ အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက နောက်ကနေ လိုက်လာ၏။ သူတို့နှစ်ယောက်က ပျံသန်းသွားကြသည်။

ဝမ်လင်း၏ မျက်နှာက ဖြူဖပ်ဖြူရော ဖြစ်နေဆဲပင်။ သူက အသက်ဝဝရှုသွင်းကာ နောက်ကနေ လိုက်၏။ အဘိုးအိုဖန်းက ဝမ်လင်းနှင့် သိပ်မဝေးသောနေရာကနေ လိုက်လာသည်။

သူတို့တောင်ကြားထံ ရောက်လာဖို့ အချိန်သိပ်မကြာလိုက်ပါ။ သူတို့ တောင်ကြားထဲ ဝင်လာချင်းချင်း ရှေ့တွင် လှိုဏ်ဂူတစ်ခုကို တွေ့ရ၏။

ထိုလှိုဏ်ဂူ၏နံရံတွင် မြက်များ ဖုံးနေကာ အချိန်အတန်ကြာ အသုံးမပြုထားမှန်း ထင်ရှားလေ၏။ ၎င်းလှိုဏ်ဂူက ကြီးမားလွန်းခြင်းမရှိ၊ အခန်းသုံးခန်းသာ ရှိ၏။ လှိုဏ်ဂအဝ မြေပြင်ထက်တွင်လည်း ဆေးလုံးများ ပြန့်ကြဲရှုပ်ပွနေ၏။ အများစုကတော့ အတော်လေး ကြေလွယ်မွလွယ် ဖြစ်ကာ လက်ဖြင့်ထိရုံဖြင့် ပျက်စီးသွားနိုင်သည်။

အရှင်ဟွေစု၏ ရည်မှန်းချက်က ထိုလှိုဏ်ဂူ မဟုတ်သည်မှ သိသာ၏။ သူက အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုကို ကြည့်ကာ ပြောသည်။ “ဒီနေရာကနေ ငါ ဘာမှ မယူဘူး။ ရောင်းရင်းကျင့်ကြံသူ ကျောက်နဲ့လုရဲ့ အပိုင်ပဲ…”

အစိမ်းရောင်ဝတ်စုံနှင့်အဘွားအိုက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ခေါင်းယမ်း၏။ “ရောင်းရင်းကျင့်ကြံသူလုက ကြီးကြီးမားမား ပေးဆပ်ခဲ့ပြီးပြီး။ ဒါ့ကြောင့် ငါက ဘယ်လိုလုပ် ဒီထဲက ပစ္စည်းတွေကို ယူဖို့ သင့်ပါ့မလဲ။ ရောင်းရင်းကျင့်ကြံသူလုပဲ အကုန်လုံး ယူပါစေ…”

ဝမ်လင်းက သူ့ဘေးပတ်လည်ကို ကြည့်ကာ သက်ပြင်းချ၏။ “ငါ သင်တို့နှစ်ယောက်နဲ့ ရှေ့ဆက်မလိုက်နိုင်လောက်တော့ဘူး။ ဒီနေရာဟာ တိတ်ဆိတ်တဲ့အတွက် ငါ ကုသဖို့ သင့်တော်တယ်…”

“ရောင်းရင်းကျင့်ကြံသူက ဒဏ်ရာအပြင်းအထန်ရထားတာပဲ။ ဒါ့ကြောင့် သင် ဒီမှာ ရက်အနည်းငယ်လောက် ကျင့်ကြံတာ သင့်အတွက် ပိုကောင်းလိမ့်မယ်။ ရောင်းရင်းကျင့်ကြံသူ ကျောက်နဲ့ငါ ပြန်လာတဲ့အခါမှ ငါတို့ သင့်ကို ကတိပေးထားတဲ့အတိုင်း လုပ်ပေးမယ်။ ပြီးရင် ငါတို့ အတူပြန်ထွက်ကြတာပေါ့…”

အရှင်ဟွေစုန်က ပြုံး၍ ဆို၏။

“ကျေးဇူးအများကြီး တင်ပါတယ်…” ဝမ်လင်းက ခေါင်းညိတ်၏။

“ဒါပေမဲ့…ဒီနေရာဟာ တိတ်ဆိတ်တယ် ဆိုပေမဲ့လည်း သားရဲတွေ ရှိနေနိုင်တဲ့အတွက် အန္တရာယ် ရှိနေတုန်းပဲ။ ရောင်းရင်းကျင့်ကြံသူဖန်း ငါ သင့်ကို အကူအညီတစ်ခုလောက် တောင်းချင်တယ်…”

အရှင်ဟွေစုန်က အနည်းငယ် စဉ်းစားပြီးနောက် အဘိုးအိုဖန်းကို ကြည့်၏။

“ရောင်းရင်းကျင့်ကြံသူလုက ဒီနေရာမှာ တစ်ယောက်တည်း သူ့ဟာသူ ကုသနေရင် ငါ စိတ်ပူနေရလိမ့်မယ်။ဒါ့ကြောင့် ရောင်းရင်းဖန်းက သူ့ကို ကာကွယ်ပေးဖို့ ဒီမှာ နေခဲ့ပေးနိုင်မလား။ ရောင်းရင်းကျင့်ကြံသူကျောက်နဲ့ငါ ပြောထားတဲ့ သင့်အတွက် ပေးရမယ့် ဝေစုကို ရှာခဲ့ပေးမယ်။ ဒီလိုဆိုရင် အဆင်ပြေမလား…”

အဘိုးအိုဖန်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ပြောသည်။ “ဒီလိုပဲ ဖြစ်သင့်ပါတယ်…”

***

Comment

Leave a Reply

Options

not work with dark mode
Reset